ကျင့်ကြံမှုအခြေခိုင်အောင် လုပ်ပြီး၊ စိတ်ဖြေဖို့ စျေးမြို့ကို ပြန်ပြီ
Vol. 16 Ch. 174
သိုလှောင်လက်စွပ်များကို စစ်ဆေးပြီးနောက် ချင်းယန်၏ သားရဲအိတ်ကို အာရုံစိုက်လိုက်သည်။ ချင်းယန် သေဆုံးသွားပြီဖြစ်သဖြင့် သားရဲအိတ်ပေါ်ရှိ သူမ၏ ဝိညာဉ်တံဆိပ်မှာ ကွယ်ပျောက်သွားပြီ ဖြစ်သည်။ အတွင်း၌ ရှိနေသော သံကျောကုန်းလိပ်ကြီးမှာ စိတ်ကြိုက် အဝင်အထွက် လုပ်နိုင်သော်လည်း၊ အိတ်ထဲတွင်သာ ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ၎င်းသည် အကြီးအကျယ် ဒဏ်ရာရနေပြီး အိတ်ထဲတွင်သာ အနားယူ ကုသနေခြင်း ဖြစ်သည်။
စုန့်ဝမ်တွင် ဤလိပ်ကြီးနှင့် ပတ်သက်၍ ရွေးချယ်စရာ နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ဝယ်မည့်သူကို အမြန်ရှာပြီး စျေးကောင်းကောင်းဖြင့် ရောင်းချရန် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ဘေးကင်းရန်အတွက် ၎င်းကို သတ်ပစ်ရန် ဖြစ်သည်။ လိပ်ကြီးနှင့် ဝိညာဉ်စာချုပ် ချုပ်ဆိုရန်မူ စုန့်ဝမ်က စိတ်မဝင်စားပေ။ သူနှင့် လိပ်ကြီးမှာ ကျင့်စဉ်အဆင့် တစ်ခုလုံး ကွာခြားနေသည်။ ဒဏ်ရာရနေချိန်တွင် ဝိညာဉ်စာချုပ် အတင်းချုပ်ဆိုနိုင်သော်လည်း၊ ပြန်လည်ကျန်းမာလာပါက စာချုပ်ကို ဖျက်ဆီးပြီး သူ့ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ငယ်စဉ်ကတည်းက အချိန်အကြာကြီး မွေးမြူထားပြီး သံယောဇဉ်ရှိနေသည့် သားရဲမဟုတ်ပါက၊ သားရဲ၏အဆင့်မှာ ကျင့်ကြံသူ၏အဆင့်နှင့် ယှဥ်လျှင် တစ်ဆင့်ထက်ပို၍ မမြင့်သင့်ပေ။
စဉ်းစားပြီးနောက် စုန့်ဝမ်သည် သံကျောကုန်းလိပ်ကို သတ်ရန် ဆုံးဖြတ်လိုက်သည်။ ရောင်းချရန် သင့်တော်သောသူကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့အပြင် ၎င်းမှာ ချင်းယန်၏ သားရဲဖြစ်သဖြင့် သားရဲသခင်ဂိုဏ်းနှင့် နီးစပ်သော ကျင့်ကြံသူအများစုက ဤလိပ်ကြီးကို မှတ်မိနိုင်ကြသည်။ ၎င်းကို လူသိရှင်ကြား ရောင်းချခြင်းက မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။
စုန့်ဝမ်သည် ဂူအပြင်ဘက်ရှိ လူသူကင်းဝေးသော နေရာတစ်ခုသို့ ထွက်လာခဲ့သည်။ ထို့နောက် သားရဲအိတ်ကို မြေပြင်ပေါ်တွင် တင်ထားလိုက်ပြီး တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေးကို အသင့်အနေအထားဖြင့် စောင့်ကြည့်ခိုင်းထားသည်။ ကူပိုးကောင် နှစ်ကောင်ကိုလည်း ပတ်ဝန်းကျင်ကို ကင်းလှည့်ခိုင်းထားသည်။ သူကိုယ်တိုင်မူ ပေ ၂၀ ခန့်အကွာသို့ နောက်ဆုတ်လိုက်သည်၊ အကယ်၍ မမျှော်လင့်ဘဲ အမှားအယွင်း ဖြစ်လာပါက သွေးလွတ်မြောက်အတတ်ဖြင့် ချက်ချင်း ထွက်ပြေးနိုင်ရန် ဖြစ်သည်။
မကြာမီမှာပင် ကြီးမားသော လိပ်ကြီးတစ်ကောင် သားရဲအိတ်ထဲမှ ထွက်ပေါ်လာသည်။ သံကျောကုန်းလိပ်မှာ အကြီးအကျယ် ဒဏ်ရာရထားပြီး ချင်းယန်က အိတ်ထဲသို့ ထည့်လိုက်ပြီးသည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လိပ်မျိုးနွယ်စု၏ လျှို့ဝှက်အတတ်ကို သုံးကာ ခန္ဓာကိုယ် စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ ဒဏ်ရာများကို ကုသနေခြင်း ဖြစ်သည်။ ယခုအခါ အိတ်ထဲမှ ရုတ်တရက် ထွက်လာရသဖြင့် လျှို့ဝှက်အတတ်မှာ ပျက်ပြယ်သွားပြီး လိပ်ကြီးမှာ ချက်ချင်း နိုးလာသည်။ ၎င်းသည် မိမိ၏ သခင် သေဆုံးသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ထိုအချိန်မှာပင် တစ္ဆေတစ်ကောင်နှင့် အလောင်းရုပ်သေးက တိုက်ခိုက်ပြီး သတ်ရန် ကြိုးစားနေသည်ကို ရင်ဆိုင်လိုက်ရသည်။ ပေ ၂၀ ခန့်အကွာရှိ ကောင်းကင်ယံတွင် လူသားကျင့်ကြံသူက သူ့ကို စိုက်ကြည့်နေသည်။
“ငါ့ကို မသတ်ပါနဲ့... ငါ မင်းကို သခင်အဖြစ် လက်ခံပါ့မယ်”
စုန့်ဝမ်၏ စိတ်ထဲတွင် အိုမင်းပြီး အားနည်းသော အသံတစ်ခု ပေါ်လာသည်၊ ယင်းမှာ လိပ်ကြီးက အသံပို့လွှတ်နည်းဖြင့် ဆက်သွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စုန့်ဝမ်၏ စိတ်ထဲတွင် တုံ့ဆိုင်းမှုများ ဖြစ်ပေါ်သွားသော်လည်း ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။ သံကျောကုန်းလိပ်မှာ အလွန် လူသိများပြီး ၎င်းသည် ချင်းယန်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း မည်သူမဆို ချက်ချင်း သိနိုင်သည်။ ၎င်းရှိနေသော သားရဲအိတ်ပေါ်တွင်ပင် သားရဲသခင်ဂိုဏ်း၏ အမှတ်အသားများ ပါရှိနေသည်။ ပို၍ အရေးကြီးသည်မှာ စုန့်ဝမ်နှင့် လိပ်ကြီးကြားရှိ စွမ်းအားကွာခြားချက်မှာ ကြီးမားလွန်းလှပြီး သွေးကြွေးလည်း ရှိနေသည်။ မည်သည့်အချိန်တွင်မဆို လိပ်ကြီးသည် ဝိညာဉ်စာချုပ်ကို ဖျက်ဆီးပြီး သူ၏ သခင်ဟောင်းအတွက် ကလဲ့စားချေလာနိုင်သည်။ စုန့်ဝမ်သည် ဤကဲ့သို့ အန္တရာယ်ရှိသော ခြိမ်းခြောက်မှုကို မိမိဘေးတွင် မထားနိုင်ပေ။
သံကျောကုန်းလိပ်မှာ အလွန်အမင်း အားနည်းနေပြီဖြစ်ရာ၊ တစ္ဆေဘုရင်၏ လက်ထဲရှိ ဓားရှည်မှာ မည်သည့် အဟန့်အတားမျှ မရှိဘဲ လိပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားပြီး တစ္ဆေအော်ရာများက လိပ်ကြီး၏ အတွင်းပိုင်းကို ဖျက်ဆီးပစ်လိုက်သည်။ အလောင်းရုပ်သေးကလည်း လိပ်ကြီး၏ အသားများကို လက်ဖြင့် ဆွဲဖြဲကာ ခြေလက်များကို အတင်းအကျပ် ဆွဲဖြတ်လိုက်သည်။ တစ္ဆေနှင့် အလောင်းရုပ်သေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သံကျောကုန်းလိပ်မှာ မကြာမီမှာပင် အသက်ပျောက်သွားတော့သည်။
စုန့်ဝမ် သတိမပြုမိလိုက်သည်မှာ ဒဏ်ရာရနေသော လိပ်ကြီး ပေါ်လာသည်နှင့်အတူ ကူပိုးကောင် နှစ်ကောင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခြင်းပင် ဖြစ်သည်။ လိပ်ကြီး သေဆုံးသွားသည်နှင့် ကူပိုးကောင် နှစ်ကောင်မှာ လိပ်ကြီး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး ၎င်း၏ မိစ္ဆာအမြုတေရှိရာသို့ တည့်တည့် ဦးတည်သွားကြသည်။ ခိုဥအရွယ်အစားရှိသော လိပ်ကြီး၏ မိစ္ဆာအမြုတေမှာ ဂူပိုးကောင် နှစ်ကောင်၏ ဝါးမြိုခြင်းကြောင့် ချက်ချင်းပင် ကုန်သွားတော့သည်။
ဝါးမြိုပြီးနောက် ကူပိုးကောင် နှစ်ကောင်မှာ အလွန်အကျွံ စားထားသကဲ့သို့ ယိမ်းထိုးလျက် စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်း ပြန်ဝင်သွားကြသည်။
လိပ်ကြီး၏ မိစ္ဆာအမြုတေမှ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ လျော့နည်းသွားသည်ကို မြင်သောအခါ၊ စုန့်ဝမ်သည် အလောင်းသန့်စင်နည်းစနစ်ကို အလျင်အမြန် သုံးကာ လိပ်ကြီး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး စွမ်းအားလျော့နည်းမှုကို နှေးကွေးသွားစေသည်။ ကူပိုးကောင်များက လိပ်ကြီး၏ အလောင်းကို စိတ်ဝင်စားနေသဖြင့်၊ ၎င်းကို သူတို့အတွက် အစားအစာအဖြစ် သိမ်းထားရန် သူ ဆုံးဖြတ်လိုက်သည်။
လိပ်ကြီးကို ရှင်းလင်းပြီးနောက် စုန့်ဝမ်သည် ဂူအတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို ခင်းကျင်းပြီး ကျင့်ကြံခြင်းကို စတင်ရန် ပြင်ဆင်လိုက်သည်။ တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေး နှစ်ဦးလုံး ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ပြန်လည်ကျန်းမာလာရန် သေချာစွာ ပြုစုရပေဦးမည်။ တစ္ဆေဘုရင် ပြန်လည်ကောင်းမွန်ရန် လိုအပ်သော ပစ္စည်းများမှာ ယင်ဝိညာဉ်များနှင့် တစ္ဆေလမ်းစဉ်ဆိုင်ရာ ပစ္စည်းများ ဖြစ်သည်။ စုန့်ဝမ်သည် ကျင့်လုကဲ့သို့ လေလွင့်ကျင့်ကြံသူများထံမှ ပစ္စည်းအတော်များများ ရရှိထားသဖြင့် တစ္ဆေဘုရင်အတွက် အဆင်ပြေသွားသည်။
ငွေအလောင်းရုပ်သေးအတွက် လိုအပ်သော အလောင်းသန့်စင်မှု ပစ္စည်းများမှာလည်း စုန့်ဝမ်တွင် မရှားပါးပေ။ သင့်တော်သော ပစ္စည်းများဖြင့် ပြုပြင်ပြီးနောက်၊ တစ္ဆေဘုရင်မှာ ဝိညာဉ်အလံထဲတွင် အနားယူပြီး၊ ငွေအလောင်းရုပ်သေးမှာ အလောင်းမွေးမြူခေါင်းတလားထဲ အနားယူကာ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသနေကြသည်။
ထို့နောက် စုန့်ဝမ်သည် စိတ်ကို စုစည်းကာ ကျင့်ကြံခြင်းကို စတင်တော့သည်။ သက်ရှည်ကျင့်စဉ်သည် အခြေတည်အဆင့်သို့ ရောက်ရှိသည်မှာ ခြောက်လသာ ရှိသေးပြီး၊ အခြေကျရုံသာ ရှိသေးချိန်တွင် အလယ်အဆင့်သို့ လျင်မြန်စွာ ထပ်မံ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကျင့်စဉ်အဆင့် အလွန်လျင်မြန်စွာ မြင့်တက်ခြင်းက အခြေခံ မခိုင်မာမှုကို ဖြစ်စေနိုင်သည်။ စုန့်ဝမ်အနေဖြင့် သူ၏ တိုးတက်မှုကို ခိုင်မာစေရန်အတွက် အချိန်အတန်ကြာ ကျင့်ကြံရန် လိုအပ်သည်။
……
ခြောက်လ ကြာပြီးနောက်။
ကျောက်ဆောင်ကမ်းပါးယံတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ပေါ်လာသည်။ အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရပြီး၊ ချီစုစည်းခြင်း တတိယအဆင့် ရှိသည်။ အသက် ၁၆ နှစ်ခန့်ရှိသော အမျိုးသမီးငယ်မှာမူ ချီစုစည်းခြင်း ဒုတိယအဆင့် ရှိသည်။
“အဖေ... ကြည့်ပါဦး၊ အဲဒါ လေဝိညာဉ်မြက် မဟုတ်လား”
အမျိုးသမီးငယ်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ကမ်းပါးအစွန်းသို့ လက်ညှိုးထိုးပြလိုက်သည်။
ဖခင်ဖြစ်သူ အမျိုးသားသည် သူမ ညွှန်ပြရာသို့ ကြည့်လိုက်သည်။ ကမ်းပါးအောက် ပေ ၆၀ ကျော်ခန့်တွင် တစ်လက်မခန့် မြင့်သော ဝိညာဉ်မြက် နှစ်ပင်မှာ ကျောက်ကြားထဲမှ ပေါက်နေပြီး လေထဲတွင် ယိမ်းနွဲ့နေသည်။
ကြည့်ရသည်မှာ ထိုဝိညာဉ်မြက် နှစ်ပင်မှာ အနည်းဆုံး သက်တမ်း နှစ် ၅၀ ကျော် ရှိပုံရသည်။ လေဝိညာဉ်မြက်မှာ ပထမအဆင့် အလယ်အလတ် ဆေးဖက်ဝင်အပင် ဖြစ်ပြီး၊ ဤနှစ်ပင်မှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀ ခန့် တန်ဖိုးရှိသည်။ ယင်းမှာ သူတို့ကဲ့သို့ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူများအတွက် ကြီးမားသော ပမာဏ ဖြစ်သည်။
အမျိုးသားသည် ကြိုးတစ်ချောင်းကို ထုတ်ကာ အစွန်းတစ်ဖက်ကို ကမ်းပါးနားရှိ ကျောက်တုံးကြီးတစ်ခုတွင် ချည်နှောင်လိုက်ပြီး၊ အခြားတစ်ဖက်ကို သူ၏ ခါးတွင် ပတ်လိုက်သည်။ ဆေးပင်ရှာဖွေခြင်းဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော ထိုအမျိုးသားမှာ ဤကဲ့သို့ ငြိမ်သက်နေသော ကမ်းပါးယံများတွင် မသိနိုင်သော အန္တရာယ်များ ရှိနေနိုင်ကြောင်း ကောင်းစွာ သိထားသည်။ လေပြင်းများ အချိန်မရွေး တိုက်ခတ်လာနိုင်သလို၊ ကျောက်ကြားထဲတွင် ပုန်းနေသော မြွေပွေး သို့မဟုတ် ပိုးမွှားများကလည်း အသက်အန္တရာယ် ပေးနိုင်စရာ ရှိသည်။ ကြိုးကို သေချာချည်ထားခြင်းဖြင့် အနည်းဆုံးတော့ တစ်ခုခု မှားယွင်းပါက ပြုတ်ကျသေဆုံးရမည့် အန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်သည်။
“ချင်းချင်း... ဒီမှာပဲ အဖေ့ကို စောင့်နေနော်။ ဘယ်မှ လျှောက်မသွားနဲ့။ အဖေ အောက်ဆင်းပြီး လေဝိညာဉ်မြက်ကို သွားခူးလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ အဖေ”
ချင်းချင်းဟု ခေါ်သော မိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသားသည် လျင်မြန်သော မျောက်တစ်ကောင်ကဲ့သို့ မတ်စောက်သော ကမ်းပါးယံအတိုင်း ကျွမ်းကျင်စွာ ဆင်းသွားသည်။ ချင်းချင်းမှာမူ အပေါ်တွင် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း၊ သူမ၏ အဖေ ဘေးကင်းပါ့မလားဟု စိတ်ပူနေသည်။ သူမသည် ရံဖန်ရံခါ ကမ်းပါးအစွန်းသို့ ငုံ့ကြည့်ကာ သူမအဖေ၏ အခြေအနေကို စစ်ဆေးတတ်သည်။
မကြာမီမှာပင် ထိုအမျိုးသားသည် လေဝိညာဉ်မြက်ဆီသို့ ရောက်ရှိသွားပြီး ၎င်းကို အလွယ်တကူ ခူးလိုက်သည်။ သူသည် ဆေးပင်ကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်ရန် ပြင်လိုက်စဉ်မှာပင်၊ အပေါ်မှနေ၍ သူ၏ သမီးဖြစ်သူ၏ ရင်ကွဲမတတ် အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ သမီးဖြစ်သူကို မမြင်ရတော့ပေ၊ သူမ၏ ကူညီပါဦးဟူသော အော်ဟစ်သံများသာ ပဲ့တင်ထပ်နေတော့သည်။
ထိုအမျိုးသား၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် စဉ်းစားမနေတော့ဘဲ အဝါရောင် မှော်စာရွက် တစ်ခုကို ထုတ်ကာ ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်ပြီး အပေါ်သို့ ပျံတက်သွားသည်။ ယင်းမှာ သူ၏ အသက်အန္တရာယ်ရှိချိန်တွင် သုံးရန် သိမ်းထားသည့် တစ်ခုတည်းသော ပထမအဆင့် အလယ်အလတ် ပျံသန်းမှော်အဆောင် ဖြစ်သည်။
ကမ်းပါးထိပ်သို့ ရောက်သောအခါ၊ သူတို့ ရပ်နေခဲ့သော နေရာမှာ ပြိုကျသွားပြီး ၁၀ ပေခန့် ကျယ်သော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအပေါက်အတွင်းမှာ မှောင်မည်းနေသဖြင့် ဘာကိုမျှ ရှင်းလင်းစွာ မမြင်ရပေ။
“ချင်းချင်း... ချင်းချင်းရေ...”
အမျိုးသားသည် အတွင်း၌ မည်သည့်အန္တရာယ်ရှိမည်ကို ဂရုမစိုက်တော့ဘဲ သမီးဖြစ်သူကို အော်ခေါ်ရင်း အပေါက်အတွင်းသို့ ပျံဆင်းသွားတော့သည်။ အပေါက်မှာ တည့်တည့်ကျသွားခြင်းမျိုး မဟုတ်ဘဲ ကွေ့ကောက်နေသည်။ အကွေ့အချို့တွင် သူ၏ သမီးဖြစ်သူ ပြုတ်ကျစဉ်က ဖြစ်ပေါ်ခဲ့သော ပွတ်တိုက်ရာ အသစ်စက်စက်များကို မြင်တွေ့နေရသည်။
………
လိုဏ်ဂူအတွင်း၌ ကျင့်ကြံမှု ပြီးဆုံးခါစ စုန့်ဝမ်မှာလည်း အပေါ်မှ ပြုတ်ကျလာပြီး သတိမေ့နေသည့် မိန်းမပျိုလေးကို ကြည့်ရင်း စိတ်မတည်မငြိမ် ဖြစ်သွားသည်။
မိန်းကလေးမှာ သတိမေ့မြောနေပြီး ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရှိသော်လည်း ပြင်းထန်သော ဒဏ်ရာမျိုးတော့ မရရှိခဲ့ပေ။ ပြုတ်ကျစဉ် ပွတ်တိုက်မှုကြောင့် အဝတ်အစားအချို့မှာ စုတ်ပြဲနေပြီး၊ သွေးစွန်းနေသော သူမ၏ အသားအရေမှာ ထင်ထင်ရှားရှား ပေါ်ထွက်နေသည်။
စုန့်ဝမ်သည် ထိုမြင်ကွင်းက သူ့ခံစားချက်များကို လာရောက် မွှေနှောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ တပ်မက်မှုအာရုံတစ်ခုမှာ သူ့စိတ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး အတွေးများကို ရှုပ်ထွေးစေကာ သွေးများကို ဆူပွက်လာစေသည်။
သွေးမြွေကို ဝါးမြိုပြီးကတည်းက သူ့သွေးသားစွမ်းအားများ အလွန်အမင်း တိုးပွားလာသည်ကို စုန့်ဝမ် သတိပြုမိခဲ့သည်၊ ယင်းမှာ သွေးမြွေအတွင်း၌ ပါရှိသော ကြီးမားလှသော အသက်စွမ်းအားများကြောင့် ဖြစ်ပေလိမ့်မည်။ မကြာခဏဆိုသလို ကျင့်ကြံနေစဉ်အတွင်း ပြည့်လျှံနေသော စွမ်းအင်များကြောင့် သွေးများ ဆူပွက်လာတတ်ပြီး၊ ခန္ဓာကိုယ်ကလည်း မလျော်ကန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်လာတတ်ရာ ကျင့်ကြံခြင်းကိုပင် ရပ်တန့်ခဲ့ရသည်။ စုန့်ဝမ်သည် အစပိုင်းတွင် ယင်းကို သိပ်ပြီး အရေးတယူ မစဉ်းစားခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်က ထိုအသက်စွမ်းအားများကို ဖြည်းဖြည်းချင်း စုပ်ယူချေဖျက်သွားလျှင် ဤကဲ့သို့သော တပ်မက်မှုများမှာ သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။
ပုံမှန်အားဖြင့် လျှို့ဝှက်နည်းစနစ်တစ်ခုခုကို လေ့ကျင့်ခြင်း၊ အစားထိုးရုပ်သေးတစ်ခုကို သန့်စင်ခြင်းဖြင့် အာရုံပြောင်းတတ်ရာ၊ တပ်မက်မှုများမှာ ခေတ္တခဏ ပြေပျောက်သွားလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ သူ၏ သွေးသားစွမ်းအားများ အထွတ်အထိပ်သို့ ရောက်နေချိန်၌၊ အဝတ်အစား မလုံမလဲဖြင့် သတိမေ့နေသော မိန်းကလေးငယ်တစ်ဦး သူ၏ရှေ့တွင် ပေါ်လာခြင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲစေခဲ့ပြီး ရာဂမီးများ ပြင်းပြစွာ တောက်လောင်လာစေသည်။
ထိအချိန်မှာပင် အမျိုးသားကျင့်ကြံသူသည် ဂူအတိုင်း ဆင်းလာရာ၊ ပေ ၆၀ ခန့် ဆင်းပြီးနောက် ကျယ်ဝန်းသော မြေအောက်ဂူအတွင်းသို့ ရောက်ရှိသွားသည်။ မြေပြင်ပေါ်တွင် သူ၏သမီးဖြစ်သူကို ရှာတွေ့လိုက်ပြီး သတိမေ့သွားရုံသာ ရှိသည်ကို အတည်ပြုနိုင်သဖြင့် ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ သို့သော် မကြာမီမှာပင် သတိမေ့နေသော သူ့သမီးအနား၌ မမြင်နိုင်သော အစီအရင်အတားအဆီးတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ ပြုတ်ကျလာချိန်တွင် မြေပြင်ပေါ်သို့ တိုက်ရိုက်မကျဘဲ ထိုအတားအဆီးကို အရင်တိုက်မိသွားပုံရသည်၊ ထို့ကြောင့်ပင် ပြင်းထန်စွာ ဒဏ်ရာမရခဲ့ခြင်း ဖြစ်သည်။
ထိုအမျိုးသား၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ချက်ချင်း မြင့်တက်လာသည်။ ဤအတားအဆီးမှာ အစီအရင်တစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း ထင်ရှားလှသည်။ သူတို့သားအဖမှာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး၏ သီးသန့်ကျင့်ကြံရာနေရာသို့ မတော်တဆ ရောက်ရှိသွားခြင်း ဖြစ်ပုံရသည်။ သို့သော် အစွမ်းထက်သူတစ်ဦးက ဘာကြောင့် ဤကဲ့သို့သော လူသူကင်းဝေးပြီး ဝိညာဉ်စွမ်းအား မရှိသလောက်ဖြစ်သည့် နေရာမျိုးကို ရွေးချယ်ခဲ့ရသနည်း။ သူ တွေးမိသမျှမှာ ဤနေရာသည် မိစ္ဆာအတတ်များကို လေ့ကျင့်နေသော နတ်ဆိုးကျင့်ကြံသူတစ်ဦး၏ တိတ်တဆိတ် ပုန်းအောင်းရာနေရာ ဖြစ်နိုင်သည်ဟူ၍သာ ဖြစ်သည်။
ထိုသူမှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ အကယ်၍ သူ တစ်ယောက်တည်းသာ ဆိုပါက သေရမည်ကို မကြောက်ပေ။ သို့သော် နုပျိုသော သမီးဖြစ်သူပါ ရှိနေသဖြင့် သူမကို နတ်ဆိုးကျင့်ကြံသူ၏ လက်ထဲသို့ အကျမခံနိုင်ပေ။ မဟုတ်ပါက လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရမည်မှာ မလွဲဧကန်ပင်။ သူတို့ရှိနေခြင်းက ကျင့်ကြံနေသူကို မနှောင့်ယှက်မိပါစေနှင့်ဟုသာ ဆုတောင်းရင်း၊ တိတ်တဆိတ် ထွက်ပြေးနိုင်ရန် မျှော်လင့်ပြီး၊ သတိမေ့နေသော သမီးဖြစ်သူကို ပွေ့ချီကာ ဂူအပေါက်ဝဆီသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် အတားအဆီးမှာ ရုတ်တရက် ပျက်ပြယ်သွားပြီး အမှောင်ထုထဲမှ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုထူးဆန်းသော ပုံရိပ် ရုတ်တရက် ပေါ်လာခြင်းကြောင့် ထိုအမျိုးသားမှာ ကျောက်ရုပ်ပမာ တောင့်ခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ ထိတ်လန့်မှုများက သူ့ကို လွှမ်းမိုးသွားပြီး ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားသည်။
ထွက်ပေါ်လာသောပုံရိပ် သူ့လက်ကို မြှောက်လိုက်ရာ၊ အစီအရင် အတားအဆီးမှာ အလင်းတန်းများအဖြစ် ထိုသူ၏ လက်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် မည်သည့်စကားမျှ မဆိုဘဲ ထိုပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ အစမှ အဆုံးအထိ ထိုပုံရိပ်မှာ သူ့ကိုဖြစ်စေ၊ သူ၏သမီးကိုဖြစ်စေ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။
ထိုအမျိုးသားမှာ ခြေထောက်များ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားသည်။ ထိုပုံရိပ်က စကားမပြောခဲ့သလို ရန်လိုမှုလည်း မပြခဲ့သော်လည်း၊ သူ့ရင်ထဲတွင်မူ နက်ရှိုင်းလှသော ဖိအားနှင့် ကြောက်ရွံ့မှုများ ကျန်ရစ်နေခဲ့သည်။ ခေတ္တအကြာတွင် ထိုအမျိုးသားသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင်ထားကာ၊ သမီးဖြစ်သူကို ပွေ့ချီပြီး ဂူအဝဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ထွက်ပြေးသွားတော့သည်။ ထိုဂူအတွင်း၌ နောက်ထပ် တစ်စက္ကန့်မျှပင် ဆက်မနေလိုတော့ပေ။
…….
တစ်ဖက်က စုန့်ဝမ်အတွက်လည်း ထိုသားအဖကို လျစ်လျူရှုရန် အတန်ပင် အားစိုက်စိတ်ထိန်းခဲ့ရသည်။ အဖေဖြစ်သူကို အန္တရာယ်ပြုပြီး သမီးဖြစ်သူကို သိမ်းပိုက်ခြင်းက လုံးဝလူမဆန်သောလုပ်ရပ်ဟု သိမြင်သော်လည်း၊ စိတ်ဆန္ဒကို မနည်းထိန်းချုပ်ခဲ့ရသည်။ ကူးပြောင်းလာသူ၏ ယခင်ဘဝ လူ့ကျင့်ဝတ်သာ စွဲမြဲကျန်ရစ် မနေပါက ထိန်းနိုင်ပါ့မလား ဆိုသည်ကို သူ သေချာမသိတော့။
စုန့်ဝမ်သည် ဂူအတွင်းမှ ထွက်လာပြီး အရှေ့ဟွာဖန်းဈေးဆီသို့ ပျံသန်းလာခဲ့သည်။ ထိုစျေးရှိ ဖျော်ဖြေရေးဂေဟာတွင် သူ့တပ်မက်မှုဆန္ဒများကို ဖွင့်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ဂူထဲတွင် ကျင့်ကြံနေစဉ်အတွင်း ထိုနေရာကို စောင့်ကြည့်ရန် ကူပိုးကောင် ခြောက်ကောင်ကို ချထားခဲ့သော်လည်း၊ သဘောက်မသားများက ထိုသားအဖမှာ ကျင့်ကြံမှု နိမ့်ပါးလွန်းသဖြင့် အန္တရာယ်မရှိဟု ယူဆကာ၊ သူတို့ကို မောင်းထုတ်ခြင်း သို့မဟုတ် သတိပေးခြင်း မပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသောအခါ စုန့်ဝမ်မှာ ဆဲဆိုရုံသာ တတ်နိုင်တော့သည်။
….
နာရီဝက်ခန့် ကြာပြီးနောက်၊ စုန့်ဝမ်သည် အသက် ၃၀ ဝန်းကျင်ခန့်ရှိသော သန်မာသည့် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ကာ စျေးမြို့ရှိ သူ ယခင်က နေထိုင်ခဲ့သော လမ်းဆီသို့ ရောက်လာသည်။
အိမ်သစ်တစ်အိမ် ငှားရန် လိုအပ်သဖြင့် ကျောက်တာဖန်း၏ အိမ်ဝင်းသို့ တိုက်ရိုက်သွားကာ တံခါးကို ခေါက်လိုက်သည်။
မကြာမီမှာပင် ကျောက်တာဖန်းက တံခါးလာဖွင့်ပြီး “ဘာကိစ္စလဲ” ဟု စိတ်မရှည်သလို မေးလာသည်။
“ငါက ဒီဈေးကို အသစ်ရောက်လာတဲ့ လေလွင့်ကျင့်ကြံသူပါ၊ ဒီလမ်းမှာ အိမ်ငှားချင်လို့ပါ” ဟု စုန့်ဝမ်က ပြန်ဖြေလိုက်သည်။ စကားပြောနေစဉ် စုန့်ဝမ်သည် အိမ်ဝင်းအတွင်းသို့ အကဲခတ်ကြည့်လိုက်ရာ၊ ကျောက်တာဖန်း၏ ညီဖြစ်သူကို မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။
စုန့်ဝမ်သည် သူ့ဝိညာဉ်အာရုံကို ဖြန့်ကြတ် ရှာဖွေလိုက်ရာ၊ အိမ်ဝင်းအတွင်းရှိ မြေအောက်လျှို့ဝှက်ခန်းထဲတွင် ထိုလူကို ချုပ်နှောင်ထားသည်ကို သိလိုက်ရသည်။ စုန့်ဝမ် အံ့သြသွားသည်မှာ ထိုသူ အသက်ရှင်နေဆဲ ဖြစ်ခြင်းပင်။ သို့သော် အလောင်းစွမ်းအင်များ၏ နှိပ်စက်မှုကို ခံထားရသဖြင့် လူနှင့်ပင် မတူတော့ဘဲ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းနေသည်။ သူ့ခန္ဓာကိုယ်မှာ ပိန်လှီလွန်းလှပြီး အရေပြားများမှာ အရိုးပေါ်တွင် ပါးလွှာသော အလွှာတစ်ခုကဲ့သို့ ကပ်နေကာ၊ သူ၏ ခြေလက်များမှာလည်း ပင့်ကူတစ်ကောင်ကဲ့သို့ ကွေးကောက်နေသည်။ တစ်ခါတစ်ရံတွင် နားမလည်နိုင်သော ညည်းညူသံများ ထွက်ပေါ်သည်။ ထိုသူမှာ လူလည်းမဟုတ်၊ ဖုတ်ကောင်လည်းမဟုတ်သော သတ္တဝါအဖြစ် ရှိနေခဲ့သည်။
စုန့်ဝမ်သည် အတော်လေး အံသြသွားသည်။ ကျင့်ကြံသူ မဟုတ်သော သေမျိုးတစ်ဦးကို ခန္ဓာကိုယ် မပျက်စီးဘဲ အလောင်းစွမ်းအင်နှင့် အသက်စွမ်းအား နှစ်ခုလုံးကို တပြိုင်နက်တည်း ကြာရှည်စွာ ပိုင်ဆိုင်ထားနိုင်အောင် ကျောက်တာဖန်း မည်သို့လုပ်ဆောင်ထားသည်ကို စဥ်းစားမရ ဖြစ်နေသည်။
ကျောက်တာဖန်း စုန့်ဝမ်ကို ကြည့်ကာ “ဒီရက်ပိုင်း လေလွင့်ကျင့်ကြံသူတွေ အများကြီး ရောက်လာကြတယ်၊ အဲဒီထဲမှာ လူဆိုးတွေလည်း ပါနေတယ်။ သူတို့က ဈေးရဲ့လုံခြုံရေးကို အကြီးအကျယ် ဖျက်ဆီးနေကြတာ။ အာမခံမယ့်သူ မရှိရင် ဒီလမ်းက လူတိုင်း လာနေလို့ရတဲ့ နေရာမဟုတ်ဘူး။ မင်းနာမည် ဘယ်သူလဲ၊ ကျင့်စဉ်အဆင့်က ဘာလဲ၊ ပြီးတော့ မင်းအတွက် အာမခံမယ့်သူ ရှိလား”ဟု ခပ်တင်းတင်း ဆိုလာသည်။
စုန့်ဝမ်က ပြုံးလိုက်ပြီး “တာဝန်ခံကျောက်၊ စိတ်မရှိပါနဲ့၊ မိတ်ဆက်ဖို့ မေ့သွားလို့ပါ။ ကျနော့်နာမည်က ယန်ဖုန်းပါ၊ ချီစုစည်းခြင်း အဋ္ဌမအဆင့် ၈ ဆေးဖော်စပ်သူတစ်ဦးပါ”ဟု ပြောနေရင်း ကျောက်တာဖန်းထံသို့ ကျောက်စိမ်းပုလင်းတစ်ခု ပေးလိုက်သည်။ အတွင်း၌ ဝိညာဉ်ကျောက်တုံး ၅၀ ခန့် တန်ဖိုးရှိသော ချီအားဖြည့်ဆေး ၅ လုံး ပါရှိသည်။
ကျောက်တာဖန်းလည်း နားလည်မှုရှိရှိ လက်ခံလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“မင်းက ဆေးဖော်စပ်သူဆိုတော့ ပြစ်မှုကျူးလွန်မယ့် လူဆိုးတစ်ယောက် မဖြစ်နိုင်ပါဘူး။ အာမခံမယ့်သူ မလိုပါဘူး။ ဒီလမ်းမှာ လွတ်နေတာ အိမ်ဝင်းတစ်ခုပဲ ရှိတယ်၊ အဲဒါက ငါ့အိမ်နဲ့ မျက်စောင်းထိုးမှာပဲ။ လခကတော့ ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ”
စုန့်ဝမ်က အဆင့်နိမ့်ဝိညာဉ်ကျောက် ၃၀ ပေးလိုက်သည်။
“ဒီနေ့ကစပြီး အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့။ တာဝန်ခံကျောက် အနေနဲ့ ကျနော့်ကို ကူညီစောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
စုန့်ဝမ်ထံမှ အကျိုးအမြတ် ရရှိထားသဖြင့် ကျောက်တာဖန်းမှာ စိတ်ရွှင်လန်းပြီး ခေါင်းသာ တွင်တွင်ညိမ့်ပြနေတော့သည်။
……….