ချီသန့်စင်ခြင်း အဆင့်မှာ ကျင့်ကြံသူ မမည်သည်လော
Vol. 2 Ch. 16
တန်ဝေ၏ စကားအဆုံး၌ ဇွန်ဘီမိခင်၏ ကိုယ်တွင်ဖောင်းကားလာသည်ကို မြင်နေရသည်။ ထို့နောက်တွင် ဝမ်းဗိုက်၌ လူတယောက် သဏ္ဍာန် ဖောင်းကားလာကာ ပါးစပ်မှ ပုံမှန် လူအရွယ်အစားရှိသူ တဦးအန်ထွက်လာသည်။
ထို့နောက်တွင် မွေးဖွားလာသည့် ဇွန်ဘီက ဇွန်ဘီ နတ်ဆိုးဖြစ်ကာ ချူးရန်တို့ နှစ်ဦးရှိရာသို့ ပြေးလာသည်။
"အာ ဒီလိုဟာတွေ…"
ပိုင်ချူးရန်က စိတ်မသက်သာဖြစ်ကာ မျက်မှောင်ကြုံ့လိုက်သည်။
"ငါတော့ မထိချင်ဘူး…"
သို့ရာတွင် ဇွန်ဘီက ထိုစကားအား နာခံနေမည် မဟုတ်ပေ။ သာမန်လူသားများ၏ အမြန်နှုန်းအလား အလျင်အမြန် ပြေးလာသည်။
ပိုင်ချူးရန်က လက်ဝါးဆန့်လိုက်ရာ ကြီးမားသည့် လက်ဝါးသဏ္ဍာန် ပေါ်လာပြီး ဇွန်ဘီ နတ်ဆိုးအား အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။ သို့သော်လည်း ထိုခဏ၌ ဇွန်ဘီမိခင်မှာ ဇွန်ဘီနတ်ဆိုးအသစ်အား အန်ထုတ်ပြန်သည်။
"ဒီလိုပဲ ဖြစ်နေမှာလား…"
တန်ဝေက နှာခေါင်းအုပ်ကာ ရေရွတ်နေမိသည်။
"ပြောလို့တော့ ရတယ် ဇွန်ဘီမိခင်တွေက သူတို့ဘာသာ ကာကွယ်ဖို့ အလောင်းအကုန်လုံးကို ဇွန်ဘီအဖြစ် ပြောင်းနိုင်တယ် … အရိုးပဲကျန်တဲ့ အလောင်းကတော့ ချွင်းချက်ပေါ့…"
ပိုင်ချူးရန်က ရှင်းပြနေသည်။
"နောက်တော့ကော…"
တန်ဝေက မေးပြန်သည်။
"ဒီလိုသာ ဆက်ဖြစ်နေရင် ချီလောက်ပါ့မလား…"
"ဒါက အရေးမကြီးဘူး ဇွန်ဘီနတ်ဆိုးနဲ့ ဇွန်ဘီမိခင်ပါ ရှင်းပစ်ကြတာပေါ့…"
ဒုတိယမြောက် ဇွန်ဘီနတ်ဆိုး ပြေးလာသည်ကို မြင်ရချိန်၌ ပိုင်ချူးရန်က နောက်တကြိမ် လက်မြောက်ပြန်သည်။ သို့ရာတွင် လက်ဝါးချက် ထုတ်မသုံးတော့ဘဲ လက်နှစ်ချောင်းသာ မြှောက်လိုက်ေတာ့၏ ။
"မိုးကြိုးစည်းတံဆိပ်…"
"ဝုန်း…"
လက်ချောင်းထိပ်မှ နဂါးသဏ္ဍာန် မိုးကြိုးပေါ်လာ၏ ။ ထို့နောက်တွင် ကျယ်လောင်သည့် အသံကြီးနှင့်အတူ ဇွန်ဘီများ ခုခံမှု မပြုနိုင်ဘဲ ပြာဖြစ်သွားရသည်။ သို့ရာတွင် မိုးကြိုးများ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး ဇွန်ဘီမိခင်ကိုပင် ထိခတ်သွားသေးသည်။
မိုးကြိုး၌ ပါဝင်နေသည့် အလင်းနှင့် အပူချိန်တို့ကြောင့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားနေသည်။ ပေါက်ကွဲမှုများကြောင့် မီးလျံများ စတင်လာကာ အလောင်းကောင်များနှင့်အတူ ဇွန်ဘီမိခင်ကိုပင် လွှမ်းခြုံသွားတော့သည်။
မီးလျှံကြား၌ ဇွန်ဘီမိခင်က တွန်လိမ့်ကာ အောဂလီဆန်လောက်သည့် ဟစ်ကြွေးသံများ ပြုလုပ်ပြီး ပြာအဖြစ် ပြောင်းသွားရသည်။
"အဆင်ပြေသွားပြီလား…"
တန်ဝေက မေးမြန်းလာသည်။
"ရပြီ… ဇွန်ဘီမိခင် ပျက်စီးပြီဆိုတော့ အခုတလော ဇွန်ဘီနတ်ဆိုး ပေါ်လာမှာ မဟုတ်တော့ဘူး…"
ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်သည်။
"ဂူအပြင်ဘက်က မြေကြီးထဲမှာ တံခါးစောင့်တဲ့ ဇွန်ဘီ နတ်ဆိုး နှစ်ကောင် ရှိသေးတယ်… အပြင်ရောက်မှ ဖြေရှင်းရတာပေါ့…"
"ကျေးဇူးပဲ ပိုင်ချူးရန်ရေ…"
တန်ဝေက စိတ်အေးသွားတော့သည်။
"မင်းသာ ရောက်မလာရင် ငါတော့ သေရလောက်မှာ…"
"ရပါတယ်…"
ပိုင်ချူးရန်က ပြုံးလိုက်ကာ…
"ပမွှားလေးပါပဲ…"
"ဒါပေမယ့် မင်းက ကျင့်ကြံမှု မမြင့်ဘူး မဟုတ်လား… ဇွန်ဘီမိခင်က ဆရာသခင် အဆင့်ထက်ကို ပိုတယ် ဒါတောင် မင်းက သူကော သူ့ရဲ့ ဇွန်ဘီနတ်ဆိုးကိုပါ သတ်နိုင်တယ်… နောက်ပြီး ဒီနတ်ဆိုးအကြောင်း မှတ်တမ်း မရှိထားဘူး မင်း ဘယ်လိုသိထားတာလဲ…"
တန်ဝေက နောက်တကြိမ် ထပ်မေးပြန်သည်။
"ပိုင်ချူးရန် မင်းဘယ်သူလဲ ဘယ်ကလာတာလဲ…"
"ငါက ချီမင်ဓားဂိုဏ်းက ကျင့်ကြံသူလို့ ပြောရင်ကော…"
ပိုင်ချူးရန်က ပြုံးကာ ပြောနေခြင်းတည်း။
တန်ဝေက ခဏတာ စိုက်ကြည့်ကာ ရုတ်တရက်ရယ်၍ ပြောလိုက်သည်။
"ဟာသ မလုပ်နဲ့လေ… ဘယ်သူဖြစ်ဖြစ်ပါ မင်းက ချီသန့်စင်ခြင်းအဆင့်ပဲ… မင်းမှာက အခြေတည်အဆင့်ရဲ့ အမြုတေ မရှိနေဘူး… ချီသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူလို့ ခေါ်လို့ မရသေးတာကို မင်းက ဘယ်လိုလုပ် ချီမင်ဓားဂိုဏ်းက ဖြစ်မလဲ…"
ပိုင်ချူးရန်က မျက်နှာပျက်သွား၏ ။ သို့ရာတွင် ဟာသလုပ်နေသည့် တန်ဝေက ထိုမျက်နှာထားအား သတိမပြုမိလိုက်ပေ။
ခဏကြာပြီးချိန်၌ ချူးရန်က သက်ပြင်းချလိုက်တော့သည်။
"ထားပါတော့ မင်းထင်သလိုပါပဲ… နောက်မကျသေးဘူး အရင်အပြင်ထွက်ကြတာပေါ့… ဒီဇွန်ဘီတွင်းထဲ မနေချင်တော့ဘူး…"
……
ဂူအပြင်ရောက်ချိန်၌ နေအလင်းရောင်ဖြင့် ထိတွေ့လိုက်ရသည့်အတွက် တန်ဝေမှာ ပြန်လည်မွေးဖွားသည့်အလား ခံစားမိနေသည်။
ဇွန်ဘီမိခင်အား ရှင်းထုတ်ပြီး ဖြစ်သည့်အတွက် ထိုသို့ ခံစားနေရခြင်းပင်လော။ ဂူ၏ရှေ့မှ သေဆုံးနေသည့် သစ်တောပင် အနည်းငယ်တောက်ပနေသည်ဟု ခံစားမိနေသည်။ မှုန်မှိုင်းနေဆဲ ဖြစ်သော်လည်း လူအများအား ခံစားချက် ဆိုးဝါးစေသည့် လေထု မရှိတော့ပေ။
သန့်ရှင်း လက်ဆတ်သည့် လေထုအား ရှူရှိုက်ပြီးချိန်၌ တန်ဝေက မပြီးပြတ်သေးသည့် ကိစ္စအား သတိရမိသည်။
"ပိုင်ချူးရန် ဇွန်ဘီ နတ်ဆိုး နှစ်ကောင်ကော…"
"သစ်တော အရှေ့ဘက်မှာ…"
ပိုင်ချူးရန်က လက်ညှိုးညွှန်ပြ၏ ။
"ဘယ်လိုတောင်…"
"ဘာဖြစ်တာလဲ…"
ချူးရန်၏ မျက်နှာအမူအရာကြောင့် တန်ဝေက အလျင်အမြန်မေးလာသည်။
"တယောက်ယောက်က ဇွန်ဘီနတ်ဆိုး နှစ်ကောင်နဲ့ တိုက်ခိုက်နေတယ်…"
ပိုင်ချူးရန်က စိတ်ဝင်တစားဖြင့် ရှင်းပြသည်။
"ကျင့်ကြံသူ တယောက်ဖြစ်ပုံပဲ အနိုင်ရတော့မှာ သေချာတယ်…"
"ဟမ်… ကျင့်ကြံသူလား…"
တန်ကော သံသယဝင်သွားကာ သတိကပ်လိုက်သည်။
"ဘယ်မှာလဲ…"
"လာလိုက်ခဲ့…"
ပိုင်ချူးရန်က တန်ဝေ၏ လက်မောင်းအား ကိုင်ဆောင်ကာ ခြေလှမ်းလိုက်သည်။ ထိုခဏ၌ တန်ဝေက အလင်းတန်းဝန်းရံသွားသည်ကို ခံစားလိုက်ရ၏ ။ ထို့နောက်တွင် နှစ်ဦးသားက တောနက်ထဲသို့ ရောက်သွားသည်။
ထိုခဏ၌ ပိုင်ချူးရန်၏ ညွှန်ပြမှုပင် မလိုတော့ဘဲ တန်ဝေက တိုက်ပွဲသံကို ကြားလိုက်ရသည်။ သစ်ပင်များအား ထိမိသံနှင့် လူငယ်တယောက်၏ အသံများကို ကြားနေရသည်။ အသံများ ရောထွေးနေကြ၏ ။