နေ့ကောင်းရက်မြတ်(၁)
Vol. 1 Ch. 8
ချီမင်တောက်အောက် ရောက်ချိန်၌ လွင့်မြောဓားမြို့ကို ဖြတ်ကျော်ကာ ရှန်ရွှမ်နိုင်ငံ တော်ဝင်မိသားစု အုပ်ချုပ်ရာ နေရာသို့ ဦးတည်လိုက်သည်။ ပိုင်ချူးရန်က ဓားပျံစီးနင်းမှု မပြုနိုင်သေးသော်လည်း ထိုအမြန်နှုန်းဖြင့် တူညီစွာ သွားလာနိုင်သည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ရခြင်းကို နှစ်သက်သူ မဟုတ်ချေ။
နှစ်သုံးထောင် ကာလ ကြာပြီးဖြစ်ရာ ပိုင်ချူးရန်ထံ၌ အလျင်စလို ပြုလုပ်ခြင်းနှင့် စိတ်မရှည်ဖြစ်ခြင်းတို့ မရှိတော့ပေ။ ယခုတကြိမ်၌ တောင်အောက်ဆင်းခြင်းသည် လိုအပ်သည့် အရာများ ရှာဖွေစုဆောင်းရန်တင်မကဘဲ ခရီးရှည်ကြီးတခုလည်း ဖြစ်သေးသည်။
ထို့ကြောင့် ချီမင်တောင်အောက်မှ မြို့တခုသို့ သွား၍ မြင်းတကောင်ဝယ်ယူကာ နိုင်ငံတလျှောက် ခရီးစတင်မည် ဖြစ်သည်။
သို့ရာတွင် ခဏကြာ လမ်းလျှောက်ပြီးချိန်၌ လူမိုက်တစုက တားဆီးခြင်းဖြင့် ကြုံရသည်။
"ရပ်လိုက်ဦး…"
ထိုလူအုပ်ဖြင့် ရင်ဆိုင်ရချိန်၌ စူးစမ်းကြည့်လိုက်ရာ အလယ်အလတ် ပေါင်းစပ်အဆင့်များ ဖြစ်သည်ကို သိလိုက်မိသည်။ အားအကောင်းဆုံးသူမှာ နှောင်းပိုင်း ပေါင်းစပ်အဆင့်ပင်။ ပိုင်ချူးရန်က ပြုံးကာ မေးလိုက်သည်။
"ဘာလို့ တားတာများလဲ… အကူအညီတောင်းစရာ ကိစ္စတခုခု ရှိနေလား…"
"အကူအညီ…"
လူအုပ်အတွင်းမှ အားကောင်းမောင်းသန် လူသန်များက ဝိုင်းလာကြသည်။ ထို့နောက်တွင် လက်၌ ကြေးကွင်းပါသည့် ဓားကိုင်ထားသူက ပြောလာသည်။
"မင်းက ချမ်းသာတဲ့ မိသားစု တခုကဖြစ်မယ် အဲ့တာကြောင့် ငါတို့ကို ပိုက်ဆံ နည်းနည်းချေး…"
"ဓားပြတိုက်တာပဲပေါ့…"
ပိုင်ချူးရန်က ပြုံးကာ စကားဆိုလေသည်။
"ကျုပ် မှတ်မိသလောက်တော့ ဒီလမ်းက ရှန်ရွှမ်နိုင်ငံရဲ့ လမ်းပါ…"
ဓားပြများက ဟားတိုက်ရယ်သွားကြသည်။
"ဧကရာဇ်က အခက်ကြုံနေတာ… လမ်းမှာ စောင့်ကြပ်တဲ့ စစ်သည်တွေလည်း တာဝန်ချခံထားရပြီ… မင်းငါတို့ကို ပိုက်ဆံ မပေးရင် အင်မော်တယ်တောင် မင်းအသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး…"
…ရှန်ရွှမ်နိုင်ငံ၏ အခြေအနေက ဒီလောက် ဆိုးဝါးနေတာလား…
ပိုင်ချူးရန်က ဓားပြများအား စိုက်ကြည့်ကာ အတွေးဝင်နေသည်။
လွန်ခဲ့သည့် နှစ်ရာဂဏန်း အနည်းငယ်အကြာတွင် တောင်အောက် ဆင်းလာချိန်၌ ရှန်ရွှမ်နိုင်ငံသည် ငြိမ်းချမ်းက သာယာဝပြောနေခဲ့သည်။
ကုပြည်နယ်နှင့် အနီးအနား နယ်မြေများမှ ချီမင်ဓားဂိုဏ်း၏ ကာကွယ်မှု ရထားကြသည်။ ချီမင်ဓားဂိုဏ်းက လာရောက် တိုက်ခိုက်ရဲသည် ဂိုဏ်းဟူ၍လည်း ရှိမနေပေ။
ဒေသတဝိုက်မှ နတ်ဆိုးနှင့် မွန်းစတားများသည်လည်း တောင်အောက်ဆင်းသည့် တပည့်များ၏ လက်ချက်ဖြင့် အဆုံးသတ်ကြရသည်။ သို့ဖြစ်ရာ ကုပြည်နယ် အနေဖြင့် အခြေအနေ ဆိုးဝါးရန် အကြောင်းအရင်း နှစ်ချက်သာ ရှိတော့သည်။
နိုင်ငံဆယ်ခု၏ စစ်ပွဲကြောင့် မဟုတ်ပါက အင်အားကြီး အဖွဲ့များကြား အင်အားပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော အရေးကိစ္စများအား ချီမင်ဓားဂိုဏ်းမှ လျစ်လျူရှုထားလေ့ ရှိသည်။ ချီမင်ဓားဂိုဏ်းမှ ကျင့်ကြံခြင်းကို ဦးစေားပေး၍ အထက်လောကသို့ တက်လှမ်းရန် ဖြစ်ပြီး သေမျိုးလောက၏ အင်အားကို မက်မောမှု မရှိပေ။ အုပ်စိုးသူ အပြောင်းအလဲမှာ ချီမင်းဂိုဏ်းအနေဖြင့် အာရုံမထားသည့် အရာသာဖြစ်၏ ။ အာရုံမစိုက်မိရန်လည်း အတတ်နိုင်ဆုံး ကြိုးသားနေကြသည်။
"ကျင့်ကြံသူတွေက သေမျိုး အင်အားစု ပဋိပက္ခထဲ မပက်သက်ရဘူး…"
တာအိုသခင် ချီမင်က ပိုင်ချူးရန်အား သင်ကြားပေးထားကာ သူသည်လည်း နောင်လာနောက်သားများအား ထိုနည်းတူပင် သင်ကြားသည်။
သို့ရာတွင် လမ်းတလျှောက်၌ ဓားပြများနှင့် သူခိုးများအား ကြုံရခြင်းမှာ သီးခြားပြဿနာတခုသာ ဖြစ်သည်။ နိုင်ငံအတွင်း မျိုးရိုးမြင့်များ ပြိုင်ဆိုင်ခြင်းမှာ ဝင်ပါရန် မလိုအပ်သည့် အရာသာ ဖြစ်သည်။ သို့သော်လည်း ဓားပြများမှာ အပြစ်မဲ့သူများအား အန္တရာယ် ပြုနိုင်သည်။ ထို့ကြောင့် ချီမင်ဓားဂိုဏ်း၏ တပည့်များမှာ ယခုကဲ့သို့ ကြုံလာပါက ရှင်းပစ်လေ့ ရှိကြသည်။
ပိုင်ချူးရန်က မျက်နှာထက်၌ အပြုံးပန်းတပွင့် ဖန်တီးကာ ခါးမှ ဓားအား အသာတကြည် ဆွဲထုတ်လိုက်လေသည်။
ဓားသွား မမြင်ရသေးသော်လည်း အကုန်လုံးက ကျောစိမ့်မိသွားကြ၏ ။ ပိုင်ချူးရန်၏ လှုပ်ရှားမှုအရ ခုခံမည်ဟု သဘောပေါက်သွားသည့် ဓားပြများက လက်နက်များ အသီးသီး ချိန်ရွယ်လာကြသည်။
သို့သော်လည်း ထိုအချိန်၌ အသံတခုကို ကြားလိုက်ရသည်။
"ရပ်ကြ…"
လူတယောက် ပျံသန်းလာကာ အနီးမှ ဓားပြတယောက်အား ကန်ချသည့်အတွက် လွင့်ထွက်ကာ မြေပြင်သို့ ကျဆင်းသွားသည်။
ဓားပြများက ထိတ်လန့်တကြား ဖြစ်ကာ သတိကပ်သွားကြ၏ ။ ပိုင်ချူးရန်ကလည်း ရောက်လာသူအား တချက်ကြည့်လိုက်သေးသည်။