← Chapters

အမှောင်ထု

Vol. 46 Ch. 686

အမှောင်ထု

Vol. 46 Ch. 686

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှေ့တွင်ရှိနေသော လူသည် ကောင်းမင် စိတ်ကူးထားသည့် နံပါတ်တစ်ကစားသမားနှင့် အတော်လေး ကွာခြားနေသည်။ သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက သိပ်အားမကောင်းလှပေ။ အိပ်မက်သရဲတစ်ကောင် ဖြစ်နေသည့် ကောင်းမင်၏အမြင်တွင်မူ သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။

ဒါပေမယ့် သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး တားမြစ်ကစားသမားအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်လာမှာလဲ။ ဘယ်လိုလုပ် ကယ်တင်ရှင်ရဲ့ အယုံကြည်ရဆုံးလူ ဖြစ်လာနိုင်မှာလဲ။

ကောင်းမင်က မရေမရာသောလေသံဖြင့် ထပ်မေးလိုက်သည်။

"ခင်ဗျားက ဟွမ်ရင်လား"

တစ်ဖက်လူက ပြန်မဖြေပေ။ ရန်လိုသော အကြည့်များဖြင့် အချိန်မရွေး အတူတူသေရန် အသင့်ဖြစ်နေသည့်ပုံစံကို မြင်သောအခါ ကောင်းမင်မှာ နံပါတ် (၂) ကို ခေါ်ရန်သာ ရှိတော့သည်။

"မင်းပဲ ထွက်စကားပြောလိုက်တော့၊ ဒီလူက အရမ်းသတိကြီးလွန်းနေတယ်"

"ဟွမ်ရင်... သူ့ကို ငါခေါ်လာတာပါ"

နံပါတ် (၂) ၏ အသံက ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ ထွက်ပေါ်လာလေသည်။ သူသည် အခြားသူများ နားမလည်နိုင်သည့် လျှို့ဝှက်ကုဒ်စကားလုံးများစွာကို ပြောလိုက်သည်။ အတော်ကြာပြီးနောက်မှသာ ဟွမ်ရင်သည် သတိလျှော့ချလိုက်သည်။ သူ့မျက်လုံးထဲရှိ ရန်လိုမှုများ ပျောက်ကွယ်သွားကာ ကောင်းမင်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လာသည်။

"ဆောရီးပါ၊ ငါ နည်းနည်းလန့်သွားလို့"

ထိုနံပါတ်တစ်ကစားသမားသည် အစွမ်းမထက်သော်လည်း ရင့်ကျက်တည်ငြိမ်ကာ အားကိုးထိုက်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သူသည် လောကဓံမုန်တိုင်းများစွာကို ဖြတ်သန်းဖူးသူဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့သလို စိတ်ဓာတ်လည်း အလွန်ခိုင်မာသူဖြစ်သည်။

"ခင်ဗျားရဲ့ ဒဏ်ရာတွေကို အမြန်မကုရင် တစ်သက်လုံး ဒုက္ခိတဖြစ်သွားလိမ့်မယ်၊ ကျိန်စာက ခင်ဗျားရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကင်းခြေများတွေလို ဝါးမြိုနေတာ၊ ကျိန်စာတွေက ခင်ဗျားကို တစ္ဆေအသိုက်အမြုံကြီးဖြစ်အောင် လုပ်သွားလိမ့်မယ်"

အရေးကြီးတာကို အရင်လုပ်ရမည်ဖြစ်ရာ ဟွမ်ရင်သာ တစ်ခုခုဖြစ်သွားလျှင် သူလာရကျိုး နပ်တော့မည်မဟုတ်ပေ။

ကောင်းမင် သူ့လက်ဖဝါးကို လှီးဖြတ်လိုက်သည်။ နံပါတ် (၂) ထံမှ ခွင့်ပြုချက်ရယူလိုက်ပြီး သားစားကြူးနတ်ဘုရား ကျိန်စာပါဝင်သော သူ့သွေးကို ဟွမ်ရင်အား တိုက်ကျွေးလိုက်သည်။

သူသည် ကုသသူတစ်ဦး မဟုတ်ပေ။ သူ၏ကျိန်စာဖယ်ရှားနည်းမှာ ပိုမိုပြင်းထန်သော ကျိန်စာတစ်ခုနှင့် အစားထိုးခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူအံ့ဩသွားရသည်မှာ သူ၏သွေးသားကျိန်စာနှင့် ဟွမ်ရင်ကိုယ်ပေါ်က ကျိန်စာတို့သည် တစ်ခုနှင့်တစ်ခုအသာစီးမရဘဲ အားပြိုင်နေကြခြင်းပင်။

"မပြောသင့်သူ ကျိန်စာလား၊ ခင်ဗျားကို ဘယ်သူက ဒီလိုကျိန်စာတိုက်လိုက်တာလဲ"

ကောင်းမင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ အခြေအနေမှာ တော်တော်လေး ဆိုးဝါးနေပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ မပြောသင့်သူတစ်ပါး၏ ကျိန်စာကို ဝါးမြိုဖျက်ဆီးပစ်ရန်မှာ အလွန်အန္တရာယ်များလှသည်။

“အမှောင်ထဲမှာ ပုန်းနေတဲ့ သရဲတစ်ကောင်ပေါ့”

ဟွမ်ရင်က ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူကြုံတွေ့ခဲ့ရသည်ကို စတင်ပြောပြလာသည်။

“မသေဆေးကုမ္ပဏီက အကြီးစားရှင်းလင်းရေးလုပ်ပြီးနောက်မှာ ငါက ကစားသမားတချို့ကို တားမြစ်ဂိမ်းထဲခေါ်လာခဲ့တယ်၊ ကယ်တင်ရှင်နဲ့ ဆက်သွယ်ဖို့ အတွင်းကမ္ဘာထဲက ရှင်းလုသွေးမြို့တော်ထဲကို ဝင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ကံမကောင်းတာက ငါ ကျရှုံးခဲ့တယ်”

“အဲ့ဒါက ခင်ဗျားကိုယ်ပေါ်က ဒဏ်ရာတွေနဲ့ ဘယ်လိုသက်ဆိုင်နေလို့လဲ”

“တားမြစ်ဂိမ်းနဲ့ အတွင်းကမ္ဘာကြားက လမ်းကြောင်းကို အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သွေးမြို့တော်တစ်ခုကလာတဲ့ မပြောသင့်သူ အင်အားစုတစ်ခုက ပိတ်ဆို့ထားလို့ပဲ”

ဟွမ်ရင်က ကျောက်စရစ်ခဲအချို့ကို ကောက်ပြီး စားပွဲပေါ် တင်လိုက်သည်။

“ကယ်တင်ရှင် သွေးပင်လယ်ထဲကို ကျူးကျော်သွားရတာက ထောင်ချောက်တစ်ခုပဲ၊ မတူညီတဲ့ သွေးမြို့တော်တွေက မပြောသင့်သူတွေဟာ ရှင်းလုကို သိမ်းဖို့ ကြံစည်နေကြတာ၊ အစကတော့ သူတို့က ရှင်းလုကို အညီအမျှခွဲယူဖို့ စီစဉ်ထားပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဗဟိုသွေးမြို့တော် (ဟန်ကျန်း) နဲ့ အမှောင်သွေးမြို့တော်တို့ စစ်ဖြစ်ကြလို့ အမှောင်သွေးမြို့တော်က ဝေစုခွဲပိုင်ခွင့် ဆုံးရှုံးသွားတယ်၊ သွေးမြို့တော်ပိုင်ရှင်တွေက ရှင်းလုကို အသစ်ပြန်ခွဲဖို့ ပြင်ဆင်နေကြပြီး အမှောင်သွေးမြို့တော်က မပြောသင့်သူကတော့ လမ်းကြောင်းကို စောင့်ကြပ်ဖို့ သွေးမြို့တော်အစွန်အဖျားဆီ နှင်ထုတ်ခံလိုက်ရတယ်”

"မပြောသင့်သူက လမ်းကြောင်းကို စောင့်နေတာလား၊ ငါတို့ ရှင်းလုသွေးမြို့တော်ကို သွားချင်ရင် သူ့ကို ရှောင်ဖို့ နည်းလမ်းရှာရမှာပေါ့"

နံပါတ် (၂) ၏ လေသံက လေးနက်သွားသည်။ သူသည် ကယ်တင်ရှင်၏ ယဇ်ပလ္လင်ကို အသဲအသန် ရှာချင်လှပြီဖြစ်သော်လည်း ခရီးမှာ ခက်ခဲကြမ်းတမ်းဖို့ သေချာနေပြီဖြစ်သည်။

"ကျုပ်တို့ သူ့ကို ရှောင်စရာ မလိုပါဘူး၊ သူ့ကို ဝါးမြိုဖို့ နည်းလမ်းရှာလို့ ရတာပဲ"

ကောင်းမင်၏ အတွေးက သူနှင့်ပထမဆုံးအကြိမ် တွေ့ဆုံရသော ဟွမ်ရင်ကို အလွန်အံ့အားသင့်စေသည်။

"အမှောင်သွေးမြို့တော်နဲ့ ဗဟိုသွေးမြို့တော်တို့က စစ်ဖြစ်နေတာ၊ ပြီးတော့ အမှောင်ထဲက ဒီမပြောသင့်သူက တခြားသွေးမြို့တော်တွေရဲ့ ဝိုင်းပယ်ခံထားရတာ၊ ဘယ်သူမှ သူ့ကို ကူညီမှာမဟုတ်ဘူး၊ ဒါဟာ ကျုပ်တို့အတွက် ရွှေအခွင့်အရေးပဲ၊ သူ့ကို ဝါးမြိုပြီးမှပဲ ကျုပ်တို့ အတွင်းကမ္ဘာထဲကို အဖွဲ့ငယ်လေးတွေခွဲပြီး ဝင်သွားကြမယ်၊ အဲ့ဒီကျမှ လူခွဲပြီး ကယ်တင်ရှင်ရဲ့ ယဇ်ပလ္လင်ကို ရှာကြတာပေါ့"

ကောင်းမင်တွင် ကိုယ်ပိုင်စဉ်းစားချက်များ ရှိသည်။ ဟန်ဟိုင် သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ရန်အတွက် မရေမတွက်နိုင်သော သွေးယဇ်ပူဇော်မှုများ လိုအပ်သည်။ မပြောသင့်သူများကို အမဲလိုက်၍ သူတို့၏ ယဇ်ပလ္လင်များကို ဝါးမြိုခြင်းက ခွန်အားတိုးလာစေရန် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။

"မင်းသူငယ်ချင်းက နည်းနည်းတော့ ထူးဆန်းသားပဲ"

ဟွမ်ရင်က နံပါတ် (၂) ကို ပြောလိုက်သည်။ သူသည် ကောင်းမင်၏ စကားကို ချက်ချင်းမတုံ့ပြန်ဘဲ ကောင်းမင်၏မျက်နှာကို သေချာစိုက်ကြည့်ကာ သူ့ခံစားချက်ကို အကဲခတ်နေလေသည်။

"ကျုပ်တို့ဘက်မှာ တခြားအကူအညီတွေလည်း ရှိသေးတယ်၊ မြို့တစ်မြို့လုံးရဲ့ အင်အားနဲ့ဆိုရင် မပြောသင့်သူကို အမဲလိုက်ဖို့ အခွင့်အရေး အများကြီးရှိတယ်"

ကောင်းမင်သည် ဟန်ဟိုင်းမှ အိပ်မက်သရဲအားလုံးကို ခေါ်ထုတ်လာပြီး အပြတ်အသတ် တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

ကောင်းမင် အတည်ပေါက်ပြောနေသည်ကို မြင်သောအခါ ဟွမ်ရင်က တိတ်ဆိတ်သွား၏။

"ကျုပ်ကို မယုံဘူးလား"

ကောင်းမင် စကားအများကြီး ပြောမနေတော့ပေ။ သူသည် ညှဉ်းပန်းနှိပ်စက်ခန်း၏ ထောင့်တစ်ခုကို ဆွဲဖွင့်လိုက်သည်။သားစားကြူးနတ်ဘုရား၏ စွမ်းအားများသည် ဟွမ်ရင့်ခန္ဓာကိုယ်ထဲသို့ အကြမ်းပတမ်း တိုးဝင်သွားပြီး ကျိန်စာများကို အကြမ်းတမ်းဆုံးနည်းလမ်းဖြင့် စတင်ဖယ်ရှားတော့သည်။ ယင်းသည် မပြောသင့်သူကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းမင်၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ မရှိပေ။

အမှောင်အမှုန်များအားလုံး ဖယ်ရှားပြီးသွားသောအခါ ဟွမ်ရင်၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်က ပြည်တည်နေသော ဒဏ်ရာများသည် အသွေးအသားစွမ်းအား၏ လွှမ်းမိုးမှုကြောင့် စတင်ကောင်းမွန်လာ၏။

သူ့ခန္ဓာကိုယ်ထဲက စွမ်းအားကို ခံစားနေရင်း ဟွမ်ရင်သည် သူ့နှလုံးခုန်သံမှာ ကောင်းမင်၏ အသက်ရှူသံနှင့် စည်းချက်ညီနေသည်ကို သတိထားမိလိုက်သည်။ ကောင်းမင်သာ အလိုရှိပါက သူ့အား သားစားကြူးနတ်ဘုရား၏ နောက်လိုက်တစ်ဦးအဖြစ် အတင်းအဓမ္မ ပြောင်းလဲပစ်နိုင်ပေသည်။

"ဝံပုလွေတွင်းက လွတ်တော့ ကျားတွင်းထဲ ရောက်သွားပြီပေါ့"

ဟွမ်ရင်က ခေါင်းခါရင်း ခါးသက်သက် ပြုံးလိုက်သည်။ သူက စားပွဲပေါ်က ကျောက်ခဲတစ်လုံးကို ကောက်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ ရှင်းပြပါရစေ"

သူသည် ကျောက်ခဲကို နေရာအသီးသီးတွင် ချလိုက်ရင်း "လမ်းကြောင်းကို စောင့်နေတဲ့ မပြောသင့်သူက အမှောင်ထဲမှာ ပုန်းအောင်းနေတာ၊ သူ့ကို မမြင်နိုင်သလို ထိတွေ့လို့လည်း မရဘူး၊ မင်း သူ့ရဲ့တည်ရှိမှုကို အာရုံခံမိတဲ့အချိန်က သူမင်းကို တိုက်ခိုက်တော့မယ့်အချိန်ပဲ၊ ငါ လွတ်မြောက်လာတာက ကံကောင်းတယ်လို့ ဆိုရမယ်၊ ကယ်တင်ရှင်က ငါ့ကို အသက်ဘေးက လွတ်အောင် ကျိန်စာသင့်ပစ္စည်းတချို့ ပေးထားခဲ့လို့ပေါ့"

"ဒါက အမှောင်သွေးမြို့တော်က သရဲတွေရဲ့ ထူးခြားချက်ပဲ"

နံပါတ် (၂) က ဖြည့်စွက်ပြောလိုက်သည်။

"သူတို့ကို ဖျက်ဆီးဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ရဲ့ ယဇ်ပလ္လင်တွေကို စပြီးတိုက်ခိုက်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ယဇ်ပလ္လင်တွေက အမှောင်ထုကို ဆက်တိုက်ထုတ်လုပ်ပေးနိုင်ဖို့ ယုံကြည်မှုနဲ့ မုန်းတီးမှုတွေကို စုဆောင်းရတဲ့အတွက် လုံးဝကြီး ပုန်းအောင်းနေလို့ မရဘူး"

“အမှန်ပဲ၊ အဲ့ဒီ အမှောင်သွေးမြို့တော်က မကောင်းဆိုးဝါးတွေရဲ့ ယဇ်ပလ္လင်င်တွေက တော်တော်လေး ထူးခြားတယ်၊ မင်းသာ ယဇ်ပလ္လင်အားလုံးကို အောင်အောင်မြင်မြင် ကျူးကျော်နိုင်မယ်ဆိုရင် အမှောင်ထဲက သူတို့ရဲ့ ခန္ဓာကိုယ်အစစ်က ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီး ထပ်ပုန်းနေလို့ ရတော့မှာ မဟုတ်ဘူး”

ဟွမ်ရင်က စားပွဲပေါ်က ကျောက်ခဲတစ်လုံးကို ညွှန်ပြလိုက်သည်။

“အမှောင်သွေးမြို့တော်က ရှင်းလုကို ခွဲယူပိုင်ခွင့် ဆုံးရှုံးသွားတဲ့အတွက် သူတို့က ဒါကို လုံးဝ လက်မခံနိုင်ဘူး၊ ဒါကြောင့် သူတို့က လမ်းကြောင်းကို ပိတ်ဆို့ထားပြီး သွေးမြို့တော်စစ်ပွဲ ပြီးသွားတဲ့အထိ အချိန်ဆွဲဖို့ ကြိုးစားနေတာ၊ လမ်းကြောင်းကို စောင့်ကြပ်ဖို့ မပြောသင့်သူက သူ့ရဲ့ ယဇ်ပလ္လင်တွေကို လမ်းကြောင်းထဲက နေရာအသီးသီးမှာ ထားခဲ့တယ်၊ ပြီးခဲ့တဲ့အကြိမ်က ငါ ကျိန်စာသင့်ပစ္စည်းတစ်ခုကို သုံးပြီး ခိုးဝင်ခဲ့တုန်းက ယဇ်ပလ္လင်လေးခု တွေ့ခဲ့တယ်၊ သုံးခုက အတုတွေပဲ၊ အစစ်ကတော့ ဒီနေရာမှာ ရှိရမယ်”

ဟွမ်ရင်က စားပွဲပေါ်က ကျောက်ခဲတစ်လုံးကို တွန်းလိုက်သည်။

“လမ်းကြောင်းရဲ့ အလယ်ဗဟိုမှာ ရှိတယ်၊ လက်တွေ့ကမ္ဘာနဲ့လည်း မနီးသလို အတွင်းကမ္ဘာနဲ့လည်း အလှမ်းဝေးတဲ့ နေရာပေါ့”

ဟွမ်ရင်၏ စွမ်းရည်များသည် ကောင်းမင် ထင်ထားသည်ထက် များစွာသာလွန်ပေသည်။ ဤလူသည် သာမန်လူတစ်ယောက်နှင့် မခြားသော်လည်း ကယ်တင်ရှင်၏ ညီအစ်ကို မဟုတ်ပါလား။ သူ့တွင် ဝှက်ဖဲများနှင့် လျှို့ဝှက်ပစ္စည်းများမှာ မယုံနိုင်လောက်အောင် များပြားလှသည်။ သူသည် အစွမ်းမရှိသလို ဟန်ဆောင်၍ အခွင့်အရေးယူရာတွင် အလွန်တော်သည်။ အမှောင်ထဲက မပြောသင့်သူက ဟွမ်ရင်ကို အထင်သေးသွားမိသည့်အတွက် သူ အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

"အမှောင်သွေးမြို့တော်ရဲ့ ယဇ်ပလ္လင်..."

ဟွမ်ရင်၏ ဖော်ပြချက်ကို ကြားရုံမျှနှင့်ပင် ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲက သရဲများက ဂနာမငြိမ် ဖြစ်လာကြတော့သည်။ ဟန်ဟိုင်းမှ ကောင်းမင်နောက်သို့ လိုက်ပါလာကြသော သရဲနီများသည် အိပ်မက်သရဲဖြစ်လာရန်အတွက် နောက်ဆုံးခြေလှမ်းမှာ ပိတ်မိနေကြခြင်းဖြစ်သည်။ သူတို့၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်ရန် စွမ်းအားကို အလွန်အမင်း လိုအပ်နေကြသည်။

"ဒါဆိုရင် အဲ့ဒီယဇ်ပလ္လင်ကိုပဲ ငါတို့ရဲ့ ပထမဆုံးပစ်မှတ်အဖြစ် ရွေးလိုက်ကြစို့"

All Chapters