မန်တောင်တန်းဆီသို့
Vol. 2 Ch. 11
ပိုင်ချူးရန်က အမဲသားအား တူဖြင့်ကောက်ယူကာ စကားဆိုပြန်သည်။
"နေရာပြောရရင် ရှန်ရွှမ်နိုင်ငံရဲ့ မန်တောင်တန်းအလယ်ပဲ… ဟုတ်သား အဲ့နေရာရဲ့ နာမည်ကိုတော့ မသိသေးဘူး…"
"မန်တောင်တန်းကို သွားမှာလား…"
ပိုင်ချူးရန်၏ စကားကြောင့် တန်ဆဝက မျှော်လင့်မထားသည့် အမူအရာဖြင့် ပြောလာသည်။
"တခုခု လွဲနေတာလား…"
ပိုင်ချူးရန်က မေးခွန်းထုတ်မိသည်။
"မဟုတ်ပါဘူး အခုတလော အဲ့တောင်တန်းမှာ လူသားစားတဲ့ နတ်ဆိုးတွေရှိနေတယ်… အဲ့နေရာတဝိုက်က လူတော်တော်များများကို စားလိုက်ပြီ ပညာရှင်တွေတောင် အသတ်ခံရပြီး ဒဏ်ရာရသွားကြတာများတယ်…"
တန်ဝေက စကားခဏရပ်သွားကာ…
"တကယ်တော့ ကျွန်တော်လည်း အဲ့နေရာကို သွားနေတာ…"
"တိုက်ဆိုင်တာပေါ့…'
ပိုင်ချူးရန်က ရယ်လိုက်ကာ စကားစပြန်သည်။
"ဒါပေမယ့် ကုပြည်နယ်မှာ ချီမင်ဓားဂိုဏ်းရှိတယ် ကြားတာပဲ… နတ်ဆိုးတွေ ပေါ်လာရင် သူတို့ဆီ အကူအညီမတောင်းဘူးလား… သူတို့ကတော့ လိုလိုလားလားကို ကူညီမှာပါလေ… "
"ချီမင်ဓားဂိုဏ်း အဟမ်း…"
ထိုစကားကြောင့် တန်ဝေက အေးစက်စွာ ချောင်းဟန့်လိုက်သည်။
"သူတို့ လုပ်ကြမှာပေါ့ အဲ့တာက ကုသိုလ်တရား ရအောင်ပါပဲ ကျင့်ကြံသူတွေ မကျွမ်းကျင်တာပေါ့…"
"ညီအစ်ကိုတန်က ချီမင်ဓားဂိုဏ်းအပေါ် အမြင်တွေများလှချည်လား…"
ပိုင်ချူးရန်က မှတ်ချက်ပေးမိသည်။
"အဲ့ကျင့်ကြံသူတွေက ကုပြည်နယ် တိုင်းပြည်တွေရဲ့ လူငယ်တွေကို နှစ်တိုင်း စုဆောင်းတယ်… ပြောတာကတော့ လောကကို ကာကွယ်ဖို့နဲ့ အမှန်တရားအတွက် ဒါပေမယ့် ရှန်ရွှမ်နိုင်ငံရဲ့ လူတွေ အခြေအနေဆိုးဝါးနေတော့ သူတို့ ဘယ်ရောက်နေကြလဲ…"
တန်ဝေက ဒေါသတကြီး ပြောနေသည်။
"ချီမင်ဓားဂိုဏ်း လည်ပတ်နေတဲ့ စနစ်ကိုက သေမျိုးလောကရဲ့ ပြဿနာထဲ မဝင်ဖို့ပဲလေ… လမ်းတလျှောက်လည်း သတင်းတွေကြားသေးတယ်… ရှန်ရွှမ်နိုင်ငံရဲ့ အခြေအနေက အရာရှိတွေကြောင့် ဖြစ်တာဆို… အဲ့တာကြောင့် ချီမင်ဓားဂိုဏ်း မလှုပ်ရှားတာ သဘာဝကျပါတယ်…"
ပိုင်ချူးရန်က မှတ်ချက်ပေးလိုက်သည်။
"ဒါပေမယ့် တယောက်ယောက်သာ တောင်ပေါ်တက်ပြီး ကာကွယ်ပေးဖို့ ပြောမယ်ဆို သူတို့ သဘောတူကြမှာပါ…"
"သေမျိုးလောကရဲ့ ပြဿနာထဲ ဝင်မပါဘူးတဲ့လား…"
တန်ဝေက သရော်ပြုံးပြုံးလိုက်၏ ။
"ခင်ဗျားသိရဲ့လား… ရှန်ရွှမ်နိုင်ငံရဲ့ လက်ရှိ စိတ်ဝိညာဉ် အကြံပေးက ချီမင်ဓားဂိုဏ်းကပဲ… သူက ဧကရာဇ်နဲ့ မင်းသားတွေကို မသေမျိုး အင်မော်တယ်အကြောင်း ပြောပြီးတော့ ပြည်သူတွေအသက်ကို ဂရုမစိုက်ဖို့ လုပ်တာပေါ့…"
"ဒီလိုတွေလား…"
ပိုင်ချူးရန်က မျက်မှောင်ကြုံ့မိသွားသည်။
သူ့အနေဖြင့် ရှန်ရွှမ်နိုင်ငံ၏ ပြဿနာသို့ ပါဝင်ပက်သက်ခြင်း မပြုလိုပေ။ သို့ရာတွင် ချီမင်ဓားဂိုဏ်း ပါဝင်နေသည်ဖြစ်ရာ ဘိုးဘေးတဦး အနေဖြင့် မျက်ကွယ်ပြု လျစ်လျူရှုခြင်း ပြုလုပ်ရန် မဖြစ်နိုင်ချေ။
ချီမင်ဓားဂိုဏ်းမှ တပည့် သို့မဟုတ် ဂိုဏ်းအမည် ယူသုံးသည့် လူလိမ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ကာ ဆရာဖြစ်သူ တည်ထောင်ထားသည့်ဂိုဏ်း နာမည်မပျက်ရေးအတွက် ကြိုးပမ်းရပေလိမ့်မည်။
ပိုင်ချူးရန်က ဆေးမြစ် စုဆောင်းပြီးပါက ရှန်ရွှမ်နိုင်ငံ၏ မြို့တော်သို့ သွားရန် ဆုံးဖြတ်ချက်ချလိုက်၏ ။ သို့ဖြစ်ရာ လက်ရှိအကြောင်းအရာအား စကားလမ်းကြောင်းလွှဲပစ်သည်။
"ညီအစ်ကိုတန်လည်း မန်တောင်တန်းကို သွားမယ်ဆိုတော့ တခုပြောဦးမယ်… ဒီခရီးမှာ အတူတူသွားကြတာပေါ့ အဲ့တာဆို တယောက်နဲ့တယောက် ဂရုစိုက်လို့ရတယ်လေ… ဘယ်လိုထင်လဲ…"
ရှန်ရွှမ်းနိုင်ငံ၏ လမ်းမထက်၌ လူနှစ်ဦး ဘေးချင်းယှဉ် သွားနေသည်။
လူနှစ်ယောက်တွင် ရှေ့မှ ဦးဆောင်နေသူမှာ ကျွမ်းကျင်သည့် ကား ဖြစ်ပုံမရသော်လည်း မြင်းစီးလေ့ကျင့်မှု ကောင်းစွာ ရရှိထား၍ ကျွမ်းကျင်စွာ စီးနင်းနိုင်နေသည်။
နောက်တွင် ကျန်နေသူမှာ ပုံစံမကျနေပေ။ ထိုသူမှာ မြင်းထက်၌ မသက်မသာ ဖြစ်ပုံပေါ်နေသည်။ မြင်းကြိုးအား မည်သို့ ကိုင်တွယ်ရမည်ကို မသိနေခြင်းကြောင့် အရှိန်တင်ရမည့်အစား ဖြေးဖြေးချင်းသာ သွားစေနိုင်သည်။ သို့ဖြစ်ရာ မြင်းစီးခြင်း၌ စတင်သင်ယူသူအဆင့် ဖြစ်သည်က မြင်သာလွန်းလှသည်။
"ညီအစ်ကိုတန်…"
ပိုင်ချူးရန်က အနောက်မှ အသံပေးသည်။
"စောင့်ဦးလေ…"