ချီသန့်စင်ခြင်းအဆင့် ဘိုးဘေး (၁)
Vol. 1 Ch. 2
မိုးကြိုးသားရဲမှာ အင်မော်တယ်လောက၏ ဒဏ္ဍာရီလာ သားရဲတကောင်မှ သွေးမျိုးဆက်ပင်။ မူလစွမ်းအားသည်ပ င် ကာယကိုယ် ပေါင်းစပ်ခြင်းအဆင့်ဖြင့် ညီမျှသည်။ နတ်ဆိုးလမ်းစဉ်အား လျှောက်လှမ်းသည့်အတွက် မူလစွမ်းအားထက်ပင် တိုးပွားနေမည် ဖြစ်၏ ။ လက်ရှိ အနေအထား၌ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ယှဉ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် သားရဲ၏ ပြိုင်ဘက် မဟုတ်သည်ကို သိနေသည်။ ဂိုဏ်းအတွင်း၌ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သော မဟာအကြီးအကဲမှာ တံခါးပိတ်ကျင့်ကြံနေသည်။ သို့ဖြစ်ရာ နှောင့်ယှက်မိပါက ချီအဆီအနှစ် ကမောက်ကမဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်သွားနိုင်သည်။
ကျူးယွမ်ကျီက ထိုအခြေအနေကို တွေးမိကာ တပည့်တယောက်အား ဆက်သွယ်မှု ပြုသည်။
"ကြယ်ခုနှစ်ခု တောင်ထွဋ်ကိုသွား ပြီးတော့ ဘိုးဘေးငယ်ကို အကူအညီတောင်းလိုက်…"
ဝတ်ရုံနီဖြင့် တပည့်တဦးက ဓားပျံစီးနင်းကာ ပျံသန်းနေလေသည်။ ထို့နောက်တွင် အလင်းတန်းတခု အသွင်ပြောင်း၍ ချီမင်တောင်တန်းရှိ ချောင်ကျသော တောင်ထွဋ်တခုဆီသို့ ဦးတည်သွားသည်။
ထိုမြင်ကွင်းကြောင့် ကျူယွမ်ကျီက စိတ်အေးမိသွားသည်။ သို့ဖြစ်ရာ ဓားပျံအား ထိန်းချုပ်၍ သက်တံအလင်းတန်းအဖြစ်သို့ ပြောင်းကာ ဘေးပတ်လည်၌ ဝန်းရံသွားစေသည်။
"ချီမင် ဓားဂိုဏ်းကို ဖျက်ဆီးချင်တယ်လား… ဒါဆိုလည်း ကျုပ် ကျူယွမ်ကျီက မိုးကြိုး နတ်ဆိုးအရှင်ကို လက်ရည်ယှဉ်ရသေးတာပေါ့…"
ထိုအချိန်၌ ဝတ်ရုံနီရှင် တပည့်က ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ ရောက်သွားပြီ ဖြစ်သည်။
တပည့်ဖြစ်သူက တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ ဆင်းသက်လိုက်ရာ တောင်ထိပ်ရှိ ခြံဝန်းငယ်တခုသို့ ရောက်သွားသည်။ ထိုခဏ၌ပင် မြေပြင်၌ ဒူးတုပ်ကာ စကားဆိုလေသည်။
"ချီမင် ဓားဂိုဏ် တိုက်ခိုက်ခံနေရပါတယ်… ဂိုဏ်းခေါင်းဆောင်က ဘိုးဘေးငယ်ကို အကူအညီတောင်းဖို့ လွှတ်လိုက်တာပါ…"
ထိုအသံက တောက်တခုလုံး၌ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်၌ ခြံဝန်းအတွင်းရှိ ခြံတံခါးပွင့်လာကာ အသံတခု ကြားလိုက်ရသည်။
"ငါသိတယ်…"
ခြေသံများ ကြားလိုက်ရပြီး တပည့်ဖြစ်သူ၏ ရှေ့၌ ပုံရိပ်တခု ပေါ်လာသည်။ တပည့်ဖြစ်သူက မည်သူဖြစ်မည်ကို စူးစမ်းလိုက်ရာ ချောမောလှသည့် လူငယ်တဦးကို မြင်သွားသည်။ ထိုသူမှာ ချောမွေ့သည့် အသားအရည်ရှိကာ ဖွေးဖွေးဖြူသည့် ဆံပင်နှင့် မျက်ခုံများ ပိုင်ဆိုင်ထားသည်။ ပျင်းရိပုံ ပေါ်နေပြီး ချီမင်ဂိုဏ်း၏ ဝတ်ရုံလည်း ဝတ်ဆင်ထားခြင်း မရှိပေ။ ကိုယ်ကျပ်ဝတ်ရုံနှင့် ဖိနပ်တစုံအပြင် ခါး၌ ဓားတလက်သာ ရှိနေ၏ ။ သို့ဖြစ်ရာ ကျင့်ကြံသူဟု မထင်ရဘဲ စစ်သည်ဟုသာ ထင်မှတ်ရသည်။
သို့ရာတွင် တပည့်ဖြစ်သူ အံ့အားသင့်မိရခြင်းက ဘိုးဘေးငယ်၏ ကျင့်ကြံမှုအဆင့်ပင်။
ချီသန့်စင်ခြင်းအဆင့်…
ဝတ်ရုံနီရှင် တပည့်က အံ့အားသင့်နေမိသည်။
ထိုအဆင့်မှာ မည်သူမဆို တက်လှမ်းနိုင်သည့် အဆင့်ပင်။ မိုးကြိုးနဆ်ဆိုးအရှင်ဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် ချီသန့်စင်ခြင်းအဆင့် မဆိုထားဘိ စိတ်ဝိညာဉ် အခြေတည်အဆင့်ပင် အစာဖြစ်သွားရမည်ဖြစ်သည်။
"သွားပြီ ချီမင်ဓားဂိုဏ်းဝောာ့ ဒီနေ့ ပျက်စီးရပြီပဲ…"
တပည့်ဖြစ်သူက ရေရွတ်မိသွားသည်။
"ကျူယွမ်ကျီ ဘယ်မလဲ…"
ဆံဖြူရှင် လူငယ်က ဝတ်ရုံနီရှင် တပည့်အား မေးခွန်းထုတ်သည်။ သို့ရာတွင် တဖက်သူက စကားများသာ ရေရွတ်နေတော့သည်။
"ဟူး… ငါတို့တော့ သေပြီ…"
"ဘာတွေ ပြောနေတာလဲ… မင်းကို နတ်ဆိုးများ ဖမ်းစားထားတာလား…"
ဘိုးဘေးငယ်က မျက်မှောင်ကြုံ့ကာ တပည့်ဖြစ်သူအား မေးခွန်းထုတ်ပြန်သည်။
"ဟေး ငါမေးနေတယ် ကျူယွမ်ကျီ ဘယ်မလဲ… ပင်မတောင်ထွဋ်မှာပဲလား…"
"မဟုတ် တော့ပါဘူး…"
ဝတ်ရုံနီရှင် တပည့်က စိတ်ပျက်အားလျော့စွာဖြင့် ပင်မဂိတ်တံခါးရှိရာအရပ်သို့ လက်ညှိုးညွှန်ပြသည်။
"ဂိုဏ်းခေါင်းဆောင်က ပင်မဂိတ်မှာ တိုက်ခိုက်နေပါတယ်…"
"အို သိပြီ…"
ဘိုးဘေးငယ်က ခေါင်းညိမ့်ကာ ထိုင်ချမည့်သဏ္ဍာန်ပြုလိုက်ရာ ဝတ်ရုံနီရှင်တပည့်က မုန်တိုင်းတိုက်မည့်အလား ခံစားမိသွားရသည်။
ထို့နောက်တွင် တောင်ထွဋ်တခုလုံး လှုပ်ရမ်းကာ မြေပြင်၌ ခြေရာပင် ထင်ကျန်ခဲ့ရသည်။ ။ ဝတ်ရုံနီရှင် တပည့်မှာ ထိုင်လျက်သား လဲကျသွားသည်။ ဘိုးဘေးငယ်ဖြစ်သူမှာ ပင်မဂိတ်တခါးရှိရာသို့ ပျံသွားပြီ ဖြစ်၏ ။