← Chapters

ဝင်ရောက်ခြင်း

Vol. 46 Ch. 687

ဝင်ရောက်ခြင်း

Vol. 46 Ch. 687

တည်ငြိမ်သောအသံတစ်ခုက ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းမှ တိုးဝှေ့တက်လာသော မကောင်းဆိုးဝါးအငွေ့အသက်များကို ဖိနှိပ်လိုက်သည်။ ကောင်းမင်သည် စားပွဲပေါ်ရှိ ကျောက်စရစ်ခဲများကို စိုက်ကြည့်လိုက်သည်။ သူ့နောက်ကျောမှ မရေမတွက်နိုင်သော သွေးစွန်းလက်များစွာ ထွက်ပေါ်လာပြီး အဆုံးအစမရှိသော သွေးမြို့တော်ကြီးကို ထောက်မထားရသည့် အလားဖြစ်နေလေသည်။

ကောင်းမင်ကို ကြည့်နေရရုံနှင့်ပင် ဟွမ်ရင်မှာ အသက်ရှူရကျပ်လာပြီး ဖိနှိပ်မှုကို ခံစားနေရသည်။ နံပါတ် (၂) သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော "ရက်စက်ကြမ်းကြုတ်သည့် နတ်ဘုရား" တစ်ပါးကို ဘယ်နေရာမှ ရှာတွေ့လာခဲ့မှန်း သူတကယ်ပင် မသိတော့ပေ။

"သူ့ကွယ်ရာမှာ ဒီလိုဆွေးနွေးနေတာက သူ့ကို သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်၊ မင်းတကယ် လှုပ်ရှားတော့မယ်ဆိုရင် အမြန်ဆုံးလုပ်တာ အကောင်းဆုံးပဲ၊ သူ့ကို ပြင်ဆင်ဖို့ အချိန်မပေးနဲ့"

နံပါတ် (၂) သည် ကောင်းမင်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍မရနိုင်မှန်း သိနေသဖြင့် အကြံဉာဏ်များ စပေးလာသည်။

"ဟွမ်ရင်က လမ်းကြောင်းရဲ့ တည်နေရာကို သိတယ်၊ မင်းအဆင်သင့်ဖြစ်ပြီဆိုရင် သူ့ကို လမ်းပြခိုင်းလိုက်ပါ၊ ဒါပေမဲ့ အမှောင်သွေးမြို့တော်က ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့ဆိုတာ အရမ်းခက်ခဲပြီး အရမ်းအန္တရာယ်များတယ်၊ အဲ့ဒီသွေးမြို့တော်က ယဇ်ပလ္လင်တွေက အရမ်းထူးခြားတယ်၊ အပိုင်းအစလေးတစ်ခုပဲ ကျန်ခဲ့ရင်တောင် အမှောင်ထဲမှာ ပြန်လည်မွေးဖွားနိုင်တယ်၊ ယဇ်ပလ္လင်က အန္တရာယ်ရှိတယ်လို့ အာရုံခံမိတာနဲ့ တခြားနေရာကို ချက်ချင်း ပြောင်းရွှေ့သွားလိမ့်မယ်"

"ယဇ်ပလ္လင်ကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ မင်းစိတ်ပူစရာမလိုပါဘူး"

ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် အိပ်မက်သရဲအဖြစ် ကြာရှည်စွာ နေထိုင်ခဲ့ကြသဖြင့် အိပ်မက်သရဲများ၏ စွမ်းရည်အမျိုးမျိုးကို တဖြည်းဖြည်း နားလည်ကျွမ်းကျင်လာကြပြီဖြစ်သည်။ အခြားသွေးမြို့တော်များက ဟန်ဟိုင်းအပေါ် အဘယ်ကြောင့် ရန်လိုနေကြသည်ကိုလည်း သူတို့ အကြမ်းဖျင်း သဘောပေါက်လာကြသည်။

"အိပ်မက်သရဲတွေဟာ ယုံကြည်မှုတွေကို သိမ်းပိုက်ဖို့၊ အိပ်မက်ဆိုးတွေထဲမှာ ယဇ်ပလ္လင်တွေကို ညစ်ညမ်းစေဖို့နဲ့ နတ်ဘုရားတွေကို ဝါးမြိုဖို့အတွက် အကောင်းဆုံးပဲ"

"ငါတို့ သတိထားဖို့တော့ လိုသေးတယ်နော်၊ ဒီအလုပ်က အောင်မြင်မလား၊ ကျရှုံးမလားဆိုတာ တကယ့်အဆုံးအဖြတ်ပဲ"

နံပါတ် (၂) မှာ ကောင်းမင်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။ အကယ်၍ ကောင်းမင်သာ ယခုတစ်ကြိမ် အောင်မြင်ခဲ့လျှင် သူတို့သည် ရှင်းလု သွေးမြို့တော်ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ကယ်တင်ရှင်များနှင့် ဆက်သွယ်နိုင်ရန်လည်း ခြေတစ်လှမ်း ပိုနီးစပ်သွားမည်ဖြစ်သည်။

ကောင်းမင်က ခေါင်းညိတ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဟွမ်ရင်း ပုန်းအောင်းနေသည့် နေရာမှာ မြို့ပြရေဆိုးမြောင်း သို့မဟုတ် ဒုက္ခသည်စခန်းတစ်ခုကဲ့သို့ ညစ်ပတ်ပြီး ရှုပ်ထွေးနေလေသည်။

"ဒါက ပြီးပြည့်စုံတဲ့ဘဝ ဂိမ်းရဲ့ အပိုင်းအစတစ်ခုပဲ၊ တစ်ချိန်က မပြောသင့်သူတစ်ယောက် နေထိုင်ခဲ့တဲ့ ရာဇဝတ်သားတွေနဲ့ ပြည့်နေတဲ့ အဆောက်အအုံတစ်ခုပေါ့"

ကောင်းမင် တစ်ခုခု ထပ်မေးချင်နေသေးသည်ကို မြင်သောအခါ ဟွမ်ရင်ကပင် စတင်ပြောဆိုလိုက်သည်။

"ငါ မင်းကို ကူညီနိုင်တာတစ်ခုခုရှိရင် ပြောပါ"

"ခင်ဗျားက ဘဝသင်္ချိုင်းကို စောင့်ကြပ်နေတာလို့ အရည်ဖျော်မီးတောက်အမှိုက်စွန့်ပစ်စက်ရုံက ကစားသမားတွေ ပြောခဲ့တယ်၊ ကျုပ်လူတွေကို ပြီးပြည့်စုံတဲ့ဘဝ ဂိမ်းကနေတစ်ဆင့် ရှင်းလု သွေးမြို့တော်ထဲ ဝင်နိုင်ဖို့ အဲ့ဒီမှာရှိတဲ့ ဂိမ်းသေတ္တာတွေ လိုအပ်နေတယ်"

ကောင်းမင်က အချိန်ဆွဲမနေဘဲ တိုက်ရိုက်ပြောလိုက်သည်။

ပိတ်ထားသော ဂိမ်းသေတ္တာတစ်ခုစီသည် သေဆုံးသွားသော ကစားသမားတစ်ဦးစီကို ကိုယ်စားပြုသည်။ ကောင်းမင်၏ တောင်းဆိုမှုကို ကြားပြီးနောက် ဟွမ်ရင်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်သည်။

"သော့က ငါ့လက်ထဲမှာ ရှိတယ်၊ သင်္ချိုင်းတည်နေရာကိုလည်း ငါတစ်ယောက်ပဲ သိတယ်၊ မင်းသာ အတွင်းကမ္ဘာကို ချိတ်ဆက်ပေးမယ့် လမ်းကြောင်းကို ဖွင့်နိုင်မယ်ဆိုရင် အရာအားလုံးကို မင်းဆီ ငါ လွှဲပေးနိုင်ပါတယ်"

ဟွမ်ရင် ပြောလိုက်သော "အရာအားလုံး" ဆိုသည်မှာ သင်္ချိုင်းသော့ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ကစားသမားအားလုံး၏ မျှော်လင့်ချက်များနှင့် သူထမ်းပိုးထားရသော တာဝန်ဝတ္တရားများကိုပါ ဆိုလိုခြင်းဖြစ်သည်။

သရဲများ သို့မဟုတ် မိစ္ဆာများ၏ အကူအညီမပါဘဲ ထူးခြားသော စွမ်းရည်များစွာမရှိဘဲ ကယ်တင်ရှင် ထွက်ခွာသွားပြီးနောက် ဟွမ်ရင်တစ်ယောက်တည်း ဤမျှကြာအောင် အသက်ရှင်နေနိုင်ခြင်းမှာ တကယ့်ကို အံ့ဖွယ်တစ်ခုပင်။

သူ့တွင် မသေဆေးကုမ္ပဏီဘက်၌ ရပ်တည်၍ ရှင်းလုရှိလူတိုင်း အားကျရသည့် ဘဝမျိုးဖြင့် နေထိုင်ရန်၊ နံပါတ်တစ်ကစားသမားအဖြစ် မြို့တစ်မြို့လုံး၏ လေးစားမှုကို ခံယူရန်နှင့် မျိုးဆက်ပေါင်းများစွာ သုံးမကုန်သောငွေကြေးများကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိခဲ့သည်။ သို့သော် သူသည် "အမှန်တရား" ဘက်မှာသာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည့်အတွက်ကြောင့် ရှင်းလု၏ နာမည်အကြီးဆုံး ဝရမ်းပြေးတစ်ဦး ဖြစ်လာခဲ့ရသည်။

ကောင်းကင်ဘုံမှ ငရဲအထိ ကျဆင်းသွားခဲ့သော်လည်း ဟွမ်ရင်သည် ညည်းညူသံတစ်ချက်မျှ မထွက်ဘဲ ငရဲခန်းထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

"သဘောတူတယ်"

ကောင်းမင်သည် ဟွမ်ရင်ကမ်းပေးသောလက်ကို ဆုပ်ကိုင်လိုက်သည်။ သဘောတူညီမှု ရပြီးနောက် သူက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။

"ခင်ဗျားက ကယ်တင်ရှင်ရဲ့ အယုံကြည်ရဆုံးလူပဲ၊ သူ ဘာသွားလုပ်မယ်ဆိုတာ ခင်ဗျားကို ပြောခဲ့သေးလား"

"သူနဲ့ပတ်သက်တဲ့ ငါ့မှတ်ဉာဏ်တွေက ဝေဝါးလာပြီ၊ သိပ်ပြီး အတိအကျ မမှတ်မိတော့ဘူး၊ သူ တစ်ယောက်ယောက်ကို ရှာဖို့ သွေးပင်လယ်ထဲ သွားခဲ့တယ် ထင်တာပဲ"

"ဘယ်သူ့ကို ရှာဖို့လဲ"

"သူ့ကိုယ်သူ..."

"…."

ကောင်းမင်မှာ သိပ်နားမလည်သဖြင့် ထပ်မမေးတော့ပေ။ အချိန်သတ်မှတ်ပြီးနောက် ကောင်းမင် ပြန်ထွက်လာခဲ့သည်။

ပြီးပြည့်စုံသောဘဝ ဂိမ်းထဲမှ ထွက်လာပြီးနောက် ကောင်းမင်သည် အဖွဲ့ခေါင်းဆောင်နှင့် ဝမ်ကျားကို ခေါ်ယူကာ မသေဆေးကုမ္ပဏီနှင့် တားမြစ်ဂိမ်းအကြောင်း မေးမြန်းခဲ့သည်။ အဖွဲ့ခေါင်းဆောင်က ဘာမှမသိသော်လည်း ဝမ်ကျားကတော့ ကောင်းမင်အတွက် အချက်အလက်များစွာ ပေးနိုင်ခဲ့သဖြင့် မသေဆေးကုမ္ပဏီက တားမြစ်ဂိမ်းအဖြစ် သတ်မှတ်ထားသော ထိုဂိမ်းအကြောင်းကို ပိုမို ရှင်းလင်းစွာ သိရှိလာခဲ့သည်။

ညတာက တဖြည်းဖြည်း ကျရောက်လာပြီး နေလုံးကြီး ပျောက်ကွယ်သွား၏။ ကောင်းမင်၊ ဝမ်ကျားနှင့် အဖွဲ့ခေါင်းဆောင်တို့သည် အစ်ကိုချုံပြင်ဆင်ပေးထားသော ဂိမ်းသေတ္တာဆီသို့ ရောက်လာကြသည်။

မူလက ကောင်းမင်သည် ထိုနှစ်ယောက်ကို အတူခေါ်သွားရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် ဝမ်ကျားကို အပြည့်အဝ မယုံကြည်သေးသောကြောင့် ဖြစ်သည်။ သို့သော် မွန်းလွဲပိုင်းက စကားပြောဖြစ်ကြရာတွင် ဝမ်ကျား၏ ဗဟုသုတကြွယ်ဝမှုနှင့် မကောင်းဆိုးဝါးအမျိုးမျိုးကို တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံများက ကောင်းမင်၏ စိတ်ကို ပြောင်းလဲစေခဲ့သည်။

“ငါတို့ ဒီတစ်ခါ သွားမှာက မပြောသင့်သူကို ရင်ဆိုင်ဖို့ပဲ၊ ငါတို့ စကားများများပြောလေ သူက ငါတို့ကို အာရုံခံမိဖို့ ပိုလွယ်လေပဲ၊ ဒါကြောင့် ငါ့နားမှာပဲ ကပ်နေကြပါ”

အမှောင်ထဲက သရဲ သတိမမူမိစေရန် ကောင်းမင်သည် အချိန်ဆွဲမနေဘဲ မိုးချုပ်သည်နှင့် ချက်ချင်း လှုပ်ရှားလိုက်တော့သည်။ချိတ်ဆက်မှု ပြီးဆုံးသွားပြီးနောက် သုံးဦးသား မရဏအဆောက်အအုံထဲသို့ ဝင်ရောက်သွားပြီး ထိုမှတစ်ဆင့် မုန်းတီးမှုဗီရိုကိုသုံးကာ ဟွမ်ရင်ရှိရာဧရိယာသို့ ရောက်ရှိလာကြသည်။

“ငါတို့ နည်းနည်း မြန်မြန်သွားရမယ်၊ လမ်းကြောင်းက ပြောင်းလဲနေတာ ၊ အထဲမှာ ဘာဖြစ်နေလဲ ငါမသိဘူး၊ ဖြစ်နိုင်တာက ရှင်းလုသွေးမြို့တော်ထဲမှာ တစ်ခုခု ပြောင်းလဲသွားတာ ဖြစ်မယ်”

ဟွမ်ရင်သည် ပြင်ပအာရုံခံစားမှုများကို ပိတ်ဆို့ပေးနိုင်သည့် ကျိန်စာများ ထွင်းထုထားသော ဝတ်ရုံနက်ကြီးကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ဤဝတ်ရုံသည် တားမြစ်ဂိမ်းကစားသမားများ၏ အရောင်းအဝယ်ဈေးကွက်တွင် နက္ခတ္တဗေဒဆိုင်ရာဈေးနှုန်းမျိုးဖြင့် ရရှိနိုင်သော ပစ္စည်းတစ်ခု ဖြစ်သည်။

ပြီးပြည့်စုံသောဘဝ၏ အပိုင်းအစများထဲတွင် ပုန်းကွယ်နေသော တံခါးများမှတစ်ဆင့် ဟွမ်ရင်သည် ကောင်းမင်နှင့် အခြားလူများကို အထက်အောက် ပြောင်းပြန်ဖြစ်နေသော မြို့ပျက်ကြီးတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည်။

နောက်ဆုံးတံခါးကို တွန်းဖွင့်လိုက်သောအခါ ကောင်းမင်သည် သူ့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ တစ်ချိန်က "ကုသခြင်း" ကို အခြေခံထားသော မြို့ကြီးသည် အပိုင်းအစပေါင်းများစွာအဖြစ် ပြိုပျက်နေခဲ့ပြီဖြစ်သည်။ သူတို့ ခြေထောက်အောက်ရှိ မြေပြင်ကြီးက ကောင်းကင် ဖြစ်နေပြီး သူတို့အပေါ်ဘက်တွင်မူ အောက်ဘက်သို့ နက်ရှိုင်းစွာ ထိုးဆင်းသွားသော အဆုံးမရှိသည့် ချောက်နက်ကြီးတစ်ခု ရှိနေခဲ့သည်။ ပြိုကျနေသော အိမ်ရာများသည် ပတ်ပတ်လည်တွင် ထူထပ်စွာ စုပုံနေကြသည်။

"ဒါဟာ လမ်းကြောင်းပဲ၊ အရင်ကတော့ ဒါဟာ ပြီးပြည့်စုံတဲ့ဘဝ ဂိမ်းထဲမှာ အစည်ကားဆုံးနေရာ၊ ကမ္ဘာနှစ်ခုကြားက ကူးသန်းရာနေရာပေါ့၊ မရေမတွက်နိုင်တဲ့ ကစားသမားတွေ စုပေါင်းပြီး ဒါကို ရာစုသစ်ရဲ့ အကြီးဆုံးပုံရိပ်ယောင်မြို့တော်ကြီးအဖြစ် တည်ဆောက်ခဲ့ကြတာ"

ဟွမ်ရင်းသည် ကြိုတင်မှတ်သားထားသော တံခါးတစ်ခုမှတစ်ဆင့် ချောက်နက်ကြီးနားသို့ ခေါ်ဆောင်သွားသည်။

ချောက်နက်ကြီး ကမ်းပါးအစွန်းတစ်လျှောက်တွင် အိမ်များနှင့် ဆိုင်ခန်းအမျိုးမျိုးကို ဆောက်လုပ်ထားခဲ့သော်လည်း ယခုအခါ အားလုံး စွန့်ပစ်ခြင်း ခံထားရသည်။

"အမှောင်ထဲကို မကြည့်ပါနဲ့၊ စိတ်ကို လွင့်မသွားစေနဲ့၊ ငါ့နောက်ကိုလိုက်ခဲ့၊ ငါ့ကိုယုံကြည်ထားပါ"

ခေါင်းကို ငုံ့ထားရင်း ဝတ်ရုံနက်ကြီးကို ပတ်ထားသော ဟွမ်ရင်သည် ကမ်းပါးပေါ်ရှိ အဆောက်အအုံများကြားမှတစ်ဆင့် အောက်သို့ နက်သထက် နက်အောင် တဖြည်းဖြည်း ဆင်းသွားတော့သည်။

အမှောင်ထုက ပိုမိုထူထပ်လာပြီး သူတို့၏ မျက်လုံးများသည် အသုံးမဝင်သလောက် ဖြစ်လာလေသည်။

"ဒါကို ခါးမှာ ပတ်ထားလိုက်ကြ"

ဟွမ်ရင်သည် သွေးစွန်းနေသော အဝတ်တစ်ခုကို ထုတ်၍ ဆွဲဖြုတ်လိုက်ပြီး ကြိုးတစ်ချောင်းလုပ်၍ အားလုံးကို တွဲချည်လိုက်သည်။

"အောက်ရောက်ရင် အရမ်းတိတ်ဆိတ်သွားလိမ့်မယ်၊ ငါ စကားထပ်မပြောတော့ဘူး၊ ငါ ထပ်ရပ်လိုက်တဲ့အချိန်က ငါတို့ လိုရာခရီးကို ရောက်တဲ့အချိန်ပဲ"

ဝတ်ရုံကော်လံဖြင့် သူ့ပါးစပ်ကို အုပ်လိုက်ပြီးနောက် ဟွမ်ရင်သည် ခြေလှမ်းများ မြှင့်လိုက်သည်။ သူတို့သည် အမှောင်ထဲသို့ မကြည့်မိစေရန်နှင့် အမှောင်အကြောင်း မဆွေးနွေးမိစေရန် ဂရုစိုက်ရင်း အမှောင်ထုထဲသို့ လုံးဝ နစ်မြုပ်သွားတော့သည်။

ဤနေရာတွင် အချိန်သည် အဓိပ္ပာယ်မရှိတော့ဘဲ အမှောင်ထုတစ်ခုတည်းသာ တည်ရှိနေလေသည်။

မည်မျှကြာအောင် လျှောက်ခဲ့ရမှန်း မသိပေ။ သို့သော်လည်း ကောင်းမင်သည် ဟွမ်ရင်၏ ကျောကို တိုက်မိသွားသောအခါ တစ်ဖက်လူက ရပ်တန့်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

"ငါတို့ ရောက်ပြီ"

သူ မည်သည်ကိုမှ မမြင်ရသော်လည်း ထိတွေ့၍တော့ ရသည်။ အနက်ရောင် ဆံချည်မျှင်ပေါင်းများစွာနှင့် တူသည့် ယဇ်ပလ္လင်အဝတ်စကို မလိုက်သောအခါ ကောင်းမင်သည် ယဇ်ပလ္လင်တံခါးကို ထိတွေ့မိသွားသည်။ တံခါးပေါ်တွင် ထွင်းထုထားသော ပုံစံကွက်များမှာ စိတ်ကူးကြည့်ရုံနှင့်ပင် ဆိုးယုတ်ညစ်ထေးသော အငွေ့အသက်များကို သယ်ဆောင်ထားသည်။ လူတိုင်း၏ နှလုံးသားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာလေသည်။

"မင်းတို့ အနက်ရှိုင်းဆုံး အမှောင်ထုကို မြင်ဖူးသလား"

All Chapters