← Chapters

ရွှေအမြုတေကျင့်ကြံသူချင်း တိုက်ခိုက်ပြီ

Vol. 16 Ch. 166

ရွှေအမြုတေကျင့်ကြံသူချင်း တိုက်ခိုက်ပြီ

Vol. 16 Ch. 166

တုထျန်းဟွာသည် အစီအရင်ထဲမှ ရုတ်တရက် ပျံထွက်လာ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ စုန့်ဝမ် ပေးပို့ထားသော သတင်းထဲတွင် ချင်းယန်အကြောင်း မပါဝင်သဖြင့် တုထျန်းဟွာသည် သူရင်ဆိုင်ရမည့် တစ်ဦးတည်းသော ရွှေအမြုတေအဆင့်ရန်သူမှာ စုချန်သာဖြစ်သည်ဟု တွက်ဆထားခဲ့သည်။

ချင်းယန် ပေါ်လာခြင်းကြောင့် သူ့အတွက် အခြေအနေကို ပြန်လည်သုံးသပ်ရန် ဖြစ်လာခဲ့သည်။ ချက်ချင်းပင် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး အကွာအဝေးတစ်ခု ခြားရန် ကြိုးစားလိုက်သည်။ ထိုရွှေအမြုတွေအဆင့် ကျင့်ကြံသူကို မည်သူမည်ဝါမှန်း မသိသော်လည်း သူမထံမှ ထွက်ပေါ်နေသော လေးနက်သည့် ဝိညာဉ်စွမ်းအား အငွေ့အသက်များကို ခံစားရသဖြင့် အားနည်းသူ မဟုတ်ဘဲ သူ့ထက် သာလွန်သူဖြစ်ကြောင်း သိလိုက်သည်။

"မိတ်ဆွေ... ခင်ဗျား ဘယ်သူလဲဆိုတာ မေးပါရစေ။ ဘာလို့ စုမိသားစုဆီမှာ ရောက်နေတာလဲ" တုထျန်းဟွာက သတိကြီးစွာထားပြီး မေးလိုက်သည်။

တုထျန်းဟွာ နောက်ဆုတ်သွားသည်ကို မြင်သောအခါ ထွက်ပြေးရန် ကြိုးစားနေသည်ဟု ထင်မှတ်ပြီး ချင်းယန်က ပြုံးလိုက်သည်။

"ထွက်ပြေးချင်လို့လား၊ နောက်ကျသွားပြီ"

စကားမဆုံးခင်မှာပင် မှန်သားပြင်ကဲ့သို့ ကြည်လင်ပြီး အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် ဓားတစ်လက်မှာ သူမရှေ့တွင် ပေါ်လာသည်။ ချင်းယန်က သွယ်လျသော လက်ချောင်းလေးများဖြင့် ထိုဓားရှည်ကို အသာအယာ ညွှန်ပြလိုက်သည်။

ချက်ချင်းပင် ဓားရှည်ထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့်အတူ ပေ ၃၀ ခန့်ရှည်လျားသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး တုထျန်းဟွာကို ခုတ်ပိုင်းလိုက်သည်။

တုထျန်းဟွာကလည်း လက်မနှေး၊ တုံ့ဆိုင်းမနေဘဲ အနီရောင်ဓားပျံကို ချက်ချင်း အသက်သွင်းလိုက်သည်။ ဓားသွားမှာ ထက်မြက်သော ဓားချီများဖြင့် ဝိုင်းရံလျက် လျင်မြန်သော အရှိန်ဖြင့် ဓားရှည်ဆီသို့ ပြေးဝင်သွားသည်။

တုထျန်းဟွာအနေဖြင့် ချင်းယန်ကို မယှဉ်နိုင်မှန်း သိသော်လည်း အသက်အန္တရာယ် ကြုံနေရသည့် အချိန်တွင် အစွမ်းကုန် တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

"ချွမ်း"

ဓားချင်း ထိမှန်သွားသည်နှင့် အနီရောင်ဓားပျံမှာ မယှဉ်နိုင်ဘဲ နောက်သို့ လွင့်ထွက်သွားသည်။ ဓားရှည်မှာလည်း ၎င်း၏ စွမ်းအင်အများစု ကုန်ဆုံးသွားသဖြင့် တုထျန်းဟွာကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။

ချင်းယန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ပြန်သည်။ တုထျန်းဟွာက ထိပ်တိုက် မရင်ဆိုင်ရဲသဖြင့် ငွေရောင်ဒိုင်းငယ်တစ်ခု ပစ်ထုတ် ကာကွယ်ပြီး နောက်လှည့်၍ ထွက်ပြေးတော့သည်။

ငွေရောင်ဒိုင်းငယ်က တံခါးတစ်ချပ် အရွယ်အစားအထိ ကြီးမားလာပြီး ဓားရှည်ကို ပိတ်ဆို့လိုက်သည်။

"ဝုန်း”

ဒိုင်းမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားသည်။ ဓားရှည်မှာလည်း အရှိန်လျှော့သွားသည်။

ချက်ချင်းပင် ချင်းယန်သည် ဓားရှည်ကို ထိန်းချုပ်ကာ ထွက်ပြေးနေသော တုထျန်းဟွာဆီသို့ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

သူ့နောက်ကျောဘက်မှ ကြောက်မက်ဖွယ် ဓားချီကို ခံစားလိုက်ရသဖြင့် တုထျန်းဟွာသည် "အရူးမ" ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူ့ငွေရောင်ဒိုင်းမှာ အလတ်စား ဝိညာဉ်လက်နက်ဖြစ်ပြီး သူ့ရှိသမျှ ကာကွယ်ရေးပစ္စည်းထဲ အားအကောင်းဆုံး ဖြစ်သော်လည်း ထိုအမျိုးသမီး၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

တုထျန်းဟွာလည်း စိတ်ပိုင်းဖြတ်လိုက်ဟန်နှင့် ကြက်ဥအရွယ်ခန့်ရှိသော အဖြူရောင်အလုံးလေးတစ်ခု ထုတ်ယူပြီး ညှစ်လိုက်သည်၊ ထိုအလုံးလေးမှာ ချက်ချင်း ကွဲအက်သွားပြီး မရေမတွက်နိုင်သော အဖြူရောင်မြူမှုန်များ ထွက်ပေါ်လာကာ တစ်မိုင်ပတ်လည်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး အဖြူရောင်မြူမှုန်နယ်မြေကြီးအဖြစ် ပြောင်းလဲသွားသည်။ ဤမြူမှာ အလွန်ထူးဆန်းသည်၊ ၎င်းသည် နယ်မြေတစ်ခုကို ဖုံးလွှမ်းသွားပြီးနောက် ဆက်လက် ပြန့်ကားခြင်း မရှိတော့ပေ။ လေပြင်းများပင်လျှင် ထိုမြူများကို မလှုပ်ခတ်နိုင်ပေ။

ဓားရှည်သည် အဖြူရောင်မြူများထဲ ဝင်ရောက်သွားသောအခါ မြူများကို ရမ်းခါသွားစေသော်လည်း မြူများမှာ အပြင်သို့ ပြန့်ထွက်မသွားပေ။

ချင်းယန်သည်လည်း တုထျန်းဟွာကို အာရုံမခံနိုင်တော့သဖြင့် အံ့သြသွားသည်။

"ဝိညာဉ်ဖုံးကွယ်မြူလား၊ ဒီကောင်လည်း မခေဘူးပဲ"

ဝိညာဉ်ဖုံးကွယ်မြူဆိုသည်မှာ ဝိညာဉ်အာရုံကို ဖြတ်တောက်နိုင်သော မြူထုဖြစ်သည်။ ထိုမြူများအတွင်း၌ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံမှာ ပြင်းထန်စွာ နှောင့်ယှက်ခြင်း ခံရသဖြင့် အတွင်းရှိ မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။ တုထျန်းဟွာက ဝိညာဉ်ဖုံးကွယ်မြူအတွင်း ခိုအောင်းနေသဖြင့် ချင်းယန်မှာ တည်နေရာအတိအကျကို အာရုံမခံနိုင်တော့ဘဲ ဓားဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

ချင်းယန်သည် ထိုမြူများကို စိုက်ကြည့်ကာ ခဏတာ စဉ်းစားသော်လည်း ကောင်းမွန်သော ဖြေရှင်းနည်း မတွေ့ပေ။ ထို့ကြောင့် ဓားရှည်ကို ထိန်းချုပ်ကာ မြူများထဲသို့ ရမ်းသမ်းတိုက်ခိုက်လိုက်သည်။ ဓားရှည်မှာ မြူထုအတွင်း လျင်မြန်စွာ တိုးဝင်သွားပြီးနောက် ခဏအကြာတွင် အခြားတစ်ဖက်မှ ပြန်လည် ထွက်ပေါ်လာသည်။ ထို့နောက် ပြန်လှည့်ကာ မြူများထဲသို့ ထပ်မံ ဝင်ရောက်သွားပြန်သည်။ ဤကဲ့သို့ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ခုတ်ပိုင်းပြီးနောက် မြူများ အနည်းငယ် ကွဲသွားသည်မှလွဲ၍ ထူးခြားသော တိုးတက်မှု မရှိကြောင်း သိလိုက်ရသဖြင့် ချင်းယန် လက်လျှော့လိုက်ရသည်။

ဤမြူများကို အမှန်တကယ် ပျောက်ကွယ်သွားစေရန်အတွက် သူမသည် ဝိညာဥ်စွမ်းအင် မတန်တဆ အကုန်ခံပြီး အကြိမ်ပေါင်း ထောင်သောင်းချီ၍ ခုတ်ပိုင်းရန် လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ဓားရှည်ကို ပြန်ခေါ်ပြီး ဝိညာဉ်ဖုံးကွယ်မြူများထဲသို့ ကိုယ်တိုင် လှမ်းဝင်သွားတော့သည်။

...

ချင်းယန်နှင့် တုထျန်းဟွာတို့ တိုက်ပွဲကို ချင်းဖျင်တောင်ပေါ်ရှိ လူတိုင်းလိုလို ခံစားတွေ့မြင်ခဲ့ရသည်။

တုလောယွင် မျက်နှာပျက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"တုမိသားစု ကျင့်ကြံသူ အားလုံး... ချင်းဖျင်တောင်နဲ့ ဝေးရာကို ဆုတ်ကြ"

ချင်းဖျင်တောင်ပေါ်တွင် ပျံ့နှံ့နေသော တုမိသားစု ကျင့်ကြံသူများသည် တုလောယွင်၏ အမိန့်ကို ကြားလျှင်ကြားချင်း အချိန်မဆွဲဘဲ အဝေးသို့ ထွက်ပြေးကြတော့သည်။

အစီအရင်များထဲ ပုန်းအောင်းနေပြီး ခေါင်းမပြူရဲကြသော စုမိသားစု ကျင့်ကြံသူများ ဝမ်းသာအားရ ဖြစ်သွားကြသည်။ စုအန်ချင်းက အလျင်အမြန် အမိန့်ပေးလိုက်သည်။

"အစီအရင် ဖွင့်လိုက်"

ခဏအကြာတွင် မြေဓာတ်ကာကွယ်ရေး အစီအရင် ပွင့်သွားသည်။ စုအန်ချင်းသည် စုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ဦးဆောင်ကာ တုလောယွင်ဆီသို့ ဦးတည်လိုက်သည်။

သူခိုးကို ဖမ်းချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည်။ တုလောယွင်သည် တုမိသားစု၏ အဆင့်အမြင့်ဆုံး အခြေတည်အဆင့် ကျင့်ကြံသူဖြစ်သလို မိသားစုခေါင်းဆောင်လည်း ဖြစ်သည်၊ သူမကို ဖမ်းနိုင်လျှင် တုမိသားစုကို ပြင်းထန်စွာ ထိုးနှက်နိုင်မည် ဖြစ်သည်။

တုလောယွင်မှာ တစ်ယောက်တည်း မဟုတ်ပေ၊ လမ်းခွဲ၍ ထွက်ပြေးသွားသော ကျင့်ကြံသူ လေးဦးမှလွဲ၍ ကျန်ရှိသော တုမိသားစု ကျင့်ကြံသူ ၁၀ ဦးမှာ သူမပတ်လည်တွင် စုဝေးနေကြသည်။ တုမိသားစုဝင်များသည် အလျင်အမြန် ထွက်ပြေးနေသော်လည်း နောက်ကျကျန်ခဲ့သော ကျင့်ကြံသူ နှစ်ဦးမှာ စုအန်ချင်း၏ လိုက်မီခြင်းကို ခံရကာ နေရာတင် သတ်ဖြတ်ခံလိုက်ရသည်။ တုလောယွင်သည် သူတို့ကို ကယ်တင်ချင်သော်လည်း စုမိသားစုမှာ လူအင်အား သာလွန်နေပြီး၊ အခြေတည်အဆင့်ခြင်း တူသော်လည်း စူအန်ချင်းကဲ့သို့ အထွတ်အထိပ်အဆင့်ကို မယှဥ်နိုင်သဖြင့် ဘာမှမတတ်နိုင်ဘဲ သူမ၏ မိသားစုဝင် နှစ်ဦး သတ်ဖြတ်ခံရသည်ကို ကြည့်နေရုံသာ ရှိတော့သည်။

မိုင်အနည်းငယ်အထိ လိုက်ဖမ်းပြီးနောက် ချင်းဖျင်တောင်တွင် အပြောင်းအလဲများ ထပ်ဖြစ်မည်ကို စိုးရိမ်သဖြင့် စုအန်ချင်းသည် လိုက်လံဖမ်းဆီးခြင်းကို လက်လျှော့ကာ ချင်းဖျင်တောင်သို့ ပြန်လာခဲ့ရသည်။

...

တချိန်တည်းတွင် ချင်းယန်သည် ဝိညာဉ်ဖုံးကွယ်မြူထဲသို့ ဝင်ပြီးနောက် ပတ်ဝန်းကျင်မှာ မှုန်မှိုင်းဝေဝါးနေပြီး သူမ၏ ဝိညာဉ်အာရုံမှာလည်း ပြင်းထန်စွာ ဖိနှိပ်ခံထားရသဖြင့် ပေ ၃၀ ပတ်လည်ရှိ လှုပ်ရှားမှုများကိုသာ အာရုံခံနိုင်သည်။

ရုတ်တရက် အရှေ့ဘက်ရှိ မြူများမှာ ပြင်းထန်စွာ လှုပ်ခတ်လာသဖြင့် ချင်းယန်က ဓားကို ဝှေ့ယမ်းကာ မြူထုကို ခုတ်ပိုင်းလိုက်သည်။ ၁၀ ပေခန့်ရှည်သော ဓားအလင်းတန်းမှာ လှုပ်ရှားနေသော မြူထုထဲသို့ တိုးဝင်သွားသည်။ သို့သော် ဘာကိုမျှ မထိမှန်ခဲ့ပေ။

ချက်ချင်းဆိုသလို သူမ၏ နောက်ကျောဘက်မှ မြူများ တစ်ဖန် လှုပ်ခတ်လာပြန်သည်။ ချင်းယန်က လှည့်ကြည့်ကာ ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သော်လည်း မည်သည့်အရာကိုမျှ မထိမှန်ခဲ့ပေ။ မြူများမှာ အောက်ဘက်၊ အပေါ်ဘက်၊ ဘယ်ဘက်... အစရှိသဖြင့် အရပ်မျက်နှာ အနှံ့အပြားမှ လှုပ်ခတ်နေသည်။

အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဓားအလင်းတန်းများကို ဆက်တိုက် တိုက်ခိုက်ပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း ချင်းယန် သတိပြုမိလာသည်။ တစ်ဖက်လူမှာ ဝိညာဉ်ဖုံးကွယ်မြူအတွင်းရှိ သူမ၏ တည်နေရာကို သိနိုင်သော နည်းလမ်းရှိနေသည်မှာ သိသာသည်၊ သူမဘက်မှာမူ တုထျန်းဟွာ မည်သည့်နေရာတွင် ရှိသည်ကို မသိနိုင်ပေ။ ဝိညာဉ်ဖုံးကွယ်မြူအတွင်းမှာ ဆက်နေခြင်းက သူမအတွက် အခြေအနေမဟန်ပေ။

ထို့ကြောင့် လှုပ်ရှားမှုနည်းစနစ်ကို အသက်သွင်းကာ အရှေ့သို့ တည့်တည့် ပျံသန်းလိုက်ပြီး ထိုမြူထဲမှ တတ်နိုင်သမျှ မြန်မြန် ထွက်နိုင်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် သူမ၏ ဘယ်ဘက်ရှိ မြူများမှာ ပြင်းထန်စွာ ထပ်မံ လှုပ်ခတ်လာပြန်သည်။ ချင်းယန်သည် ဓားချီတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ထုတ်လွှတ်လိုက်ပြီး အရှိန်ကို မလျှော့ဘဲ ရှေ့သို့ ဆက်လက် ပျံသန်းနေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းမှာ လှည့်စားခြင်း မဟုတ်ပေ။ အနီရောင်ဓားပျံသည် မြူများကို ထိုးဖောက်ကာ ချင်းယန်၏ ဓားချီကို ရှောင်ရှားလျက် သူမ၏ ဘယ်ဘက် ပုခုံးဆီသို့ ခုတ်ပိုင်းလိုက်သည်။

ချင်းယန် ထိတ်လန့်သွားပြီး အခြေအနေ မကောင်းမှန်း သိလိုက်ရသည်။ ဘေးသို့ အလျင်အမြန် ရှောင်လိုက်ပြီး ဓားပျံကို တားဆီးရန် ဓားရှည်ကို ဝှေ့ယမ်းခုခံလိုက်သည်။ အလျင်စလို ခုခံလိုက်ရသဖြင့် ချင်းယန်မှာ အင်အား အပြည့်အဝ မထုတ်နိုင်ခဲ့ပေ။

"ချွမ်"

ဓားချင်း ထိမှန်သွားသည်နှင့် ချင်းယန်မှာ နောက်သို့ လွင့်ထွက်သွားပြီး ဓားရှည်ပင် လွတ်ကျလုမတတ် ဖြစ်သွားသည်။

အားပြင်းသောဓားချီက သူမ၏ ညာလက်ကို ထိမှန်သွားသဖြင့် လက်မှာ ချက်ချင်းပင် သွေးချင်းချင်းနီသွားတော့သည်။ ချင်းယန်သည် ဝိညာဉ်စွမ်းအားကို အလျင်အမြန် အသက်သွင်းကာ ညာလက်ထဲတွင် စွဲကျန်နေသော ဓားချီများကို ဖယ်ရှားလိုက်ရသည်။

ညာလက်ဖျံပေါ်မှ အရိုးပေါ်လုမတတ် ဒဏ်ရာကို မြင်လိုက်ရသဖြင့် ချင်းယန်သည် ကြောက်စိတ်များပင် ဝင်လာသည်။ ဆက်မနေရဲတော့သဖြင့် စွမ်းအားအားလုံးကို အသုံးချကာ မြူထု၏ အပြင်ဘက်သို့ ပြန်ထွက်နိုင်ရန် လျင်မြန်စွာ ပျံထွက်သွားတော့သည်။

သို့သော် မြူထဲမှ မထွက်နိုင်သေးချိန် အရပ်မျက်နှာ အနှံ့အပြားမှ မြူများမှာ ပြင်းထန်စွာ လှုပ်ခတ်လာသည်ကို တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင် ချင်းယန်မှာ ဆက်လက် ပေါ့ဆ၍ မရတော့ပေ။ သူမ၏ သက်စောင့်ဝိညာဥ်ရတနာ သက်ရှည်ဓားကို ထုတ်ယူပြီး ဝေ့ယမ်းလိုက်ရာ ဓားချီများ သူမပတ်လည်တွင် လျင်မြန်စွာ လည်ပတ်လာပြီး အရပ်မျက်နှာ အနှံ့သို့ ပိုင်းဖြတ် တိုက်ခိုက်လိုက်သည်။ တချိန်တည်းမှာပင် ပျံသန်းမှုကို မရပ်တန့်ဘဲ မြူခိုးထု၏ အပြင်ဘက်သို့ ဆက်လက် ပျံသန်းနေခဲ့သည်။

အနီရောင်ဓားပျံသည် မြူထုအတွင်းပိုင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ချင်းယန်၏ ကျောဘက်ကို ခုတ်ပိုင်းလိုက်သော်လည်း သူမ၏ ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေသော သက်ရှည်ဓားက တားဆီးလိုက်သည်။

သို့သော် သက်ရှည်ဓားမှာ အနီရောင်ဓားပျံ၏ အဆက်မပြတ် တိုက်ခိုက်မှုကို အပြည့်အဝ မတားဆီးနိုင်ခဲ့ဘဲ ဓားချီတစ်စမှာ ချင်းယန်၏ ကျောဘက်သို့ ထိမှန်သွားသည်။

"ဖျစ်”

ချင်းယန်၏ ကျောဘက်တွင် နှစ်လက်မခန့်ရှည်သော ကြောက်မက်ဖွယ် ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး နံရိုးများကိုပင် မြင်နေရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဓားချီ၏ ထိမှန်မှုကြောင့် ချင်းယန်မှာ အရှေ့သို့ ယိုင်လဲသွားသဖြင့် မထင်မှတ်ဘဲ ဝိညာဉ်ဖုံးကွယ်မြူထဲမှ လွတ်မြောက်သွားစေခဲ့သည်။

ထိုအချိန်တွင် တုမိသားစု ကျင့်ကြံသူများကို လိုက်လံဖမ်းဆီးနေသော စုအန်ချင်းနှင့် အခြားသူများ ပြန်ရောက်လာကြသည်။ ချင်းယန်ပင် ဒဏ်ရာရပြီး အခက်တွေ့နေသည်ကို မြင်သောအခါ သူတို့အားလုံး စိုးရိမ်တုန်လှုပ်သွားကြပြီး နောက်ထပ် ပြဿနာများ မပေါ်လာရန်သာ ဆုတောင်းနေမိကြသည်။

မြူထုနှင့် ပေတစ်ထောင်ခန့် ဝေးကွာသွားပြီးနောက် ချင်းယန်က စုအန်ချင်းနှင့် အခြားသူများကို အော်ဟစ် အမိန့်ပေးလိုက်သည်။

"စုမိသားစုဝင်တွေ အားလုံး... ဒီမြူတွေကို တိုက်ခိုက်ပြီး ဖယ်ရှားပစ်ကြ။ ဒီနေ့ တုထျန်းဟွာကို တစ်စစီ လုပ်ပစ်မယ်”

ချင်းယန် စကားဆုံးသည်နှင့် စုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူများသည် အမျိုးမျိုးသော မန္တန်များကို အသက်သွင်းပြီး စတင်တိုက်ခိုက်ကြသည်။

သို့သော် မြူထုမှာ အတော်အတန် ကြီးမားပြီး လှုပ်ရှားမှု မရှိသဖြင့် သူတို့၏ တိုက်ခိုက်မှုများမှာ တိတိကျကျ ထိမှန်သွားသည်။ စုမိသားစု ကျင့်ကြံသူများက မီးနှင့် လေဓာတ် မန္တန်များကို ရွေးချယ် တိုက်ခိုက်ကြသည်၊ ၎င်းတို့မှာ ဝိညာဉ်ဖုံးကွယ်မြူကို ဖယ်ရှားရာတွင် အထိရောက်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

ချက်ချင်းဆိုသလို မြူထုအတွင်း၌ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး လေပြင်းများပါ တိုက်ခတ်လာသည်။ ချင်းယန်က ဘေးမှရပ်ကာ သူမ၏ သက်ရှည်ဓားကို အသက်သွင်းလျက် အင်အားများကို စုစည်းပြီး တုထျန်းဟွာ ပေါ်လာသည်နှင့် တိုက်ခိုက်မှုဖြင့် နှုတ်ဆက်ရန် စောင့်နေသည်။

…………..

All Chapters