မိတ်ဆွေသစ်အား ဝိုင်ဖြင့် ဧည့်ခံခြင်း(၁)
Vol. 1 Ch. 10
ဓားပြအဖွဲ့ဝင်များ ထွက်သက်တိုင်ပြီးချိန်၌ ပိုင်ချူးရန်က ဓားအား ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
"ညီအစ်ကို ကူညီပေးလို့ ကျေးဇူးပါ… နာမည် ဘယ်လိုလဲမသိဘူး…"
လူငယ်လေးက ပိုင်ချူးရန်၏ အမေးကို မဖြေဘဲ မျက်မှောင်ကြုံ့သွားကာ မေးခွန်းထုတ်ပြန်သည်။
"သူတို့ အကုန် ထွက်ပြေးပြီပဲ… သတ်ဖို့ လိုလို့လား… ခွင့်လွှတ်ပေးလိုက်ရင် ရတာပဲလေ…"
"အခုတော့ ကြည့်ပါဦး သူတို့တွေ ခွင့်လွှတ်တယ်ဆိုတာကို နားလည်တော့မလား…"
ပိုင်ချူးရန်က ပြုံးကာ ခေါင်းခါလိုက်သည်။
"ငါတို့ သူတို့ကို လွှတ်ပေးရင် နောက်နေ့နဲ့ နောက်နေ့တွေမှာ ဒီနေ့ ကြောက်ရွံ့တာကို မေ့သွားမယ် ပြီးရင် လက်နက်ကိုင်ပြီး ငါတို့လောက် အားမကောင်းတဲ့သူကို ရန်ပြုနေဦးမှာပဲ… ဘာဆက်ဖြစ်မယ်လို့ ထင်လဲ… ရှင်းပစ်တာကပဲ အပြစ်မဲ့တဲ့ အသက်တွေကို ကယ်နိုင်တာ…"
လူငယ်လေးက နှုတ်ဆိတ်သွားလေသည်။
ထိုအချိန်၌ ပိုင်ချူးရန်က စကားဆက်ပြန်သည်။
"ညီအစ်ကို နာမည် မပြောရသေးဘူး…"
"နာမည်သိဖို့ မလိုပါဘူး…"
လူငယ်လေးက ဓားအား လွယ်ကာ ပြန်ဖြေလာသည်။
"တိုက်ဆိုင်လို့ တွေ့ကြပြီးတော့ မတရားတာကြောင့် ကူညီတာ… နှုတ်ဆက်ပါတယ်…"
"မဟုတ်ဘူးလေ ရေစက်ပါလို့ တွေ့ကြတာပေါ့…"
ပိုင်ချူးရန်က ပြုံးကာ ပြောပြန်သည်။
"ငါ့ကို ကူညီတာဆိုတော့ တခွက်လောက်တော့ ပြန်ဧည့်ခံရမယ်လေ…"
"မင့် အင်အားနဲ့ ငါအကူအညီ မလိုပါဘူးလေ… ငါ့အပေါ် ကျေးဇူးကြွေးလည်း မရှိဘူး…"
လူငယ်လေးက ဖိတ်ကြားမှုအား ငြင်းပယ်သည်။
"ငါ့ကို ဝိုင်သောက်ဖို့ ဖိတ်မယ်ဆိုရင်တော့ ရှက်မိမှာ…"
"မဟုတ်သေးဘူး ငါ့အတွက် အင်အားက အရေးမပါဘူး… တကယ် အရေးကြီးတာက မတရားမှုမှာ ရှေ့ထွက်လာတဲ့ မင်းရဲ့ သတ္တိနဲ့ သူရဲကောင်းစိတ်တွေပဲ…"
ပိုင်ချူးရန်က စကားဆက်နေသေးသည်။
"ငါက မင်းကို လေးစားတာတောင် မင်းက နာမည်မပြောချင်ဘူး စိတ်ပျက်စရာပါပဲ…"
လူငယ်လေးက ခဏတာ တွန့်ဆုတ်သွား၏ ။ ခဏကြာပြီးချိန်၌ အံကြိတ်ကာ စကားဆိုလာသည်။
"ငါ့နညာမည်က တန်ဝေ…"
"ညီအစ်ကို တန်…"
ပိုင်ချူးရန်က ကြောက်လန့်ကာ ဘေးသို့ပြေးသွားသည့် မြင်းအား ပြန်လည်ထိန်းကျောင်းလိုက်ကာ…
"ညီအစ်ကိုတန် ဒီနေရာမှာ စားသောက်ဆိုင် ရှိမလား… ဒီနေ့ ခံစားချက်ကောင်းနေတာ… တခွက်လောက် သောက်ကြတာပေါ့…"
နှစ်နာရီခန့် ကြာပြီးချိန်တွင် စားသောက်ဆိုင် တခု၌ ပိုင်ချူးရန်က တန်ဝေဖြင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
စားပွဲထက်၌ ဝိုင်ပုလင်း၊ အမဲသားနှင့် ဟင်းခွက် နှစ်ခုကို မြင်နေရသည်။
"ညီအစ်ကိုတန် တခွက်လောက်သောက်ဦး…"
ပိုင်ချူးရန်က ဝိုင်ခွက်မြောက်၍ ဖော်ရွေစွာဖြင့် ပြောသည်။
"ဘယ်လို…"
တန်ဝေက ငြင်းပယ်ရန် ခက်သည့်အတွက် ဝိုင်ခွက်ကိုက်ကာ တငုံမော့လိုက်၏ ။
ဝိုင်များကြောင့် လည်ချောင်းတလျှောက် ပူလောင် ပြင်းရှသွားသော တန်ဝေကာ မျက်မှောင်ကြုံ့မိသွားတော့သည်။ ထို့နောက်တွင် ခေါင်းငုံ့ကာ မျက်နှာကွယ်ရာအနေအထား၌ လျှာထုတ်မိလိုက်သည်။
"ညီအစ်ကိုတန် ဒါက ပထမဆုံး အပြင်ထွက်တာလား…"
တန်ဝေ၏ သဘာဝမကျသည့် အမူအရာများကြောင့် ပိုင်ချူးရန်က မေးခွန်းထုတ်မိသည်။
"အများကြီး သောက်ဖို့ မလိုပါဘူး… ဝိုင်သောက်ရင် အရေးအကြီးဆုံးက ခံစားချက်ပဲ… အရက်မူးတာက အမှားတခုတင်မကဘူး ခန္ဓာကိုယ်အတွက်လည်း မကောင်းဘူးလေ…"
"ဒီစကားက တခြားသူတွေကို အတင်းအကြပ် ဝိုင်သောက်ခိုင်းတဲ့သူ ပြောမယ့် စကားတော့ မဟုတ်ပါလား…"
တန်ဝေက သက်ပြင်းချကာ ဝိုင်ခွက်အား အောက်ချလိုက်သည်။
"တောင်းပန်ပါတယ် ဝိုင်သောက်တာက ငါ့ရဲ့ ဝါသနာပါ… တကယ်က ညီအစ်ကိုတန်နဲ့လည်း မိတ်ဆွေ ဖြစ်ချင်ပါတယ်…"
ပိုင်ချူးရန်က ပြုံးကာ ပြောလိုက်သည်။
"ကိုယ့်ကို စိတ်ဝင်စားပြီး ဝိုင်သောက်ဖို့ ကမ်းလှမ်းတဲ့သူတယောက် ရှိနေတာ ကောင်းတယ်လို့ မထင်ဘူးလား…"
"ဒါကတော့ အချိန်နဲ့ အနေအထားပေါ် မူတည်တယ်လေ…'
တန်ဝေက ပင့်သက်ရှိုက်ကာ ပြောလာသည်။
"ငါက သွားစရာရှိလို့ သွားနေတာ…"
"အတူတူပါပဲ…"
ပိုင်ချူးရန်က ပြောပြန်သည်။
"ဒါပေမယ့် နှစ်တထောင်… ဟုတ်တာပေါ့ အချိန်တခုကြာတော့ ငါနားလည်မိလာတယ်… ဘဝခရီးလမ်းမှာ သောကဖြစ်ဖို့ လိုမနေဘူး ခရီးမှာ ရှိတာတွေကို နှစ်သက်ရဦးမှာပေါ့ ဒါကမှ ဘဝရဲ့ အနှစ်သာရဖြစ်မှာ… အရင်က တခုတည်းကို အာရုံစိုက်မိလို့ လွဲချော်သွားတာတွေ များဖူးတယ်… အဲ့တာကြောင့်မို့ အခုဆို သေရေးရှင်ရေးမှာတောင် မလောတော့ဘူး…'
ပိုင်ချူးရန်က စိတ်ထဲ၌ စကားတခု ထပ်တိုးလိုက်သေး၏ ။
…ဝိညာဉ်နှုတ်သူတောင့် ငါ့ကို မနိုင်ဘူး…
တန်ဝေက ရေရွတ်လာသေးသည်။
"အလျင်လိုတာလား… ကျွန်တော်ထင်တာတော့ ခင်ဗျားက တော်တော် သက်တောင့်သက်သာဖြစ်နေတာများလား…"
"ဒါနဲ့ မင်းက အလျင်လိုနေတာဆို… ဘယ်သွားနေတာများလဲ… ပြောပါဦး…"
"ဒီတခေါက် ငါက ဆေးပင်ရှာဖို့ ရောက်လာတာ… ကိုယ်တိုင်အတွက် သုံးဖို့ပေါ့…"