← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း(140)

အရှိန်မြင့်မြင့်ဖြင့် ပျံသန်းနေသော ဤနဂျီကောင်အကြီးစားများက မြင်ကွင်းထဲ ဝင်မလာသေးသော်ငြား နားအူမတတ်ဆူညံသော “တဝီဝီ” အသံများကို သူတို့ကြားနိုင်နေပြီဖြစ်၏။

ကျင်းယန် တုံ့ဆိုင်းခြင်းမရှိ တုံ့ပြန်ပြီး ညွှန်ကြားလိုက်သည်။

“မင်းတို့ရဲ့လည်ပင်းနဲ့ ခေါင်းအနောက်ဘက်ကို အိတ်တွေနဲ့ကာပြီး ချက်ချင်း ဝပ်လိုက်ကြ”

သူက ထိုသို့ပြောပြီးသည်နှင့် ယင်ရိလျိုကို သူ၏လက်မောင်းထဲတွင် ထွေးပွေ့လိုက်ပြီးနောက် ကလေးမလေးကို သူ၏ကိုယ်ပိုင် ခန္ဓာကိုယ်အောက်တွင် ကာကွယ်ပေးထားလေ၏။

တခြားသူများလည်း ချက်ချင်း လိုက်နာကြကာ မြေပြင်ပေါ် ပြားပြားဝပ်လျက် လဲလျောင်းလိုက်ကြသည်။

အနက်ရောင်ဝံပုလွေပင်လျှင် ခန္ဓာကိုယ်ကို ဆွဲဆန့်ပြီး မြေပြင်တွင် ဖိကပ်လိုက်လေသည်။

သူတို့၏ ပတ်လည်ရှိမြက်ပင်ရိုင်းများက အတော်ရှည်လျားပြီး သူတို့ဝပ်လိုက်ချိန်တွင် လုံးလုံးလျားလျား ဖုံးဝှက်ခံရလုနီးပါး ဖြစ်သွားလေ၏။

လင်းကျားက အန္တရာယ်ကို စောစီးစွာ ဖမ်းမိခဲ့သောကြောင့် သူတို့က နဂျီကောင်အုပ်ဖြင့် ထိပ်တိုက်မတွေ့ခဲ့သဖြင့် အတိုက်ခိုက်မခံခဲ့ရချေ။

ယင်ရိလျိုကို ရနံ့ဖျော့ဖျော့ဖြင့် လွှမ်းခြုံနေခဲ့သည်။ သူမ အမှောင်ထဲမှ ကျင်းယန်၏ဖြောင့်စင်းသော နှာတံနှင့် ပြတ်သားသောမေးရိုးကို ကြည့်လိုက်မိကည သူမ၏နှလုံးခုန်နှုန်းက မြန်သွားခဲ့လေ၏။

ကျင်းယန်က သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံသည် ဆိုသောအချက်ကို မည်သူမှမငြင်းနိုင်ချေ။ အကြိမ်ပေါင်းများစွာ သူမကသာ ဂရုစိုက်ခံရသော တစ်ယောက်ဖြစ်နေခဲ့ပြီး ကျင်းယန်ကို လုံလောက်စွာ အကူအညီမထောက်ပံ့နိုင်သောကြောင့် အပြစ်ရှိစိတ်ကို အတော်လေး ခံစားခဲ့ရသည်။

ဥပမာအားဖြင့် လက်ရှိအချိန်အပါအဝင် သူတို့ အန္တရာယ်ကြုံတွေ့ရချိန်တိုင်း ကျင်းယန်၏မသိစိတ်မှတုံ့ပြန်မှုက သူမကို လက်မောင်းထဲတွင် ပွေ့ဖက်ကာကွယ်ပြီး သူ၏ကျောပြင်ကိုတော့ အန္တရာယ်ဘက်သို့ ဖော်ထုတ်ထားတတ်၏။

ဒီလိုမျိုးတွေက သူမကို ဘယ်လိုလုပ်ပြီး ဝမ်းမနည်းစေမှာလဲ?

နားအူမတတ် ဆူညံသော “တဝီဝီ”မြည်သံများက သူမ၏ကျောရိုးတစ်လျှောက် တသိမ့်သိမ့်တုန်ရီသွားစေသည်။ အထက်တွင် ဖြစ်ပျက်နေသည့်အရာများကို သူမ မမြင်နိုင်သော်ငြား အန္တရာယ်များကြောင်းကို သိပေသည်။

ဤပတ်ဝန်းကျင်တွင် တဝီဝီမြည်သံမှလွဲလျှင် သူမကြားနိုင်သော အရာအားလုံးက ကျင်းယန်၏သန်မာပြီး စည်းချက်ညီသော နှလုံးခုန်သံသာဖြစ်၏။ ထိုနှလုံးခုန်သံမှာ အမှောင်ထုထဲတွင် နွေးထွေးမှုနှင့် စိတ်လုံခြုံမှုတို့ကို ပေးစွမ်းနေခဲ့သည်။

တခဏကြာပြီးနောက် ခေါင်းပေါ်မှ တဝီဝီမြည်သံများ တဖြည်းဖြည်း လျော့ပါးသွားခဲ့၏။ သူတို့ ထရပ်လိုက်ပြီးနောက် အနည်းငယ် ဖရိုဖရဲခံစားလိုက်ရလေသည်။

ကျောင်းစီဟွေ့ ဆံပင်ကိုသပ်လိုက်ပြီး မျက်ခုံး တွန့်ချိုးလိုက်မိ၏။

“ဒီလိုမျိုး နဂျီကောင်တွေက သူတို့ရဲ့နဂျီအုံထဲမှာပဲ နေသင့်တာမလား? သူတို့ဘာလို့ ဒီလိုမျိုး အုပ်လိုက်ကြီးသွားနေရတာလဲ?”

ကျင်းယန်က ယင်ရိလျို၏ကျောပေါ်မှ ဖုန်မှုန့်များနှင့် သစ်ရွက်များကို ခါပေးလျက် ပြန်ဖြေလိုက်သည်။

“တစ်စုံတစ်ယောက်က နဂျီအုံကို မနှောင့်ယှက်လိုက်သရွေ့ပေါ့”

တခြားသူများ အကြည့်ချင်းဖလှယ်လိုက်၏။ ဒီလိုဆို လူတွေက သူတို့က သိပ်မဝေးဘူးလို့ ဆိုလိုတာမလား?

“ကျွန်မတို့ တစ်ချက်သွားကြည့်သင့်လား?”

ကျင်းယန် ခေါင်းငြိမ်ကာ ယင်ရိလျို ရှေ့သို့သတိထား၍ ဦးဆောင်သွားလိုက်သည်။ သူတို့က အကျွမ်းတဝင်မရှိသော နေရာဆီသို့ အရဲစွန့်သွားခဲ့ကြ၏။ ထိုနဂျီကောင်အုပ်၏ အကျော်တွင် ရှိနေသည့်အရာကို သူတို့ မသိကြချေ။

သူတို့ မီတာတစ်ရာလောက် လမ်းလျှောက်ခဲ့ကြပြီးနောက်တွင် သူတို့၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ကာ သိပ်မဝေးသည့်နေရာမှ သစ်ပင်များကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ကြသည်။

ရှေ့ဘက်ရှိ ခြုံနွယ်ပိတ်ပေါင်းထဲတွင် ပုံရိပ်နှစ်ခုက စောင်းလျက် လဲလျောင်းနေကြ၏။ တစ်ယောက်က သစ်ပင် ပင်စည်ကို မှီ၍လဲလျောင်းနေပြီး သူတို့၏မျက်နှာကို တွဲလောင်းကျနေသည့် ရှည်လျား၍ စိမ်းစိုရွှင်လန်းသော မိုးမခကိုင်းများနှင့် လုံးလုံးလျားလျား ကာဆီးနေသည်။

တခြားတစ်ယောက်ကတော့ မြေပြင်ပေါ်မှ ထောင့်တစ်ခု၌ ခြေကားရားလက်ကားရား လဲနေပြီး ကြီးမား၍ လက်ဖက်ရည်အောက်ခံပန်းကန်ပြား အရွယ်အစားရှိသော သန္ဓေပြောင်းရှဥ့်က သူတို့ တစ်ဝိုက်တွင် လျှောက်ပတ်ခုန်နေလေ၏။

ချဥ်းကပ်လာသော ခြေသံများကို ကြားလျှင် သန္ဓေပြောင်းရှဥ့်က ခေါင်းကိုဆတ်ခနဲမော့ကြည့်လိုက်သည်။ ထိုအချိန်မှသာ အလွနာသိသာထင်ရှားသည့် အနီရောင်မျက်လုံးတစ်စုံကိုပိုင်ဆိုင်သေု အလွန်ကြီးမား‌သော သန္ဓေပြောင်းရှဥ့်တစ်ကောင်ဖြစ်ကြောင်း ယင်ရိလျိုမြင်လိုက်ရလေ၏။ ထိုအခိုက်တွင် စူးရှ၍ နားစည်ပေါက်ဖွယ် အော်သံထွက်ပေါ်လာသည်။

သန္ဓေပြောင်းရှဥ့်၏ သွေးရောင်နီရဲနေသော မျက်နှာနှင့် မရပ်မနား ပွင့်နေသောပါးစပ်ကို မြင်လိုက်ရလျှင် ယင်ရိလျို မြေပြင်ကိုတစ်ချက်ကြည့်လိုက်ပြီး လူနှစ်ယောက်က သေဆုံးပြီ့သောလူများဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။

“ကျွန်တော်တို့ အနားတိုးကြည့်သင့်လား?”

ကျောင်းချီယန် မေးလိုက်၏။

ကျင်းယန် ခေါင်းငြိမ့်လျက် လမ်းကိုဦးဆောင်လိုက်သည်။

“ဘေးနားဧရိယာကို ခြေလှမ်း ဂရုစိုက်လှမ်းကြ”

သစ်တောက ခြောက်ခြားဖွယ်ကောင်းပြီး သူတို့ ပို၍တောနက်ထဲ တိုးဝင်လေလေ ပို၍အန္တရာယ်များလာလေလေ ဖြစ်၏။ သူတို့ကို စောင့်ကြိုနေသည့်အရာများကို မည်သူမှမသိနိုင်သောကြောင့် သူတို့ အလွန်သတိထားရန် လိုအပ်သည်။

ဂရုတစိုက်ဖြင့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အရပ်ရှည်ပြီး အမြင်အာရုံကောင်းသော ကျင်းယန်မှာ မြေပြင်ပေါ်မှ ခန္ဓာကိုယ်ကို မြင်ခဲ့ရ၏။

ရင်ဘက်‌က အသားနှင့်သွေး ရောထွေးလျက် ဖုံးလွှမ်းနေပြီး မျက်နှာက အရောင်လွှင့်ပျယ်ပြီး ပုပ်နေသောကြောင့် ကျင်းယန်က မြင်မကောင်းသောမြင်ကွင်းကို ယင်ရိလျို မမြင်ရစေရန် ရှေ့မှပိတ်ဆို့လိုက်သည်။

တခြားသူများက ပင့်သက်ရှိုက်လျက် ကျူးလွန်ခံရသူကို ကြည့်ပြီး တတွတ်တွတ်ပြောခဲ့၏။

“သူက နဂျီကောင်တွေ အတုပ်ခံရတာဖြစ်နိုင်တယ် တကယ်ကို မြင်မကောင်းရှုမကောင်းဖြစ်ခဲ့တာပဲ”

သန္ဓေပြောင်းရှဥ့်မှာ ဤအရပ်ရှည်သော လူသားများက သူ၏အစားအစာကို ယူဆောင်တော့မည်ဟု ထင်သောကြောင့် ရုတ်တရက် လက်သည်းများကို မြှောက်ပြီး ကျင်းယန်၏မျက်နှာသို့ ခုန်ဟန်ပြင်ကာ ခြိမ်းခြောက်လိုက်သည်။

ရှ့ဉ်၏အမွှေးပွပွအမြီးက ဧရာမ စကော့တလန် ဆူးလေပင်တစ်ပင်ကဲ့သို့ ဖွာလာပြီး တစ်ချိန်က ချစ်စရာကောင်းသော အသွင်အပြင်ကို လုံးလုံးလျားလျား အသွင်ပြောင်းလိုက်၏။

ကျင်းယန် မျက်ခုံးကိုတွန့်ချိုးပြီး လက်မောင်းကို အသာအယာပုတ်လိုက်လျှင် ရွှေ‌ရောင်ဖျော့‌ဖျော့ အကြေးခွံတစ်လွှာက သူ၏အရေပြားအောက်တွင် ပေါ်လာလေသည်။

သူက ခုန်ဝင်လာသော သန္ဓေပြောင်းရှဥ့်ကို ရိုက်ထုတ်လိုက်ကာ လှိမ့်ထွက်သွားစေပြီးနောက် သစ်ပင်ထိပ်ဖျားထဲသို့ အလျှင်အမြန် မြှုပ်ဝင်သွားစေခဲ့၏။

သန္ဓေပြောင်းရှဥ့် ပြန်ဆုတ်သွားချိန်တွင်တော့ ကျောင်းစီဟွေ့ သစ်ပင်ကြီးသို့ ချဥ်းကပ်ပြီး အောက်ဘက်တွင် လဲလျောင်းနေသောလူကို အလျှင်အမြန်ကြည့်လိုက်သည်။ ထို့နောက် နောက်လှည့်၍ သူမပြောခဲ့၏။

“ဒီလူက နဂျီကောင်တွေ အတုပ်ခံရတာ ဟုတ်ပုံမရဘူး.. သူသေတာ နည်းနည်းကြာနေပြီ”

ယင်ရိလျို သိချင်စိတ်ဖြစ်ပြီး ကျင်းယန်၏နောက်မှ ချောင်းကြည့်လိုက်သည်။ အမျိုးသားတွင် သောကဝေဒနာကင်းဝေးသော အမူအရာရှိပြီး သူ၏မျက်နှာ၊ခန္ဓာကိုယ်မှာ ကြီးထွားနေသော အစိမ်းရောင်ရေညှိတစ်လွှာဖြင့် ဖုံးလွှမ်းနေသဖြင့် အချိန်တချို့ကြာခဲ့ကြောင်း ညွှန်ပြနေ၏။

သူ့အပေါ်၌ ရွှန်းစိုနေသော နွယ်ပင်တစ်ပုံတစ်ခေါင်းက သူ၏ခေါင်းထိပ်ပိုင်းကို ဖုံးအုပ်နေသောကြောင့် ခြောက်ခြားဖွယ် အသွင်အပြင် ပေးနေခဲ့သည်။

ဤနှစ်ယောက်က စိတ်ကြိုက်ပြုလုပ်ထားသော တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ထား၏။ သူတို့က အမြင်အားဖြင့် တူညီသောအသွင်အပြင် ရှိသော်လည်း သူတို့၏ရင်ဘက်ပေါ်မှ တံဆိပ်များက ကွဲပြားမှုရှိလေသည်။

နဂျီကောင်များအတုပ်ခံရသော တစ်ယောက်က တစ်ကိုယ်တော် တစ်ယောက်ဖြစ်ပုံရသည်။

ကျင်းယန် အချိန်မဆွဲဘဲ ယင်ရိလျို၏ ခေါင်းကိုပုတ်လိုက်၏။

“ဆက်သွားကြစို့.. နောက်နည်းနည်းကြာတဲ့အထိ ဘယ်သူ့နဲ့မှ မတွေ့ရင် ငါတို့ ခနနားပြီး အစာနည်းနည်းလောက် စားကြမယ်”

အဖွဲ့သားများက ခေါင်းငြိမ့်ကြသည်။ သူတို့က နေရောင်ကို မမြင်နိုင်သော်ငြား ညနေစောင်းနေပြီးဖြစ်ကြောင်း သူတို့အာရုံခံနိုင်ပြီး မှောင်မည်းနေသော ကောင်းကင်က မှိုင်းညို့သောလေထုကို ထပ်‌ပေါင်းပေးစွမ်းနေ၏။

ယင်ရိလျို မထိန်းနိုင်ဘဲ မြေပြင်ပေါ်မှ အမျိုးသားကိုပြန်လှည့်ကြည့်လိုက်ကာ ဝမ်းနည်စိတ်ကို ခံစားလိုက်ရသည်။ သူသည်က သူ၏အသင်းနှင့် လူစုကွဲသွားခြင်းဖြစ်စေ တစ်ကိုယ်တည်း အရဲစွန့်လာခြင်းပင် ဖြစ်စေ ဤတောအုပ်မှ လွတ်မြောက်ရန် ကီလိုမီတာ အနည်းငယ်သာ ဝေးတော့၏။

ထို့အပြင် သူ၏ နောက်ဆုံးအခိုက်အတန့်တွင် ဤကဲ့သို့ ကြေကွဲဖွယ်အဆုံးသတ်နှင့် တွေ့ကြုံခဲ့ရသည်။

ကျောင်းချီယန်က သူ၏ကျောပြင်မှ ကပ်ပါးကောင်များကို ဖယ်ရှားရာတွင် သွေးဆုံးရှုံးခဲ့သဖြင့် အားနည်းသွားခဲ့ပြီး အတော်လေး ဖြူဖျော့သော အသားအရောင်ဖြစ်နေလေ၏။

ထို့အပြင် သူတို့၏ရှည်လျားသော လမ်းကြောင်းကြောင့် တခဏကြာအောင် အစားအစာမစားခဲ့ရသဖြင့် သူ့ကို အနည်းငယ် မတည်မငြိမ်ခံစားရစေသည်။

သူက အိတ်ထဲမှ ရေဘူးကိုထုတ်ယူပြီး အငုံကြီးကြီး သောက်လိုက်၏။

သူ၏ရှေ့မှ ယင်ရိလျိုက သူ့ထဲမှ အသံကို ကြားခဲ့ပြီး ထိုကောင်လေး၏မျက်နှာပေါ်မှ သိပ်မဟန်သည့်အကြည့်ကို သတိထားမိခဲ့သည်။

သူမ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ကျောပိုးအိတ်ကို ဖွင့်ပြီး တခြားသူများ၏ အမြင်အာရုံကို ဖုံးကွယ်ရန် ကြိုးစားလျက် သူမ၏အိတ်ကပ်ထဲမှ energy bar ကို ထုတ်ယူလိုက်၏။

ထို့နောက် သူမ နောက်သို့လှည့်ပြီး ကျောင်းချီယန်၏လက်ထဲ ထည့်လိုက်သည်။

“ကျောင်းကောမှာ စားဖို့တစ်ခုခု ရှိတယ်”

ကလေးမလေးက ညင်သာပြီး ကလေးဆန်သော အသံအနေအထားဖြင့် ပြောခဲ့ပြီး သူမ၏လက်‌သေးသေးလေးက ထိခိုက်လွယ်၍ နူးညံ့သည့်အသွင်အပြင်ရကာ အပြစ်ကင်းစင်သော ချစာစရာကောင်းမှုကို ထုတ်လွှင့်နေ၏။

ကျောင်းချီယန် အားရပါးရပြုံးလိုက်သည်။

“ကျေးဇူးပါ ယုန်လေး”

ကျောင်းချီယန် အစားအစာကို လက်ခံလိုက်ပြီးနောက် ယင်ရိလျိုက ကျင်းယန်၏ဘေးသို့ အပြေးအလွှားပြန်သွားလိုက်ပြီး ရှေ့ဆက်သွားနေစဥ် သူ့ဘေးမှ နီးကပ်စွာလိုက်ခဲ့၏။

နာရီဝက်လောက် လမ်းလျှောက်ပြီးနောက် သူတို့က တခြားလူများ၏ ခြေရာလက်ရာကို မဖြတ်ကျော်လာရချေ။

ကျင်းယန်၏ညွှန်ကြားချက်ဖြင့် သူတို့က အနားယူရန်အတွက် သစ်ပင်တစ်ပင်အောက်တွင် ဟင်းလင်းပြင်ဖြစ်နေသော ဧရိယာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။

အနက်ရောင်ဝံပုလွေက တစ်လမ်းလုံး တစ္ဆေတစ်ကောင်နှင့်တူနေခဲ့ကာ ရှူးယန်အသင်း၏နောက်မှ မနီးလွန်း မဝေးလွန်း ကပ်လိုက်လာခဲ့၏။

သူတို့ တောအုပ်ထဲဝင်သည့်အချိန်မှစ၍ ၎င်း၏ သဘာဝဖြစ်သည့် အမဲလိုက်သော ဗီဇကို လွှတ်ပေးခဲ့ပြီး သူတို့ဖြတ်ကျော်ခဲ့သည့်လမ်းမှ သန္ဓေပြောင်းသတ္တဝါငယ်လေးတိုင်းကို အငမ်းမရစားသောက်ခဲ့ကာ အစာထောက်ပံ့ရေးအတွက် စိတ်ပူရမှုကို ဖယ်ရှားပစ်ခဲ့သည်။

ကျောင်းစီဟွေ့က ရိုင်ဖယ်ကို အချိန်အကြာကြီး သယ်ဆောင်ခဲ့ရသောကြောင့် ပုခုံးများက ကိုက်ခဲနေခဲ့သည်။

လက်ရှိတွင် သူမ၏အိတ်ထဲမှ အစားအစာတချို့နှင့် ရေကိုထုတ်ယူပြီး လင်းကျားအပါအဝင် တခြားအသင်းဖော်များကို ဝေငှလိုက်လေသည်။

လူတိုင်းက သူတို့၏ဝေစုကိုစားပြီး ဓာတ်ဆားရေကို သောက်ခဲ့ကြသည်။

သို့သော်လည်း သတိကိုမလျှော့ချရဲသကဲ့သို့ မည်သူကမှ မကျေမနပ် မညည်းညူခဲ့ကြချေ။

*

All Chapters