မဟာချန်သို့ရိက္ခာရှာရန် သွားမည် နတ်ဆိုးဧကရာဇ်
Vol. 42 Ch. 418
မဟာချန် လီပြည်နယ်
ဝတ်ရုံနက်ဝတ်ဆင်ထားသော သိုင်းပညာရှင်တစ်ဦးသည် ကောင်းကင်ယံမှဓားပျံစီးကာ လက်နက်ဂိုဏ်း၏တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
နီကျွင်းသည် သူ၏ရွှမ်ဓားကို သိမ်းဆည်းလိုက်ပြီး ခါးတွင်ချိတ်ထားသော အရက်ဘူးကိုဖြုတ်ယူကာ နှစ်ချက်သုံးချက်ခန့် လှုပ်ခါကြည့်လိုက်၏။
ထို့နောက် သက်ပြင်းချရင်း တောင်အောက်သို့ ဖြည်းညှင်းစွာ လျှောက်ဆင်းလာခဲ့သည်။
တောင်ပေါ်လမ်းတွင်အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသော ပုံရိပ်နှစ်ခုသည် သူ့ကို မြင်သည်နှင့် လျင်မြန်စွာ ရှေ့တိုးလာပြီး ကြိုဆိုကြသည်။
အဘိုးအိုနှင့် မေ့ရှီးယောင် တို့က ရိုသေစွာဦးညွှတ်လိုက်ကြ၏။ "စီနီယာနီ... ပင်ပန်းသွားပါပြီ၊ ညစာ ပြင်ဆင်ပေးရမလားရှင့်"
မဟာချန်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကိုသိရှိပြီးနောက် ရှစ်မျက်နှာစားသောက်ခန်းမသည်လည်း အကာအကွယ်ရယူရန်နှင့် နီကျွင်းအတွက် အစားအသောက်ပြင်ဆင်ပေးရန် ဤနေရာသို့ချက်ချင်း ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်။
"လခွမ်း ကိုပြင်ဆင်လိုက်"
နီကျွင်းက မျက်ခုံးပင့်လိုက်ပြီး အရက်ဘူးကို ပစ်ပေးလိုက်၏။ "ငါ့ကို ဖြည့်ပေးစမ်းပါ"
သူ တော်တော်လေးစိတ်ပျက်နေပြီ ဖြစ်သည်။
အရသာရှိမည့် နတ်ဆိုးအချို့ကို သူ ရှာတွေ့ခါစ ရှိသေးသည်၊ အကြောင်းပြချက်မရှိဘဲ ရောက်လာသောရွှေရောင်ခန္ဓာကိုယ်တစ်ခုက နတ်ဆိုးအလောင်းများကို ယူဆောင်သွားပြီး နှုတ်ဆက်ခြင်းပင် မပြုဘဲထွက်ခွာသွားခဲ့သည်။
အကယ်၍သူသာ စောစောရောက်လာခဲ့လျှင် ရွှအစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ဓားဟူသော ဂုဏ်ပုဒ်ကိုပင် ဂရုမစိုက်ဘဲ ထိုကောင်လက်ထဲမှ နတ်ဆိုးအသက်များကို လုယူမိလိမ့်မည်။
သူ နတ်ဆိုးတွေ အများကြီး သတ်ခဲ့တာ သေချာပါလျက်နှင့် ပါးစပ်ထဲတွင် အရသာမရှိဘဲ ဖြစ်နေရခြင်းက တကယ့်ကိုနှိပ်စက်မှုတစ်ခုပင်။
"ကျွန်မ အခုပဲ သွားယူပေးပါ့မယ်"
မေ့ရှီးယောင်က အရက်ဘူးကို လှမ်းယူပြီး လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော် နီကျွင်း၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် တစ်စုံတစ်ရာ ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုတ်သိမ်းကာ ဂရုမစိုက်သလို ပြောလိုက်သည်။
"မလိုတော့ဘူး၊ မင်းဆီမှာပဲ ခဏထားလိုက်ဦး၊ ငါ ခဏနေမှ လာယူမယ်"
ထိုသို့ပြောပြီးနောက် လူနှစ်ယောက်၏အကြည့်အောက်မှာပင် သူသည် တောင်ခါးပန်းရှိဝါးတောဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
လေတိုက်၍ ယိမ်းနွဲ့နေသော ဝါးတောကို ဖြတ်ကျော်ပြီးနောက် သူသည် ဟာလာဟင်းလင်းဖြစ်နေသောချောက်ကမ်းပါး အစွန်းသို့ ရောက်ရှိသွားသည်။
နီကျွင်း ရပ်တန့်လိုက်ပြီး သူ့ရှေ့ရှိ ဝတ်ရုံဖြူဝတ် ပုံရိပ်ကို အေးစက်စွာကြည့်လိုက်၏။ "ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ"
သူမ ဘာကြောင့် ပုံမှန်မဟုတ်ဘဲဝူထုံတောင်ကနေ ထွက်လာလဲဆိုတာ သူ မသိသလို စိတ်လည်း မဝင်စားပေ။
...
ယဲ့ဝမ်ရွှမ်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး နီကျွင်းဝတ်ဆင်ထားသော နန်ယန်ဝတ်ရုံနက်ကို ကြည့်လိုက်၏။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူမ ရုတ်တရက်ပြုံးလိုက်သည်။ "ဒီဝတ်ရုံနဲ့ဆို မင်းကြည့်ကောင်းသားပဲ"
နီကျွင်းကတော့ တစ်စုံတစ်ယောက်က သူ့ကို အကြွေးတင်နေသကဲ့သို့ အေးစက်သော မျက်နှာထားဖြင့် ရှိနေဆဲပင်။
သို့သော် ယဲ့ဝမ်ရွှမ်သည် ဒေါသထွက်ခြင်းမရှိဘဲ ခေါင်းကိုသာ အသာအယာခါလိုက်၏။ "နတ်ဆိုးတွေ အများကြီးသတ်ပြီးသွားပြီဆိုတော့ မင်းရဲ့ဂနာမငြိမ်တဲ့ စိတ်တွေငြိမ်သွားလောက်ပြီပေါ့၊ ဟုတ်လား"
ထိုစကားကို ကြားသောအခါ နီကျွင်းက မျက်ခွံကို ပင့်ကြည့်လိုက်၏။ "ဘာလဲ... ခင်ဗျားရဲ့ အဲ့ဒီ ကြိုးစုတ်နဲ့ ကျုပ်ကို ထပ်ချည်ချင်လို့လား၊ စိတ်ရှိသလိုလုပ်လေ"
လူငယ်၏ပုန်ကန်လိုသော မျက်နှာကို ကြည့်ရင်း ယဲ့ဝမ်ရွှမ်သည် ပြန်လှည့်သွားကာ ချောက်ကမ်းပါးအောက်ကို ငုံ့ကြည့်လိုက်၏။ "မင်းရွဲ့နေစရာ မလိုပါဘူး၊ ဆရာက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပေးနေတာပါ၊ မင်း သဘောမကျလည်း ငါဂရုမစိုက်ဘူး"
"ဒီတစ်ခေါက် လာတာက မင်းကို ကိစ္စတစ်ခု သတိပေးချင်လို့ပဲ"
ထိုသို့ပြောရင်း သူမသက်ပြင်းချလိုက်၏။ "အဲ့ဒီ ခွေးအိုကြီးထွက်မလာဘူးဆိုတာ မင်းသေချာလို့လား၊ ရှန်းယီအာမခံထားတာလား၊ ဒါမှမဟုတ် မင်း ဒီကိစ္စကို လုံးဝမစဉ်းစားမိတာလား၊ ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းဂိုဏ်းထဲ စရောက်တုန်းက ဝူထုံတောင်ရဲ့အတိတ်ဟောင်းအကြောင်း ပြောပြဖူးပါတယ်"
"အဲ့ဒီကောင်ကို ချုပ်နှောင်ထားနိုင်တဲ့အရာ ဘာမှမရှိဘူး၊ အကယ်လို့သာ သူ နတ်ဆိုးတစ်ထောင်ဂူကနေ ထွက်လာခဲ့ရင် စစ်မှန်တဲ့သတ်ဖြတ်မှုဆိုတာ ဘာလဲဆိုတာ မင်း မြင်ရလိမ့်မယ်"
ရဲ့ဝမ်ရွှမ်က နီကျွင်းကို လက်ယပ်ခေါ်လိုက်၏။"မင်းက ဦးနှောက်မရှိဘူး၊ အသုံးချခံရလွယ်တယ်ဆိုတာ ငါသိတယ်၊ ငါရှန်းယီကို အပြစ်မတင်ပါဘူး၊ သူက အရမ်းငယ်ပြီးစိတ်လိုက်မာန်ပါ လုပ်လွန်းတယ်၊ ကံကောင်းတာက ဒီလောကမှာ မင်းရဲ့ဆရာ ရှိနေသေးတယ်ဆိုတာ မင်း မှတ်ထားရမယ်"
သူမ စကားပြောနေစဉ် သူမ၏လက်ဖဝါးထဲတွင် မှိန်ဖျဖျတောက်ပနေသော ကျောက်တုံးတစ်တုံး ပေါ်လာသည်။
"လွန်ခဲ့တဲ့နှစ်များစွာက မင်းကို ငါကတိပေးခဲ့တဲ့ အရာကို အခုပေးလိုက်မယ်၊ မင်းလုပ်ခဲ့တဲ့ အမှားကြီးကို ဒါကပြန်ကယ်တင်နိုင်မလား ဆိုတာကတော့ မင်းအပေါ်ပဲမူတည်တယ်"
"ဆရာနဲ့တပည့်အနေနဲ့ ပြောစရာရှိတာ ငါ အကုန်ပြောပြီးပြီ"
အမျိုးသမီး၏အသံသည် ဝါးတောအတွင်း ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း သူမ၏ပုံရိပ်မှာမူ တောင်ပေါ်လေပြင်းများနှင့်အတူ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
...
နီကျွင်းသည် လက်ထဲရှိ မှိန်ဖျဖျတောက်ပနေသော ကျောက်တုံးကို ကြည့်လိုက်၏။
သူ့မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။
ခဏအကြာတွင် သူသည် ထိုအရာကိုဝတ်ရုံလက်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်လိုက်၏။
ထို့နောက် မေ့ရှီးယောင် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လှည့်ထွက်လာခဲ့သည်။
နီကျွင်း၏ပုံရိပ် ဝါးတောအပြင်သို့ ပျောက်ကွယ်သွားမှသာ တောင်ပေါ်လေပြင်းများ ပြန်လည် တိုက်ခတ်လာပြီး ယဲ့ဝမ်ရွှမ်သည် ချောက်ကမ်းပါးအစွန်းတွင် ပြန်လည်ပေါ်လာကာ သူမ၏အကြည့်များက ပိုမို နက်ရှိုင်းလာသည်။
နန်ယန်ဂိုဏ်းအတွင်း၌ အမိန့်ပေးနိုင်သူ တစ်ယောက်သာ ရှိသည်။
ယှဉ်တွဲတိုးတက်ခြင်းဆိုတာ မရှိပေ။
နှစ်များစွာကြာ သူမရွေးချယ်ခဲ့သော လမ်းသည်သာတစ်ခုတည်းသော မှန်ကန်သည့်လမ်းဖြစ်ပြီး၊ နန်ယန်ဂိုဏ်းမှပထမဆုံး လျှောက်လှမ်းထွက်ခွာကာကမ္ဘာလောကကို ဂိုဏ်းချုပ်အသစ် မွေးဖွားကြောင်းကြေညာရန် အရည်အချင်းပြည့်မီသူမှာ သူမတစ်ဦးတည်းသာ ရှိသည်။
ပထမဂူမှနတ်ဆိုးဧကရာဇ် ကိစ္စနှင့် ပတ်သက်၍
ယဲ့ဝမ်ရွှမ် နားလည်ထားသော ထိုခွေးအိုကြီး၏ အကြောင်းအရဆိုလျှင် တစ်ဖက်လူသည် ထိုဖီးနစ်ငှက်ကို လွှတ်ပေးလိုက်ဖို့အခွင့်အလမ်း အလွန်များသည်။
ဤအရာကလည်း စိတ်မြန်လက်မြန် လုပ်ဆောင်မှုတိုင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးရှိကြောင်း ဤလူငယ်များကို နားလည်စေရန် သင်ခန်းစာပေးဖို့ အခွင့်ကောင်းတစ်ခုပင်။
အင်မော်တယ်တောင်ထိပ်သည် တိမ်တိုက်များဖြင့် ဝန်းရံထားသည်။
မြင့်မားသောပင်မခန်းမဆောင်ကြီးမှာ ဟာလာဟင်းလင်းဖြစ်နေ၏။
စိတ်ဝိညာဉ်ဧကရာဇ်သည် ခြေရင်းရှိကူရှင်ကို ပေါ့ပေါ့ပါးပါးပင်ကန်ထုတ်လိုက်ရာ သူ၏ဖီးနစ်မျက်ဝန်းနီများထဲတွင် ဒေါသအရှိန်အဟုန်များ ပေါ်ထွက်လာ၏။ "သူတို့ ဘယ်ရောက်ကုန်ပြီလဲ၊ဒီဧကရာဇ်ရဲ့ဆေးဝါးတွေ ဘယ်ရောက်သွားလဲ"
သူ ရောက်ရောက်ချင်း ပစ်မှတ်ထားခဲ့သည်မှာ ရွှမ်ကွမ်းဂူဖြစ်သည်။
သုံးပွင့်ဆိုင် မဟာမိတ်များထဲတွင် ဤနေရာသည် သူအားပြန်ဖြည့်ရန် အသင့်တော်ဆုံးနေရာပင်။
သို့သော် ရွှမ်ကွမ်းဂူသို့ တကယ်တမ်း ခြေချလိုက်သောအခါ ဤလူများမှာကြာမြင့်စွာကတည်းက ထွက်ပြေးသွားကြပြီး တစ်ယောက်မှ မကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။
မည်သို့ဖြစ်နိုင်မည်နည်း။
နတ်ဆိုးတစ်ထောင်ဂူကနေ သူထွက်လာသည့် သတင်းကို တစ်ယောက်ယောက်ကများပေါက်ကြားလိုက်သည်လော။
"ထားလိုက်တော့"
စိတ်ဝိညာဉ်ဧကရာဇ်သည် သူ၏အသက်ရှူနှုန်းကို ညှိယူလိုက်ပြီး အလယ်ရှိ ကူရှင်ပေါ်သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။
သူ လေမှုတ်ထုတ်လိုက်သောအခါတောက်လောင်နေသောမီးလျှံများသည် ထိုင်ခုံမှ ထွက်ပေါ်လာပြီး ခန်းမဆောင်ကြီးတစ်ခုလုံးကို အရည်ပျော်နေသော မီးငရဲခန်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားစေ၏။
ရွှမ်ကွမ်းဂူတစ်ခုလုံးကို မစားသုံးနိုင်လိုက်သော်လည်း သူသည် ၇၀-၈၀ ရာခိုင်နှုန်းခန့်တော့ အားပြန်ပြည့်သွားခဲ့ပြီ ဖြစ်သည်။
အဆင့်တက်လှမ်းရန် ကြိုးစားဖို့လုံလောက်ရုံမျှသာ ရှိသေး၏။
စိတ်ဝိညာဉ်ဧကရာဇ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ကြက်သွေးရောင် အတောင်ပံများကို အနည်းငယ်ဖြန့်ကျက်လိုက်သည်။
သူ၏မျက်နှာတွင် နူးညံ့သော အမွေးအမျှင်များ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး နီရဲသောနှုတ်ခမ်းနှင့် ဖြူဖွေးသော သွားများသည် ထက်ရှသော ငှက်နှုတ်သီးအဖြစ် ဖြည်းညှင်းစွာပြောင်းလဲသွား၏။
နန်ယန်ဂိုဏ်းရှိနောက်ဆုံးသော ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်အနေဖြင့် သူ၏သွေးမျိုးဆက်သည် ဤကျိုးပဲ့နေသော နေရာရှိသတ္တဝါများစိတ်ကူး၍ပင် မရနိုင်သောအရာဖြစ်သည်။
အသက်ရှစ်ထောင် အရွယ်မှာပင် ထိုခွေးအိုကြီး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားမှု ရပ်တန့်သွားခဲ့သည်။
သို့မဟုတ်ပါက ဤနေရာ၌ဝိညာဉ်စွမ်းအင် ရှားပါးနေလျှင်ပင် ပုံမှန်အတိုင်းသာ ကြီးထွားလာခဲ့ပါက ယခု သူ၏သက်တမ်း ကိုးသောင်းတွင်ကျောက်စိမ်းဖြူမြို့တော် (White Jade Capital) သို့ အောင်မြင်စွာတက်လှမ်းနိုင်သော ကျင့်ကြံသူတစ်ဦးကိုယှဉ်နိုင်မည်ဖြစ်ပြီး၊ တာအိုပေါင်းစည်းခြင်းအဆင့်ကိုပင် ရောက်ရှိနိုင်မည်။
သုံးထပ်တိုက်လောက်သာမြင့်သော ကျန်းလေ့ဖူဆိုသောကောင်က သူ့ကို ချုပ်နှောင်ရဲပေ၏။
တစ်ဖက်လူကို သူဖျက်ဆီးပစ်ချင်သည်၊ လက်တစ်ဖက်လှုပ်ရှားလိုက်ရုံဖြင့် ကိစ္စပြီးနိုင်၏။
မရေမတွက်နိုင်သော ဆေးစွမ်းအင်များနှင့် သွေးပင်လယ်ကြီးသည် သူ၏ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှားနေသည်။
စိတ်ဝိညာဉ်ဧကရာဇ်၏ခန္ဓာကိုယ်သည် ပို၍ ပူနွေးလာပြီး အင်မော်တယ်တောင်ထိပ်တစ်ခုလုံး မီးပင်လယ်ထဲတွင် နစ်မြုပ်သွားတော့သည်။
"ဒီဧကရာဇ်အတွက် ကျိုးပျက်စမ်း"
စူးရှသောဖီးနစ်ငှက် အော်မည်သံနှင့်အတူ စိတ်ဝိညာဉ်ဧကရာဇ်သည် ရုတ်တရက်မတ်တတ်ထရပ်လိုက်ပြီးလက်မောင်းများကို ဆက်လက် ဖြန့်ကျက်လိုက်၏။
သို့သော် ထိုအချိန်၌ပျောက်ကင်းသွားပြီဖြစ်သော သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထိုးဖောက်ဒဏ်ရာ အများအပြားသည် ရုတ်တရက်နာကျင်ကိုက်ခဲလာ၏။
တာအိုမန္တန်များဖုံးလွှမ်းထားသော သစ်သားတိုင်များသည် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီ ဖြစ်သော်လည်းကျန်ရစ်နေသော အရှိန်အဝါများက ယခုအချိန်တွင် ပြန်လည် စုစည်းလာသည်။
၎င်းသည် သူ၏နှလုံးသားနေရာတွင် ပါးလွှာသော တံဆိပ်စာလုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ဖူး"
စိတ်ဝိညာဉ်ဧကရာဇ်သည် ရုတ်တရက်မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကြက်သွေးရောင်သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
ကျန်းလေ့ဖူက သူ့ကိုလှောင်ပြောင်သော မျက်နှာထားဖြင့်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသကဲ့သို့ မယုံကြည်နိုင်စွာမော့ကြည့်လိုက်၏။
သူ၏ကြက်သွေးရောင်ဖီးနစ်မျက်လုံးများတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
စိတ်ဝိညာဉ်ဧကရာဇ်သည် ကြီးမားသော အရှက်ခွဲခံလိုက်ရသကဲ့သို့ ကြမ်းပြင်ကြွေပြားကို လက်သီးဖြင့် ထုချလိုက်၏။
ထိုခွေးအိုကြီးက အရာအားလုံးကို တွက်ချက်ထားပုံရသည်။ သူ မည်သို့ပင်လုပ်စေ အင်အားကို ဤမျှထိသာ ပေးထား၏။
သူက မြည်းငတုံးတစ်ကောင်လိုဖြစ်နေပြီး၊ မဟာချန်ဆိုသည်မှာ ထိုခွေးအိုကြီးက သူ့ရှေ့တွင် ချိတ်ဆွဲထားသော မုန်လာဥနီပင်ဖြစ်သည်။
"မင်း စောင့်နေလိုက် မင်း ဒီဧကရာဇ်ကို စောင့်နေလိုက်" စိတ်ဝိညာဉ်ဧကရာဇ်သည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲကာ အသက်ကို လုရှူနေရပြီး နှုတ်ခမ်းထောင့်မှတံတွေးများ စီးကျနေသည်။
အရာအားလုံးကို အလောင်းတောင်များနှင့် သွေးပင်လယ်များအဖြစ် ပြောင်းလဲပစ်ချင်သည်။
နန်ယန်ဂိုဏ်း၏ဆေးဝါးများ အားလုံးကို အသုံးပြုပြီး သူ၏နီဗားနားဖီးနစ်ကို ရယူမည်။
မွေးရာပါသွေးမျိုးဆက် ကွာခြားမှုကို နန်ယန်ဂိုဏ်း၏အမွေအနှစ်များကို အားကိုးရုံဖြင့် မည်တော့မှဖျောက်ဖျက်၍ မရနိုင်ကြောင်း ထိုခွေးအိုကြီး နားလည်စေရမည်။
...
ခဏတာ အနားယူပြီးနောက်။
စိတ်ဝိညာဉ်ဧကရာဇ်သည် ခန်းမဆောင်ထဲမှ ယိုင်တိယိုင်တိုင်ထွက်လာပြီး လက်ချောင်းများကို ဝိုင်းကာ လေချွန်လိုက်သည်။
မကြာမီတွင်ငှက်နတ်ဆိုး အများအပြားသည် အရပ်ရပ်မှ လျင်မြန်စွာပျံသန်းရောက်ရှိလာကြ၏။
"သွား... ရှန်းဖုန်းတို့ကို သွားပြောလိုက်၊ ရပ်လိုက်တော့လို့၊ မဟာချန်က ဒီဧကရာဇ်ရဲ့ရိက္ခာပဲ"
စိတ်ဝိညာဉ်ဧကရာဇ်သည် နှုတ်ခမ်းထောင့်ကို သုတ်လိုက်သော်လည်း ရုတ်တရက်သူ့ဘေးတွင် တုန်ရီစွာဝပ်တွားနေကြသော နတ်ဆိုးအချို့၏ မျက်နှာထားများ ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။
"စိတ်ဝိညာဉ်ဧကရာဇ်ကို တင်ပြပါတယ်... နတ်ဆိုးတစ်ထောင်ဂူက မဟာချန်ကိုတိုက်ခိုက်တာ သူတို့ရဲ့ ပိတ်ဆို့မှုကို ခံလိုက်ရပြီး အကြီးအကျယ် အထိနာသွားပါတယ်... သူတို့က နေရာတိုင်းမှာအစီအရင်တွေခင်းကျင်းထားပြီး နတ်ဘုရားစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူအနည်းဆုံး ဆယ်ယောက်လောက် တစ်ပြိုင်နက်ထွက်လာပါတယ်၊ ဝူထုံတောင်က တပည့်တွေလည်း သူတို့ကိုကူညီနေကြပါတယ်၊ အခုချိန်ထိ ပြည်နယ်ကိုးခုထဲက တစ်ခုကိုမှကျိုးပျက်အောင် မတိုက်နိုင်သေးပါဘူး"
သတ္တိအနည်းငယ်ရှိသော နတ်ဆိုးတစ်ကောင်က တိုးညှင်းစွာ ပြန်ဖြေ၏။ "ရှန်းဖုန်း နတ်ဆိုးဧကရာဇ် ရှန်းဖုန်း နဲ့ မဟာဦးချိုနတ်ဆိုးဧကရာဇ်ဆိုရင် ပေါ်တောင် မလာကြပါဘူး"
"စစ်မတိုက်ခင်ကတည်းက ကြောက်နေကြတာပေါ့၊ ကောင်းတယ်"
နတ်ဆိုးများမမျှော်လင့်ထားသည်မှာ စိတ်ဝိညာဉ်ဧကရာဇ်သည် ဒေါသထွက်မလာဘဲ ရက်စက်သော အပြုံးဖြင့် ရယ်မောလိုက်ခြင်းပင်။
"အဲ့ဒီသဘောတရားအရဆိုရင် ဝူထုံတောင်က လူတွေက အခုပြည်နယ်ကိုးခုလုံးမှာ ပြန့်ကျဲနေကြတာပေါ့"
"မှန်ပါတယ်"
နတ်ဆိုး စကားမဆုံးခင်မှာပင် ၎င်း၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်ဧကရာဇ်သည် ရုတ်တရက် အတောင်ပံများကိုခတ်လိုက်ပြီး သူတို့အားလုံးကို လွှမ်းခြုံလိုက်၏။
တောက်လောင်နေသော မီးလျှံများ၏ သန့်စင်မှုအောက်တွင် သူတို့သည် အကူအညီပင် မတောင်းနိုင်လိုက်ဘဲ ကြွယ်ဝသော နတ်ဆိုးသွေးများအဖြစ် ပြောင်းလဲကာ စိတ်ဝိညာဉ်ဧကရာဇ်၏ပါးစပ်ထဲသို့ ဝင်ရောက်သွားကြသည်။
ကျင့်ကြံသူတွေက ရိက္ခာဖြစ်သလို၊ နတ်ဆိုးတွေကလည်း ရိက္ခာပင်။
သူ ဒီနန်ယန်ဂိုဏ်း တစ်ခုလုံးကို ဝါးမြိုပစ်မယ်။
တစ်ခဏအတွင်းတွင် မီးတောက်များ ဖုံးလွှမ်းနေသော သူ၏ ယအတောင်ပံများသည် ဟိန်းဟောက်သံနှင့်အတူ ဖြန့်ကျက်သွားပြီး မဟာချန်ဆီသို့ ပျံသန်းသွားတော့သည်။
မဟာချန် မင်းဆက်မြို့တော် သိုင်းဘုံကျောင်း အဆောင် (က) ဝင်း
အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် အံ့သြစွာဖြင့် လက်ကို ဖြန့်လိုက်၏။ "ငါ့ဒဏ်ရာတွေ သက်သာသွားပြီလို့ မင်းကိုပြောမလို့ ရှိသေးတယ်၊ အခု မင်းက ပြီးသွားပြီလို့ပြောနေတာလား"
ထန်ယွမ်က ခေါင်းကို ကုတ်လိုက်၏။ "ဆရာ... ကျွန်တော် လီပြည်နယ်ကနေ အခုပဲပြန်ရောက်တာပါ၊ ရှန်းဖုန်းနတ်ဆိုးဧကရာဇ်တောင် စီနီယာရှန်းရဲ့ လက်ထဲမှာ ကျဆုံးသွားပြီ၊ တကယ် ပြီးသွားလောက်ပြီ ထင်တယ်"
...
အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် မျက်မှောင်ကြုတ်ကာ မြေကြီးပေါ်တွင်ထိုင်ရင်း လက်ချောင်းများကို ရေတွက်နေ၏။
ဒါဆို အဲ့ဒီနေ့က ရှန်းယီ မြို့တော်ကနေ ထွက်သွားတုန်းက ဆရာ့ကိုလျစ်လျူရှုခဲ့တာ မဟုတ်ဘဲ ရှန်းဖုန်းကို သွားရှင်းတာပေါ့။
ဒါပေမဲ့... အချိန်ဘယ်လောက် ကြာသွားပြီလဲ။
အကယ်၍ထန်ယွမ်သာ ပြန်လာပြီး သတင်းမပို့ရင် ရှန်းယီက နေ့လယ်စာသွားစားသည်ဟုသာ သူ ထင်မိမည်။
"စီနီယာရှန်းက ဘာလုပ်နေတာလဲ"
ထန်ယွမ်က စူးစမ်းစွာမေးလိုက်၏။ ထို့နေ့က ဖြစ်ရပ်များကို အခြားသူများကို မေးမြန်းခဲ့သော်လည်းကောလာဟလများက တောမီးလိုပြန့်နှံ့ပြီး ပိုပိုပြီးအဓိပ္ပာယ်မရှိ ဖြစ်လာကြသည်။
ကာယကံရှင်ကို မေးတာက ပိုစိတ်ချရပေ၏။
"ငါလည်း မသိဘူး၊ကြည့်ရတာ ဆေးဖော်နေသလိုပဲ၊ဒါပေမဲ့ သေချာတော့ မပြောတတ်ဘူး"
အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် အဆောင် (က) ဘက်သို့ တိတ်ဆိတ်စွာကြည့်လိုက်သည်။ ရှန်းယီသည် အနည်းကးငယ်တော့လွန်လွန်းနေ၏။
သူကိုယ်တိုင်မြင်ခဲ့ရသည်မှာ ရှန်းယီက နတ်ဆိုးသွေးအဆီအနှစ်အမျိုးမျိုးကို မီးဖိုထဲပစ်ထည့်ပြီး မျှော်လင့်ချက်အရိပ်အယောင်တွေနဲ့ ကြည့်နေခဲ့တာ ဖြစ်သည်။
ဆေးဖော်တာထက်စာလျှင် အသက်ဖြင့်ရင်းကာ လောင်းကစားလုပ်နေသည်နှင့် ပိုတူပေ၏။
ပထမဆုံးပေါက်ကွဲမည်လားဆိုတာ ကြည့်ရမည်။ ကံကောင်းလျှင် ထူးဆန်းသော ဆေးလုံးတစ်သုတ် ရလိမ့်မည်ဖြစ်၏။
သူတကယ်ပဲ စားမလား..
နှစ်ယောက်သား စကားပြောနေစဉ် အဆောင် (က) ဆီမှ နောက်ထပ် မီးတိုင်တစ်ခုပေါက်ကွဲထွက်လာ၏။
ဘုန်း
ထိုမြင်ကွင်းကို ကြည့်ရင်း ထန်ယွမ်တုန်လှုပ်သွားသည်။ "ဒါဆို နောက်တစ်ခေါက်မှပဲ မေးတော့မယ်"
"ဒါနဲ့ မင်းရဲ့ သိုင်းဦးလေးတွေ ပြန်ရောက်ပြီလား" လီချင်းဖုန်းက သူ့ဆရာအကြောင်း ပြန်တွေးမိသည်။ ဤကိစ္စသာပြီးသွားပြီဆိုလျှင် စီနီယာအစ်ကိုများနှင့် အစ်မများကိုအမြန်ဆုံး ပြန်သွားဖို့ ဖျောင်းဖျလိုက်သည်က အကောင်းဆုံးပင်။
ဆရာက ဂရုမစိုက်ဘူးဆိုရင်တောင်မှ သူက သူတို့ကို ပညာသင်ပေးခဲ့တဲ့သူပဲလေ။ ဆရာ့အကျင့်ကို သိတာ ဒီနေ့မှမဟုတ်တာ၊ လေထုကို ဒီလောက်ထိ အနေရခက်အောင် လုပ်စရာမလိုပါဘူး။
"သိုင်းဦးလေးတွေလား"
ထန်ယွမ်က လက်သီးဆုပ်ကာ နှုတ်ဆက်ထွက်ခွာရန်ပြင်နေစဉ် ထိုစကားကို ကြားသောအခါ ရုတ်တရက်ခေါင်းမော့ကာ ကြောင်အမ်းအမ်း ကြည့်လိုက်၏။ "သိုင်းဦးလေး... ပြုတ်ကျလာတယ်"
...
လီချင်းဖုန်း ရုတ်တရက်မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ ပြုတ်ကျလာသော ဝတ်ရုံနက်ဝတ်ပုံရိပ်တစ်ခုကို တွေ့လိုက်ရပေ၏။
ရွှမ်ဓားက ထန်ယွမ်၏ဘေးတွင် တောင်ခနဲ မြည်သံနှင့်အတူ အရင် စိုက်ဝင်လာသည်။
စီနီယာအစ်မ လင်းရှီသည် ထိတ်လန့်တကြားဖြင့် နီကျွင်းကို ဖမ်းရန်ပြေးသွား၏။ သူမ၏လက်ဖဝါးက နီကျွင်း၏ပခုံးကို ထိလိုက်ရုံ ရှိသေးသည်၊ကြီးမားသော မီးလှိုင်းကြီးတစ်ခုက အဝေးမှနေ၍ လွှမ်းခြုံတိုက်ခိုက်လာသည်။
ဘန်း
သူတို့နှစ်ယောက် မြို့တော်မှ မထွက်ခွာမီ ရှန်းယီထံမှ နန်ယန်အကြီးအကဲဝတ်ရုံ တစ်ထည်စီ ရယူခဲ့ကြ၏။
ထိုကဲ့သို့အဖိုးတန်သော မှော်ရတနာများ၏ ကောင်းချီးပေးမှုကြောင့် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်အတွင်းမှာဆိုလျှင် သေသည်အထိ ခေါင်းမာမာဖြင့်မတိုက်ခိုက်သရွေ့ သူတို့နှစ်ယောက်ကိုထိခိုက်စေနိုင်သော အရာ မရှိသလောက်ပင် ဖြစ်သည်ဟု ပြောနိုင်သည်။
သို့သော် လီချင်းဖုန်းနှင့် သူ့တပည့်၏အကြည့်အောက်မှာပင် ထိုမီးလှိုင်းကြီးက လင်းရှီကို တိုက်ရိုက်လွင့်စင်သွားစေပြီး အတွင်းမှ ဓားတိုကို ဖော်ထုတ်လိုက်သည်။
ရွှပ်။
ထိုနှင်းကဲ့သို့ ဖြူဖွေးသော ဓားတိုသည် နန်ယန်ဝတ်ရုံကို တိုက်ရိုက်ထိုးဖောက်သွားပြီး လင်းရှီ၏ ပခုံးပေါ်တွင် အရိုးထိအောင်နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
"ဒါကို မင်းကပြီးသွားပြီလို့ ခေါ်တာလား"
လီချင်းဖုန်းကျိန်ဆဲဖို့ အချိန်မရလိုက်ပေ။ သူသည် ချက်ချင်းလေပေါ်သို့ ပျံတက်သွားပြီး ထန်ယွမ်နှင့်အတူသူ့စီနီယာအစ်ကိုနှင့် အစ်မရှိရာသို့ ပျံသန်းသွားသည်။
သူတို့နှစ်ယောက် မဟာချန်၏နယ်နိမိတ်အတွင်းသို့ ကျရောက်လာချိန်တွင် သိုင်းဘုံကျောင်းရှိ ဝူတောက်အန်းသည် အလွန်လျင်မြန်စွာတုံ့ပြန်လိုက်ပြီးအစီအရင်ဗဟိုချက်ကို အသက်သွင်းလိုက်သည်။
မြို့တော်၏အစီအရင်သည် အရင်းအမြစ် အများဆုံးကုန်ကျရုံသာမက ရွှီမိသားစု တစ်ခုလုံးက တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ ဝူထုံတောင်မှ စီနီယာထုံကပင် ကူညီဖြည့်စွက် ပေးထားခြင်း ဖြစ်သည်။
တစ်ခဏအတွင်းတွင် ကွဲပြားသော ဓာတ်သဘာဝ အစီအရင်ပစ္စည်းများဖြင့် အသက်သွင်းထားသော နဂါးကိုးကောင်နှင့် ဖီးနစ်ကိုးကောင်သည်အတူတကွ ထကြွလာကြ၏။
တစ်ခုစီသည် ပေပေါင်း တစ်ရာနီးပါး ကြီးမားကြသည်။ ထိုကြီးမားသော သတ္တဝါကြီးများသည် ကောင်းကင်ယံတွင်ပျံသန်းနေကြပြီး အတောင်ပံခတ်လိုက်တိုင်း၊အမြီးခါလိုက်တိုင်း ကြည်လင်သော အလင်းတန်းအမျိုးမျိုးသည် အပြင်ဘက်သို့ လျင်မြန်စွာ ပြန့်ကားသွားခဲ့၏။
"ဟူး"
လီချင်းဖုန်းသည် နီကျွင်းကို ဖမ်းလိုက်ပြီးနောက် ထန်ယွမ်ကိုကြည့်လိုက်ရာ သူသည်လည်း လင်းရှီကို တွဲကူထားသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတော့ သူ သက်ပြင်းချနိုင်ခဲ့ပြီ။
မော့ကြည့်လိုက်ချိန်တွင် သူ ချက်ချင်း တောင့်တင်းသွား၏။ ထိုပါးလွှာသော အလင်းတန်းကို ဖြတ်ကျော်၍ပထမဆုံး မြင်လိုက်ရသည်မှာ ဖြည်းညှင်းစွာလှုပ်ခတ်နေသော ကျယ်ပြန့်သည့် မီးတောင်ပံတစ်စုံ ဖြစ်သည်။
အမွေးအတောင် တစ်ချောင်းချင်းစီသည် တောက်လောင်နေသောမီးလျှံများဖြင့် ဖွဲ့စည်းထားသကဲ့သို့ပင်။
ထိုအတောင်ပံများကို ပိုင်ဆိုင်ထားသူမှာ ခမ်းနားသောငွေရောင်သံချပ်ကာနှင့် နှင်းကဲ့သို့ ဖြူဖွေးသောဝတ်ရုံကို လွှမ်းခြုံထားပြီး၊ ကလေးဆန်သောမျက်နှာထားဖြင့် သူ့ကို ရက်စက်စွာပြုံးပြနေသည်။
...
လီချင်းဖုန်းသည် မသိစိတ်ဖြင့် သူ့အင်အားအကုန်သုံးကာနီကျွင်းကို အောက်သို့ ပစ်ချလိုက်၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကြည့်အောက်တွင် အစီအရင်ခံနေသဖြင့် တစ်ဖက်လူ၏ အစွမ်းထက်သော အရှိန်အဝါကို မခံစားရသော်လည်း၊ အသက်ရှူကျပ်သကဲ့သို့ မွန်းကျပ်သောခံစားချက်ကို ခံစားနေရသည်။
တစ်ဖက်လူ၏ပုံပန်းသဏ္ဍာန်ကို အပြည့်အဝ မြင်တွေ့လိုက်ရသော်လည်း ထိုလူငယ်၏နာမည်ကို သူ လုံးဝ မခေါ်နိုင်ခဲ့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် လုံးဝ သေဆုံးသွားတော့မည့်အလား အန္တရာယ်အငွေ့အသက်သည် လီချင်းဖုန်း၏ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လာ၏။
တစ်ခုခု လုပ်ရမယ်၊ သူ တစ်ခုခု လုပ်မှ ဖြစ်မယ်။
သေမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး။
ထိုသို့ တွေးမိသည်နှင့် လီချင်းဖုန်းသည် အသံကုန်ဟစ်ကာ ရုတ်တရက်အော်လိုက်၏။ "စီနီယာရှန်း... ကယ်ပါဦး"
သူ အဘယ်ကြောင့် အော်လိုက်မိမှန်း မသိပေ။ စီနီယာအစ်ကိုနီ နှင့် ပထမစီနီယာအစ်မပင် ယှဉ်နိုင်မည့်ပြိုင်ဘက်မဟုတ်မှတော့ ရှန်းယီလည်း ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် မသိစိတ်ကလှုံ့ဆော်မှုဖြင့် သူသည် ဤနောက်ဆုံးသော မျှော်လင့်ချက်ကောက်ရိုးမျှင်ကို ဆွဲကိုင်လိုက်ခြင်း ဖြစ်သည်။
...
လီချင်းဖုန်း၏အော်သံကို ကြားလိုက်ရသောအခါ စိတ်ဝိညာဉ်ဧကရာဇ် ခဏမျှမှင်တက်သွားပြီးနောက် နှုတ်ခမ်းထက်ရှိ ရက်စက်သောအပြုံးတွင် လှောင်ပြောင်မှု အရိပ်အယောင်များပေါ်လာသည်။
ရိက္ခာတစ်ခုက အခြားအရသာပိုရှိမည့် ရိက္ခာတစ်ခုကို အကူအညီတောင်းနေသည်လော။
တစ်ခဏအတွင်းမှာပင်။
စိတ်ဝိညာဉ်ဧကရာဇ်သည် လက်ဖဝါးကို ထပ်မံ ဖိနှိပ်လိုက်ရာ နောက်ထပ်ဓားတိုတစ်ချောင်း သူ၏ ခါးမှပြေးထွက်သွား၏။
သေးငယ်ပုံရသော ထိုဓားတိုသည် ကြီးမားလှသော အင်အားကို သယ်ဆောင်လျက်အောက်သို့ တည့်မတ်စွာ ရက်စက်စွာထိုးစိုက်ချလိုက်တော့သည်။