← Chapters

ရွှေအမြုတေကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 171

ရွှေအမြုတေကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်း

Vol. 16 Ch. 171

အဝေးရောက်ချိန် လှည့်ကြည့်သောအခါ တစ္ဆေဘုရင်နှင့် ငွေရောင်အလောင်းရုပ်သေးတို့ လိုက်မလာသည်ကို တွေ့မှပင် စုအန်ချင်းသည် စိတ်အေးသွားသည်။ အလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်မှာ မည်မျှပင် သန်မာစေကာမူ အစစ်အမှန် တတိယအဆင့် ကျွမ်းကျင်သူများ မဟုတ်ကြသဖြင့် သူတို့၏ အာရုံခံနိုင်စွမ်းမှာ အကန့်အသတ်ရှိသည်။ စုအန်ချင်းမှာ သူတို့၏ အာရုံခံနယ်ပယ်မှ ကျော်လွန်သွားပြီဖြစ်သည်။

စုအန်ချင်းလည်း ပျံသန်းရင်း ပုန်းအောင်းရန် နေရာရှာနေစဉ် အနီးနားရှိ တောအုပ်ထဲမှ အနီရောင် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ စုအန်ချင်း တုံ့ပြန်မှု မပြုနိုင်မီမှာပင် သူ့ရင်ဘတ်ကို ဓားချီ ဖောက်ဝင်သွားပြီး ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

စုအန်ချင်းကို သတ်ပြီးနောက် အနီရောင်ဓားပျံမှာ ရပ်တန့်မသွားဘဲ ဝိညာဉ်ဝါးမြိုအစီအရင်ဆီသို့ ဦးတည်သွားသည်။

ထိုအချိန်တွင် စုန့်ဝမ်မှာ အစီအရင်အတွင်းရှိ သွေးမြွေကို ဖမ်းယူရန် ကြိုးစားနေသည်။ ရုတ်တရက် အဝေးမှ သူ့ဆီတည့်တည့် ဦးတည်လာသော အနီရောင်ဓားပျံကို မြင်လိုက်ရသည်။ အဝေးမှပင် ပြင်းထန်သော ဓားချီကို ခံစားမိသဖြင့် စုန့်ဝမ် လန့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်ကာ ငွေရောင်အလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်ကို သူ၏ဘေးသို့ ဆင့်ခေါ်လိုက်သည်။

တစ္ဆေဘုရင်သည် များပြားလှသော တစ္ဆေစွမ်းအင်များကို စုစည်းကာ ဒိုင်းတစ်ခု ပြုလုပ်လိုက်သည်။

“ဝုန်း”

ဓားပျံက ဒိုင်းကို ထိမှန်သွားရာ ဒိုင်းမှာ ကွဲအက်သွားပြီး တစ္ဆေစွမ်းအင်များ လေထဲတွင် ပြန့်ကျဲသွားသည်။

ဓားပျံမှာမူ ဆက်လက် တိုးဝင်လာဆဲ ဖြစ်သည်။ ငွေရောင်အလောင်းရုပ်သေးသည် သူ၏ ထက်မြက်သော လက်သည်းများကို ဝှေ့ယမ်းကာ ဓားပျံကို ရိုက်ထုတ်လိုက်သည်။ ဓားပျံနှင့် လက်သည်းများ ထိမှန်သွားရာ လက်သည်းပေါ်ရှိ ခြောက်သွေ့မာကျောနေသော အသားများကို ပြတ်တောက်သွားပြီး မီးခိုးရောင်အရိုးများပင် ပေါ်လာသည်။

သို့သော် အနီရောင်ဓားပျံမှာလည်း စွမ်းအားမှာ သိသိသာသာ လျော့နည်းသွားပြီး ဆက်မတိုးနိုင်တော့ဘဲ ၎င်းလာရာအရပ်သို့ ပြန်လည် ပျံသန်းသွားသည်။ ဓားပျံ ဦးတည်ရာ အဝေးတစ်နေရာတွင် လက်တစ်ဖက်ပြတ်နေသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရထားသော တုထျန်းဟွာပင် ဖြစ်သည်။

တုထျန်းဟွာသည် ကျန်ရှိသော ညာဘက်လက်ဖြင့် အနီရောင်ဓားပျံကို ဖမ်းယူလိုက်သည်။

“လူငယ်လေး... ဒီမှာရှိတဲ့ အရာအားလုံးက မင်းလက်လှမ်းမမီတဲ့ အရာတွေပဲ။ အခု ထွက်သွားမယ်ဆိုရင် မင်းခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရတာကို ထောက်ထားပြီး မင်းအသက်ကို ငါ ချမ်းသာပေးမယ်”

စုန့်ဝမ်မှာ တုထျန်းဟွာ၏ စကားအနည်းငယ်ကြောင့် နောက်ဆုတ်မည့်သူ မဟုတ်ပေ။ ခုနကပင် တုထျန်းဟွာ၏ တိုက်ခိုက်မှုမှာ ငွေရောင်အလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့၏ တားဆီးခြင်းကို ခံခဲ့ရသည်။ သူသည် အကြီးအကျယ် ဒဏ်ရာရနေပြီး အင်အားအများကြီး မထုတ်နိုင်တော့သည်မှာ သိသာလှသည်။ ထို့ကြောင့် ထွက်သွားရန် တိုက်တွန်းခြင်းမှာ ဟန်ပြခြောက်လှန့်ခြင်းသာ ဖြစ်သည်။ အကယ်၍ တုထျန်းဟွာမှာ သူ့ကို အနိုင်ယူနိုင်စွမ်းရှိလျှင် ထွက်သွားရန် ပြောပြီး အချိန်ဖြုန်းနေမည် မဟုတ်ဘဲ အစောကတည်းက တိုက်ခိုက်ပြီးသား ဖြစ်ပေလိမ့်မည်။

စုန့်ဝမ်က ထွက်မသွားသည်ကို မြင်သောအခါ တုထျန်းဟွာ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြင်းထန်လာသည်။

“မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့”

အနီရောင်ဓားပျံမှာ နောက်တစ်ခေါက် ပြန်လည် တိုက်ခိုက်လာပြန်သည်။ တစ္ဆေဘုရင်သည် လက်တစ်ဖက် လေထဲ ဝေ့ယမ်းလိုက်ရာ ခြောက်ပေခန့် ရှည်လျားသော တစ္ဆေဓားနက်ကြီးတစ်လက် သူ့လက်ထဲ ပေါ်လာသည်။ တစ္ဆေဘုရင်လည်း တစ္ဆေဓားကို ကိုင်ဆောင်ကာ အနီရောင်ဓားပျံကို ပြေးဝင်တိုက်ခိုက်လိုက်သည်။

ငွေရောင်အလောင်းရုပ်သေးမှာလည်း လေထဲသို့ ပျံတက်ပြီး တုထျန်းဟွာဆီသို့ ခုန်အုပ်လိုက်သည်။

“ဟွန်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

တုထျန်းဟွာ နှာခေါင်းရှုံ့လိုက်သည်။ အခြေတည်အဆင့် ကျင့်ကြံသူလေးက သူ့ကို တိုက်ခိုက်ရဲခြင်းမှာ ကိုယ့်အဆင့်ကိုယ် မသိခြင်းပင် ဖြစ်သည်။ သူသည် ရွှေအမြုတေအဆင့်တူဖြစ်သည့် ချင်းယန်ကို မနိုင်ခဲ့ခြင်းမှာ အခြေတည်အဆင့် ကျင့်ကြံသူကို မကိုင်တွယ်နိုင်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။

အနီရောင်ဓားပျံမှ တောက်ပသော အနီရောင်ဓားအလင်းများ ထုတ်လွှတ်ပြီး၊ ကြယ်တံခွန်အလား တစ္ဆေဘုရင်ဆီသို့ တိုးဝင်သွားသည်။ တစ္ဆေဘုရင်၏ ပတ်လည်တွင် ထူထပ်လှသော တစ္ဆေစွမ်းအင်များ ဖုံးလွှမ်းနေပြီး၊ လက်ထဲရှိ တစ္ဆေဓားနက်ကြီးဖြင့် အနီရောင်ဓားပျံကို ခုတ်ချလိုက်သည်။

“ဂျိမ်း ..”

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ တစ္ဆေဘုရင်၏ တစ္ဆေဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မရေမတွက်နိုင်သော အနီရောင်ဓားချီများမှာ တစ္ဆေဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ခဏချင်းအတွင်းမှာပင် တစ္ဆေဘုရင်၏ ဝိညာဉ်ခန္ဓာမှာ ဝေဝါးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း၊ သူသည် တုထျန်းဟွာ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ဆဲ ဖြစ်သည်။

...

အခြားတစ်ဖက်တွင် ငွေရောင်အလောင်းရုပ်သေးမှာ တုထျန်းဟွာနှင့် အလွန်နီးကပ်သော နေရာသို့ ရောက်ရှိသွားပြီး ထက်မြသော လက်သည်းများကို မြှောက်ကာ ရှေ့သို့ ခုန်ဝင်လိုက်သည်။

တုထျန်းဟွာ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အကာအကွယ် အလွှာတစ်ခု ထွက်ပေါ်လာပြီး၊ သူ့လက်ထဲတွင် ဓားမကြီးတစ်လက် ပေါ်လာသည်။ ဤဓားမကြီးမှာ သုံးပေခန့် ရှည်လျားပြီး မှန်ချပ်ကဲ့သို့ တောက်ပနေသည်။ ယင်းမှာ သူ ရွှေအမြုတေအဆင့် မရောက်မီက အသုံးပြုခဲ့သော အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်ပြီး၊ အနီရောင်ဓားပျံ ရရှိပြီးနောက်ပိုင်း ၎င်းကို အသုံးနည်းခဲ့ခြင်း ဖြစ်သည်။

တုထျန်းဟွာသည် ဓားမကြီးကို ကိုင်ဆောင်ကာ ခုတ်ချလိုက်သည်။ ဤတိုက်ခိုက်မှုမှာ မိုးကြိုးပမာ ပြင်းထန်လှပြီး လေခွင်းသံများနှင့်အတူ ငွေရောင်အလောင်းရုပ်သေးဆီသို့ တိုးဝင်သွားသည်။

အလောင်းရုပ်သေးကလည်း ဓားကို လျစ်လျူရှုကာ လုံးဝမရှောင်ဘဲ၊ ၎င်း၏ ထက်မြသော လက်သည်းများဖြင့် တုထျန်းဟွာ၏ ဝိညာဉ်အကာအကွယ်ကို ကုတ်ဆွဲတိုက်ခိုက်လိုက်သည်။

ဓားမှာ ငွေရောင်အလောင်းရုပ်သေး၏ ဘယ်ဘက်ပခုံးကို ထိမှန်သွားပြီး အသားထဲသို့ နက်ရှိုင်းစွာ ဝင်သွားသည်။ တုထျန်းဟွာ အံ့သြသွားသည်မှာ ဓားသည် အလောင်းရုပ်သေး၏ ပခုံးထဲ ဝင်သွားပြီးနောက် ရှေ့ဆက်မတိုးနိုင်ဘဲ ငွေရောင်ပခုံးရိုးများတွင် ညှပ်နေခြင်း ဖြစ်သည်။

ငွေရောင်အလောင်းရုပ်သေးမှာ ဒဏ်ရာကို လုံးဝဂရုမစိုက်ဘဲ လက်သည်းများကို အဆက်မပြတ် ဝှေ့ယမ်းကာ ဝိညာဉ်အကာအကွယ်ကို အဆက်မပြတ် ကုတ်ခြစ်နေသည်။ ခဏချင်းမှာပင် တုထျန်းဟွာ၏ ဝိညာဥ်စွမ်းအင် အကာအကွယ်မှာ မှိန်ဖျော့လာပြီး ကွဲအက်သွားတော့သည်။

ငွေရောင်အလောင်းရုပ်သေးက လက်သည်းများကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ တုထျန်းဟွာ၏ မျက်နှာကို တိုက်ခိုက်တော့မည့် အချိန်တွင် သူ့ပခုံးတွင် ညှပ်နေသော ဓားမကြီးမှ ဓားချီများ ပေါက်ကွဲထွက်လာပြီး အလောင်းရုပ်သေး၏ ဘယ်ဘက်ပခုံးတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ပြင်းထန်လှသော ပေါက်ကွဲမှုအရှိန်ကြောင့် ငွေရောင်အလောင်းရုပ်သေးမှာ မြေပြင်ပေါ်သို့ ပစ်ကျသွားတော့သည်။

ထိုအချိန်မှာပင် ကောင်းကင်မှ တောက်ပသော မိုးကြိုးလျှပ်စီးတန်းတစ်ခု ကျဆင်းလာသည်။ တုထျန်းဟွာသည် အလျင်စလိုပင် လက်ထဲရှိ ဓားမကြီးဖြင့် ကျဆင်းလာသော လျှပ်စီးတန်းဆီသို့ ပစ်လွှတ်လိုက်သည်။ မိုးကြိုးလျှပ်စီးမှာ တုထျန်းဟွာ၏ ခေါင်းအထက် ပေ ၂၀ ခန့်အကွာတွင် ဓားမကြီးနှင့် ထိမှန်သွားရာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

တုထျန်းဟွာ အာရုံများနေချိန်တွင် ရှေ့တည့်တည့်မှနေ၍ စုန့်ဝမ်က လှံတိုတစ်လက်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။ ထိုလှံတိုမှာ လေ့ထျန်းယုထံမှ ရရှိခဲ့သော အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်ပြီး လျှပ်စီးများ တဖျပ်ဖျပ် စီးဆင်းနေသည်။ ဒဏ်ရာရထားသော တစ္ဆေဘုရင်နှင့် ငွေရောင်အလောင်းရုပ်သေးတို့လည်း တုထျန်းဟွာဆီသို့ တဟုန်ထိုး ပြန်လည် တိုက်ခိုက်လာကြပြန်သည်။

“သေချင်နေတာပဲ”

တုထျန်းဟွာ၏ အကြည့်မှာ အေးစက်သွားပြီး ဓားမန္တန်တစ်ခုကို ရွတ်ဖတ်လိုက်ရာ အနီရောင်ဓားပျံက စုန့်ဝမ်၏ နောက်ကျောဆီသို့ ခုတ်ပိုင်းလာသည်။

တုထျန်းဟွာ နားလည်ထားသည်မှာ စုန့်ဝမ်ကဲ့သို့ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူသည် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့၏ အကူအညီကြောင့်သာ သူကဲ့သို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရဲခြင်း ဖြစ်သည်။ အကယ်၍ စုန့်ဝမ်က ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့၏ နောက်ကွယ်တွင် ပုန်းအောင်းကာ တိုက်ခိုက်လျှင် သူ့အနေဖြင့် စုန့်ဝမ်ကို ကိုင်တွယ်ရန် နည်းလမ်း သိပ်မရှိပေ။ သို့သော် ယခုလို တိုက်ရိုက် တိုက်ခိုက်ရန် ကြိုးစားခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်သည်။ စုန့်ဝမ်ကိုသာ သတ်နိုင်လျှင် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့၏ ခြိမ်းခြောက်မှု ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ အစွမ်းထက်သော အစေခံနှစ်ဦးကိုပင် ရရှိနိုင်သည်။

စုန့်ဝမ် တုထျန်းဟွာနှင့် ပေ ၁၀၀ ခန့်အကွာသို့ အရောက် အနီရောင်ဓားပျံက စုန့်ဝမ်၏ နောက်ကျောကို ထိုးဖောက်သွားသည်။ ဓားချီများ ပေါက်ကွဲထွက်လာရာ စုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ ကွဲထွက်သွားသည်။

တုထျန်းဟွာ ကျေနပ်၍မှ မဆုံးသေး၊ သူ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး လှံတိုဖြင့် ထိုးသွင်းလိုက်ရာ တုထျန်းဟွာ၏ နှလုံးသားကို နောက်ကျောမှနေ၍ ထိုးဖောက်လာသည်။ တုထျန်းဟွာ ထိတ်လန့်သွားသည်၊ လှံတို ပို၍ နက်အောင် မတိုးနိုင်စေရန် ဝိညာဉ်စွမ်းအားများကို အလျင်အမြန် စုစည်းပြီး တားဆီးလိုက်ရသည်။

တချိန်တည်းမှာင် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး ဓားမကြီးဖြင့် ခုတ်ချလိုက်သည်။ စုန့်ဝမ်မှာ ဓားမကြီးဖြင့် ခေါင်းဖြတ်ခြင်း ခံလိုက်ရပြန်သည်။

သို့သော် တုထျန်းဟွာမှာလည်း အကြီးအကျယ် အခက်ကြုံသွားသည်။ လှံတိုမှတဆင့် မရေမတွက်နိုင်သော လျှပ်စစ်လှိုင်းများ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းလာပြီး အသားများကို လျင်မြန်စွာ လောင်ကျွမ်းစေကာ မီးလောင်ညှော်နံ့ပင် ထွက်ပေါ်လာသည်။ စုန့်ဝမ်က လှံတိုမှတဆင့် မိုးကြိုးစွမ်းအားများကို တုထျန်းဟွာ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်ခြင်းဖြင့် အတွင်းမှ ပေါက်ကွဲထွက်လာစေခြင်း ဖြစ်သည်။ လျှပ်စီးများက တုထျန်းဟွာ၏ အတွင်းအင်္ဂါများကို ဖျက်ဆီးနေပြီး သူ၏ ဝိညာဉ်စွမ်းအားကို ခဏတာ နှောင့်နှေးသွားစေသဖြင့် လှုပ်ရှားမှုများ နှေးကွေးသွားသည်။

တုထျန်းဟွာသည် သူ့ကိုယ်တွင်းရှိ မိုးကြိုးလျှပ်စီး စွမ်းအင်များကို ဖယ်ရှားရန် ဝိညာဉ်စွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။

စုန့်ဝမ်သည် အစားထိုးရုပ်သေးနှစ်ကောင် ရင်းပြီး ဤမျှခက်ခက်ခဲခဲ ရယူထားရသော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ချက်ချင်းပင် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့ ပြေးဝင်လာကြသည်။

ငွေအလောင်းရုပ်သေးသည် ၎င်း၏ ထက်မြသော လက်သည်းများကို ဝှေ့ယမ်းကာ တုထျန်းဟွာ၏ ဘယ်ဘက်ခြေထောက်ကို ဖမ်းရန် ကြိုးစားသည်။ တစ္ဆေဘုရင်မှာလည်း အသစ်ပြန်လည် ဖန်တီးထားသော တစ္ဆေဓားကို ကိုင်ဆောင်ကာ တုထျန်းဟွာ၏ မျက်နှာတည့်တည့်သို့ ခုတ်ချလိုက်သည်။

သူ့ကိုယ်တွင်း၌ မိုးကြိုးလျှပ်စီးများ နှောင့်ယှက်နေသဖြင့် တုထျန်းဟွာသည် ဝိညာဉ်အကာအကွယ်ကို အချိန်မီ မဖန်တီးနိုင်တော့ဘဲ၊ လက်ကိုမြှောက်ကာ တစ္ဆေဘုရင်ကို ဓားမကြီးဖြင့် တိုက်ခိုက်ရန်သာ တတ်နိုင်သည်။ တချိန်တည်းမှာပင် အနီရောင်ဓားပျံအား ငွေအလောင်းရုပ်သေးကို ခုတ်ပိုင်းစေလိုက်သည်။

ဓားမကြီးမှာ တစ္ဆေဘုရင်ကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။ သို့သော် အနီရောင်ဓားပျံမှာ အနည်းငယ် နှေးကွေးသွားခဲ့ပြီး၊ ထိမှန်လုဆဲဆဲ အချိန်မှာပင် ငွေအလောင်းရုပ်သေး၏ လက်သည်းများက တုထျန်းဟွာ၏ ဘယ်ဘက်ခြေထောက်ကို ဖမ်းဆုပ်မိသွားသည်။

ချက်ချင်းပင် သွေးများ ပန်းထွက်လာသည်။ ငွေအလောင်းရုပ်သေး၏ ထက်မြသော လက်သည်းများက တုထျန်းဟွာ၏ ဘယ်ဘက်ခြေထောက်ကို ပေါင်အရင်းမှ ဖြတ်တောက်ပစ်လိုက်သည်။ ထိုအချိန်တွင် အနီရောင်ဓားပျံက ငွေအလောင်းရုပ်သေး၏ ကျောဘက်ကို ထိမှန်သွားသည်။

ငွေရောင်အလောင်းရုပ်သေး လွင့်ထွက်သွားသလို၊ တုထျန်းဟွာလည်း ပြင်းထန်သော ဒဏ်ရာကြောင့် ယိမ်းယိုင်သွားသည်။ ဟန်ချက်မထိန်းနိုင်မီမှာပင် ကောင်းကင်မှ မိုးကြိုးလျှပ်စီးတန်းတစ်ခု ကျဆင်းလာပြန်သည်။ တုထျန်းဟွာ အံကြိတ်ကာ ကျဆင်းလာသော လျှပ်စီးတန်းကို ဓားမဖြင့် ခုခံလိုက်သည်။ ဤတစ်ကြိမ်တွင်မူ မိုးကြိုးလျှပ်စီးကို အပြည့်အဝ မဖျက်ဆီးနိုင်ခဲ့ပေ။ မိုးကြိုးလျှပ်စီး ထိမှန်ခံလိုက်ရပြီး လူရော၊ ဓားပါ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပစ်ကျသွားတော့သည်။

“တာအိုရောင်းရင်း ... ဒီမှာပဲ ရပ်ကြရအောင်။ ဒီမှာရှိတဲ့ အရာအားလုံးက မင်းယူလိုက်”ဟု တုထျန်းဟွာက မြေပြင်ပေါ်သို့ ကျဆင်းနေစဉ် အော်ပြောလိုက်သည်။

စုန့်ဝမ်က လျစ်လျူရှုလိုက်သည်။ ယခုအချိန်မှ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းမှာ အလွန်နောက်ကျသွားပြီ မဟုတ်ပါလား။ အထိန်းအကွပ်မဲ့ ပြုတ်ကျနေသော တုထျန်းဟွာဆီသို့ အေးခဲလဓားဖြင့် ပစ်လွှတ်ပြီး ပွဲဖြတ်ဖို့ ကြိုးစားလိုက်သည်။ တချိန်တည်းမှာပင် တစ္ဆေဘုရင်သည်လည်း တုထျန်းဟွာကို ခုန်အုပ်လိုက်သည်။

ချောင်ပိတ်မိသွားသော တုထျန်းဟွာသည် မြေပြင်ပေါ်သို့ မကျမီမှာပင် သူ၏လက်ထဲရှိ ကြက်ဥအရွယ်အစားရှိသော ခရမ်းရောင်အလုံးလေးတစ်ခုကို ချေဖျက်လိုက်သည်။

“ဘုန်း”

တုထျန်းဟွာ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် မြူခိုးများ ထွက်ပေါ်လာပြီး ချက်ချင်းပင် တစ်မိုင်ပတ်လည်ကို ခရမ်းရောင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

အေးခဲလဓား ခရမ်းရောင်မြူခိုးများထဲသို့ တိုးဝင်သွားသည်နှင့် စုန့်ဝမ်မှာ သူနှင့် ဓားကြားရှိ အဆက်အသွယ်မှာ လျင်မြန်စွာ အားနည်းသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ အေးခဲလဓားအပေါ် ထိန်းချုပ်နိုင်မှု တဖြည်းဖြည်း လျော့နည်းလာသည်။ ဤမြူခိုးများမှာ ဝိညာဉ်အာရုံကို ဖုံးကွယ်ထားနိုင်သော အာနိသင် ရှိသည်ကို စုန့်ဝမ် ရိပ်စားမိလိုက်သည်။

အစောပိုင်းက စုန့်ဝမ်သည် တုထျန်းဟွာနှင့် ချင်းယန်တို့၏ တိုက်ပွဲကို ကူပိုးကောင် သုံး၍ စောင့်ကြည့်ခဲ့သည်။ ယခုအခါမှ စုန့်ဝမ်သည် ချင်းယန် ဝိညာဉ်ဖုံးကွယ်မြူခိုးများထဲသို့ ဝင်သောအခါ အဘယ်ကြောင့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ခဲ့သည်ကို နားလည်သွားတော့သည်။ ဝိညာဉ်လက်နက်ကို လက်ဖြင့် ကိုင်ဆောင်ထားမှသာ မြူခိုးထဲတွင် မိမိ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်သည်။

မြူခိုးများကို ကြည့်ရင်း စုန့်ဝမ် ခေါင်းကိုက်လာသည်။ ဝိညာဉ်ဖုံးကွယ်မြူခိုးများက သူ့ဝိညာဉ်အာရုံကို ကန့်သတ်ထားနိုင်ရာ၊ ယင်းမှာ သူအားအကိုးရဆုံးသော အသက်ကယ်လှည့်ကွက်ဖြစ်သည့် အစားထိုးရုပ်သေးကို အသုံးမပြုနိုင်တော့သည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ အစားထိုးအတတ်ကို သုံးသောအခါ မိမိ၏ အစစ်အမှန် ခန္ဓာကိုယ် တည်ရှိမည့်နေရာမှာ ဝိညာဉ်အာရုံ လွှမ်းခြုံသည့် နယ်ပယ်အတွင်းတွင်သာ ရှိရမည် ဖြစ်သည်။ အကယ်၍ မြူခိုးများထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားလျှင် အာရုံခံနိုင်စွမ်းမှာ ကန့်သတ်ခံရမည်ဖြစ်ပြီး၊ မိမိ၏ မူလနေရာ အနီးအနားတွင်သာ ပေါ်လာနိုင်မည် ဖြစ်သည်။ ယင်းက အစားထိုးအတတ်ကို အဓိပ္ပာယ်မဲ့သွားစေပြီး၊ အသတ်ခံရမည့် အလားအလာ မြင့်တက်လာပေလိမ့်မည်။

သို့သော် တုထျန်းဟွာကို ဤအတိုင်း လွှတ်ပေးလိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ နောင်ရေး မလုံခြုံသည်ကို ထည့်မတွက်လျှင်ပင်၊ မြူခိုးအတွင်း ပုန်းအောင်းရင်း ဒဏ်ရာကုသပြီး ပြန်လည်တိုက်ခိုက်လာပါက အခက်ကြုံမည် ဖြစ်သည်။

………….

All Chapters