← Chapters

ကျင့်ကြံသူတိုင်း ဝှက်ဖဲ ရှိတယ်

Vol. 16 Ch. 167

ကျင့်ကြံသူတိုင်း ဝှက်ဖဲ ရှိတယ်

Vol. 16 Ch. 167

ဝိညာဉ်ဖုံးကွယ်မြူများ တဖြည်းဖြည်း လွင့်ပါးသွားသောအခါ တုထျန်းဟွာ စိုးရိမ်ပူပန်လာသည်၊ ဤအတိုင်း ဆက်သွားလျှင် သူ့ပုံရိပ်မှာ မကြာခင် ပေါ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် ချင်းယန်၏ တည်နေရာကို ခန့်မှန်းပြီးနောက် ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးကာ မြူထဲမှ ဖောက်ထွက်သွားသည်။

တုထျန်းဟွာ ပေါ်လာသည်ကို မြင်လျှင် မြင်ချင်း ချင်းယန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြ သက်ရှည်ဓားဖြင့် ပစ်လွှတ် တိုက်ခိုက်လိုက်သည်။

တုထျန်းဟွာကလည်း ပြင်ဆင်ထားပြီးဖြစ်သဖြင့် အနီရောင်ဓားပျံဖြင့် ပစ်လွှတ်ခုခံလိုက်သည်။

"ချလွမ်း"

ဓားနှင့် ဓားချင်း ထိမှန်သွားသည်။

သူ့ဓားပျံ အရေးနိမ့်သွားလျှင်ပင် ၎င်းသည် ဓားရှည်၏ စွမ်းအားကို သိသိသာသာ လျော့နည်းစေလိမ့်မည်ဟု တုထျန်းဟွာ ထင်မှတ်နေချိန်မှာပင် ၁၀ ပေခန့်ရှည်သော ဓားချီတစ်ခု သက်ရှည်ဓားထဲမှ ထွက်ပေါ်လာပြီး သူ့နောက်ကျောကို ခုတ်ပိုင်းသွားသည်။

"ရွှပ်"

ဓားချီမှာ တုထျန်းဟွာ၏ ဘယ်ဘက်လက်ကို ပုခုံးမှနေ၍ ပြတ်တောက်သွားစေပြီး ပြင်းထန်သော စွမ်းအားလှိုင်းကြောင့် တုထျန်းဟွာကို လွင့်ထွက်သွားကာ အောက်ဘက်ရှိ တောအုပ်ထဲသို့ ကျဆင်းသွားသည်။

တုထျန်းဟွာသာ နောက်ဆုံးစက္ကန့်တွင် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်း၍ မရှောင်လိုက်လျှင် ထိုဓားချီမှာ သူ့ကို နှစ်ခြမ်း ခွဲပစ်လိုက်မည်မှာ ဧကန်ပင် ဖြစ်သည်။ တုထျန်းဟွာသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသဖြင့် ဖုန်မှုန့်များ လိပ်တက်သွားကာ ဆယ်ပေခန့်နက်သော ကျင်းတစ်ခု ဖြစ်သွားသည်။ သူ့ပါးစပ်မှ သွေးများမှာ စမ်းရေကဲ့သို့ အဆက်မပြတ် အန်ထွက်လာတော့သည်။

ချင်းယန်၏ မျက်နှာမှာ ကျေနပ်မှုဖြင့် ဝင်းပသွားသည်။ တုထျန်းဟွာကို အပြီးသတ် သတ်ဖြတ်ရန်အတွက် သက်ရှည်ဓားကို ပစ်လွှတ်လိုက်သည်။ သို့သော် ဓားရှည်မှာ ကျဆင်းခါနီးတွင် သစ်ပင်များကြားမှ ထူထပ်သော မြူများ တစ်ဖန် ပြန်တက်လာပြန်သည်။ တုထျန်းဟွာက ဝိညာဉ်ဖုံးကွယ်မြူကို ထပ်မံ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ချင်းယန်၏ ဝိညာဉ်အာရုံထဲတွင် တုထျန်းဟွာ၏အော်ရာ တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

"ဒီတောအုပ်ကို ဖျက်ဆီးပစ်ကြ"

ချင်းယန်လည်း ဒေါသထွက်လာပြီး စုမိသားစုဝင်များကို အမိန့်ပေးလိုက်သည်။

စုမိသားစုဝင် ကျင့်ကြံသူများသည် အမိန့်အတိုင်း တိုက်ခိုက်လိုက်ကြသည်။ ရုတ်တရက် တောင်တန်းများ လှုပ်ခါသွားပြီး မြေကြီးများ ကွဲအက်ကာ ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွားသည်။ ဝိညာဉ်ဖုံးကွယ်မြူများ လွင့်ပါးသွားသောအခါ တုထျန်းဟွာ၏ အရိပ်အယောင်မှာ ဘယ်နေရာမှ မရှိတော့ပေ။ တောအုပ်ကို အသုံးချ၍ မည်သို့သော နည်းလမ်းကို အသုံးပြုသည်မသိဘဲ သူ့အော်ရာကို ဖုံးကွယ်ကာ ချင်းယန်နှင့် အခြားသူများ၏ ဝိညာဉ်အာရုံမှ လွတ်မြောက်သွားခဲ့သည်။

ချင်းယန်မှာ ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။ ထို့နောက် ကုသရေးဆေးလုံး နှစ်လုံးကို မျိုချကာ ချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားသည်။ သူမ၏ ဒဏ်ရာများမှာ ပြင်းထန်ပြီး ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ လျော့နည်းသွားသဖြင့် တရားထိုင်ပြီး ဒဏ်ရာကုသရန် အချိန်အနည်းငယ် လိုအပ်ပေလိမ့်မည်။

ချင်းယန် ဒဏ်ရာနှင့် ပြန်လာသည်ကို မြင်သောအခါ စုချန်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် လှစ်ခနဲ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး စိုးရိမ်မှုများ ပြန်ဖုံးလွှမ်းသွားသည်။

"ချင်းယန်... မင်း ဒဏ်ရာရလာတာလား။ ဘယ်လောက် ပြင်းထန်လဲ"

"ဘာမှ မဖြစ်ပါဘူး၊ နည်းနည်းပါးပါးပါ။ ဆေးလုံးတွေ အာနိသင်ပြဖို့ ၅ မိနစ်လောက် အချိန်ပေးရင် အဆင်ပြေသွားမှာပါ" ဟု ချင်းယန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ဒါဆိုရင် မင်း ဒဏ်ရာကုတာကိုပဲ အာရုံစိုက်ပါ။ ငါ ယဇ်ကောင်တွေဆီက သွေးအနှစ်သာရ ထုတ်ယူတဲ့အချိန်မှာ အစီအရင်ကို ထိန်းချုပ်ဖို့ မင်းရဲ့ အကူအညီ လိုလိမ့်မယ်"

ချင်းယန်က ခေါင်းညိတ်လိုက်ပြီး အရှေ့ဘက်အပိုင်းတွင် ထိုင်ပြီး ကုသမှု စတင်လိုက်သည်။ ဤအချိန်တွင် ဝိညာဉ်ဝါးမြိုအစီအရင်၏ အနောက်ဘက်အပိုင်းရှိ လေလွင့်ကျင့်ကြံသူ တစ်ဝက်ကျော်မှာ သူတို့၏ သွေးအနှစ်သာရများ ထုတ်ယူခြင်း ခံလိုက်ရပြီဖြစ်သည်။ သွေးမြွေမှာ ၁၀ ပေကျော်အထိ ရှည်လျားလာပြီး အရှိန်မှာလည်း ပိုမိုမြန်လာကာ အမဲလိုက်နေသော မြွေရှည်ကြီးတစ်ကောင်ကဲ့သို့ အစီအရင်အတွင်း လျင်မြန်စွာ လှုပ်ရှားလျက် လေလွင့်ကျင့်ကြံသူများကို တစ်ဦးပြီးတစ်ဦး အဆက်မပြတ် ဝါးမြိုနေတော့သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် ယဇ်ကောင်အဖြစ် အသုံးပြုခံရသည့် လေလွင့်ကျင့်ကြံသူ တစ်ထောင်လုံး၏ သွေးအနှစ်သာရများကို ဝိညာဉ်ဝါးမြိုအစီအရင်မှ ထုတ်ယူပြီး ဖြစ်သည်။ သွေးမြွေမှာ ယခုအခါ ပေ ၂၀ ခန့် ရှည်လျားနေပြီး အစီအရင်အတွင်း တွန့်ခွေ လှုပ်ရှားနေသည်။

"ချင်းယန်... ငါ့ကို ကူညီပါဦး"

စုချန် အကူအညီ တောင်းခံချိန်တွင် ချင်းယန်မှာ ဆေးလုံး၏ အာနိသင်ကို အပြည့်အဝ မရသေးသလို ဒဏ်ရာများမှာလည်း အပြည့်အဝ တည်ငြိမ်ခြင်း မရှိသေးပေ။

သို့သော် အစီအရင် လည်ပတ်မှု နှောင့်နှေး၍ မဖြစ်သဖြင့် ချင်းယန်သည် ကုသမှုကို ဆက်မလုပ်နိုင်တော့ဘဲ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သူမရှေ့ရှိ အရန်အစီအရင်တံဆိပ်ကို လေထဲသို့ မြှောက်လိုက်ပြီး မန္တန်လက်ကွက်များ ဖော်ကာ ထိန်းချုပ်မှုကို စတင်လိုက်သည်။

ဝိညာဉ်ဝါးမြိုအစီအရင်၏ တောက်ပနေသော အစိမ်းရောင်အလင်းများ တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး သွေးမြွေမှာ အရှိန်မြှင့်ကာ အစီအရင်၏ အလယ်ဗဟိုဆီသို့ ရွေ့လျားသွားသည်။

ထိုအချိန်မှာပင် စုချန်သည် ချင်းယန်ကို ကောက်ကျစ်စွာ ကြည့်လိုက်ပြီး သူ့မန္တန်လက်ကွက်များမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလို ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး ချင်းယန်အပေါ်သို့ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ကျရောက်သွားသည်။

ချင်းယန် ထိတ်လန့်သွားပြီး "အစ်ကိုကြီးစု ... ဒါ ဘာဖြစ်တာလဲ”ဟု မေးရင်း ဗီဇအသိအရ သူမ၏ မန္တန်လက်ကွက်များကို ရပ်တန့်လိုက်ကာ အစီအရင်အတွင်းမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့သော် ကျရောက်နေသော ဖိအားမှာ အလွန်ကြီးမားသဖြင့် လှုပ်ရှားရန် အလွန်ခက်ခဲနေသည်။

စုချန်က အခက်တွေ့တေသော ချင်းယန်ကို ကြည့်ရင်း "ချင်းယန်... ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ငါ့ရဲ့ ဝိညာဉ်အမြစ်က သာမန်ပဲ၊ ရွှေအမြုတေအဆင့်ကို ရောက်ခဲ့တာတင်ပဲ ငါ့အတွက် ကံကောင်းမှုတစ်ခု ဖြစ်နေပြီ။ ဝိညာဉ်ဝါးမြိုအစီအရင်က ငါ့သက်တမ်းကို နောက်ထပ် နှစ် ၆၀ တိုးပေးပေမယ့် ရွှေအမြုတေ အစောပိုင်းအဆင့်ကို ကျော်လွှားဖို့ ခက်ခဲနေဦးမှာပဲ။ ငါ့ကျင့်ကြံမှု မြင့်တက်ချင်ရင် ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးရတော့မယ်"ဟု ပြောလာသည်။

ချင်းယန် ရုန်းမထွက်နိုင် ဖြစ်နေသဖြင့် စုချန်က သူ့အကြံအစည်ကို အားပါးတရ ဆက်ပြောတော့သည်။

"ဝိညာဉ်ဝါးမြိုအစီအရင်က သက်တမ်းတိုးပေးနိုင်ရုံတင် မကဘူး၊ တခြားသူတွေရဲ့ ကျင့်ကြံမှုတွေကိုလည်း လုယူနိုင်တယ်၊ အဲဒါက ပိတ်ဆို့နေတဲ့ အဆင့်တွေကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးတယ်။ လူတစ်ယောက်က ဝိညာဉ်ဝါးမြိုအစီအရင်ကို တစ်ကြိမ်ပဲ သုံးလို့ရှိတယ်၊ ဒီထူးခြားတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့အတွက် လေလွင့်ကျင့်ကြံသူတွေရဲ့ သွေးအနှစ်သာရကို လုယူရုံတင်မကဘဲ မင်းရဲ့ ကျင့်ကြံမှုစွမ်းအားကိုပါ အရယူပြီး ငါ့ရဲ့ ရွှေအမြုတေ အစောပိုင်းအဆင့်မှာ ပိတ်ဆို့နေတာကို ကျော်ဖြတ်နိုင်အောင် လုပ်ရလိမ့်မယ်"

သက်ရှည်တံဆိပ်ကို လေ့လာရင်း စုချန် နားလည်ခဲ့သည်မှာ အခြားသူတစ်ဦး၏ သွေးအနှစ်သာရကို လုယူပြီး သက်တမ်းတိုးရန်အတွက် ပစ်မှတ်ထားခံရသူမှာ သက်ရှည်နည်းစနစ်ကို ကျင့်ကြံထားသော ကျင့်ကြံသူ ဖြစ်ရမည်။ သို့သော် အခြားသူများ၏ ကျင့်ကြံမှုစွမ်းအင်ကို လုယူဝါးမြိုရာတွင်မူ မည်သည့်ကန့်သတ်ချက်မှ မရှိပေ၊ မည်သည့်နည်းစနစ် ကျင့်ကြံသူကိုမဆို အသုံးချ၍ရသည်။

သို့ရာတွင် အခြားသူ၏ ကျင့်ကြံမှုကို လုယူခြင်းမှာ အန္တရာယ် မကင်းပေ။ ချီစုစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်ဝါးမြိုအစီအရင်ကို အသုံးပြု၍ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ ကျင့်စဉ်ကို လုယူရန် ကြိုးစားပါက ရရှိလာမည့် ရလဒ်မှာ ရွှေအမြုတေ ကျင့်ကြံသူအတွင်းရှိ ကြီးမားလှသော ဝိညာဉ်စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆင့်ပိုမြင့်သူ၏ ကျင့်ကြံမှုကို ဝါးမြိုရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ကြီးမားလှသော ဖိအားများကို မခံနိုင်တော့သဖြင့် ချင်းယန်မှာ ထရပ်ရန် ကြိုးစားရာမှ မြေကြီးပေါ် ဒူးထောက်ကျသွားပြီး ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

“စုချန်... နင်က တကယ့်လူယုတ်မာပဲ။ ငါက နင့်ကို ကူညီဖို့ အဝေးကြီးကနေ လာခဲ့တာ။ နင်က ငါတို့ရဲ့ ခင်မင်မှုကို လျစ်လျူရှုပြီး ငါ့ကိုပါ ထောင်ချောက်ဆင်ရက်တယ်ပေါ့”

စုချန်က ကျေနပ်အားရစွာ ရယ်မောလိုက်သည်။

“ကျင့်ကြံခြင်းလောကဆိုတာ လှည့်ဖြားခြင်းနဲ့ ဟန်ဆောင်ခြင်းတွေပဲ ရှိတာ။ မင်းက အတိတ်က ပတ်သက်မှုတွေကို အရမ်းအလေးထားပြီး တခြားလူကို ယုံလွယ်လွန်းတယ်၊ ဒါက မင်းရဲ့ မိုက်မဲမှုပဲ။ ငါ မင်းကို ဝိညာဉ်ဝါးမြိုအစီအရင်ရဲ့ အရှေ့ဘက်နယ်မြေထဲ ဝင်ခိုင်းပြီး အရန်အစီအရင်တံဆိပ်ကို ထိန်းချုပ်ခိုင်းတာ မင်းက ဘာမှ မသံသယဖြစ်ခဲ့ဘူးလေ …. ဟားဟားဟား...”

စုချန်က ကျေနပ်အားရစွာ ရယ်မောနေသော်လည်း အစီအရင်ကို ထိန်းချုပ်ရန် မမေ့လျော့ပေ။ သူ့အမိန့်အရ သွေးမြွေသည် ချင်းယန်ဆီသို့ လျင်မြန်စွာ သွားနေသည်။ သွေးမြွေသည် ချင်းယန်ကို ထိတွေ့တော့မည့်အချိန်မှာပင် ဝိညာဉ်ဝါးမြိုအစီအရင်၏ အပြင်ဘက် မလှမ်းမကမ်းရှိ မြေကြီးထဲမှ ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းမှာ ပေ ၂၀ ကျော်မက ကြီးမားသော လိပ်ကြီးတစ်ကောင် ဖြစ်နေသည်။ ထိုလိပ်ကြီးတွင် မည်သည့်တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိသော ထူထဲခိုင်မာသည့် အခွံကြီးရှိသည်၊ ၎င်း၏ ခြေလက်များတွင် ထက်မြက်သော လက်သည်းများရှိပြီး၊ ပါးစပ်ထဲတွင် ချွန်ထက်သော အစွယ်များဖြင့် ပြည့်နေသည်။ ဆူးများဖုံးနေသော ၎င်း၏ အမြီးကြီးမှာ ကြီးမားသော ဆူးတုတ်ကြီးနှင့် တူလှသည်။

လိပ်ကြီးသည် ခန္ဓာကိုယ်ပေါ်မှ မြေကြီးများကို ခါထုတ်လိုက်ပြီး ခြေလက်လေးဖက်လုံး အားပြုကာ အစီအရင်အလယ်ဗဟိုဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ ၎င်းမှာ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သော အမြောက်ဆန်ကဲ့သို့ စုချန်ကို ဝင်တိုက်လေသည်။

ထိုလိပ်ကြီး ရုတ်တရက် ပေါ်လာခြင်းကြောင့် စူးချန်မှာ ထိတ်လန့်သွားပြီး မြင်နေရသည်ကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ သူသည် ဤလိပ်ကြီး၏ စွမ်းအားကို အရင်က မြင်ဖူးသည်၊ ၎င်းကို သံကျောကုန်းလိပ်ဟု ခေါ်ပြီး ချင်းယန် နှစ်ပေါင်းများစွာ မွေးမြူထားခြင်း ဖြစ်သည်။ နောက်ဆုံး သူ မြင်ခဲ့စဉ်က ၎င်းမှာ ဒုတိယအဆင့် အထွတ်အထိပ်မှာသာ ရှိသေးပြီး၊ မိစ္ဆာအမြုတေ ဖြစ်တည်သွားကာ တတိယအဆင့် ဝိညာဉ်သားရဲအဖြစ် ကြီးထွားလာသည်ကို သူ မသိခဲ့ပေ။

စုချန်သည် သံကျောကုန်းလိပ်၏ တိုက်ခိုက်မှုကို ရှောင်ရန် လေထဲသို့ အလျင်အမြန် ပျံတက်လိုက်သည်။ တချိန်တည်းမှာပင် သူသည် အစီအရင်ကို ဆက်လက် ထိန်းချုပ်နေဆဲဖြစ်ရာ သွေးမြွေသည် အစီအရင်လမ်းကြောင်းအတိုင်း ချင်းယန်ဆီသို့ ဆက်လက် သွားနေသည်။ ချင်းယန် သေဆုံးသွားလျှင် သံကျောကုန်းလိပ်သည် သခင်မဲ့သားရဲ ပြန်ဖြစ်သွားမည် ဖြစ်သဖြင့် ခြိမ်းခြောက်မှု ရှိတော့မည်မဟုတ်ဟု သူ တွေးလိုက်သည်။

သံကျောကုန်းလိပ်သည် စုချန်ကို ဆက်လက် မတိုက်ခိုက်တော့ပေ၊ ချင်းယန်၏ ဘေးတွင် နေရာယူလိုက်သည်။ ၎င်း၏ ထူထဲသောအကာက အကာအကွယ်ပေးလိုက်သဖြင့် ချင်းယန်ပေါ် လွှမ်းမိုးထားသော ကြီးမားသည့်ဖိအားများ ပျောက်ကွယ်သွားပြီး သံကျောကုန်းလိပ်ဆီသို့ ပြောင်းသွားသည်။ သံကျောကုန်းလိပ်၏ သန်မာသော ခြေလက်များမှာ အနည်းငယ် တုန်ခါသွားသော်လည်း လဲကျမသွားပေ။ ၎င်း၏ ခြေထောက်ကြီးများမှာ အောက်က မြေပြင်ကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့မတတ် မြေကြီးထဲသို့ ခိုင်မြဲစွာ နင်းထားသည်။

“ဝူး”

သွေးမြွေသည် ၎င်း၏ ရှေ့ခြေထောက်ကို ထိတော့မည်ကို မြင်သောအခါ သံကျောကုန်းလိပ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူမအပေါ် ကျရောက်နေသော ဖိအားများ လျော့နည်းသွားသဖြင့် ချင်းယန်က မတ်တတ်ရပ်လိုက်ပြီး လိပ်ခွံ၏အစွန်းကို ကိုင်ကာ အမိန့်ပေးလိုက်သည်။

“သွားကြစို့”

သံကျောကုန်းလိပ်သည် လေးလံသော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားရာ မကြာမီမှာပင် ဝိညာဉ်ဝါးမြိုအစီအရင်၏ နယ်မြေအတွင်းမှ ထွက်သွားနိုင်ခဲ့သည်။

လေထဲတွင် ရှိနေသော စုချန်မှာ သံကျောကုန်းလိပ်က ချင်းယန်ကို အစီအရင်အပြင်ဘက်သို့ ကာကွယ်ပြီး ကယ်ထုတ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ သူ့အနေဖြင့် ချင်းယန်ကို တိုက်ခိုက်လိုက်ပါက ဝိညာဉ်ဝါးမြိုအစီအရင်ကို ပြန်ပြင်မရနိုင်လောက်အောင် ထိခိုက်သွားပြီး သူ ဆယ်စုနှစ်တစ်ခုကျော် ပြင်ဆင်လာသမျှ အရာအားလုံး ပျက်စီးသွားနိုင်သဖြင့် မလှုပ်ရှားရဲပေ။

“ချင်းယန်... ငါ မင်းကို အထင်သေးခဲ့မိတယ်။ မင်းက ဘာလှည့်ကွက်မှ မရှိတဲ့ ပွင့်လင်းတဲ့သူလို့ ငါ အမြဲထင်ခဲ့တာ၊ မင်းက ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ” ဟု စုချန်က အံကြိတ်ကာ ပြောလိုက်သည်။

…………

All Chapters