သွေးမြွေဝါးမြိုပြီး အဆင့်တက်မယ်
Vol. 16 Ch. 172
စုန့်ဝမ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် အခြေအနေကို စူးစမ်းရန်အတွက် ကူပိုးကောင်များကို အရင်စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။ ကူပိုးကောင် ၆ ကောင်သည် ထူထပ်လှသော ဝိညာဉ်ဖုံးကွယ်မြူခိုးများထဲသို့ အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်သွားကြသည်။ ကူပိုးကောင်များ မြူခိုးထဲသို့ ပေ ၂၀ ခန့် ဝင်သွားသည်နှင့် စုန့်ဝမ်သည် ၎င်းတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ကူပိုးကောင်များ၏ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။
များမကြာမီမှာပင် ကူပိုးကောင်များသည် ၎င်းတို့ဝင်သွားသော လမ်းကြောင်း၏ ဆန့်ကျင်ဘက်မှ ပြန်ထွက်လာသော်လည်း တုထျန်းဟွာ၏ အရိပ်အယောင်ကိုမူ ရှာမတွေ့ခဲ့ကြပေ။ ယင်းကို မြင်သောအခါ စုန့်ဝမ်သည် တုထျန်းဟွာအတွက် အချိန်မဖြုန်းတော့ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်၊ သွေးမြွေကို အမြန်ဆုံး ဝါးမြိုရန်ကိစ္စက ပို၍ အရေးကြီးနေသောကြောင့် ဖြစ်သည်။
ကူပိုးကောင် ၆ ကောင်ကို မြူခိုးထု၏ အရပ်မျက်နှာအသီးသီးမှ စောင့်ကြည့်ရန် ညွှန်ကြားပြီးနောက် ဝိညာဉ်ဝါးမြိုအစီအရင်ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။ အစီအရင်ကို မည်သူမျှ အသက်သွင်းခြင်း မရှိတော့သလို ယာယီပိတ်ထားခြင်းလည်း မရှိသဖြင့် အတွင်းရှိ သွေးမြွေမှာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
စုန့်ဝမ်သည် သွေးမြွေအနားသို့ ချဉ်းကပ်ကာ ၎င်း၏ ကိုယ်လုံးအတွင်းသို့ လက်နှစ်ဖက်ကို ထိုးသွင်းလိုက်သည်။ များပြားလှသော သွေးအဆီအနှစ်များနှင့် ဝိညာဉ်စွမ်းအားများ စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။ သက်ရှည်ကျင့်စဉ်မှာလည်း အလိုအလျောက် စတင်လည်ပတ်လာပြီး ပြင်ပမှလာသော ဝိညာဥ်စွမ်းအားများကို လျင်မြန်စွာ စုပ်ယူနေတော့သည်။ ထိုဝိညာဉ်စွမ်းအားများမှာ အလွန်တရာ သန့်စင်နေပြီး စုန့်ဝမ်၏ သက်ရှည်ကျင့်စဉ်နှင့်လည်း ထပ်တူကျနေသဖြင့် ချေဖျက်ရန် အလွန်လွယ်ကူလှသည်၊ တကယ့်တော့ ချေဖျက်နေရန်ပင် မလိုတော့ပေ၊ အလိုအလျောက် ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအားများသည် သွေးကြောများတလျှောက် စီးဆင်းသွားကာ သူ၏ မူလစွမ်းအားများနှင့် သဘာဝအတိုင်း ပေါင်းစပ်သွားပြီး၊ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်ကာ နောက်ဆုံးတွင် ဒန်တန်အတွင်း၌ စုစည်းသွားသည်။
စုန့်ဝမ်၏ ကျင့်ကြံမှုအင်အားမှာလည်း သိသိသာသာ မြင့်တက်လာသည်။ စုန့်ဝမ်ပင် အံအားသင့်သွားသည်။ သွေးမြွေကို ဝါးမြိုခြင်းက ဤမျှလောက်ထိ အံ့သြဖွယ်ရာ လက်ဆောင်ကို ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
စုန့်ဝမ်သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ကာ သွေးမြွေမှရသော ဝိညာဉ်စွမ်းအားများကို စနစ်တကျ ပေါင်းစည်းရန် သက်ရှည်ကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။ တချိန်တည်းမှာပင် လုံခြုံရေးအတွက် ငွေရောင်အလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့ကို အစောင့်အဖြစ် ဆင့်ခေါ်ထားလိုက်သည်။
ယခုကဲ့သို့ ဝိညာဥ်စွမ်းအင်ကိုပါ စုပ်ယူဝါးမြိုရင်း ကျင့်ကြံမှု မြင့်တက်လာခြင်းမှာ စုန့်ဝမ်အတွက် ရင်းနှီးနေသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။ အကြီးအကဲရှီရှို့ကို သတ်ပြီး ၎င်း၏ သွေးအဆီအနှစ်ကို ဝါးမြိုခဲ့စဉ်ကလည်း ဝိညာဉ်စွမ်းအားများ စီးဝင်လာခဲ့ဖူးသည်ကို သတိရလိုက်သည်။ ထိုစဉ်က သူနှင့် ရှီရှို့ နှစ်ဦးစလုံးသည် အလောင်းဘုရင် သွေးသန့်စင်ခြင်းပညာကို လေ့ကျင့်ထားသဖြင့် စုပ်ယူနိုင်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
အခြားသော အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ သွေးအဆီအနှစ်ကိုလည်း ဝါးမြိုခဲ့သော်လည်း ထိုသူတို့ထံမှ ဝိညာဉ်စွမ်းအားများ မရရှိခဲ့ပေ၊ ယင်းမှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးလွန်းခြင်းကြောင့်လား၊ ကျင့်စဥ် မတူညီသောကြောင့်လား ဝေခွဲမရသေးပေ။
အလောင်းဘုရင် သွေးသန့်စင်ပညာနှင့် သက်ရှည်ကျင့်စဉ်မှာ လုံးဝ ကွဲပြားခြားနားသော ကျင့်စဉ်နှစ်ခု ဖြစ်သည်၊ တစ်ခုက နတ်ဆိုးအတတ်ဖြစ်ပြီး နောက်တစ်ခုက စစ်မှန်သော တာအိုကျင့်စဉ် ဖြစ်သည်။ သို့သော်လည်း စုန့်ဝမ်အနေဖြင့် သွေးအဆီအနှစ်ကို ဝါးမြိုချိန်တွင် ကျင့်စဉ်နှစ်ခုလုံးမှ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ခြင်းမှာ ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်နေသည်။
စုန့်ဝမ် စဉ်းစားနေစဉ်မှာပင် သူ၏ သက်ရှည်ကျင့်စဥ်မှာ အခြေတည် အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို သတိပြုမိလိုက်သည်။ ထိုအချိန်တွင် မူလက ၆ ပေကျော် ရှည်လျားသော သွေးမြွေမှာ ၃ ပေခန့်သာ ကျန်တော့သည်။ အခြေတည် အလယ်အဆင့်သို့ တက်လှမ်းတော့မည်ကို သိလိုက်ရသဖြင့် စုန့်ဝမ်မှာ ဝမ်းသာအားရဖြစ်ကာ ဝါးမြိုခြင်းကို ဆက်လက် လုပ်ဆောင်နေတော့သည်။
သူ၏ ဒန်တန်အတွင်း၌ ကျင့်စဉ်စွမ်းအားများသည် ဖြူဖွေးသော ဝိညာဉ်အရည်များအဖြစ် စုစည်းလာပြီး ရုတ်တရက် အရွယ်အစား အဆပေါင်းများစွာ ပိုမို ကြီးမားလာကာ၊ ကျင့်ကြံမှုစွမ်းအားမှာ ပြင်းထန်သော အရှိန်နှင့်အတူ မြင့်တက်သွားသည်။ အရာအားလုံးမှာ သဘာဝအတိုင်းပင် ဖြစ်ပျက်သွားသည်။ စုန့်ဝမ်သည် အခြေတည် အလယ်အဆင့်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သွေးမြွေမှာ တစ်ဝက်ခန့် ကျန်ရှိနေသေးသဖြင့် ကျင့်စဉ်မှာ ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်သည်။ တချိန်တည်းမှာပင် သွေးအဆီအနှစ်များကို အလွန်အကျွံ စုပ်ယူထားသဖြင့် သူ့ခန္ဓာကိုယ်မှာ ဖောင်းကားလာပြီး နာကျင်မှုကို ခံစားလာရသည်။ စုန့်ဝမ်သည် ခန္ဓာကိုယ်၏ မအီမသာဖြစ်မှုကို အောင့်အည်းသည်းခံကာ သွေးမြွေကို အဆုံးထိ ဝါးမြိုလိုက်သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် သွေးမြွေမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ စုန့်ဝမ် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ မျက်လုံးများထဲရှိ ဝမ်းသာပီတိဖြစ်မှုကို ဖုံးဖိမထားနိုင်တော့ပေ။ သက်ရှည်ကျင့်စဉ်မှာ မူလက အခြေတည် အစောပိုင်းအဆင့်သို့ ရောက်ရုံသာ ရှိသေးသော်လည်း၊ မထင်မှတ်ဘဲ အလောင်းဘုရင် သွေးသန့်စင်နည်းစနစ်ထက် အလျင်ဦးစွာ အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ယခုအခါ နှောင်းပိုင်းအဆင့်သို့ ရောက်ရန်ပင် မဝေးတော့ပေ။
သူ့ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုမှာ ပိုမို ပြင်းထန်လာပြီး ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားနေရသည်။ ဤနေရာမှာ ထိုစွမ်းအင်ပိုများကို ထုတ်လွှတ်ရန် နေရာကောင်းမဟုတ်သဖြင့် စုန့်ဝမ်သည် နာကျင်မှုကို အောင့်ခံပြီး ပိုးကောင်များနှင့် ဆက်သွယ်ကြည့်ရာ တုထျန်းဟွာ၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သိလိုက်ရသည်။
ဝိညာဉ်ဖုံးကွယ်မြူခိုးများ ဖုံးလွှမ်းထားသော နေရာမှာ ပြန့်ပြူးသော မြေကွက်လပ် ဖြစ်သည်။ တုထျန်းဟွာမှာ မြေအောက်ကို ဖောက်ဆင်းနိုင်သော အစွမ်းမရှိလျှင် ကူပိုးကောင်များ၏ မျက်စိအောက်မှ လွတ်နိုင်စရာ အကြောင်းမရှိပေ။ တုထျန်းဟွာသည် မြူခိုးထဲတွင် ပုန်းနေဆဲဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
စုန့်ဝမ်သည် ကူပိုးကောင်များကို ဆက်လက် စောင့်ကြည့်ရန် ညွှန်ကြားပြီးနောက် စုချန်၊ ချင်းယန်နှင့် စုဝမ်ရှီ၏ အလောင်းတို့ကို လှည့်ကြည့်လိုက်သည်။ စုဝမ်ရှီမှာ အခြေတည် အထွတ်အထိပ်အဆင့် ရောက်ထားသူဖြစ်သဖြင့် လူသေသော်လည်း သူ့ဝိညာဉ်မှာ မပျက်စီးသေးဘဲ ကျန်ရှိနေသေးသည်။
ခြေလက်များ ဖြတ်တောက်ခံထားရသဖြင့် အသားတုံးပမာ ဖြစ်နေသော ချင်းယန်မှာမူ သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်နေသည်။ စုချန်မှာမူ စုန့်ဝမ်နှင့် တုထျန်းဟွာတို့ တိုက်ခိုက်နေစဉ်အတွင်း ကုသရေးဆေးလုံးများကို တိတ်တဆိတ် သောက်ထားသဖြင့် အခြေအနေ အတော်လေး ပြန်ကောင်းလာပြီ ဖြစ်သည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းတော့ မရှိသေးပေ။
စုန့်ဝမ်သည် စုဝမ်ရှီ၏ အလောင်းနားသို့ ချဉ်းကပ်ကာ ပျက်စီးနေသော ဦးခေါင်းခွံအတွင်းသို့ လက်ကို ထိုးသွင်းလိုက်သည်။ အချိန်မရှိသဖြင့် ဝိညာဉ်ရှာဖွေခြင်း မပြုတော့ဘဲ ဝိညာဉ်ကို ဝါးမြိုလိုက်သည်။ ထို့နောက် အလောင်းပိတ်ဆို့ခြင်းအတတ်ကို သုံးကာ စုဝမ်ရှီ၏ အလောင်းကို ပုပ်ပွခြင်းနှင့် သွေးများယိုစီးခြင်း မရှိစေရန် ထိန်းသိမ်းလိုက်သည်။ ယခုအချိန်တွင် စုန့်ဝမ်မှာ သွေးအဆီအနှစ်များကို ထပ်မံ ဝါးမြိုရန် မဝံ့ရဲတော့ပေ။
စုဝမ်ရှီကိစ္စ လက်စသတ်ပြီးသည်နှင့် လှံတိုကို ကိုင်ဆောင်ကာ စုချန်ရှိရာသို့ အေးစက်စွာ လျှောက်သွားသည်။
စုချန်၏ မျက်နှာမှာ ထိတ်လန့်မှုများ ပြည့်နေသည်။
“မိတ်ဆွေ... မင်းနဲ့ ငါနဲ့က သူစိမ်းတွေပဲ၊ ငါတို့ကြားမှာ ရန်ငြိုးမရှိဘူး။ ငါ့ကို အသက်ချမ်းသာပေးပါ၊ ဒီချိုင့်ဝှမ်းထဲမှာ ဝိညာဉ်ကျောက်တွေနဲ့ ဝိညာဥ်ဆေးပင်တွေ အများကြီး ဝှက်ထားတယ်။ ငါ့ကိုသာ အသက်ရှင်ခွင့်ပေးရင် ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေအားလုံး မင်းကို ပေးပါ့မယ်။ ရှေးဟောင်း သက်ရှည်နန်းတော်ရဲ့ လျှို့ဝှက်ချက်ကို ငါ သိ...”
စုချန် စကားမဆုံးမီမှာပင် လှံတိုသည် သူ့ဦးခေါင်းခွံကို ထိုးဖောက်သွားပြီး မိုးကြိုးစွမ်းအား ပေါက်ကွဲထွက်လာကာ ဦးခေါင်းကို တစ်စစီ ဖြစ်သွားစေသည်။
စုန့်ဝမ်သည် စုချန်၏ ခေါင်းပြတ်နေသောဒဏ်ရာပေါ်သို့ လက်တင်ကာ ဝိညာဉ်ကို ဝါးမြိုရန် ပြင်လိုက်သည်။ သို့သော် မမျှော်လင့်ထားပဲ စုချန်၏ ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှ အလိုအလျောက် ထွက်လာပြီး စုန့်ဝမ်၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလာသည်။
“မင်းလို ကောင်လေးက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်ပေါ့! ငါ မင်းဝိညာဉ်ကို ဖယ်ရှားပြီး မင်းရဲ့ သိမ်းပိုက်မယ်”
စုန့်ဝမ် ပြုံးလိုက်မိသည်။
“နောက်တစ်ခါ လာပြန်ပြီလား”
ချက်ချင်းပင် စုန့်ဝမ်၏ သိစိတ်ပင်လယ်အတွင်း၌ အနက်ရောင်တွင်းနက်တစ်ခု ပေါ်လာပြီး စုချန်၏ ဝိညာဉ်ကို ဆွဲယူသွားတော့သည်။
စုချန်ကို ရှင်းလင်းပြီးနောက် စုန့်ဝမ်သည် ချင်းယန်ဆီသို့ လျှောက်သွားသည်။
စုန့်ဝမ်ကို မြင်သောအခါ ချင်းယန်၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသည်။
“ကယ်... ကယ်ပါဦး၊ ငါက သားရဲသခင်ဂိုဏ်းရဲ့ ရွှေအမြုတေ ကျင့်ကြံသူ ချင်းယန်ပါ။ ငါ့ကို ကယ်မယ်ဆိုရင် မင်းကို ဝိညာဉ်ကျောက်နဲ့ ရတနာတွေ အများကြီး ပေးပါ့မယ်”
စုန့်ဝမ်၏ နှုတ်ခမ်းများမှာ ရက်စက်သော အပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားသည်။
“ငါ ဒီကိုလာတာ မင်းကို သတ်ဖို့ပဲလေ”
စကားဆုံးသည်နှင့် ချင်းယန်၏ ရင်ဘတ်ကို အေးခဲလဓားဖြင့် ထိုးဖောက်လိုက်သည်။
“ဘာလို့လဲ...” ချင်းယန်၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။ ဤသူစိမ်းက ဘာကြောင့် သူ့ကို သတ်ရန် အားထုတ်နေသည်ကို သူမ နားမလည်နိုင်ပေ။
စုန့်ဝမ်က အေးစက်စွာ ပြန်ဖြေသည်။
“မင်း ဟွာဖန်းဈေးမှာ လိုက်ဖမ်းခဲ့တဲ့ သက်ရှည်ကျင့်စဉ် ကျင့်ကြံထားတဲ့ အခြေတည်အဆင့် ကျင့်ကြံသူကို မှတ်မိသေးလား”
“အဲဒါ မင်းလား...”
ချင်းယန်မှာ နောင်တများ ပြည့်သွားသည်။ သူမ အသက်မထွက်မီ နောက်ဆုံးတွေးလိုက်မိသည်မှာ စုချန်၏ သက်တမ်းတိုးမည့် အစီအစဉ်ကို မပတ်သက်ခဲ့သင့်ဟုပင် ဖြစ်သည်။ အကယ်၍ မပါဝင်ခဲ့ပါက ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။
စုန့်ဝမ်၏ လက်အတွင်းမှ ဆွဲယူအားတစ်ခု ပေါ်ထွက်လာပြီး ချင်းယန်ဝိညာဉ်ကို သိစိတ်ပင်လယ်တွင်းသို့ ဆွဲခေါ်သွားပြီး တွင်းနက်ကို ဝါးမြိုစေလိုက်သည်။
စုန့်ဝမ်သည် စုချန်နှင့် ချင်းယန်တို့၏ အလောင်းများကို ထိန်းချုပ်လိုက်ပြီး အလောင်းမွေးမြူခေါင်းတလားကို ထုတ်ကာ စုဝမ်ရှီအလောင်းနှင့်အတူ အားလုံးကို ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ချင်းယန်၏ ဖြတ်တောက်ခံထားရသော ခြေလက်များကိုလည်း တစ်ခုချင်းစီ လိုက်လံ ကောက်ယူသိမ်းဆည်းခဲ့သည်။ ဤအလောင်း သုံးခုမှာ အလောင်းရုပ်သေး ပြုလုပ်ရန် အကောင်းဆုံး ပစ္စည်းများ ဖြစ်သဖြင့် ဖြုန်းတီးပစ်၍ မရပေ။ အကယ်၍ အသုံးမလိုလျှင်ပင် မှောင်ခိုဈေးကွက်တွင် ရောင်းချပါက ဈေးကောင်း ရရှိနိုင်သည်။
စုအန်ချင်းအလောင်းမှာမူ တုထျန်းဟွာ၏ ဓားချက်ဖြင့် အပိုင်းပိုင်း ပြတ်တောက်နေသဖြင့် အလောင်းရုပ်သေး ပြုလုပ်ရန် တန်ဖိုးမရှိတော့ပေ။ သို့သော် သူ့ဝိညာဉ် ကျန်ရှိနေသေးသဖြင့် ဝါးမြိုလိုက်သည်။ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း စုအန်ချင်း၏ သိုလှောင်လက်စွပ်ကို ရှာမတွေ့ပေ။ ၎င်းကို တုထျန်းဟွာ ယူသွားခြင်း ဖြစ်ပေလိမ့်မည်။
ရနိုင်သမျှ အကျိုးအမြတ်အားလုံးကို သိမ်းဆည်းပြီးနောက် ဝိညာဉ်ဖုံးကွယ်မြူခိုးများဆီ ပြန်လာခဲ့သည်။ ကူပိုးကောင်များ၏ သတင်းပို့ချက်အရ တုထျန်းဟွာ ထွက်လာသည့် အရိပ်အယောင်ကို မတွေ့ရသေးပေ။
တုထျန်းဟွာ ဒဏ်ရာပြင်းထန်သဖြင့် ထွက်မလာသေးခြင်း ဖြစ်နိုင်သည်ဟု ယူဆပြီး မြူခိုးထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ရှာမတွေ့လျှင် လက်လျှော့ရုံပင် ရှိတော့မည်။
တုထျန်းဟွာမှာ ဒဏ်ရာပြင်းထန်နေသဖြင့် တစ်နေရာရာတွင် ပုန်းကာ ကုသနေခြင်း ဖြစ်နိုင်သည်။ မြူခိုးဖုံးလွှမ်းနေသော မြေပြင်မှာ ပြန့်ပြူးနေသဖြင့် ပုန်းအောင်းရန် အဖြစ်နိုင်ဆုံးမှာ မြေအောက်ပင် ဖြစ်သည်။ မြေအောက်လှိုဏ်ဂူတစ်ခု တူးကာ ပုန်းနေခြင်း ဖြစ်နိုင်သည်၊ အဝင်ဝကို သေချာဖုံးကွယ်ထားလျှင် မြူခိုးများက ဝိညာဉ်အာရုံကို ပိတ်ထားသဖြင့် ရှာတွေ့ရန် အလွန်ခက်ခဲပေလိမ့်မည်။
ယခုတစ်ကြိမ်တွင်မူ တစ္ဆေဘုရင်ကို မြူခိုးထဲသို့ ဝင်ရောက် ရှာဖွေစေသည်။ ကူပိုးကောင်များ၊ ငွေအလောင်းရုပ်သေးနှင့် စုန့်ဝမ်တို့သည် မြူခိုးထု အပြင်ဘက်မှနေ၍ အခြေအနေကို စောင့်ကြည့်နေကြသည်။
…………