ငယ်ရွယ်ကာ အပြစ်ကင်းစင်ကြောင်း ဟန်ဆောင်ခြင်းမှာ လူအိုကြီး၏ စွမ်းရည်ပင်
Vol. 2 Ch. 20
အခြေအနေမှာ ထူးဆန်းလွန်းလှသည်။
လက်ရှိ အခြေအနေအရ ရှန်ရွှမ်နိုင်ငံ၌ နတ်ဆိုးကျင့်ကြံသူများ ရှိနေသည်က အမှန်ပင် ဖြစ်သည်။ တန်ဝေ၏ ကျင့်ကြံသူများ အပေါ် သဘောထားနှင့် ရှန်ရွှမ် ဧကရာဇ်၏ ကောလဟလများအရ သဲလွန်စများမှာ ရှန်ရွှမ်နိုင်ငံ၏ စိတ်ဝိညာဉ် အကြံပေးထံသို့သာ ဦးတည်ညွှန်ပြနေသည်။
ထိုသူမှာ ချီမင်ဓားဂိုဏ်း၏ အမည်အား အလွဲသုံးစားပြုနေသူလည်း ဖြစ်သေးသည်။
ပိုင်ချူးရန်က စားသောက်ဆိုင်ကြီး တခုသို့ ဦးတည်နေကာ လမ်းတလျှောက်၌ အတွေးနယ်ချဲ့နေသည်။ ထို့နောက် ကောင်တာစားပွဲထက်၌ ငွေတုံးများ ချပေးကာ ထိုင်နေကြ စားပွဲတွင် ထိုင်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် မြို့တခုလုံး လွှမ်းခြုံကာ ဧည့်သည်များ၏ စကားဝိုင်းကိုလည်း သောတဆင်နေသည်။
သို့ရာတွင် အချိန်တခုကြာ ရှာဖွေစစ်ဆေးနေသော်လည်း ထူးခြားမှုဟူ၍ မတွေ့ရပေ။ ချူးရန်က နန်းတော်ကိုလည်း အာရုံစိုက်ထားသေးသည်။ သို့သော်လည်း ရှန်ရွှမ်ဧကရာဇ်၊ အိမ်ရှေ့စံ မင်းသား၊ စိတ်ဝိညာဉ် အကြံပေးနှင့် ထိုသူ၏ တပည့် စီမာဘိုတို့ထံမှ ထူးခြားမှုအား မြင်နေရခြင်း ရှိမနေချေ။
စိတ်ဝိညာဉ် အကြံပေးနှင့် စီမာဘိုတို့၏ ကိုယ်၌ ဘုန်းတော်ကြီးများတွင် တွေ့ရလေ့ရှိသော မှော်ချီအား မြင်မနေရဘဲ သာမန်ကျင့်ကြံသူ ကဲ့သို့သာ ဖြစ်နေသည်။
ထိုသို့ စူးစမ်းနေစဉ်၌ နန်းတော်အတွင်း ရှိနေသည့် တန်ရော်ဝေကိုလည်း တွေ့လိုက်ရသေးသည်။ သူမ၏ နန်းဆောင်မှာ မောင်းမဆောင်များ၌ ရှိနေသည်။ ချူးရန်က တန်ရော်ဝေမှာ မိန်းကလေးတဦးအသွင် ဖြစ်နေပြီး လှပချောမော နေသည်ကိုပါ သတိပြုနေမိသည်။ သူမအနေဖြင့် မှန်တချပ်ရှေ့တွင် ရှိနေပြီး ရှင်မှီးအင်္ကျီအတွင်းသို့ တခုခုအား ထိုးသိပ်ထည့်နေသည်။
ထိုအခြေအနေကြောင့် ပိုင်ချူးရန်က သူ၏ ငယ်ဘဝအား ပြန်သတိရမိသွား၏ ။ တာအိုသခင် ချီမင်ဖြင့် မဆုံတွေ့ခင်ကာလ၌ ချူးရန်က စစ်မြေပြင်၌ လှည့်လည်ကာ အဝတ်အစားနှင့် လက်နက်များအား ရောင်းချရန် စုဆောင်းသည်။
တခါတရံ၌ အလောင်းများထံမှ အစာခြောက်များပင် ရတတ်သေးသည်။ ထိုစဉ်က ချူးရန် သည်လည်း အဝတ်အစားအတွင်း၌ အစားအစာများ ထိုးသိပ်ထည့်ထားတတ်သည်။
သို့သော်လည်း တန်ရော်ဝေမှာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြုမူနေရသနည်း။
…ရှန်ရွှမ် တော်ဝင်မိသားစုက တကယ်ကြီး ဆင်းရဲတာများလား… ဒီလိုလည်း မထင်ရပါဘူး…
ပိုင်ချူးရန်က သူ၏ မှန်းဆမှုကြောင့် ရယ်မိသွားသည်။ ထို့နောက်တွင် စိတ်ဝိညာဉ်ဖြင့် အာရုံခံမှုအား ရုတ်သိမ်းကာ နန်းတော်သို့လည်း အာရုံစိုက်မထားတော့ပေ။
…ဒီအနေအထားနဲ့ တော်ဝင်နန်းတော်အကြောင်း သဲလွန်စ ရမှာ မဟုတ်ဘူး… အဲ့တာမို့ ငါနည်းလမ်း ရှာမှဖြစ်မယ်…
ထိုခဏ၌ ပိုင်ချူးရန်က ဆိုင်အောက်ထပ်မှ လူများ၏ စကားသံကို သတိပြုမိသွားသည်။
"ဝေ့ ကောင်းကင် အခမ်းအနားက စိတ်ရှုပ်စရာပဲ… အရင်တုန်းက တော်ဝင်နန်းတော်ရဲ့ အတွင်းရေး မဟုတ်လား… အခု ကျားမ အကုန် အခမ်းအနားတက်ရမယ်ဆိုတာက ဘာလို့ပါလိမ့်…"
"ဟမ်…"
ကျားမအကုန်နှင့် ကောင်းကောင် အခမ်းအနားဟူသည့် စကားများကြောင့် ချူးရန်က အသံလာရာသို့ စိတ်ဝိညာဉ် အာရုံ ဖြန့်ကျက်လိုက်သည်။
စကားဖွဲ့နေကြသူများမှာ သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်ဖြစ်၏ ။ အဝတ်အစားများအရ ရှန်ရွှမ်နိုင်ငံ၏ အလယ်အလတ် ရာထူးအဆင့် အရာရှိများ ဖြစ်ကြသည်။
"ဟုတ်တယ် မင်းကြီးနဲ့ ဆရာသခင် တွေးတာကို ငါတို့က ဘယ်လိုသိနိုင်မှာလဲ…"
သက်လတ်ပိုင်းအရွယ် လူတဦးက ပြောလာသည်။
"သူတို့က ကောင်လေး ကောင်မလေးတွေရဲ့ ကံကောင်းမှုကို ယူသုံးချင်တာများလား… သူတို့ကို ရပ်နေခိုင်းမှာလေ… နိုင်ငံ အခြေအနေကလည်း ကောင်းတာ မဟုတ်ဘူး…"
"အခုအခြေအနေက အဓိကပဲ… တခြားနေရာ မပြောနဲ့ မြို့တော်က အိမ်တွေတောင် ကလေးတွေကို အခမ်းအနား မတက်စေချင်ကြဘူး…"
တခြားသော အရာရှိတဦးက ဝင်ပြောပြန်သည်။
"ကလေးတွေ ထည့်ပေးဖို့ဆိုရင် ချောင်ကျတဲ့ နေရာသွားမှ ရမယ်ရမယ် အဲ့မှာလည်း ခက်ခဲတဲ့ မိသားစုကမှ ပိုက်ဆံရဖို့ ကလေးတွေ ငှားကြမှာ… ဒါလည်း စိတ်ရှုပ်စရာပဲ ဒါနဲ့ လမ်းပေါ်မှာ သွားလာနေတဲ့ မနဘမဲ့ ကလေးတွေ ရှိတယ် မဟုတ်လား… ယောက်ျားလေး မိန်းကလေးရွေးနေစရာ မလိုဘူး အဆင်ပြေတယ်လေ…"
"လေသံလျော့ဦး…"
သက်လတ်ပိုင်း အရွယ် အရာရှိမှ သတိပေးစကားပြောလာသည်။
"ဒီနေရာက ရှန်ရွှမ်ရဲ့ မြို့တော်… မြို့တော်က မိဘမဲ့ အကုန်လုံးကို လိုချင်တာ အုပ်ချုပ်ရေးပိုင်းကို မျက်နှာပျက်အောင် လုပ်တာပဲလေ… စကား သတိထားဦး မဟုတ်ရင် မင်းကိုယ်မှာ ခေါင်းမရှိဘဲ ဖြစ်သွားဦးမယ်…"
"တောင်းပန်ပါတယ် ငါနှုတ်သတိထားမှရမယ်…"
အမှုထမ်းတဦးက ဝိုင်ခွက်အား ယူလိုက်သည်။
"လာလာ သောက်ကြစို့…'
နှစ်ဦးသားက ဝိုင်သောက်က တခြားသော အကြောင်းအရာများအား စကားစမြည်ပြောနေကြသည်။ ထို့ကြောင့် ပိုင်ချူးရန်က စိတ်ဝိညာဉ် အာရုံခံမှုအား ရုတ်သိမ်းလိုက်ရသည်။
ခဏကြာပြီးချိန်၌ ချူးရန်က ပါးစပ်တွင် ကျန်နေသည့် ဝိုင်အနည်းငယ်အား သုတ်ကာ ပြုံးသွားသည်။ ထို့နောက်တွင် စားပွဲထက်၌ ငွေသားတင်ကာ ချောင်ကျသည့် ထောင့်တနေရာသို့ ထွက်သွားလိုက်၏ ။
ဘေးပတ်လည်၌ မည်သူမျှ မရှိတော့ချိန်တွင် ချူးရန်၏ ကိုယ်၌ အသံများ စတင်ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်မှ တဖြေးဖြေးချင်း စတင်ကျုံ့လာပြီး မျက်နှာသည်လည်း ပြောင်းလဲလာနေသည်။ ဆံပင်ဖြူများသည်လည်း အနက်ရောင်အဖြစ်သို့ ပြန်ပြောင်းသွားကြသည်။ နောက်ဆုံးတွင် ပိုင်ချူးရန် ရပ်နေသည့် နေရာ၌ ချစ်စဖွယ် မျက်နှာဖြင့် ကလေးငယ်တဦးသာ ရှိနေတော့သည်။