← Chapters

အခွင့်အရေးယူပြီ

Vol. 16 Ch. 170

အခွင့်အရေးယူပြီ

Vol. 16 Ch. 170

စုန့်ဝမ်သည် အစီအရင်အတွင်းရှိ သွေးမြွေကို ပထမဆုံး မြင်လိုက်ရချိန်တွင် ထိုသွေးမြွေကိုသာ ဝါးမြိုနိုင်လျှင် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမိသည်။

ထိုအချိန်တွင် စုချန်နှင့် ချင်းယန်တို့ တိုက်ပွဲပြင်းထန်နေသဖြင့် မဆင်မခြင် မလှုပ်ရှားရဲပေ။ အခြေအနေများ ပြောင်းလဲသွားပြီး စုချန်နှင့် ချင်းယန်တို့ ပြင်းထန်စွာ ဒဏ်ရာရသွားသောအခါမှ ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို ရုပ်သိမ်းကာ ဂူအတွင်းမှ ထွက်လာခဲ့သည်။

ထွက်လာသည်နှင့် စုအန်ချင်းနှင့် စုဝမ်ရှီတို့က စုချန်နှင့် ချင်းယန်တို့၏ ကျင့်ကြံမှုများကို လုယူရန် အစီအရင် ပြန်လည် အသက်သွင်းနေသည်ကို မြင်လိုက်ရသည်။

စုန့်ဝမ် အနေဖြင့် သွေးမြွေကို စူးချန်နှင့် ချင်းယန်တို့၏ သွေးအဆီအနှစ်နှင့် ကျင့်ကြံမှုစွမ်းအင်များကို ဝါးမြိုခွင့် မပေးနိုင်ပေ။ ယင်းသို့ ဝါးမြိုခြင်းက သွေးမြွေကို ညစ်ညမ်းသွားစေပြီး မသန့်စင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ကြားသိသမျှ အချက်အလက်များအရ စုန့်ဝမ်သည် ဝိညာဉ်ဝါးမြိုအစီအရင်မှာ အခြားသူ၏ ကျင့်ကြံမှုကို လုယူကာ မိမိ၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်ကြောင်း သိထားသော်လည်း၊ သူသည် ထိုနည်းလမ်းဖြင့် မိမိကျင့်စဉ်ကို မြှင့်တင်ရန် အစီအစဉ်မရှိပေ။ အဓိကအကြောင်းရင်းမှာ ထိုအစီအရင်ကို မည်သို့ ထိန်းချုပ်ရမည်ကို မသိခြင်းနှင့် လက်ရှိအခြေအနေအရ လေ့လာရန် အချိန်မရှိခြင်းတို့ကြောင့် ဖြစ်သည်။ သွေးမြွေကို တိုက်ရိုက် စုပ်ယူဝါးမြိုခြင်းကသာ အသင့်တော်ဆုံးနည်း ဖြစ်သည်။ ထို့ကြောင့် အစီအရင် ဆက်လက် မလည်ပတ်နိုင်စေရန် စုအန်ချင်းနှင့် စုဝမ်ရှီကို ချက်ချင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ စုန့်ဝမ် မဟာဂူနတ်မိုးကြိုးကို ထုတ်လွှတ်လိုက်ပြီး၊ တစ္ဆေတစ်ကောင်ကဲ့သို့ အစီအရင်ဆီ လျင်မြန်စွာ ပြေးဝင်သွားသည်။

ရုတ်တရက် ကျရောက်လာသော မိုးကြိုးလျှပ်စီးကို မြင်လိုက်ရသဖြင့် စုအန်ချင်းတို့ ထိတ်လန့်သွားကြသည်။ စုဝမ်ရှီက “မင်း လျှပ်စီးကို တားထား၊ ငါ အစီအရင်ကို ဆက်ထိန်းမယ်”ဟု အော်ပြောလိုက်သည်။

စုအန်ချင်းလည်း အရန်အစီအရင်တံဆိပ်ကို ချကာ မတ်တတ်ရပ်လိုက်သည်။ သူ့အနေဖြင့် အစီအရင် ထိန်းချုပ်ပုံကို မသိဘဲ၊ စုဝမ်ရှီ လမ်းညွှန်သည့်အတိုင်း ကူနေရခြင်းသာ ဖြစ်သည်။ ယခုအခါ ရန်သူ ရောက်လာပြီဖြစ်ရာ ကာကွယ်ရန် လှုပ်ရှားရတော့သည်။

စုအန်ချင်းလည်း ဓားပျံတစ်လက်ဖြင့် ကျဆင်းလာသော လျှပ်စီးတန်းဆီသို့ ပစ်လွှတ်ခုခံလိုက်သည်။ ဓားပျံဖြင့် ထိမိသည်နှင့် မိုးကြိုးလျှပ်စီးတန်းမှာ ပေါက်ကွဲပြီး အပိုင်းပိုင်း ပြတ်တောက်သွားသဖြင့် လေထဲတွင် လျှပ်စစ်မီးပွားများ ပြန့်လွင့်သွားသည်။ မိုးကြိုးလျှပ်စီးကို အလွယ်တကူ ဖယ်ရှားနိုင်သဖြင့် စုအန်ချင်း စိတ်အေးသွားသည်။ အမြင်အရ အစွမ်းထက်ပုံရသော်လည်း အသုံးပြုသူ၏ ကျင့်စဉ်မှာ နိမ့်ပါးသဖြင့် အစွမ်းအပြည့် မထွက်ခြင်း ဖြစ်သည်ဟု သူ ယူဆလိုက်သည်။

စုအန်ချင်း စိတ်အေးလက်အေး ဖြစ်သွားချိန်မှာပင် ကြောက်မက်ဖွယ်သော အလောင်းကောင်အော်ရာများ ပြည့်နေသည့် ပုံရိပ်တစ်ခု အဝေးမှနေ၍ သူတို့ဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

“ဒုတိယအဆင့် ငွေရောင်အလောင်းရုပ်သေးလား”

စုအန်ချင်း၏ မျက်လုံးများမှာ အံ့သြမှုဖြင့် ပြူးကျယ်သွားပြီး မျက်နှာမှာ တည်ကြည်သွားသည်။

ငွေရောင်အလောင်းရုပ်သေးမှာ လျင်မြန်စွာ လှုပ်ရှားလျက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အစီအရင်ဆီသို့ ရောက်ရှိလာသည်။

အစီအရင်ကို ထိန်းချုပ်နေသော စုဝမ်ရှီသည်လည်း ရုတ်တရက် ပေါ်လာသော ငွေရောင်အလောင်းရုပ်သေးကို သတိပြုမိလိုက်သည်။

“တားစမ်း၊ အဲဒါကို ရအောင်တား။ ဒီအစီအရင် ပျက်စီးသွားရင် ငါတို့ ဒီတစ်သက် ရွှေအမြုတေအဆင့် ချိုးဖျက်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

စုအန်ချင်းလည်း စုဝမ်ရှီ၏ သတိပေးသံကြောင့် အစီအရင်ထဲရှိ သွေးမြွေကို တစ်ချက်လှည့်ကြည့်ကာ အံကြိတ်လိုက်ပြီး ဓားပျံဖြင့် ငွေရောင်အလောင်းရုပ်သေးကို ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

“ဘုန်း”

ဓားပျံသည် ငွေရောင်အလောင်းရုပ်သေး၏ ရင်ဘတ်ကို ထိမှန်သွားသည်။

ငွေရောင်အလောင်းရုပ်သေး၏ ရင်ဘတ်ပေါ်တွင် တစ်ပေခန့်ရှိသော ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး ငွေရောင်နံရိုးများပင် ပေါ်လာသည်။ အလောင်းရုပ်သေးမှာ အရှိန်သတ်လိုက်ရပြီး နောက်သို့ တစ်လှမ်း ဆုတ်သွားသည်။

“ဝေါင်း …”

ငွေရောင်အလောင်းရုပ်သေးက ဒေါသသံဖြင် ဟိန်းဟောက်ရင်း ရှေ့ဆက်တိုးလာသည်။ သူ၏ မီးခိုရောင်မျက်လုံးများသည်လည်း ဒေါသအရှိန်ကြောင့် အရောင်တဖျပ်ဖျပ် တောက်ပလာသည်။

ဝိညာဥ်နှင့် အသိဥာဏ်၊ ခံစားနိုင်စွမ်း ကင်းမဲ့သော ငွေရောင်အလောင်းရုပ်သေးထံမှ အသက်ဓာတ် အရိပ်အယောင် ခံစားမိလိုက်သဖြင့် စုန့်ဝမ်ပင် အံအားသင့်သွားသည်။ အလောင်းရုပ်သေးဆိုသည်မှာ သေဆုံးပြီးသား ရုပ်ခန္ဓာသက်သက်သာ ဖြစ်သည်။ ၎င်းကို မည်မျှပင် သန့်စင်စေကာမူ အသက်စွမ်းအား မရှိနိုင်ပေ။ ယခုမူ ဒေါသထွက်တတ်ရုံမက၊ ဒဏ်ရာမှ သွေးစို့လာသည်ကိုပင် တွေ့နေရသည်။

လွန်ခဲ့သော ရက် ၂၀ ကျော်က စုန့်ဝမ်သည် သိမ်းဆည်းရန်နေရာ ရှာမရသော အဝါရောင်မှို တစ်ရာကျော်ကို အလောင်းမွေးမြူခေါင်းတလားထဲ ထည့်ခဲ့သဖြင့် ငွေရောင်အလောင်းရုပ်သေးက ထိုမှိုများကို အပြည့်အဝ စုပ်ယူပြီးနောက် မထင်မှတ်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ စုမိသားစု အဝါရောင်မှိုမှာ ပုံမှန်နည်းလမ်းအတိုင်း စိုက်ပျိုးခြင်း မဟုတ်ဘဲ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ခန္ဓာကိုယ်ပေါ်တွင် အရှင်လတ်လတ် စိုက်ပျိုးခဲ့သဖြင့် အားနည်းသော အသက်ဓာတ်များ စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အလောင်းရုပ်သေးပညာ အကျွမ်းကျင်ဆုံးသော အလောင်းနတ်ဆိုးဂိုဏ်းတွင် လူတိုင်းလိုလို အလောင်းရုပ်သေးများ သန့်စင်မွေးမြူကြသော်လည်း၊ အသက်စွမ်းအား အရိပ်အယောင် ပေါ်လာသည်အထိ မွေးမြူနိုင်သည်ကို မကြားဖူးပေ။ ဂိုဏ်းတွင်းရှိ အဆင့်မြင့်ကျင့်ကြံသူတချို့ ထူးခြားသော အလောင်းရုပ်သေးများ မွေးမြူနိုင်သည်ဟု သတင်းထွက်ပေါ်ဖူးသော်လည်း လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိကြပေ။

“ဝူး”

ငွေရောင်အလောင်းရုပ်သေးသည် ဒေါသတကြီး အော်ဟစ်ရင်း လက်ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ထိုးခိုက်လာသော ဓားပျံကို ရိုက်ချလိုက်သည်။ ကြီးမားလှသောခွန်အားကြောင့် ဓားပျံမှာ ထိန်းချုပ်မှု လွတ်သွားပြီး မြေကြီးပေါ်သို့ ကျဆင်းသွားသည်။

ငွေရောင်အလောင်းရုပ်သေး စုအန်ချင်းဆီ တဟုန်ထိုး ပြေးဝင်သွားသည်။ စုန့်ဝမ်သည် အလောင်းရုပ်သေး၏ ကျောဘက်တွင် ကပ်ပါလာပြီး၊ သူ့ပတ်လည်တွင် လျှပ်စစ်မီးပွားများ တဖွားဖွား ဖြာထွက်စေရင်း သွေးမြွေဆီသို့ ပြေးဝင်သွားသည်။

လျင်မြန်စွာ ချဥ်းကပ်လာနေသော အလောင်းရုပ်သေးနှင့် စုန့်ဝမ်ကို မြင်သောအခါ စုအန်ချင်း ခဏတာ တုံ့ဆိုင်းသွားသည်။ အလောင်းရုပ်သေး၏ စွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက် သာလွန်နေသဖြင့် တစ်ယောက်တည်းနှင့် တားဆီးရန်မှာ ခက်ခဲပေလိမ့်မည်။

“ဘာစောင့်နေတာလဲ၊ သူတို့ကို တားစမ်း။ မင်း ရွှေအမြုတေအဆင့် မချိုးဖျက်ချင်တော့ဘူးလား”

အစီအရင်ကို ထိန်းချုပ်နေသော စုဝမ်ရှီက အော်ဟစ်လိုက်သည်။

စုအန်ချင်းလည်း ရှောင်လွှဲမရသည့်အဆုံး ဓားပျံကို အလောင်းရုပ်သေးဆီ ထပ်မံ ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် ဓားပုံသဏ္ဌာန် ကျောက်စိမ်းပြား အဆောင်တစ်ခုကို စုန့်ဝမ်ဆီ ပစ်လွှတ်လိုက်သည်။

ကျောက်စိမ်းပြား လေထဲတွင် ကွဲအက်သွားသည်နှင့် ပေတစ်ရာခန့် ရှည်လျားသော ဝိညာဉ်စွမ်းအားဓားကြီးအဖြစ် ပြောင်းလဲသွားပြီး စုန့်ဝမ်ဆီသို့ ကျဆင်းလာတော့သည်။

စုန့်ဝမ်သည် ကျဆင်းလာသော ဓားကြီးကို ကြည့်ကာ အလွန်စိုးရိမ်ပူပန်သွားသည်။ သွေးမြွေမှာ စုချန်၏ ပါးစပ်နားသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားတော့မည် ဖြစ်သည်။ အကယ်၍ သွေးမြွေသာ စုချန်၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ကာ သူ၏ သွေးအဆီအနှစ်နှင့် ကျင့်ကြံမှုစွမ်းအင်ကို ဝါးမြိုလိုက်ပါက ၎င်းသည် သန့်စင်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာပင် မြေပြင်ပေါ်တွင် လဲကျနေပြီး မလှုပ်ရှားနိုင်တော့သော စုချန်မှာ တစ်ခုခု၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့ လျင်မြန်စွာ နောက်ဆုတ်သွားသဖြင့် သူ့ခန္ဓာကိုယ်ပေါ် တက်နေသော သွေးမြွေမှာ အစီအရင်လမ်းကြောင်းထဲသို့ ပြန်လည် ပြုတ်ကျသွားသည်။ စုချန်ဘေးတွင် လဲကျနေသော ချင်းယန်မှာလည်း အလားတူပင် တစ်စုံတစ်ရာ၏ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး အဝေးသို့ တရွတ်တိုက် ပါသွားတော့သည်။

ဝိညာဉ်ဝါးမြိုအစီအရင်ကို ထိန်းချုပ်နေသော စုဝမ်ရှီမှာ ပါးစပ်အဟောင်းသားဖြင့် အံအားသင့်သွားသည်။ ချက်ချင်းပင် ဝိညာဥ်အာရံ ဖြန့်ကြတ်ပြီး စစ်ဆေးကြည့်သောအခါ စုချန်နှင့် ချင်းယန်၏ ခန္ဓာကိုယ်များအောက်တွင် သေးငယ်သော ပိုးကောင်ကလေး သုံးကောင်စီက သယ်မပြီး ရွေ့လျားစေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

အစောပိုင်းက သူနှင့် စုအန်ချင်းတို့သည် စုန့်ဝမ်နှင့် ငွေရောင်အလောင်းရုပ်သေးကိုသာ အာရုံစိုက်နေကြသဖြင့် ကူပိုးကောင် ၆ ကောင် ပေါ်လာသည်ကို သတိမထားမိခဲ့ပေ။ ယခု သတိထားမိချိန်တွင် စုချန်နှင့် ချင်းယန်တို့မှာ အစီအရင်၏အပြင်ဘက်သို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။

စုဝမ်ရှီ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာသည်။ ချက်ချင်းပင် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ရာ ဓားပျံတစ်လက် ထွက်ပေါ်လာပြီး စုန့်ဝမ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ စုန့်ဝမ်ကို မသတ်နိုင်လျှင် ဝိညာဉ်ဝါးမြိုအစီအရင်ကို ဆက်လက် လည်ပတ်နိုင်မည် မဟုတ်ကြောင်း စုဝမ်ရှီ သဘောပေါက်သည်။

...

ကူပိုးကောင်များ စုချန်နှင့် ချင်းယန်ကို အချိန်မီ ဆွဲထုတ်သွားသည်ကို မြင်တော့မှ စုန့်ဝမ် သက်ပြင်းချနိုင်တော့သည်။ သို့သော် စိတ်မအေးနိုင်သေး၊ ကြီးမားလှသည့် ဝိညာဉ်စွမ်းအားဓားကြီးမှာ သူ့အပေါ် ကျဆင်းလာနေပြီ ဖြစ်သည်။

စုန့်ဝမ်လည်း ရှိရှိသမျှ အကာအကွယ်နည်းလမ်း အကုန်ထုတ်သုံးရတော့သည်။ ပတ်လည်တွင် မိုးကြိုးဒိုင်းတစ်ခု ဖြစ်တည်လာပြီး၊ ဒိုင်း၏ အပြင်ဘက်တွင် အစိမ်းရောင် ခေါင်းလောင်းကြီးတစ်ခု ပေါ်လာသည်။ ထိုမျှနှင့် မလုံလောက်သည်ကို ရိပ်မိသဖြင့် မိုးကြိုးခြေလှမ်းဖြင့် ဘေးဘက်သို့ အမြန်ပြေးရှောင်လိုက်သည်။

“ဂျိမ်း”

ဝိညာဥ်စွမ်းအင်ဓားကြီးသည် အစိမ်းရောင် ခေါင်းလောင်းကို ထိမှန်သည်နှင့် ခေါင်းလောင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ မိုးကြိုးဒိုင်းလည်းမှာ အသက်တစ်ရှိုက်စာသာ ခံနိုင်ပြီး လျှပ်စစ်မီးပွားများအဖြစ် လွင့်ပြယ်သွားသည်။

ဝိညာဉ်စွမ်းအားဓားကြီးမှာ မြေပြင်ကို ထိမှန်သွားရာ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ထိမှန်သွားရာ ပြင်းထန်သော ဝိညာဉ်စွမ်းအားလှိုင်းများ အရပ်မျက်နှာစုံသို့ ပြန့်နှံ့သွားတော့သည်။ စုန့်ဝမ်မှာလည်း ပြင်းထန်သော ရိုက်ခတ်မှုထဲ ပါသွားပြီး အဝေးသို့ လွင့်စင်သွားတော့သည်။

ထိုအချိန်တွင် စုဝမ်ရှီ၏ ဓားပျံမှာ အရှိန်ပြင်းစွာ ချဉ်းကပ်လာပြီး စုန့်ဝမ်နှင့် ငါးပေအကွာသို့ ရောက်လာသည်။ ဓားမထိမှန်မီမှာပင် ထွက်ပေါ်နေသော ဓားချီများကြောင့် စုန့်ဝမ်မှာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ဟန်ချက်မထိန်းနိုင်သောကြောင့် လှုပ်ရှားမှုနည်းစနစ်များ အသက်သွင်း တိမ်းရှောင်ရန် အလွန်တရာ ခက်နေသည်။ ဤမျှ အသက်လုရသည့်အချိန်တွင် စုန့်ဝမ်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ပေ။

သူ့ရှေ့တွင် ကြီးမားလှသော တစ္ဆေကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းမှာ တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်ပင် ဖြစ်သည်။ တစ္ဆေဘုရင်သည် ထွက်ပေါ်လာသည်နှင့် စုန့်ဝမ်ရင်ဘတ်သို့ ထိုးစိုက်လုနီးပါး နီးကပ်နေသော ဓားပျံကို ခပ်ကြမ်းကြမ်း ဖမ်းဆုပ်လိုက်သဖြင့် ဓားပျံမှာ မလှုပ်ရှားနိုင် ဖြစ်သွားသည်။

စုဝမ်ရှီမှာ ထိတ်လန့်သွားပြီး မန္တန်လက်ကွက်များကို အသည်းအသန် ဖော်လိုက်သော်လည်း သူ၏ ဓားပျံမှာ တစ္ဆေလက်အတွင်းမှ ရုန်းမထွက်နိုင်သည်ကို တွေ့လိုက်ရသည်။

တစ္ဆေဘုရင်လည်း ရှေ့သို့ တိုးလာပြီး ဓားပျံပိုင်ရှင် စုဝမ်ရှီကို တိုက်ခိုက်တော့သည်။ တစ္ဆေဘုရင်နှင့် ငွေရောင်အလောင်းရုပ်သေးမှာ တတိယအဆင့်တစ်ပိုင်း ဖြစ်နေသဖြင့် စုအန်ချင်းနှင့် စုဝမ်ရှီတို့မှာ ကြောက်ရွံ့လာပြီး ဆုတ်ခွာရန် စတင်စဉ်းစားလာကြသည်။

စုအန်ချင်းသည် အလောင်းရုပ်သေးအား ဓားပျံဖြင့် ငါးကြိမ်ဆက်တိုက် တိုက်ခိုက်သော်လည်း အလောင်းရုပ်သေး၏ လက်သည်းများဖြင့် အလွယ်တကူ အတားခံလိုက်ရသဖြင့်၊ တဖြည်းဖြည်း နောက်ဆုတ်လာသည်။ တစ္ဆေဘုရင် ပေါ်လာသောအခါ ခဏမျှပင် တွန့်ဆုတ်မနေတော့ဘဲ လှည့်ထွက်ကာ လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

စုဝမ်ရှီလည်း သူတစ်ယောက်တည်းဖြင့် တစ္ဆေဘုရင်ကို မယှဉ်နိုင်မှန်း သိလိုက်ရသောကြောင့် အစီအရင်ထဲရှိ သွေးမြွေကို နှမြောတသစွာ တစ်ချက်ကြည့်ပြီးနောက် ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုအခိုက်အတံ့မှာပင် ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု သူ၏ဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ စုအန်ချင်းဆီမှ ပစ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအား ဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားမှာ ပြင်းထန်ခြင်း မရှိသော်လည်း စုဝမ်ရှီ၏ ထွက်ပြေးမှုကို အကြီးအကျယ် အနှောင့်အယှက် ပေးလိုက်သည်။

ဝေးသထက် ဝေးသွားသော စုအန်ချင်းကို ကြည့်ရင်း စုဝမ်ရှီမှာ နာကျည်းစွာဖြင့် အံကြိတ်လိုက်သည်။ တစ်ဖက်လူမှာ အသက်ရှင်ရန်အတွက် မိမိ၏ မိသားစုဝင်ကိုပင် တိုက်ခိုက်ရန် ဝန်မလေးခဲ့ပေ။

“ဖောင်း”

ထိုအချိန်လေးမှာပင် လိုက်မီလာသော ငွေရောင်အလောင်းရုပ်သေးက ခေါင်းကို ရိုက်ချလိုက်ရာ စုဝမ်ရှီမှာ ချက်ချင်းပင် အသက်ပျောက်သွားသည်။ သူ့အလောင်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။

………

All Chapters