အခန်း (၄၄၃-၄၄၅)
Vol. 30 Ch. 443-445
အပိုင်း ၄၄၃
ယီယွင် လှုပ်ရှားပြီ
မိနစ်သုံးဆယ် ကျန်သေးလေ၏။ ယီယွင်က နောက်တွင်ရှိနေသည့် စမ်းသပ်မှုမလုပ်ရသေးသည့် ကျင့်ကြံသူများကို လှည့်ကြည့်လိုက်သည်။ သူ အပါအဝင် လူသုံးဦး ကျန်နေသေးသည်။ မိနစ်သုံးဆယ်အချိန်က လုံလောက်သည်ထက်ပင် ပိုလေသည်။
လက်ရှိအချိန်၌ တံတားကို ဖြတ်ကျော်နိုင်ခဲ့သော ကျင့်ကြံသူအများစုက သမထထိုင်ခြင်းများ ပြီးစီးသွားကြပြီ ဖြစ်လေသည်။ ၎င်းတို့၏ မျက်ဝန်းများက နောက်ဆုံး လူနည်းစုဆီသို့ ကျရောက်နေကြလေ၏။
ထိုလူနည်းစု၏ မျက်နှာများ ညိုမှောင်သွားကြသည်။ သူတို့က လက်လျော့လိုကြခြင်း မရှိသလို ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် ရင်ဆိုင်ရန်လည်း သတ္တိမရှိကြပေ။ သူတို့က တစ်ဦးနှင့်တစ်ဦး ကြည့်နေကြပြီး ရှေ့ထွက်ရန်အတွက် တုန့်ဆိုင်းနေကြသည်။ သူတို့ လက်လျော့လိုက်လျှင် လွယ်ကူသော်လည်း သူတို့၏ဘဝတွင် အမဲစက်ထင်ကျန်နေမည်ကို စိုးရိမ်လေသောကြောင့် တိုက်ခိုက်ခြင်းမပြုဘဲ လက်မလျော့လိုကြပေ။ ယင်းက သူတို့၏ သိုင်းပညာစိတ်နှလုံးကို ထိခိုက်စေပေလိမ့်မည်။
နောက်ဆုတ်ရန် မဖြစ်နိုင်တော့လေသောကြောင့် သတ္တိနည်းသူတစ်ဦးက တံတားပေါ်သို့ တက်သွားကာ စမ်းသပ်မှုခံယူခဲ့သည်။ သို့သော် ခွန်အားကွာခြားမှုကြောင့် မအောင်မြင်ခဲ့ပေ။ ထိုလူငယ်သည် တစ်မိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့ပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ကွက်တစ်ခုဖြင့် လွင့်စဥ်သွားခဲ့ရသည်။
သူက အခြားပါရမီရှင်များကဲသို့ တိုက်ရိုက်တိုက်ခိုက်ခြင်းနှင့် စွမ်းအင်လှုပ်ခတ်မှုများကို ခံနိုင်ရည်ရှိခြင်းများ မရှိခဲ့ပေ။ ထို့ကြောင့် သူ ပြင်းထန်သော တိုက်ခိုက်မှုကို ခံယူခဲ့ရပြီး နံရိုးများနှင့် ရင်ညွန့်ရိုးများ ကျိုးကြေသွားခဲ့ရသည်။ သူ ဖွဲအိတ်တစ်လုံးပမာပင် လွင့်စဥ်ခဲ့ရလေ၏။
“ ဟားဟားဟား… အတော်ဆိုးတာပဲ “
ရှန်းထူမိသားစုမှ လူငယ်က စတင်ကာ လှောင်ပြောင်လေသည်။ စစ်သည်လောကကြီးတွင် သနားစာနာစိတ်ဟူ၍ မရှိပေ။ ထိုလူငယ်များ ကြီးပြင်လာခဲ့လျှင် တစ်ရက်သောအခါတွင် သူတို့က ရန်သူများ ဖြစ်လာကြမည်ဖြစ်လေသောကြောင့် ထိုသူများ၏ ယုံကြည်ချက်များကို ရိုက်ချိုးပစ်ပြီး ဆုတ်ယုတ်မှုထံမှ နာလန်ပြန်မထူလာနိုင်စေရန် လုပ်ဆောင်ရန်အတွက် သူတို့က ဂရုစိုက်နေကြမည်မဟုတ်ပေ။
“ ဟဲဟဲ… နှစ်ယောက်ကျန်သေးတယ်။ အခုချိန်အထိ အချိန်ဆွဲနေပုံထောက်တော့ ဒီကောင်တွေရဲ့ သတ္တိက အပ်နားဖားပေါက်လောက်ပဲ ကြီးတော့မယ်ထင်တယ်။ ဟိုကောင် ယီယွင်လည်း ထွက်မလာသေးဘူး။ ဒီကောင်က လင်မိသားစုကို အရှက်ရစေတာပဲ “
ရှန်းထူမိသားစုမှ လူငယ်တစ်ဦးက လင်ယွီ ၊ လင်ဖုန်းယွဲ့နှင့် အပေါင်းအပါများကို တစ်ချက်ကြည့်ပြီးနောက် ယီယွင်ကို ကြည့်လိုက်သည်။ သူ၏အမူအရာက အထင်သေးနေဟန်ပင်။
“ သူက ငါတို့ လင်မိသားစုက မဟုတ်ဘူး။ ဒီကိစ္စထဲမှာ လင်မိသားစုကို ဆွဲမထည့်နဲ့ “ လင်ယွီက ရှန်းထူမိသားစုမှ လူငယ်အား ဒေါသတကြီး ပြောလိုက်သည်။ သူ၏မိသားစုကို စော်ကားနေသည်အား နည်းနည်းမျှပင် သည်းမခံနိုင်ပေ….” ဒီကောင်လေးရဲ့ ဇာစ်မြစ်က အရှေ့ပိုင်းချောင်ရဲ့ တောရိုင်းနယ်မြေထဲကနေ လာခဲ့တာပဲ။ မင်း ဒီကောင့်ကို ဘာပဲလုပ်ချင်နေပါစေ လင်မိသားစုနဲ့ ဘာမှမပတ်သတ်ဘူး “
လင်ယွီက ခံစားချက်မကောင်းပေ။ ယီယွင်၏ ကြောက်ရွံ့တွန့်ဆုတ်မှုကြောင့် သူသည်ပင် လှောင်ရယ်ခံခဲ့ရချေသည်။
အဘယ့်အတွက် နှောင့်နှေးနေရလေသနည်း။ မိနစ်သုံးဆယ်အတွင်းမှာပင် အလင်းတံတားနှင့် ရှေးဟောင်းပျက်စီးခြင်းသားရဲတို့ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ယီယွင်အတွက် စမ်းသပ်မှုကို ဖြတ်ကျော်ရန် နည်းလမ်းမရှိနိုင်တော်ပေ။
အလင်းတံတား ပျောက်ကွယ်သွားချိန်နှင့် ဒုတိယမြောက် ဝင်ခွင့်စမ်းသပ်မှု ဖွင့်လှစ်ချိန်အကြားတွင် ယီယွင်ကို သတ်ဖြတ်ရန်အတွက် အချိန်အလုံအလောက် ရှိလေသည်။
လူအများစုက ထိုအခိုက်အတန့်ကို တိတ်တဆိတ် စောင့်နေကြသည်။ ရှန်းထူမိသားစုမှ လူငယ်က ယီယွင်ကို သရော်ဟန်ဖြင့် ကြည့်နေလေသည်။
ရှန်းထူနန်ထျန်း သူ့အား ထိုတာဝန်ကို ပေးအပ်ထားလေသောကြောင့် သူက လှပစွာလုပ်ဆောင်ရန် လိုအပ်ပါသည်။ ထို့အပြင် ထိုတာဝန်က ခက်ခဲသည့်အလုပ်တစ်ခု မဟုတ်ချေ။
ရှန်းထူနန်ထျန်းက ယီယွင်ကို အပြင်းထန်ဆုံးနည်းလမ်းနှင့် သတ်ပစ်ရမည်ဟု အထူးညွှန်ကြားထားချေသည်။
ရုပ်သံအစီရင်ပြားက မကောင်းသည့်ရွေးချယ်မှု မဟုတ်ပေ။ ယီယွင် သေဆုံးရသည့်ဖြစ်စဉ်ကို မှတ်တမ်းတင်ခြင်းအားဖြင့် ရှန်းထူနန်ထျန်းအဖို့ ယီယွင်၏ ဝမ်းနည်းဖွယ်ရာ သေဆုံးမှုကို မျက်မြင်တွေ့ရှိရပေလိမ့်မည်။ ရှန်းထူနန်ထျန်းက ထိုအချက်အလက်များကို အလွန်သဘောကျပေလိမ့်မည်။
ရှန်းထူနန်ထျန်း ခြေချော်လက်ချော် ဖြစ်ခဲ့ရသော်လည်း ရှန်းထူမိသားစု၏ ဆက်ခံသူဖြစ်လာရန် အလားအလာအရှိဆုံးသူ ဖြစ်လေသည်။ သူ့တွင် အကန့်အသတ်မဲ့ကာ တောက်ပသော အနာဂတ်တစ်ခု ရှိလေသည်။ လူငယ်က အနာဂတ်တွင် ရှန်းထူနန်ထျန်း၏ နံဘေးမှ အရေးပါသူတစ်ဦးဖြစ်လာရေးကို မျှော်လင့်မိကာ ရှန်းထူနန်ထျန်းနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် နည်းလမ်းရှာနေသည် ဖြစ်လေ၏။ ရှး
ယီယွင်ကို သတ်ဖြတ်ခြင်းသည် ထိုအခွင့်အရေး ဖြစ်လေ၏။
သူ၏ သိုလှောင်လက်စွပ်ထဲမှ ရုပ်သံအစီရင်ပြားတစ်ခု ထုတ်ယူလိုက်သည်။ သူသည် ရက်စက်စွာပြုံးရင်း ရှန်းထူမိသားစုက မွေးထားသည့် ပိုးကောင်တစ်ကောင်ကိုလည်း ထုတ်ယူလိုက်သည်။
လက်ရှိတွင် ယီယွင်မှလွဲ၍ နောက်ဆုံးတစ်ယောက်က အပေါ်ကိုတက်သွားပါပြီ။ ထိုလူငယ်သည် ထိုကိစ္စအတွက် ယုံကြည်ချက်မရှိလေသောကြောင့် ယီယွင်ကို ဦးစွာစေလွှတ်လိုခဲ့သော်လည်း ယီယွင်၏ အေးဆေးသောပုံစံကို မြင်လိုက်ရချိန်တွင် သူက ယီယွင်ထက် အချိန်ပိုဆွဲ၍ မရတော့ကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူ သတ္တိများစုစည်းကာ အပေါ်သို့တက်သွားခဲ့ရသည်။
အံ့ဩစရာမရှိစွာနှင့်ပင် ထိုလူငယ်က ဆိုးရွားစွာ ကျရှုံးသွားခဲ့ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးလွှမ်းနေလျက်ရှိပြီး ထိုကံကြမ္မာကို လက်ခံလိုခြင်းမရှိသော်လည်း ကံကောင်းထောက်မစွာနှင့်ပင် သူက ကြောက်စိတ်မွှန်မနေခဲ့ပေ။
တံတား၏တစ်ဖက်ခြမ်းမှ လူအများက လှောင်ပြုံးများ ပြုံးနေကြသည်။ သူတို့ထဲမှ အများစုက မျောက်ပွဲကြည့်နေသည့်ပမာပင် အနှစ်မဲ့သော လှောင်ပြောင်စကားများ ပြောနေကြလေ၏။
လူငယ်၏ အခြေအနေကို မြင်သောအခါတွင် ယီယွင် သက်ပြင်းချလိုက်သည်။ ထျန်းယွမ်ကမ္ဘာကြီးက အမှန်ပင် ရက်စက်လှ၏။ တိုင်အာနတ်ပြည်ထောင်တွင် လူတိုင်းက တိုင်းပြည်တစ်ခုတည်းမှ ဖြစ်လေသောကြောင့် မနာလိုမှု သို့မဟုတ် ရန်လိုမှုများကို အနည်းဆုံးအနေဖြင့် ဖုံးကွယ်ထားတတ်ကြသည်။ သို့သော် ထျန်းယွမ်ကမ္ဘာကြီးထဲတွင်မူ ထိုကဲ့သို့မဟုတ်ဘဲ ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များသာ ရှိလေသည်။
ထိုလူငယ်သာ အရှက်ရစရာ အတွေ့အကြုံများကို ကိုင်တွယ်နိုင်ခဲ့လျှင် လူငယ်၏ အနာဂတ်အောင်မြင်မှုများက ယခင်နှင့် တူနိုင်တော့မည်မဟုတ်ပေ။
ယီယွင် အသာခေါင်းယမ်းကာ ရှေးဟောင်းပျက်စီးခြင်းသားရဲကို ကြည့်လိုက်လေပြီး အားနည်းချက်ကို အတည်ပြုလိုက်သည်။ သူ အလျင်စလို မလုပ်ပေ။ တံတားတစ်ဖက်ခြမ်းမှ ကျင့်ကြံသူများ၏ လှောင်ပြောင်မှုများကိုလည်း သူက ဂရုမစိုက်ပေ။
ယီယွင်က ရာနှုန်းပြည့်သော အာမခံချက်ကို လိုချင်လေ၏။
မဟာဧကရီဆန်းကြယ်နယ်မြေ၏ စမ်းသပ်မှုက အံ့မခန်းဆန်လှသည်။ ယီယွင်အဖို့ ခရမ်းရောင်သလင်းကျောက်နှင့်ပင် အမှားအယွင်းမရှိအောင် အကြိမ်ကြိမ်ပင် အတည်ပြုခဲ့ရသည်။
အလင်းတံတား ပျောက်ကွယ်သွားရန် ဆယ်မိနစ်ခန့် အချိန်ကျန်သေးလေသည်။ မဟာဧကရီဆန်းကြယ်နယ်မြေ၏ အေးစက်သော သတိပေးချက်အသံ ထွက်ပေါ်လာပြန်သည်။
“ အမွေးတိုင် နှစ်တိုင်ထွန်းစာအချိန်ပဲ ကျန်တော့တယ် “
သတိပေးချက်အသံကို ကြားလိုက်ရချိန်တွင် လူအများက အသင့်ပြင်ဆင်ကြလေ၏။
“ ကြိုးစားကြည့်လိုက် ယီယွင်။ မျှော်လင့်ချက် လုံးဝမရှိတာထက်စာရင် ပိုကောင်းပါတယ် “ စကားပြောလိုက်သူက လင်ဖုန်းယွဲ့ ဖြစ်လေသည်။ ယီယွင်က လင်ဖုန်းယွဲ့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်ကာ… “ ကျေးဇူးတင်ပါတယ် ”
ထိုသို့ပြောပြီးသည့်နောက် ယီယွင်က တံတားဆီသို့ လျှောက်သွားလိုက်လေသည်။
“ နောက်ဆုံးတော့ ဒီကောင် တက်လာပြီ။ ဟားဟားဟား “
ရှန်းထူမိသားစုမှ လူငယ်က ရူးသွပ်စွာရယ်မောလိုက်ပြီး ယီယွင် သနားစရာကောင်းသည့် အခြေအနေမျိုးနှင့် အဆုံးသတ်သွားရမည်ကို မြင်တွေ့ရရေးအတွက် စောင့်မျှော်နေဟန်ဖြင့်…“ ငါပြောမယ် ကောင်လေး… မင်းက တံတားပေါ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ ဒါက အတော်လေးကို ဥာဏ်ကြီးတာပဲ “
လူငယ်က ယီယွင်ကို ထိုသို့သေစေလိုခြင်း မရှိပေ။ သူက ယီယွင်ကို တမင်ရည်ရွယ်ကာ စိတ်ဆွပေးနေခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပဲပင် သူက ရုပ်သံအစီရင်ပြားကို တံတားဆီသို့ ချိန်ရွယ်ကာ နေရာချထားလိုက်ပြီး ယီယွင် အနိုင်ကျင့်ခံနေရသည့် မြင်ကွင်းများကို မှတ်တမ်းတင်ရန် ပြင်ဆင်ထားလေသည်။
ယီယွင်က မီတာဆယ်အကွာတွင် ရပ်နေသည့် ကြောက်မက်ဖွယ်ရာ ရှေးဟောင်းပျက်စီးခြင်းသားရဲကိုသာ ကြည့်နေသည်။
သူ၏ စွမ်းအင်မြင်ကွင်းထဲတွင် အလင်းတံတားက အရောင်အသွေးစုံလာပြီး တံတားပေါ်ရှိ ပျက်စီးခြင်းသားရဲကလည်း ရောင်စုံအလင်းအစက်များနှင့် ဖွဲ့စည်းထားသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့လေသည်။
ယီယွင်က ခန္ဓာကိုယ်ကို အနည်းငယ်စောင်းကာ သိုလှောင်လက်စွပ်ကို လက်ချောင်းများနှင့် သပ်လိုက်ချိန်တွင် လူတိုင်းအတွက် အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယီယွင်က အမှန်တကယ်ပင် လေးတစ်လက်ကို ထုတ်ယူလိုက်ချေသည်။
လေးနှင့် မြားများနှင့်အတူ အေးစက်သော မြားခေါင်းများဖြင့် သူသည် လေးကို ရှေးဟောင်း ဆိတ်ငြိမ်တဲ့ သားရဲဆီသို့ တည့်တည့်ကိုင်ထားခဲ့သည်။ သူက အေးစက်သော မြားဦးခေါင်းကို ပျက်စီးခြင်းသားရဲဆီသို့ ချိန်ရွယ်ထားလေ၏။
လေးလား။
လူတိုင်း အံ့အားသင့်သွားကြသည်။ ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ရှေ့တွင်ရပ်ရန် သတ္တိရှိခဲ့လျှင်ပင် အတော်လေး အထင်ကြီးစရာဖြစ်နေပြီဟု သူတို့က ထင်ခဲ့ကြသည်။ တိုက်ပွဲစတင်သည်နှင့် ယီယွင် သနားစရာအခြေအနေဖြင့် ပတ်ပြေးနေရမည်ဖြစ်ပြီး ဆယ်စက္ကန့်ခန့်အကြာတွင် ပျက်စီးခြင်းသားရဲ၏ လက်ချက်ဖြင့် လွင့်စဥ်သွားရပေလိမ့်မည်။
ယီယွင် လေးတစ်လက် ဆွဲထုတ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ ထိုကောင် ဘာလုပ်နေသနည်း။ ရှေးဟောင်းပျက်စီးခြင်းသားရဲကို တိုက်ခိုက်မလို့လား။
အစောပိုင်းက ကုန်းစွန်းဟုန် ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် ရင်ဆိုင်ခဲ့ချိန်တွင် သူက ဓားကို ဆွဲထုတ်ခဲ့သော်လည်း ပုံရိပ်ဖြန့်ဓားခြေလှမ်းကိုသာ အသုံးပြုခဲ့သည်။ သို့သော် လေးတစ်လက်နှင့် တွဲဖက်အသုံးပြုသည့် လှုပ်ရှားမှုနည်းစနစ်မျိုးကိုမူ သူတို့ တစ်ခါမျှပင် မကြားဖူးပေ။
“ အရူး “ လင်ယွီက ခေါင်းခါလိုက်သည်။ သီးခြားလေ့ကျင့်ရန်ကိုသာသိပြီး တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသလို့ အခြေခံဗဟုသုတပင်မရှိသည့် အရူးတစ်ယောက်သာ ဖြစ်ချေသည်။
ကုန်းစွန်းဟုန်ပင် တိုက်ခိုက်ရဲခြင်းမရှိသော ပျက်စီးခြင်းသားရဲကို ယီယွင်က အမှန်တကယ် လေးနှင့် ပစ်ချင်နေချေ၏။ ဤကဲ့သို့ ဆိုးရွားသောအခြေအနေတွင် စိတ်ကယောက်ကယက်ဖြစ်ပြီး သူ့ကိုယ်သူအား စွန့်လွှတ်လိုက်သည်လားကမူ မသိရပေ။
အပိုင်း ၄၄၄
လည်ပင်းကို ပိတ်ဆို့လိုက်သော မြားတစ်စင်း
______________________________________________
ယီယွင် လေး ထုတ်ပြီးနောက်တွင်မူ ရှေးဟောင်းပျက်စီးခြင်းသားရဲက ယီယွင်၏ရန်လိုမှုကို ခံစားမိသွားဟန်ဖြင့် ဟိန်းဟောက်လိုက်ပြီး ယီယွင်ဆီသို့ ပြေးဝင်သွားလေသည်။
ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ ခုန်လိုက်လေသည်။ သူသည် လေထဲတွင် လေပြင်းကြောင့် ဝေ့ဝဲနေသော သစ်ရွက်တစ်ခုပမာပင် ကျွမ်းထိုးလိုက်လေ၏။
ရှေးဟောင်းပျက်စီးခြင်းသားရဲက ယီယွင်ကို ဖြတ်ကျော်သွားလေသည်။ ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်လေပြီး ကျောဘက်ဆီသို့ ရောက်သွားလေသည်။ ပျက်စီးခြင်းသားရဲ၏ ကျောခုံးရိုးများကို ယီယွင်၏မျက်နှာနှင့် ဆံပင်တို့ပင် ထိမိသွားခဲ့လေ၏။
ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ပထမဆုံး ခုန်အုပ်တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။
ဒီကောင် ရှောင်သွားတာလား။
လူအများ မှင်တက်မိနေသည်။ ထိုကောင်လေးက ထိုမျှအထိ မြန်ဆန်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ယီယွင်က ရှောင်နိုင်ခဲ့လျှင်ပင် အခြေအနေဆိုးနေလိမ့်မည်ဟု သူတို့က ထင်ထားခဲ့ကြသည်။ ထိုကောင်က တိုက်ခိုက်မှုနှင့် စွမ်းအင်လှုပ်ခတ်မှုများကိုပင် တိုက်ရိုက်တိမ်းရှောင်သွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။
" အစပဲရှိပါသေးတယ်။ မကြာခင်မှာ ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံး ဖွင့်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဒီကောင်စုတ်လေး သေရလိမ့်မယ် "
ရှန်းထူမိသားစုမှ လူငယ်က ဤအခြေအနေကို လက်သင့်ခံနိုင်ခြင်းမရှိပေ။
ထိုစဥ် လင်ဖုန်းယွဲ့က ယီယွင်ကို ပြောလိုက်လေသည်..." ရှေးဟောင်းပျက်စီးခြင်းသားရဲရဲ့ ကျောဘက်က မျက်ကွယ်နေရာပဲ။ အဲ့ဒီနေရာကို ကြိုးစားကြည့် "
လင်ဖုန်းယွဲ့တွင် အမှန်တကယ်ပင် စိတ်ရင်းကောင်းရှိသည်။ သူက ယီယွင်ကို မနာလိုမဖြစ်ပေ။ လင်ရှင်းထုံ၏နောက် ဒုတိယနေရာတွင်ရှိသည့် အနည်းစုသော လူငယ်မျိုးဆက်များထဲမှ တစ်ဦးဖြစ်သည့် လင်ဖုန်းယွဲ့တွင် ကိုယ်ပိုင်သိက္ခာ ရှိလေသည်။ သူ၏မိသားစုက သူ့အား ကြီးစွာအသိအမှတ်ပြုထားသည်ဖြစ်ပြီး သူ၏အနေအထားက ယီယွင်ထက်ပင် ပိုမြင့်လေသည်။
သိုင်းမိသားစုတစ်ခု၏ သိုင်းပါရမီရှင်များက ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးထက် သေချာပေါက်ပင် ပိုမိုအဆင့်မြင့်သည်။ သိုင်းပညာသည် မိသားစုကို အရာအားလုံး ထောက်ပံ့ပေးနေသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ပျက်စီးခြင်းကောင်းကင်ပညာက သိုင်းပညာအတွက် အကူသဘောမျှသာ ဖြစ်လေသည်။
ထို့ကြောင့် လင်ဖုန်းယွဲ့နှင့် လင်ရှင်းထုံတို့က ယီယွင် ဆိုးရွားစွာသေဆုံးရမည်ကို မမြင်လိုကြပေ။
သို့သော် လင်ယွီကမူ ကွဲပြားလေသည်။ လင်ဖုန်းယွဲ့၏ စကားများကို ကြားသောအခါတွင် လင်ယွီက စိတ်ထဲတွင် သရော်လိုက်သည်..." ချီးမလို့ ဒီကောင့်ကို သတိပေးနေတာလား။ ဒီကောင်က ပထမတိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့ရုံပဲ ရှိတာလေကွာ။ စောလွန်းနေသေးတယ် "
ယီယွင်က လင်ဖုန်းယွဲ့၏ စိတ်ရင်းကောင်းဖြင့် အကြံပေးချက်ကြောင့် ရင်းနှီးစွာ ပြုံးပြလိုက်သည်။ တိုက်ခိုက်မှုမုန်တိုင်း အလယ်တွင်ပင် ယီယွင်က ပြုံးနေလေသောကြောင့် လင်ယွီ မျက်မှောင်ကုတ်သွားရသည်။
ဂါး...။
ရှေးဟောင်းပျက်စီးခြင်းသားရဲက ထပ်မံကာ ခုန်ဝင်လာသည်။ ယီယွင်က လေထဲတွင် ကျွမ်းထိုးကာ ရှောင်နိုင်လိုက်ပြန်လေ၏။ ယီယွင်၏ ခန္ဓာကိုယ်က သစ်ရွက်တစ်ခုပမာပင်။ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ကြမ်းရမ်းသော တိုက်ခိုက်မှုလေပြင်းများက ယီယွင်ကို တွန်းထုတ်နေလေ၏။
ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ အမြန်နှုန်းက ပိုမြန်လာပြီး လေတိုက်အားကလည်း ပိုအားကောင်းလာသည်။ ယီယွင် တွန်းထုတ်ခံရသည်မှာလည်း ပိုမြန်လာသည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် သူ၏လှုပ်ရှားမှုများက ပိုနှေးလာခဲ့သည်။
ယီယွင်၏လှုပ်ရှားမှုမျက အလွန်ပင် ပေါ့ပါးရိုးရှင်းသည်။ သူက တစ်ကွက်ပို၍ ရှောင်တိမ်းခြင်းမပြုသလို တစ်ကွက်လျော့၍လည်း ရှောင်တိမ်းခြင်းမပြုပေ။ သူ၏လှုပ်ရှားမှုများကို လိုသလို တွက်ချက်ထားလေသလော သို့မဟုတ် သူ၏အန္တရာယ်များသော ရှောင်တိမ်းမှုတိုင်းက ကံကောင်းမှုသာ ဖြစ်လေသလောကို လူအများအဖို သေချာမသိတော့ပေ။
“ အိုး "
ကုန်းစွန်းဟုန် အသာမျက်ခုံးပင့်ကာ ယီယွင်ကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးမျာက ပုံမှန်မဟုတ် တောက်ပလာ၏။ တစ်ကြိမ် နှစ်ကြိမ်ခန့် ရှောင်တိမ်းနိုင်သည့်မှာ ဘာမျှမဟုတ်သော်လည်း အကြိမ်များစွာ ရှောင်တိမ်းနိုင်သည်ကမူ ယီယွင်၏ လှုပ်ရှားမှုနည်းစနစ်က ထက်မြက်ကြောင်းကို သက်သေပြနေသည်။
လက်ရှိ လက်ရွေးစင်များက ကုန်းစွန်းဟုန် အာရုံစိုက်ရန် မထိုက်တန်ပေ။ ယီယွင်ကလည်း ထို့အတူသာ ဖြစ်လေ၏။ သို့သော် ယီယွင်တွင် အစွမ်းအစအချို့ ရှိနေလိမ့်မည်ဟု ကုန်းစွန်းဟုန် မမျှော်လင့်ခဲ့ပေ။ ဒီအစွမ်းအစက လင်ယွီ၏စွမ်းရည်နှင့် တူညီလုနီးပါး ရှိလေသည်။ ပျက်စီးခြင်းကောင်းကင်ပညာတွင် များစွာအားစိုက်ထားသည့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦးက လင်ယွီ၏အဆင့်၌ ရှိနေသည်မှာ အတော်ပင် အထင်ကြီးစရာဖြစ်လေ၏။
ထိုစဥ် ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံးကို ဖွင့်လိုက်လေသည်။
“ သူ့ရဲ့မျက်လုံးကို ဖွင့်လိုက်ပြီ "
ရှန်းထူမိသားစုမှ လူငယ်က လှောင်ပြောင်လိုက်သည်။ သူတို့ထဲမှ အများစုက ရှေးဟောင်းသားရဲ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြသော်လည်း မျက်လုံးဖွင့်လိုက်ချိန်တွင် အားလုံး ချက်ချင်းလိုပင် အရေးနိမ့်ကြရသည်။ ယင်းက လုံးဝကွဲပြားသည့်အဆင့်တွင် ရှိနေချေ၏။
ရှေးဟောင်းပျက်စီးခြင်းသားရဲက သတတိယမျက်လုံး ဖွင့်လိုက်အချိန်တွင် ယီယွင်က ထိုက်ခန်းလေးကို ပင့်မြှောက်လိုက်သည်။ သူက ဤအချိန်အခါကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်လေသည်။
ရှေးဟောင်းပျက်စီးခြင်းသားရဲ တတိယမျက်လုံး ဖွင့်လိုက်ချိန်သည် ၎င်း၏ အစွမ်းအထက်ဆုံးပုံစံဖြစ်ပြီး ၎င်း၏ အားနည်းချက်ကို ထုတ်ပြလိုက်ချိန်လည်း ဖြစ်လေသည်။
သားရဲက တတိယမျက်လုံးကို မဖွင့်လျှင် ယီယွင်အဖို့ မည်သည်ကိုမျှ မလုပ်နိုင်ပေ။ သူသည် ကုန်းစွန်းဟုန်နှင့် အခြားသူများကဲ့သို့ပင် ရှောင်တိမ်းနေရလိမ့်မည်။ ယခုတွင်မူ ယီယွင်အဖို သူ၏စိတ်ကူးကို စမ်းသပ်နိုင်ပေပြီ။ အန္တရာယ်၏နောက်ကွယ်တွင် ရှိနေသည့်အရာက အခွင့်အရေးသာ ဖြစ်ချေ၏။
ယီယွင်က ထိုက်ခန်းလေးကို တင်းကျပ်စွာဆုပ်ကိုင်ပြီး စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။ သူ၏လက်ထဲမှ အေးစက်သော သတ္တုအထိအတွေ့ ယီယွင်နှင့် သွေးချင်းဆက်နွှယ်နေပုံပင်။ ဤသည်က တိုင်အာနတ်ပြည်ထောင်မှ ဆရာသခင်တစ်ဦး ဖန်တီးထားသည် လေးကောင်းတစ်လက် ဖြစ်ချေသည်။ လေး၏ကိုယ်ထည်ကို ထိုက်ခန်းသတ္တု၏ အဆီအနှစ်နှင့် ပြုလုပ်ထားသည်။ ယွမ်ချီ ထိုးသွင်းလိုက်ချိန်တွင် လေး၏မာကျောမှုနှင့် ခံနိုင်ရည်တို့က သိသိသာသာပင် မြင့်တက်သွားပေလိမ့်မည်။ ယွမ်ချီများ ထိုးသွင်းလေလေ ထိုက်ခန်းလေးက ပိုမိုမာကျောလာလေလေဖြစ်ပြီး လေးကြိုးဆွဲရသည်မှာ ပိုခက်ခဲလာရုံသာမက လေး၏အင်အားကိုလည်း တိုးပွားစေသည်။
ထျန်းယွမ်ကမ္ဘာကြီးထဲတွင် ထိုက်ခန်းလေးဟာ ဘာမျှမဟုတ်လောက်သော်လည်း လေးအား ယွမ်ချီ ထိုးသွင်းလိုက်ချိန်တွင်မူ အသုံးပြုသူကို ပိုမိုသန်မာလာစေသည်။ လေးက ယီယွင်၏စွမ်းအင်အားလုံးကို ခံနိုင်ရည်ရှိလေပြီး ယီယွင်၏စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပေးသည်။
ရှေးဟောင်းပျက်စီးခြင်းသားရဲက ယီယွင်ဆီသို့ ပြေးဝင်သွားပြီး ပါးစပ်ကြီးကို ဟလိုက်သည်။ ယီယွင်က မရှောင်တိမ်းဘဲ ရှေးဟောင်းပျက်စီးခြင်းသားရဲကိူ စူးစိုက်ကာ ကြည့်နေလေသည်။ သူ ထိုက်ခန်းလေးကို ဆွဲကာ အေးစက်သော မြားတစ်ချောင်း ပစ်လွှတ်လိုက်လေ၏။
" ဒီကောင် ဘာလုပ်နေတာလဲ "
ယီယွင်က လှုပ်ရှားခြင်းမရှိတော့ဘဲ ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် ရင်ဆိုင်တော့မည်အလားပုံစံကို မြင်လိုက်ရချိန်၌ လူတိုင်း ထိတ်လန့်သွားကြသည်။
ယီယွင်၏ လှုပ်ရှားမှုနည်းစနစ်က သူတို့ ထင်ထားသည်ထက် များစွာပို၍ပင် ကောင်းမွန်လေသည်။ ရှန်းထူမိသားစုမှ လူငယ်နှင့် လင်ယွီတို့ကဲ့သို့ ဘက်လိုက်တတ်သူများက ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံးအား ဖွင့်လိုက်သည်နှင့် ယီယွင် ထုတ်ပယ်ခံရလိမ့်မည်ဟု ယုံကြည်ထားကြသည်။ မျှတသောအမြင် ရှိကြသူများကမူ ယီယွင်သာ စွမ်းအားအကုန် သုံးမည်ဆိုပါက ဒဏ်ရာပြင်းထန်သည့်တိုင်အောင် စမ်းသပ်မှုကို အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ သို့သော် ယီယွင်က ထိုကဲ့သို့ သေကြောင်းကြံသည့် အပြုအမူမျိုး လုပ်လိမ့်မည်ဟု သူတို ထင်မထားခဲ့ပေ။
“ ဒီကောင် သေချင်နေတာလား "
“ ဒီကောင် ရူးသွားပြီ "
ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ အစွယ်များက ယီယွင်၏ဦးခေါင်းပေါ်သို့ ကျဆင်းလာနေချေပြီ။ သို့သော် ရှေးဟောင်းပျက်စီးခြင်းသားရဲက မေးရိုးပိတ်တော့မည့်အချိန်တွင် ယီယွင်သည် လေးကြိုးလွှတ်ကာ မြားတံကို ပစ်လိုက်လေသည်။
ဝီး...။
လေးကြိုးခတ်သံက နဂါးတစ်ကောင်၏ ဟိန်းသံအလားပင် နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
လေလိုက်မြားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ပါးစပ်ထဲသို့ တည့်မတ်စွာ ပစ်ဝင်သွားသည်။
ယီယွင်၏မြားတံက သူ၏စွမ်းအင်မြင်ကွင်းကို လမ်းညွှန်အဖြစ် အသုံးပြုထားသည်။ မြားတံကို ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ပါးစပ်ထဲသို့ သာမန်အတိုင်း ပစ်လွှတ်လိုက်သည်ဟု ထင်ရသော်လည်း မြားတံ၏ ပစ်ကွင်းနှင့် အမြန်နှုန်းတို့ကို ကောင်းစွာပင် တွက်ချက်ထားသည်။ သာမန်လူတစ်ဦးအဖို့ ထိုပစ်ချက်ကို တုပနိုင်မည်မဟုတ်ပေ။
ယီယွင်၏ပစ်မှတ်က ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ဦးခေါင်းနောက်ဘက်ရှိ သလင်းကျောက် ဖြစ်လေသည်။ ၎င်းက ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ဗဟိုချက်ဖြစ်ပြီး သားရဲ၏စွမ်းအင်အရင်းအမြစ်ကို ထိန်းချုပ်နေသည့်အရာ ဖြစ်လေသည်။
၎င်းသည် ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တတိယမျက်လုံး၏ အစစ်အမှန်ပုံစံ ဖြစ်ချေသည်။
မျက်ခုံးအလယ်၌ရှိသည့် တတိယမျက်လုံးက သလင်းကျောက်၏ ပုံရိပ်တစ်ခုသာ ဖြစ်သည်။ ယီယွင်သာ တတိယမျက်လုံးကို ပစ်လိုက်မည်ဆိုပါက သလင်းကျောက်၏ စွမ်းအင်အားလုံးက တတိယမျက်လုံးတွင် စုစည်းထားခဲ့ခြင်း ဖြစ်လေသောကြောင့် အသုံးဝင်မည်မဟုတ်ပေ။
၎င်း၏ အစစ်အမှန်ပုံစံကို ပစ်လိုက်မှသာလျှင် တစ်ချက်တည်းနှင့် သတ်နိုင်ပေလိမ့်မည်။
မြားတံ ထိမှန်တော့မည်ကို မြင်သောအခါတွင် ရှေးဟောင်းပျက်စီးခြင်းသားရဲ ထိတ်လန့်သွားသည်။ ၎င်း၏တုံ့ပြန်မှုက အလွန်မြန်သည်။ ရှေးဟောင်းပျက်စီးခြင်းသားရဲက ပါးစပ်ပိတ်ကာ ယီယွင်၏မြားတံကို ကိုက်လိုက်လေ၏။
ယီယွင်က သားရဲ၏ဆန္ဒများကို ဖြစ်ခွင့်မပေးချေ။ အခွင့်အရေးက တစ်ကြိမ်သာရှိလေ၏။ အကြောင်းကမူ ထိုအခွင့်အရေးက ထပ်မံကာ ဖြစ်မလာနိုင်တော့သောကြောင့်ပင်။
" နေအလင်းချီ... ပေါက်ကွဲစမ်း "
ယီယွင်၏ကျောဘက်တွင် ထန်တောင်ကြားပုံရိပ် ပေါ်ထွက်လာသည်။ သူ လေလိုက်မြားကို ပစ်လိုက်သည့်အချိန်တွင့် မြားတံထဲ၌ နေအလင်းချီများ ထိုးသွင်းထားသည်ဖြစ်၍ မြားတံကို အချိန်မရွေးပင် ပေါက်ကွဲစေနိုင်သည်။
လေလိုက်မြားတွင် နတ်အလင်းများ တောက်ပလာပြီး ဥက္ကာပျံတစ်ခုပမာ အရှိန်မြှင့်သွားသည်။ ရှေးဟောင်းပျက်စီးခြင်းသားရဲက ပါးစပ်ကို မပိတ်မီမှာပင် မြားတံက ပါးစပ်ထဲသို့ ဝင်သွားခဲ့ချေပြီ။
မြားခေါင်းက အသားထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး မြားတစ်ချောင်းက လည်ချောင်းကို ပိတ်ဆို့သွားလေသည်
ရွှတ်...။
လေးပေရှည်သော မြားတစ်ခုလုံး နစ်ဝင်သွားလေ၏။ မြားတံ၏ အဖျားပိုင်းကိုပင် မမြင်ရတော့ပေ။ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ခန္ဓာကိုယ်က ရုတ်တရက်ပင် ရပ်တန့်သွားခဲ့သည်။ ၎င်းက ယီယွင်နှင့် ခြေတစ်လှမ်းအကွာတွင် ရပ်တန့်သွားခဲ့လေသည်။
ယီယွင်က ထိုက်ခန်းလေးကို ကိုင်ထားလျက်ရှိပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် အနီးကပ် အကြည့်ချင်းဖလှယ်နေသည်။ ထိုအကွာအဝေးတွင် ရှေးဟောင်းပျက်စီးခြင်းသားရဲ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ရာအရှိန်အဝါကို ယီယွင် ရှင်းလင်းစွာပင် ခံစားမိနေ၏။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် သွားစွယ်များနှင့် အေးစက်သော မျက်လုံးများက ယီယွင်အား အလွန်ဖိနှိပ်သော ခံစားချက်ကို ပေးစွမ်းနေလေသည်။
“ ဒီကောင်က မြားကို သားရဲရဲ့ပါးစပ်ထဲကို ပစ်လိုက်တာလား ” ကုန်းစွန်းဟုန် အနည်းငယ်ခန့် မှင်တက်မိသွားပြီးနောက် ခေါင်းယမ်းလိုက်ပြီး... " မြားတံက သားရဲရဲ့ပါးစပ်ထဲကို ဝင်သွားရင်တောင် အသုံးမဝင်ဘူး။ ခံတွင်းအသားတွေက ပျော့တယ်ဆိုပေမဲ့ ရှေးဟောင်းပျက်စီးခြင်းသားရဲနဲ့ ရင်ဆိုင်နေရချိန်မှာ အဲ့ဒါကို အားနည်းချက်လို့ မဆိုနိုင်တော့ဘူး။ သားရဲရဲ့လျှာမှာ သတ္တုအပ်တွေလို ဆူးချွန်ငယ်လေးတွေ ရှိနေတာဆိုတော့ ထိုးဖောက်ဖို့က မဖြစ်နိုင်..."
ထိုအဆင့်တွင်ရှိသည့် ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းသားရဲတစ်ကောင်၏ မျက်လုံး ၊ အာခံတွင်း ၊ ဝမ်းဗိုက်တို့ကဲ့သို့ နေရာများကို အားနည်ချက်များအဖြစ် မှတ်ယူကာ အနိုင်ယူ၍မရနိုင်ကြောင်းကို ကုန်းစွန်းဟုန်က အတပ်သိသည်။
သို့သော် သူ စကားပြောမပြီးခင်မှာပင် ရှေးဟောင်းပျက်စီးခြင်းသားရဲက ရုတ်တရက်ပင် တုန်ယင်သွားလေ၏။ စွမ်းအင်နှင့်ဖွဲ့စည်းထားသည့် ၎င်း၏ခန္ဓာကိုယ်က ပြောင်းလဲလာသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ရှေးဟောင်းပျက်စီးခြင်းသားရဲသည် အလင်းမိုးစက်များအဖြစ် ပေါက်ကွဲသွားပြီး ပျောက်ကွယ်သွားခဲ့လေ၏။
သူ၏ရှေ့မှောက်တွင် တောင်ပြိုကျသည်ကို မြင်နေရလျှင်ပင် အမြဲတမ်း တည်ငြိမ်နေတတ်သည့် ကုန်းစွန်းဟုန်မှာ ထိုမြင်ကွင်းကို မြင်သောအခါတွင် ပါးစပ်အဟောင်းသားဖြစ်ကာ ကြက်သေသေနေလေ၏။ သူ၏မျက်နှာက လုံးဝပင် ပျက်ယွင်းနေလေသည်။
ဘယ်လို...။
ကောင်းကင်ထက်မှ နတ်ကောင်းချီးတစ်ခု ဆင်းသက်လာသကဲ့သို့သော အလင်းမိုးစက်များက ကုန်းစွန်းဟုန်၏ မျက်ကန်းယုံကြည်မှုနှင့် မသိမိုက်မဲမှုတို့ကို လှောင်ပြောင်နေသည့်အလားပင်။ ကုန်းစွန်းဟုန်၏ပါးစပ်သည် အနည်းငယ်ခန့် ခပ်ဟဟဖြစ်နေပြီး အချိန်အတန်ကြာသည်အထိ မပိတ်နိုင်ခဲ့ပေ။
အပိုင်း ၄၄၅
ရှေးဟောင်းအမတေ
________________________________________________
ရှေးဟောင်းပျက်စီးခြင်းသားရဲကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် ယီယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ အဖြစ်အပျက်များက ခန့်မှန်းထားသကဲ့သို့ ဖြစ်လာခဲ့လေပြီး သူ စီစဥ်ထားသည့်အတိုင်းပင် ရှေးဟောင်းပျက်စီးခြင်းသားရဲကို သတ်နိုင်ခဲ့သည့် အောင်မြင်မှုခံစားချက်က အလွန်အားကောင်းလှသည်။
လက်ရှိအချိန်တွင် ရှေးဟောင်းပျက်စီးခြင်းသားရဲ ပျောက်ကွယ်သွားပြီးနောက် မိုးစက်များနှင့် ဆင်တူသည့် စွမ်းအင်အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစွမ်းအင်အလင်းစက်များက ယီယွင်ကို ပက်ဖြန်းလွှမ်းခြုံထားလေ၏။ ယင်းအဖြစ်ကြောင့် သူက သေမျိုးလောကသို့ ဆင်းသက်လာသည့် နတ်တစ်ပါးနှင့် ဆင်တူနေလေသည်။
လူငယ်လက်ရွေးစင်များ လုံးဝပင် မှင်တက်မိနေကြလေ၏။ မကြာသေးမီကပင် သူတို့ထဲမှ အများစုသည် ယီယွင်၏ကျရှုံးမှုနှင့် ရှန်းထူမိသားစုထံမှ ဆုလာဘ်များနှင့် လဲလှယ်ရန်အတွက် ယီယွင်အား မည်သို့သတ်ဖြတ်ရမည်ကို ကြိုတင်မှန်းဆနေခဲ့ကြလေ၏။
ယခုတွင်မူ အဖြစ်မှန်က သူတို့အား ဖြတ်ရိုက်သွားခဲ့ချေ၏။
သူတို့ထဲမှ အများစုသည် တံတားပေါ်တွင် နောက်ဆုံးအထိနေနိုင်ခဲ့ပြီး ပြင်းထန်သောဒဏ်ရာများ ရခဲ့သော်လည်း သူတို့၏ရလဒ်များကို ကျေနပ်ခဲ့ကြသည်။ စမ်းသပ်မှုမအောင်မြင်သည့် ကျန်သည့်လူများကမူ ပျက်စီးခြင်းသားရဲက ရိုက်ချသည်ကို ခံခဲ့ရသူများ သို့မဟုတ် တံတားပေါ်သို့တက်ရန် လက်လျော့ခဲ့သူများ ဖြစ်ကြလေသည်။
သူတို့ သတ်ဖြတ်ရန်တွေးနေခဲ့သည့် ကံဆိုးသူ ယီယွင်ကမူ တံတားပေါ်သို့ ရောက်ရှိပြီးသည့်နောက် ပျက်စီးခြင်းသားရဲကို မြားတစ်ချက်နှင့် အမှန်တကယ်ပင် သတ်နိုင်ခဲ့ချေသည်။ ယင်းက မိုးနှင့်မြေပမာ ကွာခြားမှုတစ်ခု ဖြစ်ချေသည်။ ယင်းက ရယ်စရာကောင်းလွန်းလှသည်။
ထိုကောင်လေးက လူသားတစ်ဦး ဟုတ်ပါလေစ။
လူအများက ကြောက်ရွံ့စွာဖြင့် တံတွေးတစ်လုတ် မျိုချလိုက်ကြသည်။ သူတို့က ယီယွင်ကို သတ်နိုင်ခြင်းမရှိဘဲ ယီယွင်ကပင် သူတို့အား သတ်သွားနိုင်လောက်လေသောကြောင့် သူတို့အား မဟာဧကရီဆန်းကြယ်နယ်မြေ၏ ဥပဒေက ကာကွယ်ပေးထားခဲ့သည်ကို ဝမ်းသာမိချေသည်။
တုန့်ပြန်မှုအကြီးမားဆုံး သူများက လင်ယွီနှင့် ရှန်းထူမိသားစုမှ လူငယ်တို့ ဖြစ်လေ၏။
လင်ယွီမှာ စိတ်လွတ်နေရလေ၏။ သူ၏မိဘများ သေသွားသည်းအလားပင် သူ၏မျက်နှာက ဖြူလျော်နေလေသည်။
မကြာသေးမီက သူသည် ယီယွင်နှင့် ကဏ္ဍပေါင်းစုံတွင် နှိုင်းယှဥ်ကြည့်နေခဲ့၏။ ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာတွင် ပြိုင်စံရှားသော ပါရမီကို ထုတ်ပြထားခဲ့သလို အဖွားတော်က အသိအမှတ်ပြုထားလေသောကြောင့် လင်ယွီအဖို့ သိုင်းပညာနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့တွင်သာ သူက ယီယွင်ထက် သာလွန်သည်ဟု ထင်ထားခဲ့သည်။ ထို့အပြင် ထျန်းယွမ်ကမ္ဘာကြီးထဲတွင် ခွန်အားကသာ အရေးအကြီးဆုံး ဖြစ်ချေသည်။ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် အတော်ဆုံး ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက အသန်မာဆုံးသူတစ်ဦးကို ယှဥ်၍မရပေ။
ယခုတွင်မူ လင်ယွီ၏ တစ်ခုတည်းသော သာလွန်သည့်အရာမှာ ပျက်စီးသွားရလေ၏။ သူက ပျက်စီးခြင်းကောင်းကင်ပညာတွင် ယီယွင်ထက် နိမ့်ကျသည်။ သူ၏ကျောထောက်နောက်ခံကလည်း ယီယွင်ထက် နိမ့်ကျသည်။ ယခုအခါ၌ သူ၏ခွန်အားကပင် ယီယွင်ထက် နိမ့်ကျနေချေသည်။
မိသားစုကြီးတစ်ခု၏ ကလေးတစ်ဦးဖြစ်သည့် သူ့အား အရှေ့ပိုင်းချောင်မှ တောသားတစ်ဦး၏ လောင်းရိပ်အောက်သို့ လုံးဝရောက်ရှိနေသည့် လင်ယွီ၏ ကြေကွဲမှုများကို ခန့်မှန်းကြည့်၍ရလေသည်။
လင်ယွီ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ချိန်တွင် ယီယွင်က သူ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ယီယွင်က လှုပ်ရှားမှုနည်းစနစ် အသုံးပြုကာ အရပ်မျက်နှာတစ်ခုဆီသို့ မြားတစ်စင်းပမာ ပြေးထွက်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက မီတာပေါင်းရာချီအထိ ရောက်ရှိသွားလေ၏။
အိုး... ဒီကောင် ဘာလုပ်နေတာလဲ။
လူအမျာ အံ့အားသင့်သွားကြသည်။ သူတို့သည် ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲအား သတ်လိုက်သည်ကို အံ့ဩနေဆဲသာ ဖြစ်လေသောကြောင့် အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။
“ မြားကို ပြန်သိမ်းနေတာလား "
လူငယ်တစ်ဦး အံ့အားသင့်သွားသည်။ ယီယွင်က မီတာတစ်ရာအကွာတွင်ရှိနေသည့် မြားတံအား ကောက်ယူနေသည်ကို လူငယ်က အံ့သြတကြီး ကြည့်နေလေသည်။ ယင်းသည် အစောပိုင်းက ယီယွင် ပစ်ခတ်ခဲ့သည့် လေလိုက်မြား ဖြစ်လေသည်။
သူ ပစ်လိုက်တဲ့ မြားတံကို ပြန်သွားကောက်တာလား။ ဒီကောင်က အဲဒီလောက်အထိ ဆင်းရဲတာလား။
ယီယွင်၏ လေလိုက်မြားတံများက တိုင်အာနတ်ပြည်ထောင်တွင် အဆင့်မြင့်ပစ္စည်းများ ဖြစ်သော်လည်း ထျန်းယွမ်ကမ္ဘာကြီး၏ အမြင်တွင်မူ မြားတံကောင်းတစ်ခုဟု သေချာပေါက်ပင် ယူဆ၍မရပေ။
လက်ရှိတွင် ယီယွင်က ဆင်းရဲမနေပေ။ အထူးသဖြင့် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်ဖွားဖွားတို့အား လုယက်ပြီးသည့်နောက်တွင် ဖြစ်သည်။ ဆယ်ကျော်သက်အရွယ် လူငယ်မျိုးဆက်များထဲတွင် သူက သူဌေးကြီးတစ်ဦးဟုပင် ပြော၍ရလေသည်။
ယီယွင်က လေလိုက်မြားတစ်ချောင်းကို ဂရုမစိုက်ပေ။ လေလိုက်မြားကို ကောက်ယူရန်အတွက် သူ တမင်ရည်ရွယ်ကာ အဝေးသို့ ပျံသန်းလာခဲ့သည်မှာ မြားတံကြောင့် မဟုတ်လေဘဲ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ သလင်းကျောက်ကြောင့် ဖြစ်လေသည်။
ယခုတွင် ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲကို သတ်လိုက်ချိန်၌ လုံးဝပင် ဖရိုဖရဲဖြစ်နေခဲ့သည်။ လူအများသည် ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ သေဆုံးမှုကြောင့် အံ့အားသင့်နေကြဆဲသာ ဖြစ်လေသောကြောင့် သားရဲ၏ခန္ဓာကိုယ်မှ သလင်းကျောက်တစ်ခု ပြုတ်ကျလာသည်ကို သတိမထားမိခဲ့ကြပေ။ သူတို့က သတိထားမိခဲ့လျှင်ပင် ယီယွင်၏ စွမ်းအင်မြင်ကွင်း မရှိလေသောကြောင့် သလင်းကျောက်တွင် မည်သည့်အရာထူးခြားနေသည်ကို သူတို့ ပြောနိုင်မည်မဟုတ်ပေ။
ယခုတွင် ယီယွင်က မြားတံကောက်သည်ကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲသိုလ မည်သူမျှမသိအောင် ထည့်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်နှင့် ကွယ်ထားလေသောကြောင့် မည်သူကမျှ တစ်ချိန်လုံး သတိထားနေမည်မဟုတ်ပေ။
ယီယွင်က စက္ကန့်ဝက်အတွင်းမှာပင် သလင်းကျောက်ကို သိမ်းဆည်းခဲ့လေပြီး သလင်းကျောက်က လက်မအရွယ်ခန့်ရှိသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သလင်းကျောက်က ဆန်းကြယ်နည်းစနစ်တစ်ခု အသုံးပြုပြီး သန့်စင်ထားသည့် ပျက်စီးခြင်းအရိုးအမတေတစ်ခုနှင့် ဆင်တူသည်။
စစ်သည်လောကကြီးထဲတွင် ပျက်စီးခြင်းအရိုးအမတေက အထိရောက်ဆုံး စွမ်းအင်ရင်းမြစ် ဖြစ်လေ၏။ ယင်းတို့ကို အစီရင်ကြီးများ၏စွမ်းအင် ၊ လေသင်္ဘောကြီးများ မောင်းနှင်ရန် စသည်အားဖြင့် အသုံးပြုကြသည်။
ရှေးဟောင်းမဟာဧကရီက ဆန်းကြယ်နယ်မြေကို ဖန်တီးခဲ့ချိန်တွင် ပျက်စီးခြင်းအရိုးအမတေများစွာ ချန်ထားရစ်ခဲ့မည်ကို သံသယဖြစ်ရန် မလိုပေ။
အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးခြင်းအရိုးအမတေထဲရှိ စွမ်းအင်များ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည်ကို ကာကွယ်ရန်အတွက် စွန့်ပစ်ထားသော အရိုးရုပ်ကြွင်းကို အာဟာရဖြည့်တင်းရန်အတွက် ဆန်းကြယ်နယ်မြေထဲတွင် မိုးမြေယွမ်ချီများ စုဆောင်းပေးနိုင်သည့် အစီအရင်ကြီးများ အသုံးပြုထားမည်မှာ သေချာလေသည်။
နတ်သင်္ချိုင်းချောက်၏ ဝဲကတော့ကြီးက မိုးမြေယွမ်ချီများကို အကန့်အသတ်မဲ့ စုပ်ယူနေခြင်းနှင့် မိုးမြေယွမ်ချီများ၏ အဆက်မပြတ် အာဟာရဖြည့်တင်းပေးမှုများအောက်တွင် ဆန်းကြယ်နယ်မြေထဲရှိ ပျက်စီးခြင်းအရိုးအမတေများက ပိုမိုသန့်စင်လာကာ အရည်အသွေးများ ပိုမိုမြင့်မားလာသည်။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် ယီယွင်က ထိုကဲ့သို့ ပျက်စီးခြင်းအရိုးအမတေမျိုးကို လက်လွတ်ခံမည်မဟုတ်ပေ။
“ ဘာပဲဖြစ်ဖြစ် ဒီကောင်က အရှေ့ပိုင်းချောင်က လူတစ်ယောက်ဆိုတော့ ဒီကောင့်ရဲ့ နှမြောတတ်တဲ့စရိုက်ကို မပြောင်းလဲနိုင်ဘူး။ ဒီကောင်က အရည်အသွေးနိမ့်တဲ့ မြားတစ်ချောင်းကိုတောင် မစွန့်လွှတ်နိုင်ဘူး "
ရှန်းထူမိသားစုမှ လူငယ်က အံကြိတ်ကာ ဆိုလိုက်သည်။ ယီယွင်က ပျက်စီးခြင်းသားရဲကို တစ်ချက်တည်းဖြင့် သေစေခဲ့လေသောကြောင့် သူ ကြီးစွာပင် ကြောက်စိတ်ဖြစ်ရသည့်တိုင်အောင် ယီယွင်၏ဂုဏ်သတင်းကို ထိခိုက်အောင်လုပ်ရမည့် အခွင့်အရေးတိုင်းကို ရယူနေဆဲပင်။
မီတာတစ်ရာခန့်အကွာမှ ယီယွင်က တစ်စုံတစ်ခုကို သတိထားမိသွားပုံပင်။ သူ ရယ်လိုက်လေပြီး ရှန်းထူမိသားစုမှ လူငယ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်လေသည်။
ထိုအကြည့်ကြောင့် ရှန်းထူမိသားစုမှ လူငယ်၏မျက်နှာ ဖြူဖျော့သွားရသည်။ သူ မသိစိတ်နှင့်ပင် ခြေတစ်လှမ်း နောက်ဆုတ်မိသွားလေ၏။
" ဒီကောင်စုတ် " ရှန်းထူမိသားစုမှ လူငယ်၏အသံက တုန်ယင်နေလျက်ရှိပြီး တံတွေးတစ်လုတ် မျိုချလိုက်လေသည်။
“ တစ်နေရာရာမှာ အမှားတစ်ခု ရှိနေတာပဲ ဖြစ်ရမယ် " သူက ရက်စက်စွာ တွေးလိုက်သည်။ ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာနှင့် သိုင်းပညာ နှစ်ခုစလုံးတွင် ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု သူ မယုံကြည်ပေ။
ထိုစဥ် ကောင်းကင်ထက်မှ နတ်အလင်းတစ်ခု ကျဆင်းလာသည်။
ထိုအလင်းတန်းက ရောင်စုံဖြစ်လေပြီး အစောပိုင်းက ကုန်းစွန်းဟုန်ကို ထိမှန်ခဲသော အလင်းတန်းနှင့် ဆင်တူလေသည်။ သို့သော် ဤအလင်းတန်း၏အရောင်က ပိုပြီးတောက်ပပြီး များစွာပိုမိုကာ အရောင်ရင့်သည်။
“ ဒါက အင်ပါရီယန်အမှတ်အသားပဲ "
လူအများက မနာလိုဝန်တိုစိတ်များနှင့် အော်ဟစ်လိုက်ကြသည်။
ယီယွင်က ပထမစမ်းသပ်မှုကို အလွယ်တကူပင် အောင်မြင်သွားခဲ့သည်။ သူက ကုန်းစွန်းဟုန်ထက်ပင် ပိုမိုကာ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သည်ဖြစ်လေရာ အဘယ်သို့များ အင်ပါရီယန်အမှတ်အသားကို မရဘဲရှိပါမည်နည်း။
နတ်အလင်းက ယီယွင်၏ လက်မောင်းပေါ်တွင် စုစည်းသွားပြီး တက်တူးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုတက်တူးက လှပသော အကြေးခွံများနှင့် ဆင်တူသည်။
“ဒါက…”
သူတို့သည် ယီယွင်၏လက်မောင်းကိုကြည့်ကာ ငေးငိုင်သွားကြလေ၏။
ဒါက အင်ပါရီယန်အမှတ်အသားလား။ အရမ်းများလွန်းတယ်...။
ကုန်းစွန်းဟုန်တွင် အင်ပါရီယန်အမှတ်အသားတစ်ခုသာ ရှိလေသည်။ သို့သော် ယီယွင်၏ လက်မောင်းတွင်မူ အင်ပါရီယန်အမှတ်အသားများ တစ်ပုံတစ်ပင်ဖြစ်နေလေ၏။
" အခု ၃၀ နီးပါးရှိတယ် "
ယီယွင်၏ လက်မောင်းပေါ်တွင် လှပသော အင်ပါရီယန်အမှတ်အသားများကို မြင်လိုက်ရချိန်၌ လူအများ နှုတ်ခမ်းမဲ့သွားကြသည်။ ကံမကောင်းစွာနှင့်ပင် အင်ပါရီယန်အမှတ်အသားများကို ပိုင်ရှင်ကိုယ်တိုင်သာ အသုံးပြုနိုင်လေ၏။
ယီယွင်၏လက်မောင်းကို ကြည့်နေရင်းဖြင့် ကုန်းစွန်းဟုန်၏ အမူအရာက သုန်မှုန်နေသည်။
သူ့တွင် အင်ပါရီယန်အမှတ်အသား တစ်ခုသာ ရှိလေသည်။ မူလက သူ့အတွက် မာနကြီးစရာ အမှတ်အသားတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ၌ ယီယွင်နှင့်ယှဥ်လိုက်ချိန်တွင် ထိုအင်ပါရီယန်အမှတ်အသားတစ်ခုက သူ့အတွက် အရှက်ရစရာတစ်ခု ဖြစ်လာခဲ့သည်။
ကုန်းစွန်းဟုန်က အမြဲတမ်းလိုပင် အာရုံစိုက်ခံခဲ့သူ ဖြစ်ခဲ့သော်လည်း ယခုအခါ မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် ယီယွင်က သူ့အား လုံးဝပင် အနိုင်ယူသွားခဲ့သည်။
သူသည် ရှေးဟောင်းပျက်စီးခြင်းသားရဲက အနိုင်ယူ၍မရနိုင်ဟု ယူဆခဲ့လေပြီး ထိုစည်းမျဉ်းကို လိုက်နာခဲ့ကာ စမ်းသပ်မှုကို ပြီးပြည့်စုံသည်ပုံစံနှင့် အောင်မြင်ခဲ့ဟန်ရှိခဲ့သည်။ သို့သော် သူ၏ပြီးပြည့်စုံမှုက ကြာရှည်မခံခဲ့ဘဲ ယီယွင်က ရက်စက်စွာ နင်းချေသွားခဲ့သည်။
ယခုအခါ အင်ပါရီယန်အမှတ်အသားများ၏ အရေအတွက်ကွာခြားမှုကြောင့် သူက စမ်းသပ်မှုကို အောင်မြင်ခဲ့သည်ဆိုရုံသာ ရှိခဲ့ကြောင်း ရှင်းလင်းသွားချေပြီ။ စမ်းသပ်မှုကို ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သူမှာ ယီယွင်တစ်ဦးတည်းသာ ဖြစ်သည်။
ထိုသို့ဆုတ်ယုတ်မှုကြောင့် အခြားသူများ၏ အထင်တကြီးဖြစ်ခြင်း အသားကျနေသည့် မာနကြီးသော ကုန်းစွန်းဟုန်မှာ အလွန်ပင် မသက်မသာဖြစ်ရသည်။
“ ရှေးဟောင်းပျက်စီးခြင်းသားရဲရဲ့ အားနည်းချက်က ပါးစပ်မှာ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒီကောင်လေးရဲ့ ကံကလည်း ရှေးဟောင်းပျက်စီးခြင်းသားရဲရဲ့ အားနည်းချက်ကို မြားတစ်ချောင်းနဲ့ ပစ်ပြီး သတ်ပစ်နိုင်ခဲ့တဲ့အထိ ကောင်းလွန်းနေတယ် "
“ ငါသာ အားနည်းချက်က ဘယ်နေရာမှာလဲဆိုတာ သိခဲ့မယ်ဆိုရင် ရှေးဟောင်းပျက်စီးခြင်းသားရဲကို သတ်ပစ်နိုင်တယ်။ အဲ့ဒီကိစ္စက အရမ်းလွယ်ကူနေမှာပဲ။ ဓားချီတစ်ခုဆိုရင်ကို လုံလောက်နေပြီ "
ကုန်းစွန်းဟုန်သည် ယီယွင်က နင်းချေသွားသည်ကို ခံခဲ့ရသည့်အချက်အား လက်သင့်မခံနိုင်ဘဲ အလေးအနက်ဆိူလိုက်သည်။
ယီယွင်၏ တိုက်ခိုက်ရေးစွမ်းရည်က သူ့ထက် ကျော်လွန်နေသည်ကို ယုံကြည်မည့်အစား အသေခံပစ်လိုက်ချေမည်။ အမှန်တကယ်တွင်မူ ယီယွင် ပစ်လိုက်သည့်မြားက ထူးခြားပုံပင် မပေါ်ချေ။
ယင်းက ယီယွင်၏ကံ ကောင်းလွန်းနေသည်ကို ပြသနေချေသည်။ ထိုကောင်က ကံကောင်းထောက်မစွာဖြင့် အားနည်းချက်ကို ပစ်မိသွားကာ ရှေးဟောင်းပျက်စီးခြင်းသားရဲကို သတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။