Chapters

နေ့ကောင်းရက်မြတ်

Vol. 1 Ch. 7

နေ့ကောင်းရက်မြတ်

Vol. 1 Ch. 7

ပိုင်ချူးရန်နှင့် ရွှယ်လင်တို့၏ ပထမဆုံးသော တွေ့ဆုံမှုမှာ လွန်ခဲ့သည် နှစ်နှစ်ထောင်တွင် ဖြစ်သည်။ ပိုင်ချူးရန်က ပထမဆုံးအကြိမ် သက်တမ်းစေ့သွားခဲ့သည်။ ထိုစဉ်က ပိုင်ချူးရန် ခရီးသွားနေသည့် ကာလဖြစ်ပြီး အင်မော်တယ်တဦး၏ နန်းတော်၌ ပိတ်မိနေခဲ့၏ ။ သို့ဖြစ်ရာ သက်ရှည်ဆေး ဖော်စပ်ရန် မဖြစ်နိုင်ခြင်းကြောင့် ဝိညာဉ်နှုတ်သူ ရွှယ်လင်မှ ဝိညာဉ်နှုတ်ရန် ရောက်လာသည်။

ထိုကာလ၌ ပိုင်ချူးရန်က အဆင့်တက်တော့မည်ဟု ခံစားမိခဲ့သည်။ အခြေတည်အဆင့် တက်လှမ်းရန် မျှော်လင့်ချက်ဖြင့် စိတ်ဝိညာဉ်ထိန်းကြိုးအား ဖျက်ဆီးရုံသာမကဘဲ ရွှယ်လင်ကိုပင် ရိုက်နှက်သေးသည်။

ရွှယ်လင်သည်လည်း ခေါင်းမာသည့် မြည်းအလား ပိုင်ချူးရန်နောက်သို့ လအနည်းငယ်ကြာ လိုက်နေသေးသည်။ သက်ရှည်ဆေး ဖော်စပ်ပြီးမှသာ မြေအောက်လောကသို့ ပြန်သွားရသည်။

နှစ်ဦးသား ယှဉ်ပြိုင်ခြင်းဖြင့် တွေ့ဆုံမှုအား အဆုံးသတ်ခဲ့ရ၏ ။ နှစ်နှစ်ထောင်ကျော် ကာလတွင်လည်း ပိုင်ချူးရန် သက်တမ်းစေ့မည့် အချိန်များ၌ ရွှယ်လင်ကိုယ်တိုင် ရောက်လာကာ အနှောင့်အယှက်ပေးသေးသည်။ နှစ်ဦးသား၏ တိုက်ခိုက်မှုမှာ မြေအောက်လောကနှင့် အင်မော်တယ် လောက၏ အာရုံစိုက်မှုပင် ရခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်ရာဂဏန်းခန့်က မြေအောက်လောကမှ ဝိညာဉ်နှုတ်သူ ရာဂဏန်းခန့်နှင့် ငရဲတရားသူကြီးများအား ရွှယ်လင်နှင့်အတူ ပူးပေါင်းစေကာ ပိုင်ချူးရန်အား ဖမ်းဆီးစေသည်။ သို့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ သို့ဖြစ်ရာ ရွှယ်လင်က ပိုင်ချူးရန်၏ စိတ်ဝိညာဉ်အား အတင်းအကြပ် နည်းလမ်းဖြင့် ရယူခြင်းကို လက်လျော့သွားခဲ့သည်။

"ငါက အခြေတည်အဆင့် တက်ချင်ရုံပါ…"

"မင်းလည်း စည်းမျဉ်းတွေ သိတာပါပဲ…"

ရွှယ်လင်က မျက်မှောင်ကြုံ့ကာ ပြောနေသည်။

"အချိန်စေ့လို့ မင်းသက်တမ်းမတိုးရင် ငါက လာဖမ်းရမှာ…"

"သွားတော့ သွား သွား…"

ပိုင်ချူးရန်က စိတ်မရှည်စွာဖြင့် လက်ရမ်းလိုက်၏ ။

"မင်းမှာ အချိန်ပေါနေတာလား…"

ပိုင်ချူးရန်၏ အပြုအမူကြောင့် ရွှယ်လင်က စကားမဆိုတော့ချေ။ သို့ဖြစ်ရာ နောက်လှည့်၍ အခန်းတဖက်သို့ လျှောက်သွားသည်။ ထို့နောက်တွင် အခန်းအတွင်းမှ ဝေဝါးကာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ချူးရန်က အိပ်ယာထက်သို့ ပက်လက်လှဲချကာ လက်နှစ်ဖက်အား ခေါင်းအုံးပြု၍ ခြင်ထောင်မျက်နှာပြင်သို့ စိုက်ကြည့်လိုက်သည်။

ဆရာဖြစ်သူ တာအိုသခင် ချီမင် အထက်တက်သွားစဉ် ကတည်းက သူ၏ ဘဝသက်တမ်းမှာ ယခုကဲ့သို့ ဖြစ်နေခဲ့သည်။

ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူတဦး အနေဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းရန် အဆင့်တစ်ဆို့မှုအား နှစ်စဉ် ရင်ဆိုင်နေရသည်မှာ နှစ်သုံးထောင်ပင် ကြာပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ်၌ မျှော်လင့်ချက်ထားသူများမှ တချို့က အထက်လောကသို့ တက်သွား၏ ။ တချို့မှာ ကောင်းကင်ကပ်ဘေး၌ ကျရှုံးသွားသည်။ တချို့က တိုက်ပွဲ၌ အဆုံးသတ်ကြရသည်။ ချီမင်ဂိုဏ်းနှင့် သူအား အန္တရာယ်ပြုသူများကိုလည်း ညှာတာမှု မထားဘဲ ရှင်းပစ်ပြီး ဖြစ်၏ ။

ယခုကဲ့သို့သော ဘဝ‌၌ ကျင့်ကြံသူများ သဘောကျ နှစ်သက်သည့် အသက်ရှည်ခြင်းကိုပင် ပျော်ရွှင်စရာဟူ၍ မြင်မနေတော့ပေ။

မိတ်ဆွေများ မရှိတော့သည့်အပြင် ဂုဏ်သတင်းလည်း ရှိမနေပေ။ အချစ်ဦးဖြစ်သူသည်လည်း စီနီယာအစ်ကိုဖြင့် လက်ထပ်သွားရာ တကိုယ်တည်းသမားဖြစ်သည်က နှစ်သုံးထောင် ကြာပြီဖြစ်၏ ။

သူ့အနေဖြင့် တပည့်ဝတ်ရုံအား ဝတ်ဆင်မှု မပြုတော့သည့်အပြင် ဂိုဏ်းခေါင်းဆောင် ရာထူးကိုလည်း ငြင်းပယ်ကာ ချောင်ကျသည့် နေရာ၌ နေထိုင်သည်။

နှစ်သုံးထောင်ကျော်ကြာ ချီသန့်စင်နေခြင်းမှာ အခြေတည်အဆင့်သို့ တက်လှမ်းမည်ဟူသော မျှော်လင့်ချက်ကြောင့် ဖြစ်သည်။

"အာ အကြပ်ရိုက်စရာပဲ…"

ပိုင်ချူးရန်က စိတ်မရှည်စွာဖြင့် ခါးကုတ်ကာ ရေရွတ်နေလေသည်။

"ဒီတခေါက် တောင်အောက်ဆင်းရင် သက်ရှည်ဆေး ဖော်ဖို့ အမယ်တွေပါ ရှာရဦးမယ်…"

……

သာယာသည့် နေ့ရက်တခု ဖြစ်ပြီး ချူးရန်က ဝိုင်သောက်၍ တေးသီကျူးကာ ခရီးရှည်ကြီးအား အစပြုလိုက်သည်။

ပိုင်ချူးရန် အနေဖြင့် တောင်အောက်ဆင်းသည့် အကြိမ်တိုင်း၌ စိတ်ပေါ့ပါးသွားလေ့ရှိသည်။

ချီမင် တောင်တန်း၌ သီးခြားနေထိုင်သော်လည်း မြင့်မားသည်ဟူသော ခံစားချက် ရရှိနေသေးသည်။ လက်တလော၌ ဂိုဏ်းအား စွန့်ခွာလာပြီးဖြစ်ရာ သာမန် ပိုင်ချူးရန် အဖြစ်ရောက်နေပြီ ဖြစ်၏ ။ ချီမင်ဓားဂိုဏ်း၏ ဘိုးဘေး ပိုင်ချူးရန် မဟုတ်တော့ပေ။

ကုပြည်နယ်၌ နိုင်ငံဆယ်ခု ရှိနေသည်။ ချီမင်တောင်တန်း တည်ရှိနေသည့် နိုင်ငံမှ ရှန်ရွှမ်အမည်ရထား၏ ။ ပိုင်ချူးရန် လိုအပ်နေသည့် အရာများမှာ ရှန်ရွှမ်နိုင်ငံ၏ ပိုင်နက်အတွင်း၌ ရှာတွေ့နိုင်ပေသည်။