← Chapters

အခန်း (၄၃၇-၄၃၉)

Vol. 30 Ch. 437-439

အခန်း (၄၃၇-၄၃၉)

Vol. 30 Ch. 437-439

အပိုင်း ၄၃၇

ရှေးဟောင်းပျက်စီးခြင်းသားရဲ

____________________________________________

" သစ်နက်မယ်...ရှန်းထူနန်ထျန်းကို မကောင်းမပြောပါနဲ့။ သူက အရမ်းလွယ်ကူတဲ့ အလုပ်တစ်ခုမှာ ကျရှုံးသွားရုံတင်ပါပဲ။ ဟိုကောင်လေး ယီယွင်က အရမ်းပါးနပ်တယ်။ ငါတို့တွေ သူ့ကို သတိထားရမယ် "

လက်ရှိရောက်ရှိနေကြသည့် လူအချို့က ရှန်းထူမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော အဖွဲ့များထံမှ ဖြစ်ကြလေသောကြောင့် ၎င်းတို့ထဲမှ တစ်ဦးက ရှန်းထူနန်ထျန်းအတွက် ပြောပေးခဲ့သည်။ သစ်နက်မယ်ဟု ရည်ညွှန်းခံရသူမှာ အနက်ရောင်အဝတ်အစားများနှင့် အနက်ရောင်လက်သည်းများရှိပြီး ဆံပင်အနက်ရောင်ရှိသော မိန်းကလေး ဖြစ်သည်။

သစ်နက်မယ်က စကားမဆိုတော့ပေ။ သူမသည် ရှန်းထူမိသားစုမိသားစုအပေါ် အမြင်ကောင်းမရှိသော်လည်း ယခင်ကတည်းက ဝိညာဉ်စာချုပ်ကို ကြိုတင်ချုပ်ဆိုထားခြင်းနှင့် ရှန်းထူမိသားစုမှ တပည့်တစ်ဦး ရှိနေခြင်းတို့ကြောင့် ရှန်းထူနန်ထျန်းကို သိက္ခာချနေရန်မသင့်ပေ။

ထို့အပြင် ရှန်းထူမိသားစု၏ ထိုတပည့်သည် အသက် ၁၆ ၊ ၁၇ ဝန်းကျင်ခန့် ရှိပုံရသည်။ ထိုလူငယ်သည် အနေသိုသိပ်လှကာ မီးလျှံဝတ်ရုံကို ဝတ်ဆင်ထားပြီး လူငယ်တစ်ဦး၏နောက်တွင် ရပ်နေလေ၏။

ဤလူငယ်၏အမည်က ကုန်းစွန်းဟုန်ဖြစ်ပြီး လီမီးတောက်ဂိုဏ်းမှ ဖြစ်သည်။

သစ်နက်မယ်နှင့် အိတ်တစ်လုံး လွယ်ထားသော လူငယ်သည်ပင် ကုန်းစွန်းဟုန်အား လေးစားမှုပြရသည်။ သူက လီမီးတောက်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်ပြိုင်ပွဲတွင် ပထမနေရာ ရရှိထားလေသည်။

လီမီးတောက်အဆင့်ကို သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး အသက် ၁၈ နှစ်အောက်မှ လူများအတွက်သာ ဖြစ်လေသည်။ လီမီးတောက်ဂိုဏ်းမှ အသက်မပြည့်သေးသော တပည့်များကသာ ထိုအဆင့်သတ်မှတ်ချက်တွင် ပါဝင်နိုင်သည်။ ကုန်းစွန်းဟုန်က လီမီးတောက်ဂိုဏ်း၏ ပထမနေရာကို ရယူထားပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သက်သေပြထားခဲ့သည်။

ထျန်းယွမ်ကမ္ဘာကြီးထဲတွင် ဂိုဏ်းတစ်ခု၏ စုဖွဲ့မှုစွမ်းအားက မိသားစုမျိုးနွယ်စုတစ်ခု၏ စွမ်းအားနှင့် ယှဉ်မည်ဆိုပါက ပိုမိုအားနည်းကြောင်း သိထားရချေမည်။ သို့သော် အင်အားအရာတွင်မူ ဂိုဏ်းများက မိသားစုမျိုးနွယ်စုကြီးများထက် များစွာသာလွန်သည်။ ထို့အပြင် မိသားစုမျိုးနွယ်စုတစ်ခုက ၎င်းတို့မိသားစု၏ သားစဉ်မြေးဆက်များကိုသာ ရွေးချယ်နိုင်လေသောကြောင့် ထိုနည်းလမ်းက မြေကြီးလက်ခတ်မလွဲပင် အကန့်အသတ်ရှိသည်။ သို့သော် ဂိုဏ်းတစ်ခုတွင်မူ ထိုသို့စဉ်းစားပုံမျိုး မရှိပေ။

အဖွဲ့မျိုးစုံမှ လူအများ စတင်ကာ စကားပြောလာကြသည်။ ၎င်းတို့က ယီယွင်ကို ဂရုမစိုက်သလို သတ်ဖြတ်လိုစိတ်များကိုလည်း ဖုံးကွယ်မထားကြချေ။

ယခုအခါ၌ မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် လူတိုင်းကို ဥပဒေတစ်ခုနှင့် ကာကွယ်ထားပေးထားသည်။ ဦးစွာတိုက်ခိုက်သူ မည်သူကိုမဆို ထိုဥပဒေက ၎င်းတို့၏ စွမ်းအားများကို ယာယီဖယ်ရှားပစ်ပေလိမ့်မည်။

သို့သော် မဟာဧကရီ၏ ဆက်ခံသူအဖြစ် အရည်အချင်း ပြည့်မီကြသည့် ကျင့်ကြံသူများကိုသာ ထိုကာကွယ်မှုအား ပေးအပ်ထားသည်။ အရည်အချင်း ပြည့်မီခြင်းမရှိတော့ပါက မည်သည့်ကာကွယ်မှုမျှ ရနိုင်တော့မည်မဟုတ်သလို မဟာဧကရီဆန်းကြယ်နယ်မြေက အသုံးမဝင်သူများကို ကာကွယ်ရန်အတွက် မည်သည့်စွမ်းအင်ကိုမျှ ပေးသနားနေမည်မဟုတ်ပေ။

သူတို့က စမ်းသပ်မှုစတင်လာမည်ကို စောင့်ဆိုင်းနေကြ၏။ ပါရမီ အလုံအလောက်ရှိသူများကသာ အဆုံးထိသွားနိုင်ပေလိမ့်မည်။ အရည်အချင်းမရှိသူများကိုမူ ဖယ်ရှားပစ်လိမ့်မည်။

ထိုအချိန်တွင် ရှုးခနဲ မြည်သံနှင့်အတူ လူတိုင်း၏ရှေ့မှ အဖြူရောင်မြေပြင်သည် တွန့်လိမ်သွားလေ၏။ မြေပြင်အထက်တွင် ရုတ်တရက်ပင် မြစ်တစ်စင်း ပေါ်လာသည်။ မြစ်၏အထက်တွင်မူ ကြီးမားသော အလင်းတံတားတစ်ခု ရှိလေ၏။

ထိုအလင်းတံတားက မီတာနှစ်ဆယ်ကျော် အကျယ်ရှိပြီး မီတာ ၂၀၀ ၊ ၃၀၀ ခန့် ရှည်လျားသည်။ အလင်းတံတားပေါ်တွင် အရိပ်တစ်ခု ပေါ်လာပြီးနောက် မှုန်ဝါးနေရာမှ ကြည်လင်သော မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

လူအများ သေချာကြည့်ပြီးနောက် ရင်ထိတ်သွားကြရသည်။ တံတားပေါ်တွင် ပျက်စီးခြင်းသားရဲတစ်ကောင် ရှိနေချေ၏။ ထိုပျက်စီးခြင်းသားရဲသည် နှစ်ထပ်အိမ်တစ်လုံးခန့်မြင့်မားပြီး ဧရာမကျားတစ်ကောင်နှင့် ဆင်တူသည်။ ၎င်း၏ခန္ဓာကိုယ်တွင် ကျားကဲ့သို့ အစင်းကြောင်းများ ဖုံးလွှမ်းမနေဘဲ မရေမတွက်နိုင်လောက်သော မိုးကြိုးလျှပ်စီးများ ရှိနေသည်။

သားရဲ၏သွားစွယ်များက လှံရှည်များနှင့်ဆင်တူပြီး ဓားများနှင့်တူသော ခြေသည်းများ ရှိသည်။ သားရဲသည် အလွန်ရက်စက်ကြမ်းကြုတ်လှပြီး ပြင်းထန်သော ဖိနှိပ်မှုခံစားချက်ကို ပေးစွမ်းနေသည်။

“ ဒါက… ”

လူငယ်များ အံ့အားသင့်သွားကြသည်။ ဒါက ဘာလဲ။

ဤပျက်စီးခြင်းသားရဲက အစစ်နှင့်တူလွန်းလှသည်။ ၎င်းတွင် အသွေးအသားရှိပြီး ပယင်းရောင်မျက်ဝန်းတစ်စုံသည် တုန်လှုပ်ဖွယ်ရာ အေးစက်သောအလင်းတစ်ခု တောက်ပနေသည်။

သို့သော် မဟာဧကရီဆန်းကြယ်နယ်မြေ တည်ရှိလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သိရှိကြပြီး ပိတ်လှောင်ခံထားရသည့် မည်သည့်ပျက်စီးခြင်းသားရဲကမျှ ကြာရှည်စွာ ရှင်သန်နိုင်ခြင်းမရှိကြောင်းကို လူအများ သိရှိကြသည်။

သူတို့၏ရှေ့ရှိ ပျက်စီးခြင်းသားရဲက အစစ်နှင့်တူသော်လည်း စင်စစ်တွင်မူ ၎င်းက စွမ်းအင်ထုတ်လွှတ်မှုတစ်ခုသာ ဖြစ်လေ၏။

စွမ်းအင်ဖြင့် ဖန်တီးထားသော ပျက်စီးခြင်းသားရဲက ပျက်စီးခြင်းသားရဲ အစစ်တစ်ကောင်ကို ပြီးပြည့်စုံစွာပင် တုပနိုင်နေသည်။ ဤနည်းလမ်းသည် အံ့သြစရာကောင်းသော်လည်း အထူးဆန်းဆုံးမှာမူ ဤဖြစ်ရပ်ကို ရှန်းထူမိသားစု၏ ကျောက်စိမ်းစာလိပ်ထဲတွင် မှတ်တမ်းအတွေ့အကြုံများ ဖော်ပြမထားခြင်းပင်။

ကျောက်စိမ်းစာလိပ်ထဲရှိ မှတ်တမ်းများအရဆိုလျှင် တောရိုင်းမြေတစ်ခုကို ဦးစွာဖြတ်သန်းရမည်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်းများ ကြုံတွေ့ရမည်ဟု ဖော်ပြထားသည်။ အလင်းတံတား သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော ပျက်စီးခြင်းသားရဲကိုမူ ဖော်ပြမထားပေ။

ဝိညာဉ်စာချုပ်ကြောင့် သူတို့အား ရှန်တူးနန်ထျန်းက သတင်းအချက်အလက်များ မှားယွင်းနေသော ကျောက်စိမ်းစာလိပ်ကို ပေး၍မရပေ။ ထို့ကြောင့် မဟာဧကရီဆန်းကြယ်နယ်မြေက ဝင်ရောက်ချိန်တိုင်းတွင် ကွဲပြားသော စမ်းသပ်မှုတစ်ခု ရှိနေနိုင်လောက်သည်။

ဤအတိုင်းဆိုလျှင် နောက်ပိုင်းမှလာသောသူများသည် ယခင်လူများထံမှ စမ်းသပ်မှုအတွေ့အကြုံများကို အသုံးချနိုင်မည် မဟုတ်တော့ပေ။ သို့မှသာလျှင် ဆန်းကြယ်နယ်မြေမှ ရွေးချယ်ထားသော ဆက်ခံသူက စစ်မှန်မှုရှိကြောင်းကို အာမခံချက်အမြင့်ဆုံး ဖြစ်စေလိမ့်မည်။

လူအများ ထိုအရာကို သဘောပေါက်သွားကာ အံ့သြသွားကြသည်။ မဟာဧကရီဆန်းကြယ်နယ်မြေက အလွန်ပင် ကြောက်စရာကောင်းလှ၏။ ရှေးဟောင်းမဟာဧကရီက ဆန်းကြယ်နယ်မြေ၏ စမ်းသပ်မှုများကို အကြိမ်တိုင်းတွင် ကွဲပြားနေစေရန်အတွက် အဘယ်သို့များ လုပ်ခဲ့လေသနည်း။

သို့သော် ယခုက ထိုအကြောင်းကို အံ့သြနေရန် အချိန်မဟုတ်သေးပေ။ ရှန်းထူမိသားစု၏ ဆန်းကြယ်နယ်မြေ ကျောက်စိမ်းစာလိပ်က မဟာဧကရီဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်ကို လမ်းညွှန်ပေးသည်မှလွဲ၍ လောက်လောက်လားလား တန်ဖိုးမရှိသည်မှာ သံသယဖြစ်ရန်မလိုပေ။

သူတို့က ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေတော့မည်။

“ စမ်းသပ်မှုရဲ့ အကြောင်းအရာတွေက ပြောင်းလဲနေတာဆိုတော့ ငါတို့ ရင်ဆိုင်ရမဲ့အရာတွေကိုလည်း မသိနိုင်တော့ဘူး "

အိတ်တစ်လုံးလွယ်ထားသည့် လူငယ်က စိုးရိမ်ခြင်းမရှိရုံသာမက သူ၏မျက်နှာကလည်း စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေလေသည်။

“ စိတ်ဝင်စားစရာပဲ "

သစ်နက်မယ်ကလည်း စမ်းကြည့်ချင်နေလေ၏။ သူမ၏ လက်သည်းနက်တစ်ခုက သူမ၏လက်ဝါးကို မသိလိုက်မိဘဲ ခြစ်မိသွားလေ၏။

ထိုစဥ် လူတိုင်း၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာည်။ ထိုအသံက တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော်လည်း လူသားခံစားချက်များ မရှိလေသောကြောင့် မာဆတ်ဆတ်အသံ ဖြစ်နေလေ၏။

" လူတိုင်းမှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်အတွင်းမှာ အလင်းတံတားကို ဖြတ်သန်းနိုင်ခဲ့ရင် ဆန်းကြယ်နယ်မြေရဲ့ နောက်တစ်ဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ် "

“ ငါ နားလည်ပြီ။ ဒါဆို ဒီပျက်စီးခြင်းသားရဲ့ လက်သည်းအောက်မှာ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လောက်အထိပဲ တောင့်ခံရမှာပေါ့ "

“ ဒီစမ်းသပ်မှုကို ငါကြိုက်တယ် " သစ်နက်မယ်က စိတ်လှုပ်ရှားနေပုံပင်။

သစ်နက်မယ်သာမက လင်မိသားစုဘက်မှ လင်ယွီကလည်း အလွန်စိတ်လှုပ်ရှားနေသည်။ ပထမဆုံးစမ်းသပ်မှုက ပျက်စီးခြင်းသားရဲများနှင့် တိုက်ခိုက်ရခြင်းပင်။

ယင်းက သူ ကျွမ်းကျင်သည့်အရာ ဖြစ်ချေ၏။

မဟာဧကရီဆန်းကြယ်နယ်မြေသို့ မဝင်မီ နောက်ဆုံးခြောက်လအတွင်း၌ သူသည် မကောင်းဆိုးဝါးဆန်သော လေ့ကျင့်မှုများ ခံယူခဲ့ရလေ၏။ သူ၏အချိန်အားလုံးကို လူငယ်လက်ရွေးစင်များနှင့် တိုက်ခိုက်ခြင်း သို့မဟုတ် ပျက်စီးခြင်းသားရဲများနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများ ဆင်နွှဲရင်းဖြင့် ကုန်ဆုံးခဲ့သည်။

“ ဒါက နိမိတ်ကောင်းပဲ။ ဒီစမ်းသပ်မှုမှာ ငါ တောက်ပလိမ့်မယ် ”

လင်ယွီ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ရည်မှန်းချက်ကြီးမားသော အလင်းရောင်တစ်ခု ပေါ်လာသည်။

လင်ယွီက လင်မိသားစုတွင် ထိပ်တန်းအဆင့် လက်ရွေးစင်တစ်ဦး၏အဆင့်၌ မရှိသလို မဟာဧကရီဆန်းကြယ်နယ်မြေသို့ ဝင်ရောက်ရေးအတွက် သူ၏နေရာကို ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။

ယီယွင်အတွက်ကိုမူ လင်ယွီသည် ဆန်းကြယ်နယ်မြေထဲတွင် ယီယွင်အား အခြားသူများက သတ်ဖြတ်သွားမည်ကို ဂရုမစိုက်ပေ။ ယီယွင်တွင် ရန်သူများ အလွန်များပြားလွန်းသောကြောင့် သူ့အား လာရောက်ပတ်သတ်မည်ကိုသာ စိုးရိမ်မိသည်။

ယီယွင်က သူ့နေရာကို လုယူလုနီးပါးဖြစ်ခဲ့လေပြီး အဖွားတော်ကလည်း ထိုကောင့်ကို မျက်နှာသာပေးကာ ထိပ်တန်းအရင်းအမြစ်များကိုပင် အသုံးပြုခွင့်ပေးထားသည်။ ထိုကိစ္စများကြောင့် လင်ယွီက အလွန်ပင်မနာလို ဖြစ်ရသည်။ သူ့အတွက်မူ ယီယွင်သည် သေသွားသည်ကသာ ပိုကောင်းလေ၏။

ထိုစဥ် လင်ရှောင်းတျယ်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး... “ ဒီရှေးဟောင်းဆန်းကြယ်နယ်မြေထဲမှာ အတွေ့အကြုံရှာရတာက အရမ်းရှားပါးတဲ့ အတွေ့အကြုံတစ်ခုပဲ။ ဒါကို မှတ်တမ်းမတင်ရင် နှမြောစရာသွားလိမ့်မယ် "

လင်ရှောင်းတျယ်က ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမက သေးငယ်ပြီး ချစ်စရာကောင်းသည်။ သူမ၏အမည် (လိပ်ပြာငယ်) ဆိုသကဲ့သို့ပင် သူမသည် ပန်းများကြားတွင် လှည့်လည်သွားလာနေသော လိပ်ပြာတစ်ကောင်ပမာပင်။

သူမက ယီယွင်နှင့် အသက်တူနေခြင်းကြောင့် သူမ၏စရိုက်က ရင့်ကျက်ခြင်းမရှိဘဲ ကလေးဆန်နေခြင်း ဖြစ်နိုင်သည်။ သူမက လုပ်ချင်ရာကိုသာ လုပ်ဆောင်လေပြီး လင်မိသားစုကို စောင့်ကြည့်နေသော အဖွဲ့အားလုံးကို လျစ်လျူရှုထားသည်။ သူမသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရုပ်သံအစီရင်ပြားတစ်ခု ထုတ်ယူပြီး အလင်းတံတားနှင့် မဝေးလှသောနေရာတွင် ထားလိုက်သည်။ သူမက အလင်းတံတားပေါ်ရှိ ဂျူနီယာတိုင်း၏ စမ်းသပ်မှုမြင်ကွင်းကို မှတ်တမ်းတင်ရန် စီစဉ်နေသည်။

“ဟားဟားဟား.... ဂျူနီယာညီမလေးရှောင်းတျယ်.... အခုလိုလုပ်တာက အတော်လေး စိတ်ဝင်စားစရာပဲ "

ရုပ်သံအစီရင်ပြားကို မြင်သောအခါတွင် လင်ယွီ အတော်ပင် စိတ်လှုပ်ရှားသွားလေ၏။ သူ၏ကိုယ်ပိုင်စွမ်းဆောင်ရည်ကို လင်မိသားစု၏ အကြီးအကဲများ မမြင်နိုင်တော့ဟုသာ သူ ထင်ထားခဲ့သည်။ သို့သော် ရုပ်သံအစီရင်ပြားနှင့်ဆိုလျှင်မူ သူ၏ ခမ်းနားကြီးကျယ်ကာ ရဲရင့်သောစွမ်းဆောင်ရည်များကို အနာဂတ်တွင် မြင်ရနိုင်ပေပြီ။

လင်ယွီက ချက်ချင်း တက်သွားရန်သင့် ၊ မသင့်အား စဉ်းစားနေချိန်တွင် မဟာဧကရီဆန်းကြယ်နယ်မြေ၏ အေးစက်စက်အသံ ထပ်မံထွက်ပေါ်လာသည်... “ အလင်းတံတားပေါ်ကို ပထမဆုံး ခြေချတဲ့သူက ခက်ခဲမှုတွေ ၂၀% လျော့နည်းလိမ့်မယ် "

ထိုစကားကြောင့် ဝသောလူငယ်တစ်ဦးက အလင်းတံတားပေါ်သို့ ချက်ချင်း ခုန်တက်သွားလေ၏။

“ ဒီကောင်စုတ်လေး "

လင်ယွီ အပါအဝင် လူအများအပြားက ကျိတ်၍ ကျိန်ဆဲကြလိုက်သည်။ ဝသောလူငယ်က အလွန်ပါးနပ်လှပြီး ပထမဆုံးအလှည့်ကို သည်အတိုင်းပင် လုယူသွားခဲ့ချေသည်။

“ ဟားဟား.... အားလုံးပဲ... ငါ မင်းတို့အားလုံးအတွက် လမ်းကြောင်းကို ကင်းထောက်သွားပေးမယ် "

လူငယ်က ရယ်ရင်းပြောလိုက်သည်။ ပထမအလှည့်အား ရရှိလိုက်ခြင်းကြောင့် သူ အရမ်းပျော်နေလေ၏။

သူ ကျေနပ်နေသော်လည်း သူ့ကိုယ်သူအား အထင်ကြီးနေခြင်းမရှိပေ။ ပျက်စီးခြင်းသားရဲ၏ ရှေ့မှောက်တွင် ဝသောလူငယ်က အလွန်သတိထားနေ၏။

သူ၏ရှေ့မှောက်မှ ပျက်စီးခြင်းသားရဲသည် အမျိုးအမည်မသိရသော ရှေးဦးမျိုးစိတ်တစ်ခု ဖြစ်လေ၏။ ထိုသားရဲ၏အစွမ်းက အလွန်ပင် ကြောက်စရာကောင်းသည်။ ဤသူများက ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသော်လည်း ပထမဆုံးအကဲဖြတ်မှုတွင် ပမာဏတစ်ခုအထိ ဖယ်ရှားခံရပေလိမ့်မည်။

အစောပိုင်းက အေးစက်သောအသံသည် အလင်းတံတားပေါ်တွင် အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်အထိ ခံနိုင်ရည်ရှိပါက အောင်မြင်မှုရရန် လုံလောက်သည်ဟု ပြောသွားချေသည်။

ထို့ကြောင့် ဝသောလူငယ်က ပျက်စီးခြင်းသားရဲကို တိုက်ခိုက်ရန် ရည်ရွယ်မထားပေ။ သူ ထိန်းထားနိုင်ပါက လုံလောက်လေ၏။

ပျက်စီးခြင်းသားရဲကို အနိုင်ယူခြင်းထက် တောင့်ခံခြင်းက ပိုမို၍ပင် လွယ်ကူချေသည်။

အပိုင်း ၄၃၈

စိတ်မဝင်စားခြင်း

အလင်းတံတားပေါ်ရှိ ဝသောလူငယ်၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေလျက်ရှိပြီး ပျက်စီးခြင်းသားရဲ၏ ပယင်းရောင်မျက်ဝန်းများနှင့် အကြည့်ချင်းဖလှယ်နေသည်။

ဤစမ်းသပ်မှုတွင် အကျိုးအမြတ်များစွာ ရှိလေသည်။ ဆန်းကြယ်နယ်မြေထဲမှ အကျိုးအမြတ်များကို ဥပေက္ခာပြုထားပြီး သူ့အား အမြင်ကျယ်စေလာမည်ကိုသာ ကြည့်မည်ဆိုလျှင်ပင် သူ၏ကြီးထွားမှုအတွက် များစွာအကျိုးရှိသည်။

သူ လျင်မြန်စွာ ထုတ်ပယ်ခံရမည်ဆိုလျှင်ပင် အဆင်ပြေလေသည်။ အကြောင်းကမူ သူက ကံမကောင်းစေသော ယီယွင်နှင့် တစ်အုပ်စုတည်း ကျရောက်နေလေသောကြောင့်ပင်။

သူ ထုတ်ပယ်ခံခဲ့ရပါက သူ့ထံတွင်ရှိနေသည့် ဆန်းကြယ်နယ်မြေ၏ အကာအကွယ်စွမ်းအင်များ ပျောက်ကွယ်သွားမည်ဖြစ်လေသောကြောင့် ယီယွင်အား တိုက်ခိုက်ခဲ့လျှင်ပင် မည်သည့်အပြစ်ပေးခြင်းမျှ ခံယူရမည်မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင် သူက ထုတ်ပယ်ခံလာရသော ယီယွင်ကို သတ်ဖြတ်ကာ ရှန်းထူမိသားစုထံမှ ဆုလာဘ်များ လက်ခံရယူလိုက်ရုံပင်။

ယင်းက များပြားသောပမာဏဖြစ်ပြီး ရှန်းထူမိသားစုနှင့် နှိုင်းယှဥ်၍မရသော ရှုမိသားစုမှလာခဲ့သည့် ဝသောလူငယ်အဖို့ ရှန်းထူနန်ထျန်း ပေးအပ်ထားသည့် ဆုကြေးက သူ့အား ဖမ်းစားနိုင်လွန်းသည်။

ဝသောလူငယ်က မျက်ဝန်းများ ထောင့်ကပ်ကာ ယီယွင်အား ကြည့်လိုက်သည်။ သူ၏မျက်ဝန်းတွင် လောဘနှင့် ခြိမ်းခြောက်ခြင်းများ တောက်ပနေလေ၏။

ထိုလူငယ်၏အကြည့်ကို သတိပြုမိသော ယီယွင်က မျက်မှောင်ကုတ်လိုက်သည်။ ယင်းက အမှန်တကယ် ခေါင်းကိုက်စရာပင်။ ရှန်းထူနန်ထျန်းထံမှ ဆုလာဘ်မရနိုင်သော လင်မိသားစု၏ ဂျူနီယာများမှလွဲ၍ လူတိုင်းက သူ့အား ပစ်မှတ်ထားနေကြပုံပင်။

အသက်ငယ်ရွယ်ကာ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦးဖြစ်သည့် သူသည်ကား ထိုသူများ၏ ရှေ့မှောက်တွင် အရည်ရွှမ်းနေသော အသားတစ်တုံးသာ ဖြစ်ချေသည်။ မည်သူကများ မကိုက်ချင်ဘဲ ရှိပါမည်နည်း။

“ ဝေါင်း “

ထိုစဥ် ပျက်စီးခြင်းသားရဲက ဟိန်းဟောက်လိုက်ပြီး ဝသောလူငယ်ကို ခြေသည်းများနှင့် ရိုက်ချလိုက်သည်။

ယင်းက ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း သားရဲခြေသည်းက ဝေဝါးသောပုံရိပ်များ ဖြစ်သွားလေသည်။

မြန်တယ်… အရမ်းမြန်လွန်းတယ်။

ဝသောလူငယ်က အာရုံမလွင့်ပေ။ သူက ပျက်စီးခြင်းသားရဲ၏ လှုပ်ရှားမှုတိုင်းကို ချက်ချင်းပင် အာရုံစိုက်လိုက်သည်။ ပျက်စီးခြင်းသားရဲ ရှေ့သို့ပြေးဝင်လာသည်ကို မြင်သောအခါတွင် သူ၏ ဝဖြိုးသော ခန္ဓာကိုယ်သည် ရာဘာဘောလုံးပမာ မြောက်တက်သွားလေ၏။

ဝှစ်…။

ဝသောလူငယ်က ဘေးသို့ ခုန်ထွက်သွားသည်။ လူငယ်က မည်သည့်အရှိန်အဟုန်ကိုမျှ မခံစားရသည့်အလားပင်။ သူ၏အမြန်နှုန်းက ချက်ချင်းပင် အမြင့်ဆုံးအထိ ရောက်ရှိသွားလေ၏။

“ ဒါက ရှုမိသားစုရဲ့ အမွေအနှစ် လှုပ်ရှားမှုနည်းစနစ်ဖြစ်တဲ့ တိမ်ကိုးဆင့်ကြိုးလား “

လူအုပ်ထဲမှ တစ်ယောက်ယောက်က ပြောလိုက်လေသည်။

ရှုမိသားစုသည် ထိပ်တန်းမိသားစုမျိုးနွယ်စုတွေထဲမှ တစ်ခုမဟုတ်သော်လည် “တိမ်ကိုးဆင့်ကြိုး” ကမူ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် အကောင်းဆုံး လှုပ်ရှားမှုနည်းစနစ်များထဲမှ တစ်ခုဖြစ်လေ၏။ ထိုလှုပ်ရှားမှုနည်းစနစ်ကို ကျွမ်းကျင်သွားပါ ယွမ်အုတ်မြစ်ချနယ်ပယ်၌ပင် ပျံသန်းနိုင်ကြသည်။ ထိုလှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ တိမ်တိုက်များထဲတွင် ပျံသန်းနိုင်ကြလေ၏။ ၎င်းတို့တွင် အမြင့်သို့တက်နိုင်သည့် မမြင်ရသော ကြိုးတစ်ချောင်း ရှိနေသကဲ့သို့ပင်။ ယင်းကြောင့် တိမ်ကိုးဆင့်ကြိုးဟူသည့် အမည်ကို ရရှိခဲ့ခြင်းဖြစ်လေသည်။

ဝသောလူငယ်၏ ခန္ဓာကိုယ်က အဆင်မပြေသော်ငြားလည်း တိမ်ကိုးဆင့်ကြိုးကြောင့် သူ၏အမြန်နှုန်းက အလွန်မြန်ဆန်သည်။ သူက အလင်းတံတားပေါ်တွင် ခုန်ပေါက်ပြေးလွှားနေပြီး ပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုများကို ခုနစ်ကြိမ် ၊ ရှစ်ကြိမ်ခန့် ဆက်တိုက်ရှောင်တိမ်းပြီးနောက် ပျက်စီးခြင်းသားရဲကို ကွေ့ဝိုက်ကာပြီး တံတားရဲ့ တစ်ဖက်ခြမ်းသို့ အပြေးသွားလေသည်။

သူ မြစ်ကိုဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်သွားလေ၏။

လူငယ်ရဲ့ မျက်ဝန်းများ တောက်ပနေသည်။ ဤပထမအကျော့ စစ်ဆေးမှုက သူ့အတွက် အလွန်သင့်တော်လှ၏။ သူ၏တိုက်ခိုက်ရေးစွမ်းရည်က အားနည်းနေနိုင်သော်လည်း သူ၏လှုပ်ရှားမှုနည်းစနစ်ကိုမူ အလွန်ပင် ယုံကြည်မှုရှိသည်။

သူ အောင်ပွဲနီးကပ်လာပြီဟု ခံစားလိုက်ရလေ၏။

သို့သော် တံတားအား ဖြတ်ကူးတော့မည့်အချိန်တွင် သူ၏အမြန်နှုန်းကို ကြီးစွာလျော့နည်းသွားစေသည့် ပြင်းထန်သော ခုခံမှုကို ခံစားလိုက်ရလေသည်။

ဟမ်…။

လူငယ် ထိတ်လန့်သွားသည်။ တံတား၏တစ်ဖက်ခြမ်းတွင် အမည်မသိအရာတစ်ခု ပုန်းကွယ်နေ၏။ အမွေးတိုင်တစ်တိုင်ထွန်းစာ အချိန်အထိ ခံနိုင်ရည်မရှိပါက တံတားအား ဖြတ်ကူးရန်အတွက် မဖြစ်နိုင်ပုံပင်။

သူ၏ကျောဘက်မှ လေကို ခံစားမိလိုက်ရချိန်၌ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုက သူ့ဆီသို့ ရောက်ရှိလာကြောင်း သိလိုက်ရလေသည်။ တလူငယ်က လှည့်မကြည့်ဘဲ ရုတ်တရက်ပင် ခန္ဓာကိုယ်၏အရှိန်ကို ပြောင်းပြန်လှန်ကာ ဆန့်ကျင်ဘက်သို့ ပျံသန်းသွားလေသည်။

လေထဲတွင် ဦးတည်ရာပြောင်းလဲခြင်းသည် တဒင်္ဂလှုပ်ရှားမှု၏ အဆင့်ကြီးအောင်မြင်မှု ဖြစ်လေ၏။

တဒင်္ဂလှုပ်ရှားမှုနည်းစနစ်သည် လူတစ်ဦး၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းနှင့် ပိုမိုကာသက်ဆိုင်လေ၏။ ၎င်းတွင် ဥပဒေသများ မပါဝင်ပေ။ ယင်းက အဆင့်နိမ့် သိုင်းအဆင့်များတွင် အလွန်ကောင်းမွန်သည့် နည်းစနစ်တစ်ခုဖြစ်သော်လည်း ဥပဒေသများကသာ အရေကြီးလေသော အဆင့်မြင့် သိုင်းအဆင့်များတွင်မူ တဒင်္ဂလှုပ်ရှားမှုက ဘာမျှမဟုတ်တော့ချေ။

ထျန်းယွမ်ကမ္ဘာကြီးထဲတွင် တဒင်္ဂလှုပ်ရှားမှုနည်းစနစ်က ကြွားဝါစရာ မဟုတ်ပေ။

သို့သော် ဝသောလူငယ်က လေထဲတွင် ဦးတည်ရာပြောင်းလဲလိုက်ချိန်တွင် နောက်တွင်ရှိနေသည့် ပျက်စီးခြင်းသားရဲက ရုတ်တရက် ဟိန်းဟောက်လိုက်လေပြီး နဖူးတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေ၏။ ထိုအက်ကွဲကြောင်းမှတစ်ဆင့် အနက်ရောင်အလင်းများ ထွက်လာသည်။ ယင်းက ပျက်စီးခြင်းသားရဲ၏ တတိယမျက်လုံးပမာပင်။

ဒါက…။

လူအများ တုန့်ပြန်အချိန်မရလိုက်ကြပေ။ စွမ်းအင်တန်းတစ်ခု ပစ်လွှတ်လိုက်သည်ကိုသာ သူတို့ မြင်လိုက်ရသည်။ ပျက်စီးခြင်းသားရဲက ဝသောလူငယ်ကို မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် အမီလိုက်သွားကာ လက်သည်းနှင့် တိုက်ခိုက်လိုက်လေ၏။

ဖောင်း…

ကျယ်လောင်သော မြည်ဟီးသံတစ်ခုနှင့်အတူ လူငယ် အော်ဟစ်လိုက်ရသည်။ သူသည်ကား အကန်ခံလိုက်ရသည့် ရာဘာဘောလုံးပမာပင်။ ပျက်စီးခြင်းသားရဲကြောင့် လူငယ် လွင့်ထွက်သွားချိန်တွင် အရိုးကျိုးသံအချို့ကို လူအများ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေ၏။

ဝသောလူငယ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။ သူ၏ ညာဘက်လက်မောင်းသည် ပျက်စီးခြင်းသားရဲကြောင့် ပြတ်သွားလေ၏။

သူ၏လက်မောင်း ပြတ်သွားသည်သာမက ညာဘက်ခြမ်းရှိ နံရိုးများနှင့် ရင်ညွန့်ရိုးများ လုံးဝပင်ကျိုးသွားရသည်။ သွေးများက ရေပမာပင် စီးကျနေလေ၏။

“အား… အား…” ဝသောလူငယ်က နာကျင်စွာ ညည်းညူနေသည်။ သူ့၏မျက်နှာ လုံးဝဖြူဖျော့နေ၏။

“ နာတယ်… နာတယ်…”

သူက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်လေသည်။ အခက်အခဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရဖူးသော စစ်သည်တစ်ဦးပင်လျှင် သူ၏လက်များ ပြတ်တောက်သွားသည်ကို မြင်လိုက်ရပါက ချောက်ချားသွားနိုင်သည်။ အရိုးတွင်းခြင်ဆီအချို့ ပါရှိနေသည့် အရိုးဖြူဖြူများကို သာမန်လူငယ်တိုင်း ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

ဝသောလူငယ်၏ အခြေအနေကို မြင်လိုက်ရချိန်တွင်မူ လူများသည် မှင်တက်မိနေကြ၏။ မဟာဧကရီဆန်းကြယ်နယ်မြေက အလွန်ပင် ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုတစ်ခု ဖြစ်ချေသည်။ ဤနေရာသည် အခွင့်အရေးများကို အလကားရယူနိုင်သော နေရာတစ်ခုမဟုတ်ချေ။ ဂရုမစိုက်ပါက သေဆုံးနိုင်သည်။

“ ကယ်….ကယ်ကြပါ “ ဝသောလူငယ်က ညည်းညူလိုက်သည်။ သို့သော် ဘေးပတ်လည်မှ လူအများက သူ့အား လျစ်လျူရှုထားသည်ကို သူ မြင်လိုက်ရလေ၏။

မဟာဧကရီဆန်းကြယ်နယ်မြေသို့ ရောက်ရှိသောအခါ၌ သူတို့အားလုံးက ပြိုင်ဘက်များသာ ဖြစ်သည်။ ထို့အပြင် ဤမိသားစုကြီးများတွင် တင်းမာသောဆက်ဆံရေးများ ရှိကြလေ၏။ စင်စစ် တွင် ထိုမိသားစုများက ပဋိပက္ခများပင် ရှိကြလေသည်။ သူတို့၏ တိုက်ပွဲများထံမှ အခြားသူများ အမြတ်ထုတ်သွားမည်ကို မစိုးရိမ်ခဲ့လျှင်မူ မိသားစုမျိုးနွယ်စုအချို့က အရင်းအမြစ်များအတွက် တိုက်ခိုက်နေကြပြီး ဖြစ်လောက်ချေသည်။

မဟာဧကရီဆန်းကြယ်နယ်မြေထဲ၌ အခွင့်အလမ်းမျိုးစုံ ရှိနေသည့် အခြေအနေမျိုးတွင် ဤဂျူနီယာများက တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်သတ်ဖြတ်ကြမည်မှာ အလွန်ပင် သာမန်ဆန်လေ၏။

ရှုမိသားစုက မိသားစုငယ်လေးတစ်ခုသာ ဖြစ်လေပြီး ဂျူနီယာသုံးယောက်သာ ဝင်လာကြသည်။ ထိုသုံးယောက်က အသက်အရွယ် မတူကြလေသောကြောင့် အတူမလာနိုင်ကြပေ။ ဝသောလူငယ်တွင် အပေါင်းအဖော်မရှိချေ။

မဟာဧကရီဆန်းကြယ်နယ်မြေ၏ စည်းမျဉ်းများအရ လူတစ်ယောက်ကို ဖယ်ရှားခံရပြီးလျှင် စမ်းသပ်မှုပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှသာ ဆန်းကြယ်နယ်မြေထဲမှ ထွက်နိုင်ပေလိမ့်မည်။

ထိုစောင့်ဆိုင်းချိန်တွင် အကာအကွယ်မရှိဘဲ စောင့်နေရမည်သာ ဖြစ်လေ၏။ သို့သော် ဤကဲ့သို့ပြင်းထန်သော ဒဏ်ရာများနှင့် တစ်နာရီခန့် စောင့်ဆိုင်းနေရချိန်တွင် သူခံစားရမည့် ဝေဒနာကို မှန်းဆကြည့်နိုင်သည်။

“ကျွတ်…ကျွတ်…. အရမ်းသနားစရာကောင်းတာပဲ “

လင်ရှောင်းတျယ်က ရုပ်သံအစီရင်ပြားနှင့် မှတ်တမ်းတင်နေဆဲပင်။ သူမက ထိုသို့ပြောခဲ့သည့်တိုင်အောင် သနားတဲ့စိတ် လုံးဝမရှိပေ။ သူမက ပြတ်နေသောလက်မောင်းကို ဝသောလူငယ်ဆီသို့ ကန်ထုတ်ပေးခြင်းဖြင့်သာ ကောင်းမှုအချို့ လုပ်ခဲ့လေသည်။

ယီယွင်ကမူ အရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။ သူ မအောင်မြင်ခဲ့ပါက ထိုဖက်တီးထက် ပိုမိုဆိုးရွားသောရလဒ် ဖြစ်သွားမည်ကို သူ ရှင်းလင်းစွာပင် သိလေသည်။ သူ့အဖို့ စောင့်ဆိုင်းချိန်ပင်မရဘဲ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဆုတ်ဖြဲပစ်ကြပေလိမ့်မည်။ ထို့အပြင် ထိုဖက်တီးသည်ပင် တရားခံများထဲ၌ ပါလာနိုင်လောက်သည်။

ဖက်တီးက တုန်ယင်နေလျက်ရှိပြီး လက်မောင်းပြတ်ကို ကောက်ယူပြီးနောက် ဆေးတစ်လုံး မျိုချလိုက်သည်။ သူသည် အလွန်အမင်း နာကျင်မှုနှင့် ထိတ်လန့်မှုကို ခံစားနေရ၏။ နှစ်နာရီခန့်ကြာပြီးနောက် စစ်ဆေးမှု ပြီးဆုံးသွားချိန်တွင် သူ၏ လက်မောင်းပြတ်အား ပြန်ဆက်နိုင်မည်လားကို သူ မသိချေ။

အပိုင်း ၄၃၉

အနိုင်ယူရန် မဖြစ်နိုင်

-------------------------------------------------

" ကျွတ်ကျွတ်... အတော်သနားစရာပဲ။ အစွမ်းအစမရှိဘဲ မဟာဧကရီဆန်းကြယ်နယ်မြေထဲကို ဝင်လာတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား " အိတ်ကြီးလွယ်ထားသည် လူငယ်က ဖက်တီး၏ ဆိုးရွားသောအခြေအနေကို ကြည့်နေရင်း ခပ်ငေါ့ငေါ့ဆိုလိုက်သည်။

ဖက်တီး၏ ကံဆိုးမှုကြောင့် လူငယ်အချို့သည် ယုံကြည်ချက်အချို့ လျော့နည်းနေကြ၏။ သို့သော် အများစုကမူ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြလေ၏။

ထျန်းယွမ်ကမ္ဘာကြီးထဲရှိ အဖွဲ့အစည်းကြီးမျိုးစုံမှ လက်ရွေးစင်ပါရမီရှင်များဖြစ်သည့် သူတို့က သူတို့၏စွမ်းအားကို အလွန်ပင် ယုံကြည်ချက်ရှိသည်။ သူတို့၏ရှေ့တွင် ကံဆိုးသွားသော ဖက်တီးက ဒုတိယတန်းစား မိသားစုမှ လာရောက်ကြခြင်း ဖြစ်လေသောကြောင့် သူတို့ များစွာအလေးမထားကြပေ။

" ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ။ ရှန်းထူမိသားစုရဲ့ ကျောက်စိမ်းစာလိပ်ထဲမှာ ဖော်ပြထားတာထက်တောင် ပိုပြီးတော့ သွေးထွက်သံယိုများလိမ့်မယ် " သစ်နက်မယ်က လက်သည်းများကို လျှာနှင့်သပ်လိုက်လေ၏။

" ဟားဟားဟား " အိတ်လွယ်ထားသော လူငယ်က ရယ်လိုက်သော်လည်း စကားမဆိုပေ။ သူက ကုန်းစွန်းဟုန်ကို တစ်ချက်ကြည့်လိုက်၏။ ကုန်းစွန်းဟုန်က လက်နောက်ပစ်ထားကာ ခပ်အေးအေးပင် ရပ်နေလေသည်။

" အလင်းတံတားပေါ်ကို ဒုတိယမြောက် ခြေချမဲ့ ကျင့်ကြံသူက ခက်ခဲမှု ၁၀% လျော့နည်းမယ် "

မဟာဧကရီဆန်းကြယ်နယ်မြေ၏ အေးတိအေးစက်အသံ ထပ်မံထွက်ပေါ်လာသည်။ လူအများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် မည်သူကမျှ ဦးစွာသွားရန် အလျင်မလိုကြပေ။

အစောပိုင်းက ဖက်တီး တံတားပေါ်သို့ ခုန်တက်သွားချိန်တွင် စည်းမျဥ်းများနှင့် ပျက်စီးခြင်းသားရဲ၏ စွမ်းအားကို မသိလေသောကြောင့် အရေးမလှဖြစ်ခဲ့ရသည်။ ဥပမာဆိုရသော် သူက တုံးအစွာဖြင့် ပျက်စီးခြင်းသားရဲကို ကွေ့ရှောင်သွားကာ အလင်းတံတားကို အလျင်အမြန် ဖြတ်ကျော်သွားသော်လည်း အဆုံးသတ်တွင်မူ သူ့အား အစီအရင်၏ ဥပဒေက တားဆီးခဲ့လေ၏။

ထို့အပြင် ပျက်စီးခြင်းသားရဲကလည်း တတိယမျက်လုံးကို ရုတ်တရက် ပွင့်သွားခဲ့ပြီး ပျက်စီးခြင်းသားရဲ၏ ခွန်အားများကို ကြီးစွာတိုးတက်သွားစေခဲ့သည်။

လင်ယွီက ဘေးတွင်ရပ်ကာ အံကြိတ်နေလျက်ရှိပြ နောက်တစ်ယောက်ဖြစ်ရန် တောင့်တနေခဲ့သည်။ သို့သော် ထိုအချိန်တွင် အိတ်လွယ်ထားသော လူငယ်က အလင်းတံတားပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် တက်သွားလေသည်။

“ ဟီးဟီး... ငါ ကြိုးစားကြည့်မယ် "

လူငယ်များက ထိုလူငယ်ကို ကြည့်လိုက်ကြသည်။ ထိုလူငယ်၏ ခွန်အားက အလွန်မြင့်မားပုံရသည်။ ထိုလူငယ်သာ မဖြတ်ကျော်နိုင်လျှင် ၎င်းတို့ထဲမှ လူအများအပြားလည်း လက်လျှော့ရပေလိမ့်မည်။

အိတ်နှင့်လူငယ် တံတားပေါ်သို့ ခြေချလိုက်ချိန်တွင် ရှေးဟောင်းပျက်စီးခြင်းသားရဲက ဟိန်းဟောက်ကာ ရှေ့သို့ ပြေးထွက်သွားလေ၏။

လူငယ်သည် ခုန်တက်သွားပြီး လေထဲသို့ရောက်သောအခါတွင် သူ၏ကျောဘက်မှအိတ် ပွင့်သွားလေပြီး ရုတ်တရက်ပင် အရိပ်များစွာ ထွက်ပေါ်လာသည်။

“ အိုး... ကျီးကန်းတွေလား "

လူငယ်၏အိတ်ထဲတွင် ကျီးကန်းအုပ်တစ်အုပ်ကို ပိတ်လှောင်ထားလေသောကြောင့် လူအများ အံ့အားသင့်သွားရ၏။ ထိုကျီးကန်းများ တစ်ကောင်ချင်းစီ၏ အရွယ်အစားက လင်းယုန်တစ်ကောင်ခန့် ရှိသည်။ ကျီးကန်းများ၏ မျက်လုံးများက သွေးနီရောင်သန်းနေပြီး နှုတ်သီးတွေများလည်း ဓားသွားများပမာ ထက်မြက်နေသည်။ ကျီးကန်းများက သေရမည်ကိုမကြောက်ဘဲ ပျက်စီးခြင်းသားရဲကို ပြေးဝင်တိုက်ခိုက်ကြလေ၏။

“ ဒါက သားရဲထိန်းချုပ်ဂိုဏ်းရဲ့ ဆန်းကြယ်နည်းစနစ်တစ်ခုပဲ။ ဒီကျီးကန်းတွေကို ဆန်းကြယ်နည်းစနစ်နဲ့ ထိန်းထားတာပဲ။ ကျီးကန်းတွေကို စိတ်လွတ်နေပြီး ဖုတ်ကောင်တွေလို ဖြစ်နေပြီ။ ဒီကောင်တွေကို ဝိညာဉ်သားရဲအိတ်ထဲမှာ ပိတ်ထားနိုင်တယ်။ ဒီကောင်စုတ် ချူခိုင်က သားရဲထိန်းချုပ်ဂိုဏ်း ဂျူနီယာတွေထဲမှာ ခေါင်းဆောင်တွေထဲက တစ်ဦးပဲ။ ဒီကောင့်မှာရှိတဲ့ ဝိညာဉ်သားရဲအိတ်ကလည်း အကောင်းဆုံး ထိပ်တန်းပစ္စည်းတွေထဲမှာ ပါတယ်။ ဒီပစ္စည်းက ဖုတ်ကောင်ကျီးကန်းတွေကို သိန်းနဲ့ချီပြီး ပိတ်လှောင်ထားနိုင်တယ် "

သားရဲထိန်းချုပ်ဂိုဏ်းကို ကောင်းစွာနားလည်နေသည့် မိန်းကလေးတစ်ယောက်က ပြောလိုက်လေသည်။

“ သိန်းနဲ့ချီလား ” ထိုစကားကြောင့် လူအများ ထိတ်လန့်သွားသည်။ သိန်းနှင့်ချီသော ကျီးကန်းများကို သန့်စင်ရန်အတွက် မည်မျှအထိ ကြိုးစားအားထုတ်ရမည်နည်း။

“ သားရဲထိန်းချုပ်ဂိုဏ်း…” ယီယွင် အနည်းငယ်ခန့် တွန့်ဆုတ်မိသွားသည်။ လင်မိသားစုက အင်အားကြီးသော်လည်း ထျန်းယွမ်ကမ္ဘာကြီးထဲတွင်မူ သူတို့က စိတ်ဝိညာဥ်တောင်တန်းတစ်ခုကိုသာ ပိုင်ဆိုင်ထားလေ၏။ ကျောက်စိမ်းဝိညာဉ်တောင်တန်းသည် အဖိုးတန်မြေနေရာတစ်ခု ဖြစ်နိုင်သော်လည်း ကျယ်ပြောလှသော ထျန်းယွမ်ကမ္ဘာနှင့် နှိုင်းယှဉ်လျှင်မူ ၎င်း၏ဧရိယာက အလွန်သေးငယ်လှသည်။

အလားတူစွာပင် ရှန်းထူမိသားစုသည်လည်း ထိုသို့အခြေအနေမျိုးသာ ဖြစ်လေ၏။

ထျန်းယွမ်ကမ္ဘာကြီးထဲတွင် အခြားသော မိသားစုမျိုးနွယ်များနှင့် ဂိုဏ်းများစွာ ရှိနေသေးသည်။ ၎င်းတို့သည် ထျန်းယွမ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေကြ၏။ ယင်းအဖွဲ့အစည်းများက အလွန်အစွမ်းထက်ပြီး နက်ရှိုင်းသောအမွေအနှစ်များ ရှိကြသည်။

ယခုအခါ ရှန်းထူမိသားစုက မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် အခြေအနေရှုပ်ထွေးစေရန်အတွက် အဖွဲ့အစည်းများ တစ်ဒါဇင်ခန့်သာ ရွေးချယ်ခဲ့သည်။ အစောပိုင်းက လီမီးတောက်ဂိုဏ်းနှင့် လက်ရှိအချိန် သားရဲထိန်းချုပ်ဂိုဏ်းတို့က အစွမ်းထက်ကြသည်ဟု ယီယွင် ခံစားမိနေသည်။

ယီယွင်က ထျန်းယွမ်ကမ္ဘာကြီးထဲတွင် တည်ထောင်ထားသော ဂိုဏ်းများနှင့် ထိတွေ့ဆက်ဆံဖူးခဲ့ခြင်း မရှိပေ။

ယီယွင် တွေးနေစဉ်တွင် ချူခိုင်သည် ကျီးကန်းတစ်ထောင်ကျော်ကို လွှတ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုကျီးကန်းများက ထူထပ်သောနံရံတစ်ခု ဖွဲ့စည်းပြီး အလင်းတံတားတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားသည်။

ရှေးဟောင်း ပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုတိုင်းကို ကျီးကန်းရာပေါင်းများစွာက ပိတ်ဆို့ထားလေ၏။

" သေစမ်း "

ထိုစဥ် ချူခိုင်က တိုက်ခိုက်လာခဲ့သည်။ သူ၏သိုလှောင်လက်စွပ်ထဲမှ လခြမ်းဓားတစ်ချောင်းကို ထုတ်ယူပြီးနောက် ရှေးဟောင်းပျက်စီးခြင်းသားရဲဆီသို့ ကျားသစ်တစ်ကောင်ပမာ ပြေးဝင်သွားတယ်။

“ ဘယ်လို.... ဒီကောင်က ရှေးဟောင်းပျက်စီးခြင်းသားရဲကို တကယ်ကြီး တိုက်ခိုက်နေတာလား ”

လူအများ ထိတ်လန့်သွားကြသည်။ ရှေးဟောင်းမဟာဧကရီ၏ ဆက်ခံသူကို ရွေးချယ်ရန်အတွက် စမ်းသပ်နယ်မြေတစ်ခုဖြစ်သည့် မဟာဧကရီဆန်းကြယ်နယ်မြေက အလွန်ခက်ခဲလေသည်။ ယခုပထမအချီ စမ်းသပ်မှုအတွက် လူအများစု၏ စွမ်းအားများက ရှေးဟောင်းပျက်စီးခြင်းသားရဲအား ရှောင်တိမ်းရန်အတွက် မလုံလောက်ဟု ခံစားနေရချိန်တွင် ချူခိုင်ကမူ ရှေးဟောင်းပျက်စီးခြင်းသားရဲကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေချေ၏။

ထိုကောင်က မောက်မာလွန်းလှသည်။

သာမန်ပျက်စီးခြင်းသားရဲများ၏ ကျောပြင်နှင့် ခြေလက်များက နတ်သတ္တုများပမာပင် အလွန်မာကျောလှသည်။ သို့သော် ပျက်စီးခြင်းသားရဲ၏ ပျော့ပျောင်းသည့်ဝမ်းဗိုက်က ၎င်း၏အားနည်းချက် ဖြစ်လေသည်။

သူတို့၏ရှေ့မှောက်မှ ရှေးဟောင်းပျက်စီးခြင်းသားရဲက စွမ်းအင်နှင့်တည်ဆောက်ထားခြင်း ဖြစ်နိုင်လောက်သော်လည်း ပျက်စီးခြင်းသားရဲအစစ်များနှင့် ကွာခြားမည်မဟုတ်ပေ။ ၎င်းကအသက်ရှင်နေတဲ့ သတ္တဝါတစ်ကောင်နှင့် ဆင်တူလေသည်။

၎င်း၏အားနည်းချက်ကလည်း သာမန်ပျက်စီးခြင်းသားရဲနှင့် အတူတူပင်ဖြစ်လေ၏။ မည်သို့ပင်ဖြစ်စေ မဟာဧကရီက ကမ္ဘာအစစ်ကို ပုံတူကူးကာ အစီရင်နည်းစနစ်ကို အသုံးပြုနေခြင်း ဖြစ်လေသည်။ သို့မှသာလျှင် သူမ လိုချင်သည့်ဆက်ခံသူကို လက်တွေ့အဆန်ဆုံး ပတ်ဝန်းကျင်တွင် ရွေးချယ်နိုင်မည်ဖြစ်သည်။

ချူခိုင်သည် ရှေးဟောင်းပျက်စီးခြင်းသားရဲကို ချောင်းမြောင်တိုက်ခိုက်ခြင်းမပြုမီတွင် တွက်ချက်ထားခဲ့သည်။ သူက ကျီးကန်းများကို အကာအကွယ်အဖြစ် အသုံးပြုပြီး သူ၏ အံ့ဖွယ်လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြကာ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ဝမ်းဗိုက်အောက်သို့ ဝင်ရောက်သွားခဲ့သည်။

ရွှတ်...။

သူ၏ဓားမောက်နှင့် ခုတ်ပိုင်းလိုက်သောအခါတွင် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက သားရဲထိန်းချုပ်ဂိုဏ်း၏ ယင်ကိုးပါးကောင်းကင်မိုးကြိုးဓား ဖြစ်လေ၏။ ထိုဓားက မိုးကြိုးကဲ့သို့ပင် မြန်ဆန်သည်။ ထိုဓား၏ အစွန်းရောက်အမြန်နှုန်းက အလွန်အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခု ဖြစ်လေသည်။

ထန်း...။

ချူခိုင်၏ဓားက ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ဝမ်းဗိုက်ကို တည့်တည့်ခုတ်ပိုင်းလိုက်သည်။

သို့သော် ချူခိုင် ဝမ်းသာခြင်းမရှိရုံသာမက မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ ဓားမောက်ထံမှ ထိတွေ့မှုကို ခံစားမိလိုက်ရခြင်းကြောင့် သူ ထိတ်လန့်သွားရသည်။ သူ၏ဓားမောက်သည် ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ အရေပြားမျက်နှာပြင်ကို ခြစ်ရာသာ ထင်နိုင်စေခဲ့လေ၏။ အသားအား ခုတ်ပိုင်းနိုင်ခြင်းပင် မရှိပေ။

“ ဒါက..."

ချူခိုင် အလွန်အံ့အားသင့်သွားသည်။ သူ အလျင်အမြန် ဆုတ်ခွာသွားသော်လည်း ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ချွန်ထက်သော လက်သည်းများက အောက်သို့ ကျဆင်းလာနေပြီ ဖြစ်လေ၏။

ချူခိုင်က လက်သည်းတိုက်ခိုက်မှုကို တားဆီးရန်အတွက် အားကုန်ထုတ်သုံးကာ ဓားမောက်နှင့်ခုခံသည်။ သူ၏ လက်ဖဝါး ပွင့်ထွက်သွားပြီး သူ၏လက်မောင်းလည်း ဒဏ်ရာရသွားလေ၏။ ထိုစဥ် ရှေးဟောင်းသားရဲ၏ တတိယမျက်လုံးမှတစ်ဆင့် အလင်းတန်းတစ်ခု ထွက်လာပေါ်လာသည်။

ထိုအလင်းတန်းက ထက်မြသော ဓားတစ်ချောင်းအလားပင်။ ထိုအလင်းတန်း ထိမှန်သွားသည့် ကျီးကန်းရာပေါင်းများစွာမှာ ပြာဖြစ်သွားရလေသည်။ ထိုအလင်းတန်းက အားပျော့သွားခြင်းမရှိဘဲ ချူခိုင်၏ပခုံးကို ထိုးဖောက်သွားလေ၏။

“ ဖောင်း..."

ချူခိုင်၏မျက်နှာ ဖြူလျော်သွားပြီး သွေးများ ပြန့်ကျဲသွားလေသည်။ သူ တံတားပေါ်သို့ လဲကျသွားလေ၏။

“ ချူခိုင်လဲ ရှုံးသွားပြီလား ”

လူအများ ထိတ်လန့်သွားရသည်။ ဤအဆင့်က ခက်ခဲလွန်းနေသည် မဟုတ်ပေလော။

သို့သော် ချူခိုင်က လဲကျသွားပြီးနောက် သူ ပြန်ထရပ်နိုင်ခဲ့လေသည်။ သူ၏ ထိုးဖောက်ခံထားရသော ပခုံးကို ဖိထားရင်း အံကျိတ်ထားလေသည်။ လူတွေက သူ့ပခုံးအတွင်းပိုင်းထဲတွင် မျှော့များပမာ အကောင်များ တွားသွားနေသည်ကို လူအများ ရှင်းလင်းစွာပင် မြင်နေကြရသည်။

ထိုအကောင်များက ချူခိုင်၏အသားများကို ပြန်လည်ပြည့်ဖြိုးလာစေသည်။ မြင်ကွင်းကြောင့် လူအများမှာ စပ်ဖျဉ်းဖျဉ်းဖြစ်သွားရလေ၏။

“ ဒါက..."

လူအများ အံ့အားသင့်နေကြသည်။ ထိုအကောင်တွေက ရွံရှာဖွယ်ကောင်းပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုကိုလည်း မသိရပေ။ သို့သော် ချူခိုင်က ထိုအကောင်များကို သူ၏အသားပေါ်တွင် အမှန်တကယ် မွေးမြူခဲ့ချေ၏။

“ ဒါက သားရဲထိန်းချုပ်ဂိုဏ်းရဲ့ ဆန်းကြယ်ပိုးကောင်တွေထဲက တစ်မျိုးပဲ။ ဒီအကောင်တွေကို ခန္ဓာကိုယ်ထဲမှာ မွေးမြူထားရင် နာကျင်မှုကို သက်သာစေပြီး ဒဏ်ရာတွေကိုလည်း ပြန်လည်ကောင်းမွန်စေတယ်။ ချူခိုင်ရဲ့လက်မောင်းက ထိုးဖောက်ခံထားရပေမယ့် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ အများကြီး လျော့ကျသွားမှာ မဟုတ်ဘူး ”

စကားပြောလိုက်သူက ကုန်းစွန်းဟုန် ဖြစ်လေသည်။ သူ လီမီးတောက်ဂိုဏ်း၏ ထူးချွန်သော လူငယ်တစ်ဦး ဖြစ်လေသည်။ သူ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်လာစဥ်ကတည်းက တစ်ခါမျှပင် ပါးစပ်မဟခဲ့ပေ။ သူက ပဟေဠိဆန်သော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ကုန်းစွန်းဟုန် ပြောခဲ့သည်မှာ မှန်ကန်လေသည်။ ချူခိုင်၏ တိုက်ခိုက်ရေးစွမ်းရည် အများစုက ကျီးကန်းများနှင့်သာ သက်ဆိုင်သည်။ ချူခိုင်က ဓားမောက်ကို ရှေးဟောင်းပျက်စီးခြင်းသားရဲအား တိုက်ခိုက်ရာတွင် အသုံးမပြုဘဲ ရှောင်တိမ်းခဲ့မည်ဆိုပါက သူ၏တိုက်ခိုက်ရေးစွမ်းရည်များ များစွာလျော့ကျသွားမည် မဟုတ်ချေ။

ဤအခြေအနေတွင်မူ ချူခိုင်တွင် အသက်ပိုတစ်ချောင်း ရှိနေသေးမည်ဆိုလျှင်ပင် ရှေးဟောင်းပျက်စီးခြင်းသားရဲကို ထပ်မံပြီး တိုက်ခိုက်ရဲမည် မဟုတ်တော့ပေ။

ရှေးဟောင်းပျက်စီးခြင်းသားရဲတွင် အားနည်းချက်ဟူ၍ ရှိမနေချေ။

“ စွမ်းအင်နဲ့ဖွဲ့စည်းထားတဲ့ ရှေးဟောင်းပျက်စီးခြင်းသားရဲက သားရဲအစစ်တွေနဲ့ မတူဘူး။ သားရဲရဲ့ဝမ်းဗိုက်က နတ်သတ္တုလို မာကျောနေတယ်။ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး...”

လူအုပ်ထဲမှ လူငယ်တစ်ယောက်က ပြောလိုက်ချိန်တွင် ကုန်းစွန်းဟုန်က ခေါင်းခါပြကာ... “ အဲ့ဒီလို မဟုတ်ဘူး။ မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ စွမ်းအင်ကနေ ဖွဲ့စည်းထားတဲ့ ပျက်စီးခြင်းသားရဲက အရမ်းအားကောင်းတယ်။ ဒါကြောင့် သူ့ရဲ့အားနည်းချက်တွေကတောင် အားနည်းချက် မဟုတ်တော့ဘူး။ အဲ့ဒါက ရှေးဦးစိတ်ဝိညာဥ်စစ်တစ်ကောင် ဖြစ်နေပြီးတော့ အားနည်းချက်က ဝမ်းဗိုက် ဒါမှမဟုတ် မျက်လုံးမှာဆိုတာ မင်းတို့ သိရင်တောင် ဘာထူးဦးမှာလဲ။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေတောင် ပူးပေါင်းစွမ်းအားနဲ့ သတ်နိုင်မှာမဟုတ်လောက်ဘူး "

ကုန်းစွန်းဟုန်၏အသံက ခပ်အေးအေးပင်။ သူ၏အမြင်အရ ချူခိုင်က ရှေးဟောင်းပျက်စီးခြင်းသားရဲကို အနိုင်ယူရန် ကြိုးစားနေသည်မှာ တုံးအလွန်းချေသည်။ အဘယ်သို့များ ဖြစ်နိုင်ပါမည်နည်း။

ကုန်းစွန်းဟုန်၏ စကားကြောင့် လူအများ အံ့အားသင့်သွားရသည်။ မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် သူတို့၏ ယုံကြည်မှုမျကို စွန့်လွှတ်ပြီး ကြောက်ရွံ့ရိုသေလေးစားမှုများနှင့် စူးစမ်းရှာဖွေရမည်မှာ အမှန်ပင်ဖြစ်သည်။

ထိုသို့ဖြစ်ရသည်မှာ ရှေးခေတ်မဟာဧကရီအတွက်မူ သူတို့ထဲမှ ပါရမီရှင်များဟု အမည်တွင်သူများ အမှန်တကယ်တွင် အားနည်းနေလေသောကြောင့်ပင်။

ဆန်းကြယ်နယ်မြေ၏ စမ်းသပ်မှူများကို ဖြတ်ကျော်နိုင်ပြီး အနိုင်မခံ အရှုံးမပေးသော အင်အားတစ်ခု ဖြစ်လာရန်မှာမူ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်နှင့် ကွာခြားမည်မဟုတ်ပေ။

လူအများ ထင်ထားသကဲ့သို့ပင် ချူခိုင်က အလင်းတံတားပေါ်သို့ ထောင်ချီသော ကျီးကန်းများစွာကို လွှတ်ပေးလိုက်လေ၏။ သူက ဆုံးရှုံးမှုကို ထည့်မတွေးတော့ဘဲ ထိုကျီးကန်းများကို စတေးပစ်ခဲ့သည်။ သူသည် ရှေးဟောင်းပျက်စီးခြင်းသားရဲကို ကျီးကန်းတံတိုင်းအား ဖျက်ဆီးစေခြင်းဖြင့် ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ခြေလှမ်းများကို နှောင့်နှေးစေခဲ့သည်။

ချူခိုင်က ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သည်းခံကာ တိုက်ခိုက်မှုများအား ရှောင်တိမ်းပြီး ကျီးကန်းများ စေလွှတ်နေခဲ့လေ၏။

ယင်းကြောင့်ပင် သူက အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်အထိ ခက်ခဲမှုကြီးစွာဖြင့် တောင့်ခံနိုင်ခဲ့သည်။

ချူခိုင်က ပထမအဆင့်စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည် ပထမဆုံးသူ ဖြစ်လာခဲ့လေသည်။

All Chapters