စုမိသားစု လှုပ်ရှားပြီ
Vol. 16 Ch. 165
ညရောက်သည်နှင့် စုမိသားစု ကျင့်ကြံသူများ စတင် လှုပ်ရှားကြသည်။ ထောင်ထဲရှိ သက်ရှည်နည်းစနစ် ကျင့်ကြံထားသော လေလွင့်ကျင့်ကြံသူ တစ်ထောင်ကို လူတစ်ရာလျှင် တစ်တွဲစီ သံကြိုးရှည်ကြီးများဖြင့် ချုပ်နှောင်ပြီး ချိုင့်ဝှမ်းအလယ်ရှိ ဝိညာဉ်ဝါးမြိုအစီအရင်ဆီသို့ တရွတ်တိုက် ဆွဲခေါ်လာသည်မှာ ဝက်များအား သားသတ်ရုံသို့ ဆွဲခေါ်လာသည်နှင့်ပင် တူနေသည်။ သံကြိုးဖြင့် ချုပ်နှောင်ခံထားရရုံမက ဝိညာဉ်စွမ်းအင်ကို မသုံးနိုင်အောင် ချိတ်ပိတ်ခံထားရသဖြင့် ပြန်မခုခံနိုင်ကြပေ။
လေလွင့်ကျင့်ကြံသူ တစ်ထောင် ရောက်လာသောအခါ စုချန်နှင့် ချင်းယန်တို့မှာ အသင့်စောင့်နေကြပြီဖြစ်သည်။ လေလွင့်ကျင့်ကြံသူများကို အစီအရင်၏ အနောက်ပိုင်းသို့ ခေါ်ဆောင်သွားပြီး ကြိုတင်ပြင်ဆင်ထားသော သံတိုင်များတွင် ချည်နှောင်လိုက်သည်။
အသင့်ဖြစ်သည်နှင့် စုချန်က ချင်းယန်ကို ပြောလိုက်သည်။
“ချင်းယန်၊ အစီအရင် စတင်ဖို့ ပြင်ဆင်တော့”
ချင်းယန်က ခေါင်းညိတ်ပြရင်း “စကြတာပေါ့”ဟု ပြောလိုက်သည်။
စုချန်နှင့် ချင်းယန်တို့သည် အစီအရင် ထိန်းချုပ်တံဆိပ်များ ထုတ်ယူကာ အစီအရင်မန္တန်များ ရွတ်ဖတ်လိုက်ကြသည်။ ချက်ချင်းပင် အစီအရင်ထိန်းချုပ်တံဆိပ် နှစ်ခုလုံးမှ အစိမ်းဖျော့ဖျော့အလင်းများ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် အစီအရင်၏အစွန်းတွင် စောင့်ကြည့်နေသော စုဝမ်ရှီက လေထဲသို့ ပျံတက်ကာ အစီအရင်အထက်တွင် လှည့်ပတ်ပျံသန်းရင်း အဆင့်မြင့်ဝိညာဥ်ကျောက် ၈၁ လုံးကို အစီအရင်တွင်းရှိ သတ်မှတ်နေရာများသို့ ပစ်သွင်းနေရာချလိုက်သည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ဝင်ရောက်သွားသည်နှင့် အစီအရင်အစွန်းရှိ ပုံစံကွက်များမှ အစိမ်းရောင် အလင်းတန်းများ ထွက်လာသည်။ ထိုအလင်းတန်းများ အစီအရင်၏ အလယ်ဗဟိုသို့ စုဝေးလာပြီး ၁၀ မိနစ် အစီအရင်တစ်ခုလုံး အစိမ်းရောင်အလင်းများ ဖုံးလွှမ်းသွားတော့သည်။
အစိမ်းရောင်အလင်းအောက်တွင် အိုမင်းနေသော စုချန်၏ မျက်နှာမှာ အစိမ်းပုပ်ရောင်သမ်းနေပြီး အလွန်ပင် ချောက်ချားဖွယ်ကောင်းလှသည်။ စုချန်သည် မန္တန်များ ရွတ်ဖတ်ရင်း အဓိက အစီအရင်ထိန်းချုပ်တံဆိပ်ထဲသို့ ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် သွင်းနေသည်။ သူသည် ဝိညာဉ်ဝါးမြိုအစီအရင်၏ အဓိက ထိန်းချုပ်သူဖြစ်ပြီး ချင်းယန်မှာ အကူအညီပေးသူမျှသာ ဖြစ်သည်။
စုချန်၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုမှာ အလွန်လျင်မြန်သော်လည်း လန်းဆန်းတက်ကြွနေကာ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမရှိပေ။ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့ခြင်းမှာ ဤအချိန်အတွက် ဖြစ်သည်။
……
ချိုင့်ဝှမ်းအပြင်ဘက်ရှိ ဂူထဲတွင် ပုန်းနေသော စုန့်ဝမ်မှာ ဂနာမငြိမ် ဖြစ်နေသည်။ ချိုင့်ဝှမ်းအတွင်းက လှုပ်ရှားမှုများကို သူ့ဝိညာဉ်အာရုံဖြင့် မသိနိုင်သော်လည်း ထူးခြားနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ချိုင့်ဝှမ်းကို အစီအရင်ဖြင့် ပိတ်ထားသော်လည်း အတွင်းရှိ ဝိညာဉ်စွမ်းအား တုန်ခါမှုများမှာ ပုံမှန်ထက် ပိုမိုပြင်းထန်နေသည်ကို ခံစားမိသည်။
ချိုင့်ဝှမ်းအတွင်း ကြီးမားသောလှုပ်ရှားမှု တစ်ခုခု ဖြစ်နေသည်မှာ အသေအချာပင်။ စုန့်ဝမ် ကောင်းကင်ကို မော့ကြည့်ကာ တုမိသားစု ရောက်လာမလားဟု မျှော်လင့်နေသော်လည်း ပေါ်မလာသေးပေ။ နာရီဝက်ခန့် စောင့်ပြီးနောက် ချိုင့်ဝှမ်းတွင်းရှိ ဝိညာဉ်စွမ်းအား တုန်ခါမှုမှာ ပိုမိုပြင်းထန်လာပြီး အဝေးကပင် ခံစားနေရသည်။
ထိုအချိန်တွင် ဝေးလံသော ကောင်းကင်ယံမှ ပုံရိပ်ပေါင်း တစ်ဒါဇင်ကျော် ချင်းဖျင်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ စုမိသားစု အစောင့်များက ဤထူးခြားမှုကို သတိပြုမိလိုက်ပြီး အရေးပေါ် အချက်ပြကျောက်စိမ်းပြားကို ချေဖျက်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ တက်သွားသည်။
ချင်းဖျင်တောင်ရှိ စုမိသားစုဝင်များ အဖြူရောင်အလင်းကို ချက်ချင်း သတိပြုမိလိုက်ကြပြီး၊ တောင်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ အချို့မှာ ဓားစီး၍ ပျံသန်းကြပြီး အချို့မှာ ပျံသန်းခြင်း အတတ်များကို အသုံးပြုကြသည်။ စုအန်ချင်း၏ ဦးဆောင်မှုအောက်တွင် စုမိသားစုဝင် တစ်ရာကျော်မှာ လေထဲသို့ ပျံတက်လာကြသည်။ အဆင့်အနိမ့်ဆုံးသူမှာ ချီစုစည်းခြင်း သတ္တမအဆင့် ရှိပြီး၊ အခြေတည်အဆင့်လည်း မနည်းပေ။
ကျူးကျော်သူများသည် ရှေ့ဆက်တိုးမလာဘဲ ၈ မိုင် အကွာတွင် ရပ်တန့်သွားကြသဖြင့် သူတို့ အံ့သြသွားကြသည်။ သို့သော် ထိုသူများထဲမှ တစ်ဦးက ဓားပျံပစ်လွှတ်လိုက်သည်ကို မြင်သောအခါ၊ စုအန်ချင်း အကြီးအကျယ် ထိတ်လန့်သွားပြီး “တုမိသားစုလား”ဟု ရေရွတ်လိုက်မိသည်။ ဓားပျံမှာ အနီရောင် အလင်းတန်းသဖွယ် အရှိန်ဖြင့် ပြေးဝင်လာသည်။ ကျူးကျော်သူများထဲတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ပါဝင်နေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာ ၈ မိုင်အကွာထိ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
စုအန်ချင်း အထိတ်တလန့်နှင့် အမိန့်ပေးလိုက်သည်။
“အစီအရင်ကို အသက်သွင်းကြ”
ယခုအချိန်တွင် ဘိုးဘေးမှာ တိုက်ခိုက်နိုင်စွမ်း မရှိသလို စုမိသားစုတွင်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ နောက်တစ်ယောက် မရှိပေ။ အစီအရင်၏ ကာကွယ်မှု မရှိလျှင် တုမိသားစု၏ ဘိုးဘေးတုထျန်းဟွာသည် ချင်းဖျင်တောင်ပေါ်ရှိ စုမိသားစု ကျင့်ကြံသူ အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံ လွှမ်းမိုးမှုမှာ ၈ မိုင်ခန့်ရှိရာ ထိုအတွင်းရှိ မည်သည့်အရာကိုမဆို စိတ်ကြိုက် တိုက်ခိုက်နိုင်သည်။ နှိုင်းယှဉ်ရလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံမှာ ၄ မိုင်ခန့်သာ ရှိသည်။
စုမိသားစုတွင် လူအင်အား များသော်လည်း တုထျန်းဟွာသည် စုမိသားစု ကျင့်ကြံသူများနှင့် ၄ မိုင်အတွင်းသို့ မဝင်သရွေ့ စုမိသားစု၏ တိုက်ခိုက်မှုများမှာ သူ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
အောက်ဘက်ရှိ ကွင်းပြင်တွင် ပြင်ဆင်ထားသော စုမိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ ၉ ဦးမှာ နေရာအသီးသီးတွင် ရပ်နေကြပြီး အဝါရောင် အလံငယ်များကို ကိုင်ထားကြသည်။ စုအန်ချင်း အမိန့်ပေးသည်နှင့် ထို ၉ ဦးမှာ အလံငယ်များကို မြေကြီးထဲသို့ စိုက်လိုက်ပြီး မန္တန်ရွတ်ဆိုရင်း မန္တန်လက်ကွက်များ ဖော်လိုက်ကြသည်။ ချက်ချင်းပင် အဝါရောင်အလင်းများ ထွက်ပေါ်နေသော ကြီးမားသည့် အစီအရင် အကာအကွယ်တစ်ခု ပေါ်လာပြီး အစီအရင်ကွင်းပြင် တစ်ခုလုံးနှင့် လေထဲရှိ စုမိသားစုဝင်များကို ဖုံးအုပ်လိုက်သည်။
“ထန်း ..”
အနီရောင်ဓားပျံမှာ အတားအဆီးကို ထိမှန်သွားသည်ပြီး ဓားပျံမှာ နောက်သို့ လွင့်ထွက်သွားသည်။ တုထျန်းဟွာ၏ တိုက်ခိုက်မှုကို စုမိသားစု၏ ကာကွယ်ရေးအစီအရင်က တားဆီးနိုင်ခဲ့သည်။
တုထျန်းဟွာသည် အရှေ့သို့ ပျံသန်းလာပြီး အစီအရင်ရှေ့တွင် ရပ်ကာ အေးစက်စွာ ပြုံးလိုက်သည်။
“စုမိသားစုက တကယ့်ကို အစဉ်အလာကြီးတဲ့ ရွှေအမြုတေမိသားစုပဲ၊ ကာကွယ်ရေးအတွက် တတိယအဆင့် မြေဓာတ်အစီအရင်တောင် သုံးထားတာပဲ”
အစီအရင်အတွင်းမှ စုအန်ချင်းမှာ တုထျန်းဟွာကို ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
“တုမိသားစုဘိုးဘေး၊ ခင်ဗျားက ငါတို့ စုမိသားစု ပြောင်ပြောင်တင်းတင်း လာတိုက်ရဲတယ်ပေါ့။ ဒါက ကျင့်ကြံခြင်းလောကရဲ့ ကြီးမားတဲ့ စည်းကမ်းဖောက်ဖျက်မှုပဲ။ တခြား ကျင့်ကြံရေးအင်အားစုတွေ စုပေါင်းပြီး ခင်ဗျားကို အပြစ်ပေးမှာ မကြောက်ဘူးလား”
တုထျန်းဟွာက နှာခေါင်းရှုံ့လိုက်သည်။
“စုမိသားစုက ဝိညာဥ်ဆေးပင်တွေ စိုက်ဖို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အသုံးချတာနဲ့ အဘိုးကြီးစုချန် သက်တမ်းတိုးဖို့ လုပ်နေတာကမှ ကျင့်ကြံခြင်းလောကရဲ့ စည်းကမ်းကို ဖောက်ဖျက်နေတာ။ တကယ်ကြောက်ရမှာ မင်းတို့ စုမိသားစုပဲ မဟုတ်လား”
တုမိသားစုက စုမိသားစု လျှို့ဝှက်ချက်များကို သိနေသဖြင့် စုအန်ချင်းမှာ ထိတ်လန့်တုန်လှုပ်သွားသည်။
“ခင်ဗျား ဒါကို ဘယ်လိုသိတာလဲ”
“ဟဲဟဲ” တုထျန်းဟွာ၏ လှောင်ပြောင်သံ ပဲ့တင်ထပ်သွားသည်။“ငါတင် သိတာ မဟုတ်ဘူး၊ ဒီညကုန်ရင် ကျင့်ကြံခြင်းလောက တစ်ခုလုံး သိသွားလိမ့်မယ်။ ဒီလောကမှာ စုမိသားစုအတွက် နေရာရှိတော့မှာ မဟုတ်ဘူး။ သေခြင်းတရားကို လက်မခံနိုင်တဲ့ ကျင့်ကြံသူတွေ အလုံးအရင်းနဲ့ လာပြီး ချင်းဖျင်တောင်ကို မြေလှန်ပစ်ကြလိမ့်မယ်၊ ဟားဟားဟား...” တုထျန်းဟွာ၏ ရယ်သံမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။
တရားဝင် အင်အားစုတစ်ခုဖြစ်သဖြင့် တုမိသားစုသည် စုမိသားစုကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခု လိုအပ်သည်။ လမ်းမှန်ကျင့်ကြံမှုလောကတွင် သူတို့၏ စိတ်ရင်းမှန်မှာ မည်သို့ပင်ဖြစ်စေ၊ အမြဲတမ်း တရားမျှတသော အကြောင်းပြချက်ကို ရှာလေ့ရှိကြသည်။ ထို့ကြောင့် တုထျန်းဟွာသည် မနက်မိုးလင်းလျှင် စုမိသားစု၏ ကျင့်ဝတ်မဲ့သော လုပ်ရပ်များကို ကျင့်ကြံခြင်းလောက တစ်ခုလုံးသို့ ကြေညာရန် စီစဉ်ထားပြီး ဖြစ်သည်။ ထိုအခါ မိသားစု၏နာမည် ပျက်စီးသွားပြီး လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
တုထျန်းဟွာသည် သူ့နောက်ရှိ တုမိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို အမိန့်ပေးလိုက်သည်။
“ချင်းဖျင်တောင် တစ်ခုလုံးမှာရှိတဲ့ ယူသွားလို့ရတဲ့ ဝိညာဉ်ပစ္စည်း အားလုံးကို ရှာကြ”
ကာကွယ်ရေးအစီအရင်မှာ အစီအရင် ခင်းကျင်းရာ ကွင်းပြင်ကိုသာ ကာကွယ်နိုင်ပြီး၊ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ချင်းဖျင်တောင် တစ်ခုလုံးကို ဖုံးအုပ်ရန် မဖြစ်နိုင်ပေ။ ထိုသို့ လုပ်ဆောင်ရန် ကုန်ကျမည့် ဝိညာဉ်ကျောက် ပမာဏမှာ ရွှေအမြုတေမိသားစု ကျခံနိုင်သောအရာ မဟုတ်ပေ။
အစီအရင်၏ ကာကွယ်မှု မရှိသဖြင့် တုမိသားစုမှာ စိတ်ကြိုက် လုယက်နိုင်ပြီဖြစ်သည်။ မိသားစုခေါင်းဆောင် တုလောယွင်၏ ဦးဆောင်မှုဖြင့် တုမိသားစုဝင် အခြတည်အဆင့် ကျင့်ကြံသူတစ်ဒါဇင်မှာ စုမိသားစု၏ အရေးကြီးသော နေရာများဖြစ်သည့် အကြီးအကဲဂေဟာများ၊ ဆေးဖော်ခန်း၊ မန္တန်ခန်းမနှင့် ဝိညာဥ်ဆေးပင်ခြံများဆီသို့ ဝင်ရောက်ကာ အဖိုးတန်ပစ္စည်း အမျိုးမျိုးကို သိမ်းယူကြတော့သည်။
အထူးသဖြင့် စုမိသားစု၏ ဝိညာဉ်စိုက်ခင်းများရှိ ဆေးပင်များမှာ တန်ဖိုးကြီးလှသဖြင့် သက်တမ်းကိုပင် မကြည့်ဘဲ အကုန်သိမ်းယူကြသည်။ ဖြစ်နိုင်လျှင် စိုက်ခင်းရှိ မြေကြီးကိုပင် သယ်သွားချင်နေသည့်အလားပင်။
တုထျန်းဟွာအတွက် စိတ်ပျက်စရာတစ်ခုမှာ စုမိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော ကျင့်စဉ်များနှင့် လျှို့ဝှက်ချက်များရှိရာနေရာမှာ အစီအရင်ကွင်းပြင်နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး တတိယအဆင့် မြေဓာတ်အစီအရင်ဖြင့် ကာကွယ်ထားသော အဝန်းအဝိုင်းထဲ ပါဝင်နေခြင်းပင် ဖြစ်သည်။
တုထျန်းဟွာသည် အစီအရင်အတွင်းမှ စူးအန်းချင်းကို လှောင်ပြောင်သော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် စုချန်နေထိုင်ရာ အရှေ့ဘက် ချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားသည်။ သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း တစ်ယောက်တည်းအင်အားဖြင့် တတိယအဆင့် မြေဓာတ်အစီအရင်ကို အချိန်တိုအတွင်း မဖျက်နိုင်ပေ၊ သူ့တွင် ပိုမိုအရေးကြီးသော ကိစ္စများ ရှိနေသဖြင့် တစ်နေရာတည်း အချိန်မဖြုန်းနိုင်ပေ။
တုထျန်းဟွာသည် အရှေ့ဖက်ချိုင့်ဝှမ်းသို့ ရောက်လာပြီး မန္တန်လက်ကွက်များကို ချက်ချင်း ဖော်လိုက်သည်နှင့် အနီရောင်ဓားပျံမှာ သွေးနီရောင်အလင်းများ တောက်ပလာပြီး ကောင်းကင်မှ ကျလာသော ကြယ်တံခွန်ကဲ့သို့ ချိုင့်ဝှမ်း၏ အစီအရင်အတားအဆီးကို အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဤချိုင့်ဝှမ်းတွင် တပ်ဆင်ထားသော အစီအရင်မှာလည်း ယင်ယန်လေးပါးအစီအရင်ဟုခေါ်သည့် တတိယအဆင့် အစီအရင် ဖြစ်သည်။ ၎င်းမှာ ကာကွယ်ခြင်း၊ အော်ရာနှင့် ဝိညာဉ်တုန်ခါမှုများကို ဖုံးကွယ်ခြင်းနှင့် အမြင်အာရုံကို ပိတ်ဆို့ခြင်း စသည့် အမျိုးမျိုးသော စွမ်းဆောင်ရည်များ ရှိသည်။ လုပ်ဆောင်ချက်များစွာ ရှိသော်လည်း ကာကွယ်ရေးသက်သက်တွင်မူ အစီအရင်ကွင်းပြင်ရှိ မြေဓာတ်အစီအရင်လောက် မခိုင်မာပေ။
အနီရောင်ဓားပျံက အစီအရင် အတားအဆီးကို ထိမှန်သွားရာ ကမ္ဘာပျက်မတတ် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းများ ဘေးပတ်ပတ်လည်သို့ တိုက်ခတ်သွားသည်။ အစီအရင် အတားအဆီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး လှိုင်းများ ထလာသည်။
စုချန်သည် ထိုမြင်ကွင်းကို မော့ကြည့်ရင်း သူ့မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ သူကိုယ်တိုင် လှုပ်ရှားမရသဖြင့် ဝိညာဉ်ဝါးမြိုအစီအရင်ကို ထိန်းချုပ်ရင်း ချင်းယန်ကို လှမ်းပြောလိုက်သည်။
“ချင်းယန်၊ ဝိညာဉ်ဝါးမြိုအစီအရင်က အောင်အောင်မြင်မြင် အသက်ဝင်သွားပြီ။ အခု ငါတစ်ယောက်တည်း ထိန်းနိုင်ပြီ၊ မင်း တုထျန်းဟွာကို သွားရင်ဆိုင်လိုက်ဦး”
ဝိညာဉ်ဝါးမြိုအစီအရင် အသက်ဝင်လာသည်နှင့် သင်္ကေတများအတွင်းမှ သွေးရည်ကြည်များ ထူထပ်စွာ ထွက်ပေါ်လာပြီး သွေးမြွေတစ်ကောင်အဖြစ် ပေါင်းစပ်သွားသည်။ ထိုသွေးမြွေမှာ တစ်ပေခန့် ရှည်လျားပြီး အစီအရင်သင်္ကေတများအတွင်း ဖြည်းဖြည်းချင်း လှုပ်ရှားကာ အနောက်ဘက်ပိုင်းရှိ လေလွင့်ကျင့်ကြံသူများဆီ ကူးခတ်သွားသည်။
ရှေ့ဆုံးတန်းမှ ပထမဆုံး လေလွင့်ကျင့်ကြံသူမှာ ထူးဆန်းသော သွေးမြွေတစ်ကောင် သူ့ခြေထောက်ပေါ်သို့ တက်လာသည်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။ ကံဆိုးစွာပင် သူသည် ချိတ်ပိတ်အစီအရင်ဖြင့် ချုပ်နှောင်ခံထားရသောကြောင့် မလှုပ်နိုင်၊ စကားမပြောနိုင်ဘဲ သွေးမြွေက သူ့မျက်နှာပေါ် တက်လာကာ ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ တိုးဝင်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ ချက်ချင်းပင် ထိုလေလွင့်ကျင့်ကြံသူမှာ အလွန်အမင်း နာကျင်လာပြီး၊ သူ့မျက်နှာမှာ ဝေဒနာကြောင့် ရှုံ့မဲ့သွားကာ တစ်ကိုယ်လုံးလည်း တုန်ခါနေတော့သည်။ မကြာမီ သူ့ခန္ဓာကိုယ်မှာ ပျော့ခွေကာ လဲကျသွားသည်၊ ကိုယ်တွင်းရှိ အရိုးနှင့် အသားများမှာ ချက်ချင်း အရည်ပျော်သွားသကဲ့သို့ ဖြစ်ကာ အရေပြားကို မထိန်းထားနိုင်တော့ဘဲ အတွင်းသို့ လိပ်ဝင်သွားသည်။
သွေးမြွေမှာ ထိုသူ၏ ကိုယ်တွင်းမှ ပြန်ထွက်လာပြီး အစီအရင်သင်္ကေတများအတိုင်း နောက်ထပ် လေလွင့်ကျင့်ကြံသူဆီသို့ ကူးခတ်သွားပြန်သည်။ လေလွင့်ကျင့်ကြံသူတစ်ဦး၏ အသားကို ဝါးမြိုပြီးနောက် သွေးမြွေ၏အလျားမှာ အနည်းငယ် ရှည်လာပြီး အရှိန်မှာလည်း ပိုမိုမြန်လာသည်။
ချင်းယန်သည် အစီအရင်၏ အနောက်ဘက်ပိုင်းရှိ သွေးမြွေကို တစ်ချက်ကြည့်ပြီးနောက် အရန်အစီအရင် ထိန်းချုပ်တံဆိပ်ကို မြေကြီးပေါ် ချထားခဲ့ပြီး မတ်တတ်ရပ်ကာ စုချန်ကို ပြောလိုက်သည်။
“အားနာမနေပါနဲ့ အစ်ကိုစု၊ ကျွန်မ အခုချက်ချင်း သွားရှင်းပြီး ပြန်လာခဲ့မယ်”
စကားဆုံးသည်နှင့် မြေပြင်မှ ကြွတက်ကာ လေထဲသို့ ပျံတက်သွားသည်။
အရန်အစီအရင် ထိန်းချုပ်တံဆိပ်ကို အစီအရင်အတွင်းမှာပင် ထားခဲ့ရခြင်းမှာ အစီအရင် အသက်ဝင်သွားသည်နှင့် အစီအရင်ထိန်းချုပ်တံဆိပ် နှစ်ခုလုံး အစီအရင်အတွင်းမှ ထွက်သွား၍ မရသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် အစီအရင်၏ လည်ပတ်မှုမှာ ရပ်တန့်သွားပေလိမ့်မည်။
“ချင်းယန်၊ သတိထားဦးနော်”ဟု စုချန်က သတိပေးလိုက်သည်။
“ကျွန်မက သားရဲသခင်ဂိုဏ်းက ဝါရင့်ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ပါ၊ ရွှေအမြုတေဖွဲ့နိုင်တာ ဆယ်နှစ်ပဲ ရှိသေးတဲ့ မိသားစုလေးက ကျင့်ကြံသူကို ကိုင်တွယ်ရတာက စိုးရိမ်စရာ မဟုတ်ပါဘူး”
ချင်းယန်မှာ တုထျန်းဟွာကို လုံးဝဂရုမစိုက်သည့် ပုံစံဖြင့် အေးအေးဆေးဆေးပင် ရှိနေသည်။ စကားမဆုံးခင်မှာပင် ချင်းယန်သည် ချိုင့်ဝှမ်းအထက်ရှိ ကာကွယ်ရေးအစီအရင်၏ အစွန်းသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် မြေကမ္ဘာအစီအရင်၏ အပေါ်ပိုင်းတွင် အပေါက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ချင်းယန် အပြင်သို့ ပျံထွက်သွားပြီးနောက် ထိုအပေါက်မှာ ချက်ချင်း ပြန်ပိတ်သွားသည်။
စုချန်သည် ချင်းယန် ပျောက်ကွယ်သွားသော နေရာကို ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
“ချင်းယန်... မင်းက ငယ်ငယ်တုန်းကလိုပဲ စိတ်ဆတ်ပြီး ပွင့်လင်းနေတုန်းပဲ။ ငါ မင်းကို ညီမလေးတစ်ယောက်လို သဘောထားခဲ့ပြီး မထိခိုက်စေချင်ခဲ့ဘူး၊ ဒါပေမဲ့ ရွှေအမြုတေ အလယ်အလတ်အဆင့် တက်လှမ်းနိုင်ဖို့အတွက် ငါရက်စက်ရတော့မယ်”
..……