အခန်း (၁၃၁)
Vol. 14 Ch. 131
အခန်း(131)
ကွေ့ပင်းပိုင်း၏အကြည့်က စူးရှနေပြီး သူမေးသည့်မေးခွန်းများက ပို၍ပင် ပြတ်သားလာလေသည်။
လဲ့ရူသိုကို ထိုမေးခွန်းမေးလိုက်သည့်အခိုက် တုရန်စုန့်တစ်ယောက် မနေနိုင်တော့ဘဲ ခေါင်းငုံ့အရိုအသေပေးလျက် ရှေ့တစ်လှမ်းတိုးလိုက်ပြီး အလေးပြုလိုက်၏။
“သတင်းပို့ပါတယ် sir ၊ သူမကကျွန်တော့်ရဲ့ မိသားစုဝင်ပါ”
ယင်ရိလျို၏မျက်လုံးများ တောက်ပသွားသည်။
ဒီတော့ ဒီအမျိုးသမီးက လက်ထပ်ပြီးသားဖြစ်နေတာပဲ။
သူမ မထိန်းနိုင်ဘဲ အနည်းငယ်စိတ်သက်သာရာရသွားပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသည့် အနေဖြင့် အဆုံးစွန်ထိ ထောင်မတ်နေသော သူမ၏အမွှေးများကလည်း နူးညံ့သွားခဲ့သည်။
ကျင်းယန်က သူ၏လက်မောင်းထဲမှ သူငယ်ချင်းလေး၏ ခန္ဓာကိုယ်နူးညံ့သွားသည်အား ခံစားနိုင်ပေ၏။
သူအနည်းငယ်ပြုံးပြီး သူမ၏အမွှေးများကို ချောမွတ်သွားစေရန် ပွတ်သပ်ပေးကာ အကြည့်ကို နှိမ့်လိုက်သည်။
လဲ့ရူသိုကတော့ တုရန်စုန့်ကို မြင်လိုက်ရလျှင် တုန်လှုပ်သွားပြီး ခွန်းတုံ့ပြန်လိုက်၏။
“မဟုတ်ဘူး! ကျွန်မက သူနဲ့ဘာမှမပက်သက်ဘူး!”
သူမက တုရန်စုန့်၏အသဲကွဲကြေပြီး ထိတ်လန့်နေသော မျက်နှာကို အနည်းငယ်အပြစ်ရှိစွာ ကြည့်လိုက်သော်ငြား သူမ၏အကြည့်က ဘေးမှချောမောခန့်ညားငယ်ရွယ်သော အမျိုးသားဆီ ပြန်ပြောင်းသွားပြီး အံ့ကြိတ်ပြီး ပြောလိုက်သည်။
“မစ္စတာတုက ကျွန်မကိုကယ်ခဲ့ပေမဲ့ သူ့အပေါ် အဲဒီလိုနည်းနဲ့ဘယ်တုန်းကမှ မခံစားရဖူးဘူး”
ယင်ရိလျိုတစ်ယောက် ယခုအချိန်၌ သူမတွင် ခုံတန်းလေးနှင့် လက်အပြည့် ဖရဲစေ့များရှိစေရန် ဆုတောင်းမိ၏။
ထိုမှသာလျှင် ခေါင်းမိုးပေါ်တွင် ထိုင်ပြီး သူမ၏မျက်နှာတိုက်ခတ်နေသည့် လေညှင်းနှင့်အတူ ကမ္ဘာပျက်ကပ်၏နှစ်စဥ် ရှိုးပွဲကြီးကို ကြည့်နိုင်မည်ဖြစ်သည်။
ထိတ်လန့်စရာပဲ အသက်လေးဆယ်ထဲဝင်နေတဲ့ အမျိုးသားနဲ့ အရွယ်ကောင်းဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဒွိဟဖြစ်စရာ ဆက်ဆံရေး..
သူက သူမရဲ့ကယ်တင်သူလား ချစ်ရသူလား?
လူသားသဘာဝရဲ့ ပြုတ်ပြုတ်ပြုန်း သုတ်သင်မှုလား ဒါမှမဟုတ် အကျင့်သိက္ခာ ဆုံးရှုံးမှုလား?
သူ၏လက်မောင်းထဲမှ စိတ်လှုပ်ရှားနေသော ထုထုကို ကြည့်လိုက်ပြီးနောက် ကျင်းယန် အနည်းငယ်သည်းခံ၍ သူ၏ရှေ့မှဟာသပြဇာတ်ကို ကြည့်နေလိုက်၏။
ထို့နောက် သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမှု အရိပ်အယောင် ဖျပ်ခနဲဖြတ်သန်းသွားသည်။
သူအေးစက်စွာ ပြောလိုက်သည်။
“မင်းတို့မှာ ဘယ်လိုဆက်ဆံရေးတွေရှိနေလဲဆိုတာ ငါဂရုမစိုက်ဘူး.. ငါတို့ ထွက်ခွာတော့မယ်”
ကျင်းယန်က နောက်လှည့်ပြီး လေယာဥ်ပေါ်တက်တော့မည်ကို မြင်သည့်အချိန်တွင် လဲ့ရူသို ထိတ်လန့်တုန်လှုပ်သွားပြီး အော်လိုက်၏။
“ကျင်းကော ကျွန်မကို ရှင်နဲ့အတူ ခေါ်သွားပါ! ကျွန်မရှင်တို့ရဲ့အသင်းထဲကို ဝင်ပါရစေ!”
ယင်ရိလျို: ???
ချက်ချင်းပင် ယင်ရိလျို၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများထသွားခဲ့၏။
ဒီအမျိုးသမီးက ဘယ်လိုများ အရမ်းစိတ်ကြီးဝင်ရတာလဲ?
သူမက ရွှေပေါင်လုံးကြီးကို ဖျားယောင်းနေတာပဲ ဖြစ်ရမယ်!
ကျင်းယန်သ ဖြည်းညင်းစွာ လှည့်ပြီး လဲ့ရူသိုကို အထင်သေး၍ အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ခေါင်းမှာ ပြဿနာရှိတာလား?”
လဲ့ရူသိုမှာ ဤစကားလုံးများက သူမ၏ပြီးပြည့်စုံသောနတ်ဘုရားထံမှ ထွက်လာသည်ဟု မယုံနိုင်ချေ။
သူမ၏မျက်လုံးများ တခဏချင်း အနီရောင်ပြောင်းသွားခဲ့၏။
“ဒါပေမဲ့ ကျွန်မရဲ့အစ်ကို…”
ကျင်းယန် အေးစက်စွာသရော်လိုက်ကာ အပြုံးဖျော့ဖျော့ဖြင့် သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
သို့သော်လည်း သူ၏ အပြုံးမှာ တခြားသူများကို အထင်သေးသည့်နှယ် သူ၏မျက်လုံးထဲတွင် မောက်မာမှုနှင့် ပျင်းရိမှုအနည်းငယ် ရှိနေခဲ့၏။
“မင်းရဲ့အစ်ကိုလား? ငါသူ့ကိုမသိဘူး ငါတို့ကအဆက်အဆံလည်း မရှိဘူး.. ငါက ဘာလို့မင်းကိုအတူ ခေါ်သွားရမှာလဲ? အများကြီးစားပြီး အသုံးမကျတဲ့ မင်းကို ငါက အတွက်ခေါ်သွားရမှာလဲ?
သူ၏အမူအရာက အေးစက်ပြီး စိတ်မဝင်စားဖြစ်နေသော်ငြား သူ၏စကားလုံးများ တစ်ဖက်သို့ အလွန်ပင် အရှက်ခွဲနေလေသည်။
လဲ့ရူသိုတစ်ယောက် ရှက်ရွံ့စွာနီရဲသွားပြီး မျက်လုံးထဲတွင် မျက်ရည်များအိုင်ထွန်းလာခဲ့၏။
ကျင်းယန်၏လက်မောင်းထဲမှ ယင်ရိလျိုမှာ ရယ်သံကို အတင်းဖိနှိပ်ထားရသည်။
ဤဘစ်ရှော့ကြီးက စကားကို များများပြောနိုင်လျှင် ပိုကောင်းမည်ဟုပင့ သူမ ဆုတောင်းမိ၏။
သူမက သဘာဝအရ စိတ်ပုတ်သောမိန်းကလေး မဟုတ်သော်ငြား အကြောင်းပြချက်တချို့ကြောင့် လဲ့ရူသို၏ ကျင်းယန်ကို ကြည့်သည့်အကြည့်နှင့် ကလူ၏မြူ၏လုပ်နေခြင်းအား မြင်ရခြင်းသည်က သူမကို အလွန် သက်တောင့်သက်သာမရှိ ခံစားရစေသည်။
ကျောင်းစီဟွေ့၏မျက်နှာပေါ်တွင် အားနာတုံ့အားနာဖြစ်သော အပြုံးတစ်ခုရှိနေကာ သူမ၏ကူကယ်ရာမဲ့ဖြစ်မှုကိုသာ ပြနေခဲ့၏။ သူမက မောင်ဖြစ်သူ၏ပုခုံးကိုပုတ်ပြီး သူ့အား ကြည့်နေခြင်းရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။
“သွားပြီး ရဟတ်ယာဥ်ထဲကိုဝင်ကြရအောင်”
အနက်ရောင်ဝံပုလွေက အမြီးကို စိတ်မပါစွာယမ်းပြီး ရဟတ်ယာဥ်ထဲခုန်တက်ကာ အတွင်းဆုံးထိုင်ခုံဆီ ဖြစ်ညှစ်ဝင်လိုက်၏။
လဲ့ရူသိုမှာ သူမ၏နောက်မှ တုရန်စုန့်၏ လောင်ကျွမ်းနေသောအကြည့်ကို ခံစားနိုင်သည်။ သူမ တုန်လှုပ်သွားရလေ၏။
ဤအကြိမ် ရှူးယန်အသင်းနှင့်အတူ မထွက်ခွာနိုင်လျှင် သူမ၏အနာဂတ်က မည်သို့ဖြစ်မည်ကို သူမ စိတ်ကူးကြည့်နိုင်သည်။
သူမ စိတ်ပိုင်းဖြတ်ပြီး ကျောင်းစီဟွေ့၏ ပုံရိပ်ဆီ လှမ်းအော်လိုက်၏။
“ကျောင်းစီဟွေ့ နင့်ရဲ့မောင် သန္ဓေပြောင်းလို့ ကိုမာဝင်ခဲ့တုန်းက နင်တို့နှစ်ယောက်လုံးကို ကယ်ခဲ့တာက ငါ့အစ်ကိုဆိုတာကို နင်မမေ့နဲ့.. ငါ့အစ်ကိုက နင်တို့ရဲ့အသက်တွေကို ကယ်ခဲ့တာပဲ.. နင်ငါ့ကို အကြွေးတင်မနေဘူးလား?”
ကျောင်းစီဟွေ့ ရပ်တန့်သွားကာ သူမ၏မျက်နှာပေါ်တွင် ခါးသီးမှုအရိပ်အယောင် ပေါ်လာခဲ့သည်။
ရဟတ်ယာဥ်ပေါ်တက်မည့် သူမ၏ခြေလှမ်းမှာ တခဏမျှ တုံ့ဆိုင်းသွားပြီး သူမ၏မျက်မှောင်ကြုတ်နေသော မောင်ဖြစ်သူနှင့် တခြားအသင်းဖော်များကို ကြည့်လိုက်၏။
“ကျင်းကော ကျွန်မ ကောတို့နဲ့မလိုက်တော့ဘူး.. သူမ ပြောတာ မှန်တယ် လဲ့ဟုန်ရီက ကျွန်မတို့ရဲ့အသက်တွေကို ကယ်ခဲ့တာပဲ.. သူမရဲ့အစ်ကိုကိုရှာဖို့အတွက် သူမကို ကူညီမှရမယ်”
သူမ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သည့် အမူအရာရှိနေပြီး သူမ၏မောင် ကျောင်းချီယန်က ချက်ချင်းပင် လည်ပင်းကို ဆန့်လိုက်သည်။
“ကျဲ ၊ ကျဲဘာတွေပြောနေတာလဲ? တစ်ယောက်ယောက်သာ သွားရမယ်ဆိုရင် ကျွန်တော်ပဲဖြစ်သင့်တယ်.. ကျဲတစ်ယောက်တည်း အပြင်ထွက်သွားဖို့ကို ကျွန်တော် စိတ်ချနိုင်ပါ့မလား? ကျင်းကော ကျွန်တော့်ရဲ့အစ်မကို ကောကိုပဲ ဂရုစိုက်ပေးဖို့ တောင်းဆိုရတော့မှာပဲ”
ကျောင်းချီယန်က ရဟတ်ယာဥ်ပေါ်မှ ဆင်းတော့မည့်အချိန်တွင် ထိုအစ်မနှင့်မောင်မှာ ပြင်းထန်သောယှဥ်ပြိုင်ပွဲထဲသို့ တစ်ဖန်ထပ်၍ ကျဆင်းသွားပြန်၏။
ရဟတ်ယာဉ်ပေါ်သို့ မတက်ရသေးသော ယင်ရိလျိုတစ်ယောက် လုံးလုံးလျားလျား ဆွံ့အသွားသည်။
အခြေအနေက ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူမ စိတ်ကူးမထားခဲ့ချေ။ သူမ ကျင်းယန်ကိုကြည့်ရန် ခေါင်းမော့လိုက်မိ၏။
ထိုအခိုက်တွင် သူမ၏မျက်လုံးထောင့်မှ ခေါင်းမိုးအစွန်းပေါ် မှ မြို့နံရံကို မြင်လိုက်လေသည်။
ရုတ်တရက် သူမ၏ခန္ဓာကိုယ်က အေးခဲ့သွားပြီး မထိန်းချုပ်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရလေ၏။ သူမ ချက်ချင်းပင် ကျင်းယန်၏အင်္ကျီလက်ကို ကုတ်လိုက်သည်။
“ကျီ! ဟိုဘက်ကို ကြည့်လိုက်!”
ကျင်းယန်လည်း မြို့နံရံအစွန်းကို လှမ်းကြည့်လိုက်ကာ သူ၏အကြည့်သည် တခဏချင်း လေးနက်သွားလေ၏။
အနက်ရောင်ပိတုန်းတချို့က နံရံပေါ်ကို ဖြည်းညှင်းစွာဖြင့် တွားသွားတက်လာပြီးနောက် သူတို့နောက်ဘက်ဆီမှ ပိတုန်းအကောင် အများအပြား အပြုံလိုက်ရောက်လာကြသည်။
ဤသည်က အနက်ရောင်လှိုင်းများနှင့်တူပြီး နံရံအတွင်းဘက်ကို ချက်ချင်း လွှမ်းခြုံလာကာ အတွင်းဘက်ကို ဖြန့်ကျက်လာလေ၏။
ကွေ့ပင်ပိုင် သူ၏ခါးမှသေနတ်ကို ထုတ်ပြီး အင်းစက်များကို ပစ်လိုက်လေသည်။
သူ့ဘေးတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသော တုရန်စုန့်လည်း ဤအနက်ရောင်လှိုင်းကို မြင်လျှင် သူတို့၏ရဲဘော်ရဲဘက်များ အငမ်းမရ ဝါးစားခံလိုက်ရသည့် အချိန်ကို ပြန်လည်အမှတ်ရသွားခဲ့၏။
သူ၏မျက်နှာက တင်းမာသွားခဲ့ပြီး သူ့ဘေးမှ ကြောက်လန့်နေသော အသင်းဖော်ကို ပစ်ခတ်ရန် အော်ဟစ်လိုက်သည်။
ကျည်ဆန်များက အနက်ရောင်ပိတုန်းများ၏ ချောပြောင်၊ မာကျောနေသော ကျောပြင်ကို ထိမှန်သွားပြီး “ဘန်း ဘန်း ဘန်း ဘန်း” ဆိုသော အသံများ အတွဲလိုက် ထွက်လာကာ အစိမ်းပုပ်ရောင်သွေးနှင့် အသားများသည်က ကျည်ဆန်များ ထိမှန်သွားသည့်နေရာမှနေရာတိုင်းကို ပက်ဖြန်းသွားလေ၏။
အခိုက်အတန့်တစ်ခုကြာပြီးနောက် လေထုမှာ ပျို့အန်ချင်စဖွယ် သွေးနံ့ပြင်းပြင်းနှင့် ပြည့်နှက်လာခဲ့ သည်။
ဤအနက်ရောင်အင်းစက်များကို မြင်လျှင် လဲ့ရူသိုက လင်းကျားထံတွင် ထိန်းသိမ်းခံရစဉ်က လွှမ်းမိုးသည့်ခံစားချက်ကို ပြန်အမှတ်ရသွားပုံရ၏။
သူမကို ပြိုလဲလုနီးပါးဖြစ်သွားစေသည့် ခံစားချက်မျိုး ဖြစ်လာခဲ့ရလေသည်။
ထိုအချိန်က မရေမတွက်နိုင်အောင်များသော အင်းစက်များက သူမ၏ခန္ဓာကိုယ်အနှံ့ တွားသွားလာပြီး သူမ ခေါင်းငုံ့လိုက်သည့် အချိန်တိုင်း ထိုမနှစ်မြို့ဖွယ် သတ္တဝါများကို အနီးကပ်မြင်နိုင်ခဲ့ရသည်။
သူမ၏ မျက်နှာနှင့်ခေါင်းပေါ်တွင်ပင် ရှိနေခဲ့ကြ၏။
လင်းကျား၊ ထိုစက်ဆုပ်အထင်သေးဖွယ်ကောင်းသော အမျိုးသမီးသည်က အင်းစက်များကို သူမအား စားခွင့်မပေးသော်ငြား လဲ့ရူသိုကို အကြောက်တရား၊ ထိတ်လန့်တကြားအခြေအနေတွင်အရပ်အနားမရှိ ထားခဲ့လေသည်။
သူမ အော်ဟစ်လိုက်ကာ ခေါင်းကိုဆုပ်ကိုင်မိသည်။ ထို့နောက်သူမ၏အိတ်ထဲမှ အင်းစက်ပြေးဆေးကို ထုတ်ယူလိုက် အနက်ရောင်ပိတုန်းကို အချှင်အမြန် ဖြန်းလိုက်လေ၏။
“အနားကို ကပ်မလာနဲ့နော်! မလာကြနဲ့!”
ကျင်းယန်က သိပ်သည်းစွာဖြင့် ပြွတ်သိပ်နေကြသော အင်းစက်အုပ်စုကို ကြည့်လိုက်ကာ သူ၏လက်မောင်းထဲမှ ယုန်လေးကို တင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်။
“ကြောက်နေလား?”
ယင်ရိလျို ခေါင်းမော့ပြီး ထိုအမျိုးသား၏မေးစေ့ကို တစ်ချက်ကြည့်လိုက်ကာ သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
သူမ မကြောက်ပါချေ။ ဤသည်က ချောက်ချားဖွယ်ကောင်းသည်ဟု သူမ ထင်ရုံသာဖြစ်သည်။ ဤအင်းစက်နှင့်တူသော သန္ဓေပြောင်းက မည်သည့်အမျိုးအစားလဲဟုပင် အနည်းငယ်ပင် သိချင်စိတ်ပြင်းပြလေသည်။
များပြားသော အင်းစက်အုပ်ကြီးက နှေးကွေးစွာဖြင့် အတူတကွ စုဝေးလာကာ လူသားနှင့်တူသော ကောက်ကြောင်းတစ်ခု ဖွဲ့စည်းလာခဲ့သည်။
ထို့နောက် တဖြည်းဖြည်းနှင့် မျက်နှာတစ်ခု ပေါ်လာသည့်အတွက် ယင်ရိလျို၏ မျက်လုံးများ ပြူးကျယ်လာရလေ၏။
အနက်ရောင် အင်းစက်အုပ်ကြီး၏ အလယ်တွင် သွယ်လျပြီး ကျစ်လျစ်သေးသွယ်သော အမျိုးသမီးတစ်ယောက်က တဖြည်းဖြည်း ပေါ်ပေါက်လာပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အင်းစက်များကြားတွင် ပေါ်ထွက်လာလေသည်။
ကျောင်းချီယန်တစ်ယောက် စက္ကူကဲ့သို့ ဖြူဖျော့သောအသားအရေနှင့် အမျိုးသမီးကို စိုက်ကြည့်လိုက်ကာ အော်ခေါ်လိုက်မိလေ၏။
“ကျားကျဲ!”
*