အခန်း (၃၆၉-၃၇၀)
Vol. 34 Ch. 369-370
အခန်း (၃၆၉)။
"ဟုတ်တယ်၊ ကျွန်တော်လက်ထဲမှာ ရှိတယ်" ဟုန်ယွိက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက် သည်။
အမှန်စင်စစ် 'လူသားရနံ့ကျမ်း'သည် ကြင်ယာတော်ယွမ်၏ လက်ထဲတွင် ရှိနေခြင်းဖြစ် သော်လည်း ဤအသံရှင်မှာ ခန့်မှန်းရခက်လှသည်။ ဟုန်ယွိ၏ ကိုယ်ပိုင် တာအိုပညာရပ် ဖြင့်ပင် ဤအသံမှာ မည်သည့်နေရာမှ လာသည်ကို သူ မသိနိုင်ပေ။ တစ်ဖက်လူ၏ တာအို ပညာရပ်မှာ ထင်ရှားလှသည်။ ဤသူမှာ 'ကောင်းကင်မြွေဘုရင်မ' သို့မဟုတ် 'ကောင်းကင် နဂါးဂိုဏ်းချုပ်' ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။ သို့မဟုတ် ထိုထက်ပင် ပို၍ ဆန်းကြယ်နေနိုင်မည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် ကြင်ယာတော်ယွမ်ထံသို့ ဘေးအန္တရာယ် မကျရောက်စေရန် သဘာဝအတိုင်း သူက တာဝန်ယူလိုက်ခြင်း ဖြစ်သည်။
အကယ်၍ ဟုန်ယွိသာ ဤကဲ့သို့ အဆင့်ရှိသူတစ်ဦးနှင့် တိုက်ခိုက်ရပါက 'လူသားအင်မော် တယ် ကိုယ်ပွားခန္ဓာ'နှင့် မဟာလေဟာနယ်လက်ဝါးတို့၏ အကူအညီဖြင့် သူသည် တိုက်ခိုက်နိုင်စွမ်းရှိပြီး အသာစီးပင် ရနိုင်ပေသေးသည်။
သို့သော်လည်း တစ်ဖက်လူက လူကိုယ်တိုင် ထွက်မလာဘဲ ဟုန်ယွိ နားမလည်နိုင်သော ဆန်းကြယ်သည့် နည်းလမ်းများနှင့် တာအိုပညာရပ်များကို အသုံးပြုနိုင်စွမ်း ရှိနေသည်။
အဆုံးတွင် ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ မိုးကြိုးကပ်ဘေး ပထမအဆင့်တွင်သာ ရှိသေးသည်။ သူ၏ ကောင်းကင်၊ မြေကြီးနှင့် စကြဝဠာအပေါ် နားလည်မှုမှာ သုံးကြိမ်၊ လေးကြိမ် သို့မဟုတ် ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူများနှင့် ယှဉ်လျင် အများကြီး လိုအပ်နေသေးသည်။ အရိုးရှင်းဆုံး ပြောရလျှင် ထိုသူများသည် ဟုန်ယွိကို အနိုင်ယူနိုင်ချင်မှ နိုင်မည် ဖြစ်သော်လည်း သူတို့အနေဖြင့် ထွက်ပြေးရန်မှာမူ အလွန်ပင် လွယ်ကူပေလိမ့်မည်။
"သခင်လေးရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုရင်တော့ သေချာ ဂရုစိုက်ပါ။ မပျောက်ပါစေနဲ့။ သခင်လေးက 'ဒိုင်ဇင်ဘုရားကျောင်း' ရဲ့ လျှို့ဝှက်ကျမ်းစာတွေကို ကျင့်ကြံထားသူဆိုတော့ ဒီ 'လူသားရနံ့ကျမ်း' ဟာလည်း ဇင်တရားတွေနဲ့ ဆက်နွယ်နေပြီး သခင်လေးရဲ့ ကျင့်ကြံမှု အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။" ထိုအသံက ဆက်ပြောသည်။ စကားလုံး တစ်လုံးချင်းစီ၏ ရနံ့သည် ကြာပန်းရနံ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းမှာ စင်ကြယ်ပြီး သဘာဝကျလှကာ ဖုန်မှုန့်တစ်စပင် မရှိပေ။ ၎င်းသည် ဇင်တရားနှင့် ဗုဒ္ဓ၏ သဘာဝအငွေ့အသက်ကဲ့သို့ပင်။ (ဇင်-ဟူသည် Zen (ဇင်) ဟူသော စကားလုံးသည် ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်ပြီး ပါဠိဘာသာ "ဈာန်" (Jhana) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်မှာ "ရှုမှတ်ခြင်း" သို့မဟုတ် "တည်ငြိမ်စွာ ဆင်ခြင်ခြင်း" ဟု အဓိပ္ပာယ်ရသည်။)
"ဒီလူကတော့..." ဟုန်ယွိသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူသည် ကြာပန်းရနံ့ကို နမ်းရှုံ့မိပြီး ဇင်တရားနှင့် ဗုဒ္ဓ၏ အငွေ့အသက်ကို ခံစားမိသည်။ ဤသူ၏ တာအိုပညာရပ်သည် အရာအားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည့် အရာအားလုံးတစ်ခုတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီး စိတ်ကြိုက် အသုံးပြုနိုင်သည် ကို သူ သိလိုက်သည်။
ကြာပန်း၏ ရနံ့သည် ဗုဒ္ဓ၏ သဘာဝကို ကိုယ်စားပြု ဖော်ပြနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်တိုင်းသည် ကြာပလ္လင်ပေါ်တွင် စံပယ်တော်မူကြခြင်း ဖြစ်သည်။
"ခင်ဗျားက ဘယ်သူလဲဆိုတာ သိပါရစေ။" ဟုန်ယွိက ကြည်လင်သော အသံဖြင့် မေးလိုက်သည်။
"သခင်လေးက ကျွန်မအကြောင်းကို သိချင်နေတာလား။ ကျွန်မလည်း သခင်လေး အကြောင်းကို အရမ်းသိချင်နေတာပါ။ ဒါပေမဲ့ သိချင်စိတ်ဆိုတာ သိချင်စိတ်ပါပဲ။ လူတိုင်းမှာ ကိုယ်စီ လျှို့ဝှက်ချက်တွေ ရှိကြတာမို့ အဆုံးထိ လိုက်စုံစမ်းနေဖို့ မလိုပါဘူး။ ကျွန်မ ဒီနေ့ 'မိုင်တစ်ထောင် အသံလွှင့်ခြင်း' နည်းလမ်းကို အသုံးပြုခဲ့တာက သခင်လေးနဲ့ ရန်သူဖြစ်ဖို့ မဟုတ်ပါဘူး၊ သခင်လေး ဘာတွေ လုပ်နိုင်လဲဆိုတာ ကြည့်ချင်ရုံတင်ပါ။ သခင်လေးက ထင်ထားတာထက် ပိုတော်နေတာပဲ။ မဟာလေဟာနယ်လက်ဝါးကို အလင်းကွင်း ကိုးခုအထိ ပေါင်းစပ်နိုင်သလို၊ အင်မော်တယ် မူလဝိညာဉ်အဆင့်ကိုလည်း ရထားပြီဆိုတော့ ဒါတစ်ခုတည်းနဲ့တင် ဒဏ္ဍာရီတစ်ခု ဖြစ်လာဖို့ လုံလောက်နေပါပြီ။ သခင်လေးမှာ တခြား ဖုံးကွယ်ထားတဲ့ လျှို့ဝှက်အကွက်တွေ ရှိနေသေးတာကိုတော့ ထည့်မပြောတော့ဘူး..."
ထိုအသံမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည် "ကျွန်မ ဒီနေ့ သခင်လေး နဲ့ လာတွေ့ရတာ အကြောင်းရင်း နှစ်ချက် ရှိပါတယ်။ ပထမအချက်က သခင်လေးရဲ့ တာအိုပညာရပ်ကို ကြည့်ဖို့ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ သခင်လေးကို အချို့အရာတွေ သတိပေးဖို့ပါ။ ပိုင်ဇိယွဲ့ဟာ ယွမ်တူးနိုင်ငံ အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပေမယ့် သူ့ရဲ့အခြေခံက အားနည်းနေပါသေးတယ်။ တကယ်လို့, သူသာ အသတ်ခံရရင် အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းဟာလည်း ချက်ချင်းဆိုသလို ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။"
"ဘာ။"
ဟုန်ယွိ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားပြီးနောက် ပြောလိုက်သည် "ပိုင်ဇိယွဲ့ကို တစ်ယောက်ယောက်က သတ်ချင်နေတာလား။ ပိုင်ဇိယွဲ့က 'ကောင်းကင်ခုနှစ်စဉ်ကြယ် မြေနတ်ဆိုးတံဆိပ်တော်'ကို ဆုပ်ကိုင်ထားပြီးပြီ၊ ပြီးတော့ မဟာအကြီးအကဲ ကိုးဦးဆီက နေလည်း လမ်းညွှန်မှုတွေ ရထားပြီးသား။ သူက ကြယ်စင်တိုက်ပွဲကမ္ဘာထဲမှာ 'အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း'ရဲ့ မဟာဝိညာဉ်ကျမ်းကို ကျင့်ကြံနေတာမို့ သူ့ရဲ့ တာအိုပညာရပ်က အရှိန်အဟုန်နဲ့ တိုးတက်နေတာ။ ကျွန်တော်ကိုယ်တိုင် သူ့ကို အနိုင်ယူနိုင်ရင်တောင်မှ သူ့ကို သတ်ဖို့ဆိုတာ အလွန်ခက်ခဲလိမ့်မယ်။ ဒါ့အပြင် သူက အပြင်ကိုလည်း ထွက်မလာ သေးဘူး။ ဘယ်သူက သူ့ကို ဘာလုပ်နိုင်မှာလဲ။"
"တစ်ယောက်ယောက်က မုန့်ရှန်းကျီရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကိုတောင် သတ်နိုင်သေးတာပဲ၊ ပိုင်ဇိယွဲ့ဆိုတာ ဘာပြောနေစရာ လိုဦးမလဲ။ သခင်လေး... ကိုယ့်ဘာ ကိုယ်ပဲ သတိထားပါတော့..." (မိုနိုဂိုတာရီအစား မုန့်ရှန်းကျီဟုသာ ပြောင်းလဲ ပြန်ဆိုပါ တော့မည်။)
ထိုသို့ပြောပြီးနောက် ထိုအသံနှင့် ရနံ့တို့သည် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ် သွားတော့သည်။
ဟုန်ယွိသည် ထိုသူ ပုန်းကွယ်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ထပ်မမေးတော့ပေ။ သူ၏ စိတ်ဝိညာဉ်သည် ကြယ်ကြည့်စင်မြင့်ပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယောင်ချင်းဟွေသည်လည်း ဆင်းသက်လာခဲ့သည်။ သူမသည် စိတ်ဝိညာဉ် ခန္ဓာကိုယ်သာ ဖြစ်သော်လည်း အပြင်ပန်းကြည့်လျှင် အစစ်မှန် ခန္ဓာကိုယ်နှင့် မခြား သက်ဝင်လှုပ်ရှားနေသည်။
ယောင်ချင်းဟွေ ဆင်းလာပြီးနောက် ကြယ်ကြည့်စင်မြင့် နောက်ဘက်ရှိ စာကြည့်ခန်းထဲမှ အသံနှစ်ခု ထွက်ပေါ်လာသည် - "အမေ"
၎င်းမှာ သူမကို ကြိုဆိုရန် ထွက်လာကြသည့် ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့တင်းတို့ ညီအစ်မနှစ်ဦး ဖြစ်သည်။
"ယောင်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ်မှာ ဒီလိုမျိုး နောက်ခံလူ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး" ဟုန်ယွိ ဤမြင်ကွင်းကို မြင်သောအခါ၊ အရင်ဆုံး မည်သည့်စကားမှ မပြောသေးဘဲ စာကြည့်ခန်းထဲသို့ ပြန်ဝင်ကာ စားပွဲရှေ့တွင် ထိုင်လိုက်သည်။ ယောင်ချင်းဟွေ ဝင်လာ သည်ကို မြင်မှသာ သူ စကားပြောလိုက်သည်။
ကြယ်ကြည့် စင်မြင့်ပေါ်ရှိ စာကြည့်ခန်းမှာ အလွန်ကျော့ရှင်းလှသည်။ ၎င်းသည် ပညာရှင် များ ကြယ်များကို ကြည့်ရှုပြီးနောက် ရရှိလာသည့် သိမြင်မှုများကို မှတ်တမ်းတင်ရန် အတွက် အသုံးပြုသည့် နေရာဖြစ်သည်။
အကယ်၍ ကြယ်ကြည့် စင်မြင့်ပေါ်တွင် စာကြည့်ခန်း မရှိပါက၊ စိတ်ထဲတွင် ရရှိလာသည့် သိမြင်မှုများကို ချက်ချင်း မှတ်တမ်းမတင်နိုင်လျှင် အောက်ထပ်သို့ ဆင်းသွားသည့်အခါ မေ့လျော့သွားနိုင်သည်၊ သို့မဟုတ် ထိုသိမြင်မှုမှာ ဝေဝါးသွားနိုင်သဖြင့် လေ့လာမှုအတွက် အကျိုးမရှိပေ။ သို့သော် ဤသို့သော အရာမျိုးမှာ ချမ်းသာကြွယ်ဝသော မိသားစုများသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
"ဒါက ကျွန်မရဲ့ စီနီယာတစ်ယောက်ပါ။ သူက အခုမှ ဒီလောကထဲ ပြန်လည် ထွက်ပေါ်လာ တာပါ" ယောင်ချင်းဟွေသည် စာကြည့်ခန်းထဲသို့ ဝင်လာပြီးနောက် ထိုင်နေသည့် ဟုန်ယွိ ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြောလိုက်သည် "မန်ပိုင်ယွန်မှာ တကယ်ကို တော်တဲ့ သားတစ်ယောက် ရှိတာပဲ။ မင်းရဲ့ တာအိုပညာရပ်က လောကကြီးကို တုန်လှုပ်စေနိုင်သလို၊ မင်းရဲ့ စာပေစွမ်းရည်ကလည်း 'သူတော်စင်တစ်ရာ' ကိုတောင် နိုးထ စေခဲ့တယ်။ 'သာမန်လူသားတစ်ဦးဟာ မျိုးဆက်တစ်ရာအတွက် ဆရာတစ်ဆူဖြစ်နိုင်ပြီး၊ စကားတစ်လုံးဟာ လောကရဲ့ နိယာမဖြစ်နိုင်တယ်' ဆိုတဲ့ ဒီစကားနှစ်ခွန်းက သူတော်စင် တစ်ရာကို တကယ်ပဲ နိုးကြားစေခဲ့တာပဲ။"
"ယောင်ချီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တကယ်ကို ကျော့ရှင်းပြီး အထက်တန်းဆန်ပါပေတယ်။ ဒါပေမဲ့ တစ္ဆေအင်မော်တယ် တစ်ယောက်ဖြစ်တဲ့ ခင်ဗျားက ဘာလို့ ဟုန်ရွှန်ကျိလို နှလုံးသား မရှိတဲ့လူမျိုးနဲ့ လက်ထပ်ပြီး သူ့အတွက် သမီးတွေတောင် မွေးပေးခဲ့ရတာလဲ။ ခင်ဗျားမှာ တရားဝင်ဇနီးဆိုတဲ့ ဘွဲ့တံဆိပ်တောင် မရှိဘူး မဟုတ်လား။" ဟုန်ယွိက အေးစက်စွာ ပြောလိုက်သည်။
"ကြယ်တာရာတွေနဲ့ မြစ်ရေတွေဟာ ဝေးကွာနေပေမယ့် လူနှစ်ယောက်ရဲ့ စိတ်ခံစားချက် တွေကသာ ထာဝရ တည်မြဲနေမယ်ဆိုရင် နေ့တိုင်း အတူရှိနေဖို့ ဘာလို့ လိုအပ်နေဦးမှာလဲ။ တစ္ဆေအင်မော်တယ် တစ်ယောက်အတွက်တော့ တရားဝင်ဇနီးဆိုတဲ့ဘွဲ့ဟာ မေးခွန်းထုတ် စရာတောင် မလိုတဲ့အရာပါ။" ယောင်ချင်းဟွေ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဆက်ပြောသည် "ဒါ့အပြင် ဟုန်ရွှန်ကျိရဲ့ စာပေစွမ်းရည်နဲ့ သိုင်းပညာတွေက အားလုံးကို အံ့အားသင့်စေနိုင်တယ်။ မဟုတ်ရင် မင်းရဲ့ အမေက ဘာလို့ သူ့ကို ချစ်ခဲ့မှာလဲ။"
"ဒါဆိုရင် ဂိုဏ်းချုပ်ယောင်ကလည်း ထူးချွန်တဲ့ ပါရမီရှင်အမျိုးသမီးတစ်ဦးပဲပေါ့" ဟုန်ယွိ အံ့သြသွားမိသည်။ ထိုအခါမှသာ ယောင်ချင်းဟွေ၏ စကားလုံးများမှာ ကျော့ရှင်းလှပပြီး သူမ၏ စွမ်းရည်မှာ အထင်ကြီးစရာကောင်းနေသည်ကို သူ ခံစားမိလိုက်သည်။
ဟုန်ရွှန်ကျိကဲ့သို့ လူမျိုးသည် ဤကဲ့သို့ အမျိုးသမီးမျိုးကို စိတ်ဝင်စားသည်မှာ မဆန်းတော့ပေ။
"ငါ့အမြင်အရတော့ မင်းရဲ့ အရေးအသားတွေက သူတော်စင်တစ်ရာကို နိုးကြားစေခဲ့တယ် ဆိုပေမယ့် မင်းရဲ့ စစ်မှန်တဲ့ အသိပညာကတော့ မင်းအဖေကို မမီသေးဘူး။ အရေးအသား ဆိုတာ ကောင်းကင်က ဖန်တီးပေးတာဖြစ်ပြီး ပါရမီရှင်တွေရဲ့ လက်ထဲကို တိုက်တိုက် ဆိုင်ဆိုင် ရောက်ရှိလာတာမျိုးပါ။ ဘယ်သူ့မှာကော မှတ်သားလောက်တဲ့ စကားလုံးတွေ မရှိလို့လဲ။ နက်နဲတဲ့ အသိပညာရှိသူတစ်ဦးအတွက် ပါးနပ်တဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းဆို တာ ဘာမှမဟုတ်ဘူး။ ကိုယ်ကျင့်တရားကို ထူထောင်ဖို့၊ အောင်မြင်မှုတွေကို ထူထောင်ဖို့နဲ့ စကားလုံးတွေကို ထူထောင်ဖို့အတွက်ဆိုရင် စစ်မှန်တဲ့ မဟာပညာရှင်တစ်ဦး၊ မျိုးဆက် တစ်ခုရဲ့ မဟာဆရာရှင်တစ်ဦးဟာ ကျမ်းစာတွေကို ရေးသားပြီး ကိုယ်ပိုင် အတွေးအခေါ် ကျောင်းတစ်ခုကို တည်ထောင်ဖို့ လိုအပ်တယ်။ ဟုန်ရွှန်ကျိရဲ့ 'အကျိုးအကြောင်းကျမ်း'၊ 'ရှီးမင်ကျမ်း'၊ 'သစ္စာစောင့်သိမှုကျမ်း' နဲ့ တခြားစာအုပ်တွေအားလုံးဟာ ကိုယ်ပိုင်အတွေး အခေါ် တစ်ခုအနေနဲ့ ကမ္ဘာလောကအနှံ့ ပျံ့နှံ့နေပြီ။ မင်းကတော့ သူ့ကို မမီသေးဘူး။"
ယောင်ချင်းဟွေက ဟုန်ယွိကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အို?... မျှော်လင့်ထားတဲ့အတိုင်း တကယ်လို့ ထူးချွန်တဲ့ ပါရမီရှင်အမျိုးသမီးတစ်ဦးပါလား။ ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိပါတယ်" ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ ချစ်သူဟောင်းဖြစ်သူ ယောင်ချင်းဟွေ၏ စကားများကို နားထောင်ရင်း သူမ၏ စကားလုံးများမှာ ထက်မြက်လှပြီး စကားလုံးတိုင်းမှာ နှလုံးသားကို ထိုးနှက်နိုင်သည်ကို သိလိုက်သည်။ သူမ၏ တာအို ပညာရပ်က သူ့ကို မမီသော်လည်း တာအိုနှလုံးသားကို တိုက်ခိုက်ရာတွင်မူ သူမသည် အနည်းငယ်မျှ အလျော့မပေးပေ။
စကားတစ်ခွန်း၊ နှစ်ခွန်းပြောဆိုတာ၊ ဆောင်းပါးများနှင့် ကဗျာများရေးသားခြင်းဆိုသည်မှာ အမှန်တကယ်ပင် ဘာမှမဟုတ်ပေ။ အစစ်မှန် မဟာပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် ကျမ်းစာများကို ရေးသားကာ ကိုယ်ပိုင် အတွေးအခေါ်တစ်ခုကို တည်ထောင်ရမည် ဖြစ်သည်။
ဤနှစ်များအတွင်း ဟုန်ရွှန်ကျိသည် သုတေသနလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံ ထားပြီး 'အကျိုးအကြောင်းကျမ်း' ကဲ့သို့သော လက်ရာများစွာကို ထုတ်ဝေခဲ့ကာ ၎င်းတို့မှာ လောကအနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ ဟုန်ယွိအနေဖြင့် သူတော်စင်တစ်ရာ၏ ကောင်းချီးပေး မူစွမ်းအားကို အားကိုးကာ ယာယီအားဖြင့် ခုခံနိုင်ခဲ့သော်လည်း၊ အကယ်၍ ဆယ်စုနှစ် အနည်းငယ်အကြာတွင် လက်ဆင့်ကမ်းနိုင်မည့် ကျမ်းစာများ မရှိခဲ့ပါက သူတည်ထောင် သည့် အတွေးအခေါ်မှာ ကမ္ဘာကြီး၏ မေ့လျော့ခြင်းကို ခံရမည်ဖြစ်ပြီး ဟုန်ရွှန်ကျိကို ယှဉ်နိုင်မည် မဟုတ်ပေ။
"တာအိုပညာရပ်ဆိုတာ အရေးအသားတွေပဲ။ အတိတ်က ရှေးခေတ် သူတော်စင် ပညာရှင် ကြီးတွေစာ စာလုံးတွေကို စတင်ဖန်တီးတဲ့အခါမှာ သွေးမိုးတွေ ရွာသွန်းခဲ့ပြီး နတ်ဘုရား တွေနဲ့ တစ္ဆေသရဲတွေ ငိုကြွေးခဲ့ကြတယ်။ စကားလုံးတွေ ထွက်ပေါ်လာတိုင်း တစ္ဆေသရဲ တွေနဲ့ နတ်ဘုရားတွေတောင် ကြောက်ရွံ့ပြီး ငိုကြွေးကြရတယ်။ ဟုန်ရွှန်ကျိရဲ့ 'အကျိုး အကြောင်းကျမ်း' ဟာ လောကအနှံ့မှာ လူတွေဖတ်ဖို့ ထုတ်ဝေထားပြီးသား။ ဒါဟာ ကွန်ဖြူးရှပ် အတွေးအခေါ်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ မင်းက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"
ယောင်ချင်းဟွေက ထပ်မံပြောလိုက်ပြီး သူမ၏ မျက်လုံးများမှာ ဟုန်ယွိကို လုံးဝ အလျော့ ပေးမည့်ပုံ မပေါ်ပေ။
"ထူးချွန်တဲ့ ပါရမီရှင် အမျိုးသမီးတစ်ဦးပဲ၊ စကားလုံးတိုင်းက ကျုပ်နှလုံးသားကို သတ်နေ တာပဲ" ဟုန်ယွိက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်ကလည်း မကြာသေးခင်က ကျမ်းစာတွေကို စတင်ရေးသားနေပါပြီ။ အခုကတော့ အစပဲ ရှိပါသေး တယ်၊ မပြီးပြည့်စုံသေးဘူး။ ခင်ဗျားက ထူးချွန်တဲ့ အမျိုးသမီးတစ်ဦးဆိုတော့ ကျုပ်က ခင်ဗျားအတွက် မြည်းစမ်းခွင့်ပေးပါ့မယ်။ ဒီကျမ်းစာရဲ့ အစပိုင်းဟာ ဟုန်ရွှန်ကျိရဲ့ 'အကျိုး အကြောင်းကျမ်း'နဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေသလဲ။ မျိုးဆက်ပေါင်းများစွာအထိ လက်ဆင့် ကမ်း ဖတ်ရှုနိုင်မယ့် အရာမျိုး ဖြစ်နိုင်ပါ့မလား။"
"အို?... မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းနိုင်မယ့် ကျမ်းစာတစ်စောင်ရဲ့ အစပိုင်းကို ငါ ကြည့်ချင်ပါသေးတယ်။"
ယောင်ချင်းဟွေက ပြုံးလိုက်သော်လည်း ထိုအပြုံးထဲတွင် လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသည်။ ကျမ်းစာများ ရေးသားခြင်း၊ လောကသို့ လက်ဆင့်ကမ်းခြင်းနှင့် အတွေးအခေါ် ကျောင်းတစ်ခု တည်ထောင်ခြင်းတို့သည် တာအိုပညာရပ်ကို အသုံးပြု၍ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ခြင်းထက် အဆပေါင်းများစွာ ပိုမိုခက်ခဲလှသည်။
ဟုန်ယွိကတော့ ဂရုမစိုက်ပေ။ သူသည် စုတ်တံကို ကောက်ကိုင်လိုက်ပြီး စက္ကူကို ဖြန့်လိုက်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် စက္ကူပေါ်တွင် "ယွိ" ဟူသော စကားလုံးကို ရေးသားလိုက်သည်။
"အပြောင်းအလဲကျမ်း၊ မင်းနာမည်က ဟုန်ယွိဆိုတော့ ဒီကျမ်းစာကို အပြောင်းအလဲကျမ်း လို့ ခေါ်တာလား။ လောကကြီးကို လှောင်ပြောင်မနေစမ်းပါနဲ့" ယောင်ယွဲ့ရူက ဟုန်ယွိ သည် သူ၏ လက်ရာကို အပြောင်းအလဲကျမ်းဟု အမည်ပေးသည်ကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
ဟုန်ယွိက ကြားသော်လည်း ဂရုမစိုက်ပေ။ သူသည် မကြာသေးခင်က အချို့သော နိယာမ တရားများကို နားလည်လာခဲ့ပြီး ဤကမ္ဘာလောကသို့ လက်ဆင့်ကမ်းနိုင်မည့် ကျမ်းစာ တစ်စောင်ကို ဖန်တီးချင်နေခဲ့သည်။ သူ၏ နာမည်မှာ ဟုန်ယွိ ဖြစ်သဖြင့် ဤကျမ်းစာကို အပြောင်းအလဲကျမ်းဟု သဘာဝအတိုင်း အမည်ပေးခဲ့သည်။
သို့သော် သူသည် ဤကျမ်းစာ၏ အစပိုင်းကိုသာ စဉ်းစားမိသေးသည်။ စကားလုံး အနည်း ငယ် ရေးပြီးနောက်တွင် သူ ဆက်မရေးနိုင်တော့ပေ။ သို့သော်လည်း သူသည် ရေးသားပြီး ကျမ်းစာအစပိုင်းကို ဤထူးချွန်သော ပါရမီရှင် အမျိုးသမီး ယောင်ချင်းဟွေကို အကဲဖြတ် ခိုင်းခြင်းကိုမူ မတားဆီးနိုင်ပေ။
သူသည် ယောင်ချင်းဟွေကို ဖတ်ခိုင်းရုံသာမက၊ သူမ ဖတ်ပြီးသွားသည့်အခါ ဟုန်ရွှန်ကျိကို ပြန်ပြောပြစေချင်သည့် ဆန္ဒလည်း ရှိနေသည်။
ဟုန်ယွိသည် သူ၏ စုတ်တံဖြင့် စက္ကူပေါ်တွင် စတင်ရေးသားလိုက်တော့သည်။
အခန်း (၃၇၀)။
“ဒါက ဘာကျမ်းစာလဲ။”
ယောင်ချင်းဟွေး၊ ယောင်ယွဲ့တင်းနှင့် ယောင်ယွဲ့ရူတို့သည် ကြယ်ကြည့် စင်မြင့်ပေါ်ရှိ စာကြည့်ခန်းထဲတွင် စုရုံးကာ ဟုန်ယွိ ကျမ်းစာရေးသားနေသည်ကို ကြည့်နေကြသည်။ သူတို့က ဟုန်ယွိအနေဖြင့် “သာမန်လူသားတစ်ဦးဟာ မျိုးဆက်တစ်ရာအတွက် ဆရာ တစ်ဆူ ဖြစ်နိုင်ပြီး၊ စကားတစ်လုံးဟာ လောကကြီး၏ နိယာမဖြစ်နိုင်သည်” ဆိုသည့် စကားမျိုးကို ရေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ဟုန်ယွိ ရေးသားလိုက်သည်မှာ ရိုးရှင်းသည့် ဂဏန်းအချို့သာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမတို့ အံ့သြသွားကြသည်။
ကိုး တစ်၊ ကိုး နှစ်၊ ကိုး သုံး၊ ကိုး လေး၊ ကိုး ငါး ... စသည်ဖြင့် ရိုးရှင်းသော အသုံးအနှုန်း ငါးစုံကိုသာ ရေးသားထားခြင်း ဖြစ်သည်။ ၎င်းမှာ ဘာအတွက်လဲဆိုသည်ကို သူမတို့ မသိကြပေ။
“ဒါကို ကျမ်းစာလို့ ခေါ်လို့ရလို့လား။” ယောင်ယွဲ့ရူက ခေါင်းခါယမ်းလိုက်ပြီး လှောင်ပြောင် ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် ဟုန်ယွိက သူ၏ စုတ်တံကို မြှောက်ကာ စိတ်ကို စုစည်းလိုက်သည် ကို သူမ တွေ့လိုက်ရသည်။ သူက သက်ပြင်းချကာ ပြောလိုက်သည်မှာ….၊
“ကိုးနှင့်ငါး အထွတ်အထိပ်...၊ ကိုးနှင့်ငါး အထွက်အထိပ်၊ ကောင်းကင်တာအိုရဲ့ ပြောင်းလဲ မူတွေဟာ ကိုးနှင့်ငါးအဆင့်မှာပဲ အမှန်တကယ် ထိပ်ဆုံးကို ရောက်ရှိသွားတယ်။ ရှေးခေတ် ကာလတုန်းက သူတော်စင် ဧကရာဇ်တွေဟာ ကိုးကိုးလုံး အထွတ်အထိပ်တွေ ဖြစ်ခဲ့ကြ တယ်။ ဒါပေမဲ့ အလယ်ပိုင်းခေတ်ရောက်တော့ သူတော်စင်တစ်ရာဟာ သူတော်စင် ဧကရာဇ်တွေရဲ့ ဘွဲ့အမည်လေးခုကို ပယ်ဖျက်ခဲ့ကြတယ်။ နဂါးတစ်ကောင်ဟာ အလွန်မင်း မြင့်မားစွာ ပျံသန်းသွားတဲ့အခါ သေချာပေါက် နောင်တရလိမ့်မယ်။ မာနကြီးတဲ့နဂါးဟာ နောင်တရလိမ့်မယ်။ ... မာနကြီးတဲ့နဂါးစာ နောင်တရလိမ့်မယ်...”
ထိုသို့ပြောပြီးနောက် ဟုန်ယွိသည် "ကိုး ခြောက်" ဟု မရေးဘဲ "ကိုး ကိုး...ဟု ရေးသား ကာ၊ မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်" ဟု ရေးသားလိုက်သည်။
"မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်" ဟူသော စကားလုံး လေးလုံးကို "ကိုးနှင့် ငါး" နောက်တွင် ရေးသားလိုက်သောအခါ အမျိုးသမီး သုံးဦးစလုံး ရုတ်တရက် တုန်လှုပ် သွားကြသည်။ ဟုန်ယွိ၏ စကားများနှင့် ပေါင်းစပ်လိုက်သောအခါ သူမတို့သည် တစ်စုံ တစ်ခုကို ခံစားလိုက်ရပုံရသည်။
နဝမ ငါး...
မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်...
ဤရိုးရှင်းသော စကားလုံးများသည် ဟုန်ယွိ၏ ပြောဆိုခဲ့သော "ကိုး-ငါး အထွတ်အထိပ်"၊ "ရှေးခေတ် သူတော်စင် ဧကရာဇ်"၊ "ကိုးကိုး ဂဏန်းအရေအတွက်" တို့နှင့် ပေါင်းစပ်လိုက် သောအခါ ရုတ်တရက် ဆန်းကြယ်သော အဓိပ္ပာယ်များဖြင့် တောက်ပလာတော့သည်။
ဤဆန်းကြယ်သော ကျမ်းစာသည် ရှေးခေတ် သူတော်စင် ဧကရာဇ်များ၏ လျှို့ဝှက်ချက် များ၊ ကိုး-ကိုးလုံး အထွတ်အထိပ်မှသည် ကိုး-ငါး အထွတ်အထိပ်သို့ ပြောင်းလဲသွားပုံများကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေပုံရသည်။
“ကိုး-ငါး အထွတ်အထိပ်... မာနကြီးသော နဂါးတစ်ကောင်သည် နောင်တရလိမ့်မည်၊ ၎င်းသည် နဂါတစ်ကောင် ကောင်းကင်အမြင့်သို့ ပျံသန်းသွားသောအခါ သေချာပေါက် နောင်တရလိမ့်မည်...” ယောင်ချင်းဟွေက တိုးတိုးလေး ရေရွတ်လိုက်သည်။ ရုတ်တရက် သူမ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး - “မင်းက ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ အလယ်ခေတ်က သူတော်စင်တရာရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းမြင်နေတာ လား...၀”
သို့သော် ဟုန်ယွိက ယောင်ချင်းဟွေကို ပြန်မဖြေပေ။ ထိုအစား "ကိုး... မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်" ၏ နောက်တွင် ဆက်လက်၍ "ကိုးဂဏန်းကို အသုံးပြု၍ ခေါင်းဆောင်မရှိသော နဂါးအုပ်စုကို မြင်ရခြင်းသည် မင်္ဂလာရှိပေသည်" ရေးသားလိုက် သည်။
“နဂါးတစ်ကောင် အလွန်မြင့်မြင့်ပျံသန်းရင် နောင်တရလိမ့်မယ်။ မာနကြီးတဲ့နဂါးမှာ နောင်တရှိတာဟာ ကောင်းတဲ့အရာ မဟုတ်ဘူး။ အဲဒီနောက်မှာ ဖြစ်ပေါ်လာမှာက ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်စုပဲ၊ လောကကြီးက ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။ မင်းက ဘာလို့ ဒါကို မင်္ဂလာရှိတယ်လို့ ဘာလို့ ပြောရတာလဲ။”
ခေါင်းဆောင်မရှိသော နဂါးအုပ်စု၊ အုပ်ချုပ်သူကင်းမဲ့သော လောက... ၎င်းသည် ပရမ်းပတာ ဖြစ်ခြင်း၏ လက္ခဏာဖြစ်သော်လည်း ဟုန်ယွိက မင်္ဂလာရှိသည်ဟု ရေးသားခဲ့ သည်။
လောကတွင် အုပ်ချုပ်သူ ခေါင်းဆောင် မရှိခြင်းက မင်္ဂလာရှိသည်တဲ့လား…။
ယောင်ချင်းဟွေသည်လည်း လက်ရှိခေတ်၏ ထူးချွန်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ မဟုတ်ပါက သူမကို ဟုန်ရွှန်ကျိက သဘောကျခဲ့မည် မဟုတ်ပေ။ သူမသည် ဟုန်ယွိ ရေးသားလိုက်သည့် ကျမ်းစာ၏ အဓိပ္ပာယ်ကို အနည်းငယ် နားလည်နိုင်ပုံရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် ရှေးဟောင်းကာလ၊ အလယ်ခေတ်၊ သူတော်စင် ဧကရာဇ်နှင့် အမျိုးမျိုးသော အတွေးအခေါ်ကျောင်းများ၏ နက်နဲမှုကို ခံစားမိလာသည်။
“ကိုးနှင့်ငါး၏ အထွတ်အထိပ်... အမြင့်ဆုံးအနေနဲ့ နဂါးတစ်ကောင်ဟာ ကောင်းကင်မှာ ပျံဝဲနေတယ်လို့ ဆိုနိုင်တယ်...”
ဟုန်ယွိသည် သူမ၏ မေးခွန်းကို အဖြေမပေးသေးဘဲ စုတ်တံကို မြှောက်ကာ ကိုးနှင့်ငါး၏ နောက်တွင် “နဂါးပျံ ကောင်းကင်ယံထက်ဝယ်” ဟူသော စကားလုံးလေးလုံးကို ထပ်ဖြည့်လိုက်သည်။
ဤစာလုံးလေးလုံးသည် ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး အမှန် တကယ်ပင် ကောင်းကင်သို့ ပျံတက်ကာ ပြီးပြည့်စုံမှုကို ရရှိသွားသော နဂါးတစ်ကောင် ကဲ့သို့ ဖြစ်နေသည်။ ၎င်းကို "မာနကြီးသောနဂါး နောင်တရလိမ့်မည်" နှင့် "ဦးဆောင်သူ မရှိသော နဂါးအုပ်စုသည် မင်္ဂလာရှိသည်" တို့နှင့်အတူ ယှဉ်တွဲကြည့်လိုက်သည့်အခါ...
ယောင်ချင်းဟွေသည် အစစ်မှန် နဂါးတစ်ကောင် ကောင်းကင်သို့ ပျံတက်သွားပြီး ပြီးပြည့်စုံ မှုကို ရရှိပြီးနောက်တွင်မှ ပို၍မြင့်အောင် ပျံသန်းလိုစိတ်ကြောင့် နောင်တရသွားပုံ၊ သို့သော် အချိန်နှောင်းသွားပုံနှင့် နောက်ဆုံးတွင် နဂါးအုပ်စုမှာ ခေါင်းဆောင်မရှိတော့ဘဲ ကမ္ဘာကြီး မှာ ကြီးမားသော မင်္ဂလာတရားနှင့် ပြည့်စုံသွားပုံတို့ကို မြင်ယောင်လာခဲ့သည်။
ဟုန်ယွိသည် ကိုးနှင့် ငါးအထိ ရေးပြီးနောက် ကိုးနှင့်တစ်မှ ကိုးနှင့်လေးအထိကို မဖြည့်သေးဘဲ ရှေ့ဆုံးတွင် “ချန်” "ကောင်းကင်"ဟူသော စကားလုံးကိုသာ ရေးသားလိုက် သည်။
ထို့နောက် အဆုံးသတ်တွင် ရေးသားလိုက်သည်မှာ “ကောင်းကင်တာအိုသည် တက်ကြွစွာ ရွေ့လျားနေ၏။ လူကြီးလူကောင်း တစ်ဦးသည် မိမိကိုယ်မိမိ တိုးတက်အောင် အမြဲမပြတ် ကြိုးစားအားထုတ်ရမည်။” ဟူ၍ ဖြစ်သည်။
ဤစကားလုံး ဆယ်လုံးကို ရေးသားပြီးသောအခါ ယောင်ချင်းဟွေသာမက ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့တင်းတို့ပါ "လူကြီးလူကောင်း"ဆိုသည်မှာ အဘယ်နည်းကို ခံစားမိသွားကြ သည်။ ဟုန်ယွိ ရေးသားသည့် ကျမ်းစာမှာ တကယ်ကို နက်နဲဆန်းကြယ်ပြီး ကျယ်ပြောလှ သည်ကို သူမတို့ နောက်ဆုံးတွင် သိမြင်သွားကြတော့သည်။
“နဂါးဆိုတာ လူကြီးလူကောင်းပဲ၊ လူကြီးလူကောင်းဆိုတာလည်း နဂါးပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေဟာ အုပ်ချုပ်ရေးအာဏာကို မိသားစုအတွင်း လက်ဆင့်ကမ်း မပေးဘဲ လူကြီးလူကောင်းတစ်ဉီးကနေ နောက်ထပ် လူကြီးလူကောင်းတစ်ဦးဆီကို လွှဲပြောင်းပေးခဲ့ကြတယ်။ ငါ့ရဲ့ ဒီကျမ်းစာထဲမှာ လူကြီးလူကောင်းတစ်ဦးရဲ့ တာအိုလမ်းစဉ် ကို ငါးမျိုး ခွဲခြားထားတယ်။ ငါးခုမြောက်တာအိုလမ်းစဉ်ကတော့ ကိုး-ငါး အထွတ်အထိပ် ပဲ။ ကောင်းကင်ယံမှာ ပျံသန်းနေသော နဂါးပဲ။ လူကြီးလူကောင်းက ဒီလောကကြီးကို ဆုံးမ သွန်သင်ပေးရတယ်။ ပထမလေးခုကတော့ ကောင်းကင်ယံကို ပျံတက်ဖို့ တစ်ဆင့်ချင်း တက်လှမ်းရမယ့် လူကြီးလူကောင်းတစ်ဦးရဲ့ ဂုဏ်အင်္ဂါရပ်တွေ ဖြစ်တဲ့ ဖြောင့်မတ်ခြင်း၊ ကရုဏာတရား၊ သတ္တိနဲ့ ပညာတို့ပဲ။ မင်းတို့က ဟုန်ရွှန်ကျိကို လူကြီးလူကောင်း တစ်ယောက်လို့ ပြောကြတယ် မဟုတ်လား၊ ဒါဆိုရင် သူ့ကို ငါ့ရဲ့ ဒီကျမ်းစာကို ပြသလိုက် စမ်းပါ။ သူ့ရဲ့ကျမ်းစာက ငါ့ထက် ပိုကောင်းမလား ကြည့်ရအောင်။”
“ဒီကျမ်းစာက အစပဲ ရှိပါသေးတယ်။ ဒါဟာ ငါ နားလည်ထားတဲ့ ရှေးဟောင်း တာအို တရားပဲ၊ နဂါးတစ်ကောင်တူတဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ ရှေးခေတ် သူတော်စင် ဧကရာဇ်နဲ့ အလယ်ခေတ် စာပေသူတော်စင်တွေကြားက လျှို့ဝှက် ချက်တွေပဲ။ အနာဂတ်မှာ ငါ ဒီကျမ်းစာကို ပြည့်စုံအောင် ရေးပြီးတဲ့အခါ ဟုန်ရွှန်ကျိက ငါ့ကို နှိပ်ကွပ်နိုင်ဦးမလား ကြည့်ကြတာပေါ့။”
ဟုန်ယွိက ရေးသားပြီးနောက် ထိုစက္ကူချပ်ကို ယောင်ချင်းဟွေထံ ပေးလိုက်သည်။
ဤသည်မှာ ကျမ်းစာတစ်စောင်၏ အစပိုင်းသာ ဖြစ်သည်။ ၎င်းသည် ကိန်းဂဏန်းများ အကြောင်း ပြောထားသော်လည်း ဆန်းကြယ်ပြီး ကျယ်ပြောလှသည်။ ၎င်းတွင် ကဗျာများ ကဲ့သို့ ခမ်းနားမှုမျိုး မရှိသော်လည်း စစ်မှန်သော "ကျမ်းစာ" တစ်စောင်၏ တရားဝင် အငွေ့အသက်များ ရှိနေသည်။ ၎င်းသည် နာမည်နှင့် လိုက်ဖက်သော ကျမ်းစာတစ်စောင် ပင် ဖြစ်သည်။
'ချန်' ဆိုသည်မှာ ကောင်းကင်ပင် ဖြစ်သည်။
ဤကျမ်းစာ၏ အစပိုင်းမှာ ဟုန်ယွိ နားလည်ထားသည့် 'ကောင်းကင်တာအို' ၏ အပြောင်း အလဲများ ဖြစ်သည်။ ယခုအခါ ဟုန်ယွိသည် သူ၏ ကျမ်းစာကို ဟုန်ရွှန်ကျိအား ပြသချင် နေပြီး ယောင်ချင်းဟွေကို သတင်းပို့သူအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဟုန်ရွှန်ကျိ၏ ကျမ်းစာက သူ့ထက် ပိုကောင်းနိုင်မလားဆိုသည်ကို သူ မြင်ချင်နေသည်။
ဤသည်မှာ ရည်ရွယ်ချက် နှစ်ခုပါရှိသော အကွက်တစ်ခု ဖြစ်သည်။ ဟုန်ယွိသည် ဆန်းကြယ်သော "ကောင်းကင်ရနံ့ အမျိုးသမီး" ထံမှ တစ်စုံတစ်ယောက်က ပိုင်ဇိယွဲ့ကို ဒုက္ခပေးချင်နေကြောင်း သိခဲ့ရပြီး၊ ထိုသူမှာ ဟုန်ရွှန်ကျိ ဖြစ်နိုင်ခြေ အလွန်များနေသည်။ ဟုန်ယွိတွင် ယခုအချိန်၌ ၎င်းကို တားဆီးရန် နည်းလမ်းမရှိသဖြင့်၊ ကျမ်းစာဖြင့် တိုက်ခိုက် ကာ ဟုန်ရွှန်ကျိ၏ အာရုံကို လွှဲပြောင်းရန် သွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုလိုက် ခြင်း ဖြစ်သည်။
“ကောင်းပြီ၊ မင်းရေးတဲ့ ဒီကျမ်းစာအဖွင့်ကို ရွှန်ကျိဆီ ငါ ယူသွားပေးမယ်” ယောင်ချင်းဟွေ သည် အလွန်တန်ဖိုးကြီးလှသော ရတနာတစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ တည်ငြိမ် လေးနက်သော အမူအရာဖြင့် ထိုစက္ကူချပ်ကို လက်ခံလိုက်သည်။
ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် သူမသည် တစ္ဆေအင်မော်တယ် အဆင့်တွင် ရှိနေပြီး လောကီကိစ္စများကို ကျော်လွန်နေသူ ဖြစ်သည်။ ဟုန်ယွိ ရေးသားထားသည့် ကောင်းကင် တာအိုနှင့် ရှေးခေတ် သူတော်စင် ဧကရာဇ်တို့အပေါ် နားလည်မှုများမှာ အလွန်နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို သူမ ခံစားသိရှိပုံရသည်။
ကိုး-တစ် ကိုး-နှစ် ကိုး-သုံး၊ ကိုး-လေး၊ ကိုး-ငါး... ကိုး-ကိုး ဂဏန်းတို့ကို အသုံးပြုခြင်း... ဤစကားလုံးများသည် သူမကျင့်ကြံနေသည့် 'ထိုက်ယင်ကောင်းကင်ကျမ်းစာ' ထက်ပင် ပိုမို နက်နဲဆန်းကြယ်နေသည်။
“ဟူး!... ရှေးခေတ် သူတော်စင် ဧကရာဇ်၊ အလယ်ခေတ်ရဲ့ တာအိုတရားတွေ အားလုံးက ဒီကျမ်းစာထဲမှာ ရှိနေတာပဲ။ လူကြီးလူကောင်းဆိုတာ နဂါးလိုပဲ၊ လူကြီးလူကောင်းဆိုတာ နဂါးလိုပဲ...”
ဟုန်ယွိသည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူ၏ ငွေရောင်သရဖူကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလိုက်သည် “နဂါးရဲ့ အကျင့်တရားဟာ ဖုံးကွယ်နေတယ်၊ လောကီကိစ္စနဲ့ မပတ်သတ်ဘူး၊ ကျော်ကြားမှုကိုလည်း မမက်မောဘူး၊ တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ နေရတာကိုလည်း ငြီးငွေ့ခြင်း မရှိဘူး...”
သူ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေစဉ်မှာပင် အလင်းကွင်း ကိုးခုမှာ ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယောင်ချင်းဟွေ၊ ယောင်ယွဲ့တင်းနှင့် ယောင်ယွဲ့ရူတို့ သားအမိသုံးယောက်ကို အဝေးသို့ တွန်းထုတ်လိုက် သည်။ သူမတို့သည် မိုင်ပေါင်း ထောင်ချီဝေးသော နေရာသို့ ရောက်သွားပြီးမှ မြေပြင် ပေါ်သို့ ဆင်းသက်နိုင်ခဲ့ကြသည်။ မဟာလေဟာနယ်လက်ဝါးကြီးမှာမူ နောက်သို့ ပြန်လည် ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် မဟာလေဟာနယ်လက်ဝါးကြီး နောက်သို့ ပြန်လည်ပျံသန်းသွားစဉ် လက်ချောင်းတစ်ချောင်းက တလက်လက် တောက်ပနေသော စိတ်ဝိညာဉ် အတွေး အပိုင်းစတစ်ခုကို ပစ်လွှတ်လိုက်ရာ ယောင်ချီဂိုဏ်းချုပ် ယောင်ချင်းဟွေ၏ မျက်ခုံးနှစ်ခု ကြားသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
“အမေ။”
ယောင်ယွဲ့တင်း၏ မျက်နှာ ပျက်သွားသည်။
“ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ သူက ငါ့ကို ဒုတိယအဆင့် မိုးကြိုးကပ်ဘေး ကျော်ဖြတ် ထားတဲ့ ပညာရှင်တစ်ယောက်ရဲ့ စင်ကြယ်တဲ့ စိတ်ဝိညာဉ် အတွေးအပိုင်းစတစ်ခု ပေးလိုက်တာပါ။ ဒါက သာမန်အရာ မဟုတ်ဘူး။ ဒီကျမ်းစာကို ဟုန်ရွှန်ကျိဆီ ပို့ခိုင်းတဲ့ အတွက် ငါ့ကိုပေးတဲ့ ဆုလာဘ်ပဲ။ ဒီလူရဲ့ မှော်စွမ်းအားက တကယ်ကို ကြီးမားတာပဲ၊ သူက အတိတ်နဲ့ ပစ္စုပ္ပန်ကို ဖောက်ထွင်းမြင်နေတာပဲ... တာအိုပညာရပ်တွေအပေါ် သူ့ရဲ့ နားလည်မှုက ပိုပြီးတော့တောင် နက်နဲနေသေးတယ်။ သူက ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ အလယ်ခေတ်ရဲ့ လျှို့ဝှက်ချက်အချို့ကိုတောင် ဝေဝေဝါးဝါး နားလည်နေ ပြီ။ တကယ်လို့ သူသာ ဒါတွေအားလုံးကို ဖောက်ထွင်းမြင်သွားရင် ယန်နတ်ဘုရား ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။”
ယောင်ချင်းဟွေက ပြောလိုက်သည် - “သွားကြစို့၊ ကျောက်စိမ်းမြို့တော်ကို ပြန်ကြမယ်။”
သူမတို့ သုံးဦးစလုံးသည် တာအိုပညာရပ်များကို အသုံးပြု၍ ကောင်းကင်သို့ ပျံတက်သွား ကြသည်။ ခေတ္တမျှအကြာတွင် သူတို့သည် ကျောက်စိမ်းမြို့တော်အပြင်ဘက်သို့ ရောက်ရှိ လာပြီး အတွင်းသို့ ဝင်ရောက်ကာ ဝူဝမ်မြို့စားစံအိမ်၏ အိမ်တော်သို့ ရောက်ရှိသွားကြ တော့သည်။
...
ဝူဝမ်မြို့စား အိမ်တော် လန်ဟွမ် စာကြည့်ဆောင်….။
ဟုန်ရွှန်ကျိသည် စားပွဲရှေ့တွင် ထိုင်နေသည်။ ကောင်းကင်မှ ကြယ်တာရာများ၏ အလင်းတန်းများမှာ ပြတင်းပေါက်မှတစ်ဆင့် သူ့အပေါ်သို့ ကျရောက်နေသည်။ ထိုအလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်သို့ ရောက်သောအခါ ရပ်တန့်သွားပုံရပြီး သူ၏ အသက်ရှူသံနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်ပေါင်း အားလုံးသည် ကုဋေကုဋာမကသော ကြယ်များ နှင့် ဟန်ချက်ညီနေကြသည်။
ကြယ်အလင်းတန်းများသည် ရေကဲ့သို့ ဖြစ်နေပြီး ၎င်းတို့၏ တောက်ပမှုမှာ သူ၏ အပ်စိုက်မှတ်များထဲသို့ စိမ့်ဝင်နေသည်။ လူသားနှင့် ကောင်းကင်၊ မြေကြီးတို့ကြားတွင် မလွှဲမသွေ ဆက်နွယ်မှုတစ်ခု ရှိနေပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ယခုအချိန်တွင် ဟုန်ရွှန်ကျိကို မြင်လိုက်ပါက ထိတ်လန့် သွားပေလိမ့်မည်။ ဟုန်ရွှန်ကျိသာ ထရပ်လိုက်မည်၊ လက်ကို မြှောက်လိုက်မည် သို့မဟုတ် ခြေလှမ်းလိုက်မည်ဆိုပါက သူသည် ဤကမ္ဘာလောကမှ ထွက်ခွာပြီး အခြားကမ္ဘာတစ်ခုသို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည့် အရှိန်ဝါမျိုး ဖြစ်နေသည်။
သူ၏ ခန္ဓာကိုယ်သည် ကြယ်အလင်းတန်းများနှင့် တစ်သားတည်း ဖြစ်နေသည်။ ရုတ်တရက် ဟုန်ရွှန်ကျိသည် ထရပ်လိုက်ပြီး မျက်လုံးများကို ဖွင့်ကာ ပြောလိုက်သည် “ချင်းဟွေ... မင်း အပြင်မှာ ရောက်နေမှတော့ ဘာလို့ အတွင်းကို ဝင်မလာတာလဲ။”
ကျွိ!...
လန်ဟွမ် စာကြည့်ဆောင်၏ တံခါးမှာ ပွင့်သွားပြီး ယောင်ချင်းဟွေ ဝင်လာသည်။
“ယွဲ့ရူနဲ့ ယွဲ့တင်းကော ဘယ်မှာလဲ။” ဟုန်ရွှန်ကျိက မေးလိုက်သည်။ “သူတို့ တစ်ခုခုဖြစ်လို့ မင်း သွားရှာတာ မဟုတ်လား။”
“သူတို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းအတွက် ကျမ်းစာတစ်စောင် ငါ ယူလာပေးတယ်။ ကြည့်ကြည့်လိုက်ပါဦး” ထိုသို့ပြောရင်း ယောင်ချင်းဟွေသည် သူမ၏ လက်ထဲမှ ကျမ်းစာ ကို ဟုန်ရွှန်ကျိထံ ကမ်းပေးလိုက်သည်။
“ကျမ်းစာ ဟုတ်လား။’
ဟုန်ရွှန်ကျိ ထရပ်ပြီး ၎င်းကို လက်ခံလိုက်သောအခါ သူ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွား သည်။ သူသည် ၎င်းကို စားပွဲပေါ်တွင် ဖြန့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ "အပြောင်းအလဲကျမ်း"ဟူသော စာလုံးကြီး နှစ်လုံး ဖြစ်သည်။ သူ၏ မျက်ခုံးတန်းများမှာ ရုတ်တရက် ပြင်းထန်စွာ နှစ်ကြိမ်မျှ တွန့်ချိုးသွားတော့သည်။
ထို့နောက် သူသည် ကဏ္ဍခုနစ်ခုဖြစ်သော - ကိုး-တစ်၊ ကိုး-နှစ်၊ ကိုး-သုံး၊ ကိုး-လေး၊ ကိုး-ငါး၊ အထက်ကိုးနှင့် အောက်ကိုးတို့ကို မြင်လိုက်ရသည်။ ထိုကဏ္ဍ ခုနစ်ခု၏ အောက်ခြေတွင် "ကောင်းကင်ယံ ပျံသန်းနေသောနဂါး"၊ "မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်"၊ "ကောင်းကင်သည် တက်ကြွစွာ ရွေ့လျားနေ၏"၊ "လူကြီးလူကောင်း တစ်ဦးသည် မိမိကိုယ်မိမိ တိုးတက်အောင် အမြဲမပြတ် ကြိုးစားအားထုတ်ရမည်" ဟူသော စာသားများ ကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
ဖြောက်!...
တန်ဖိုးကြီးလှသော စိမ်းရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စာရေးကိရိယာသုံး ပစ္စည်းတစ်ခုသည် သူ၏ လက်ထဲတွင် အမှုန့်ဖြစ်သွားတော့သည်။
“ကောင်းကင်တာအိုရဲ့ အပြောင်းအလဲတွေ... ကောင်းကင်တာအိုရဲ့ အပြောင်းအလဲတွေ... ဒါတွေအားလုံးက 'ကိုး-ငါး' ကြားထဲမှာ ရှိနေတာပဲ၊ သူက ဒါတွေကို စာကြောင်း အနည်းငယ်နဲ့ အကုန်ရေးထားခဲ့တာပဲ... ငါ ဘာများ ထပ်ရေးနိုင်ဦးမှာလဲ။ ဒီကောင်စုတ် လေး။”
ဟုန်ရွှန်ကျိ၏ မျက်နှာမှာ ဝိုင်အလွန်ကျွံ သောက်ထားသကဲ့သို့ နီမြန်းလာသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်လာပြီး ကြမ်းပြင်မှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားတော့သည်။
“ရွှန်ကျိ... ဒီကျမ်းစာကို မင်းရဲ့သား ဟုန်ယွိ ရေးခဲ့တာဆိုတာ မင်း သိတယ် မဟုတ်လား။” ယောင်ချင်းဟွေသည် ဟုန်ရွှန်ကျိ၏ အမူအရာကို မြင်သောအခါ ဤကျမ်းစာမှာ ဟုန်ယွိ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဟုန်ရွှန်ကျိ ရိပ်မိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
ဟုန်ရွှန်ကျိက ပြန်မဖြေပေ။ ထိုအစား သူသည် ထိုင်ချလိုက်ပြီး စားပွဲပေါ်မှ ကျမ်းစာကို စိုက်ကြည့်နေသည်။ ထို့နောက် ၎င်းကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ မီးအိမ်ရှိရာသို့ ရုတ်တရက် ဝေ့ယမ်းလိုက်ရာ ၎င်းမှာ လုံးဝ လောင်ကျွမ်းသွားတော့သည်။
“ဟူး။” ယောင်ချင်းဟွေက နှမြောတသစွာဖြင့် သက်ပြင်းချလိုက်မိသည်။
“ချင်းဟွေ... မင်း ထွက်သွားလို့ ရပြီ” ဟုန်ရွှန်ကျိက ထိုင်နေရာမှ အေးစက်စွာ ပြောလိုက်သည်။
ယောင်ချင်းဟွေ ထိုစကားကို ကြားသောအခါ မှင်တက်သွားမိသည်။ သူမသည် ဟုန်ရွှန်ကျိ ကို အနည်းငယ် အံ့သြသလို ကြည့်လိုက်သော်လည်း၊ နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့ သည်။
...
“ဖူး!”
ယောင်ချင်းဟွေ ထွက်သွားပြီးနောက် ဟုန်ရွှန်ကျိ၏ မျက်နှာမှာ ပို၍ နီမြန်းလာသည်။ ရုတ်တရက် သူသည် သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ ထိုသွေးမှာ အလွန်မွှေးကြိုင် လှသည်။ မီးအိမ်အလင်းအောက်တွင် ထိုသွေးမှာ ခရမ်းရွှေရောင်ဖြင့် တောက်ပနေသည်။
“ရွှန်ကျိ... ဘာဖြစ်တာလဲ။ မင်းက လူသားအင်မော်တယ် တစ်ယောက်ပဲ။ ဘာလို့ သွေးအန် ရတာလဲ။” ထိုအချိန်တွင် ယောင်ချင်းဟွေသည် တံခါးဝမှ ရုတ်တရက် ပြန်ဝင်လာသည်။
“ထွက်သွားစမ်း။” ဟုန်ရွှန်ကျိ၏ မျက်ဆန်များမှာ ကျုံ့သွားသည်။ သူ၏ တစ်ကိုယ်လုံးမှာ အတော်လေး ပြေလျော့သွားပုံရသည်။ သူ၏ မျက်လုံးများမှာ ကောင်းကင်မှ ကြယ်များ ထက်ပင် ပိုမိုတောက်ပနေသည်။ စောစောက သွေးတစ်လုတ် အန်ထုတ်လိုက်ခြင်းမှာ သူ၏ နှလုံးသားထဲတွင် စုပုံနေသည့် အရာအချို့ကို ထွေးထုတ်လိုက်သကဲ့သို့ပင်။
“ငါသာ မင်းကို ငါ့ရှေ့မှာ ဒူးထောက် အရှုံးပေးအောင် မလုပ်နိုင်တော့ဘူးဆိုရင်၊ မင်းရဲ့ ရုပ်ခန္ဓာကိုပဲ သတ်ပစ်ဖို့ပဲ ရှိတော့တယ်။ ဒါက ရှေးခေတ် သူတော်စင်တွေရဲ့ နည်းလမ်းပဲ...” ဟုန်ရွှန်ကျိက ယောင်ချင်းဟွေကို ဂရုမစိုက်ဘဲ တိုးတိုးလေး ရေရွတ်ကာ သက်ပြင်းချလိုက် သည်။
“ရွှန်ကျိ... မင်း ဒီလိုဖြစ်နေတာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အရင်တုန်းကတော့ မင်းဟာ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့တယ်။ အခုတော့ မင်းရဲ့ သားက မင်းရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်မြောက်သွားပြီ။”
ယောင်ချင်းဟွေက ခေါင်းကို ထပ်မံခါယမ်းလိုက်ပြီး ထွက်ခွာသွားတော့သည်။
“အစောင့်တွေ။”
ယောင်ချင်းဟွေ ထွက်သွားပြီးနောက် ဟုန်ရွှန်ကျိက အော်ခေါ်လိုက်သည်။ ထိုအခါ အစောင့် တစ်ဦး အမြန်ဝင်လာပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ “အခုအချိန် မှာ နန်းတွင်းက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ဟာ အိမ်တော်နဲ့ လေးလီအကွာကို ရောက်နေပြီ။ တံခါးဝကို သွားပြီး စောင့်နေပါ။ ဒီနေ့ ငါ့ရဲ့ကျင့်ကြံမှုမှာ တစ်ခုခု မှားယွင်း သွားလို့ ဧကရာဇ်မင်းမြတ်ကို သွားရောက်တွေ့ဆုံဖို့ နန်းတွင်းကို မလာနိုင်တော့ဘူးလို့ ပြောလိုက်ပါ။ မိန်းမစိုးကို ငါ့ကိုယ်စား ပြန်လည်တောင်းပန်ခိုင်းလိုက်ပါ။”
ဟုန်ရွှန်ကျိ စကားပြောနေစဉ် သူ၏ မျက်ခွံများမှာ မှေးစင်းနေသည်။ ၎င်းမှာ ကျောက်စိမ်း မြို့တော်တစ်ခုလုံး၏ လှုပ်ရှားမှုများမှာ သူ၏ နားနှင့် မျက်စိထဲတွင် ရှိနေသကဲ့သို့ပင်။
တစ်နည်းအားဖြင့် ဆိုရသော် သူ၏ နားနှင့် စိတ်အာရုံများသည် ကျောက်စိမ်း မြို့တော် တစ်ခုလုံးရှိ မည်သည့်အခြေအနေကိုမဆို အချိန်မရွေး၊ နေရာမရွေး ခံစားသိရှိနိုင်စွမ်း ရှိနေသည်။
“ဟုတ်ကဲ့ပါ။” ထိုအစောင့်သည်လည်း ဟုန်ရွှန်ကျိကို အံ့သြစွာ ကြည့်လိုက်မိသည်။ ကြမ်းပြင်ပေါ်ရှိ သွေးများကို မြင်သော်လည်း ဘာမှမပြောဘဲ လျင်မြန်စွာ ထွက်သွားခဲ့ သည်။
“ဒီကျမ်းစာက တကယ်ပဲ အဲဒီကောင်စုတ်လေးရဲ့ ထိုးထွင်းသိမြင်မှုလား။ ငါ မယုံဘူး။ ကောင်းကင်တာအို အပြောင်းအလဲတွေ... ကိုး-ငါး၊ ကောင်းကင်ယံမှာ ပျံသန်းနေသော နဂါး၊ မာနကြီးသော နဂါးသည် နောင်တရလိမ့်မည်... တကယ်လို့, ဒီကျမ်းစာကို သူ တကယ် ရေးခဲ့တာဆိုရင် ဒါဟာ လောကကြီးကို တုန်လှုပ်စေလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီကောင်စုတ်လေးရဲ့ ကျင့်ကြံမှုနဲ့ဆိုရင်, သူ ဒီအစပိုင်းကိုပဲ စဉ်းစားနိုင်ဦးမှာလို့ ငါ သေချာပေါက် ပြောရဲတယ်။ ဒါပေမဲ့ ဒီအစပိုင်းလေးကတောင်မှ... တကယ်ပဲ ဒီလောက် အထိ ထိုးထွင်းမြင်နိုင်တာလား။ မန်ပိုင်ယွန်... မင်း တစ်ခုခု လုပ်ခဲ့တာလား! ဒါမှမဟုတ် တခြားအရာ တစ်ခုခုများ ရှိနေတာလား...။”
ဟုန်ရွှန်ကျိ၏ မျက်လုံးများ ပြောင်းလဲသွားစဉ်၊ ထက်မြက်လှသော သတ်ဖြတ်လိုစိတ်များ နောက်ဆုံးတွင် ထွက်ပေါ်လာတော့သည်။ ၎င်းသည် သတ်ဖြတ်ရန် ဆုံးဖြတ်ချက် တစ်ခုပင်။
ယခုအချိန်တွင် ဟုန်ရွှန်ကျိသည် ဟုန်ယွိကို သတ်ပစ်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။
...
“ကြည့်ရသလောက်ဆို ဒီကျမ်းစာရဲ့ အစပိုင်းက တကယ်ပဲ ရှေးခေတ် သူတော်စင် ဧကရာဇ်၊ အလယ်ခေတ်နဲ့ ကိုး-ငါးရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြထားတာပဲ။ လူကြီး လူကောင်းဆိုတာ နဂါးလိုပဲ။ ဟုန်ယွိရဲ့ ပါရမီက ခန့်မှန်းရခက်လှတယ်။”
ယောင်ချင်းဟွေသည် ဝူဝမ်မြို့စား အိမ်တော်နှင့် ကျောက်စိမ်းမြို့တော်မှ ထွက်ခွာလာခဲ့ သည်။
ယောင်ယွဲ့ရူနှင့် ယောင်ယွဲ့တင်းတို့သည် ကြယ်အလင်းအောက်တွင် သူမတို့မိခင် ကျောက်စိမ်း မြို့တော်မှ ထွက်လာသည်ကို မြင်သောအခါ အပြေးအလွှား သွားရောက် ကြိုဆိုကြသည်။
“ယောင်ချင်းဟွေ... ဟုန်ယွိရဲ့ ပါရမီက ခန့်မှန်းလို့ မရနိုင်ဘူး။ မင်း သူ့ရဲ့ အစေခံ လုပ်ကြည့် ရင် ဘယ်လိုလဲ။ ငါ့အထင်တော့ တစ်နေ့မှာ ဟုန်ရွှန်ကျိက သူ့ရဲ့ ချစ်သူဟာ သူ့သားရဲ့ အစေခံဖြစ်နေတာ၊ သူ့သားဆီမှာ စာပေလေ့လာ သင်ကြားနေတာကို တွေ့သွားရင် သူ့ရဲ့ အတွေးတွေဟာ အတော်လေးကို ရှုပ်ထွေးသွားမှာ ဖြစ်သလို၊ သူ့ရဲ့ ကျင့်ကြံမှုတွေ တိုးတက်ဖို့လည်း ခက်ခဲသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ ပုံရိပ်မှာ တံတိုင်းထောင့်မှ ရုတ်တရက် ထွက်ပေါ်လာ သည်။
“ဘယ်သူလဲ။”
ယောင်ချင်းဟွေ လှည့်ကြည့်လိုက်သောအခါ ချန်ယင်းရှာ ဖြစ်နေသည်ကို တွေ့လိုက်ရလေ သည်။
စာစဉ် (၃၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။