အခန်း (၄၁၉-၄၂၁)
Vol. 29 Ch. 419-421
အပိုင်း ( ၄၁၉ )
ကျေးဇူးတင်ပါတယ်
" ရှန်းထူမိသားစုက လူတိုင်းကို ချုပ်ထားလိုက် "
လင်မိသားစု အဖွားတော် အမိန့်ပေးလိုက်သည်။
ရှန်းထူနန်ထျန်းသာမက ရှန်းထူမိသားစု၏ အခြားသောအကြီးအကဲများလည်း ထွက်သွားခွင့်မရှိတော့ပေ။
ရှန်းထူမိသားစုမှလူများသည် သူတို့၏မသေချာသော အနာဂတ်ကို တွေးမိပြီး အချင်းချင်းကြည့်လိုက်ကြသည်။
လက်ရှိအချိန်၌ ရှန်းထူနန်ထျန်းမှာ အတော်ပင် ထိတ်လန့်တုန်လှုပ်နေပြီဖြစ်သည်။
သူသည် ယီယွင်ပြောလိုက်သော 'နှလုံးဖြတ်တောက်ဒဏ်ပေးခြင်း'ဟူသည့် စကားလုံးကိုသာ ကြားလိုက်ရသည်။
အခြားစကားများကို ယီယွင်သည် လင်မိသားစုအဖွားတော်နှင့် ယွင်ချီအသံပို့လွှတ်ပြောသောကြောင့် လင်မိသားစုအဖွားတော်မှ သူ့အား ဘာလုပ်မည်ကို မသိရပေ။
" လင်မိသားစုအဖွားတော်၊ ကျေးဇူးပြုပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ထိန်းချုပ်လို့ရမလား "
ယီယွင် ထိုစကားကို ထုတ်ပြောသည်။
လင်မိသားစုအဖွားတော်သည် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်ဖွားဖွားတို့ အရှေ့၌ ရပ်လျက် ခေါင်းညိတ်ပြသည်။
သူတို့နှစ်ဦးလုံး၏ မျက်နှာမှာ သွေးများပေကျံနေပြီး အခြေအနေမှာလည်း ဆိုးရွားနေသည်။
သူ၏ ကျင့်ကြံမှုအဆင့်ကို ထိန်းချုပ်ခံရမည်ဟု ကြားလိုက်သောအခါ နှုတ်ခမ်းထောင့်ကွေးတက်နေသည့် ယီယွင်ကို ရှန်းထူနန်ထျန်း မုန်းတီးစွာ ကြည့်လိုက်သည်။
ထိုအချိန်၌ ယီယွင်ကို တစစီဆွဲဖြဲချင်သည်ဟု သူ မျှော်လင့်မိသည်။
လင်မိသားစုအဖွားတော်၏ မျက်လုံးသည် အေးစက်သောအလင်းတန်းကဲ့သို့ လက်သွားပြီး မိုးကြိုးကဲ့သို့ လျင်မြန်စွာဖြင့် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်ဖွားဖွားကို ပုတ်ချလိုက်သည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှန်းထူနန်ထျန်း၏ခန္ဓာကိုယ်သည် တုန်လှုပ်ကာ မြေပြင်ပေါ်၌ လူးလိမ့်နေသည်။
လင်မိသားစုအဖွားတော်သည် ရှန်းထူနန်ထျန်း၏ အကြောများကိုပိတ်ကာ ထိန်းချုပ်လိုက်လေသည်။
ရှန်းထူနန်ထျန်းသည် ယခုအခါ ဝိဉာဉ်ဒဏ်ရာရနေရုံသာမက ကျင့်ကြံမှုအဆင့်ကိုလည်း ဖိနှိပ်ခံနေရသည်။
သူသည် လက်ရှိအချိန်၌ သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။
အမှန်တကယ်၌ လင်မိသားစုအဖွားတော်သည် ရှန်းထူနန်ထျန်း၏ စွမ်းအင်ကြောမကြီးကို ရိုက်ချပြီး သူ့ကို တခါတည်းတန်း၍ ဒုက္ခပေးချင်ခဲ့သည်။
သို့သော် လင်မိသားစုမှ ရှန်းထူနန်ထျန်းကို အသုံးချပြီး မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေသို့ ဝင်ရောက်ရမည့် အချက်အလက်နှင့် လဲလှယ်ရန် စီစဉ်ထားသောကြောင့် လင်အဖွားတော်သည် ရှန်းထူနန်ထျန်းကို အပြင်းအထန် နှိပ်စက်လိုက်လို့ မရပေ။
အနည်းဆုံးအနေဖြင့် ရှန်းထူ မိသားစုနှင့် ဆွေးနွေးသည့်အခါ ထိုဒဏ်ရာဒဏ်ချက်များကို မမြင်စေသင့်ချေ။
ရှန်းထူနန်ထျန်းသည် မသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ရှန်းထူမိသားစုအတွက် အသုံးမဝင်တော့ကြောင်း သိသွားပါက ရှန်းထူနန်ထျန်းကို ချက်ချင်း လက်လွှတ်ပြီး လင်မိသားစုနှင့် စစ်ခင်းလိမ့်မည်။
" မိတ်ဆွေလေး ယီယွင်၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းကို အပြည့်အဝလုပ်ပိုင်ခွင့်ပေးမယ်။ မင်းရဲ့ဆုံးဖြတ်ချက်တွေက အဓိပ္ပာယ်ရှိတယ်လို့ ငါ ယုံကြည်တယ် "
လင်မိသားစု အဖွားတော်သည် ယီယွင်ကို အတော်ပင် ယုံကြည်လေသည်။
ဤသည်က ရှန်းထူမိသားစု၏ အကြီးအကဲများစွာကို အံ့အားသင့်စေခဲ့သည်။
သူတို့အားလုံးသည် ထျန်းယွမ်ကမ္ဘာရှိ နာမည်ကျော် ပညာရှင်ကြီးများ ဖြစ်ကြသည်။
မိသားစုငယ်လေးတစ်စုစီသို့ သွားရောက်လည်ပတ်လျှင်မူ ထိုမိသားစုငယ်၏ မိသားစုခေါင်းဆောင်ကပင် သူတို့ကို ကြိုဆိုရမည် ဖြစ်သည်။
သို့သော် လက်ရှိအချိန်၌ သူတို့၏ကံကြမ္မာကို ဂျူနီယာတစ်ယောက်က ဆုံးဖြတ်တော့ပေမည်။
ဤသည်မှာ လှောင်ပြောင်မှုကြီးတစ်ခုဖြစ်သည်။
ယီယွင်၏ အမိန့်ကို နားထောင်ရန် လင်မိသားစုမှ ကြီးကြပ်ရေးနှစ်ယောက်ကို လင်အဖွားတော်မှ တာဝန်ပေးအပ်ခဲ့သည်။
ယီယွင်သည် ကိန်းခမ်းကြီးမနေတော့ဘဲ တန်း၍ စီစဉ်လိုက်သည်။
" ရှန်းထူမိသားစုဘက်က ဧည့်သည်တွေအတွက် သန့်ရှင်းပြီး သင့်တော်တဲ့ ဧည့်ဆောင်တစ်ခု ရှာပေးလိုက်ပါ။ ဒီနှစ်ယောက်အတွက်ကတော့ ....... "
ယီယွင်သည် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်ဖွားဖွားကို ကြည့်လိုက်သည်။
" အကျဉ်းထောင်တစ်ခု ရှာပြီး သူတို့ကို သော့ခတ်ထားလိုက် "
အကျဉ်းထောင်တဲ့လား။
လင်မိသားစုမှ ကြီးကြပ်ရေးမှူးနှစ်ယောက်သည် ထိုစကားကိုကြားပြီး အံ့အားသင့်သွားကြသည်။
ဒီကလေးက ကိစ္စတွေကို အရမ်းကြီးကျယ်လေးနက်အောင် လုပ်တာပဲ။
ရှန်းထူနန်ထျန်းနဲ့ လက်တစ်ထောင်အဖွား နှစ်ယောက်လုံးက ရှန်းထူမိသားစုရဲ့ အကြီးအကဲတွေ ဖြစ်တာတောင် ဒီကလေးက သူတို့ကို ထောင်ထဲမှာ ထားဖို့ စီစဉ်နေတာလား။
" ကောင်လေး၊ မင်း ငါ့လက်ထဲ မရောက်လာစေနဲ့။ မင်းကို အသက်ရှင်လျက်နဲ့ သေတဲ့ဒဏ်ကို ခံစားစေရမယ် "
လက်တစ်ထောင်အဖွားမှ ကျိန်ဆဲလိုက်သည်။
ယီယွင်သည် ကြီးကြပ်ရေးမှူးကို လက်ပြပြီး " ဟေ့ အစ်ကိုကြီး၊ သူ့ပါးစပ်ကို တစ်ခုခုနဲ့ ပိတ်ထားလိုက် "ဟု ပြောလိုက်သည်။
အာ ...........
လင်မိသားစုမှ ကြီးကြပ်ရေးမှူးနှစ်ယောက်သည် စကားမပြောနိုင်ပင် ဖြစ်သွားကာ လင်မိသားစုအဖွားတော်ကို လှည့်ကြည့်လိုက်သည်။
လင်မိသားစုအဖွားတော်မှာလည်း အရေးမစိုက် " မိတ်ဆွေလေးယွင်ရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြ "ဟု ဆိုလိုက်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေများအရ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့ကြားမှ ဆက်ဆံရေးများမှာ ပျက်ပြားသွားပြီဖြစ်ရာ ထွေထူး၍ စဉ်းစားစရာ မရှိတော့ပေ။
မိသားစုနှစ်စုသည် မူလကပင် ရန်သူများ ဖြစ်ကြသည်။
ရှန်းထူမိသားစုမှ လင်မိသားစုအား မကောင်းကြံစည်နေသည်ကို လင်မိသားစု သိခဲ့ရသည်။
ဓားနဲ့ထိုးခံရပြီးတော့ ဘယ်လိုလုပ် အသံမထွက်ဘဲ နေနိုင်မှာလဲ။
စစ်သည်လောက၌ ပို၍ရက်စက်ကြမ်းကြုတ်သူသာလျှင် ကောင်းမွန်စွာ ရှင်သန်နိုင်မည်ဖြစ်သည်။
ထိုအခါမှ လှောင်ပြောင်မခံရမှာဖြစ်သည်။
မိသားစုကြီးတစ်ခုဖြစ်သည်ဆိုသော အချက်ဖြင့် အခြားသူများ၏ ကျူးကျော်မှုကို ဂရုမစိုက်ဘဲ သည်းခံပြီး သဘောထားကြီးပေးမည်ဆိုပါက ထိုမိသားစုကြီးသည် နောက်ဆုံးမှာ အခြားသူများ၏ နင်းချမှုကို ခံရပေလိမ့်မည်။
သွေးစွန်းနေသော ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားကို ခွေးသေများကဲ့သို့ သယ်ဆောင်သွားသည်ကို မြင်သောအခါ ရှန်းထူမိသားစုနှင့် ဆက်ဆံရေးကောင်းသော မိသားစုကြီးများ၏ အကြီးအကဲများ ချွေးတွေထွက်ကုန်ကြသည်။
သူတို့ထဲ၌ ရှန်းထူမိသားစုအား ပြင်းထန်စွာ အားပေးထောက်ခံခဲ့သော မျက်ခုံးရှည်အကြီးအကဲမှာ အစိုးရိမ်ဆုံးဖြစ်နေသည်။
သူသည် မဟာဧကရီအမတေ၌ ပြစ်ချက်မရှိဘူးဟုပင် အာမခံပြောခဲ့သေးသည်။
ထိုသည်ကို သက်သေပြရန် ရှန်းထူနန်ထျန်း၊ လက်တစ်ထောင်အဖွားတို့နှင့်အတူ ဆန်းကြယ်သလင်းလက်တံဆိပ်များ ပြုလုပ်ရာ၌ ကူညီခဲ့သည်။
သို့သော် ယခုအခါ သူ တစ်ယောက်တည်းသာ ကျန်တော့သည်။
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားကို ထောင်ထဲသို့ ဆွဲခေါ်သွားကြပြီဖြစ်သည်။
မျက်ခုံးရှည်အကြီးအကဲသည် သူ့နဖူးမှ ချွေးများကိုသုတ်ပြီး ပြောလိုက်သည်။
" ငါက အသက်ကြီးလာလို့ မျက်စိမှုန်နေပါပြီ။ မဟာဧကရီအမတေကို သန့်စင်တုန်းက ပါဝင်ခဲ့ပေမယ့် ချက်နည်းရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုပဲ မြင်ခဲ့တာ။ အမတေရုပ်ကြွင်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မတွေ့ခဲ့ဘူး "
မျက်ခုံးရှည်အကြီးအကဲရှိသည့် ဆုန်းမိသားစုက လင်မိသားစုထက် အများကြီးအားနည်းလေသည်။
ထို့အပြင် သူ၏အမှားကြောင့် လင်မိသားစုမှ ဆုန်းမိသားစုအား ကြံရာပါများအဖြစ် အလွယ်တကူ ထည့်တွက်နိုင်သည်။
ဤသို့သော ရန်ငြိုးသည် ရိုးရှင်းသော ဟာသတစ်ခု မဟုတ်ပေ။
မျက်ခုံးရှည်အကြီးအကဲသည် အမှန်တကယ်ပင် ဘာမှမသိကြောင်း ယီယွင် ခန့်မှန်းမိသည်။
ထို့အတူ ရှန်းထူမိသားစုထဲမှ အကြီးအကဲအများစုသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမသိကြပေ။
ဤသို့သောကိစ္စ၏ လျှို့ဝှက်ချက်ကို သေချာစေရန် လူအနည်းငယ်သာ သိခြင်းက ပိုကောင်းသည်။
" အကြီးအကဲဆုန်းက အသက်ကြီးလို့ မျက်စိမှုန်တာကို အကြောင်းပြရင် ဒီဂျူနီယာကလည်း အဲ့တာကို ဆန့်ကျင်ပြီးပြောနေစရာ ဘာမှမရှိပါဘူး "
" ဒါပေမယ့် အကြီးအကဲဆုန်း၊ ဒီဂျူနီယာက ရှန်းထူမိသားစုကို မေးခွန်းထုတ်ဖို့ အသက်ကို စွန့်စားနေချိန်မှာ တခြားသူတွေက ကျွန်တော့်ကို အထင်သေးပြီး သံသယဝင်ခဲ့ကြတယ်။ အကြီးအကဲဆုန်း၊ ခင်ဗျားက ရှန်းထူမိသားစုအတွက် ရပ်တည်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလွန်းတာက ကျွန်တော့်ကို တော်တော်လေးဆိုးရွားတဲ့ အခြေအနေတစ်ခုဆီကို တွန်းပို့ခဲ့တာ။ ကျွန်တော့်အနေနဲ့ မှန်ကန်ကြောင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးမရခဲ့ရင် ဒါမှမဟုတ် ဖိအားတွေ အရမ်းများလွန်းလို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်၊ မကောင်းဆိုးဝါးစွမ်းအင်ကို မထုတ်ယူနိုင်ခဲ့ဘူးဆိုရင် ကျွန်တော် သေတာက ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ရှန်းထူမိသားစုရဲ့ ယုတ်မာတဲ့အကြံအစည်က အောင်မြင်သွားမှာပါ။ နှစ်ပေါင်းများစွာကြာပြီးလို့ လင်မိန်းကလေး သေသွားတဲ့အခါ လင်မိသားစုကို ရှန်းထူမိသားစုက ဝါးမြိုပြီး အနိုင်ပိုင်းသွားလိမ့်မယ်။ အဲ့တာဆိုရင် ပြန်ပြင်လို့ မရတော့ဘူး "
ယီယွင်သည် သဘောထားကြီးပေးတတ်သူ မဟုတ်ပေ။
မျက်ခုံးရှည် အကြီးအကဲသည် အမှန်တရားကို မသိခဲ့သည်ဖြစ်သော်ငြား ယီယွင်မှ သူ့လုပ်ရပ်ကို အသိပေးနေသည်။
ယီယွင်သည် မျက်ခုံးရှည်အကြီးအကဲအား ဆိုးရွားသော အခြေအနေမျိုးနှင့် ရင်ဆိုင်စေမည် မဟုတ်သော်လည်း သူ့ကို ဆူပူကြိမ်းမောင်းသည်ကလည်း မဆိုးလှပေ။
မျက်ခုံးရှည်အကြီးအကဲသည် သူ့ရင်ထဲ၌ ခါးသီးစွာ ငိုကြွေးလိုက်သည်။
ဒီလူယုတ်မာလေးက လွယ်လွယ်နဲ့ လွှတ်မပေးတတ်တဲ့သူမျိုးပဲ။
ရှန်းထူမိသားစုရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေအားလုံးရှေ့မှာတောင် သူက တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်သေးတာကို ဖိအားတွေများလွန်းလို့ အမှားလုပ်မိမယ်ဆိုတာ ဘယ်လိုစကားကြီးလဲ။
ဤမှတဆင့် ယီယွင်မှ သူ့ကို လှည့်စားရန် ကြိုးစားနေကြောင်း ထင်ရှားစွာ သိနိုင်သည်။
သို့သော် သူ့အနေဖြင့် ဤကိစ္စကို ထုတ်ပြောလို့ မရပါချေ။
သူသည် လိမ္မာပါးနပ်သောကြောင့် ယီယွင်ပြောသောစကား၏ တိမ်မြှုပ်ထားသော အဓိပ္ပာယ်ကို နားလည်လေသည်။
မျက်ခုံးရှည်အကြီးအကဲက " ငါ မိုက်မဲပြီး ကြီးလေးတဲ့ အမှားတစ်ခု လုပ်မိတော့မလို့ပဲ။ မိတ်ဆွေလေးယွင်ပြောတာ မှန်တယ်။ ငါ တောင်းပန်ရုံနဲ့ မလုံလောက်ပါဘူး။ လင်မိသားစုကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါမယ်။ ပြီးတော့ မိတ်ဆွေလေးယီယွင်ကိုလည်း သင့်လျော်တဲ့ လျော်ကြေးပေးပါ့မယ် "
မျက်ခုံးရှည်အကြီးအကဲအနေဖြင့် ယီယွင်အား လျော်ကြေးပေးရမည်ကို စိတ်ထဲမမှုပေ။
အကြောင်းမှာ ဤလူငယ်လေးသည် အလွန်ကြောက်စရာကောင်းသောကြောင့် ဖြစ်သည်။
သူသည် အလွန်ငယ်ရွယ်သေးပါသော်လည်း သူ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ပါရမီသည် အလွန်ထူးခြားလှသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထို့အပြင် ရှန်းထူမိသားစု၏ ပရိယာယ်အကြံအစည်များကို သူတစ်ယောက်တည်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။
အင်အားကြီးပုဂ္ဂိုလ်များစွာ သူ့လက်ထဲ ကျရောက်သွားခဲ့ရသည်။
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင် အဖွားသည်လည်း ယီယွင်၏ အကြံအစည်များကြောင့် သေမတတ်ပင် ဖြစ်နေသည်။
သူသည် ဤမျှငယ်ရွယ်သောအချိန်မှာပင် ဤကဲ့သို့ထက်မြက်ပါက ကြီးပြင်းလာသည့်အခါ ပို၍ပင် ထက်မြက်လာမည်ဖြစ်သည်။
ဆုန်းမိသားစုသည် ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ထားသော်လည်း ဤသည်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးစီးပွားကြောင့်ဖြစ်သည်။
သူတို့သည် ရှန်းထူမိသားစု၏ ဦးဆောင်မှုကို လိုက်နာလေ့ရှိသော်လည်း ရှန်းထူမိသားစုအား ပြင်ပအင်အားစုထံမှ ပြင်းထန်သော တိုက်ခိုက်ထံမှ ခံနိုင်ရည်ရှိအောင် ကူညီပေးရမည်ဆိုပါက ရယ်စရာတစ်ခု ဖြစ်နေလိမ့်မည်။
ယီယွင်သည် အနာဂတ်၌ များစွာ အောင်မြင်လိမ့်မည်ဟု မျက်ခုံးရှည်အကြီးအကဲ ယုံကြည်သောကြောင့် ယီယွင်နှင့် မိတ်ဆွေဖွဲ့ခွင့်ရမည်ကို ဝမ်းသာနေသည်။
မျက်ခုံးရှည်အကြီးအကဲ၏စကားကို ကြားပြီး ယီယွင် ကျေနပ်သွားသည်။
အကျိုးခံစားခွင့်များကို မယူပါက သူ ရူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူ့အနေဖြင့် ဤအကျိုးခံစားခွင့်များကို ရယူရန်မှာ လုံးဝတရားမျှတသည်။
" မိတ်ဆွေလေးယီယွင်၊ ဒီကိစ္စက မင်းကြောင့်ပဲ ပြီးသွားခဲ့တာ။ လင်မိသားစုက ထျန်းယွမ်ကမ္ဘာမှာ နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တာပါ။ ငါတို့မိသားစုရဲ့ စည်းမျဉ်းတွေအရ ဆုလာဘ်တွေနဲ့ ပြစ်ဒဏ်တွေကလည်း အရမ်းရှင်းလင်းပါတယ်။ မင်း မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူထားပြီးတော့ ပင်ပန်းနေမှာပဲ။ သွားအနားယူလိုက်ပါ။ မနက်ဖြန်မနက် အစောပိုင်းကျမှ ငါ့ကို ကျောက်စိမ်းဝါးတောင်ထိပ်မှာ လာတွေ့ပါ "
လင်မိစားစုအဖွားတော်သည် ယီယွင်ကို ဖော်ရွေသောအပြုံးနှင့် ပြုံးပြလိုက်သည်။
သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး သူမဘေး၌ရှိသော လင်ရှင်းထုံကို ပြောလိုက်သည်။
" ရှင်းထုံ၊ မင်းလည်း လိုက်ခဲ့သင့်တယ် "
" ဟုတ်ကဲ့ "
လင်ရှင်းထုံ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
သူမ ထွက်ခွာမသွားမီ ယီယွင်ကို နက်ရှိုင်းစွာ ကြည့်လိုက်မိသည်။
ထူးဆန်းသော အလင်းရောင်တစ်ခု သူမ၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။
သူမသည် ယီယွင်ကို ယုံကြည်ကြောင်း ပြောခဲ့သော်လည်း ယီယွင်မှ မဖြစ်နိုင်ဘူးဟုထင်ရသည့် အလုပ်တစ်ခုကို အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် လင်ရှင်းထုံ ရင်ထဲထိသွားရသည်။
သဲနာရီထဲမှ သဲများ လျော့နည်းလာပါသော်လည်း ယီယွင်သည် အလွန်တည်ငြိမ်နေခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရသည်။
ယီယွင်သည် အလျင်စလိုမလုပ်ဘဲ မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူပြီး စွန့်ပစ်ထားသော သားရဲ၏ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ကာ မကောင်းဆိုးဝါးစွမ်းအင် အဆိပ်အတောက်ကို သက်သေပြခဲ့သည်။
ထိုအခါ လင်ရှင်းထုံ၏ နှလုံးသားထဲ၌ ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော ခံစားချက် ထွက်ပေါ်လာသည်။
အကြောင်းမှာ သူမသည် ဤလူငယ်လေးမှ ကျယ်ပြောလှသော တောအုပ်ထဲမှ ထွက်လာခဲ့သည်ကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။
သူမသည် ယီယွင်၏ မယုံနိုင်လောက်စရာကောင်းသော ကြီးပြင်းလာမှုဖြစ်စဉ်ကို မျက်မြင်တွေ့ထားရာ ဤအံ့ဖွယ်ခံစားချက်မှာ ပိုပြီးပြင်းထန်လာခဲ့သည်။
" ကျေးဇူးတင်ပါတယ် "
လင်ရှင်းထုံ၏နှုတ်ခမ်းလေးများက ညင်သာစွာလှုပ်ရှားသွားသောအခါ နူးညံ့ချိုမြိန်သော စကားလုံးလေးများ ယီယွင်၏နားထဲသို့ ဝင်လာသည်။
ယီယွင်သည် လင်မိန်းကလေး၏ တိုးလျစွာ ပြောသွားသောစကားများကြောင့် သူ့နား
ရွက်များ ယားယံသွားသလိုပင် ခံစားလိုက်ရသည်။
သူ အနည်းငယ်ပြုံးပြီး " လင်မိန်းကလေးရဲ့ဂုဏ်သိက္ခာနဲ့ အပြစ်ကင်းစင်မှုကို လောင်းကြေးထပ်ပြီး ယုံကြည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် "ဟု ပြန်ပြောလိုက်သည်။
လင်ရှင်းထုံမှလည်း " ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ အပြစ်ကင်းစင်မှုကို အသက်ကို လောင်းကြေးထပ်ပေးခဲ့တာက နှိုင်းယှဉ်လို့မရနိုင်ပါဘူး "ဟု ဆိုသည်။
" သေချာပေါက် ကျွန်တော်နဲ့ကတော့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါပေမယ့် မိန်းကလေးလင်အတွက်တော့ လုံးဝကွာခြားမှာပါ "
လင်ရှင်းထုံကဲ့သို့ ပြစ်မျိုးမဲ့မထင် မိန်းကလေးတစ်ယောက်သည် အသက်ရှင်ရန်အတွက် ဂုဏ်သိက္ခာကို ဘယ်တော့မှ စွန့်လွှတ်မည် မဟုတ်ကြောင်း ယီယွင် သိသည်။
လင်ရှင်းထုံသည် သူ့ကို ညင်သာစွာ ပြုံးပြပြီး ဘာမှဆက်မပြောတော့ပေ။
သူမသည် အဖွားတော်လင်နှင့်အတူ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။
သူမ၏ လှပသောခန္ဓာကိုယ်ပုံရိပ်လေးမှာ ဝါးပင်စိမ်းတောထဲမှတဆင့် ပျောက်ကွယ်သွားတော့သည်။
အပိုင်း ( ၄၂၀ )
ဒီရေအပြောင်းအလဲ
လင်မိသားစုအဖွားတော်သည် လင်ရှင်းထုံနှင့်အတူ ထွက်သွားပြီးနောက် ယီယွင်သည် တောင်ထိပ်၌ ကျန်ခဲ့ကာ ယွမ်ချီမိုးတိမ်တိုက်မှ သန့်စင်ယန်ချီဓာတ်ကို စုပ်ယူနေသည်။
လင်မိသားစု၏ အကြီးအကဲတချို့မှာလည်း သန့်စင်ယန်ကျင့်စဉ်များကို ကျင့်ကြံနေသည်။
သူတို့သည်လည်း ယွမ်ချီမိုးတိမ်မှ ယန်သန့်စင်ဓာတ်ကို လိုချင်ကြသော်လည်း ဤမိုးတိမ်မှာ သုံးနာရီလောက်သာ လေ့ကျင့်နိုင်သောကြောင့် သူတို့အတွက် အကျိုးမရှိချေ။
ထို့ကြောင့် အများစုက လက်လျှော့လိုက်ကြသည်။
" မိတ်ဆွေလေးယွင်၊ မင်းလည်း သန့်စင်ယန်ဓာတ်ကျင့်စဉ်ကို လေ့ကျင့်နေတာလား "
လင်မိသားစုအကြီးအကဲတစ်ယောက်သည် ယီယွင် ယွမ်ချီမိုးတိမ်အောက်၌ ရှိနေသည်ကို သတိထားမိပြီး မေးလေသည်။
ဆေးပညာပြိုင်ပွဲပြီးနောက် ယီယွင်အပေါ် လင်မိသားစု၏ အမြင်မှာ သိသာစွာ မြင့်တက်လာသည်။
ထို့ကြောင့် လင်မိသားစုအကြီးအကဲများက ယီယွင်ကို ပို၍ယဉ်ကျေးစွာ ဆက်ဆံကြသည်။
" ဟုတ်တယ် "
ယီယွင် ခေါင်းညိတ်ပြီး လင်မိသားစုအကြီးအကဲကို ပြုံးပြလိုက်သည်။
" ငါတို့ ပျက်စီးခြင်းကောင်းကင်သခင်တွေက တကယ်တော့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့ မလိုအပ်ဘူး။ သန့်စင်တဲ့ ယန်ကျင့်စဉ်နည်းတွေက အရမ်းကိုနက်နဲလွန်းတယ်။ ပျက်စီးခြင်းကောင်းကင်ကျင့်စဉ်ကို လေ့ကျင့်တာနဲ့တင် ငါတို့ရဲ့ အချိန်အများစုက ကုန်နေပြီ။ ကျင့်စဉ်တစ်ခုကို ပြုစုပျိုးထောင်မယ်ဆိုရင် ငါးပါးဒြပ်စင်နိယာမလိုမျိုး ပိုပြီးရိုးရှင်းတဲ့ဟာကို ရွေးချယ်တာက အဆင်ပြေတယ်။ ဥပမာဆို မီးဒြပ်စင်နိယာမက အတော်လေးကောင်းတယ်။ တိုက်ခိုက်ရေးအရ မီးဒြပ်စင်နိယာမတွေက သန့်စင်ယန်ဓာတ်တွေနဲ့ ဆင်တူတယ်။ အစွမ်းသတ္တိနည်းပေမယ့် မီးဒြပ်စင်နိယာမတွေက သင်ယူရတာ ပိုလွယ်ကူတော့ ဒီနှိုင်းယှဉ်ချက်နဲ့တင် မီးဒြပ်စင်နိယာမတွေက အများကြီး ပိုကောင်းတယ် "
လင်မိသားစုမှ အကြီးအကဲသည် ယီယွင်အပေါ် အကောင်းမြင်သည့်အတွက် အကြံပြုချက်များ ပေးသည်။
သူ၏ ထင်မြင်ယူဆချက်အရ လူငယ်များသည် ရည်မှန်းချက်ကြီးလွန်းကြသည်။
သူတို့သည် ကိုယ်ခံပညာ လေ့ကျင့်ရေးလမ်းကြောင်းများနှင့် ပတ်သက်ပါက အသိပညာနည်းလွန်းကြသည်။
ထို့ကြောင့် ယင်ယန် သို့မဟုတ် အချိန်နေရာဒေသကဲ့သို့ နက်နဲကာ သင်ယူရခက်သော နိယာမများကို ပေါ့တန်စွာ ရွေးချယ်ကြမှာဖြစ်ရာ နောက်ဆုံး၌ လမ်းလွဲများစွာကို ဖြတ်သန်းကြရပေလိမ့်မည်။
" အကြီးအကဲရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် "
ယီယွင်သည် ကျိုးနွံစွာ ပြန်ဖြေပြီးနောက် သန့်စင်ယန်ချီဓာတ်ကို ဆက်လက်စုပ်ယူနေလိုက်သည်။
ယီယွင်၏ လုပ်ရပ်ကို မြင်သောအခါ လင်မိသားစုမှ အကြီးအကဲသည် စကားဆက်မပြောနိုင်တော့ပေ။
သူ့အရှေ့မှ လူငယ်သည် သူ့စကားကို နားမထောင်သည်မှာ ရှင်းနေသည်။
သန့်စင်သော ယန်လေ့ကျင့်စဉ်များကို ရွေးချယ်နေသည်အား ကြည့်ခြင်းဖြင့် ဤလူငယ်လေးသည် သိုင်းပညာလမ်းကြောင်း၌ များစွာအောင်မြင်လိုပေသည်ကို မြင်နိုင်သည်။
သူက လောဘကြီးလွန်းတာပဲ။
ဥပမာအားဖြင့် ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားသမီးများဖြစ်သည့် ရှန်းထူနန်ထျန်းနှင့် လင်ရှင်းထုံတို့ပင် ပညာနှစ်မျိုးလုံးကို အလွန်အမင်းကျွမ်းကျင်အောင် မကြိုးစားကြပေ။
သူတို့တွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်၌ အတော်အတန်ကောင်းမွန်သော အောင်မြင်မှုများ ရရှိထားပါသော်လည်း နှစ်ယောက်စလုံးသည် သူတို့၏ သိုင်းပညာလမ်းကြောင်းကို ပိုမိုအာရုံစိုက်ခဲ့ကြသည်။
သူတို့သည် နက်ရှိုင်းသော သိုင်းပညာကျင့်စဉ်များကို ပြုစုပျိုးထောင်လေ့ကျင့်ရသောကြောင့် ပျက်စီးခြင်းကောင်းကင်ကျင့်စဉ်များထဲမှ ရှုပ်ထွေးသော ချိတ်တံဆိပ်ခတ်နည်းအများစု သင်ယူခြင်းကို စွန့်လွှတ်ကြရသည်။
လင်မိသားစုမှ အဘိုးအို ခေါင်းခါပြီး ထွက်ခွာသွားသည်။
ထိုအချိန်တွင် ယီယွင်သည် သက်တံ့ရောင်စဉ် ယွမ်ချီတိမ်တိုက်မှ သန့်စင်သောယန်ချီဓာတ် သုံးပုံတစ်ပုံခန့်ကို စုပ်ယူပြီးဖြစ်သည်။
ဤစုပ်ယူမှုနှုန်းသည် ယွမ်ချီမိုးတိမ် ပျောက်ကွယ်သွားမှုနှုန်းနှင့် အမြန်နှုန်း တူညီသည်။
ယီယွင်သည် သတိထားရန် ဤသို့လုပ်ခဲ့ခြင်း ဖြစ်သည်။
သူသည် လွင့်ကာပျံ့နှံ့သွားတော့မယ့် သန့်စင်ယန်ချီဓာတ်ကို စုပ်ယူရန် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုခဲ့သည်။
ထိုသို့လုပ်ခြင်းအားဖြင့် မဟာဧကရာဇ်ကြီးတစ်ယောက်မှ ယွမ်ချီမိုးတိမ်အား စိုက်ကြည့်နေလျှင်ပင် ခရမ်းရောင်သလင်းကျောက်ဖြင့် မှော်ဆန်စွာ စုပ်ယူခဲ့သည်ကို မသိနိုင်ပေ။
လက်ရှိအချိန်၌ ယီယွင်၏ခန္ဓာကိုယ်မှာ စွမ်းအင်များနှင့် ပြည့်နှက်နေပြီဖြစ်သည်။
မဟာဧကရီအမတေမှ သန့်စင်ယန်ချီဓာတ်များသည် မည်မျှပင်နူးညံ့သည်ဖြစ်စေ ယီယွင်၏ခန္ဓာကိုယ်မှာလည်း ကန့်သတ်ချက်များရှိသည်။
ထို့ကြောင့် ကျန်ရှိနေသည့် သန့်စင်ယန်ချီဓာတ်ကို ခရမ်းရောင်သလင်းကျောက်ထဲ၌ သိမ်းဆည်းထားသည်။
သန့်စင်တဲ့ ယန်ချီဓာတ်သည် အလွန်အမင်းဖိသိပ်ခံထားရသောကြောင့် ရွှေရောင်ငွေ့ရည်လေးများအဖြစ် အရည်ပျော်သွားသည်။
အရည်ပျော်နေသော ရွှေရည်လေးများကဲ့သို့ ထင်ရပြီး အလွန်သန့်စင်လှသည်။
ရွှေရောင်အရည်စက်လေးများကို မြင်ပြီး ယီယွင် အလွန်ပျော်သွားသည်။
ထိုရွှေရည်စက်များနှင့်အတူ သူ၏ကျင့်ကြံစဉ်အဆင့်မှာ အချိန်တိုအတွင်း လျင်မြန်စွာ မြင့်တက်လာနိုင်သည်။
ယီယွင်သည် ယွမ်အုတ်မြစ်ချနယ်ပါယ် အစောပိုင်းအဆင့်၌ အချိန်အတော်ကြာမြင့်စွာ ပိတ်မိနေခဲ့သည်။
ယခုအခါ သူ့၌ ယန်ချီရွှေရည်စက်များအပြင်၊ ခရမ်းရောင်သလင်းကျောက်တုံးထဲ၌ အခြားစွမ်းအင်နှစ်ခုပါဝင်သည်။
ပထမတစ်ခုမှာ ယီယွင် ကြယ်ကြွေတံခါး၌ ရရှိခဲ့သော သန့်စင်ယန်ဝိညာဉ်ဖြစ်သည်။
ဒုတိယတစ်ခုမှာ အလွန်အေးသော ယင်စွမ်းအင်ဖြစ်သည်။
ရှန်းထူနန်ထျန်းသည် ယီယွင်အား အကျဉ်းခန်းထဲသို့ ပစ်ချခဲ့စဉ်က ရှန်းထူနန်ထျန်း၏တပ်ဖွဲ့သည် ယီယွင်အား ခုနစ်ပါး အဆိပ်ရှိ နတ်ယင်ဆေးပြားကို ကျွေးခဲ့သည်။
ဤခုနစ်သွယ်အဆိပ် နတ်ယင်ဆေးပြား၌ အလွန်အေးသော ယင်စွမ်းအင်ဓာတ်ပါဝင်သည်။
ခရမ်းရောင်သလင်းကျောက်တုံးသည် ထိုစွမ်းအင်ကို စုပ်ယူပြီး ဖိသိပ်လိုက်ခြင်းမရှိပါက ယီယွင်၏ ကျင့်ကြံမှုများ ပျက်စီးသွားပေလိမ့်မည်။
ဤအကြောင်းကို စဉ်းစားလိုက်သည့်အခါ ယီယွင်၏နှုတ်ခမ်းပါး၌ ပျော်ရွှင်သောအပြုံးတစ်ခု ပေါ်လာသည်။
သခင်လေးနန်ထျန်းစီ သွားလည်ရမယ့်အချိန်ပဲ။
ရှန်းထူနန်ထျန်း ထိုအချိန်က သူ့ကို ဆက်ဆံခဲ့သည့်ပုံစံအတိုင်း တစ်ပုံစံတည်း ပြန်ပေးဆပ်ရမည့်အချိန်ဖြစ်သည်။
ယန်ချီဓာတ်အားလုံးကို စုပ်ယူပြီးနောက် ယီယွင်သည် ထွက်သွားရန် အလောတကြီးမလုပ်ပေ။
မျက်လုံးနီဝံပုလွေ ကျန်ခဲ့သော အရိုးပုံကို လှည့်ကြည့်ပြီးနောက် အဝေးသို့ဖယ်ပေးလိုက်သည်။
ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းဖြင့် အရိုးထဲ၌ မကောင်းဆိုးဝါးအနက်ရောင်စွမ်းအား ရှိနေသေးသည်ကို ယီယွင်သိသည်။
ထိုအနက်ရောင်စွမ်းအင်ကို သေချာစွာ စစ်ဆေးပြီးနောက် ထိုမကောင်းဆိုးဝါးဓာတ်သည် မီးမျက်လုံးနီဝံပုလွေ၏ အသက်နှင့်အသားကို စားသုံးလိုက်သည့်အရိပ်အယောင်သာမက ပို၍ပင် သန်မာလာသည်ကို ယီယွင် သဘောပေါက်နားလည်မိလိုက်သည်။
သို့သော် မီးမျက်လုံးနီဝံပုလွေသည် အားနည်းလွန်းသည်ဖြစ်ရာ မိစ္ဆာစွမ်းအင်သည် အင်အားကြီးလွန်းမလာခဲ့ပေ။
ဤအဖြစ်သည် အရေးမကြီးသော်လည်း ယီယွင်ကို သတိကပ်စေခဲ့သည်။
ဒီမိစ္ဆာစွမ်းအင်က ဘယ်လိုမျိုးလဲ။
ကြည့်ရတာ ကြီးထွားလာနိုင်နေသလိုပဲ။
ဤသည်မှာ ကြားရသလောက် ထူးခြားဆန်းကြယ်သော်လည်း အလွန်ပင်ကျောချမ်းစရာကောင်းလှသည်။
ဒီမကောင်းဆိုးဝါးစွမ်းအင်က အဆုံးမရှိ ကြီးထွားလာနိုင်တာလား။
ဤအတွေးကို တွေးမိပြီးနောက် ယီယွင် ခေါင်းကိုခါထုတ်ကာ ထိုအတွေးကို ဖယ်ရှားလိုက်သည်။
ရှန်းထူမိသားစုသည် မဟာဧကရီရုပ်ကြွင်းအား သန့်စင်ရန်အတွက် ကမ္ဘာဦးဝိဉာဉ်အဆင့် ရတနာများအား အသုံးပြုခဲ့သည်မှာ မဖြစ်နိုင်တော့ချေ။
သူတို့သည် ဤမျှ တန်ဖိုးကြီးပစ္စည်းများကို ရှာမတွေ့နိုင်သည်မှာ သေချာသည်။
ဒီလိုအခြေအနေမျိုးမှာ မဟာဧကရီရုပ်ကြွင်းကနေ ထွက်ပေါ်လာတဲ့ မကောင်းဆိုးဝါးစွမ်းအင်က အကန့်အသတ်မရှိ ကြီးထွားနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့်….....
ရှန်းထူနန်ထျန်းအပေါ် သုံးဖို့ လုံလောက်တယ်။
ယီယွင်၏ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။
လင်မိသားစု၏ အကျဉ်းထောင်သည် ခိုင်မာသောခံတပ်ကြီးတစ် ဖြစ်သည်။
ထောင်ကြီးကို အထူးသတ္တုတစ်မျိုးနှင့် တည်ဆောက်ထားသည်။
ထွင်းထည့်ထားသော စွမ်းအားအလင်းနှစ်များက အကျဉ်းထောင်ကို ဖျက်ဆီးမရဖြစ်စေသည်။
ထောင်ထဲသို့ အချခံရသူတိုင်းသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်ခံရသည်။
ဧကရာဇ်တစ်သောင်းဘုရင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးပင် ဤထောင်ထဲသို့ ပစ်ချခံရပြီးပါက ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
လင်မိသားစု၏ အကျဉ်းထောင်ထဲတွင် ယခင်က ထျန်းယွမ်ကမ္ဘာအား ပြဿနာများစွာ ဖန်တီးခဲ့သော နတ်ဆိုးတစ်ကောင်ကို ထောင်ချခဲ့ဖူးသည်။
ထိုနတ်ဆိုးသည် သေဆုံးသည်အထိ လွတ်မြောက်ခြင်းမရှိ ထောင်ချခံခဲ့ရသည်။
အကျဉ်းထောင်သည် လင်မိသားစု၏ အဓိကတောင်ထိပ် ၁၈ခုအနက်မှ တစ်ခုဖြစ်သည့် မရဏငရဲတောင်ထိပ်တွင် တည်ရှိသည်။
တောင်ထိပ်မှ မိုင်ထောင်ပေါင်းများစွာရှည်လျားသည့် လမ်းကြားတစ်ခုရှိသည်။
အကျဉ်းထောင်သည် တောင်ထိပ်၏ အတွင်းပိုင်းရှိ လမ်းကြားမှ တောင်အခြားတစ်ဖက်အဆုံးတွင် တည်ရှိသည်။
" တံခါးဖွင့်ပေး "
ယီယွင်သည် အဖွားတော်လင်ပေးထားသော အမိန့်ဖြင့် အကျဉ်းထောင်ထဲသို့ အလွယ်တကူ ဝင်နိုင်ခဲ့သည်။
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားကို အခန်းကြီးတစ်ခုအတွင်း၌ ချုပ်နှောင်ထားသည်။
ရှန်းထူနန်ထျန်း၏ လက်နှင့်ခြေထောက်များကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။
ဤမြင်ကွင်းသည် ယီယွင်နှင့် အလွန်ရင်းနှီးနေသည်။
ဒီရေအတက်အကျ ပြောင်းလဲသွားသည်မှာ မြန်ဆန်လှသည်။
ယီယွင်သည် လွန်ခဲ့သောလအနည်းငယ်၌ ရှန်းထူနန်ထျန်း၏ ထောင်ခန်းထဲတွင် ချည်နှောင်ခံခဲ့ရသည်။
သို့သော် ယခုအခါ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။
လောကတရားကြီးမှာ အမှန်တကယ်ပင် မခန့်မှန်းနိုင်ပေ။
ရှန်းထူနန်ထျန်း၏ဘေး၌ လက်တစ်ထောင်အဖွားကို သံကြိုးများဖြင့် ဆွဲကာ လေထဲတွင် ချိတ်ထားသည်။
သူမ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်ကဲ့သို့ ထင်ရစေသည်။
ယီယွင် ရောက်လာသည်ကို မြင်သည့်အခါ လက်တစ်ထောင်အဖွားသည် ယီယွင်ထံသို့ ချက်ချင်း တစွတ်ထိုး ရုန်းလိုက်သည်။
ဘန်း
သံကြိုးများ မည်မျှတင်းသည်အထိ လက်တစ်ထောင်အဖွား ရုန်းသည်ဖြစ်စေ ယီယွင်ကို မဖမ်းနိုင်ခဲ့ပေ။
သူမသည် အကြည့်များဖြင့် ယီယွင်၏ အသားကို အရှင်လတ်လတ် တစစီကိုက်ဆွဲဖြဲပစ်ချင်နေသည့်ပုံပေါက်နေသည်။
" ကောင်စုတ်လေး၊ မင်း ဒီနေ့ကို မမေ့နဲ့။ မင်း အသက်ရှင်လျက်နဲ့ သေချင်စိတ်ပေါက်လာမှာ သေချာတယ် "
လက်တစ်ထောင်အဖွားသည် ယီယွင်ကို အလွန်မုန်းတီးမိသည်။
ယနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စများအားလုံးသည် ယီယွင်ကြောင့်သာ ဖြစ်သည်။
အမုန်းတရားများပြီး အရေးအကြောင်းတွေနှင့် မျက်နှာကို မြင်သည့်အခါ ယီယွင် ခေါင်းခါလိုက်သည်။
" ခင်ဗျားရဲ့စွမ်းအားတွေကို တံဆိပ်ခတ်ခံထားရတယ်ဆိုတဲ့ အဖြစ်မှန်ကို လက်မခံနိုင်သေးဘူးထင်တယ်။ အခု ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်လို့ မရတော့ဘူး ..... "
ယီယွင်သည် ထိုသို့ပြောပြီး ရုတ်တရက် သူ့လက်ကိုမြှောက်ကာ ရက်စက်စွာ ရိုက်ချလိုက်သည်။
ဖြောင်း
ပြတ်သားသော ရိုက်ချက်နှင့်အတူ လက်တစ်ထောင်အဖွား နံရံဘက်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
သူမ၏မျက်နှာ၌ ရွှံ့များပေကျံနေသကဲ့သို့ အနက်ရောင်သွေးများနှင့် ဖုံးလွှမ်းနေသည်။
သို့သော် ထိုသည်မှာ ယီယွင်၏ ရိုက်ချက်ကြောင့် မဟုတ်ပေ။
လင်မိသားစု အဖွားတော်နှင့် လင်မိသားစု၏ ပူးပေါင်းတိုက်ခိုက်မှု အကျိုးဆက်ဖြစ်သည်။
" ကောင်စုတ်လေးတဲ့လား။ ကျစ် "
ယီယွင်သည် သူ၏ နယ်မြေခြားလက်စွပ်ထဲမှ မျက်နှာသုတ်ပုဝါတစ်ထည် ထုတ်ယူပြီး လက်ပေါ်၌ပေသွားသည့် အနက်ရောင်သွေးစွန်းများကို သုတ်ကာ မျက်နှာသုတ်ပုဝါကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
" ခင်ဗျား ကျုပ်ကို ဘယ်နှစ်ခါလောက် ကျိန်ဆဲပြီးပြီလဲ။ ဆယ်ကြိမ် ဒါမှမဟုတ် အကြိမ်နှစ်ဆယ်လောက်တောင် ဖြစ်နိုင်တယ်။ ကျုပ် ဒေါသက အခုထိ ခံနိုင်ရည်ရှိလို့ တော်သေးတယ်မှတ် စုန်းမအိုကြီး ..... "
ယီယွင်သည် ပြောနေလျက် လက်တစ်ထောင်အဖွား၏ ညာဘက်မျက်လုံးကို ရက်စက်ကြမ်းကြုတ်စွာဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်။
ယီယွင်သည် လက်သီးနှင့် အသားချင်းထိကာ ထိုးလိုက်ရသော ခံစားချက်ကို ကျေနပ်အားရသွားသည်။
လက်တစ်ထောင်အဖွားသည် ယီယွင်ကို စိုက်ကြည့်လျက် အံကြိတ်လိုက်သည်။
သူမ အလွန်ဒေါသထွက်နေသော်လည်း ယီယွင်ကို ဘာမှ မလုပ်နိုင်ပေ။
သူမ၏ တစ်သက်လုံး၌ ပုရွက်ဆိတ်တစ်ယောက်လောက်ပင် အနေအထားမရှိသော လူတစ်ယောက်ထံမှ ရက်စက်စွာ ရိုက်နှက်ခံရလောက်အောင် ကြောက်စရာကောင်းသော အခြေအနေမျိုး မရှိခဲ့ဖူးပေ။
ရှန်းထူနန်ထျန်း ယီယွင်ကို စိုက်ကြည့်နေသည်။
" ရက်အနည်းငယ်အတွင်း ငါ ဒီနေရာကနေ ထွက်သွားရမယ်ဆိုတာ မမေ့လိုက်နဲ့။ ငါ့မိသားစု အကြီးအကဲတွေက မဟာဧကရီလျှို့ဝှက်နယ်မြေဘုံ အချက်အလက်တွေနဲ့ ငါ့ကို လာလဲလိမ့်မယ် "
" ဒီနေ့ မင်းငါ့ကို ဘယ်လိုဆက်ဆံလဲဆိုတာ ငါ မှတ်ထားမှာ။ လူတစ်ယောက်က သူ့အသက်ကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ သိသင့်တယ်။ ငါ့အသက်ကို မထိဖို့ အကြံပေးတယ် "
ရှန်းထူနန်ထျန်းသည် လိမ္မာပါးနပ်သည်။
ယီယွင်အား ဆဲဆိုမည်ဆိုပါက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ခံစားရမည်ကို သူသိသည်။
ပညာရှိတစ်ယောက်သည် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ရိုက် မတိုက်ခိုက်ဘဲ ယီယွင် လင်မိသားစုမှ ထွက်သွားပါက ပြဿနာတက်မည်ဆိုသောအချက်ကို ယီယွင်ကို သတိပေးကာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
ယီယွင် သူ့မေးစေ့ကို ပွတ်သပ်ပြီး ခေါင်းညိတ်လိုက်သည်။
" ဒီစကားက ကျိုးကြောင်းဆီလျော်တယ်။ ဒါပေမယ့် သခင်လေးနန်ထျန်းပြောသလိုပဲ အခုရှိနေတဲ့အချိန်ကို တန်ဖိုးထားသင့်တယ်။ ငါ မျက်နှာသာ ပြန်ရဖို့ မင်းကို နှိပ်စက်သင့်တယ် ....... "
ယီယွင်သည် ပြောလျက် ရှန်းထူနန်ထျန်းကို ပါးရိုက်လိုက်သည်။
ဖြောင်း
ယီယွင်၏ လက်ဖဝါးသည် ရှန်းထူနန်ထျန်း မျက်နှာနှင့် အပြည့်အဝ ထိမိသွားပြီး ပြင်းထန်သော ရိုက်သံနှင့်အတူ ရှန်းထူနန်ထျန်းသည် ယီယွင်ထံမှ ပါးရိုက်ခြင်းကို ခံရသည်။
သူသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာများနှင့် ပြည့်နှက်နေသောကြောင့် နောက်ဆုံးထွက်သက် ရောက်လုနီးပါး ဖြစ်နေခဲ့သည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ဖိနှိပ်ချုပ်ထားခံရချိန်ဖြစ်ရာ ယီယွင်၏ ရိုက်ချက်ကြောင့် ရှန်းထူနန်ထျန်း ခေါင်းထဲ၌ ဗုံပေါင်းတစ်ထောင် တီးခတ်နေသလို ခံစားလိုက်ရသည်။
သူ မြေပြင်ပေါ်သို့ လဲကျသွားရင်း အန်ချင်လာသည်။
သူ၏ ဝိဉာဉ်ကို ထိခိုက်ဒဏ်ရာရစေသည်က အသက်အန္တရာယ်များလွန်းလှသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အနည်းငယ်သို့မဟုတ် ပြင်ပရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံရသည်က သူ၏ ဒဏ်ရာများကို ထိခိုက်စေပြီး ခေါင်းကိုက်စေသည်။
" မင်း ...... မင်း ....... "
ရှန်းထူနန်ထျန်း၏ မျက်လုံးများမှာ နီရဲနေပြီး ယီယွင်ကို သေမတတ် စိုက်ကြည့်နေသည်။
" ငါ မင်းနဲ့အငြှိုးမရှိဘဲ ဘာလို့ ငါ့ကို ဒီလိုဆက်ဆံနေတာလဲ "
ရှန်းထူနန်ထျန်းသည် ကြမ်းတမ်းသောစကားများ မပြောရဲတော့ပေ။
လက်တစ်ထောင်အဖွားသည် ယီယွင်ကို ဆဲဆိုသောအခါ ပါးရိုက်ခံခဲ့ရသည်။
သူသည် ယီယွင်ကို ခြိမ်းခြောက်ခဲ့သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်သည်။
ထို့ကြောင့် သူသည် နူးညံ့သိမ်မွေ့သော အမူအရာကို လုပ်လိုက်သည်။
" ရန်ငြှိုး မရှိဘူးတဲ့လား "
ယီယွင်၏နှုတ်ခမ်းပေါ်၌ လှောင်ပြောင်သောအပြုံးတစ်ခု ပေါ်လာသည်။
ယီယွင်၏စကားများသည် ရှန်းထူနန်ထျန်းအား စဉ်းစားစေခဲ့သည်။
ရန်ငြှိုးလား။
သေချာစဉ်းစားကြည့်သောအခါ ဤကောင်လေးသည် သူ၏အသွင်အပြင်ကို ဖုံးကွယ်ရန် ဘာကြောင့် မျက်နှာဖုံးဝတ်ဆင်ထားသည်ကို သူ မသိပေ။
ထို့အပြင် ယီယွင်၏အသံသည် မူလအသံ အစစ် မဟုတ်သကဲ့သို့ ထင်ရသည်။
ယီယွင်သည် သူ၏သရုပ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
ရှန်းထူနန်ထျန်း၏စိတ်ထဲတွင် မသက်သာသော စိတ်ခံစားချက်တစ်ခု ပေါ်လာသည်။
သူသည် ယီယွင်၏မျက်လုံးများကို စိုက်ကြည့်နေသည်။
ယီယွင်၏မျက်နှာဖုံးသည် သူ့မျက်လုံးများကို မဖုံးထားသော်လည်း မျက်လုံးများမှတစ်ဆင့် လူတစ်ဦးကို မှတ်မိရန်မှာ အလွန်ခက်ခဲသည်။
ရှန်းထူနန်ထျန်းသည် ယီယွင်၏ မျက်လုံးများကို ရင်းနှီးနေသည်ဟုသာ ခံစားမိသည်။
ယခင်က ဘယ်နေရာ၌ မြင်ဖူးသည်ကို သူ မမှတ်မိတော့ပေ။
အပိုင်း ( ၄၂၁ )
ကြွယ်ဝမှုကို အခွင့်ကောင်းယူခြင်း
" မင်းက ဘယ်သူလဲ "
ရှန်းထူနန်ထျန်းသည် ယီယွင်၏သရုပ်မှန်ကို စတင်၍သံသယဝင်လာသည်။
ယွင်ရန်ထျန်းသည် သူ့အပေါ် အငြှိုးရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။
၁၅နှစ်အရွယ် ကလေးတစ်ယောက်သည် သူနှင့် နီးကပ်သောဆက်ဆံရေးရှိမည်ဟု ရှန်းထူနန်ထျန်း မယုံချေ။
ယွင်ရန်ထျန်း မိသားစုကို သူ သတ်ခဲ့တာမလို့လား။
ကံဆိုးစွာဖြင့် ရှန်းထူနန်ထျန်းသည် ရက်စက်သောသူတစ်ယောက်ဖြစ်သောကြောင့် သူလည် လူများစွာကို သတ်ခဲ့သည်။
ထို့ကြောင့် သူသည် လူများစွာနှင့် အငြှိုးများရှိရာ ယီယွင် မည်သူဖြစ်သည်ကို ချက်ချင်း မခန့်မှန်းနိုင်ခဲ့ပေ။
ယီယွင်သည် ရှန်းထူနန်ထျန်း၏စကားများကို လျစ်လျူရှုလိုက်သည်။
မေးစေ့ကို ပွတ်သပ်လျက် အရှေ့ကိုစိုက်လာပြီး ရှန်းထူနန်ထျန်း၏လက်ကို ဆွဲလိုက်သည်။
" မင်း ဘာလုပ်တာလဲ "
ရှန်းထူနန်ထျန်းသည် လက်ရှိအချိန်၌ မီးစာကုန်ခါနီးမီးတောက်ကဲ့သို့ ခွန်အားမဲ့နေသည်။
ယီယွင်သည် သူ၏နယ်မြေခြားလက်စွပ်ကို ချွတ်လိုက်သောအခါ ရှန်းထူနန်ထျန်း နာကျင်မှုကိုသာ ခံစားလိုက်ရသည်။
ရှန်းထူနန်ထျန်း၏ နယ်မြေခြားလက်စွပ်တွင် သူ၏မြောက်မြားစွာသော စည်းစိမ်များ ပါဝင်သည်။
ရှန်းထုမိသားစု၏ ဆက်ခံသူသခင်လေးဖြစ်သည့်အလျောက် သဘာဝကျစွာပင် ရှန်းထူနန်ထျန်း၌ စည်းစိမ်မြောက်မြားစွာ ရှိသည်။
ယီယွင်ကို ရှန်းထူနန်ထျန်း ဖမ်းထားခဲ့စဉ်အချိန်က ရှန်းထူနန်ထျန်းသည် ယီယွင်၏ နယ်မြေခြားလက်စွပ်ကို စိတ်မဝင်စားခဲ့ပေ။
အကြောင်းမှာ ယီယွင်၏လက်စွပ်သည် သူနှင့် ယှဉ်ပါက နိမ့်ပါးမွဲတေလွန်းသည်။
သို့သော် ယခုအခြေအနေများ လုံးဝ ပြောင်းပြန်ဖြစ်သွားသည်။
ရှန်းထူနန်ထျန်း၏ နယ်မြေခြားလက်စွပ်သည် ယီယွင်အတွက် အထူးတလည် စွဲဆောင်မှုရှိနေသည်။
ထိုလက်စွပ်ထဲရှိ ပစ္စည်းကောင်းများကို မပစ်ပယ်သင့်ပေ။
ယီယွင်သည် လက်တစ်ထောင်အဖွား၏ လက်စွပ်ကိုလည်း ယူလိုက်သည်။
ထိုလက်စွပ်နှစ်ကွင်းသည် အလွန်အရည်အသွေးမြင့်လှသည်။
ယီယွင် ဝတ်ထားသော လက်စွပ်ထက် အတွင်းပိုင်းနယ်မြေများသည် ဆယ်ဆမက ပိုများသည်။
ယီယွင်ဝတ်ထားသော လက်စွပ်အား လင်ရှင်းထုံမှ ဝိဉာဉ်ပျိုးထောင်ရေးဆေးလုံးဖြင့်အတူ ပေးထားခြင်းဖြစ်သည်။
ယီယွင်သည် ထိုလက်စွပ်ကို ထိုက်အာတိုင်းပြည်၌ ဝတ်ပါက ကွာခြားချက်မှာ ပို၍ပင် ကြီးပေဦးမည်။
" လက်စွပ်ကောင်းပဲ "
ယီယွင် ကျေနပ်စွာ ချီးမွန်းလိုက်သည်။
ထိုအချိန်၌ ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားတို့သည် နှလုံးကွဲသေမတတ် ဒေါသထွက်လာကြသည်။
သို့သော် သူတို့ ဘာမှမလုပ်နိုင်ပေ။
လင်မိသားစုသည် သူတို့ကို ချုပ်နှောင်စဉ်က ရှန်းထူမိသားစု၏ ကြွယ်ဝမှုကို အခွင့်ကောင်းမယူကြပေ။
ထျန်းယွမ်ကမ္ဘာ၌ အင်အားကြီးမိသားစုများသည် မျက်နှာပျက်ရမည့်အလုပ်ကို ရှောင်ရှားကြရာ ထိုသို့လုပ်ရပ်မျိုး မလုပ်ကြပေ။
သို့သော် ဤသို့မိသားစုကြီးဆန်သည့် ပုံစံမျိုး ယီယွင်၏မျက်လုံးထဲ၌ အရာဝင်ပုံမရာပေ။
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားတို့သည် သူတို့ နယ်မြေလက်စွပ်များဖြင့် စိတ်ချင်းဆက်နွယ်မှုများ ရှိကြသည်။
တစ်စုံတစ်ယောက်မှ သူတို့၏ နယ်မြေလက်စွပ်ကို ထိလိုက်သည်နှင့် သူတို့ကပါ ခံစားမိသည်။
တစ်ဖက်လူ၏ စိတ်စွမ်းအင်သည် သူတို့လောက် အင်အားမသန်ပါက သူတို့၏နယ်မြေခြားလက်စွပ်ကို ဖွင့်နိုင်မည်မဟုတ်ပေ။
သို့သော် လက်ရှိ ရှန်းထူနန်ထျန်းအခြေအနေမှာတော့ လုံးဝကွဲပြားသည်။
သူ၏စိတ်စွမ်းအင်အခြေအနေမှာ လုံးဝပင် ဆိုးရွားနေသည်။
သူသည် ဆန်းကြယ်သလင်းလက်တံဆိပ်တစ်ခုကိုပင် ချိတ်မခတ်နိုင်လောက်ပေ။
ယီယွင်သည် သူ၏စိတ်စွမ်းအင်ကို ရှန်းထူနန်ထျန်း၏ လက်စွပ်ထဲသို့ အတားအဆီးမရှိ စိမ့်ထည့်လိုက်သည်။
သူသည် လက်စွပ်နှင့် ရှန်းထူနန်ထျန်းကြားမှ ဝိဉာဉ်ဆက်သွယ်မှုကို ရက်စက်စွာ ဖယ်ထုတ်ပစ်လိုက်သည်။
" အား "
ရှန်းထူနန်ထျန်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ ခေါင်းကို ဆုပ်ကိုင်လိုက်လျက် မြေပြင်ပေါ်သို့ နာကျင်စွာ လဲကျသွားခဲ့သည်။
ယီယွင်သည် လက်စွပ်ဖြင့်စိတ်ချင်းဆက်သွယ်မှုကို ဖြတ်လိုက်သည့်အချိန်တွင် ရှန်းထူနန်ထျန်းသည် သူ့ဦးနှောက်၏ အစိတ်အပိုင်းတစ်ခု ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အလွန်နာကျင်လွန်းသဖြင့် ချွေးအေးပင် ထွက်လာသည်။
ရှန်းထူနန်ထျန်း၏ နှလုံးသားထဲ၌ အကန့်အသတ်မရှိသော အမုန်းတရားများ ပေါ်ပေါက်လာခဲ့သည်။
သူ့ဘဝ၌ ဤမျှလောက်သော မုန်းတီးမှုကို တစ်ခါမှ မခံစားဖူးချေ။
သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ဖိနှိပ်ခံခဲ့ရကာ အကျဉ်းထောင်ထဲ၌ ပိတ်လှောင်ခံခဲ့ရသည်။
သူပိုင်ဆိုင်သင့်သည့် ထိပ်တန်းအလှလေးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ပုရွက်ဆိတ်ကဲ့သို့သော လူတစ်ယောက်မှ သူ့အား ရက်စက်စွာ ရိုက်နှက်ခဲ့ပြီး သူ၏ပိုင်ဆိုင်မှုဖြစ်သော လက်စွပ်ကို ခိုးယူကာ စိတ်ချင်းဆက်သွယ်မှု အမှတ်အသားကို ဖျက်ဆီးလိုက်သည်။
လက်ရှိအချိန်၌ ယီယွင်သည် ရှန်းထူနန်ထျန်း၏ လက်စွပ်ကို ပေါ့တန်စွာဖြင့် လှန်လှောကြည့်ရှုနေသည်။
ယီယွင်မှ ထိုသို့ကြည့်နေသည်ကို ရှန်းထူနန်ထျန်း ရှက်မိကာ မျက်လုံး ပေါက်ထွက်လာတော့မည်သို့ ခံစားရစေသည်။
ယီယွင်သည် ရှန်းထူနန်ထျန်း၏ နယ်မြေလက်စွပ်ကို မြန်ဆန်စွာပင် စစ်ဆေးကြည့်ရှုပြီးသွားသည်။
သူ အချက်အလက်အချို့ ရှာဖွေတွေ့ရှိခဲ့သည်။
ပထမတစ်ခုမှာ ကျောက်စိမ်းလိပ် အစုအဝေးတစ်ခုဖြစ်သည်။
ထိုအထဲ၌ ကျင့်ကြံမှုနည်းစနစ်များနှင့် အမွေအနှစ်အမျိုးမျိုး ရှိသည်။
ထိုအမွေအနှစ်တချို့သည် ရှန်းထူမိသားစုအတွက် အလွန်တန်ဖိုးရှိလေသည်။
ထိုသို့ဖြစ်ရန် မိသားစုများမှ လုံလောက်စွာထောက်ပံ့ထားမှု လိုအပ်သည်။
အမွေအနှစ်စာလိပ်မှာ ၄-၅ခုလောက် ရှိသည်။
ရှုပ်ထွေးသော စာလုံးများနှင့် ထွင်းထားသည့် ရှေးဟောင်းကျောက်စိမ်းစာလိပ်တစ်ခုလည်း ရှိနေသည်။
ရိုးရှင်းစွာ စစ်ဆေးပြီးနောက်ဤသည်မှာ ရှေးဟောင်းပျက်စီးခြင်းကောင်းကင် နည်းစနစ်အမွေအနှစ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ဤကျောက်စိမ်းစာလိပ်ကို ရှန်းထူမိသားစုသည် မဟာဧကရီနယ်မြေမှ ယူဆောင်လာသည်မှာ သေချာသည်။
ကျောက်စိမ်းစာလိပ်အပြင် အမြုတေအများအပြားကိုလည်း ယီယွင် တွေ့ရှိခဲ့သည်။
ထိုလှပသော အမြုတေပုလင်းများအားလုံး အထဲ၌ ထိပ်တန်းအဆင့် ဝိဉာဉ်ပြုစုပျိုးထောင်ဆေးနှင့် ဒဏ်ရာကုသဆေးများ ပါဝင်သည်။
ထိုအမြုတေပုလင်းများအပြင် သေတ္တာကြီးသုံးခုလည်း ပါဝင်သေးသည်။
ထိုသေတ္တာများကို အထူးသတ္တုတမျိုးနှင့် ပြုလုပ်ထားသည်။
သေတ္တာတစ်ခုချင်းစီ၏ အပြင်ဘက်တွင် တံဆိပ်များ ပါရှိသည်။
ယီယွင်သည် သေတ္တာများကို ထုတ်ပြီး ဖွင့်ရန် မရဏအသံလှိုင်းဓားကို အသုံးပြုပြီး ဖွင့်လိုက်သည်။
ထို့နောက် တစ်ချက်ကန်ကာ အဖုံးကို ဖွင့်သည်။
ချက်ချင်းပင် သေတ္တာထဲမှ အလွန်သန့်စင်ပြီး အစွမ်းထက်သော မိုးမြေကမ္ဘာယွမ်ချီတစ်ခု ထွက်လာပြီး အကျဉ်းထောင်တစ်ခုလုံး ပြည့်နှက်သွားသည်။
သေတ္တာတွေထဲ၌ သေသပ်စွာ စီရီထားသည့် ပျက်စီးခြင်း အရိုးရုပ်ကြွင်းများစွာ ရှိသည်။
ထိုလူသူကင်းမဲ့ အရိုးရုပ်ကြွင်းများ၏ အရည်အသွေးသည် အလွန်သန့်စင်ပြီး တပြေးညီလှသည်။
အလွန်တန်ဖိုးမကြီးလှသော်လည်း သေတ္တာကြီးသုံးလုံးလုံးမှာ တန်ဖိုးကြီးသည်။
စစ်သည်တော်ကမ္ဘာ၌ ပျက်စီးခြင်း အရိုးရုပ်ကြွင်းများ၏ အရည်အသွေးသည် တစ်ပြေးညီတည်းဖြစ်ပါက ပစ္စည်းအမျိုးမျိုးကို ဝယ်ယူသည့် ငွေကြေးအဖြစ် အသုံးပြုလေ့ရှိသည်။
ထိုသေတ္တာသုံးလုံးကို ရှန်းထူနန်ထျန်းသည် ကျင့်ကြံမှုအတွက် အသုံးမပြုခဲ့ပေ။
ထိုအစား သူ၏ စည်းစိမ်အဖြစ်ထားသည်။
မြို့ထဲသို့ သွားသည့်အခါ သူ ငွေဖြုန်းနိုင်သည်။
ယီယွင်သည် အပိုလုပ်မနေတော့ဘဲ ထိုအမွေအနှစ်သေတ္တာကြီးသုံးလုံးကို သိမ်းဆည်းထားလိုက်တော့သည်။
နောက်ဆုံးမှာ ...... လက်နက်များ ဖြစ်သည်။
ရှန်းထူနန်ထျန်းသည် ဓားသုံးသူတစ်ယောက်ဖြစ်သည်။
ယီယွင်သည် အပြာရောင်ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထိုဓားသည် ရှန်းထူနန်ထျန်း၏ အဖော်ဓားဖြစ်သည်။
ယီယွင်၏ လက်ထဲ၌ သူ၏ အဖော်ဓားကို မြင်လိုက်သည့်အခါ ရှန်းထူနန်ထျန်း၏ မျက်လုံးများ နီရဲသွားသည်။
ဤသည်မှာ သူ၏ လက်စွပ်ထဲရှိ အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည်။
ထိုဓားကို ရှန်းထူဂိုဏ်းချုပ်ကြီးမှ သူ အရွယ်ရောက်လာပြီးနောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ရှန်းထူဂိုဏ်းချုပ်ကြီးထံမှ လက်ဆောင်တစ်ခုသည် အဖိုးတန်မည်မှာ ထင်ရှားလှသည်။
" အတော်ကောင်းတဲ့ ဓားပဲ "
ယီယွင်သည် အပြာရောင်ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
သူ ဓားကို ဝှေ့ယမ်းလိုက်သောအခါ ရှန်းထူနန်ထျန်းသည် လက်သီးကို ကျစ်နေအောင်ဆုပ်လျက် ခန္ဓာကိုယ်ကလည်း တုန်ခါသွားသည်။
သူ့လက်သည်းများသည် လက်ဖဝါးထဲသို့ပင် နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။
သူ နှစ်ခြိုက်မြတ်နိုးသော ဓားကို ယီယွင်က လက်ထဲတွင် ဂရုမစိုက်ဘဲ ကိုင်ဆောင်ထားသည်။
ဤခံစားချက်သည် သူ ရည်စူးထားသော အချစ်ဆုံးမိန်းကလေးကို ယီယွင်မှ စော်ကားလိုက်သကဲ့သို့ ဖြစ်သည်။
" ယွင်ရန်ထျန်း၊ မင်းက အသေဆိုးနဲ့သေရမှာပဲ "
ရှန်းထူနန်ထျန်းသည် ရက်စက်ကြမ်းကြုတ်စွာ ကျိန်ဆဲလိုက်သော်လည်း ထိုအချိန်တွင် သူ့ဝိဉာဉ်ထဲမှ နာကျင်မှုအချို့ကို ခံစားလိုက်ရသည်။
ပေါင်ချိန်၁၀၀၀၀ကျော် အလေးချိန်ရှိသည့် တူကြီးတစ်ချောင်းဖြင့် ဓားပေါ် ထုလိုက်သကဲ့သို့ ဖြစ်သည်။
သူ့မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားသည်။
ရှန်းထူနန်ထျန်း၏ အားနည်းသော စိတ်အခြေအနေကို အခွင့်ကောင်းယူကာ ယီယွင်သည် အပြာရောင်ဓားနှင့် သူ၏စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများကို ရက်စက်စွာ ဖျက်ဆီးလိုက်သည်။
ယီယွင်သည် ကိန်းကြီးခမ်းကြီး လုပ်မနေတော့ဘဲ ရှန်းထူနန်ထျန်း၏ ဓားကို ကိုင်ဆောင်ထားသည်။
သူသည် ဓားတစ်ချောင်း လိုအပ်နေခဲ့သည်။
ယခင်က ထိုက်အာနတ်ဘုရားမြို့တွင် ထိုက်အာနတ်ဘုရားမြို့မှ အကြီးအကဲများသည် ယီယွင်အား ဓားနှင့် ဓားရှည်တစ်စုံ ပေးအပ်မည်ဟု ကတိပြုခဲ့ကြသည်။
သို့သော် ထိုက်အာနတ်ဘုရားတိုင်းပြည်ကို သားရဲအုပ်ကြီးတစ်စုမှ တိုက်ခိုက်ခဲ့သောကြောင့် လက်နက်အစုံပေးအပ်ရန်ကိစ္စကို ရပ်ဆိုင်းထားခဲ့ရသည်။
ယီယွင်ထံတွင်ရှိသော ဓားနှင့်ဓားရှည်အစုံများသည် လျှို့ဝှက်ဆန်းကြယ် သံချေးတက်ဓားမှလွဲ၍ ကျန်လက်နက်များသည် သာမန်သာဖြစ်ကြသည်။
ကံမကောင်းစွာဖြင့် ရှန်းထူနန်ထျန်း၏ လက်စွပ်ထဲတွင် ရတနာများစွာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ယီယွင်သည် မဟာဧကရီလျှို့ဝှက်နယ်မြေဘုံနှင့်ပတ်သက်သည့် အချက်အလက်များကို မတွေ့ရှိခဲ့ပေ။
မဟာဧကရီလျှို့ဝှက်နယ်မြေ၏ လျှို့ဝှက်ချက်များသည် ကျင့်ကြံနည်းစနစ်လက်စွဲစာအုပ် မဟုတ်သောကြောင့် မရှိသည်မှာ ကျိုးကြောင်းဆီလျော်သည်။
ထိုအချက်အလက်များကို ကျောက်စိမ်းစာလိပ်တွင် သိမ်းဝှက်ထား၍မရနိုင်ပေ။
ရှန်းထူနန်ထျန်းမှ ထိုအချက်လက်ကို သယ်ဆောင်နေသည်မှာလည်း အဓိပ္ပာယ်မရှိချေ။
ရှန်းထူနန်ထျန်း၏ လက်စွပ်ကို ရှာဖွေပြီးနောက် ယီယွင်သည် လက်တစ်ထောင်အဖွား၏ လက်စွပ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် လက်တစ်ထောင်အဖွားသည် ကျင့်ကြံမှုအဆင့် ကန့်သတ်ခံထားရသော်လည် သူမ၏ စိတ်စွမ်းအင်သည် ကောင်းမွန်နေဆဲဖြစ်သည်။
သူမ၏ဝိဉာဉ်သည် မပျက်စီးသေးပေ။
ယီယွင် တစ်ခါကြိုးစားကြည့်သော်လည်း လက်တစ်ထောင်အဖွားနှင့်လက်စွပ်၏ စိတ်ချင်းဆက်သွယ်မှုကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။
သူ၏ဝိဉာဉ်သည်ပင် တန်ပြန်တုံ့ပြန်မှုကို ခံစားခဲ့ရကာ ဝိဉာဉ်ထိခိုက်မှုကိုပင် ဖြစ်စေခဲ့သည်။
ယီယွင် မျက်ခုံးများကို တင်းတင်းစေ့ပြီး လက်တစ်ထောင်အဖွားကို လှည့်ကြည့်လိုက်သည်။
သူမက ယီယွင်ကို မုန်းတီးစွာကြည့်ပြီး ဟက်ခနဲလှောင်လိုက်သည်။
" ကောင်လေး၊ မင်းက ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက် "
သူမ၏စကား မဆုံးခင်မှာပင် ယီယွင်သည် ခြေထောက်ကိုမြှောက်ကာ လက်တစ်ထောင်အဖွား၏ မျက်နှာကို အားကုန်ကန်လိုက်သည်။
ဘုန်း
ပေါက်ကွဲသံနှင့်အတူ ယီယွင်၏ကန်ချက်ကြောင့် အိုနေသော လက်တစ်ထောင်အဖွား၏ခေါင်းသည် ထောင်နံရံများနှင့် သွားဆောင့်လေတော့သည်။
" အား "
လက်တစ်ထောင်အဖွားသည် အော်ဟစ်လှုပ်ရမ်းနေသည်မှာ သူမကို ချုပ်နှောင်ထားသော သံကြိုးများပင် တချွမ်ချွမ်မြည်လာသည်။
ယီယွင်သည် သူ၏ညာခြေဖြင့် ကန်လိုက်စဉ်က လုံးဝသနားညှာတာမှုမရှိပေ။
တိုက်ခိုက်မှုတိုင်းသည် လက်တစ်ထောင်အဖွား၏ မျက်နှာကို ပစ်မှတ်ထားလေသည်။
ကျင့်ကြံအားထုတ်မှု စွမ်းအင်မရှိသည့်အပြင် ယွမ်ချီစွမ်းအား ပိတ်ခံထားရသော လက်တစ်ထောင်အဖွားသည် သာမန်အဖွားအိုတစ်ယောက်သာ ဖြစ်သည်။
ယီယွင်၏ တိုက်ခိုက်နင်းခြေမှုကို သူမခံနိုင်ရည်မရှိပေ။
လက်တစ်ထောင်အဖွားသည် ယီယွင်၏ တိုက်ခိုက်မှုကို တရစပ်ခံနေရ၍ မူးဝေလာပြီး ခေါင်းထဲ၌ အလွန်နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားလိုက်ရသည်။
သူမ၏အတွေးများ ရှုပ်ထွေးနေချိန် သူမနှင့် လက်စွပ်၏ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားမှုကို ယီယွင်မှ ရက်စက်စွာ ဖျက်ဆီးပစ်လိုက်သည်။
ယီယွင်သည် လက်တစ်ထောင်အဖွား၏ လက်စွပ်ကိုကိုင်ပြီး ခေါင်းခါသည်။
" ဘာလို့ ကိစ္စတွေကို ဒီလောက်ခက်ခဲအောင် လုပ်နေတာလဲ။ ခင်ဗျားက ဒီမှာပိတ်မိနေပြီး ကျင့်ကြံအားထုတ်မှုအဆင့်ကိုလည်း ချုပ်နှောင်ဖိနှိပ်ခံထားရပြီလေ။ ဘာလို့ လက်စွပ်ကို သိမ်းထားဖို့ ကြိုးစားနေသေးတာလဲ "
ယီယွင်သည် လက်တစ်ထောင်အဖွား၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများကို လုံးဝလျစ်လျူရှုကာ လက်စွပ်ကို စစ်ဆေးသည်။
လက်တစ်ထောင်အဖွား၏ လက်စွပ်ထဲတွင် ကောင်းမွန်သောပစ္စည်းများ ပို၍များပြားစွာ ရှိနေသည်။
အရိုးစုများပါဝင်သော သေတ္တာကြီးငါးလုံး ရှိသည်။
လေ့ကျင့်ရေးကျင့်စဉ် လက်စွဲစာအုပ်များ၊ လက်နက်များနှင့် ဆေးဝါးများ အများအပြားလည်း ပါဝင်သည်။
ထိုပစ္စည်းများ၏အဆင့်များသည် ရှန်းထူနန်ထျန်း၏လက်စွပ်ထက်ပင် ပို၍မြင့်မားသည်။
ထို့နောက် ယီယွင်သည် လက်တစ်ထောင်အဖွား၏လက်စွပ်ထဲမှ သူအလိုရှိသည့် ဓားတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤဓားကို လက်တစ်ထောင်အဖွားမှ စုဆောင်းမှု အစိတ်အပိုင်းတစ်ခုအဖြစ်သာထားပြီး အသုံးမပြုပေ။
ဓားသည် သွေးနီရောင်ဖြစ်သည်။
ဓားလက်ကိုင်တွင် အသက်ဝင်ရုပ်ကြွသော တစ္ဆေဦးခေါင်းတစ်ခု ထွင်းထုထားသဖြင့် ကြည့်ရသည်မှာ အလွန်ဆိုးရွားသောပုံစံပေါက်နေသည်။
ဓားပေါ်၌ 'သွေးနီကြာပန်း'ဟူသောစကားလုံးများကို ရေးထိုးထားသည်။
သွေးနီကြာပန်းဓား။
ယီယွင်သည် ဓားကို ဝှေ့ယမ်းလိုက်သောအခါ သွေးရောင် ရောင်ခြည်များ ဖြာထွက်လာပြီး သွေးများဖြင့် ဖုံးလွှမ်းသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ထင်ရသည်။
ဤဓားသည် အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့သောကြောင့် လတ်ဆတ်သောသွေးရည်ဝနေသည်မှာ ထင်ရှားလှသည်။
ဓားပေါ်၌ စုဆောင်းထားသော လူသတ်
ချီဓာတ်ပင် လူသတ်လက်နက်အဖြစ် အသုံးပြုရန် လုံလောက်သည်။
" ကောင်းလိုက်တဲ့ ဓား "
ယီယွင် အလွန်ကျေနပ်သွားသည်။
ဤဓားသည် လက်တစ်ထောင်အဖွား၏ စုဆောင်းမှုတစ်ခုသာဖြစ်သောကြောင့် သူမနှင့် စိတ်ချင်းဆက်သွယ်မှုအမှတ်အသား မကျန်ရှိပေ။
ထို့ကြောင့် ယီယွင်သည် ပျော်ရွှင်စွာ ဓားနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။
" ကောင်စုတ်လေး၊ ငါ ကျိန်ဆိုတယ်၊ မင်းရဲ့အရိုးတွေကို အမှုန့်ဖြစ်အောင်ထိ လုပ်ပစ်မယ် "
လက်တစ်ထောင်အဖွားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူမသည် အလွန်ဒေါသထွက်နေသည့်အလျောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
သံကြိုးများမှာလည်း လှုပ်ရမ်းနေမှုကြောင့် တကျွီကျွီမြည်နေလေသည်။
ယီယွင်သည် အဖွားအိုကို လျစ်လျူရှုပြီး လက်စွပ်ကို ဆက်လက်ရှာဖွေနေသည်။
သူသည် ဆေးပုလင်းတိုင်းကို ဖွင့်ပြီး ရှူကြည့်သည်။
ထိုအခါ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်မှာ ကွေးညွှတ်တက်သွားသည်။
သူ ရှာတွေ့ပြီ ဖြစ်သည်။
သူမမှာ တကယ်ရှိနေတာပဲ။
ယီယွင်သည် အပြာရောင်ကျောက်စိမ်းပုလင်းတစ်လုံးကို ဖွင့်လိုက်သည်။
သူ ပုလင်းကို ညင်သာစွာ ဖွင့်လိုက်သောအခါ အေးစက်သည့်အငွေ့များထွက်နေသည့် ရေခဲပြာရောင် ဆေးပြားတစ်ပြား ထွက်လာသည်။
ထိုဆေးပြားသည် ယီယွင်အတွက် မမေ့နိုင်ဖွယ် ဆေးတစ်ခုဟု ပြောလို့ရနိုင်သည်။
အကြောင်းမှာ ယခင်က ထိုဆေးပြားကို အတင်းအကြပ် အကျွေးခံရဖူးလို့ဖြစ်သည်။
ထိုဆေးအမည်မှာ 'ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြား' ဖြစ်သည်။