ရှင်သန်နေထိုင်ရန် နောက်ဆုံးသောနှစ်(၁)
Vol. 1 Ch. 6
အကြီးအကဲနှစ်၊ အကြီးအကဲလေးနှင့် အကြီးအကဲ ငါးတို့က အလန့်တကြားဖြစိကာ မတ်တပ်ထရပ်ကြသည်။
"ဂိုဏ်းခေါင်းဆောင်…"
အကြီးအကဲနှစ် ရွှမ်းယွမ်ကျီက ပြောလာသည်။
"စီနီယာအစ်ကို ဘိုးဘေးငယ်က ချီမင်ဓားဂိုဏ်းကို စောင့်ကြပ်တာ နှစ်သုံးထောင်ကျော်ကြာပြီ ပြီးတော့ ဒါက မြက်ကလေး တခုပါပဲ ပေးလိုက်လည်း ရပါတယ်လေ…"
"ဟုတ်တာပေါ့…"
ဖုယွမ်ကျီကလည်း ဝင်ပြောသည်။
"ပြီးတော့ ဘိုးဘေးငယ်က ငါတို့ အကြီးအကဲပဲ… အကြီးအကဲတွေ လိုရင် တပည့်တွေက ရှာပေးရမှာပဲလေ… ငါတို့ တာဝန်မဟုတ်ဘူးလား…"
"မင်း… မင်းတို့နှစ်ယောက်…"
ကျူယွမ်ကျီ၏ မျက်နှာက အေးစက်သွားတော့၏ ။
"ဂိုဏ်းခေါင်းဆောင် အစ်ကိုနှစ်နဲ့ အစ်ကိုလေးပြောတာ မှန်တာပဲလေ…"
အကြီးအကဲငါး ပိုင်ယွမ်းကျီက ပြောပြန်သည်။
"နောက်ပြီး အဲ့အချိန်က အစ်ကိုကြီးပဲ ဦးဆောင်ခဲ့တာ… ညီမလေးတွေသာသိရင် အစ်ကိုကြီးတော့သွားပြီ…"
ကျူယွမ်ကျီက သစ္စာဖောက် ညီငယ်များကို ကြည့်ကာ မစွမ်းသာတော့ဘဲ လက်လျော့လိုက်ရသည်။ ထို့ကြောင့် သက်ပြင်းချကာ တံခါးဆီသို့ လျှောက်သွား၏ ။
"ဘိုးဘေးငယ် ပြောတာ မှန်ပါတယ်လေ… ကျွန်တော်က မြေးတပည့်ဆိုတော့ ကျွန်တော့်တာဝန်ပေါ့…"
ချီမင် ဂိုဏ်းခေါင်းဆောင်က တည်ငြိမ်နေရန် အစွမ်းကုန် ကြိုးစားထားသည်။
"ဘိုးဘေး လိုချင်တာသာ ပြောပါ ကျွန်တော် ကြယ်ခုနှစ်ခု တောင်ထွဋ်ဆီ ယူလာပေးပါ့မယ်… ဘိုးဘေး ကိုယ်တိုင်ထွက်လာဖို့တောင် မလိုပါဘူး…"
ပိုင်ချူးရန်က အလိုရှိသည့် အရာအား လက်ဝယ်ရရှိပြီးဖြစ်သည်။ သို့ဖြစ်ရာ ပင်မခန်းမဆောင်မှ ရွှင်ပျစွာဖြင့် ထွက်လာကာ ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ ဦးတည်လိုက်၏ ။
------
ပိုင်ချူးရန် အပြင်သွားနေချိန်၌ ခြံဝန်းအတွင်း၌ ဖိတ်ခေါ်မထားသည့် ဧည့်သည်ရောက်နေပုံရသည်။ ပိုင်ချူးရန်က ခြံဝန်းတံခါးသို့ ရောက်ချိန်၌ နှစ်မြို့ဖွယ် မကောင်းသော အေးစက်မှုကို ခံစားလိုက်ရ၏ ။
ထို့ကြောင့် ခဏရပ်တန့်မိသော်လည်း တံခါးဖွင့်ကာ အိပ်ခန်းသို့ ဝင်လိုက်သည်။ ဖိတ်ခေါ်မထားသည့် ဧည့်သည်မှာ ကုတင်ဘေး၌ ရပ်နေသည်။
"တကယ်ပဲ ရွှယ်လင် မင်းကို…"
ပိုင်ချူးရန်က ဝတ်ရုံဖြူဝတ်ဆင်ထားသော်လည်း ပြာနှမ်းသည့် အသားအရည် ရှိသော လူငယ်တယောက်ကြည့်ကာ ပင့်သက်ရှိုက်လိုက်သည်။
"ဘာလို့ ရောက်လာတာတုံး…"
"ပိုင်ချူးရန်…"
ရွှယ်လင် အမည်ရသော လူငယ်လေးက မျက်နှာသေဖြင့် ပြောလာသည်။
"မင်းတော့ သေရတော့မယ်…"
ပိုင်ချူးရန်က တည်ငြိမ်စွာဖြင့် တဖက်သူအား စိုက်ကြည့်လိုက်သည်။
ခဏကြာပြီးချိန်၌ ခေါင်းကုတ်လိုက်ကာ စကားစသည်။
"ကောင်းပြီလေ ဒီလိုနေ့ ထပ်ရောက်လာပြန်လား မြန်တာပဲ… ငါသိပြီ မင်းပြန်လိုက်တော့…"
သို့ရာတွင် ရွှယ်လင်က ရပ်မြဲရပ်နေကာ စကားဆိုပြန်သည်။
"နှစ်သုံးထောင်ကျော်ကြာပြီပဲ မင်းလက်လျော့သင့်ပြီ…"
"ဘာကို လက်လျော့ရမှာတုံး…"
ပိုင်ချူးရန်က စကားပြန်လိုက်၏ ။
"ကျင့်ကြံသူတွေက သတ္တိရှိပြီးတော့ လုပ်ရဲကိုင်ရဲ ရှိရမှာ… မင်းက မြေအောက်လောကရဲ့ ဝိညာဉ်နှုတ်သူ ဆိုပေမယ့် လူတွေကို သေဖို့ ဖြောင်းဖျနေတာက ဘာကြောင့်များလဲ… "
ထိုစကားမှာ အမှန်ပင် ဖြစ်၏ ။ ရွှယ်လင်သည် မြေအောက်လောကမှ ဝိညာဉ်နှုတ်သူ တယောက်ဖြစ်ပြီး သေဆုံးသူများ၏ စိတ်ဝိညာဉ်အား မြေအောက်လောကသို့ ယူဆောင်ရန် တာဝန်ရထားသည်။
လူသားမျိုးနွယ်အား သေခြင်းတရား ယူဆောင်လာကာ ကောင်းကင်ဘုံနှင့် မြေကမ္ဘာကြား ဟန်ချက် ထိန်းညှိရသူဖြစ်သည့် ရွှယ်လင်မှာ ကိုယ်ထင်ပြမှု မပြုပါက သက်ရှိများ အနေဖြင့် မြင်နိုင်ကြမည် မဟုတ်ချေ။ အင်မော်တယ်လမ်းစဉ်မှ ကျင့်ကြံသူများလည်း ချွင်းချက် မဟုတ်ကြပေ။
ချီမင်ဓားဂိုဏ်း တခုလုံး၌ အချိန်စေ့နေပြီ ဖြစ်သည့် ပိုင်ချူးရန်နှင့် ကောင်းကင်ကပ်ဘေး စမ်းသပ်မှု ကျော်ဖြတ်ရမည့် မဟာအကြီးအကဲ မှတပါး ရွှယ်လင်အား မြင်နိုင်စွမ်း မရှိကြချေ။ ကျူယွမ်ကျီပင် ရွှယ်လင်၏ တည်ရှိမှုအား ခံစားနိုင်စွမ်း ရှိမနေပေ။
ဝိညာဉ်နုတ်သူ ဖြစ်သည့် ရွှယ်လင်မှာ ပိုင်ချူးရန်၏ မိတ်ဆွေဟောင်းဟုပင် ဆိုနိုင်သေးသည်။ ပိုင်ချူးရန်မှာ မိုးကြိုးသားရဲအား ဓားချက်တခုဖြင့် ရှင်းပစ်နိုင်သည်အထိ အင်အားကြီးမားသော်လည်း ချီသန့်စင်ခြင်း အဆင့်မှ ကျင့်ကြံသူ တယောက်သာ ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများမှာ မည်မျှ အားကောင်းစေကာမူ ကျော်လွှားရန် မဖြစ်နိုင်သည့် အတားအဆီးများစွာ ရှိနေသည်။ ထိုအခက်အခဲများ၌ သက်တမ်းမှာ အရေးအကြီးဆုံး တခုဖြစ်၏ ။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအနေဖြင့် အများဆုံးနေထိုင်နိုင်ခြင်းက နှစ်သုံးရာမှ လေးရာအထိသာ ဖြစ်သည်။ ထိုအရွယ်၌ အဆင့်တက်မှု မပြုနိုင်ပါက သေဆုံးကာ စိတ်ဝိညာဉ် ထိန်းသိမ်းခံရမည်ပင်။ ထိုအချိန်၌ ဝိညာဉ်နုတ်သူ ရောက်လာကာ စိတ်ဝိညာဉ်အား ယူဆောင်၍ ပြန်လည်မွေးဖွားခြင်း စက်ဝန်းသို့ ပို့ဆောင်ပေးသည်။
သို့သော်လည်း ပိုင်ချူးရန်က ခြားနားလှသူပင်။ ကာယကိုယ်၌ အဆုံးမဲ့ချီများ ရှိနေပြီး သာမန် မသေမျိုးတဦး၏ ကာယကိုယ်ထက်ပင် သန်မာသေးသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်ပျက်စီးရန်က မဖြစ်နိုင်ချေ။ ထို့အပြင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ရှိနေခြင်းကြောင့် ကျင့်ကြံမှု မြန်ဆန်ရုံသာမက ခန္ဓာကိုယ်၌ အသုံးပြုသည့် ဆေးဝါးများကိုလည်း အာနိသင် အပြည့်အဝ ရစေကာ ဆေးလုံးများကို အကန့်အသတ်မရှိ အသုံးပြုနိုင်စေသည်။
ဆေးလုံးများ၌ အသက်ရှည်ဆေးဟု အမည်ရသည့် ဆေးလည်း ရှိနေသေးသည်။ ကျင့်ကြံသူ တယောက်မှ ထိုဆေးတလုံးအား ဝါးမြိုလျှင် ငါးနှစ်သက်တမ်းတိုးမည် ဖြစ်၏ ။ သို့ရာတွင် ထိုအာနိသင်ကြောင့် အသုံးပြုမှု အကြိမ်ရေ အကန့်အသတ်ရှိသည်။ များသောအားဖြင့် သက်တမ်းစေ့သူများက နောက်ဆုံးအားထုတ်မှု အဖြစ်သာ အသုံးပြုသည်။
ပိုင်ချူးရန်ထံ၌ ထိုသို့သော ကန့်သတ်မှု မရှိပေ။ ထို့ကြောင့် အသက်ရှည်ဆေး အသုံးပြုကာ နှစ်တထောင်ပြည့်ချိန်တိုင်း၌ သက်တမ်းဆွဲဆန့်နိုင်သည်။