မိတ်ဆွေသစ်အား ဝိုင်ဖြင့် ဧည့်ခံခြင်း
Vol. 1 Ch. 9
ရောက်လာသူမှာ အသက်ဆယ့်ငါးနှစ်အရွယ် ဆယ်ကျော်သက် တဦးဖြစ်ပြီး နူးညံသည့် အသားအရည်နှင့် နက်မှောင်သည့် ဆံပင်များရှိနေကာ ချောမောသူ တယောက်ဖြစ်သည်။ နဖူး၌ အဖြူရောင် အစည်းတခုရှိကာ တိမ်ပုံသဏ္ဍာန် ပါရှိသည့် ဝတ်စုံအား ဝတ်ဆင်ထားပြီး ဓားရှည်တလက် ကိုင်ဆောင်ထား၏ ။ အသွင်အပြင်အရ မျိုးရိုးမြင့် မိသားစု တခုမှ ဖြစ်ပုံရသည်။
လူငယ်လေးက ပိုင်ချူးရန် ရှေ့သို့ ရောက်လာကာ ဓားပြများအား ဆူပူကြိမ်းမောင်းတော့သည်။
"နေ့ခင်းကိုတောင် လမ်းပေါ် လုယက်ရဲနေတယ်… ရှန်ရွှမ် ဉပဒေတွေကို မလေးစားတော့တာလား…"
"ဉပဒေလား…"
ဓားပြများက တဦးကိုတဦး ကြည့်ကာ ရယ်မိကြသည်။
"ဘာစောက် ဉပဒေတွေလဲ… ဘယ်သူမှ ဂရုမစိုက်ဘူး ဗိုက်ပြည့်ဖို့ပဲ အဓိကကျတာ… ညီအစ်ကို တက်ကြမယ်… ဒါက ငွေထုပ်တွေ မဟုတ်လား…"
"ခေါင်းဆောင် နောက်ကျ နည်းနည်းတော့ ညှာဦးလေ…"
အဖွဲ့ဝင် တယောက်က လျှာသပ်နေလေသည်။
"ငါတို့တွေ လိင်စိတ်ဆန္ဒ အာသာမပြေတာ ရက်တော်တော်ကြာပြီ ဒီကောင်လေးက ချောတယ်ဆိုတော့… အကြံရပြီ…"
"သွားသေစမ်း…"
ဓားပြခေါင်းဆောင်က ထိုသူအား ဆောင့်ကန်လိုက်၏ ။
"မင်းက ယောက်ျားချင်း လုပ်မလို့လား… ပိုက်ဆံရပြီးရင် မြို့ထဲက ပြည့်တန်ဆာအိမ် သွားတာပိုမကောင်းဘူးလား…"
"ဒါပေမယ့် ငါတို့က ဖမ်းဝရမ်း ထုတ်ခံထားရတာ…"
အဖွဲ့ဝင်တယောက်က ပြောလာသည်။
"လမ်းပေါ်မှာ စစ်သည် တယောက်တောင် မရှိဘူး ဒါပေမယ့် မြို့ထဲက မတူဘူး… အထဲဝင်တာနဲ့ သေမှာ…"
ခေါင်းဆောင်ဖြစ်သူက ခဏကြာ စဉ်းစားကာ ပိုင်ချူးရန်အား စိုက်ကြည့်၍ စကားဆိုလာသည်။
"ကောင်းပြီလေ… ဒီဆံပင်ဖြူနဲ့ ကောင်လေးက တော်တော်လှတယ်… နှစ်ယောက်စလုံးကို ဖမ်းတာပေါ့…"
ထိုစကားများကြောင့် ဓားကိုင်ထားသည့် ကောင်ငယ်လေးက ဒေါသဖြစ်နေတော့သည်။ ပိုင်ချူးရန်က ရယ်နေသော်လည်း မျက်ဝန်း၌ သတ်ဖြတ်လိုစိတ် အနည်းငယ် ပေါ်နေသည်။
နှစ်သုံးထောင်ကြာ ကျင့်ကြံခြင်းကြောင့် စိတ်အေးချမ်းမှု ရလာသော်လည်း ဒေါသများ ချုပ်ငြိမ်းသည်ဟု မဆိုနိုင်ပေ။
"အရှက် မရှိကြဘူးကိုး…"
သို့ရာတွင် လူငယ်ဘေးက စိတ်လှုပ်ရှားနေပုံရသည်။ ဓားပြများ စတင်လှုပ်ရှားသည်နှင့်တပြိုင်နက် ဓားထုတ်ကာ စတင် တိုက်ခိုက်တော့သည်။
ခန္ဓာကိုယ်မှ ချီအနည်းငယ် ထွက်လာကာ ဓားသွားတွင်လည်း ရွှေရောင် လင်းလက်သွားသည်။ ထို့နောက်တွင် အကြုံပြုသည့် ဓားပြအား ရွှေရောင်ဓားအလင်းဖြင့် ခေါင်းဖြတ်လိုက်သည်။
…အို တာအို ရောင်ရင်းက ချီသန့်စင်ခြင်း အဆင့်ပါလား…
ပိုင်ချူးရန်က တွေးနေမိသည်။
ချီသန့်စင်ခြင်း အဆင့်မှာ ကျင့်ကြံမှု လမ်းစဉ်အစဟု သတ်မှတ်ထားသော်လည်း သေမျိုးလောက၌ ထိုအဆင့် မရှိဟု မဆိုလိုပေ။ မိသားစုကြီးများ၊ တော်ဝင် မိသားစုနှင့် ကိုယ်ခံပညာ ကျောင်းများ၌ ထိုအဆင့်သို့ တက်လှမ်းနိုင်သူများ ရှိနေသည်။
ထိုအဆင့်၌ ခန္ဓာကိုယ်မှ ချီထုတ်ယူကာ ရန်သူအား တိုက်ခိုက်ခြင်း သို့မဟုတ် နှောင်းပိုင်း ပေါင်းစပ်ခြင်း အဆင့်ထက် ဆယ်ဆမက အားသာသည့် အလွှာတခုကို ခန္ဓာကိုယ်၌ ဖွဲ့စည်းခြင်းတို့ ပြုလုပ်နိုင်ကြသည်။
ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ ချီသန့်စင်ခြင်းအဆင့်၏ စွမ်းအားသာ ဖြစ်သည်။ ချီဖြင့် တောင်နှင့် ပင်လယ်များပင် ဖျက်ဆီးနိုင်သည့် ပိုင်ချူးရန်မှာ မတူကွဲပြား ခြားနားသည့် မွန်းစတားသာ ဖြစ်၏ ။
ခေါင်းပြတ်သွားသည့်အတွက် လည်ပင်းမှ သွေးများ ပန်းထွက်လာကာ ခန္ဓာကိုယ်မှာ မြေပြင်သို့ လဲကျသွားတော့သည်။ ရွှေရောင်ဓားအား မြင်ရချိန်၌ ဓားပြများမှာ မျက်နှာပျက်သွားကြသည်။
"ချီ… ဒါက ဆရာသခင်အဆင့် ကာယကိုယ် အတတ်ပဲ…'
ခေါင်းဆောင်ဖြစ်သူက အော်ဟစ်ကာ တောအတွင်းသို့ ဝင်ပြေးသည်။
"ပြေးကြ…"
ကျန်နေသူများကလည်း လက်နက်များ ပစ်ချကာ နီးစပ်ရာသို့ ပြေးကြသည်။ လူငယ်လေးက ပြေးနေသူများအား ရပ်၍သာ စိုက်ကြည့်နေသည်။ သို့သော်လည်း ထိုသူများနောက်လိုက်မည့်ပုံ မပေါ်ပေ။
လူငယ်လေးက ထိုသူများအား ရှင်းပစ်ရန် ကြံရွယ်မထားသော်လည်း ပိုင်ချူးရန်က ရှင်းပစ်ရန် တွေးထားသည်။
ခဏကြာပြီးချိန်၌ မြင်နေရသည့် မြင်ကွင်းကြောင့် လူငယ်လေးပင် အံ့အားသင့်သွားရ၏ ။ အဖြူရောင် အလင်းတန်းက တောအတွင်း၌ ပြန့်နှံ့သွားကာ သစ်ပင်များ၌ပင်ဓားရာများ ကျန်နေသည်။
ထို့နောက်တွင် ပင်စည် မည်မျှ ကြီးမားစေကာမူ သစ်ပင်များက ဓားရာ၌ နှစ်ခြမ်းကွဲကာ မြေသို့ သက်ဆင်းသွားရသည်။
ထိုသစ်ပင်များကဲ့သို့ပင် ထွက်ပြေးကြသည့် ဓားပြများသည်လည်း ခါး၌ ဓားရာများ ရှိနေကာ ကိုယ်နှစ်ပိုင်း ပြတ်သွားကြတော့သည်။