အခန်း (၁၃၃)
Vol. 14 Ch. 133
အခန်း(133)
ရဟတ်ယာဥ် ဖြည်းညှင်းစွာ တက်သွားသည်ကို ကြည့်နေလျက် တုရန်စုန့် မြေပြင်ပေါ်တွင် စိတ်ဓာတ်ကျစွာ ထိုင်နေခဲ့သည်။
သူအခြေစိုက်စခန်းထဲသို့ စွန့်စွန့်စားစား ခေါ်သွင်းခဲ့ရသည့် မိန်းကလေးက ဤသို့ ထွက်သွားလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားချေ။
မနေ့ညက သူတို့၏ရင်းနှီးကျွမ်းဝင်မှုနှင့် ယနေ့ လဲ့ရူသို၏နှလုံးသားမဲ့မှုအကြောင်း စဥ်းစားလိုက်လျှင် ဤသည်က အတော် ယုတ္တိမရှိဟု သူရုတ်တရက်ခံစားရ၏။
ထိုအခိုက်တွင် သားရေဖိနပ်တစ်စုံက သူ၏ မြင်ကွင်းထဲဝင်လာခဲ့သည်။ တုရန်စုန့် တုန်ရီသွားသော်ငြား ခေါင်းမော့မကြည့်ရဲချေ။
ထို့နောက်တွင် သူ၏ခေါင်း အထက်မှလေသံက တင်းမာ အေးစက်စွာ ထွက်လာခဲ့၏။
“ခွင့်ပြုချက်မရှိဘဲ လူတစ်ယောက်ကို အခြေစိုက်စခန်းထဲကို ခေါ်သွင်းလာတာက အခြေစိုက်စခန်းရဲ့စည်းမျဥ်းတွေကို ချိုးဖောက်တာပဲဆိုတာကို မင်းသိလား?”
သူ တခဏတိတ်ဆိတ်နေပြီး ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော်သိပါတယ်”
“မင်းက မူလဇစ်မြစ်တောင် မသိရတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေစိုက်စခန်းထဲကိုခေါ်လာပြီး အင်းစက်အုပ်ထဲက အဲဒီသန္ဓေပြောင်းလူကိုတောင်မှ ဆွဲဆောင်ခဲ့သေးတယ်..
ခုနက လူဆယ်ယောက်သေသွားခဲ့တယ်.. ဒီအမျိုးသမီးက ရှူးယန်အသင်းနဲ့ ထွက်ခွာသွားတာကြောင့်သာ မဟုတ်ရင် မင်းကြောင့် ငါတို့အခြေစိုက်စခန်းထဲက လူတိုင်းက သေခြင်းကိုလက်ခံလိုက်ရမှာလား?”
ကွေ့ပင်းပိုင်မှာ အလွန် ဒေါသထွက်နေပြီး သူ၏အသံကလည်း အလွန်ကျယ်လောင်ကာ မျက်နှာက နီရဲနေလေသည်။ ဤသည်က သူ ဒေါသအထွက်ဆုံး အခြေအနေတွင် ရောက်နေကြောင်းကို သက်သေပြနေလေ၏။
သူတို့၏ဘေးနားမှ လက်အောက်ငယ်သားများမှ အသက်ကိုပင် ရဲရဲမရှူဝံ့ကြပေ။ ဘေးဘက်ကိုလည်း လျှောက်ပတ်မကြည့်ရဲဘဲ အာရုံစိုက်၍ရပ်နေခဲ့ကြလေသည်။
တုရန်စုန့်အနေဖြင့် သူ့ထံ၌ ထိုကဲ့သို့ရည်ရွယ်ချက်မရှိခဲ့ဘဲ လဲ့ရူသိုကိုသာ ကူညီချင်ခဲ့ကြောင်းကို ရှင်းပြချင်လေသည်။ သို့သော်ငြား ပြောပြရန် စကားလုံးကို သူ မရှာနိုင်ချေ။
ယခုအချိန် သူ ပြောသောစကားများက အားနည်းပြီး အလာဟဿဖြစ်သံသာ ပေါက်နေစေလိမ့်မည်ဖြစ်၏။
“ငါတို့ရဲ့ ထောက်ပံ့အစားအစာတွေက တဖြည်းဖြည်းလျော့နည်းလာတာကို မင်း ကောင်းကောင်းကြီးသိတယ်၊ ငါတို့တွေ ကပ်ဆိုက်လုနီးပါးဖြစ်နေတာကိုလည်း မင်းသိတယ်..
ဒါကိုတောင် မင်းက သာမာန်အမျိုးသမီးတစ်ယောက်ကို ဆင့်ကဲပြောင်းလဲသူတစ်ယောက်လို ဟန်ဆောင်ခိုင်းပြီး ရိက္ခာနှစ်ဆ လက်ခံခဲ့သေးတယ်..
တုရန်စုန့်၊ ငါ မင်းရဲ့အသင်းဖော်တွေအတွက် တကယ်ကြီး ဝမ်းနည်းမိတယ်.. မင်းလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး အရှက်မရှိတဲ့ လက်အောက်ငယ်သားတစ်ယောက် ရှိနေတာက ငါ့ကိုစက်ဆုပ်သွားစေတယ်”
တုရန်စုန့်၏မျက်နှာက ဖြူဖျော့သွားပြီး သူရှေ့တွင် ရပ်နေသော ကိုယ်ကျင့်တရား ဖြောင့်မတ်သည့် သက်လတ်ပိုင်းအမျိုးသား၏ နာကြည်းမှု မကျေနပ်မှုများပြည့်နေသောမျက်နှာကို မော့ကြည့်လိုက်မိသည်။
“အဲဒီလိုမျိုးမဟုတ်ပါဘူး ဗိုလ်ကြီး…”
“မင်း ငါ့ကို ရှင်းပြစရာမလိုဘူး”
ကွေ့ပင်းပိုင် လက်ကိုဝှေ့ရမ်းကာ မည်သည့်စကားကိုမှ ထပ်မကြားချင်ကြောင်း အချက်ပြလိုက်၏။
“ငါတို့ရဲ့ ချွမ်းရုန်အခြေစိုက်စခန်းက ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တဲ့ မင်းလိုလူမျိုးကို သည်းမခံနိုင်ဘူး..
အထုပ်ပြင်ပြီး ဒီနေ့ထွက်သွားလိုက်၊ ငါအကောင်းဆုံး အလျော့ပေးခဲ့ပြီးပြီ”
ကွေ့ပင်းပိုင်က ထိုစကားများ ပြောပြီးနောက် နောက်သို့လှည့်ကာ အခြေစိုက်စခန်းသို့ ဦးတည်၍ သူ၏လက်အောက်ငယ်သားများနှင့်အတူ လျှောက်သွားလေသည်။
နောက်တွင် ကျန်နေခဲ့သည့်တုရန်စုန့်မှာ အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးများက ငေးငိုင်နေလေ၏။ သူမြေပြင်ပေါ်တွင် ထိုင်ပြီးကျန်ရစ်နေခဲ့သည်။
ရုတ်တရက် စိတ်ကူးရ၍ မိန်းကလေးတစ်ယောက်ကို ကယ်တင်ခဲ့မိခြင်းက သူ့ကို ဤကဲ့သို့ အကျပ်အတည်းထဲ ကျရောက်စေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ထားခဲ့ပါချေ။
ကောင်းကင်က အဆုံးမရှိသော အပြာရောင် ပင်လယ်ကြီးနှယ်ရှိနေပြီး အကွက်ပုံစံဖြစ်နေသော တိမ်များက ခေါင်းပေါ်တွင် တွဲလောင်းကျနေသော ပိုက်ကွန်သဖွယ် ဆင်တူနေလေ၏။
ရဟတ်ယာဥ်၏ လေယာဥ်မှူးက ရာသီဥတုကို လေ့လာပြီး လက်ထောက်လေယာဥ်မှူး ထိုင်ခုံတွင်ထိုင်နေသော ကျင်းယန်ကို ပြောလိုက်သည်။
“နောက်ရက်နည်းနည်းလောက်အတွင်း မိုးရွာနိုင်တယ်၊ သတိထားဦးနော်၊ အဲဒီနေရာက သဘာဝအလျှောက်ကို အန္တရာယ်များနေတာ၊ မိုးနဲ့သာဆို ပိုပြီးတော့တောင်မှ အန္တရာယ်ဖြစ်လာနိုင်တယ်”
ယင်ရိလျိုက ကျင်းယန်၏ပုခုံးပေါ်တွင် ပျင်းရိစွာလဲလျောင်းနေပြီး သမ်းဝေလိုက်၏။ လေယာဥ်မှူး၏စကားလုံးများကို ကြားလျှင် သူမ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။
အမှန်ပင် ကောင်းကင်က မှုန်မှိုင်းလာပြီး ရွာလုဆဲဆဲ မိုး၏ အရိပ်အယောင်ကိုသနေပြလေ၏။
နောက်ဘကာတွင်ထိုင်နေသော ကျောင်းချီယန်က မထိန်းနိုင်ဘဲ ရှေ့သို့ မှီကာ မေးလိုက်သည်။
“ခင်ဗျား အဲဒီကို ရောက်ဖူးတာလား?”
“ငါ အသင်းနည်းနည်းလောက်ကို အဲဒီနေရာဆီ ပို့ပေးဖူးတယ်.. တစ်ခါတုန်းက သူတို့ကို လွှဲပြောင်းဌာနဆီကို ပို့ပေးနေတုန်း လူတစ်ယောက်ထက် ပိုမြင့်တဲ့ဖားတစ်ကောင်က အနားက တောအုပ်ထဲက ခုန်ထွက်လာတာ..
ပြီးတော့ အဲဒီဖားက အဝေးက ဂိတ်မှာ ရပ်နေတဲ့ လူငယ်လေးတစ်ယောက်ကို ဆွဲသွားတာပဲ”
လေယာဥ်မှူးက ပြန်တွေးလိုက်ပြီး မြင်ကွင်းကို ပြန်လည်ပုံဖော်ကြည့်နေပုံရ၏။ သူ ခေါင်းရမ်းပြီး သက်ပြင်းချလိုက်သည်။
“ငါ လူငယ်လေးကို စောင့်ကြည့်နေခဲ့တာ ၊ သူ့မှာ အော်တောင်မအော်နိုင်ရှာဘူး.. သူ့ခန္ဓာကိုယ်တစ်ဝက်က အမြိုခံလိုက်ရပြီး အသံတစ်စက်မှ မထွက်ဘဲ ပျောက်သွားရှာတယ်”
ယင်ရိလျိုမှာ မျက်လုံးပြူးကျယ်စွာဖြင့် နားထောင်နေခဲ့၏။
လူတစ်ယောက်ထက်တောင် ပိုမြင့်တဲ့ဖားကြီး?
အဲဒါဆို အနည်းဆုံး အဆင့်နှစ် သန္ဓေပြောင်းသားရဲ ဖြစ်လိမ့်မယ်။ အဲဒီနေရာမှာရှိနေတဲ့ ကျပန်းသန္ဓေပြောင်းသားရဲတိုင်းကတောင် ဆင့်ကဲပြောင်းလဲလူသားတွေရဲ့ အသက်တွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့အထိ ဆင့်ကဲပြောင်းလဲပြီးသွားပြီလား?
ကျင်းယန်က ယုန်ငယ်လေး တည်ငြိမ်သွားစေရန် ယုန်လေး၏ကျောကို ညင်သာစွာ ပွတ်သပ်ပြီး မေးလိုက်သည်။
“အချိန် ဘယ်လောက်ကြာရင်ရောက်မှာလဲ?”
“တစ်နာရီခွဲထက်တော့ နည်းနည်းပိုကြာမယ် လွှဲပြောင်းဌာနကို ရောက်ဖို့ဆို အများဆုံး နှစ်နာရီပါပဲ”
ကျင်းယန် ခေါင်းငြိမ့်ပြီး သူ၏ပုခုံးပေါ်က ယုန်လေးနှင့်ကစားရန် ခေါင်းငုံ့လိုက်လေ၏။ လတ်တလောတွင် စိတ်ဝင်စားဖွယ် တစ်စုံတစ်ရာကို သူ သတိထားမိသည်။
ဤအကောင်လေးက လူသားအစားအစာများကို စားနေခဲ့သည့်အတွက် သူသည်လညား ထိုကိစ္စနှင့်ပက်သက်၍ အများအပြား မစဥ်စားခဲ့ဘဲ ယုန်လေးက ထူးခြားသောမျိုးစိပ်ဟုသာ ယူဆထားခဲ့၏။
သို့သော်ငြား လွန်ခဲ့သောရက်အနည်းက ကျောင်းစီဟွေ့ ချက်ပြုတ်နေချိန့တွင် ယင်ရိလျိုက သူမ၏ပန်ကန်းပြားထဲမှ မုန်လာဥနီနှင့် အသီးအရွက်များအားလုံးကို ရွေးထုတ်ပြီး အားပါးတရစားနေခဲ့လေသည်။
ကျင်းယန် ထိုသည်ကို သတိထားမိသွားသည်။ ထိုအချိန်မှစ၍ မုန်လာဥနီအစိတ်များ ပိုလုပ်ထားရန် ညွှန်ကြားခဲ့ပြီး ထိုကောင်လေးကလည်း အလွန်ဝမ်းသာနေခဲ့၏။
ဤအဖြစ်အပျက်အရ သူမ၏သဘာဝမှာ ယုန်တစ်ကောင်၏ အရသာခံအာရုံတွက် မှီတွယ်နေကြောင်းကို ညွှန်ပြနေခဲ့သည်။ သို့သော်ငြား တချို့အကြောင်းပြချက် တချို့ကြောင့် သူမက ထိုပုံစံနှင့် ပြောင်းပြန်ဖြစ်နေပုံပေါ်နေ၏။
လက်ရှိ၌ ကျင်းယန်က လတ်လတ်ဆတ်ဆတ် တုံးထစ်ထားသော သန္ဓေပြောင်းမုန်လာဥနီပါဝင်သော အိတ်ငယ်လေးကို ကိုင်ထားလေသည်။
သူတစ်ပိုင်း ကောက်ယူပြီး ယုန်လေးကို ကျွေးလိုက်၏။ ယင်ရိလျိုသည်ကား သူမ၏ယခင်ဘဝတွင် မုန်လာဥနီများကို အလွန်မုန်းတီးပြီး အသားကိုသာ ကြိုက်နှစ်သက်သောကြောင့် အစပိုင်းတွင် မုန်လာဥနီကို အစားရန် ခုခံခဲ့လေသည်။
ထိုအရသာက သူမအတွက်တော့ သည်းမခံနိုင်ဖွယ်ဖြစ်နေ၏။
သို့သော်ငြား မုန်လာဥနီ၏စွဲမက်ဖွယ်ရနံ့ကို အနံ့ရပြီးနောက်တွင် စားချင်စိတ်ကိုမထိန်းချုပာနိုင်တော့ဘဲ မုန်လာဥနီအပိုင်းများကို သူမ၏ပါးစပ်လေးနှင့် စတင်ပြီး တမြုံမြုံစားလာခဲ့သည်။
သူမ၏လက်ဖဝါးလေးများနှင့် ကျင်းယန်၏လက်ကို ဆုတ်ကိုင်လိုက်ပြီး နှုတ်ခမ်းလေးကို တလှုပ်လှုပ်ဖြင့် ဝါးစားနေခဲ့လေ၏။
သူမ၏ပါးစပ်တစ်ဝိုက်မှ အမွှေးများက လိမ္မော်ရင့်ရောင် အရည်များဖြင့် ပေကျံနေခဲ့သည်။
သူမက ထိုအစားအစာကို အလွန်ကြိုက်နှစ်သက်နေပုံရပေသည်။
သူမ စားနေသည်ကို စောင့်ကြည့်နေခဲ့ရင်းဖြင့် ကျင်းယန်၏ ယုန်လေးအပေါ်သဘောကျမှုက ပို၍ သန်မာလာခဲ့လေ၏။
ကမ္ဘာပျက်ကပ်ထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုသာရှိပါက ဤယုန်လေးမှ သံသယဝင်စရာမရှိ ရေပန်းစားသော အစားအသောက် တိုက်ရိုက်ထုတ်လွှင့်သည့်ယုန်လေး ဖြစ်လာပေလိမ့်မည်။
မြင်ကွင်းထဲမှ လူတစ်ယောက်နှင့် ယုန်တစ်ကောင်က ကျွေးမွေးသူနှင့် စားသောက်သူအဖြစ်ရှိနေပြီ့ သူတို့ကြားတွင် စကားများ မရှိသော်ငြား နွေးထွေးမှုကို ခံစားရသည်။
ကျင်းယန်က ယုန်လေးကို ကြည့်နေသောအချိန်တွင်သာ နွေးထွေးနေတတ်သည်။
ထိုအချိမ်တွင်သာ သူ၏အမူအရာက ပိုမိုအသက်ဝင်လာပြီး ရေခဲပန်းပုတစ်ခု အဖြစ်မှ အသက်ဝင်သော လူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားပုံရသည်။
သူ့နောက်မှ လူများမှာ မတတ်နိုင်စွာဖြင့် အနည်းငယ်လောက် မနာလိုမှုကို ခံစားရလေ၏။
အနက်ရောင်ဝံပုလွေက သူ၏စိတ်ကို ရှင်းလင်းထားကာ ကိုယ်ကိုကွေးနေပြီး လက်သည်းများကို အသုံးပြု၍ ရဟတ်ယာဥ်၏ထိုင်ခုံကူရှင်ကို ကုတ်ထားခဲ့သည်။
သူက ပျံသန်းမှုကြောင့် ဖြစ်ပေါ်လာသော မူးဝေမှုကိုခုခံရန်အတွက် အင်အား အလုံးစုံကို ထုတ်သုံးထားကာ သူ၏ကိုယ်ပိုင် လောကထဲတွင် နှစ်မြှုပ်ထားလေ၏။
ထိုအချိန်တွင် တခြားလူလေးယောက်မှာတော့ ကိုးရိုးကားယား အခြေအနေထဲတွင် ကျရောက်နေခဲ့သည်။
လဲ့ရူသိုက လင်းကျားကို ကြောက်ရွံ့နေပြီး သူမနှင့်အတူ ထိုင်ရန်ငြင်းဆန်နေလေ၏။ ကံကောင်းစွာဖြင့် ဤအကြိမ် သူတို့ကို လာကြိုသော ရဟတ်ယာဥ်က နောက်ဘက်တွင် ထိုင်ခုံအတန်း နှစ်တန်းပါဝင်ကာ ပို၍ကြီးမားလေသည်။
သူမ ဝင်လိုက်သည့်အခိုက်တွင် ကျောင်းစီဟွေ့နှင့်ကော်ကပ်ထားသည့်နှယ် တစ်ဖက်လူ၏လက်မောင်းကို တင်းကြပ်စွာမှီတွယ်နေခဲ့၏။
အဆုံးသတ်၌ ကျောင်းချီယန်နှင့်လင်းကျားက ရှေ့တွင်ထိုင်ပြီး လဲ့ရူသိုနှင့်ကျောင်းစီဟွေ့က နောက်ဘက်တွင် ထိုင်နေခဲ့ကြသည်။
သူတို့ နေရာယူပြီးသည်နှင့် လဲ့ရူသိုက သူမ၏အိတ်ထဲမှ အင်းစက်သတ်ဆေးပုလင်းကို ထုတ်ယူပြီး ရဟတ်ယာဥ်၏ ကျဥ်းမြောင်းသောနေရာထဲတွင် သွေးရူးသွေးတန်းဖြင့်ဖြန်းခဲ့လေ၏။
လူကြပ်သည့်နေရာထဲတွင် အရည်အသွေးနိမ့်သည့်ရနံ့က လေထုထဲတွင်ပြည့်နှက်သွားခဲ့သည်။
ကျောင်းမောင်နှမမှာလည်း မျက်ခုံးများတွန့်ချိုးပြီး ပြောစရာစကားမဲ့သွားရသည်။ သူတို့၏ရှေ့တွင် ထိုင်နေသောလူက အင်းစက်အမျိုးအစား သန္ဓေပြောင်းလူတစ်ယောက်ဖြစ်သော့လည်း သူမက ရူးသွပ်စွာဖြင့် အင်းစက်သတ်ဆေးကို ဖြန်းနေခဲ့၏။
သူမ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက အတော်လေးမမှန်သည့်ပုံရသည်။
*