← Chapters

အကျိုးရှိရင် ဘိုးဘေးကိုလည်း ချနင်းမှာပဲ

Vol. 16 Ch. 169

အကျိုးရှိရင် ဘိုးဘေးကိုလည်း ချနင်းမှာပဲ

Vol. 16 Ch. 169

အစီအရင်အတွင်း ချင်းယန်၏ ရှေ့တွင် အစိမ်းရောင် အလံငယ်တစ်ခု လွင့်မျောနေပြီး၊ ၎င်းထံမှ ထွက်ပေါ်လာသော အစိမ်းရောင် အလင်းလှိုင်းများက သူမကို ဖုံးအုပ်ထားသည်။ အစိမ်းရောင်အလင်းနယ်ပယ်ထဲသို့ ဝင်လာသော လေပြင်းများမှာ စွမ်းအား သိသိသာသာ လျော့နည်းသွားသည်။ သို့သော် ထိုမျှနှင့် လေပြင်းများကို အပြည့်အဝ မကာကွယ်နိုင်သဖြင့် ချင်းယန်သည် မိမိကိုယ်ကို ထိန်းထားရန် ဝိညာဉ်စွမ်းအား အကာအကွယ်တစ်ခုကို ထပ်မံ အသုံးပြုလိုက်ရသည်။ ယင်းက သူမ၏ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ကုန်ဆုံးစေသည်။

ချင်းယန်က သံကျောကုန်းလိပ်ကို တိုက်ခိုက်ခိုင်းခြင်းမှာ စုချန်သည် ယင်ယန်လေးပါးသင်္ကေတအစီအရင်ကို အချိန်အကြာကြီး မထိန်းထားနိုင်မှန်း သူမ သိသောကြောင့် ဖြစ်သည်။ စုချန် အကန့်အသတ်ကို ရောက်ခါနီးအချိန်တွင် သူမက ပြန်လည် တိုက်ခိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

သံကျောကုန်းလိပ်သည် အစီအရင်အတားအဆီးကို အဆက်မပြတ် ဝင်တိုက်နေသဖြင့် အတားအဆီးမှာ ပြင်းထန်စွာ တုန်ခါနေသော်လည်း၊ ၎င်းကိုယ်တိုင်၏ ဒဏ်ရာများမှာ ပိုမို ပြင်းထန်လာပြီး အသက်ရှူသံမှာလည်း တဖြည်းဖြည်း အားနည်းလာသည်။

လေပြင်းများမှာ လိပ်ခွံ၏ အပေါက်များမှတဆင့် အတွင်းသို့ စီးဝင်နေသဖြင့် သံကျောကုန်းလိပ်၏ အတွင်းပိုင်းမှာ သွေးအိုင်ကြီး ဖြစ်နေတော့သည်။ ၎င်း၏ ခြေလက်များမှာ အသားများ အကုန်နီးပါး ပျက်စီးသွားပြီး ဖြူဖွေးသော အရိုးများကို မြင်နေရပြီ ဖြစ်သည်။ သံကျောကုန်းလိပ်မှာ သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထ်ုအခြေအနေ ဆိုက်ရောက်တော့မှ ချင်းယန်သည် သူမ၏ သက်ရှည်ဓားကို ရုတ်တရက် ဆင့်ခေါ်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ဓားချီများမှာ လေပြင်းများကို ဖြတ်သန်းကာ အစီအရင်၏ အတားအဆီးကို စူးရှသော အသံများနှင့်အတူ ခုတ်ပိုင်းလိုက်သည်။ အတားအဆီးမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး မရေမတွက်နိုင်သော အလင်းစက်များအဖြစ် လေထဲတွင် လွင့်ပျယ်သွားတော့သည်။

“ဖူး”

အစီအရင် ပျက်စီးသွားသည်နှင့်အတူ စုချန်သည် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရာ သူ့ရှေ့ရှိ အစီအရင်တံဆိပ်ပြားပေါ်တွင် သွေးချင်းချင်းနီသွားသည်။ သူ့ဝိညာဉ်စွမ်းအားများလည်း ကပြောင်းကပြန်ဖြစ်ကာ ထိန်းချုပ်မရ ဖြစ်သွားသည်။

စုချန်သည် လေထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသက်ရှူသံမှာ အားနည်းလွန်းသဖြင့် သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်သွားသည်။

ချင်းယန်မှာ မျက်နှာဖြူဖျော့ပြီး အင်အားကုန်နေသော်လည်း သံကျောကုန်းလိပ်ဆီသို့ လျှောက်သွားရင်း ဝမ်းသာအားရ ဖြစ်နေသည်။ သံကျောကုန်းလိပ်မှာ လေပြင်းများ၏ တိုက်ခိုက်မှုကို ကြာရှည်စွာ ခံခဲ့ရသဖြင့် ပြင်းထန်သော ဒဏ်ရာများရရှိကာ အမောတကော အသက်ရှူနေရသည်။ ချင်းယန်သည် သံကျောကုန်းလိပ်ကို ပြန်လည်ကုစားရန် သားရဲအိတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

“ဟားဟားဟား... စုချန်၊ နင်က အရမ်းအိုမင်းနေပြီ။ ဝိညာဥ်စွမ်းအားတွေကို အပြည့်အဝ အသုံးချလိုက်ရင် နင့်ခန္ဓာကိုယ်ကို ပျက်စီးသွားမယ်ဆိုတာ မတွေးမိဘူးလား”

ချင်းယန်သည် အောင်နိုင်သူပီပီ ရယ်မောရင်း စုချန်ကို ဖမ်းဆီးရန် သူရှိရာသို့ ပျံသန်းသွားသည်။

စုချန်အနီး ရောက်သည်နှင့် ရုတ်တရက် ဓားပျံနှစ်လက် ထွက်ပေါ်လာပြီး ရှေ့နှင့်နောက်ညှပ်ကာ သူမဆီသို့ ခုတ်ပိုင်းလာသည်။ စုချန် ရှုံးနိမ့်သွားသော်လည်း စုမိသားစုမှ အခြားသူများ ကျန်ရှိနေသေးသည်ကို ချင်းယန် မေ့သွားသည်။ ထိုဓားနှစ်လက်မှာ မိသားစုခေါင်းဆောင် စုအန်ချင်းနှင့် အကြီးအကဲကဲစုဝမ်ရှီတို့ထံမှ လာခြင်းဖြစ်သည်။

ချင်းယန်သည် သက်ရှည်ဓားကို ဝှေ့ယမ်းကာ ရှေ့မှလာသော ဓားပျံကို ခုတ်ချလိုက်ရာ ဓားမှာ အဝေးသို့ လွင့်ထွက်သွားသည်။ တချိန်တည်းမှာပင် သူမ၏ ကျောဘက်တွင် ဝိညာဉ်အကာအကွယ်တစ်ခု လင်းလာပြီး နောက်မှလာသော ဓားပျံကို တားဆီးလိုက်သည်။ အကာအကွယ်က ဓားပျံကို တားဆီးနိုင်ခဲ့သော်လည်း သူမ၏ ဒဏ်ရာမှာ ပြင်းထန်လွန်းပြီး ကျန်ရှိသော ခွန်အားမှာ အကန့်အသတ်ရှိသဖြင့် ယိုင်လဲသွားကာ လဲကျလုနီးပါး ဖြစ်သွားသည်။

အခြေတည်အဆင့် ကျင့်ကြံသူနှစ်ဦး၏ လက်ချက်ဖြင့် အရေးနိမ့်လုနီးပါး ဖြစ်သွားသဖြင့် ချင်းယန်မှာ အရှက်ရကာ ဒေါသထွက်သွားသည်။

“အခြေတည်အဆင့် အညတရ နှစ်ကောင်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့”

ထိုနှစ်ဦးကို သတ်ရန် သက်ရှည်ဓားကို စေခိုင်းမည်အပြုတွင် လေထဲမှ ဓားပျံ အလက် ၂၀ ကျော်မှာ အစီအစဉ်တကျဖြင့် သူမဆီ ဦးတည်လာသည်ကို မြင်လိုက်ရသဖြင့် ချင်းယန်၏ အကြီးအကျယ် ထိတ်လန့်သွားသည်။ ပုံမှန်အခြေအနေတွင် အခြေတည်အဆင့် ၂၀ ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ သူမကို အနည်းငယ်မျှပင် မထိခိုက်နိုင်သော်လည်း၊ ယခုလက်ရှိ အခြေအနေတွင်မူ တောင့်ခံရန် ခက်ခဲပေလိမ့်မည်။

သူမလက်ထဲရှိ သက်ရှည်ဓားမှာ လျင်မြန်စွာ လှုပ်ရှားလာပြီး ဓားချင်းထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

“ငါ့ကို သတ်ချင်တာလား၊ အဲဒီလောက် မလွယ်ဘူး”

ဓားပျံများကို တွန်းလှန်ပြီးနောက် ချင်းယန် စိတ်အားတင်းလိုက်သည်။ သူမ၏ ကျန်ရှိသော ဝိညာဥ်စွမ်းအင် အနည်းငယ်ကို အသက်သွင်းလိုက်ရာ သက်ရှည်ဓားမှာ နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ ပျံတက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်လာသည်။ ခဏချင်းအတွင်းမှာပင် အန္တရာယ်ကို မြင်၍ ထွက်ပြေးသွားသော စုမိသားစုဝင် အနည်းငယ်မှလွဲ၍ ကျန်ရှိသော ကျင့်ကြံသူ ၁၅ ဦးလုံး သတ်ဖြတ်ခံလိုက်ရသည်။

စုမိသားစုဝင်များ အသတ်ခံနေရသည်ကို စုအန်ချင်းနှင့် စုဝမ်ရှီတို့ကလည်း ငြိမ်ကြည့်မနေပေ။ သူတို့၏ ဓားပျံများမှာ ချင်းယန်ကို အဆက်မပြတ် ခုတ်ပိုင်းနေသည်။ ချင်းယန်က ဝိညာဉ်စွမ်းအင် အကာအကွယ်ကို သုံး၍ တောင့်ခံနေသော်လည်း ဒဏ်ရာကို လျှော့တွက်မိခဲ့သည်။ ဓားပျံနှစ်လက်မှာ အကာအကွယ်ကို မဖောက်နိုင်သော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူမ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်မှာ ပိုမို နာကျင်လာသည်။

သက်ရှည်ဓား သူမလက်ထဲ ပြန်ရောက်လာသည်နှင့် နောက်ဘက်မှ တိုးဝင်လာသော ဓားပျံကို ခုတ်ချလိုက်သည်။ ဒဏ်ရာပြင်းထန်မှုကြောင့် သူမ၏ ဝိညာဉ်စွမ်းအား စီးဆင်းမှုမှာ မချောမွေ့တော့ဘဲ ထိုအချိန်တွင် ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ ရုတ်တရက် ကွဲအက်သွားသည်။

ထိုအခိုက်အတန့်မှာပင် အခြားဓားပျံတစ်လက် ရုတ်တရက် တိုးဝင်လာပြီး ဓားကိုင်ထားသော သူမ၏ ညာဘက်လက်ကို လက်ဖျံမှနေ၍ တိခနဲ ဖြတ်တောက်လိုက်သည်။ လက်ကို ပိုင်းဖြတ်ပြီးသည်နှင့် အသက်ရှူခွင့်ပင်မပေးဘဲ ဓားပျံက လမ်းကြောင်းပြောင်းကာ သူမ၏ နှလုံးသားဆီသို့ ဦးတည်ဝင်လာသည်။

ဓားပျံမှာ ချင်းယန်၏ ရင်ဘတ်ထဲသို့ လက်မဝက်ခန့် ထိုးဝင်သွားသော်လည်း ဆက်၍ မတိုးနိုင်တော့ပေ။ ချင်းယန်က အံတင်းတင်းကြိတ်ပြီး ဘယ်လက်ဖြင့် ဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဓားမှထွက်လာသော ပြင်းထန်သည့် ဓားချီများမှာ သူမ၏ လက်ဖဝါးကို ဆွဲဖြဲသကဲ့သို့ ဖြစ်သွားစေပြီး သွေးချင်းချင်းနီသွားသည်။

သို့သော် ချင်းယန်သည် အသက်ရှင်ရန်အတွက် ထိုဓားကို တင်းတင်းဆုပ်ထားရုံမှတစ်ပါး အခြားမရှိသဖြင့် လက်မလွှတ်ဝံ့ပေ။ အစောပိုင်းက လွင့်ထွက်သွားသော ပျံသန်းဓားမှာ သူမ၏ ခေါင်းဆီသို့ တဟုန်ထိုး ပြန်ဝင်လာသည်ကို တွေ့ရသောအခါ ဘာမှမတတ်နိုင်တော့သည့် ချင်းယန် မျက်စိသာ မှိတ်ချလိုက်တော့သည်။

“ရပ် ..”

ချင်းယန် ခေါင်းပြတ်လုဆဲဆဲတွင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဓားပျံက လည်ပင်းနှင့် ဆံချည်မျှင်တစ်မျှင် အကွာတွင် ရပ်တန့်သွားသည်။

စုအန်ချင်းက ဓားပျံကို အသည်းအသန် ထိန်းချုပ် ရပ်တန့်စေပြီး အော်ဟစ်တားဆီးလိုက်သော စုဝမ်ရှီကို နားမလည်သလို လှည့်ကြည့်လိုက်သည်။

“ဘာလို့တားတာလဲ”

“သူ့ခြေလက်တွေကို အရင်ဖြတ်ပစ်လိုက်။ ပြီးမှ ငါတို့ ဆက်ဆွေးနွေးမယ်”

“ကောင်းပြီ”

စုဝမ်ရှီ ဘာကြံစည်နေသည်ကို မသိသော်လည်း စုအန်ချင်းက ချင်းယန်ကို မသတ်တော့ဘဲ ခြေလက်အားလုံးကို ဖြတ်တောက်လိုက်သည်။

စုဝမ်ရှီက ချင်းယန်ရင်ဘတ်တွင် စိုက်ဝင်နေသော သူ့ဓားပျံကို ပြန်သိမ်းလိုက်သည်နှင့် ခြေလက်မရှိတော့သာ ချင်းယန်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ ဝိညာဥ်စွမ်းအင် ကုန်ခမ်းပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ချင်းယန်မှာ အသက်ငွေ့ငွေ့သာ ကျန်တော့ပြီး အသံပင် မထွက်နိုင်တော့ချေ။

စုအန်ချင်းက ချင်းယန် သွေးထွက်လွန်ပြီး သေမသွားစေရန် သွေးကြောများကို ပိတ်လိုက်ပြီးမှ စုဝမ်ရှီကို စိုက်ကြည့်ပြီး “အခု ပြောလို့ရပြီလား” ဟု မေးလိုက်သည်။

“ဒီမိန်မကို သတ်လိုက်တာက သူ့ကျင့်ကြံမှုစွမ်းအင်ကို ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ”

စုအန်ချင်းသည် သတိမေ့လုနီးပါး ဖြစ်နေသော ဘိုးဘေးစုချန်ကို ကြည့်ကာ စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။

“ဘိုးဘေးက အခြေအနေ အရမ်းဆိုးနေပြီ၊ ဝိညာဉ်ဝါးမြိုအစီအရင်ကို အသက်သွင်းဖို့ ခက်လိမ့်မယ်။ သက်တမ်းတိုးမယ့် အစီအစဉ်ကတော့ ကျရှုံးသွားပြီ”

စုဝမ်ရှီက ခေါင်းခါလိုက်သည်။

“မင်းက အရမ်းတုံးအတယ်။ သက်တမ်းတိုးဖို့အတွက် ဘာလို့ စုချန်တစ်ယောက်တည်းပဲ သွေးအနှစ်သာရကို ဝါးမြိုရမှာလဲ။ မင်းနဲ့ ငါက ဘာလို့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်ကို မတက်လှမ်းနိုင်ရမှာလဲ။ စုချန်က သက်တမ်းတိုးလည်း နောက်ထပ် နှစ် ၆၀ ပဲ ရမှာ။ မင်းနဲ့ ငါသာ ရွှေအမြုတေအဆင့် ရောက်သွားရင် မိသားစုကို အနည်းဆုံး နှစ်ပေါင်း နှစ်ရာကျော် ကာကွယ်ပေးနိုင်မှာလေ”

စုအန်းချင်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသော်လည်း ချက်ချင်း ပြန်မှိန်ကျသွားသည်။

“ဒါပေမဲ့ ငါတို့က ဝိညာဉ်ဝါးမြိုအစီအရင် ထိန်းချုပ်တဲ့ နည်းလမ်းကို မသိဘူးလေ”

“မင်းက ငါ့ကို အရမ်းအထင်သေးတာပဲ။ ငါ စုချန်ဘေးမှာ အစေခံလုပ်လာတာ ကြာလှပြီ၊ ငါ တကယ်ပဲ ဘာမှ မရခဲ့ဘူးလို့ ထင်လား။ တစ်ခါက စုချန် ပေါ့ဆပြီး အပြင်သွားတဲ့အချိန်မှာ သက်ရှည်တံဆိပ်ကို သစ်သားအိမ်ထဲမှာ ထားခဲ့တယ်၊ အဲဒီအခွင့်အရေးကို သုံးပြီး ငါ တစ်ခု ကူးယူခဲ့တယ်။ အစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို အပြည့်အဝ နားမလည်သေးပေမယ့်၊ ခုဆို လုပ်ငန်းစဉ်က တစ်ဝက်ကျော် ပြီးနေပြီ။ ငါတို့က နောက်ဆုံးအဆင့်ကိုပဲ ပြီးအောင်လုပ်ဖို့ လိုတာ။ အဲဒီနောက်ဆုံးအဆင့်ကို ငါ လုပ်နိုင်မယ်လို့ ယုံကြည်တယ်”

စုအန်းချင်းသည် စုဝမ်ရှီကို ကြည့်ပြီး အံ့သြသွားသည်။ ထိုသူသည် မိမိ၏ ရွှေအမြုတေအဆင့် ဘိုးဘေးကိုပင် လုပ်ကြံရန် ကြံစည်ရဲသည်။ စုဝမ်ရှီသည် ရွှေအမြုတေအဆင့်သို့ ရောက်ရန် မည်သည့်အရာကိုမဆို လုပ်ရန် အသင့်ရှိနေသည်။

“မင်း ဒါကို နှစ်ပေါင်းများစွာ ကြံစည်လာခဲ့တာပဲ”

စုဝမ်ရှီက ခပ်တည်တည်ပင် ခေါင်းညိမ့်ပြသည်။

“လေလွင့်ကျင့်ကြံသူတွေနဲ့ နှိုင်းယှဥ်ရင် ငါတို့ ရွှေအမြုတေ မိသားစုတွေက ဂုဏ်ကျက်သရေ ကြီးမားပုံရပေမယ့်၊ ငါတို့ရဲ့ အတွင်းပိုင်း အခက်အခဲတွေကို ငါတို့ပဲ သိတာ။ အဓိက ဂိုဏ်းကြီးတွေက ကျင့်ကြံခြင်းမိသားစုတွေအပေါ် ကန့်သတ်ထားတာတွေက လေလွင့်ကျင့်ကြံသူတွေပေါ် ကန့်သတ်တာထက် မနည်းဘူး။ ရွှေအမြုတေ မိသားစုတွေထဲမှာ များသောအားဖြင့် ရွှေအမြုတေ ကျင့်ကြံသူ သုံးယောက်ထက် မပိုဘူး၊ အများစုကလည်း အစောပိုင်းနဲ့ အလယ်အဆင့်မှာပဲ ရှိကြတာ။ မင်းနဲ့ ငါက အခြေတည် အထွတ်အထိပ်အဆင့်ကို ရောက်တာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမဲ့ ရွှေအမြုတေဖြစ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကောင်းချီးပေးထားတဲ့ နယ်မြေတွေက ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေ၊ ရှေးဟောင်းနယ်မြေတွေထဲက ရတနာတွေ၊ ရှားပါးကျောက်မိုင်းတွေနဲ့ နက်နဲတဲ့ ကျင့်စဉ်တွေ အားလုံးကို ဂိုဏ်းကြီးတွေကပဲ လက်ဝါးကြီးအုပ်ထားလို့ မဟုတ်လား။ ငါတို့ ကျင့်ကြံခြင်းမိသားစုတွေက သူတို့ အရေးမလုပ်တဲ့ အရင်းအမြစ်တွေအတွက်ပဲ လုနေရတာ။ မင်းနဲ့ ငါ ရွှေအမြုတေ ဖြစ်ချင်တယ်ဆိုရင် အခွင့်အရေးတိုင်းကို အရယူရမယ်။ ငါ့အသက်က နှစ်ရာကျော်နေပြီ၊ ကိုယ့်ဘာသာ ကျင့်ကြံပြီး ရွှေအမြုတေဖြစ်ဖို့က မဖြစ်နိုင်တော့ဘူး။ အသက်ရှည်ချင်ရင် ထူးခြားတဲ့ နည်းလမ်းတွေကို သုံးရမယ်။ စုအန်ချင်း... ရွှေအမြုတေဖြစ်ဖို့ အခွင့်အရေးက ငါတို့ရှေ့မှာ ရောက်နေပြီ၊ မင်း ငါနဲ့ ပူးပေါင်းမလား မပူးပေါင်းဘူးလား၊ ပြတ်ပြတ်သားသား ဆုံးဖြတ်”

စုအန်ချင်း ခဏစဉ်းစားပြီးနောက် “ကောင်းပြီ၊ ငါ သဘောတူတယ်။ ငါတို့ ဘာလုပ်ရမလဲ” ဟု မေးလိုက်သည်။

စုဝမ်ရှီ၏ အကြည့်က စုချန်နှင့် ချင်းယန်ဆီသို့ ရောက်သွားသည်။

“အရင်ဆုံး ဒီနှစ်ယောက်ကို ဝိညာဉ်ဝါးမြိုအစီအရင်ရဲ့ အရှေ့ဘက်နယ်မြေထဲကို ပစ်ထည့်လိုက်။ မင်းနဲ့ ငါက အဓိကနဲ့ အရန်အစီအရင်ပြားတွေကို တစ်ခုစီ ကိုင်ပြီး အစီအရင်အလယ်မှာ ထိုင်မယ်။ ပြီးရင် အစီအရင်ပြားကို ဘယ်လို အသက်သွင်းရမလဲဆိုတာ ငါ မင်းကို ပြောပြမယ်”

စုအန်ချင်းက ချင်းယန်ကို မကာ အစီအရင်၏ အရှေ့ဘက်နယ်မြေထဲ ပစ်ထည့်လိုက်သည်။

စုဝမ်ရှီကလည်း စုချန်ကို မကာ အစီအရင်ဆီသို့ သယ်ဆောင်သွားသည်။

“ဝမ်ရှီ... မင်း ဘာလုပ်နေတာလဲ”

စူးချန်မှာ ထိတ်လန့်ဒေါသထွက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ပျက်စီးနေသဖြင့် သူသည် ပြန်လည်ခုခံရန် အင်အားမရှိပေ။

စုဝမ်ရှီက စုချန်ကို သယ်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ဘိုးဘေး... မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအိုမင်းပြီး ပျက်စီးနေပြီ၊ သေဖို့ကလည်း မဝေးတော့ဘူး။ မင်းခန္ဓာကိုယ်နဲ့ ကျင့်စဉ်တွေကို သုံးပြီး ငါနဲ့ မိသားစုခေါင်းဆောင်ကို ရွှေအမြုတေအဆင့် တက်နိုင်အောင် ကူညီပေးပါ၊ ဒါက မိသားစုအတွက် မင်း နောက်ဆုံး လုပ်ပေးနိုင်တဲ့ အရာပဲ”

စုဝမ်ရှီက စကားဆုံးသည်နှင့် စုချန်ကို အစီအရင်၏ အရှေ့ဘက်နယ်မြေထဲသို့ ပစ်ထည့်လိုက်ပြီး အစီအရင် အလယ်ဗဟိုသို့ ဆင်းသက်လိုက်သည်။

ထို့နောက် စုအန်ချင်းနှင့် စုဝမ်ရှီတို့သည် အစီအရင်ပြား တစ်ခုစီကို ကိုင်ကာ အလယ်တွင် ထိုင်လိုက်ကြသည်။ ခဏကြာသော် စုဝမ်ရှီ၏ လမ်းညွှန်မှုနှင့် စုအန်ချင်း၏ ပူးပေါင်းမှုအောက်တွင် ယာယီပိတ်ထားသော ဝိညာဉ်ဝါးမြိုအစီအရင်မှာ ပြန်လည် လည်ပတ်လာသည်။ အစီအရင်အတွင်းရှိ သွေးမြွေမှာ နိုးထလာပြီး စုချန်၏ ခန္ဓာကိုယ်ပေါ်သို့ တက်သွားသည်။

ထိုအချိန်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ ထူထပ်စွာ စုဝေးလာပြီး ညကောင်းကင်မှ ကြယ်ရောင်များကို လုံးဝ ဖုံးလွှမ်းသွားသည်။ တိမ်တိုက်များအတွင်း၌ ကြီးမားလှသော စွမ်းအားများ စုစည်းလာသည်။

“ဂျိန်း”

ချက်ချင်းဆိုသလို ကျယ်လောင်သည့် မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး လျှပ်စီးတန်းတစ်ခုက မှောင်မည်းနေသော ညကောင်းကင်ကို ဖြတ်သန်းကာ ဝိညာဉ်ဝါးမြိုအစီအရင်၏ အလယ်ဗဟိုသို့ တည့်တည့် ကျရောက်သွားတော့သည်။

...

All Chapters