အခန်း (၃၆၃-၃၆၄)
Vol. 34 Ch. 363-364
အခန်း (၃၆၃)။
“မင်းရဲ့ကောင်းကင်နတ်ဆိုး ဖုံးကွယ်ခြင်းပညာရပ်က သူ့ရဲ့ ထက်မြက်တဲ့ အာရုံခံစားကို မဖုံးကွယ်နိုင်ပါဘူး။ သူက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာသုံးစောင်ထဲက အဆန်းကြယ် ဆုံးဖြစ်တဲ့ အမိတ္တဘကျမ်းကို ကျင့်ကြံထားတာ။ သူ့ရဲ့ စိတ်ဝိညာဉ် မပျက်စီးနိုင်သရွေ့ သူ့ရဲ့ စိတ်ဝိညာဉ်က မသေမျိုးပဲ။ သူက ပထမအကြိမ် မိုးကြိုးကပ်ဘေးကိုပဲ ကျော်ဖြတ် ထားရသေးတယ် ဆိုပေမဲ့ တကယ့်တိုက်ပွဲမှာ ဝိုင်းရံတိုက်ခိုက်ခံရရင်တောင် သူက မကြောက် ဘူး။ သူ့ရဲ့ စွမ်းအားက ဘယ်လို ပညာရှင်မျိုးကိုမဆို အမောဆို့ပြီး သေသွားစေ ဖို့ လုံလောက်တယ်။ မုန့်ရှန်းကျီကိုယ်တိုင် ရောက်လာရင်တောင် သူ့ကို နှိမ်နင်းဖို့အတွက် စွမ်းအင်တွေ အများကြီး သုံးရမှာဖြစ်သလို၊ သူ့ကိုသန့်စင်ဖို့ သူ့မူလဝိညာဉ်ကိုတောင် လောင်ကျွမ်းပစ်ရလိမ့်မယ်။ အခုလို ဟုန်ယွိလို ထိပ်တန်းပညာရှင် တစ်ယောက် ပေါ်လာတာဟာ အခြေအနေတွေကို ခန့်မှန်းရ ပိုခက်ခဲလာစေတာပေါ့...”
ကောင်းကင်နဂါးဂိုဏ်းချုပ် အောင်းလွမ်က သက်ပြင်းခပ်ဖွဖွချကာ အောက်ဘက်က လှပပြီး ကျယ်ပြောလှသော မြက်ခင်းလွင်ပြင်ကြီးကို ငေးကြည့်နေမိသည်။
မြက်ခင်းပြင်လွင်ပေါ်က တောပန်းရနံ့များနှင့် မြက်ခင်းစိမ်းရနံ့များကို လေပြေအေးလေး က ကောင်းကင်ယံဆီ သယ်ဆောင်လာရာ သူမက ထိုရနံ့ကို အားပါးတရ ရှူရှိုက်လိုက်ပါ သည်။ သူမသည် ကျေနပ်နေပုံရသော်လည်း တစ်ဖက်တွင် စိုးရိမ်ပူပန်မှုများလည်း ရှိနေပါ သည်။ “မြက်ခင်းပြင်လွင်ရဲ့ ငြိမ်းချမ်းမူက မကြာခင် ပျက်စီးတော့မယ်။ အေးချမ်းတဲ့ နေ့ရက်တွေလည်း ကုန်ဆုံးတော့မယ် ထင်ပါရဲ့။”
“ဆရာ... အဲဒီဟုန်ယွိရဲ့ စိတ်ဝိညာဉ်အတွေးတွေက ကြည်လင်နေပြီး၊ သူက ဒုတိယအကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသား မဟုတ်လား။ ဆရာက ဘာလို့ သူက မိုးကြိုးကပ်ဘေးကို ပထမအကြိမ်ပဲ ဖြတ်ကျော်ရသေးတယ်လို့ ပြောတာလဲ။” ရှန်းယုဆန် က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူ့ရဲ့ စိတ်ဝိညာဉ်အတွေးတွေက ကြည်လင်နေတာ မှန်ပေမဲ့ အဲဒါက ‘သူတော်စင်’ တစ်ရာရဲ့ ကောင်းချီးပေးမှုကို ခံထားရလို့ပဲ။ တကယ်ဆို ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးသား လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အတွေး အလင်းတန်းတွေက သူနဲ့ အနည်းငယ် ကွဲပြားတယ်။ သာမန်လူတွေကတော့ ဒါကို သတိမထားမိပေမဲ့ ငါက သတိထားမိတယ်။ ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး။ မကြာခင်မှာပဲ သူဟာ ဒုတိယ၊ တတိယ၊ ဒါမှမဟုတ် စတုတ္ထအကြိမ် မိုးကြိုးကပ်ဘေးကိုတောင် ကျော်ဖြတ်နိုင်တော့မှာပါ။” ကောင်းကင်နဂါးဂိုဏ်းချုပ်က ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။
“ချန်ပီယံမြို့စားကို အနှိုင်းမဲ့ ပါရမီရှင်လို့ အစက ငါ ထင်ထားခဲ့တာ။ သူက သိုင်းသူတော်စင် အထွတ်အထိပ်မှာ ရှိနေသလို၊ အခုဆိုရင် သူ့ရဲ့ သိုင်းပညာက ဆေဘာသူတော်စင် ဂွန်ယန်ယုနဲ့တောင် ရင်ဘောင်တန်းနိုင်နေပြီ။ သူက အသက် ၂၀ ပဲ ရှိသေးပေမဲ့ အဆင့်မြင့် သိုင်းပညာတွေ အများကြီး တတ်မြောက်ထားတယ်။ သူဟာ 'လူသားအင်မော်တယ်' ဖြစ်လာဖို့ အခွင့်အလမ်း ရှိနေတယ်။ တကယ်လို့, သူသာ လူသားအင်မော်တယ် ဖြစ်သွား ခဲ့ရင် လနတ်ဘုရားမနဲ့ ဖန်ဆင်းရှင်ဗူးသီးရဲ့ အကူအညီနဲ့ ဟုန်ရွှန်ကျိ၊ ယန်ဖန်တို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာပဲ။ ဒါပေမဲ့ အခုတော့ ဟုန်ယွိ လက်ထဲမှာ ရှုံးနိမ့်သွားပြီဆိုတော့ သူ့ရဲ့အရှိန်အဝါတွေ ကျဆင်းပြီး သူ့ရဲ့တာအိုနှလုံးသား ပျက်စီးသွား မှာကို ငါ စိုးရိမ်မိတယ်။ အဲဒီလိုဆိုရင်တော့ သူ လူသားအင်မော်တယ် ဖြစ်ဖို့ ခက်ခဲသွားပြီ။” တိမ်တိုက်များပေါ်တွင် ရပ်နေသော မဟာနတ်ဆိုးအင်မော်တယ် ဥဒေါင်းဘုရင် ရှင်းရွှမ်က သုံးသပ် ပြောကြားလိုက် သည်။
“ဟုန်ရွှန်ကျိနဲ့ ယန်ဖန်က အဲဒီလောက် ခြိမ်းခြောက်ဖို့ မလွယ်ပါဘူး။” အောင်းလွမ်က ပြောသည်။ “ငါ မန်ပိုင်ယွန်နဲ့ အတူရှိနေတုန်းက ဟုန်ရွှန်ကျိနဲ့ ဆုံဖူးတယ်။ သူက တကယ်ကို နက်နဲပြီး ခန့်မှန်းရခက်တဲ့သူပဲ။ ဟုန်ယွိကလည်း နက်နဲပေမဲ့ သူက ရိုးသားမှု ရှိသေးတယ်။ ဟုန်ရွှန်ကျိရဲ့ ကောက်ကျစ်မူ ယှဉ်ရင်တော့ သူက အများကြီး လိုပါသေး တယ်။ တကယ်လို့ ဟုန်ရွှန်ကျိသာ မန်ပိုင်ယွန်ကြောင့် အနှစ် ၂၀ လောက် အချိန်မဆွဲခဲ့ရ ဘူးဆိုရင် သူဟာ လူသားအင်မော်တယ်အဆင့်ကို ကျော်ဖြတ်ပြီး 'လေဟာနယ် ဖျက်ဆီး ခြင်းအဆင့်' အထိတောင် ရောက်နေလောက်ပြီ။ အခု သူက အဆင့်တက်သွားပြီဆိုတော့ သူ့ရဲ့ အောင်မြင်မှုတွေက တဟုန်ထိုး မြင့်တက်နေလိမ့်မယ်။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ကိုလည်း ငါ ကောင်းကောင်းသိတယ်။ သူ့မှာ အစွမ်းထက်တဲ့ အနှိုင်းမဲ့ ရတနာတွေ ရှိနေသလို၊ ‘ဧကရာဇ်ကောင်းကင်တံဆိပ်’ကို ကိုင်ထားပြီး၊ တိုင်းပြည်ရဲ့ကံကြမ္မာကို ထိန်းချုပ်ထားတာ။ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် မုန့်ရှန်းကျီတောင် သတိထားရ တယ်။ မင်းလည်း ဘုန်းတော်ကြီး ယန်ယွဲ့နဲ့ ယှဉ်ပြိုင်ဖူးတော့ လူသားအင်မော်တယ် တစ်ယောက်ရဲ့ စွမ်းအားကို မင်းလည်း သိတာပဲ။ ဘယ်လို တာအိုပညာရပ်ကမှ သူတို့ကို မထိခိုင်နိုင်ဘူး။ သူတို့နှစ်ယောက် ပူးပေါင်းမှုကို ငါတို့ တားဆီးနိုင်မှာ မဟုတ်ဘူး။”
“နှမြောစရာပဲ...” ဥဒေါင်းဘုရင် ရှင်းရွှမ်က ခေါင်းခါရင်း ပြောသည်။ “ဆေဘာသူတော်စင် ဂွန်ယန်ယုသာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အပ်စိုက်မှတ် နေရာတွေကို ရှာဖွေရင်း စွမ်းအားတွေ ဖောက်ပြန်ပြီး မသေဆုံးခဲ့ဘူးဆိုရင် သူဟာ လူသားအင်မော်တယ်တစ်ပါး ဖြစ်နေတာ ကြာလောက်ပြီ။ သူသာရှိရင် ယွန်မင်နိုင်ငံရဲ့ ကံကြမ္မာက ပိုပြီး တည်တံ့မှာပဲ။ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိဆိုတဲ့ ဒီမင်းနဲ့အမတ်အတွဲက တကယ်ကို ရည်မှန်းချက်ကြီးပြီး ဗျူဟာမြောက် လွန်းတယ်၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း အံဝင်ခွင်ကျ ရှိလှတယ်။ ဒါက ဒီလောကက ကျင့်ကြံသူတွေအတွက်တော့ မင်္ဂလာ မဟုတ်ဘူး။”
“ကံကောင်းတာက ဟုန်ယွိ ပေါ်လာတာပဲ... သူက ပိုင်ယွန်အတွက် လက်စားချေချင်တာ မှန်ပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာနိုင်တဲ့ အသိတရား ရှိသေးတယ်။ အရာအားလုံးရဲ့ အားသာချက် အားနည်းချက်တွေကို သူ သိတယ်။ နှမြောစရာကောင်းတာ တစ်ခုကတော့...”
အောင်းလွမ်က ဆက်ပြောသည် “တကယ်တော့ ဆေဘာသူတော်စင် ဂွန်ယန်ယုက တကယ် မသေတာလည်း ဖြစ်နိုင်ပါတယ်...။”
“သူ မသေဘူး ဟုတ်လား။” ဥဒေါင်းဘုရင်က အံ့သြတုန်လှုပ်စွာဖြင့် ကောင်းကင်နဂါး ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
“ဒါက ငါ့ခန့်မှန်းချက် သက်သက်ပါ၊ ဒါပေမဲ့ ဂွန်ယန်ယုရဲ့ အနွယ်ဝင်ဖြစ်တဲ့ ဂွန်ယန်ချန်း ဟာ ယန်ဖန်ရဲ့ လက်အောက်ခံ ဖြစ်သွားပြီး ဝေထိုက်ချန်ဆိုတဲ့ နာမည် ပြောင်းလိုက်တာ ဟာ ထူးဆန်းတဲ့ လျှို့ဝှက်ချက် ရှိရမယ်။ ပြီးတော့ ဒိုင်ဇင်ဘုရားကျောင်း တိုက်ပွဲတုန်းက မုန့်ရှန်းကျီနဲ့ ကျောင်းထိုင်ဆရာတော် ယန်ယွဲ့တို့ တိုက်ခိုက်နေစဉ်မှာ ရုတ်တရက် ပေါ်လာ တဲ့ ဆေဘာအလင်းတန်းက မုန့်ရှန်းကျီရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ တာ။ အဲဒီဆေဘာအလင်းတန်းက ဂွန်ယန်ယုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ အဲဒါကြောင့် မုန့်ရှန်းကျီ ဆုတ်ခွာသွားခဲ့ရတာ ဖြစ်နိုင်ပါတယ်။” (ရှေ့မှာတုန်းက နတ်လက်ကောင်းကင် ဆေဘာ ရမ်ခန်းဟု ပြန်ဆိုခဲ့သည်။ ယခုအချိန်မှစ၍ ဂွန်ယန်ချန်းဟု ပြန်ဆိုပါမည်။)
အောင်းလွမ်သည် အတိတ်က လျှို့ဝှက်ချက်များကို ဖြည်းဖြည်းချင်း ပြန်လည်ပြောပြနေ သည်။
“အဲဒီလိုလား။ ဒါဆိုရင်တော့ အန္တရာယ်ရှိတာပဲ...” ဥဒေါင်းဘုရင်သည် အလွန်အမင်း တုန်လှုပ်သွားပြန်သည်။
“ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ။” အောင်းလွမ်က ဆိုသည်။ အောင်းလွမ်၏ ဦးခေါင်းပေါ်က နဂါးဦးချိုလေးတွေက လှုပ်ခါသွားပါသည်။
“မုန့်ရှန်းကျီက ကျားအရေခြုံပြီး အမြတ်ထုတ်ခဲ့တာပဲ၊ ဒါပေမဲ့ သူ့ရဲ့ ပရိယာယ်က သိပ်တော့ မကောင်းလှဘူး။ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ဒိုင်ဇင်ဘုရားကျောင်းတို့ဟာ အမြဲတမ်း ရန်ဘက်တွေ ဖြစ်ခဲ့ကြပေမဲ့၊ ဒိုင်ဇင်ဘုရားကျောင်း ရှိနေခြင်းက တိုင်ရှန်တာအိုဂိုဏ်း အပေါ် ကျရောက်လာမယ့် တိုက်ခိုက်မှုတွေကို အကာအကွယ်ပေးထားသလို ဖြစ်နေခဲ့တာ။ အခု ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးသွားပြီဆိုတော့ တိုင်ရှန်တာအိုဂိုဏ်းကပဲ နန်းတော် အတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်လာခဲ့ပြီ... တကယ်လို့, ဒိုင်ဇင်ဘုရားကျောင်းသာ မပျက်စီးခဲ့ရင် 'တော်ဝင်ချန်' နန်းတော်ရဲ့ အာဏာက အခုလောက်အထိ အားကောင်းလာ မှာ မဟုတ်ဘူး။ အဲဒီ ဒိုင်ဇင်ဘုရားကျောင်း တိုက်ပွဲဟာ နန်းတော်အတွက်ရော၊ ဟုန်ရွှန်ကျိ နဲ့ ယန်ဖန်အတွက်ပါ သူတို့ရဲ့ အတောင်ပံတွေကို အားကောင်းစေပြီး အာရုံသစ်တွေကို ပွင့်လင်းစေခဲ့တာ။ မုန့်ရှန်းကျီ တစ်ယောက် တကယ်ပဲ အမှားတွက်ခဲ့တာ ဖြစ်နိုင်တယ်...” ဥဒေါင်းဘုရင် ရှင်းရွှမ်က မျက်လွှာချကာ ပြောလိုက်သည်။
“အဲဒါလည်း အမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ မုန့်ရှန်းကျီရဲ့ အမြင်မှာတော့ ဒိုင်ဇင်ဘုရား ကျောင်းရဲ့ ခြိမ်းခြောက်မှုက နန်းတော်ထက် အများကြီး ပိုကြီးမားတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောကမှာ နှစ်ပေါင်းထောင်ချီ တည်တံ့တဲ့ မင်းဆက်ဆိုတာ မရှိပေမဲ့၊ နှစ်ပေါင်းထောင်ချီ တည်တံ့တဲ့ မြင့်မြတ်နယ်မြေတွေနဲ့ အထက်တန်းစား မိသားစုကြီးတွေတော့ ရှိတယ်။ နန်းတော်တစ်ခုဟာ အင်အားကြီးပြီး နိုင်ငံနဲ့ လူသန်းပေါင်းများစွာကို ထိန်းချုပ်ထားနိုင် ပေမဲ့ လူတွေကို စီမံခန့်ခွဲရတဲ့ တာဝန်ကိုလည်း ထမ်းထားရတာပဲ။ တစ်နေ့, တိုင်းသူပြည် သားတွေ အငတ်ဘေးဆိုက်ပြီး၊ ဆင်းရဲသားတွေက ပိုဆင်းရဲပြီး ချမ်းသာသူတွေက ပိုချမ်းသာလာတဲ့အခါ၊ တိုင်းပြည်က မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ အဲဒီအခါ မင်းဆက် တစ်ခု ပြိုလဲပြီး မျိုးနွယ်တစ်ခု ပျောက်ကွယ်သွားဖို့ဆိုတာ အချိန်ပိုင်းကိစ္စပဲ။ မုန့်ရှန်းကျီက ဒါကို ငါတို့ထက် ပိုမြင်တာပေါ့။”
ကောင်းကင်နဂါးဂိုဏ်းချုပ် အောင်းလွမ်က ဆက်ပြောသည် “ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ အင်အားကြီးလာတာ မှန်ပေမဲ့၊ သူတို့ဟာ လောကကြီးကို စီမံခန့်ခွဲရတဲ့ တာဝန်ကို ပခုံးပေါ် ထမ်းထားရတယ်ဆိုတာ မုန့်ရှန်းကျီ သိတယ်။ လောကကြီး မငြိမ်မသက်ဖြစ်ပြီး သူတို့ အဲဒီမီးကို မငြှိမ်းသတ်နိုင်တော့တဲ့အခါ၊ သူတို့ဟာ နန်းတော်ရဲ့ အတက်အကျ ဆိုတဲ့ ဒုက္ခ ပင်လယ်ထဲမှာ နစ်မွန်းပြီး ရုန်းမထွက်နိုင် ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့က မူဝါဒအသစ်တွေကို အကောင်အထည် ဖော်ချင်နေကြတာ။ ဒီကိစ္စသာ အောင်မြင်သွားရင် ကမ္ဘာကြီးက ငြိမ်းချမ်းသွားမှာဖြစ်သလို၊ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ရဲ့ ကျင့်ကြံမှုတွေကလည်း မထင်မှတ်ထားတဲ့ အဆင့်အထိ တက်လှမ်းသွားနိုင်တယ်။ တကယ်တော့ ဟုန်ရွှန်ကျိဟာ သူ့ရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး၊ လေဟာနယ် ဖျက်ဆီးခြင်းအဆင့်အထိတောင် ရောက်သွားနိုင်တယ်။”
“ဆရာ... ဘာလို့ အဲဒီလို ပြောရတာလဲ။ မူဝါဒအသစ်ဆိုတာ လောကီရေးရာတွေပဲလေ၊ ကျင့်ကြံမှုနဲ့ ဘာဆိုင်လို့လဲ။” ရှန်းယုဆန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အောင်းလွမ်က ခေါင်းခါလိုက်ပြီး “ဒါက သူတို့ရဲ့ တာအိုနှလုံးသားကို လေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ လောကမှာ အရှုပ်ထွေးဆုံးအရာဟာ ကောင်းကင်ဘုံရဲ့ လမ်းစဉ် (ကောင်းကင်တာအို) မဟုတ်ဘူး၊ လူသားတွေရဲ့ လမ်းစဉ်ပဲ (လူသားတာအိုပဲ)။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့ အရာတွေ အများကြီး ရှိတယ်။ သူတို့သာ အဲဒါတွေကို တစ်ဆင့်ချင်း အောင်အောင်မြင်မြင် ဖြေရှင်းနိုင် မယ်ဆိုရင်, အဲဒါက သူတို့ရဲ့ စိတ်ဓာတ်နဲ့ စိတ်ဝိညာဉ် ကျင့်ကြံမှုအတွက် ခန့်မှန်းလို့မရတဲ့ အကျိုးကျေးဇူးတွေ ပေးလိမ့်မယ်။ လောကီရေးရာတွေကို ဖြေရှင်းနိုင်လေလေ သူတို့ရဲ့ စိတ်ဝိညာဉ် အတွေးတွေက ပိုခိုင်မာလာလေပဲ။ လူ့လောကကြီးဟာ တာအိုနှလုံးသားကို သန့်စင်ဖို့ အကောင်းဆုံးနေရာပဲ။ သမိုင်းတစ်လျှောက် သိုင်းပညာနဲ့ ‘လေဟာနယ် ဖျက်ဆီး ခြင်း’အဆင့်ကို ရောက်ခဲ့တဲ့သူတွေထဲမှာ ဝိညာဉ်သန္ဓေသားကနေ မွေးလာတဲ့သူတွေက လွဲရင် ဘယ်သူမှ ရုပ်ခန္ဓာကိုယ်နဲ့ မသေမျိုးအဆင့်ကို မရောက်ခဲ့ဖူးဘူး။ ဟုန်ရွှန်ကျီက အလွန်ခက်ခဲတဲ့ လမ်းကို လျှောက်နေတာ။ ဒါကိုကြည့်ရင်ပဲ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သိနိုင်တယ်။”
“ချန်ပီယံမြို့စားက လနတ်ဘုရားမကို ဆုံးရှုံးလိုက်ရပေမဲ့ သူ့မှာ 'ဖန်ဟွမ် အသက်ဝိညာဉ် ဓား' ရှိနေသေးသရွေ့, သူ့ကို ဘယ်သူမှ လျှော့တွက်လို့ မရဘူး။ သူ ဟုန်ယွိကို ဘယ်လို လက်စားချေမလဲဆိုတာ စိတ်ဝင်စားစရာပဲ။ ဒီလူက လက်စားချေလိုစိတ် အရမ်းပြင်းထန် သလို၊ သူ့ရဲ့ ကံတရားကလည်း အရမ်းကောင်းတယ်။ သူ မကြာခင်မှာ အင်အားပြန်ပြည့် လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ ပြီးတော့ သူ့ကို မွေးဖွားပေးခဲ့တဲ့ မိခင်ကလည်း တခြား သူတွေ မသိပေမဲ့ ငါသိသလောက်ဆို သူမဟာ 'အမွှေးရနံ့ဂိုဏ်း' ရဲ့ မျိုးဆက်သစ် သူတော်စင် မိန်းမပျို ဖြစ်ဖို့ များတယ်။ သူမ ပေါ်လာဖို့ အချိန်တန်နေပြီ။” ဥဒေါင်းဘုရင်က အလွန်တိကျစွာ ခန့်မှန်းလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... အခုဆိုရင် လောကကြီး လှုပ်ခတ်ပြီး နဂါးတွေ မြွေတွေ ထကြွမယ့် အချိန်ရောက်လာပြီ။ ဟုန်ယွိနဲ့ ချန်ပီယံမြို့စားတင်မကဘဲ တခြားထူးချွန်တဲ့ မျိုးဆက်သစ် လူငယ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာဦးမှာပဲ... ငါတို့အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ မျိုးဆက်သစ် လူငယ်တွေ ထွက်ပေါ်လာတာဟာ မျိုးဆက် ဟောင်းလူအိုကြီးတွေ ကျဆင်းသွားမယ့် နိမိတ်ပဲ။” ကောင်းကင်နဂါးဂိုဏ်းချုပ်က ပြောပြီး နောက် ဆက်မပြောတော့ပေ။
...
မြောက်ပိုင်းနိုင်ငံ မီးတောင်ဝအထက်တွင်….။
ကောင်းကင်နဂါးဂိုဏ်းချုပ်နှင့် ရှန်းယုဆန်တို့ ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
“ဟွန်း... မင်းလို လူငယ်လေးက ဘယ်လို ကံကောင်းမှုတွေရှိလို့ ဒီလောက် စွမ်းအားကြီး နေပြီး ငါတို့ အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရဲတာလဲ။ ဒါပေမဲ့ ဒီနေ့တော့ ငါ မင်းနဲ့ အချိန်မဖြုန်းချင်သေးဘူး။ 'ဓားတစ်သောင်းနှင်းတောင်ထိပ်' မှာ ကျင်းပမယ့် ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကိုးယောက်ရှေ့က တိုက်ပွဲမှာ ပြန်တွေ့ကြတာ ပေါ့။” ဘိုးဘေးဟုန်လင်က အေးစက်စွာ ပြောလိုက်သည်။ “သွားကြစို့။”
ဟုန်ယွိက ကောင်းကင်နဂါးဂိုဏ်းချုပ်ကို လမ်းဖယ်ပေးလိုက်သည်ကို မြင်သောအခါ၊ ဘိုးဘေးဟုန်လင်သည် ဟုန်ယွိအနေဖြင့် လနတ်ဘုရားမကို ထိန်းချုပ်ထားရလို့ အားအင် ကုန်ခမ်းနေမည်ဟု တွေးလိုက်သည်။ သို့သော်လည်း ချန်ပီယံမြို့စားနှင့် တိုက်ပွဲကို မြင်ထားသဖြင့် သူသည် ဇွတ်မတိုက်ရဲဘဲ စကားအနည်းငယ်ပြောကာ အသာဆုတ်ခွာရန် ကြိုးစားခြင်း ဖြစ်သည်။
ဟုန်ယွိ ချန်ပီယံမြို့စားကို အနိုင်ရလိုက်ခြင်းက ဘိုးဘေးဟုန်လင်၏ အစီအစဉ်ကို ပျက်စီး စေခဲ့သည်။ မူလက ချန်ပီယံမြို့စားနှင့် ရေခဲနတ်သမီး ပိုင်ချင်းချင်းတို့ မဟာမိတ်ဖွဲ့ပြီး အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ရယူရန် ပြင်ဆင်ထားသော်လည်း ယခုတော့ အရာအားလုံး ပျက်စီးသွားပြီဖြစ်သည်။
သို့သော် ယခုအခါ ချန်ပီယံမြို့စားမှာ ရှိမနေတော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ရာ ပိုင်ဇိယွဲ့ တစ်ယောက်သာလျှင် အားလုံးထက် ထင်ရှားကျော်လွန်ပြီး ကျန်ရစ်ခဲ့တော့သည်။
တိုင်တန်ဝိညာဉ်သခင် ယွန်ရှီကျူးအနေဖြင့် ပိုင်ဇိယွဲ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဆိုစေဦး တော့၊ ဟုန်ယွိကဲ့သို့ ထိပ်တန်းပညာရှင်တစ်ဦးက နောက်ကွယ်မှ ကျောထောက်နောက်ခံ ပေးကာ စောင့်ကြည့်နေသည်ဖြစ်ရာ ယွမ်ရှီကျူး၏ စိတ်ဓာတ်များမှာလည်း အေးစက် တုန်လှုပ်သွားခဲ့ရပြီ ဖြစ်သည်။ သူသည် ချန်ပီယံမြို့စားအတွက် ဆက်လက်ပြီး မည်သို့ တိုက်ခိုက်ပေးရဲတော့မည်နည်း။
အစစ်အမှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးဆိုသည်မှာ ပါးစပ်နားသို့ ရောက်ရှိနေ ပြီ ဖြစ်သော အလွန်ဆွဲဆောင်မှုရှိသည့် အသားတစ်တုံးကြီးနှင့် တူလှသည်။ ထို့ကြောင့် ဘိုးဘေးဟုန်လင်၏ ကျင့်ကြံမှုမှာ အလွန်နက်နဲသည်ဆိုသော်လည်း သူ၏ အစီအစဉ်ကို ဖျက်ဆီးခဲ့သော ဟုန်ယွိအပေါ်တွင် နာကြည်းမှုကို မထိန်းချုပ်နိုင်အောင် ခံစားနေရခြင်း ပင်။
“သွားကြစို့...”
ဟုန်ယွိက ညင်သာစွာ ပြုံးလိုက်ပြီး “ဘယ်ကို သွားမလို့လဲ။ ငါ ဒီနေ့ ဒီနေရာကို လာခဲ့တာ မင်းကို ရှာဖို့ပဲ၊ ဘိုးဘေးဟုန်လင်။”
“ဟားဟားဟား... ကြည့်ရတာ မင်းက ရည်ရွယ်ချက်ဆိုးနဲ့ လာခဲ့တာပဲ။ မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးမရှိဘူး။ မင်းက နတ်ဆိုးလမ်းစဉ်ကို လိုက်ပြီး ငါ့ကို သတ်ချင်နေတာလား။ ငါက နှစ်ပေါင်း ၃၀၀ ကြာအောင် ကျင့်ကြံထားတာ၊ ငါ့ကို ကိုင်တွယ်ဖို့ မလွယ်ဘူးနော်။ ငါ့မှာ မင်းကို ဒဏ်ရာအပြင်းအထန် ရစေနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ အဲဒီအချိန်ကျရင် တခြား ချောင်းမြောင်းနေတဲ့ ပညာရှင်တွေရဲ့ လက်ချက်နဲ့ မင်း သေသွားလိမ့်မယ်။” ဘိုးဘေး ဟုန်လင်က ဟုန်ယွိကို ကြည့်ပြီး အက်ရှရှအသံဖြင့် ရယ်မောလိုက်ပါသည်။
ဘိုးဘေးဟုန်လင်သည် 'ရေခဲဝိညာဉ်ရေနန်းတော်' မှ ရတနာများကို ရရှိထားသူဖြစ်ပြီး ဒုတိယအကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ ပိုင်ဖေးရှန်၏ ခန္ဓာကိုယ် ပျက်ဆီးသွားပြီးနောက်တွင် ဘိုးဘေးဟုန်လင်သည် မြောက်ပိုင်း ဒေသ၏ နံပါတ်တစ် တာအိုပညာရှင်အဖြစ် သူ၏ရာထူးကို ခိုင်ခိုင်မာမာ အမြစ်တွယ် ထားနိုင်ခဲ့သည်။ ထို့ကြောင့် ဟုန်ယွိအပေါ် ပြောဆိုခဲ့သော သူ၏စကားများမှာ မောက်မာ လွန်းသည်ဟု မဆိုနိုင်ပေ။
“ကျုပ် ရည်ရွယ်ချက်ဆိုးနဲ့ လာခဲ့တာ မှန်ပါတယ်။ ခင်ဗျားရဲ့ အဲဒီတပည့်နာမည်က ရွှယ်ကူကျိ ဟုတ်တယ်မလား။ ခင်ဗျားတို့ မြေခွေးဝိညာဉ်တစ်ကောင်ကို ဖမ်းထားတယ် မဟုတ်လား။ အဲဒီမြေခွေးအဘိုးကြီးတု အခု ဘယ်မှာလဲ။” ဟုန်ယွိက ရွှယ်ကူကျိကို စိုက်ကြည့်ကာ မေးလိုက်သည်။
ရွှယ်ကူကျိ၏ မျက်ခွံများမှာ ချက်ချင်းပင် တုန်ခါသွားသည်။ အခြေအနေမှာ မကောင်းတော့ ကြောင်းနှင့် ဤကိစ္စသည် အေးအေးဆေးဆေး ပြီးဆုံးမည်မဟုတ်ကြောင်း သူ သိလိုက် သည်။ သူသည် အံကြိတ်ကာ စိတ်ကို တင်းထားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ “မင်း ပြောနေတာ ဟို မြေခွေးအိုကြီးလား။ ဒီတာအိုသခင်က သူ့ရဲ့ကျင့်ကြံမှုက အောင်မြင် ပြီး လိမ္မာပါးနပ်တာကို မြင်လို့ သူ့ကို ဒီရေခဲနန်းတော်မှာ ဂူစောင့်ဝိညာဉ်သားရဲအဖြစ်ထား ပြီး၊ ထိပ်တန်းတာအိုပညာတွေ သင်ပေးမလို့ပဲ။ ဒါပေမဲ့ အဲဒီမြေခွေးအိုကြီးက ငါ့ကိုတောင် ‘ကွန်ဖြူးရှပ် ပြောတာက’ ဆိုပြီး ဆရာကြီးလုပ်နေတာနဲ့ ဒေါသထွက်ပြီး၊ သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တယ်။ သူ့ရဲ့သားရေကိုတော့ ချန်ပီယံမြို့စားရဲ့ မိန်းမတွေအတွက် လက်ဆောင်အဖြစ် ပေးလိုက်ပြီ။”
“ဒါဆိုရင်တော့... ဒီလောကမှာ မင်းကို ကယ်နိုင်တဲ့လူ တစ်ယောက်မှ မရှိတော့ဘူး။”
ဟုန်ယွိက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် ရုတ်တရက် သူ၏ လက်ထဲတွင် နတ်ဘုရားဓားတစ်လက် ပေါ်လာပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ရွှပ်…၊ ဓားအငွေ့သက်များ ပေါက်ကွဲထွက်လာပြီး ရွှယ်ကူကျိထံသို့ တိုးဝင်သွားတော့သည်။
“မင်း အတင့်ရဲလှချည်လား။”
ဘိုးဘေးဟုန်လင်က ဟိန်းဟောက်လိုက်ရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အရောင်တ လက်လက် တောက်ပနေပြီး စိန်ကဲ့သို့ မာကျောသော ရေခဲဒိုင်းတစ်ခု ပေါ်လာသည်။ သူက ဒိုင်းကို ကောင်းကင်သို့ ပစ်တင်လိုက်ပြီး၊ ကြီးမားလာပြီး ဓားအငွေ့အသက်ကို ပိတ်ဆို့ တားဆီးလိုက်သည်။
ဘုန်း…။
ထိုဒိုင်းသည် ဓားအငွေ့သက်များကို တားဆီးလိုက်သော်လည်း တစ်စစီ ကွဲကြေသွားတော့ ပြီး၊ ရေခဲမှုန်များ နေရာအနှံ့ ပျံ့လွင့်သွားကာ၊ ဓားအငွေ့အသက်က သူ၏ခန္ဓာကိုယ်ထံ ဆက်လက် တိုးဝင်လာသည်။
“လျှို့ဝှက်ရေခဲမြှား။”
ဘိုးဘေးဟုန်လင်က လက်ကို ဆန့်ထုတ်လိုက်ရာ ထူထဲသော ရေခဲမြှားတစ်ချောင်း ထွက်ပေါ်လာပြီး ဓားအငွေ့အသက်နှင့် ထိပ်တိုက်တွေ့သွားသည်။ ထိုအချိန်မှာပင် သူသည် ရွှယ်ကူကျိကို ဆွဲခေါ်ကာ “သွားကြစို့” ဟု ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ကောင်းကင်သို့ ပျံတက်သွားပြီး ဓားအငွေ့အသက်ကို ရှောင်ရှားကာ မိုင်ပေါင်းများစွာ အကွာအဝေးကို အရှိန်ဟုန်ဖြင့် ထွက်ပြေးသွားကြသည်။
နတ်သမီးကျန့်ယီသည် သမီးဖြစ်သူ ရေခဲမြစ်နတ်သမီး ပိုင်ချင်းချင်းကို မျက်ရိပ်ပြလိုက်ပြီး၊ သူမတို့နှစ်ဦးသည် ဘိုးဘေးဟုန်လင် နောက်သို့ လိုက်မသွားဘဲ မြေပြင်ပေါ်သို့ ဆင်းသက် လိုက်ကြသည်။
ဟုန်ယွိကမူ ထိုအမျိုးသမီးနှစ်ဦးကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ခန္ဓာကိုယ်ကို လှုပ်ရှား လိုက်ပြီး ဘိုးဘေးဟုန်လင် နောက်သို့ ထက်ကြပ်မကွာ လိုက်လံ တိုက်ခိုက်လေတော့ သည်။
အခန်း (၃၆၄)။
ဝှီး….၊ ဝှီး….။
ကောင်းကင်ယံတွင် ကြယ်တံခွန်နှစ်စင်းကဲ့သို့ အလင်းတန်းနှစ်ခုသည် တိမ်တိုက်များကို ခွဲထွက်ကာ မြောက်ပိုင်းနိုင်ငံ၏ နှင်းဖုံးတောင်တန်းများဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေ ကြသည်။ ထိုအလင်းတန်းနှစ်ခုသည် လေထုကို တိုးဝှေ့လျက် ရှည်လျားလှသော လေတိုးသံကြီးများကို ဖြစ်ပေါ်စေပြီး နှင်းတောင်များ၏ နက်ရှိုင်းသော အရပ်ဆီသို့ ဦးတည် နေကြခြင်း ဖြစ်သည်။
ရှေ့နောက်လိုက်နေသော ထိုအလင်းတန်းနှစ်ခုအနက် ရှေ့ကသွားနေသည့် အလင်းတန်း သည် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အလင်းတန်းဖြစ်ပြီး၊ နောက်ကလိုက်နေသည်မှာ အရောင် ရှစ်မျိုး တောက်ပနေသော အလင်းတန်းတစ်ခုဖြစ်ကာ၊ အင်အားကြီးမားသော လင်းယုန် ငှက်တစ်ကောင်က စာကလေးငယ်တစ်ကောင်ကို အမဲလိုက်နေသကဲ့သို့ အရှိန်ဟုန် ကြီးမားလှသည်။
ရှေ့မှ အသည်းအသန် ထွက်ပြေးနေသူမှာ မြောက်ပိုင်းဒေသ၏ အစွမ်းထက်ဆုံး ကျင့်ကြံသူ ဟု သတ်မှတ်ခံထားရသော ဘိုးဘေးဟုန်လင်နှင့် သူ၏တပည့် ရွှယ်ကူကျိတို့ ဖြစ်ကြပြီး၊ နောက်မှ ထက်ကြပ်မကွာ လိုက်နေသူမှာ ဟုန်ယွိပင် ဖြစ်သည်။
“ဘိုးဘေးဟုန်လင်... ခင်ဗျားက နှစ်ပေါင်း ၃၀၀ တောင် ကျင့်ကြံထားပြီး နာမည်ကျော် တစ်ယောက်ပဲ။ ဘာလို့ မတိုက်ခိုက်ရဲဘဲ အမြဲတမ်း ထွက်ပြေးနေရတာလဲ။”
ဟုန်ယွိက အရှိန်အဟုန်ဖြင့် ပျံသန်းရင်း ရုတ်တရက် အော်ပြောလိုက်ကာ သူ့အရှိန်ဟုန်ကို ထပ်မြှင့်လိုက်သည်။ တခဏအတွင်းမှာပင် သူတို့ကြားက အကွာအဝေးမှာ တစ်မိုင်ခန့်သာ ကျန်တော့သည်။
ထိုအချိန်မှာပင် ဟုန်ယွိက လက်ကို မြှောက်လိုက်ရာ သုံးလံခန့် ရှည်ပြီး လက်မောင်းခန့် ထူသော ဖြူဖွေးသည့် အရိုးလှံကြီးတစ်ချောင်းက သူ၏လက်ထဲတွင် ပေါ်လာသည်။ သူက ထိုလှံကို အားကုန် လွှဲပစ်လိုက်တော့သည်။
ရှီး…၊ ရှီး…၊ ရှီး..။
လေထုထဲတွင် အမှောင်နတ်ဘုရား၏ အော်ဟစ်သံများ ပြည့်နှက်သွားသည်။
ကောင်းကင်ယံ မိုင်းပေါင်းများစွာအထိ ကန့်အနံ့များနှင့် ချော်ရည်နံ့များ လွှမ်းခြုံသွားကာ၊ ငရဲဘုံကြီး လူ့ပြည်လူ့လောကသို့ ရောက်ရှိလာသကဲ့သို့ ခံစားရစေသည်။
ယခုအခါ ဟုန်ယွိသည် 'အမှောင်နတ်ဘုရား ဝိညာဉ်သန့်စင်ခြင်းကျမ်း'နှင့် တာအိုပညာရပ် ၏ အနှစ်သာရကို အတော်အတန် နားလည်နေပြီ ဖြစ်ရာ၊ သူပစ်လွှတ်လိုက်သော အမှောင် နတ်ဘုရားလှံစွမ်းအားမှာ အမှောင်နတ်ဘုရားကိုယ်တိုင် ငရဲမှတက်လာပြီး သက်ရှိအားလုံး ၏ ဝိညာဉ်ကို ရိတ်သိမ်းရန် ပစ်လွှတ်လိုက်သည့်အလား ပြင်းထန်လှသည်။
“ကောင်းကင်နဲ့ မြေကြီး၊ နက်ရှိုင်းဆုံး မူလစွမ်းအင်... နှင်းနဂါး ရေခဲဆူးချွန်။”
အမှောင်နတ်ဘုရား၏ အော်သံကြောင့် ဘိုးဘေးဟုန်လင်၏ အရှိန်ဟုန်မှာ သိသိသာသာ ကျဆင်းသွားသည်။ သူသည် နောက်ဘက်မှ တိုးဝင်လာသော အမှောင်နတ်ဘုရား၏ လှံစွမ်းအားကြောင့် သူ့ဝိညာဉ်ပင် တုန်လှုပ်သွားရသည်။ သူသည် အံကြိတ်ကာ နောက်သို့ လှည့်ကြည့်ပြီး ရေခဲဆူးချွန်ကြီး တစ်ခုကို ပစ်လွှတ်ကာ ခုခံလိုက်သည်။ ပေါက်ကွဲမှုကြောင့် နှင်းပွင့်များနှင့် ရေခဲစအနများ ကောင်းကင်အနှံ့ လွင့်စင်သွားသည်။
သိုသော်လည်း အမှောင်နတ်ဘုရား၏ လှံမှာ ပျောက်ကွယ်မသွားဘဲ အားအနည်းငယ်သာ လျော့သွားကာ ဘိုးဘေးဟုန်လင်၏ အကာအကွယ် အလင်းတန်းကို လျှပ်စီးသံများကဲ့သို့ တဇီဇီမြည်ဟီးပြီး ထိုးဖောက်ပြီးမှသာ ပျောက်ကွယ်သွားတော့သည်။ ဤနှောင့်နှေးမှုကို အခွင့်ကောင်းယူကာ ဟုန်ယွိ က ရှေ့သို့ ထပ်မံ အရှိန်မြှင့် တိုးဝင်လိုက်သည်။
“ငါ မင်းကို မကြောက်ဘူး။ မင်းက ဒုတိယအဆင့် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူ ဆိုရင် ငါလည်း အတူတူပဲ။ ငါတို့ရဲ့ ကျင့်ကြံမှု အခြေခံက အတူတူပဲ။ အများဆုံးရှိလှ မင်းက ငါ့ထက် မှော်စွမ်းအားနဲ့ ရတနာအချို့ ပိုသာရုံပဲ ရှိလိမ့်မယ်။”
အမှောင်နတ်ဘုရားလှံကို တားဆီးပြီးနောက် ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်း သိသ ဖြင့် ဘိုးဘေးဟုန်လင်သည် အသေခံတိုက်ရန် ဆုံးဖြတ်လိုက်သည်။
'ငရဲနတ်ဘုရားလှံ' ကို ခုခံလိုက်ပြီးနောက် ဘိုးဘေးဟုန်လင်သည် ဟုန်ယွိ၏ လိုက်လံမှုကို မည်သို့မျှ ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့ သည်။ သူသည် စိတ်ကို တင်းတင်းထားကာ အသေခံတိုက်ရန် ဆုံးဖြတ်ချက်ချပြီး ပြတ်သားသော အသံဖြင့် အော်ဟစ်လိုက်သည်။
ဟုန်ယွိနှင့် ချန်ပီယံမြို့စားတို့၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရပြီးနောက် ဘိုးဘေးဟုန်လင် သည်လည်း ဟုန်ယွိကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ သို့သော် သူသည်လည်း မိုးကြိုးကပ်ဘေးကို နှစ်ကြိမ်တိုင်တိုင် ကျော်ဖြတ်ထားသည့် ဤလောက၏ ဒဏ္ဍာရီလာ ပညာရှင်တစ်ဦး ဖြစ်သည်။ အကျပ်အတည်းသို့ ဆိုက်ရောက်လာသောအခါ သူသည် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ၊ ဟုန်ယွိ၏ လိုက်လံအမဲလိုက်ခြင်းကို ဤမျှအထိ ခံနေရခြင်းမှာ သူ့အတွက် ကြီးမားသော အရှက်ရမှုပင် ဖြစ်သည်။ သူသည် မသေမချင်း ဟုန်ယွိကို အဆုံး ထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ကောင်းပြီ... ခင်ဗျားရဲ့ ဒီလို ပြတ်သားတဲ့စိတ်ဓာတ်က ခင်ဗျားဟာ နှစ်ပေါင်း သုံးရာ ကျင့်ကြံခဲ့တဲ့ ဘိုးဘေးတစ်ယောက်ဆိုတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ခင်ဗျားရဲ့ စိတ်ဆန္ဒက အရမ်းကို ခိုင်မာတယ်။ ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဆိုတာ တကယ်ကို ရှားပါးပါတယ်။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို ရရှိပြီးရင် ကျုပ်အတွက် အများကြီး အထောက်အကူ ဖြစ်လာမှာပါ”
ဟုန်ယွိက ရပ်တန့်လိုက်ပြီး ဘိုးဘေးဟုန်လင်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
သူသည် ဘိုးဘေးဟုန်လင်အပေါ် အသာစီး ရနေသည်ဆိုဦးတော့၊ သူ၏ သတိထားမူကို လျှော့မချဝံ့ပေ။
ဟုန်ယွိ၏ လက်ရှိစွမ်းအားမှာ 'ကောင်းကင်မြွေဘုရင်မ' ထက် မနိမ့်ကျသော်လည်း သူ၏ 'စကြာဝဠာအိတ်' ထဲတွင် လနတ်ဘုရားမက ဆူပူရုန်းကန်နေသည်။ ထို့ကြောင့် စကြာဝဠာ အိတ်၏ လေဟာနယ်ကို ဖြတ်သန်းနိုင်သော စွမ်းရည်မှာ သုံး၍မရတော့ပေ။ ထို့ပြင် သူသည် စကြာဝဠာ အိတ်အတွင်းရှိ ကမ္ဘာငယ်လေးကို ဖိနှိပ်ထားရန် သူ၏ စိတ်ဝိညာဉ် စွမ်းအား အမြောက်အမြားကို သုံးစွဲနေရသဖြင့် သူ၏ အစွမ်းမှာ အမှန်တကယ်တွင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ဘိုးဘေးဟုန်လင်သည် အနှစ်သာရ နတ်ဘုရားကျောင်း၏ အဆင့်မြင့် ဘုန်းတော်ကြီးများထက်ပင် စွမ်းအားကြီးမားပြီး သူတော်စင် ယွမ်တူနှင့် သူတော်စင်တောက်ဖူတို့ထက် အများကြီး ပိုမို အစွမ်းထက်သူ ဖြစ်သည်။ ထို့ကြောင့် သူ့ကို သတ်ဖြတ်ပြီး ဝိညာဉ်စွမ်းအားကို သန့်စင်ယူရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
ထို့အပြင် ဟုန်ယွိသည် အနီးအနားမှ အခွင့်ကောင်းယူရန် ချောင်းမြောင်းနေသူများကို လည်း သတိထားနေရသေးသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ဘိုးဘေးဟုန်လင်သည် သေကိုသေရမည်သာ ဖြစ်သည်။ ဒုတိယအကြိမ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားသည် 'ယင်ယန်ဖရိုဖရဲ အစီရင်'ကို အားမြှင့်ရန်အတွက် အကောင်းဆုံး လောင်စာ ပင် ဖြစ်သည်။ ၎င်းသည် လနတ်ဘုရားမကို သန့်စင်ရန်နှင့် ကိုးခုမြောက် အလင်းတန်း ဖြစ်သော 'အင်မော်တယ် မူလဝိညာဉ်'ကို ကျင့်ကြံရာတွင် လုံလောက်သော အထောက် အကူ ဖြစ်စေလိမ့်မည်။
ထို့အပြင် ဤဒုတိယအကြိမ် မိုးကြိုးကပ်ဘေးဒဏ် ကျော်ဖြတ်ထားသူ၏ ကျန်ရှိမည့် စိတ်ဝိညာဉ် အတွေးများသည် အလွန် အသုံးဝင်လိမ့်မည် ဖြစ်သည်။
ကြင်ယာတော်ယွမ်သည် သူတော်စင်တောက်ဖူ၏ စိတ်ဝိညာဉ်အတွေး တစ်ဝက်ကို စုပ်ယူခဲ့ပြီးနောက် ကျန်ရှိသော စိတ်ဝိညာဉ်အတွေးပေါင်း တစ်ထောင်ကျော်ကို မြေခွေးက လေး သုံးကောင်က စုပ်ယူခဲ့ကြရာ သူမတို့မှာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း၊ စိတ်ဝိညာဉ် ခွဲထုတ်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီး၊ 'မိုးကြိုးကပ်ဘေးတစ်ပိုင်း' အဆင့် ပညာရှင်များ ချက်ချင်း ဖြစ်လာခဲ့ကြသည်။
၎င်းမှာ ပထမအကြိမ် မိုးကြိုးကပ်ဘေးပညာရှင်၏ စိတ်ဝိညာဉ်အတွေးများ၏ စွမ်းအားသာ ရှိသေးသည်။ အကယ်၍ ဒုတိယအကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ၏ စိတ်ဝိညာဉ် အတွေးများကို သာမန်ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ထဲသို့ ပေါင်းစပ်လိုက် လျှင် မည်မျှအထိ အစွမ်းထက်သွားမည်နည်း။
ဤသည်မှာ မှန်းဆရန်ပင် ခက်ခဲလှသည်။ ဤလောကရှိ ကျင့်ကြံသူများထဲတွင် ဒုတိယ အကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူကို သန့်စင်ပြီး စစ်မှန်သော စိတ်ဝိညာဉ် အတွေးများကို ချန်ထားနိုင်သူမှာ အလွန်ရှားပါးလှသည်။
“ဟိုတုန်းက မုန့်ရှန်းကျီဟာ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး ပညာရှင် ဒိုင်ဇင်ဘုရား ကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကို သန့်စင်တုန်းက ကျန်ခဲ့တဲ့ စိတ်ဝိညာဉ်အတွေးတွေ ကို သူ ဘာလုပ်လိုက်လဲ မသိဘူး။ ယန်စိတ်ဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ် အတွေးတွေကရော ဘယ်လောက်တောင် အစွမ်းထက်မလဲ။ ဒီလောကမှာ ယန်စိတ်ဝိညာဉ်အဆင့် ပညာရှင်တွေ ချန်ထားခဲ့တဲ့ အတွေးတွေများ ရှိနေဦးမလား။ ရှိရင် တောင် ဘယ်သူမှ သန့်စင်နိုင်မှာ မဟုတ်ဘူး။ အဲဒီယန်စိတ်ဝိညာဉ်အဆင့် ပညာရှင် ကိုယ်တိုင်က သူ့ရဲ့စိတ်ဝိညာဉ် အမှတ်အသားကို စွန့်လွှတ်ပြီး အခြားလူတွေ စုပ်ယူနိုင် အောင် သန့်စင်တဲ့ အတွေးတွေကို ချန်ထားခဲ့ရင်တော့, အဲဒါက ကောင်းကင်ဘုံကို တက်လှမ်းမယ့် လှေကားထစ်ဖြစ်လာလိမ့်မယ်။” ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
အောင်း…။
ထိုအချိန်မှာပင် နက်ရှိုင်းလှသော နဂါးဟိန်းသံကြီးက ဟုန်ယွိ၏ နားထဲသို့ ရောက်ရှိလာ သည်။ ထို့နောက် အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင် လေထုမှာ ခဲမတတ် အေးစက်သွားတော့သည်။
ကြီးမားသော ရေခဲနဂါးကြီး တစ်ကောင် ပေါ်လာပြီး အစွယ်တငေါငေါနှင့် လက်သည်းများ ဖြင့် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
၎င်းမှာ ဘိုးဘေးဟုန်လင် အသုံးပြုလိုက်သည့် 'အစစ်အမှန် ရေခဲနဂါး တာအိုပညာရပ်' ပင် ဖြစ်သည်။
ထိုရေခဲနဂါးကြီးသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟိန်းဟောက်ကာ ရေခဲလုံးကြီး တစ်လုံးကို ထွေးထုတ်လိုက်သည်။ ထိုရေခဲလုံးကြီးမှ ရေခဲမြှားပေါင်း မြောက်မြားစွာ ထွက်ပေါ်လာပြီး မိုးရွာသကဲ့သို့ ဟုန်ယွိ ထံသို့ ကျရောက်လာတော့သည်။
ဤသည်မှာ ယခင်က ကြင်ယာတော်ယွမ် အသုံးပြုခဲ့ဖူးသော 'မိုင်တစ်ထောင် ရေခဲပြင် ပညာရပ်' ဖြစ်သော်လည်း ဘိုးဘေးဟုန်လင်၏ လက်ထဲတွင်မူ အဆပေါင်းများစွာ ပိုမို ပြင်းထန်လှသည်။
အောင်း…။
နဂါးကြီး ထွေးထုတ်လိုက်သော ရေခဲလုံးနှင့် ရေခဲမြှားများကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် မည်သည့် တာအိုပညာရပ်ကိုမျှ မသုံးဘဲ နဂါး သို့မဟုတ် ဆင်ပြောင်ကြီး၏ ဟိန်းသံကဲ့သို့ ကျယ်လောင်သော ဟစ်အော်သံကိုသာ ထုတ်ဖော်လိုက်သည်။ ၎င်းမှာ 'နဂါးဆင် တံဆိပ်' ထဲရှိ ရိုးရှင်းသော ချဉ်ဆီသန့်စင်ခြင်းပညာရပ်တစ်ခုသာ ဖြစ်သည်။
မူလက ဤပညာရပ်သည် ဘာမှမဟုတ်သော်လည်း ယခုအခါ ဟုန်ယွိသည် ၎င်းကို လူသား အင်မော်တယ်ခန္ဓာကိုယ်၏ စွမ်းအားနှင့် ပေါင်းစပ်၍ ဟိန်းဟောက်လိုက်သောအခါ ၎င်း၏ စွမ်းအားမှာ မှန်းဆ၍မရသော နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
ထွက်ပေါ်လာသည့် အသံလှိုင်းများက စက်ဝိုင်းပုံစံ ပျံ့နှံ့သွားပြီး၊ သူ့ရှေ့ရှိ မှော်စွမ်းအား အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
ရေခဲမြှားများ အရည်ပျော်သွားပြီး ရေခဲလုံးကြီး ပေါက်ကွဲသွားရုံသာမက ကြီးမားလှသော ရေခဲနဂါးကြီးမှာလည်း တစ်လက်မချင်းစီ ကြေမွပျက်စီးကာ ကောင်းကင်မှ ရေခဲစများ အဖြစ် ပြုတ်ကျကုန်တော့သည်။ ထိုရေခဲနဂါးကြီးသည် အသံလှိုင်းတစ်ချက်တည်းနှင့်ပင် ပြိုလဲသွားရလောက်အောင် အားနည်းနေသကဲ့သို့ ရှိနေသည်။
ဤပြင်းထန်လှသော ဟိန်းဟောက်သံကြောင့် ဘိုးဘေးဟုန်လင် ပတ်ဝန်းကျင်ရှိ အကာ အကွယ် အလင်းတန်းများလည်း ပြင်းထန်စွာ တုန်ခါသွားပြီး၊ သူသည် လေထဲတွင် ပျံဝဲနေ သော စွန်တစ်ခုကဲ့သို့ ယိမ်းထိုးသွားသည်။ သူသည် မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်ကာ နောက်ထပ် တာအိုပညာရပ်တစ်ခုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း ဟုန်ယွိက ရပ်တန့်မနေခဲ့ပေ။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ ရင်ဘတ်မှာ ဖားတစ်ကောင်ကဲ့သို့ ဖောင်းကြွလာသည်။ သူ၏ အရေပြား၊ အကြောများ၊ အသားများနှင့် အရိုးများမှာ သာမန်လူထက် ကျော်လွန်သော တောင့်တင်းမှုနှင့်အတူ အပြင်သို့ ကားထွက်လာ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ လေအပြည့် သွင်းထားပြီး အချိန်မရွေး ပေါက်ကွဲနိုင်သော သားရေအိတ်ကြီး တစ်လုံးနှင့် တူနေသည်။
ဤအသက်ရှူသံမှာ အမှန်ပင် ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေများကြောင့် ပေါက်ကွဲတော့မည့် အခြေအနေတွင် ဟုန်ယွိ သည် အသက်ကို ထပ်မံ ရှူသွင်းကာ ယခင်ထက် အဆပေါင်းများစွာ ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်တော့သည်။
အောင်း…၊ အောင်း….၊ အောင်း… အောင်း…။
လေပြင်းများ တိုက်ခတ်ကာ တိမ်တိုက်များ လွင့်စင်သွားပြီး အသံလှိုင်းများ ဆူပွက်လာကာ တောတောင်များ ပြိုလဲပြီး ပင်လယ်များ တိမ်းစောင်းသွားသကဲ့သို့ ခံစားရစေသည်။
သာမန်မျက်စိနှင့် မြင်နိုင်သော အသံလှိုင်းကြီးမှာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ နှင်းတောင်များမှာလည်း ထိုအသံ၏ ပဲ့တင်ထပ်ရိုက်ခတ်မူကြောင့် လေထု တစ်ခုလုံး ကသောင်းကနင်းဖြစ်ပြီး ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝုန်း... ဝုန်း...။
ဘေးပတ်ပတ်လည်ရှိ နှင်းတောင်များပေါ်မှ နှင်းများနှင့် ရေခဲများသည် ဤဟိန်းဟောက် သံကြောင့် ပြိုကျကုန်ပြီး တစ်ခါမျှ မကြုံဖူးသော နှင်းတောင်ပြိုမှုကြီး ဖြစ်ပေါ်လာသည်။
ဤဟိန်းဟောက်သံမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် လေနှင့်တိမ်တိုက်တို့၏ အရောင်ကို ပြောင်းလဲစေကာ တောင်တန်းများကိုပင် ဦးညွှတ်သွားစေသည်။ ဤသို့ ဟိန်းဟောက်နေရသည့်အတွက် ဟုန်ယွိသည် အလွန်အမင်း တက်ကြွလန်းဆန်းမှုကို ခံစားရပြီး ကောင်းကင်နှင့် မြေကြီးမှာ သူ၏ လက်ထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ဤခံစားချက်မှာ တာအိုပညာရပ်များကို အသုံးပြုရသည်ထက် အများကြီး ပိုမို ထက်မြက် ပြီး အားရစရာ ကောင်းလှသည်။
ဤတစ်ကြိမ်တွင် သူသည် သူ့အစွမ်းရှိသမျှကို အကုန်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဤ လူသားအင်မော်တယ် ခန္ဓာကိုယ်၏ သွေး၊ လေနှင့် ခွန်အား ရှိသမျှကို အသုံးပြုလိုက် ခြင်းပင်။ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခု ရောက်ရှိနိုင်သော အမြင့်ဆုံး အရှိန်အဝါ နှင့် စွမ်းအားပင် ဖြစ်သည်။
ထိုအသံလှိုင်းများထဲတွင် တစ်စ္ဆေအင်မော်တယ်များ၊ ဝိညာဉ်များနှင့် နတ်ဆိုးများကို သတ်ဖြတ်နိုင်သည့် ဖျက်ဆီးအား အလွန်ပြင်းထန်သော သွေးနီရောင် ယန်စွမ်းအင်များ ပါဝင်နေသည်။
ဤဟိန်းဟောက်သံကြားတွင် ဘိုးဘေးဟုန်လင်နှင့် သူ၏တပည့် ရွှယ်ကူကျိတို့မှာ လေထဲတွင် ယိမ်းထိုးနေကြသည်။ သူတို့သည် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားသော် လည်း အချည်းနှီးသာ ဖြစ်သည်။ သူတို့မှာ မုန်တိုင်းထန်နေသော ပင်လယ်အလယ်ရှိ လှေငယ်လေးတစ်စင်းနှင့် တူနေသည်။ သူတို့သည် မည်သည့် တာအိုပညာရပ်ကိုမျှ အသုံးမပြုနိုင်တော့သည့်အပြင် လေထဲတွင်ပင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ပေ။
ပထမဆုံး ရွှယ်ကူကျိသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မြားမှန်သော ငှက်တစ်ကောင် ကဲ့သို့ မြေပြင်သို့ ပြုတ်ကျသွားသည်။ အောက်ဘက်တွင် သံထက်မာကျောသည့် ရေခဲချောက်ကြီး ရှိပေရာ မည်သူမဆို ပြုတ်ကျပါက ချက်ချင်း သေဆုံးမည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှယ်ကူကျိသည် အမြင့် ၃ ကီလိုမီတာမှ ပြုတ်ကျကာ အောက်ရှိ ရေခဲပြင်ကြီးနှင့် ဆောင့်မိသွားသည်။ ဘုန်း..ဟူသော အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ အသားပြားကဲ့သို့ ချက်ချင်း ကြေမွသွားတော့သည်။ ထို့နောက် တောက်ပ စင်ကြယ်သော နှင်းပြင်ပေါ်တွင် သွေးပွင့်များ ဝေဆာသွားတော့သည်။
ရုပ်ခန္ဓာကိုယ် သေဆုံးပြီး အသက်ရှူသံ ပြတ်တောက်သွားပြီး စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ် အတွင်း မနေနိုင်ဘဲ အပြင်သို့ ထွက်လာရသည်။ ရုပ်ခန္ဓာဆိုသည်မှာ စိတ်ဝိညာဉ်ကို မွေးမြူ ပြီး ကာကွယ်ပေးထားသော အရာ ဖြစ်သည်။ ယခုအခါ ရုပ်ခန္ဓာ ပျက်စီးသွားပြီ ဖြစ်ရာ စိတ်ဝိညာဉ်ကို မကာကွယ်နိုင်တော့ဘဲ စိတ်ဝိညာဉ်သည် လောကအလယ်သို့ ထွက်ပေါ် လာရကာ လူသားအင်မော်တယ်၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရတော့သည်။
“အား...”
ရုပ်ခန္ဓာကိုယ် သေဆုံးသွားသည်နှင့် ရွှယ်ကူကျိ၏ စိတ်ဝိညာဉ် ပေါ်ထွက်လာပြီး ကမ္ဘာမြေ ကို တုန်ခါနေစေသည့် အသံလှိုင်းများကို ခံစားလိုက်ရသည်။ သူသည် အသည်းအသန် အော်ဟစ်လိုက်သော်လည်း ဧရာမ အသံလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် သူ၏ စိတ်ဝိညာဉ် မှာ တစ်စစီ ကြေမွသွားတော့သည်။
သူသည် တစ္ဆေအင်မော်တယ် တစ်ဦး ဖြစ်သော်လည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတော့ပေ။ သူ၏ စိတ်ဝိညာဉ် အတွေးစတိုင်း လုံးဝ ပျက်စီးသွားကာ ဖန်ခွက်ကွဲသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
စိတ်ဝိညာဉ် ကြေမွသွားပြီးနောက် အတွေးအပိုင်းစတိုင်းသည်လည်း ကြောက်မက်ဖွယ် အသံလှိုင်းများကြောင့် တုန်ခါသွားပြီး ပျက်စီးသွားကြသည်။
ဤသည်မှာ မည်သို့မျှ ပြန်လည် ကုစား၍ မရနိုင်သော ဒဏ်ရာပင် ဖြစ်သည်။
အကယ်၍ စိတ်ဝိညာဉ်သည် အိမ်တစ်လုံး ဖြစ်ပါက စိတ်ဝိညာဉ် အတွေးအပိုင်းများမှာ အုတ်ခဲနှင့် အုတ်ကြွပ်များ ဖြစ်သည်။ အိမ်ပြိုသွားသော်လည်း အုတ်ခဲများ ရှိနေပါက ပြန်လည် တည်ဆောက်၍ ရနိုင်သေးသော်လည်း ယခုအခါ အုတ်ခဲများပါ ကြေမွသွားပြီ ဖြစ်ရာ မည်သည့် မျှော်လင့်ချက်မျှ မရှိတော့ပေ။
ရွှယ်ကူကျိသည် သေခြင်းတရားကို ကျော်လွန်ထားသော တစ္ဆေအင်မော်တယ် တစ်ဦး ဖြစ်သော်လည်း လူသားအင်မော်တယ်၏ ဟိန်းဟောက်သံအောက်တွင် သူ၏ ရုပ်ခန္ဓာမှာ မြေပြင်သို့ ပြုတ်ကျကာ သေဆုံးခဲ့ပြီးနောက် ထွက်ပေါ်လာသော သူ၏ စိတ်ဝိညာဉ်မှာ လည်း လုံးဝ အဆုံးသတ်သွားခဲ့ရသည်။
ဘိုးဘေးဟုန်လင်မှာမူ ရွှယ်ကူကျိထက် အများကြီး ပိုမို စွမ်းအားကြီးသော်လည်း ဤပြင်းထန်သော ဟိန်းဟောက်သံအောက်တွင် မုန်တိုင်းကြားက သစ်ရွက်တစ်ရွက်ကဲ့သို့ ဖြစ်နေသည်။ သူသည် တာအိုပညာရပ်များကို အသုံးမပြုနိုင်ရုံသာမက မြေပြင်သို့ ပြုတ်ကျ ပြီး သေလုနီးပါး ဖြစ်နေသည်။
သူ၏ ပျံသန်းနိုင်သော မှော်ရတနာပင် မှော်မန္တန်များ၏ အထောက်အကူ လိုအပ်သဖြင့် အသံလှိုင်းများကြောင့် ပျက်စီးသွားနိုင်သည်။ ထိုစဉ်က ဟုန်ယွိ၏ 'မဟာလေဟာနယ် လက်ဝါးစွမ်းအား' ပင်လျှင် ဟုန်ရွှန်ကျိ၏ ဟိန်းသံကြောင့် ပျက်စီးလုနီးပါး ဖြစ်ကာ မြေပြင်သို့ ပြုတ်ကျခဲ့ရဖူးသည်။
လူသားအင်မော်တယ် တစ်ဦး၏ အနီးအနား ကောင်းကင်ယံတွင် မည်သည့်အရာမျှ ပျံသန်း ၍ မရသလို၊ မည်သည့် မှော်မန္တန်မှလည်း အသုံးမဝင်ပေ။
“အား။”
ဟုန်ယွိ၏ ဟိန်းဟောက်သံမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ဘိုးဘေး ဟုန်လင်သည် ဆက်လက် မခံစားနိုင်တော့ဘဲ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ မြေပြင်သို့ ပြုတ်ကျသွားသည်။ သူ၏ တပည့်ကဲ့သို့ပင် သူ၏ ရုပ်ခန္ဓာကိုယ်မှာလည်း ကြေမွ ပျက်စီးသွားခဲ့သည်။
ထို့နောက် သူ၏ စိတ်ဝိညာဉ်မှာ ကောင်းကင်နှင့်မြေကြီးကြားတွင် ထွက်ပေါ်လာသည်။ သို့သော် ရွှယ်ကူကျိနှင့် မတူသည်မှာ သူ၏ စိတ်ဝိညာဉ်မှာ ပျောက်ကွယ်မသွားပေ။ သူသည် ကြေမွသွားသော သူ၏ရုပ်ခန္ဓာပေါ်တွင် ထိုင်နေပြီး သူ၏ စိတ်ဝိညာဉ် အတွေး အပိုင်းစများသည် သူ၏ခန္ဓာကိုယ်အနှံ့ တလက်လက် တောက်ပနေသည်။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်သွယ်ထားပြီး ပြိုကွဲမသွားအောင် ထိန်းထားနိုင်ခဲ့သည်။
“ရေခဲဝိညာဉ် စုစည်းခြင်းပညာရပ်။”
ဘိုးဘေးဟုန်လင်၏ စိတ်ဝိညာဉ် အတွေးအပိုင်းစတိုင်းက ဟိန်းဟောက်လိုက်ပြီး စိတ်ဝိညာဉ်ကို ပြန်လည်စုစည်းနိုင်သည့် တာအိုပညာကို အသုံးပြုလိုက်သည်။ အကယ်၍ ဤသို့သာ မလုပ်ဆောင်ပါက သူ၏ စိတ်ဝိညာဉ်သည် အသံလှိုင်းများကြောင့် ပျက်စီးသွား ရတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ဟုန်ယွိက ဟိန်းဟောက်ခြင်းကို ရုတ်တရက် ရပ်လိုက်ပြီး အောက်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။ သူသည် 'မဟာလေဟာနယ် လက်ဝါး စွမ်းအား' ကို ထုတ်ဖော်ကာ ရိုက်ချလိုက်ရာ ဘိုးဘေးဟုန်လင်၏ စိတ်ဝိညာဉ် အတွေးများ သည် ချက်ချင်းပင် ပြိုကွဲသွားရတော့သည်။
ဝုန်း…။
ဘိုးဘေးဟုန်လင်၏ စိတ်ဝိညာဉ်မှာ တစစီ ပျံ့လွင့်သွားသော်လည်း အရောင်တလက်လက် တောက်ပနေသော သူ၏ စိတ်ဝိညာဉ် အတွေးအပိုင်းစများက အော်ဟစ်ပြောဆိုနေကြ သည်။ “ဟုန်ယွိ... မင်းရဲ့ ဟိန်းဟောက်သံနဲ့ ငါ့စိတ်ဝိညာဉ်ကို ပြိုကွဲအောင် လုပ်နိုင်ပေမဲ့ ငါ့ရဲ့စိတ်ဝိညာဉ် အတွေးအပိုင်းစတွေကိုတော့ မဖျက်ဆီးနိုင်သေးဘူး။ အခု ငါ့ရဲ့ စိတ်ဝိညာဉ် အတွေးအပိုင်းစ တစ်ခု လွတ်သွားရင်တောင် ငါ မသေဘူး။ ငါ မင်းကို ဘဝ ဆက်တိုင်း လက်စားချေဖို့ ကျိန်ဆိုတယ်။”
“ဟုတ်လို့လား။”
ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် ကြီးမားလှသော ချီဝိညာဉ် ဝဲဂယက်ကြီးတစ်ခု ပေါ်လာပြီး ပျံ့လွင့်နေသော စိတ်ဝိညာဉ် အတွေးအပိုင်းစ အားလုံးကို ဝါးမြိုစုပ်ယူလိုက်တော့သည်။
ဤနေရာတွင် ဘိုးဘေးဟုန်လင်နှင့် သူ၏တပည့်တို့မှာ လုံးဝ အဆုံးသတ်သွားခဲ့ပြီ။
“ငါ့ရဲ့ လူသားအင်မော်တယ် ဟိန်းဟောက်သံက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ အဲဒီနေ့က ဟုန်ရွှန်ကျိသာ သူ့ရဲ့အစွမ်းကို အကုန်အသုံးပြုခဲ့ရင် ငါလည်း ကောင်းကင်ပေါ်က ပြုတ်ကျပြီး ဒီလိုပဲ အဆုံးသတ်သွားမှာပဲ။ ဒါပေမဲ့ သူ အဲဒီလို လုပ်ခဲ့ရင်လည်း ကျောက်စိမ်းမြို့တော်မှာ ရှိတဲ့လူတိုင်း ညကြီးအချိန်မတော် ဧကရာဇ် အကြံပေးရဲ့ ဟိန်းဟောက်သံကို ကြားရမှာပေါ့...။” ဟုန်ယွိသည် ရုတ်တရက် တွေးတော မိလိုက်လေသည်။