← Chapters

အခန်း (၄၂၈-၄၃၀)

Vol. 29 Ch. 428-430

အခန်း (၄၂၈-၄၃၀)

Vol. 29 Ch. 428-430

အပိုင်း ( ၄၂၈ )

မျက်နှာဖုံးကွာကျလာခြင်း

ယီယွင်နှင့် လင်ရှင်းထုံတို့၏ အဖော်ပြုမှုနှင့်အတူ အဘွားတော်လင်သည် ကျောက်စိမ်းဝါးတောင်ထိပ်ပေါ်သို့ ဦးတည်လေသည်။

သူတို့လေစီးယာဉ်ပေါ်သို့ တက်လိုက်သည်နှင့် လင်မိသားစုအဘွားတော် ရုတ်တရက် ရပ်ကာ လင်ရှင်းထုံကို မဟာဧကရီနယ်မြေနှင့် ပတ်သက်သော ကျောက်စိမ်းစာလိပ်ကို ပေးလိုက်သည်။

" ရှင်းထုံ၊ တစ်ချက်ကြည့်ကြည့်လိုက် ......... "

ထိုစာသားက လူတိုင်းကို အတွေးရပ်စေပြီး ခြေလှမ်းများကို ရပ်လိုက်ကြသည်။

လူတိုင်းသည် လင်ရှင်းထုံကို လှည့်ကြည့်သည်။

လင်မိသားစုနှင့် ရှန်းထူမိသားစုကြားမှ ဖလှယ်မှုသည် မဟာဧကရီလျှို့ဝှက်နယ်မြေ တည်နေရာတစ်ခုတည်း မဟုတ်ပေ။

ရှန်းထူမိသားစု မဟာဧကရီလျှို့ဝှက်နယ်မြေအတွင်း ရရှိခဲ့သော အတွေ့အကြုံများလည်း ပါဝင်သည်။

ထိုအချက်အလက်များသည် မဟာဧကရီလျှို့ဝှက်နယ်မြေအတွင်း ရှိသောအရာများအပြင် အလားအလာရှိသော အခွင့်အလမ်းများနှင့် အန္တရာယ်များကို ယေဘုယျအားဖြင့် ဖော်ပြပေးထားသည်။

လင်မိသားစုအဘွားတစ်ဦးတည်းသာ ကျောက်စိမ်းစာလိပ်ကို မြင်ဖူးသည်။

ထိုစာလိပ်ထဲတွင် မည်သို့အချက်များရှိသည်နှင့် လင်ရှင်းထုံ၏ သဘာဝအတိုင်း ပိတ်ဆို့နေသော သွေးကြောများကို ကုသပေးနိုင်မည်လား ဆိုသည်မှာ ပဟေဠိဆန်နေဆဲဖြစ်သည်။

သူတို့ အလွန်ကြိုးစားပြီးနောက်မှ မဟာဧကရီလျှို့ဝှက်နယ်မြေသည် လင်ရှင်းထုံအတွက် အသုံးမဝင်ပါက အဓိပ္ပာယ်မရှိတော့ပေ။

လင်ရှင်းထုံသည် ကျောက်စိမ်းစာလိပ်၏ ချောမွေ့သောအနားစွန်းများကို ညင်သာစွာထိလျက် ကျောက်စိမ်းစာလိပ်ကို ယူလိုက်သည်။

သူမ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။

သူမ စာလိပ်ကို ဖတ်နေစဉ် သူမ၏ မျက်တောင်ရှည်များသည် အနည်းငယ်တုန်သွားသည်။

လင်ရှင်းထုံသည် အာရုံစူးစိုက်စွာဖြင့် ကျောက်စိမ်းစာလိပ်ထဲမှ အကြောင်းအရာများကို ဖတ်နေသည်။

သူမသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည်လည်း သူမ၏အမူအရာကို စောင့်ကြည့်နေခဲ့သည်။

အဘိုးကြီးစုကျဲသည် လက်များကို ဆုပ်ကိုင်ထားသည်။

သူသည် စိတ်လှုပ်ရှားပြီး မျှော်လင့်နေပုံရသည်။

မဟာဧကရီ လျှို့ဝှက်နယ်မြေထဲ၌ အလွယ်တကူရနိုင်သော သို့မဟုတ် အဖိုးတန်သော အရာများကို ရှန်းထူမိသားစုမှ ယူဆောင်သွားပြီးဖြစ်သည်မှာ သံသယဖြစ်စရာ မရှိချေ။

ကျန်ရှိနေသောပစ္စည်းများသည် အလွန်အန္တရာယ်များသော အရာများဖြစ်နိုင်ပြီး ရယူရန်ပင် မလွယ်ကူလောက်ချေ။

တကယ်ပင် ရှန်းထူနန်ထျန်း ပြောခဲ့သလိုဖြစ်သည်။

ရှန်းထူမိသားစုသည် မဟာဧကရီ လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ စူးစမ်းလေ့လာခဲ့ရသေးသည်။

ရှန်းထူမိသားစုသည် မရနိုင်၍ ချန်ထားခဲ့ရသော အခွင့်အလမ်းများ ပိုများသည်။

လင်ရှင်းထုံသည် ကျောက်စိမ်းစာလိပ်ကို ဖတ်ပြီးသွားသည့်နောက် ဘာမှ မပြောပေ။

သူမသည် ကျောက်စိမ်းစာလိပ်အား အဘွားတော်ကို ပြန်ပေးခဲ့သည်။

သူမ၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုနှင့် စိတ်ပျက်အားငယ်မှုများကို မမြင်ရပေ။

" ကြည့်ပါရစေ "

စုကျဲ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

စုကျဲသည် အပြင်လူတစ်ယောက်ဖြစ်သော်လည်း အဘွားတော်က သူ့ကို လုံးဝ ယုံကြည်သောကြောင့် ကျောက်စိမ်းစာလိပ်ထဲမှ အကြောင်းအရာများအား သူ့ကို ကြည့်ခွင့်ပေးသည်။

စုကျဲ ဖတ်ပြီးသောအခါ သူ့မျက်နှာက ထူးဆန်းသွားသည်။

ဘေး၌ ကြည့်နေသော ယီယွင်သည်လည်း သိချင်စိတ်ပေါက်သွားသည်။

ကျောက်စိမ်းစာလိပ်ထဲမှာ ဘာတွေပါတာလဲ။

အဘွားတော်သည် ယီယွင်၏စိတ်ထဲ၌ သိချင်နေသည်ကို မြင်နိုင်သည်။

သူမသည် ကျောက်စိမ်းစာလိပ်ကို ယီယွင်ထံ ပေးလိုက်သည်။

" မင်းလည်း ကြည့်ပါလား "

" ကျွန်တော်လား "

ယီယွင်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

လင်မိသားစုအဘွားတော်သည် သူ့လို ဂျူနီယာတစ်ယောက်ကို ကျောက်စိမ်းစာလိပ်အား ကိုယ်တိုင်ဖတ်ခွင့်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ယီယွင်၏ ဘေး၌ ရှိနေသာ လင်ဖန်းကူ ဒေါသထွက်သွားသည်။

သူမသည် အသက်ကြီးသူနေရာ မရရုံသာမက ယီယွင်ကပင် သူမထက်အရင် ရသွားခဲ့သည်။

လင်မိသားစုအဘွားတော်ရဲ့ စိတ်ထဲမှာ ဒီယီယွင်ဆိုတဲ့ကလေးလောက်တောင် နေရာမရှိဘူးလား။

" ကျောက်စိမ်းပေစာကို ရခဲ့တာက မင်းကျေးဇူးကြောင့်ပဲလေ။ အဲ့တာက မျှော်လင့်ချက် ရှိသေးပေမဲ့ ..... မျှော်လင့်ချက်က တော်တော်လေးသေးပါတယ် "

လင်မိသားစုအဘွားတော် ညင်သာစွာ ခေါင်းခါသည်။

ယီယွင်သည် ကျောက်စိမ်းစာလိပ်ကို ရရှိပြီးနောက် အာရုံထည့်ကာ ဖတ်သည်။

လွန်ခဲ့သောအချိန်အကြာကြီးက တည်ရှိခဲ့သော ဆန်းကြယ်နယ်မြေသည် ယီယွင်အရှေ့၌ မျက်နှာဖုံးကွာကျလာခဲ့သည်။

ယီယွင် ပထမဆုံးမြင်လိုက်သည်မှာ အရေးအကြီးဆုံး အချက်အလက်ဖြစ်သည့် မဟာဧကရီလျှို့ဝှက်နယ်မြေ တည်နေရာဖြစ်သည်။

ထိုသည်ကို မြင်သောအခါ ယီယွင် အံ့အားသင့်သွားသည်။

ကြီးမားလှသော မဟာဧကရီလျှို့ဝှက်နယ်မြေသည် နတ်ဘုရားသင်္ချိုင်းချောက်နက်အနီးတွင် တည်ရှိသည်။

ထျန်းယွမ်ကမ္ဘာ၏ ဘေးပတ်လည်ကို ဖြတ်မကူးနိုင်သော ပင်လယ်ဖြင့် ကာရံပိတ်ဆို့ထားကြောင်း ယီယွင် ထျန်းယွမ်ကမ္ဘာသို့ ပထမဆုံးရောက်လာစဉ်က စုကျဲထံမှ ကြားဖူးသည်။

ထိုဖြတ်ကူးမရသော ပင်လယ်ကြီးသည် အဆုံးမရှိကျယ်ပြန့်ကာ ထိုပင်လယ်၏ ကောင်းကင်မြေယွမ်ချီမှာလည်း နည်းလွန်းလှသည်။

ပင်လယ်ကြီးသည် တိတ်ဆိတ်နေပြီး ဘယ်သူမှ မဖြတ်နိုင်ခဲ့ပေ။

ထျန်းယွမ်ကမ္ဘာ၏အောက်၊ ဖြတ်မကူးနိုင်သောပင်လယ်အနက်ထဲတွင် နတ်ဘုရားသင်္ချိုင်းချောက်နက်ဟု အမည်ရသော အနက်ရောင်ဝဲဂယက်ကြီးရှိသည်။

နတ်ဘုရားသင်္ချိုင်းချောက်နက်ကြီးသည် ကြောက်စရာကောင်းအောင်ပင် ပြိုင်ဘက်ကင်းသော စုပ်ယူမှုစွမ်းအား ရှိလေသည်။

တစ်စုံတစ်ဦးသည် ဆွဲယူခံရပါက အဆုံးမရှိသော ချောက်နက်ထဲကျသွားမည်ဖြစ်ပြီး ပြန်လမ်းမရှိနိုင်ပေ။

မသေမျိုးနတ်ဘုရားများပင် ပြန်လာနိုင်ခြင်း မရှိဟု ဆိုပေသည်။

ထို့ကြောင့် နတ်ဘုရားသင်္ချိုင်းချောက်နက်ဟု ခေါ်တွင်သည်။

ထိုနေရာသည် ထျန်းယွမ်ကမ္ဘာတွင် ကြောက်စရာအကောင်းဆုံးနေရာ ဖြစ်သည်။

ရှန်းထူအဘိုးတော်ကဲ့သို့ လူမျိုးပင် ထိုနေရာမျိုးကို မဝင်ရဲလောက်ပေ။

လောကထိပ်တန်းပုဂ္ဂိုလ်များပင်လျှင် သူတို့၏သက်တမ်းကုန်ဆုံးခါနီးမှ နတ်ဘုရားသင်္ချိုင်းချောက်နက်ထဲသို့ ဝင်ရန် စဉ်းစားပေလိမ့်မည်။

အချို့သည် နတ်ဘုရားသင်္ချိုင်းချောက်နက်ထဲ၌ မည်သည့်အရာများ ရှိသည်ကို မြင်ဖူးချင်ကြသည်။

အခြားသူများသည် နတ်ဘုရားသင်္ချိုင်းချောက်နက်ထဲသို့ဆင်းကာ သူတို့၏ကျန်ရှိသော သက်တမ်းကို ဆွဲဆန့်ချင်ကြသည်။

သို့သော် မဟာဧကရီဆန်းကြယ်နယ်မြေသည် နတ်ဘုရားသင်္ချိုင်းချောက်နက်ထဲတွင် မဟုတ်ပေ။

ထိုသို့ဖြစ်ပါက မည်သူမှ ဝင်ရဲမည် မဟုတ်ပေ။

မဟာဧကရီဆန်းကြယ်နယ်မြေသည် နတ်ဘုရားသင်္ချိုင်းချောက်နက်ဝဲဂယက်၏ အနီးနားတွင် ဖြစ်သည်။

အတော်အတန်ဝေးပါသော်လည်း မဟာဧကရီဆန်းကြယ်နယ်မြေသည် နတ်ဘုရားသင်္ချိုင်းချောက်နက်၏ ကြောက်စရာကောင်းသော ဆွဲစုပ်ယူမှုအားသက်ရောက်မှု ရှိသည်။

ထိုသည်က ယီယွင်ကို ထိတ်လန့်စေသည်။

နတ်ဘုရားသင်္ချိုင်းချောက်နက်တစ်ဝိုက် နေရာများသည် အလွန်မတည်ငြိမ်ကြောင်း သိရသည်။

ကြောက်စရာကောင်းတဲ့ စုပ်ယူအားနဲ့ အာကာသပတ်ထဲမှာ ဒီလိုဆန်းကြယ်နယ်မြေဘုံအကြီးကြီးကို အချိန်အကြာကြီးထားဖို့ဆို ဘယ်လိုစွမ်းအင်မျိုး လိုအပ်မှာလဲ။

ဤမဟာဧကရီလျှို့ဝှက်နယ်မြေကို ရှေးဦးပြိုင်ဘက်ကင်းမဟာဧကရီကြီးကိုယ်တိုင် ချန်ထားခဲ့ခြင်း ဖြစ်ရပေမည်။

ထိုနေရာသည် မဟာဧကရီ၏ အုတ်ဂူမဟုတ်သော်လည်း မဟာဧကရီချန်ထားခဲ့သော အမွေအနှစ်မြေဖြစ်သည်။

ကိုယ်ခံပညာလောကတွင် မဟာဧကရီကဲ့သို့ မဟာဧကရာဇ်အဆင့်ဝင် ပုဂ္ဂိုဟ်များသည် အနည်းစုသာရှိသည်အထိ အလွန်နည်းပါးသည်။

သမိုင်းအထောက်အထားများအရ သူတို့၏သက်တမ်း မည်မျှရှိသည်ကို မသိရပေ။

ခန့်မှန်းချက်များသာ ရှိကြသည်။

သူတို့သည် နှစ်ပေါင်းသိန်းသောင်းချီသည်အထိ အသက်ရှည်ကြပြီး ချောက်နက်အတွင်းဆင်းကာ သေကြေပျက်စီးပြီး ထျန်းယွမ်ကမ္ဘာမှ ထွက်သွားကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သမိုင်းကြောင်းအရ နေရာတစ်ခုထဲတွင် ပြိုင်ဘက်ကင်းမဟာဧကရာဇ်နှစ်ယောက် တပြိုင်တည်း အတူမရှိနိုင်ပေ။

ထို့ကြောင့် ပြိုင်ဘက်ကင်းမဟာဧကရာဇ်များသည် အထီးကျန်ရဖို့ ကံကြမ္မာပါလာသည်။

ပြိုင်ဘက်ကင်းပုဂ္ဂိုဟ်များသည် သူတို့၏ ဉာဏ်ကြီးရှင်လောကအချင်းချင်းထဲ၌ ဉာဏ်ကြီးရှင်များဟု မသတ်မှတ်နိုင်ပေ။

ထို့ကြောင့် ပြိုင်ဘက်ကင်းမဟာဧကရာဇ်များသည် သူတို့၏ပညာအမွေများကို တပည့်များကို လက်ဆင့်ကမ်းပေးနိုင်မည် မဟုတ်ပေ။

သူတို့သည် တပည့်မရှိချင်သောကြောင့် မဟုတ်ဘဲ ရှာမရသောကြောင့်သာ ဖြစ်သည်။

သူတို့နှင့်တန်းတူများသည်လည်း သူတို့၏အာရုံကို မဖမ်းစားနိုင်ပေ။

'မကျေနပ်ရခြင်းထက် ရောင့်ရဲလိုက်ခြင်းက ပိုကောင်းသည်'ဟူသော စကားအတိုင်းဖြစ်သည်။

သူတို့သည် တပည့်မွေးပြီးခါမှ ထိုတပည့်သည် သူတို့ကဲ့သို့ ကျင့်ကြံနိုင်ခြင်းမရှိ၊ ဉာဏ်ရည်မပြည့်ဝဘဲ ထိပ်ဆုံးသို့ မရောက်ပါက တပည့်မထားလိုက်ခြင်းက သူတို့အတွက် ပိုအဆင်ပြေသည်။

သို့သော် .........

စစ်သည်တော်တစ်ဦးသည် သူ ဖန်တီးခဲ့သော ဥပဒေသများနှင့် ပညာအမွေများကို ရှေ့ဆက်ရှင်သန်စေချင်သည်။

လူသားများ၏ အသက်မှာ အကန့်အသတ်ရှိသည်။

သေမျိုးများသည် သူတို့သေပြီးနောက် သူတို့၏မျိုးဆက် ဆက်လက်ရှင်သန်စေရန် ကလေးယူကြသည်။

ဤသည်မှာ စစ်သည်တော်များအတွက် နည်းတူဖြစ်သည်။

သူတို့၏ပညာအမွေအနှစ်များ ဆက်လက်ရှင်သန်နေခြင်းသည် သူတို့၏မျိုးဆက်ပင် ဖြစ်သည်။

သူတို့ ရှင်သန်နေစဉ် သင့်တော်သောဆက်ခံသူရှိပါက ထိုပြိုင်ဘက်ကင်းမဟာဧကရာဇ်ကြီးများသည် သူတို့၏အမွေအနှစ်မြေများကို လက်ဆင့်ကမ်းပေးမည် ဖြစ်သည်။

ထိုမြေများထဲ၌ များစွာသောအခွင့်တို့ ရှိကြသည်။

ထိုက်တန်သောကံပါသူများသည် သူတို့ချန်ခဲ့သော မြေများကို အရယူနိုင်ပေသည်။

တတ်နိုင်စွမ်းရှိသောပုဂ္ဂိုဟ်များသည် အနာဂတ်ကိုပင် ခန့်မှန်းကာ သူတို့၏နောက်ဆုံးသက်တမ်းနှစ်များအတွင်း အချိန်နှင့်နေရာအရ ဆက်ခံသူ၏ပုံပန်းသဏ္ဍာန်ကို ကံကြမ္မာမြစ်ထဲ၌ လိုက်ရှာကြသည်။

ထိုအချက်အလက်များကို အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်အမွေအနှစ်ကို ချန်ထားကြသည်။

ပြိုင်ဘက်ကင်းမဟာဧကရီ အမွေအနှစ်၏ ပမာဏသည် မြင်သာလွန်းသည်။

ထို့အပြင် မဟာဧကရီ ချန်ထားခဲ့သော ရတနာများစွာလည်း ရှိနိုင်သည်။

ထိုအမွေအနှစ်များနှင့် ရတနာများ ထွက်ပေါ်လာပါက ထျန်းယွမ်ကမ္ဘာမှ မိသားစုများ ရူးသွားစေရန်ပင် လုံလောက်သည်။

သို့သော် ...... ရှန်းထူမိသားစုသည် လင်မိသားစုအား မဟာဧကရီနယ်မြေ၏ တည်နေရာကို ပြောပြခဲ့သည်။

ထိုအချက်၏ နောက်ကွယ်အကြောင်းအရင်းမှာ ရှန်းထူမိသားစုသည် တတ်နိုင်သမျှ နည်းလမ်းများအားလုံးကို သုံးသော်လည်း မဟာဧကရီနယ်မြေအတွင်းပိုင်းထဲသို့ မဝင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ထိုရတနာအမွေအနှစ်များနှင့် ကံမပါပေ။

အပြင်ပိုင်းအခွင့်အရေးများကိုတော့ ရှန်းထူမိသားစုသည် တတ်နိုင်သမျှအကုန်ယူသွားပြီး ဖြစ်နိုင်သည်။

ထို့ကြောင့် ယီယွင်လက်ထဲမှ ကျောက်စိမ်းစာလိပ်သည် တန်ဖိုးရှိပါသော်လည်း လင်မိသားစုသည် မဟာဧကရီနယ်မြေထဲမှ ပစ္စည်းများအား ထုတ်နိုင်မှသာ အဆင်ပြေမည်ဖြစ်သည်။

ဤသည်မှာ ခက်ခဲလွန်းလှသည်။

မဟာဧကရီနယ်မြေသည် အမွေဆက်ခံခြင်းနယ်မြေဖြစ်သောကြောင့် ထိုနေရာသည် ငယ်ရွယ်သူများအတွက် စင်မြင့်တစ်ခုဖြစ်သည်။

အမွေခံမြေ၏ အဓိကရည်ရွယ်ချက်မှာ ထိုနေရာနှင့် ထိုက်တန်သော အမွေဆက်ခံသူကို ရွေးချယ်ရန်ဖြစ်သည်။

ရှေးဟောင်းမဟာဧကရီသည် အသက်ကြီးရင့်နေသူတစ်ဦးကို သူမ၏ဆက်ခံသူအဖြစ် ရွေးချယ်မည် မဟုတ်ပေ။

ကျောက်စိမ်းစာလိပ်ထဲမှ မှတ်တမ်းအရ မဟာဧကရီနယ်မြေသို့ ဝင်ရာ၌ လမ်းကြောင်းများစွာရှိသည်။

ထိုလမ်းကြောင်းများသည် လူတစ်ယောက်၏အရိုးအသက်ကို စစ်ဆေးလိမ့်မည်။

အရိုးအသက် ကွာခြားချက်အရ လမ်းကြောင်းများမှာလည်း ကွာပေမည်။

မဟာဧကရီဆန်းကြယ်နယ်မြေထဲ၌ မဟာဧကရီကြီးမှ လောကကြီးအတွက် ချန်ရစ်ခဲ့သော ရတနာများစွာလည်း ရှိသည်။

ထိုရတနာများအတွက် အသက်ကန့်သတ်ချက် မရှိပေ။

စုကျဲကဲ့သို့လူများလည်း ရယူနိုင်သည်။ အရိုးအသက်ကန့်သတ်ချက် မရှိသော လမ်းကြောင်းများလည်း ရှိသည်။

အခြားအဓိကလမ်းကြောင်းများမှာ အသက်ကန့်သတ်ချက် ရှိပေမည်။

ထိုလမ်းကြောင်းမှ ရတနာများကို ရယူရန် စမ်းသပ်ခံရမည်မှာ သံသယပင် မရှိပေ။

ထိုရတနာများသည် ဂျူနီယာများသာ ပြိုင်ဆိုင်ပြီး ရယူနိုင်သည့် မဟာဧကရီ၏ အမွေအနှစ်များဖြစ်သည်။

အရွေးချယ်ခံ ဆက်ခံသူအတွက် ချန်ရစ်ခဲ့သည့်အကောင်းဆုံးအရာမှာ လူ့သဘာဝဖြစ်သည်။

" ဖတ်ပြီးပြီလား။ အဲ့တာက ...... "

ရှိနေသည့်လူတိုင်း ကျောက်စိမ်းစာလိပ်ကို ဖတ်ပြီးနောက် စာလိပ်သည် လင်အဘွားတော်၏လက်ထဲသို့ ပြန်ရောက်လာသည်။

ထိုအချိန် လင်အဘွားတော်၏အမူအရာမှာ ပြေလျော့နေပုံမရပေ။

" ငါတို့ လူအိုကြီးတွေလည်း ဒီနယ်မြေထဲကို ဝင်လို့ရပေမဲ့ ငါတို့က အဓိကအမွေခံနယ်မြေနဲ့ သက်ဆိုင်မှုမရှိဘူး။ အဲ့လိုဆိုတော့ မဟာဧကရီဆန်းကြယ်နယ်မြေကို ရှာဖွေရမှာ လင်မိသားစု ဂျူနီယာတွေအပေါ်မှာ မူတည်မှာပဲ "

" တကယ်တော့ ဆန်းကြယ်နယ်မြေထဲကို ဝင်ဖို့ လူအရေအတွက် မကန့်သတ်ထားဘူး။ ဒါပေမဲ့ ရှန်းထူမိသားစု ပေးလာတဲ့ ကျောက်စိမ်းစာလိပ်ထဲက ပြောပုံအရ မဟာဧကရီဆန်းကြယ်နယ်မြေက နတ်ဘုရားသင်္ချိုင်းချောက်နက်ကြီးနားမှာ ရှိနေတယ်။ အဲ့မှာက ဝဲဂယက်စုပ်ယူအားက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ သာမန်ဂျူနီယာတစ်ယောက်က အနားကို ကပ်ဖို့တောင် မဖြစ်နိုင်ဘူး။ မဟုတ်ရင် သူတို့ခန္ဓာကိုယ်က အပိုင်းပိုင်းပြတ်သွားလိမ့်မယ် "

လင်အဘွားသည် ထိုသို့ပြောကာ မျက်နှာအမူအရာတည်သွားသည်။

ဒီလိုက အဓိပ္ပာယ်မရှိဘူး။

ရှေးဦးမဟာဧကရီသည် ဤနယ်မြေကို ထုတ်ပြန်ခဲ့သည့်အဓိကရည်ရွယ်ချက်မှာ ဆက်ခံသူရွေးရန် ဖြစ်သည်။

ဆက်ခံသူမှာ အိုမင်းလှသူ မဖြစ်သင့်ပေ။

ထို့ကြောင့် ထိုလူငယ်သည် လေ့ကျင့်ရေးကျင့်စဉ် မြင့်မားကာ အလွန်ပါရမီရှိသူ မဖြစ်နိုင်သေးပေ။

သို့သော် ဆန်းကြယ်နယ်မြေဝင်ပေါက်သည် အန္တရာယ်များလွန်းနေသည်။

လေ့ကျင့်စဉ်နိမ့်တဲ့ လူငယ်က သူတို့ခွန်အားနဲ့ ဘယ်လိုလုပ် ဝင်နိုင်ဦးမှာလဲ။

ထို့ကြောင့် ရှေးဦးမဟာဧကရီသည် အမွေခံ လျှို့ဝှက်နယ်မြေကို တည်ထောင်ခဲ့စဉ်က နတ်ဘုရားသင်္ချိုင်းချောက်နက်သည် ထိုကဲ့သို့ အခြေအနေမျိုး မရှိဘူးဟု လင်အဘွားတော် သံသယဝင်မိသည်။

နောက်ပိုင်းအချိန်များအတွင်း လက်ရှိအခြေအနေကို ဖြစ်ပေါ်စေသည့် ပြောင်းလဲမှုတချို့ ရှိကောင်းရှိနိုင်သည်။

သို့မဟုတ် အာကာသအတိုင်းအတာများ ရွေ့လျားမှုကြောင့် မဟာဧကရီ လျှို့ဝှက်နယ်မြေ၏ နေရာသည် ရှည်လျားသော ကာလတစ်ခုအတွင်း နတ်ဘုရားသင်္ချိုင်းချောက်နားကို ဖြည်းဖြည်းချင်း ရွှေ့သွားခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် လောကမှ လူတိုင်းကို ပေးရန် ရည်ရွယ်ထားသော မဟာဧကရီလျှို့ဝှက်နယ်မြေမှာ အလွန်လျှို့ဝှက်ပြီး ရှာဖွေရခက်လာခဲ့သည်။

အကြောင်းရင်းကို ရှာဖွေရန် ကြိုးစားသည်က အဓိပ္ပာယ်မရှိပေ။

အရေးကြီးသည်မှာ မဟာဧကရီလျှို့ဝှက်နယ်မြေ၏ တည်နေရာသည် နတ်ဘုရားသင်္ချိုင်းချောက်နား၌ ရှိနေသောကြောင့် ဝင်ရောက်ခွင့်ပြုနိုင်သည့် လူဦးရေ အကန့်အသတ်ရှိလာခဲ့သည်။

လင်မိသားစု၏ ဂျူနီယာများသည် နတ်ဘုရားသင်္ချိုင်းချောက်နားကို ချဉ်းကပ်ရန် သူတို့၏ကိုယ်ပိုင်အစွမ်းသတ္တိကို အသုံးမပြုနိုင်သေးပေ။

သူတို့ကို ခေါ်ဆောင်ပေးရန် လင်မိသားစု၏ ခွန်အားကြီးလူတစ်ယောက် လိုအပ်သည်။

နတ်ဘုရားသင်္ချိုင်းချောက်နား နီးကပ်သောနေရာသို့ ခွန်အားနည်းသူတစ်ယောက်ကို အန္တရာယ်မရှိဘဲ ခေါ်ဆောင်လာရန်မှာ ပြောရသည်ထက် လုပ်ရတာ ပိုခက်သည်။

လင်မိသားစုထဲ၌ ထိုသို့လုပ်နိုင်စွမ်းရည်ရှိသောလူ အများကြီး မရှိချေ။

" ဒီညမှာ မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲကို ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေကို အသေးစိတ် ဆွေးနွေးကြမယ် "

အပိုင်း ( ၄၂၉ )

နေရာချပေးခြင်း

မဟာဧကရီလျှို့ဝှက်နယ်မြေသို့ သွားခြင်းသည် အခွင့်အရေးကောင်းတစ်ခုဖြစ်ရုံသာမက လင်ရှင်းထုံ၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်သည်။

ရှန်းထူမိသားစု၏ လက်ရှိအခြေအနေအရ မဟာဧကရီလျှို့ဝှက်နယ်မြေသို့ စူးစမ်းခဲ့စဉ် အသက်ကြီးသောမျိုးဆက်သည် လျှို့ဝှက်နယ်မြေ၏ အဓိကအနက်ရှိုင်းဆုံးအပိုင်းများထဲ စူးစမ်းလေ့လာနိုင်ခဲ့ခြင်းမရှိသည့်အပြင် ငယ်ရွယ်သောမျိုးဆက်သည်လည်း လျှို့ဝှက်နယ်မြေ၏ အဓိကအပိုင်းထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိခဲ့ပုံမပေါ်ပေ။

ဤအခြေအနေများကြောင့် လင်မိသားစုသည်လည်း မဟာဧကရီကြီး၏ လျှို့ဝှက်ဆန်းကြယ်အမွေခံနယ်မြေအထဲပိုင်းတွင် အခြားမည်သည့်အရာများ ရှိနေမည်ကို မသေချာချေ။

လင်ရှင်းထုံ၏ သဘာဝအတိုင်း ပိတ်နေသော သွေးကြောကို ကုသရန် နည်းလမ်းသည် တွေ့ရှိရန် အလွန်အလားအလာကောင်းပုံရသော်လည်း ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

လင်မိသားစုသည် ဝန်ခံရမည်ဆိုလျှင် သူတို့၏ အစွမ်းသတ္တိသည်လည်း ရှန်းထူမိသားစုထက် များစွာပိုမိုအားကောင်းနေခြင်းတော့ မဟုတ်ချေ။

ရှန်းထူမိသားစု စူးစမ်းမလေ့လာနိုင်ခဲ့သော နေရာများကို စူးစမ်းလေ့လာလျှင် လင်မိသားစုသည်လည်း အလားတူအခက်အခဲများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် သွားရန် ရွေးချယ်ခံရမည့်သူများကို လင်မိသားစုမှ အလွန်ဂရုတစိုက် ရွေးချယ်ရမည်ဖြစ်သည်။

လူတိုင်းကို စေလွှတ်ခြင်းသည် လက်တွေ့မကျပေ။

လင်မိသားစု၌ အကြီးဆုံးအကြီးအကဲ သုံးဦးရှိသည်။

သူတို့ထဲမှ အသန်မာဆုံးတစ်ယောက်သည် မိသားစုထဲ၌ပင် နေခဲ့ရမည်ဖြစ်ပြီး ရှန်းထူမိသားစုမှ လင်မိသားစု၏နယ်မြေအား ပြန်လည်လာရောက် ဖျက်ဆီးမည့်အရေးကို တားဆီးရပေမည်။

ရှန်းထူအဘိုးတော်၏ ခွန်အားဖြင့် လင်မိသားစု၏ တောင်တန်းကာကွယ်ရေးအစီအမံကို ဖြိုခွင်းဖျက်ဆီးပစ်ရန် အချိန်နှစ်နာရီလောက်သာ လိုအပ်သည်။

ထိုသို့ ဖျက်ဆီးပြီးနောက် ရှန်းထူမိသားစုမှ အကြီးအကဲများ ဦးဆောင်ပြီး လင်မိသားစုကို ဖျက်ဆီးနိုင်သည်။

လင်မိသားစုကဲ့သို့ မိသားစုကြီးအနေဖြင့် ပုံမှန်အခြေအနေများ၌ ထိပ်တန်းအကြီးအကဲများကို ထွက်သွားခွင့်မပေးပေ။

အကြောင်းမှာ မိသားစုနယ်မြေအတွက် အန္တရာယ်များလွန်းသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လင်မိသားစုသည် ဤခရီးစဉ်အတွက် အကြီးအကဲကြီးနှစ်ယောက်သာ ရှိသည်။

သူတို့နှစ်ယောက်သည် မျိုးဆက်ငယ်များကို ပြဿနာမရှိဘဲ လျှို့ဝှက်နယ်မြေထဲသို့ အတူတကွ ခေါ်ဆောင်သွားနိုင်သည်။

ရှန်းထူနန်ထျန်းတို့ပေးသော ကျောက်စိမ်းစာလိပ်ထဲရှိ မှတ်တမ်းများအရ မဟာဧကရီလျှို့ဝှက်နယ်မြေသည် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။

မျိုးဆက်ငယ်များ ရင်ဆိုင်ရသောလမ်းကြောင်းများသည် ပို၍နူးညံ့သည်။

ပုံမှန်အားဖြင့် ဒဏ်ရာရခြင်း၊ သို့မဟုတ် သေဆုံးခြင်းတို့ မဖြစ်နိုင်ပေ။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် အသက်ကြီးသောမျိုးဆက်များသည် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သော အန္တရာယ်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူတို့သည် ထိုအထဲ၌ အခွင့်အရေးတစ်ခုပင် မရဘဲ သေဆုံးရနိုင်သည်။

" ကျွန်တော် ဝင်ချင်တယ် "

လင်မိသားစု၏ အတွင်းမိသားစု အစည်းအဝေး၌ စုကျဲမှ ပထမဆုံး စကားပြောခဲ့သည်။

ထိုမဟာဧကရီလျှို့ဝှက်နယ်မြေထဲသို့ ရှန်းထူမိသားစုမှ တစ်ကြိမ် ရှာဖွေခဲ့ပြီးဖြစ်၍ အလွယ်တကူ ရရှိနိုင်သော အခွင့်အလမ်းများအားလုံး ကုန်ဆုံးသွားပြီဖြစ်သည်။

ထို့ကြောင့် အသက်ကြီးမျိုးဆက်များအတွက် ဝင်ရောက်ရန် ကောင်းသောနေရာ မဟုတ်ချေ။

စုကျဲသည် လင်ရှင်းထုံ၏ သွေးကြောပြဿနာကို စိတ်ပူသည့်အပြင် သူကိုယ်တိုင်လည်း မဟာဧကရီလျှို့ဝှက်နယ်မြေကို စူးစမ်းလေ့လာချင်သည်။

လင်အဘွားတော်က ခေါင်းညိတ်သည်။

" အကြီးအကဲစု၊ အသက်ကြီးမျိုးဆက်တွေအတွက် နေရာတွေကို ဆုံးဖြတ်ဖို့က အလျင်စလိုမဟုတ်ဘူး။ အခု မျိုးဆက်ငယ်လေးအတွက် နေရာကို ကြည့်ပေးရမယ်။ သူတို့က အရေးအကြီးဆုံးပဲ "

မဟာဧကရီလျှို့ဝှက်နယ်မြေသို့ ဝင်မည့်ကိစ္စ၌ အသက်ကြီး မျိုးဆက်များနှင့် နှိုင်းယှဉ်ပါက ငယ်ရွယ်သော မျိုးဆက်များ ဝင်ရသည်မှာ ပိုကောင်းမွန်သော အခွင့်အလမ်းတာဝန်တစ်ခုဖြစ်သည်။

သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်များမှာလည်း အသက်ကြီးသူများထက် အများကြီး နည်းပါးပေလိမ့်မည်။

သူတို့သည် အခွင့်အလမ်းများ ရှာမတွေ့လျှင်ပင် လေ့ကျင့်နိုင်သော အဖိုးတန် အခွင့်အရေးတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။

ကျန်ရစ်ခဲ့သော ရှေးဟောင်းအစုအဝေးများနှင့် အမွေအနှစ်များကို မြင်ခြင်းအားဖြင့် သူတို့၏ အသိပညာကို ချဲ့ထွင်နိုင်ကာ ထိုမှတဆင့် များစွာသော အကျိုးအမြတ်တို့ရနိုင်ပေမည်။

အတားအဆီးများကိုလည်း ကျော်လွှားနိုင်လိမ့်မည်ဖြစ်သည်။

လင်အဘွားတော်မှ ပြောသည်။

" မဟာဧကရီလျှို့ဝှက်နယ်မြေ ဝင်ပေါက်က နတ်ဘုရားသင်္ချိုင်းချောက်ရေဂယက်အနီးက အာကာသကွဲကြောင်းတစ်ခုနားမှာ ရှိတယ်။ ငါတို့ ဝင်ချင်ရင် ရေဝဲရဲ့ ဒီရေအတက်အကျ စွမ်းအားအနည်းဆုံးအချိန်ကို ရွေးချယ်ရမယ်။ မဟုတ်ရင် ငါတို့မိသားစုရဲ့ အကြီးအကဲတွေတောင် နတ်ဘုရားသင်္ချိုင်းချောက်ရဲ့ ကြောက်စရာကောင်းတဲ့ စုပ်အားကို တောင့်ခံပြီး ငါတို့ရဲ့ ဂျူနီယာတွေကို ခေါ်နိုင်မှာ မဟုတ်သလို လျှို့ဝှက်နယ်မြေတံခါးကိုလည်း ဖွင့်ပေးနိုင်မှာ မဟုတ်ဘူး "

" အဲ့တာက ဘယ်တော့ဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ဖို့က အရမ်းခက်ခဲတယ်။ လအနည်းငယ်အတွင်း ဖြစ်နိုင်သလို တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ကြာတာလည်း ဖြစ်နိုင်သေးတယ် "

" အဲ့ဒီအတွက် ငါတို့ ပြင်ဆင်မှုတွေ အများကြီး ကြိုလုပ်ရလိမ့်မယ် "

" ပြီးတော့ လျှို့ဝှက်နယ်မြေကို ဝင်ဖို့ လူနေရာကို ဆယ်ယောက်လို့ သတ်မှတ်ထားတယ် "

" ဒီလူဆယ်ယောက်က ငါတို့လင်မိသားစုရဲ့ မျိုးဆက်ငယ်ထဲက အထက်တန်းလွှာတွေဖြစ်ရမယ်။ မင်းတို့ရဲ့တာဝန်က အရမ်းအရေးကြီးတယ်။ မဟာဧကရီ လျှို့ဝှက်နယ်မြေထဲရောက်ရင် အကြီးမားဆုံးအခွင့်အရေးတွေက စူးစမ်းလေ့လာရမယ့်နေရာတွေမှာ ဖြစ်လာလိမ့်မယ် "

လင်အဘွားတော်သည် ပြောနေစဉ် အကြီးအကဲများ၏ အနောက်၌ထိုင်နေသော ဂျူနီယာများကို ကြည့်လိုက်သည်။

ဤမိသားစုအစည်းအဝေး၌ ဂျူနီယာများလည်း ပါဝင်ခဲ့သည်။

ဤနေရာ၌ ထိုင်ရန် အရည်အချင်းပြည့်မီသော ဂျူနီယာများက အယောက်နှစ်ဆယ်လောက်သာ ရှိသည်။

သူတို့သည် လင်မိသားစု မျိုးဆက်ငယ်များထဲမှ ဂုဏ်ယူရသော ကောင်းကင်ဘုံသားသမီးများဖြစ်ကြသည်။

ပုံမှန်အားဖြင့် သူတို့သည် လင်မိသားစု၏ အကောင်းဆုံးအရင်းအမြစ်များကို စံစားကြရသည်။

ယခု သွားရမည့် လူဆယ်ယောက်ကို သူတို့ထဲက ရွေးချယ်ခံရမည်မှာ သေချာသည်။

ထိုဂျူနီယာများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

လူအယောက်နှစ်ဆယ်ထဲ၌ လင်ရှင်းထုံမှ လွဲလျှင် သူတို့ကြားရှိ ကွာခြားချက်မှာ သိပ်မများလှပေ။

သူတို့၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ရွေးချယ်မှုကို စောင့်လျက် အသက်ရှူအောင့်မိနေကြသည်။

ဒီဂျူနီယာတွေထဲမှာ မဟာဧကရီကြီး ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို မမြင်ချင်တဲ့သူ ရှိနေမလား။

သူတို့ကရော ကံဆုံပြီး အရွေးခံရမှာလား။

သူတို့သည် အရွေးချယ်မခံရလျှင်ပင် အတော်ကြီးမားသော အကျိုးကျေးဇူးရမည်မှာ သေချာသည်။

မျိုးဆက်ကြီးများအတွက် ကြီးမားသောအခွင့်အရေးများ ရရန်မှာ ရာခိုင်နှုန်း နည်းပါသော်လည်း မျိုးဆက်ငယ်များမှာ မတူပေ။

သူတို့သည် ငယ်ရွယ်သေးသည်ဖြစ်ရာ အခွင့်အရေးနှင့် ရည်မှန်းချက်တို့ ကြီးမားကြသည်။

" ဒီကိစ္စအတွက် ကျွန်တော်တို့ ၆ယောက်ကိုတော့ ချက်ချင်း ရွေးချယ်နိုင်တယ် ထင်ပါတယ် ...... "

အဘွားတော်လင်၏ ဘေးရှိ အနက်ရောင်ဝတ်ရုံထားသော သက်လတ်ပိုင်းယောက်ျားတစ်ဦးက ဖြည်းဖြည်းချင်း ပြောလာသည်။

" လင်ရှင်းထုံ၊ လင်ချင်းယွမ်၊ လင်လန်၊ လင်ရှောင်သဲ့၊ လင်ဖန်းယွီနဲ့ လီသောက်ရွှမ် ........ "

သက်လတ်ပိုင်းယောက်ျား ပြောလိုက်သော နာမည်များသည် လင်မိသားစု မျိုးဆက်ငယ်များထဲမှ ငြင်းဆို၍မရသော အထက်တန်းအဆင့်များ ဖြစ်သည်။

သူတို့ထဲမှ လီသောက်ရွှမ်သည် မိသားစုမျိုးရိုးနာမည် မတူသော တပည့်တစ်ယောက်ဖြစ်သည်။

သူ့အဖေ၏ မျိုးရိုးနာမည်မှာ လီဖြစ်ပြီး လင်မိသားစုမှ အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။

သူ့အဖေ၏ ခွန်အားမှာ အံ့မခန်းဖြစ်သောကြောင့် လင်မိသားစုသည် လီသောက်ရွှမ်ကို သူ့မျိုးရိုးအမည်အား လင်မျိုးရိုးအဖြစ် မပြောင်းခိုင်းခဲ့ပေ။

သူ၏ မျိုးရိုးအမည်မှာ ကွဲပြားသော်လည်း လင်မိသားစု မျိုးဆက်သစ်များထဲရှိ အကောင်းဆုံး ပါရမီရှင် ခြောက်ယောက်ထဲ၌ ပါဝင်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်ဖြစ်ရာ လီသောက်ရွှမ် မည်မျှ အားကောင်းသည်လဲဆိုတာ ထင်ရှားသည်။

ယီယွင်သည် ထိုလူခြောက်ယောက်ကို ဝေ့ကြည့်နေသည်။

သူသည် လင်ရှင်းထုံမှလွဲ၍ အခြားဘယ်သူ့ကိုမှ မသိသလို အရင်ကလည်း မမြင်ဖူးပေ။

ယီယွင် လင်မိသားစု၌ ရှိနေသော လအနည်းငယ်အတွင်း သူ မြင်တွေ့ခဲ့ရသော အထက်တန်းအဆင့်များမှာ ပျက်စီးခြင်းဥပဒေသကောင်းကင်သခင် ပါရမီရှင်များသာ ဖြစ်သည်။

ပျက်စီးခြင်းကောင်းကင်ဥပဒေသကို အဓိကထားသူများသည် ပျက်စီးခြင်းကောင်းကင်ဥပဒေသကိုသာ လေ့ကျင့်ကြသည်။

ထိုကျင့်စဉ်ဘက်ကို အဓိကအာရုံစိုက်ကြသောကြောင့် ကိုယ်ခံပညာ၌ သူတို့၏အောင်မြင်မှုများ သက်ရောက်မှုရှိမည်မှာ သေချာသည်။

လင်ချင်းယွမ် သို့မဟုတ် လင်လန်ကဲ့သို့ ကိုယ်ခံပညာ အထူးပြုထားသော ပါရမီရှင်များနှင့် သူတို့ မယှဉ်နိုင်ပေ။

မဟာဧကရီလျှို့ဝှက်နယ်မြေသည် ရှေးဟောင်းမဟာဧကရီ၏ အမွေအနှစ်များအား ဆက်ခံမည့်သူ ရွေးချယ်ရမည်ဖြစ်သောကြောင့် ကိုယ်ခံပညာအောင်မြင်မှုများကို ကြည့်သည်က သဘာဝကျသည်။

ပျက်စီးခြင်းကောင်းကင်ဥပဒေသကို ကျွမ်းကျင်ရုံနှင့် အသုံးမဝင်ပေ။

အမှန်တကယ်၌ ရှန်းထူမိသားစုသည် မဟာဧကရီလျှို့ဝှက်နယ်မြေမှ ရှေးဟောင်းပျက်စီးခြင်းကောင်းကင်နည်းစနစ် ကျိုချက်နည်းများစွာကို ရခဲ့ပါသော်လည်း ထိုအရာများသည် မဟာဧကရီကြီးမှ ချန်ထားခဲ့ခြင်း မဟုတ်ဘဲ မဟာဧကရီကြီးကို လေးစားသော ရှေးဟောင်းပျက်စီးခြင်းကောင်းကင်အရှင်သခင်တစ်ဦးမှ ချန်ထားခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်းမဟာဧကရီကြီးသည် ကိုယ်ခံပညာကို အာရုံစိုက်ခဲ့သည်မှာ သေချာသည်။

သူမဟာ ကိုယ်ခံပညာလမ်းကြောင်းမှ အစွန်းတစ်ဖက်ကမ်းခတ်ထိ တော်သွားခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

" ကျွန်မကတော့ ကန့်ကွက်စရာ မရှိပါဘူး "

လင်အဘွားတော်သည် အေးဆေးစွာ ပြောလိုက်သည်။

ဤလူခြောက်ယောက်သည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်ကြသည်။

သက်လတ်ပိုင်းလူက ဆက်ပြောသည်။

" နောက်ထပ် လေးနေရာ ကျန်ပါသေးတယ်။ လူတိုင်း လိုက်ပါချင်ရင် ပြောကြည့်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ စစ်ဆေးဖို့ လိုအပ်တယ်။ ဒုတိယအနေနဲ့ကတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကျွန်တော်တို့ စစ်ဆေးတွေ့ရဖို့ လိုအပ်တယ်။ ကျင့်ကြံမှုအဆင့်မြင့်လေ၊ သူတို့အနေနဲ့ ခံနိုင်ရည်ပိုရှိလေဆိုတော့ သူတို့ကို မဟာဧကရီ လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲ ခေါ်သွားဖို့ ပိုလွယ်ကူမှာပါ။ မိသားစု အကြီးအကဲတွေအတွက်လည်း ဖိအားတချို့ လျော့သွားမှာပေါ့ "

" အခု ဆုံးဖြတ်ထားတဲ့ ခြောက်ယောက်ထဲမှာ ရှောင်သဲ့နဲ့ ဖန်းယွီတို့က တော်တော်လေး ငယ်သေးတယ်။ သူတို့ကို ခေါ်ဖို့ စွမ်းအင်တွေ အများကြီးလိုအပ်လိမ့်မယ်။ ယွမ်အုတ်မြစ်ချနယ်ပါယ်ရဲ့ နောက်ဆုံးအဆင့်ထက် တစ်ဆင့်နိမ့်တဲ့ တစ်ယောက်ကိုပဲ ရွေးချယ်နိုင်တော့တယ်။ နောက်ထပ် မခေါ်နိုင်တော့ဘူး "

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှန်းထူမိသားစုထံမှ ကျောက်စိမ်းလိပ်ကို မြင်ပြီး နတ်ဘုရားသင်္ချိုင်း၏ အခြေအနေကို အကဲဖြတ်ပြီးပြီဖြစ်သည်။

သူ့အမြင်အရ လင်မိသားစု အကြီးအကဲကြီးနှစ်ယောက်သည် ယွမ်အုတ်မြစ်ချနယ်ပါယ် နောက်ဆုံးအဆင့်ရှိ အသက်ကြီးဂျူနီယာတစ်ယောက်နှင့် အသက်ငယ်ဂျူနီယာတစ်ယောက်စီကို တွဲခေါ်နိုင်သည်။

ထို့အပြင် အဘွားတော်လင်လည်း ရှိသေးသည်။

သူမသည် ယွမ်အုတ်မြစ်ချနယ်ပါယ် ကျင့်ကြံမှုနောက်ဆုံးအဆင့်ရှိသော ဂျူနီယာတစ်ယောက်ကို ခေါ်လာနိုင်သည်။

စုစုပေါင်း လူသုံးယောက်ဖြစ်သည်။

ဤသည်မှာ သူတို့ ဘေးကင်းရေးအတွက် အများဆုံးလုပ်နိုင်သောအရာ ဖြစ်သည်။

" အဘွားတော်၊ ဘယ်လိုထင်လဲ။ ဘယ်သူ့ကို ရွေးမှာလဲ "

သက်လတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။

သူ ထိုသို့ပြောလိုက်သည့်အခါ ယွမ်အုတ်မြစ်ချနယ်ပါယ်ရှိ နောက်ဆုံးအဆင့်အောက်မှ ဂျူနီယာများအားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားပြီး အသက်ရှူမဝဖြစ်သွားကြသည်။

အသက်ကြီးသော တပည့်များမှာလည်း မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။

အသက် ၁၆-၁၇နှစ် အရွယ်များအတွက်မှာတော့ နေရာတစ်ခုစာသာ ရှိသည်။

လူတိုင်းသည် ရွေးချယ်ခံရသူ ဖြစ်ချင်ကြသည်။

အသက်၁၆၊ ၁၇နှစ်သည် စစ်သည်တော်တစ်ယောက်၏ ကြီးထွားမှုအတွက် အရေးကြီးသော အသက်အရွယ်ဖြစ်သည်။

ထိုအချိန်၌ လေ့ကျင့်ရေးအတွေ့အကြုံအတွက် ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်နယ်မြေကို ဝင်ရောက်သည်က အကျိုးကျေးဇူးများစွာ ရရှိစေလိမ့်မည်။

နတ်ဘုရားသင်္ချိုင်းချောက်နက်ရဲ့ ဒီရေစီးကြောင်းက ဘယ်အချိန်မှာ အင်အားလျော့နည်းသွားမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ထိုအချိန် လင်ရှင်းထုံ၏ အဘွားသည် ပြုံးပြီးပြောလေသည်။

" ကျွန်မရဲ့အမြင်အရ ယွမ်အုတ်မြစ်ချနယ်ပါယ်ရဲ့ နောက်ဆုံးအဆင့်အောက်က တစ်ယောက်ယောက်အတွက် နေရာက ယွီအာလေးနဲ့ သင့်တော်လိမ့်မယ် "

" ယွမ်အုတ်မြစ်ချနယ်ပါယ် နောက်ဆုံးအဆင့်မှာရှိတဲ့ ဂျူနီယာတွေထဲမှာ ယွီအာလေးရဲ့ ခွန်အားက ထိပ်ဆုံးအဆင့်မှာရှိတယ်ဆိုတာ ပြောလို့ရတယ်။ ဘယ်သူမှ ဒါကို ကန့်ကွက်မှာမဟုတ်ဘူး မဟုတ်လား "

လင်ဖန်းကူ ထိုသို့ပြောပြီး ချိုသာစွာ ပြုံးလျက် အကြီးအကဲများကို ကြည့်သည်။

အကြီးအကဲကြီးသုံးယောက်သည် သူတို့၏ ရပ်တည်ချက်ကို မဖော်ပြကြပေ။

ရလဒ်အနေနှင့် လင်ဖန်းကူ အလွန်ကျေနပ်သွားသည်။

မသိစိတ်မှ လင်ဖန်းကူ ယီယွင်ကို လှမ်းကြည့်လိုက်သည်။

လင်ဖန်းကူသည် ယီယွင်ကို မကြိုက်သော်လည်း ယီယွင်၏ပျက်စီးခြင်းကောင်းကင်ဥပဒေသ အရည်အချင်းမှာ အံ့မခန်းဖြစ်သည်ကို ဝန်ခံရပေမည်။

သူမ၏ တူတော်များ၏ ပျက်စီးခြင်းကောင်းကင်ဥပဒေသ အရည်အချင်းကို ယီယွင်နှင့် ယှဉ်ပါက ဆိုးရွားသောမြင်ကွင်း ဖြစ်ပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ဤမဟာဧကရီ လျှို့ဝှက်နယ်မြေသွားရောက်ခြင်းသည် တစ်ဦးချင်းစီ၏ ပျက်စီးခြင်းကောင်းကင်ဥပဒေသအရည်အချင်းအပေါ်၌ မူတည်မနေပေ။

ကိုယ်ခံပညာပါရမီကိုသာ ထည့်တွေးကြသည်။

ဤသည်က ပျက်စီးခြင်းကောင်းကင်ဥပဒေသ သင်တန်းသားများအတွက် အားနည်းချက်ဖြစ်လာသည်။

လင်ယွီသည် လင်ဖန်းကူနှင့် မြေးတူတော်စပ်သူများထဲက တစ်ယောက်ဖြစ်သည်။

လင်ဖန်းကူသည် သူ့ကို အလွန်နှစ်ခြိုက်သောကြောင့် သူမ၏ကိုယ်ပိုင်မျိုးဆက်များကို ဤသို့အခွင့်အရေးမျိုး ရစေချင်ခဲ့သည်။

လင်ဖန်းကူ၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားပြီး ရလဒ်ကို အလွန်မျှော်လင့်နေကြသည့် ဂျူနီယာများမှာ သူတို့၏နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

လင်ဖန်းကူသည် မိသားစုအတွင်း ရာထူးတစ်ခုရှိသည့်အပြင် လင်ယွီ၏ ထူးခြားသော စွမ်းရည်များကြောင့် အခြားဂျူနီယာများသည် မျှော်လင့်ချက်မရှိတော့သလို ခံစားခဲ့ရသည်။

သူတို့သည် ခွန်အားအရဖြစ်စေ၊ နောက်ခံအရဖြစ်စေ နိမ့်ကျသည့်အတွက် မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထိုဂျူနီယာများကြား၌ အပြာရောင်အင်္ကျီဝတ်ထားသော လူငယ်တစ်ယောက်သည် ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။

သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး ဘေးပတ်လည်ကိုလည်း မကြည့်ခဲ့ပေ။

သူသည် နေရာမှာထိုင်နေလျက် သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုအဖြစ် ကွေးတက်နေခဲ့သည်။

သူသည် လင်ယွီဖြစ်သည်။

လင်ဖန်းကူသည် သူ့အား ထောက်ခံနေသည်ကို မြင်ပြီးနောက် သူလည်း သဘာဝကျစွာ ပျော်ရွှင်သွားသည်။

" အဘွားတော်၊ ဘယ်လိုထင်လဲ။ ဒီကိစ္စကို ဖြေရှင်းသင့်တယ် မဟုတ်လား။ ယွီအာနဲ့ မသင့်တော်ရင် တခြားဘယ်သူမှ သင့်တော်မှာ မဟုတ်ဘူး။ ယွီအာ ....... "

လင်ဖန်းကူသည် လင်ယွီကို ကျေးဇူးတင်ကြောင်း ထပြောစေရန် လက်ဟန်ပြလိုက်လေသည်။

လင်ယွီသည် ရင်ခုန်စိတ်လှုပ်ရှားမှုကို ထိန်းထားပြီး တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။

လက်နှစ်ဖက်ကို စုကာ အသံကို ငြိမ်သက်အောင် ကြိုးစားလိုက်သည်။

" အဘွားတော် ....... "

လင်ယွီ ပါးစပ်ဟလိုက်ချိန် လင်အဘွားတော်မှ ပေါ့ပါးစွာ ပြောလိုက်သည်။

" ဒီနေရာအတွက် တစ်ယောက်ယောက်ကို ငါ စိတ်ကူးထားပြီးသား "

လင်အဘွားတော်၏ စကားများသည် ကောင်းကင်မှ ရုတ်တရက် လွင့်စင်လာသော မိုးကြိုးကဲ့သို့ ဖြစ်သွားသည်။

ပြုံးနေသော လင်ယွီ ရုတ်တရက် ကြောင်အသွားသည်။

သူ့မျက်နှာအမူအရာမှာ ကြောင်အသွားသည်။

လင်ဖန်းကူ၏ အပြုံးမှာလည်း ရပ်တန့်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ အကျည်းတန်ရုပ်ဆိုးသွားသည်။

ခဏတာ မှင်သက်သွားပြီးနောက် သူမ ပြောလိုက်သည်။

" အဘွားတော်က ဘယ်သူ့ကို စိတ်ကူးထားလဲ။ တခြား အရည်အချင်းကောင်းရှိတဲ့သူတွေဆိုရင်တော့ ကျွန်မ ဘာမှထပ်ပြောစရာ မရှိပါဘူး "

ထိုအချိန်မှာပင် လင်အဘွားတော်သည် ယီယွင်ဘက်ကို လှည့်လိုက်သည်။

" ယီယွင်၊ မဟာဧကရီလျှို့ဝှက်နယ်မြေက ကိုယ်ခံပညာအတွက် အမွေဆက်ခံနယ်မြေဖြစ်ပေမယ့် မင်းရဲ့အခြေခံက အရမ်းခိုင်မာတယ်လို့ ငါထင်တယ်။ မင်းက ပျက်စီးခြင်းကောင်းကင်ဥပဒေသကို အာရုံစိုက်နေပေမယ့်လည်း ကိုယ်ခံပညာကို ဒုတိယအာရုံစိုက်နေရမယ်။ မင်း လိုက်ဝင်ကြည့်ချင်လား "

အဘွားတော်လင်၏ လေသံမှာ ဖော်ရွေနေသည်။

လင်အဘွားတော်၏ ဘေး၌ရပ်နေသော လင်ဖန်းကူ၏ မျက်နှာကြွက်သားများ တွန့်လှုပ်သွားသည်။

သူမ၏မျက်နှာထားသည် ဒေါသထွက်နေပုံရသည်။

သူမ ထောက်ခံသည့်အရာကို လင်အဘွားတော်က ငြင်းပယ်လိုက်သည်။

ထို့အပြင် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်အဘွားတော်သည် ယီယွင်အား ပါဝင်ချင်လားဟူ၍ ညှိနှိုင်းသောလေသံကို အသုံးပြုကာ မေးလိုက်သည်။

ထိုခံစားချက်သည် သူမအား လူအများအရှေ့ အရိုက်ခံရသလိုပင် ဖြစ်သည်။

သူမ အံ့အားသင့်သွားရသည်။

ယီယွင်၊ ထပ်ပြီး ယီယွင်ပဲ ဖြစ်ပြန်ပြီ။

အဘွားတော်လင်သည် ပျက်စီးခြင်းကောင်းကင်ဥပဒေသ ကျွမ်းကျင်မှုနှင့် ဘာမှမဆိုင်သော ကိုယ်ခံပညာနည်းဆန်းကြယ်နယ်မြေသို့ သွားရန် ယီယွင်ကို အမှန်တကယ်ပင် ရွေးနေသည်။

အပိုင်း ( ၄၃၀ )

လင်မိသားစုအဘွားတော်၏ ဆုံးဖြတ်ချက်ပြတ်သားမှု

ထိုအချိန် လင်ဖန်းကူ၏ နှလုံးသားထဲ၌ ဒေါသမီးများ တောက်လောင်နေသည်။

အကယ်၍ မဟာဧကရီအမွေခံနယ်မြေသည် ပျက်စီးခြင်းကောင်းကင်ဥပဒေသနှင့် ဆက်စပ်နေပါက လင်အဘွားတော်မှ ယီယွင်အား ရွေးချယ်မှုအပေါ် လင်ဖန်းကူအနေဖြင့် ဘာမှပြောစရာမရှိပေ။

သို့သော် ဤသည်မှာ သိုင်းပညာအမွေခံလျှို့ဝှက်နယ်မြေဖြစ်သည်ဆိုသော အကြောင်းပြချက်အရ ထိုနေရာသို့သွားရန် လင်ယွီကို အခွင့်အရေပေးသင့်သည်။

" အဘွားတော် "

လင်ဖန်းကူ အံကြိတ်ကာ ခေါ်လိုက်သော်လည်း လင်အဘွားတော်သည် ဘာမှမခံစားရပေ။

ဤကိစ္စကို သူမ ဆုံးဖြတ်ပြီးသားဖြစ်သောကြောင့် လင်ဖန်းကူကို သူမ ဂရုမစိုက်ချေ။

လင်ဖန်းကူသည် ယီယွင်၏အဖြေကိုသာ မျှော်လင့်နိုင်တော့သည်။

သူမ၏အတွေးအရ ယီယွင်သည် ပျက်စီးခြင်းကောင်းကင်သခင်တစ်ယောက် ဖြစ်သောကြောင့် ကိုယ်ခံပညာအမွေအနှစ်များကို ရှာဖွေရသည်မှာ သူ့အတွက် အဓိပ္ပာယ်မရှိနိုင်ပေ။

" ယီယွင်၊ ဒီကိစ္စကို စဉ်းစားကြည့်။ မဟာဧကရီဆန်းကြယ်နယ်မြေက မင်းအတွက် အသုံးမဝင်ဘူး။ ကိုယ်ခံပညာပါရမီရှင်တွေတောင် အဲ့ထဲကိုဝင်ရင် ဘာအကျိုးကျေးဇူး ရနိုင်မလဲ မသေချာဘူး။ မင်းက ဘာကို ရွေးမှာလဲ "

" ပြီးတော့ မဟာဧကရီလျှို့ဝှက်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ။ မင်း လင်မိသားစုထဲမှာပဲနေပြီး မင်းရဲ့ ပျက်စီးခြင်းကောင်းကင်ဥပဒေသကို ဆက်လေ့ကျင့်ထားရင် မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက မယုံနိုင်စရာကောင်းနေမှာ။ မင်းသာ မဟာဧကရီဆန်းကြယ်နယ်မြေကို သွားပြီး ကံဆိုးတဲ့အခြေအနေတွေနဲ့ ကြုံမှ နောင်တရရင် နောက်ကျသွားပြီ "

" မင်း မသွားဘူးဆိုရင် ပျက်စီးခြင်းကောင်းကင်ဥပဒေသ လက်စွဲကျမ်းစာအုပ်တွေကို ငါ ပေးမယ်။ ပျက်စီးခြင်းကောင်းကင်ဥပဒေသ ရောင်ခြည်ပြားတွေကိုလည်း မင်းအတွက် ပြင်ဆင်ပေးမယ် "

လင်ဖန်းကူသည် ယွမ်ချီအသံပို့လွှတ်ပြီး ယီယွင်ကို ထိုစကားများ ပြောခဲ့သည်။

ယီယွင် ပြုံးလိုက်သည်။

ပျက်စီးခြင်းကောင်းကင်ဥပဒေသ လက်စွဲစာအုပ်တွေတဲ့လား။

သူ့ကို ပျက်စီးခြင်းကောင်းကင် ရောင်ခြည်ပြားတွေရော ပေးမှာလား။

လင်ဖန်းကူကဲ့သို့ အသက်ကြီးအမျိုးသမီးတစ်ယောက်ထံမှ ပစ္စည်းများကို ယီယွင် လိုချင်စိတ်မဖြစ်မိပေ။

သူမ၌ အမှန်တကယ်ကောင်းမွန်သောပစ္စည်းများ ရှိလျှင်ပင် လင်ဖန်းကူသည် ယီယွင်ကို ပေးမှာမဟုတ်ပေ။

ဤမိသားစုအစည်းအဝေး၌ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီးပါက လင်ဖန်းကူသည် သူ့ကို မသိတတ်သော လူတစ်ယောက်အဖြစ် နှိမ့်ချရန် အဆင့်နိမ့်ပစ္စည်းများသုံးကာ ဆက်ဆံမည်ကို ယီယွင်သိသည်။

ယီယွင် ဖြည်းဖြည်းချင်း ထရပ်ပြီး လင်အဘွားတော်ကို ဦးညွှတ်လိုက်သည်။

" ဒီဂျူနီယာက အဘွားတော်လင်ရဲ့ ဂရုစိုက်ပေးမှုနဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာက မဟာဧကရီလျှို့ဝှက်နယ်မြေကို စိတ်ဝင်စားပြီး စူးစမ်းလေ့လာဖို့ မျှော်လင့်ပါတယ် "

ယီယွင်၏ စကားများမှာ နှေးကွေးပြီး ညင်သာသော်လည်း လင်ယွီနှင့် လင်ဖန်းကူတို့၏ နားထဲသို့ ဝင်လာတဲ့အခါ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ရုပ်ဆိုးသွားသည်။

" ကောင်းပြီ "

လင်အဘွားတော်သည် ယီယွင်ကို ကြင်နာသောအပြုံးတစ်ခုဖြင့် ပြုံးပြသည်။

" ဒါဆိုရင် အဲ့ဒီနေရာကို ယီယွင်အတွက် သီးသန့်ထားလိုက်မယ်။ မဟာဧကရီလျှို့ဝှက်နယ်မြေကို သွားဖို့ ဒီလိုအခွင့်အရေးရလာတာ ယီယွင်ကြောင့်ပဲ။ အဲ့တာကြောင့် သူ့အတွက် နေရာတစ်ခုချန်ထားပေးတာက ကျိုးကြောင်းဆီလျော်တယ် "

လင်အဘွားတော်သည် လင်မိသားစု၏ အတွင်းရေးကိစ္စများကို တာဝန်ယူရသောကြောင့် သူမ၏ စကားများကသာ အဆုံးသတ်ဖြစ်သည်။

သူမသည် မိသားစုထဲရှိ အခြားအကြီးအကဲများနှင့် ညှိနှိုင်းနေခြင်းမဟုတ်ဘဲ သူတို့ကို အသိပေးနေခြင်း ဖြစ်သည်။

ထိုအခါ တက်ရောက်လာကြသော အကြီးအကဲများသည် အမူအရာအမျိုးမျိုးနှင့် တုံ့ပြန်ကြသည်။

သူတို့ထဲမှ အတော်များများသည် ထိုနေရာအတွက် ပိုသင့်တော်သူများကို စိတ်ကူးထားပြီးသား ဖြစ်သည်။

လူတိုင်းသည် သူတို့၏ သွေးရင်းမျိုးဆက်များကို ထောက်ခံပေးချင်ကြသောလည်း ယီယွင်မှ နေရာတစ်ခု ယူလိုက်သောကြောင့် ကျန်သည့်လူများအတွက် နေရာတစ်ခု လျော့နည်းသွားသည်မှာ သေချာသည်။

ယီယွင်သည် ရှေးဟောင်းဆေးပညာ စမ်းသပ်မှု၌ လင်မိသားစုအတွက် ကြီးကျယ်သော ဂုဏ်ထူးဆောင်လုပ်ရပ်တစ်ခု လုပ်နိုင်ခဲ့သည်ကို လူတိုင်းသိကြသည်။

ထို့ကြောင့် သူ့ကို ဆုအဖြစ် နေရာတစ်ခုပေးသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။

သို့သော် ဤနေရာအား ယီယွင်ကို ပေးသည်မှာ အလဟသဖြစ်သည်ဟု ခံစားမိကြသည်။

" အဘွားတော် "

လင်ဖန်းကူ မခံနိုင်တော့ပေ။

" ရုပ်ကြွင်းစမ်းသပ်မှုမှာ ယီယွင်က ကျွန်မတို့ လင်မိသားစုအတွက် ကပ်ဘေးကနေ ကာကွယ်နိုင်ခဲ့တာ သိပါတယ်။ ဒါပေမယ့် မဟာဧကရီလျှို့ဝှက်နယ်မြေကို ဝင်ရောက်ခွင့်ရတာက ယီယွင်ကြောင့်ဆိုတာ သဘောမတူဘူး "

" ရှန်းထူနန်ထျန်းနဲ့ လက်တစ်ထောင်အဘွားကို ဖမ်းခဲ့တဲ့သူတွေက လင်မိသားစုကလေ။ ရှန်းထူမိသားစုနဲ့ ညှိနှိုင်းခဲ့တဲ့သူတွေကလည်း ကျွန်မတို့ရဲ့ လင်မိသားစုကပါ။ ယီယွင်က ရှန်းထူနန်ထျန်းရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို မြင်နိုင်ခဲ့ရင်တောင် သူ့ရဲ့အစွမ်းအစနဲ့ ဘာလုပ်နိုင်မှာမလို့လဲ။ ကျွန်မတို့ လင်မိသားစုရဲ့အကူအညီသာမရှိရင် ရှန်းထူမိသားစုရဲ့လက်ချက်နဲ့ သေသွားလောက်ပြီ "

" ကိုယ်ပိုင်တဲ့ ခွန်အားရှိမှ ကြီးကျယ်လို့ရမှာလေ။ ရှန်းထူမိသားစုက ကျွန်မတို့မိသားစုကို စော်ကားထားတဲ့အနေနဲ့ လင်မိသားစုက မဟာဧကရီလျှို့ဝှက်နယ်မြေနေရာကို ရခဲ့တာ။ ဒါက ယီယွင်နဲ့ ဘာမှမဆိုင်ဘူး "

လင်ဖန်းကူ၏ စကားများမှာ စိတ်လှုပ်ရှားတုန်ရီနေပါသော်လည်း ထိုအကြောင်းပြချက်များကို လင်မိသားစု၏ အခြားအကြီးအကဲများက သဘောတူညီကြသည်။

သို့သော် လင်အဘွားတော်သည် ထိုစကားကို ကြားပြီးနောက် မျက်နှာအမူအရာ အေးစက်သွားသည်။

သူမသည် လင်ဖန်းကူကို သုန်မှုန်သောအကြည့်နှင့် ကြည့်လိုက်သည်။

လင်အဘွားတော်၏ စရိုက်ကို ရင်းနှီးသော အကြီးအကဲများသည် ထိုအကြည့်အရ သူမသည် လင်ဖန်းကူကို အလွန်ပင် မကျေမနပ်ဖြစ်နေကြောင်း သိနိုင်ကြသည်။

လင်ဖန်းကူ၏ အသံမှာ ရုတ်သွားပြီး အသံဆက်မထွက်ရဲတော့ပေ။

လင်မိသားစုအား နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သော အဘွားတော်ကို ဆန့်ကျင်ပြီး သူမ အလွန်ကြောက်နေသည်။

" လင်မိသားစုမှာ မင်းလို ရန်သူကို မိသားစုလို ဆက်ဆံပြီး အရည်အချင်းရှိတဲ့သူတွေကိုကျ နောက်ကျောဓားနဲ့ထိုး၊ ကိုယ် မြင်တဲ့ အကျိုးစီးပွားကို ကိုယ့်အိတ်ကပ်ထဲ ထည့်ဖို့ ပဲ ကြိုးစားနေတဲ့သူတွေပဲ ရှိနေရင် လင်မိသားစုက ပျက်စီးဖို့ သိပ်မဝေးတော့ဘူး "

" လုပ်နိုင်စွမ်းလည်းမရှိ၊ မနာလို၊ လောဘကြီး၊ တစ်ကိုယ်ကောင်းဆန်၊ မှန်တာနဲ့ မှားတာကို မခွဲခြားနိုင်၊ အမြော်အမြင်လည်းနည်း။ မင်းလိုလူမျိုးကို မိသားစုက ဘယ်လို ထိန်းသိမ်းရမှာလဲ "

အဘွားတော်လင်မှ ထိုသို့ပြောလိုက်သည့်အခါ လင်ဖန်းကူ၏နှလုံးသား ဓားနှင့်စိုက်ခံရသလို ခံစားလိုက်ရသည်။

လင်ဖန်းကူ အံ့ဩသွားကာ နားရွက်ထဲ၌ တကျီကျီမြည်လာတော့သည်။

သူမ၏ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး မျက်နှာပေါ် စီးကျလာသလို ခံစားလိုက်ရသည်။

လင်မိသားစု အကြီးအကဲများအစည်းအဝေး၌ လင်မိသားစု၏ ပြောရေးဆိုခွင့်ရှိ ဆုံးဖြတ်ချက်ချမှတ်သူက သူမကို လုံးဝ ငြင်းဆိုခဲ့သည်။

လင်အဘွားတော်က ဆက်ပြောသည်။

" မင်းလိုလူမျိုးကို မိသားစုမှာ ထိန်းသိမ်းထားတာ ဘာအသုံးဝင်မှာလဲ "

လင်ဖန်းကူ၏ မျက်နှာအိုကြီးမှာ နီရဲသွားပြီး သွေးနီရောင်သည် သူမလည်ပင်းအထိ ပျံ့နှံ့တက်လာသည်။

သူမသည် စကားတစ်လုံးမှ မပြောဘဲ ထိုနေရာ၌သာ ရပ်နေခဲ့သည်။

လင်ဖန်းကူ၏ အနောက်ရှိ လင်ယွီသည်လည်း သူ့ထိုင်ခုံ၌ တောင့်တောင့်ကြီး ရပ်နေသည်။

သူ ထရပ်လိုက်သည့် အချိန်မှစပြီး စကားတစ်ခွန်းတောင် မဆုံးရသေးဘဲ အဲ့ဒီမှာ ရပ်တန့်သွားရသည်။

ဤသည်မှာ အလွန်ရှက်စရာကောင်းလှသည်။

လင်အဘွားတော်၏ ထိုကိစ္စအပေါ် ဆုံးဖြတ်ချက်ကို ကြားပြီး သူ့တစ်ကိုယ်လုံး ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်မှ ဂျူနီယာများ၏ အကြည့်များကလည်း မနာလိုမှုမှ စာနာမှုအဖြစ် ပြောင်းလဲသွားသည်ကို သူ ခံစားမိသည်။

မည်သို့ပင်ဖြစ်စေ ယီယွင်ကို ကျောထောက်နောက်ခံပေးနေသော အကြီးအကဲကြီး ရှိနေသည်။

သူသည်လည်း ခိုင်မာသော ကျောထောက်နောက်ခံ ရှိကောင်းရှိနိုင်သော်ငြား ယီယွင်ထက်တော့ မမြင့်ပေ။

" ကျွန် ….. ကျွန်တော် လက်မခံနိုင်ဘူး "

လင်ယွီ ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ရီလာကာ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

သူသည် ထိုစကားကို မအော်ရဲဘဲ လင်ဖန်းကူဆီကိုသာ ယွမ်ချီအသံပို့လွှတ်လိုက်သည်။

" ကျွန်တော် ယီယွင်နဲ့ တိုက်ကြည့်ချင်တယ်။ ကိုယ်ခံပညာအရဆိုရင် သူက ဘာမလို့လဲ။ ကျွန်တော် သူ့ကို လက်နက်မပါဘဲ လုံးဝ ဖျက်ဆီးနိုင်တယ် "

လင်ယွီ၏ ယွမ်ချီအသံပို့လွှင့်မှုသည် မခံမရပ်ဖြစ်မှုများနှင့် ပြည့်နှက်နေသည်။

သို့သော် လင်ဖန်းကူ ခေါင်းကိုသာ ခါယမ်းပြခဲ့သည်။

" ဒါဆို မင်း သူ့ကို အနိုင်ရနိုင်လို့ရော ရမယ်ထင်လား။ မင်းရဲ့ သိုင်းစွမ်းရည်က ယီယွင်ထက် အများကြီးသာလွန်တယ်ဆိုတာ အဘွားတော်က မသိဘူးလို့ ထင်နေလား။ ဒါပေမယ့် ဒါက ယီယွင်အတွက် ဆုလာဘ်တစ်ခုဖြစ်တဲ့အတွက် သူမက မင်းကို လွှတ်မှာမဟုတ်ဘူး "

လင်ဖန်းကူ ထိုသို့ ပြောလိုက်သည့်အခါ လင်ယွီ စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။

မှန်လေသည်၊ ယီယွင်ကို ထိပ်တိုက်ရင်ဆိုင်ရာ၌ အနိုင်ယူနိုင်ခဲ့လျှင်ပင် ဘာမှမဖြစ်နိုင်ပေ။

ဒါဆို သူက ယီယွင်ကို ရက်ရက်စက်စက် အနိုင်ယူခဲ့ရင်ရော။

လင်အဘွားတော်၏ အမြင်ထဲရှိ ယီယွင်၏တန်ဖိုးမှာ သူ ယှဉ်ပြိုင်နိုင်သောအရာ မဟုတ်ပေ။

" ဒီကိစ္စက ဆုံးဖြတ်ပြီးပြီ။ ယီယွင်ကို အစားထိုးဖို့ မစဉ်းစားနဲ့။ ဒါပေမဲ့ ...... နတ်ဘုရားသင်္ချိုင်းချောက်နက်ရဲ့မကောင်းဆိုးဝါးလို စုပ်ယူလှိုင်းအင်အား မလျော့သေးတဲ့ ကာလအတွင်းကို မင်းက အခွင့်ကောင်းယူပြီး ကြိုးစားလေ့ကျင့်နိုင်သေးတယ်။ ယွမ်အုတ်မြစ်ချနယ်ပါယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရင် ယီယွင်နဲ့ ပြိုင်ပြီး နေရာလုဖို့ မလိုအပ်တော့ဘူး။ နေရာတွေ ကျန်ပါသေးတယ်။ အဲ့တာကြောင့် အဲ့ဒီထဲက တစ်ခုကို ရနိုင်တယ် "

လင်ဖန်းကူ၏ စကားပို့လွှတ်မှုအရ သူတို့သည် ဒုတိယအကောင်းဆုံးနေရာကို ရယူမည်ဟု ဆိုလေသည်။

ယွမ်အထွတ်အထိပ်အဆင့်နှင့် ယွမ်အုတ်မြစ်ချနယ်ပါယ်အထက်၌ ရှိနေသူများအတွက် နေရာတစ်ခု ရရန်မှာ မဖြစ်နိုင်တာ မဟုတ်ပေ။

" ယွမ်အုတ်မြစ်ချနယ်ပါယ်ရဲ့ ထိပ်ဆုံးအဆင့်လား ..... "

လင်ယွီ မျက်ခုံးပင့်တက်သွားသည်။

နတ်ဘုရားသင်္ချိုင်းချောက်နက်အား ခြောက်လကြာပြီးနောက် သွားနိုင်မည်ဆိုပါက ယွမ်အုတ်မြစ်ချနယ်ပါယ် ထိပ်ဆုံးအဆင့်ကို အောင်မြင်စွာ ရောက်နိုင်သည်။

အချိန်ပိုနည်းခဲ့လျှင်ပင် သူ ရနိုင်သေးသည်။

သို့သော် သူ၏ လေ့ကျင့်မှုအဆင့် အလွန်မြန်ဆန်စွာ တိုးတက်သွားမည်မှာ မလွဲမသွေဖြစ်သည်။

ထိုအခါ သူ၏ အခြေခံကျင့်စဉ်နယ်မြေ ထိခိုက်လာပေမည်။

ပါရမီရှင်များအနေဖြင့် အလျင်စလိုလုပ်ခြင်းသည် ကောင်းသောအရာမဟုတ်ပေ။

" ကျွန်တော် နားလည်ပါပြီ ..... "

လင်ယွီသည် သည်းခံပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ဤအစည်းအဝေး၌ နေရာဆယ်ခုအတွက် ယာယီဆုံးဖြတ်ထားသော နေရာရှစ်ခု ရှိလာပြီသည်။

နောက်မှ ဆက်၍ဆွေးနွေးရန် နေရာနှစ်ခုကျန်ရှိနေသေးသည်။

အဘွားတော်လင်၏ ထောက်ခံမှုဖြင့် ယီယွင်သည် အဖိုးတန်နေရာတစ်ခုကို အလွယ်တကူရရှိခဲ့သည်။

ဤအတွက်ကြောင့် လင်မိသားစု၏ အထက်တန်းအဆင့်များနှင့် ဂျူနီယာများသည် လျှို့ဝှက်စွာ ဝေဖန်ကြမည်မှာ မလွဲမသွေဖြစ်သည်။

ကျန်ရှိသောနေရာများအား မည်သူရရှိမည်ကို ဆုံးဖြတ်ရန် မိသားစုတွင်း ပြိုင်ပွဲတစ်ခု ကျင်းပသင့်သည်ဟု လူအများက ယုံကြည်ကြသည်။

ဤသည်မှာသ အမျှတဆုံးနည်းလမ်းဖြစ်သည်။

သို့သော် မိသားစုပြိုင်ပွဲကျင်းပလျှင်ပင် အသက်အရွယ်ကွာခြားမှုကြောင့် မည်သူ၏အရည်အချင်းက ပိုကောင်းသည်ကို ပြောရန်ခက်ခဲသည်။

လင်ယွီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူအချို့သည် လင်ယွီ ဆက်ဆံခံရသော မတရားမှုအချို့ကို ခံစားခဲ့ရသည်။

လင်ယွီကဲ့သို့ ပါရမီရှင်တစ်ဦးကို မိသားစုမှ ဖိနှိပ်ထားပြီး သာမန်ခွန်အားရှိသော ယီယွင်သည် အဘွားတော်၏ထောက်ခံမှုကြောင့် ထိုအားသာချက်ကို ရရှိခဲ့သည်ဟု သူတို့အနေဖြင့် ခံစားရသည်။

ဤသည်မှာ မတရားလွန်းလှသည်။

ထိုကိစ္စကို လူအများ မကျေမနပ်ဖြစ်ကြသည်။

သို့သော် ဤအကြောင်းများ ပျံ့နှံ့နေသော်လည်း လင်ဖန်းကူသည် မီးတောက်ထဲကို လောင်စာထပ်မထည့်တော့ချေ။

အဘွားတော်လင်၏ ပြင်းထန်စွာ ဆုံးမမှုကို ခံရပြီးနောက် လင်ဖန်းကူ သူမကိုယ်သူမ နှိမ့်ချလိုက်သည်။

ဤကိစ္စကို တိတ်တဆိတ် ဆွေးနွေးခြင်းသည် လင်အဘွားတော်ကို မကောင်းပြောသည်နှင့် တူသည်ကို သူမ သိသည်။

လင်အဘွားတော်ကို စိတ်မပျော်ရွှင်စေမည့် မည်သည့်ကိစ္စကိုမှ သူမ မလုပ်ရဲတော့ပေ။

အကြောင်းမှာ ထိုစကားများ လင်အဘွားတော်၏နားထဲသို့ ရောက်သွားပါက အကျိုးဆက်များ ဆိုးရွားလာပေလိမ့်မည်။

" အချိန်က စကားပြောပါလိမ့်မယ် "

လူအများ ထိုကိစ္စကို ဆွေးနွေးကြချိန် လင်ဖန်းကူ ထိုသို့သာ ပြောသည်။

သူမ၏ မျက်နှာအမူအရာမှာ ယုံကြည်မှုအပြည့်ရှိသည်။

" ယွီအာက ယွမ်အုတ်မြစ်ချကျင့်စဉ် နောက်ဆုံးအဆင့်နဲ့ အောက်အဆင့်တွေအတွက် နေရာတစ်ခု မရရင်တောင် အဆင်ပြေတယ်။ ယွီအာ အောင်မြင်မှုရသွားတာနဲ့ ကျန်နေရာနှစ်ခုထဲက တစ်ခုကို ရနိုင်တာပဲ "

" မီးဆိုတာ ရွှေအစစ်အတွက် စမ်းသပ်မှုပဲ။ သူ မဟာဧကရီလျှို့ဝှက်နယ်မြေထဲကို ရောက်သွားတာနဲ့ ယွီအာက သူ့ရဲ့တန်ဖိုးကို သက်သေပြလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ယွီအာက သူ့ရဲ့ရလဒ်တွေကို သုံးပြီး သူ့ကို ရယ်ထားတဲ့သူတွေကို ပါးစပ်ပိတ်သွားစေလိမ့်မယ်။ သူက အရည်အချင်းမရှိတဲ့သူတွေကိုလည်း ပါရမီဆိုတာ ဘာလဲ၊ အစွမ်းသတ္တိဆိုတာ ဘာလဲဆိုတာကို သိစေလိမ့်မယ် "

လင်ဖန်းကူ ဆိုလိုချင်သော 'စွမ်းရည်မရှိသူတွေ'ဆိုသည်မှာ ယီယွင်ကို ညွှန်ပြနေသည်။

သူမသည် တည့်တိုး မပြောရဲခဲ့ပေ။

ထိုဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ယီယွင်ကတော့ လျစ်လျူရှုထားခဲ့သည်။

အစည်းအဝေး ပြီးဆုံးသွားကတည်းက ယီယွင်သည် လေ့ကျင့်ရန် သီးသန့်အခန်းထဲကို ဝင်သွားသည်။

မဟာဧကရီလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ရန် အများဆုံး နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ရှိပြီး အတိုဆုံးအချိန်မှာ လအနည်းငယ်သာ ဖြစ်သည်။

နတ်ဘုရားသင်္ချိုင်းချောက်နက်၏ မကောင်းဆိုးဝါးဆန်သော လှိုင်းစွမ်းသည် ဘယ်အချိန်၌ အနိမ့်ဆုံးအဆင့် ရောက်မည်ကို ဘယ်သူမှ မသိနိုင်ပေ။

ယီယွင်သည် ဤအချိန်ကို အသုံးချကာ ခရမ်းရောင်သလင်းကျောက်တုံးထဲမှ သန့်စင်ယန်စွမ်းအင်ကို ကောင်းကောင်းချေဖျက်ရန် စီစဉ်နေသည်။

ရုပ်ကြွင်းစမ်းသပ်မှု၌ ယီယွင်သည် မဟာဧကရီအမတေထဲမှ ပေါက်ကွဲထွက်လာသော သန့်စင်ယန်စွမ်းအင် အနှစ်သာရအားလုံးကို ခရမ်းရောင်သလင်းကျောက်ဖြင့် မြိုချခဲ့သည်။

ယခုအခါ ထိုစွမ်းအင်ကို ခရမ်းရောင်သလင်းကျောက်တုံးထဲမှာ သိမ်းဆည်းထားပြီးဖြစ်၍ သူ၏ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်သည်။

သူ၏ခွန်အားသည် အချိန်တိုအတွင်းမှာပင် ထိုးတက်လာမည်ကို သူသိသည်။

ယီယွင်တင်သာမက မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရန် ရွေးချယ်ခံခဲ့ရသော အခြားဂျူနီယာများကလည်း အချိန်မဖြုန်းဘဲ ကျင့်ကြံကြသည်။

ကျန်နေရာနှစ်ခုအတွက် လင်မိသားစု၏ ကျန်ဂျူနီယာများမှာ ကြိုးစားနေသောအရာ ဖြစ်လာခဲ့သည်။

ဤမဟာဧကရီဆန်းကြယ်နယ်မြေသည် ကြီးကျယ်ခမ်းနားသည်ကို လူတိုင်း သိကြသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအခွင့်အရေးကြီးကို ရရှိပါက နဂါးတံခါးကို ခုန်ကျော်နိုင်သော ငါးတစ်ကောင်ကဲ့သို့ ဖြစ်ပေလိမ့်မည်။

ထိုအခါ သူတို့၏ အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်မရှိ ဖြစ်ပေမည်။

ဤသည်မှာ ရှေးဟောင်းပြိုင်ဘက်ကင်း မဟာဧကရီ၏ အမွေအနှစ်ဖြစ်သည်။

နှိုင်းယှဉ်ကြည့်ပါက ထျန်းယွမ်ယွမ်ကမ္ဘာရှိ မိသားစုကြီးများစွာသည် ထိုအဆင့်တွင် မရှိကြပေ။

ထို့အပြင် လင်ရှင်းထုံအား ကုသပေးနိုင်သော ရှေးဟောင်းဆေးချက်နည်းကို ရရှိပါက သူတို့လင်မိသားစုသည် မယုံနိုင်စရာကောင်းသော ဂုဏ်သတင်းနှင့် အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်သည်။

လင်ရှင်းထုံ၏ နှလုံးသားကို ရရှိနိုင်သော အခွင့်အလမ်းအနည်းငယ်ပင် ရှိနိုင်သည်။

လင်မိသားစု၌ သွေးသားတော်စပ်မှု မျိုးဆက်သုံးဆက် ကွဲပါက လင်မိသားစုထဲ အချင်းချင်း လက်ထပ်နိုင်သည်။

လက်ရှိ လင်မိသားစုဂျူနီယာအများစုသည် လင်ရှင်းထုံနှင့် သွေးသားဆက်နွယ်မှု မရှိပေ။

ဖြစ်နိုင်ချေရှိသော အကျိုးကျေးဇူးများအားလုံးကြောင့် သူတို့အားလုံးသည် လောဘမျက်လုံးများ နီရဲလာကြသည်။

" ငါ လင်အဘွားတော်ကို နောင်တရစေရမယ် "

တောက်ပသောလအောက်၌ အပြာရောင်အဝတ်အစား ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်နေသည်။

သူသည် ဓားကို ကျောက်ဆောင်ထဲသို့ ထိုးစိုက်ထည့်လိုက်ပြီး မျက်လုံးများသည်လည်း လက်မခံနိုင်မှုဖြင့် တောက်ပနေသည်။

သူက လင်ယွီဖြစ်သည်။

" ဒီရေအတက်အကျဆိုတာ ပြောင်းလဲတတ်တယ်။ ငါ လင်ယွီကို မထီမဲ့မြင်ပြုတဲ့သူတွေ ငါ့အောင်မြင်မှုတွေကို အသုံးချပြီး မင်းတို့မျက်နှာကို ပြန်ရိုက်ပြပေးမယ် "

All Chapters