အခန်း (၄၄၆-၄၄၈)
Vol. 30 Ch. 446-448
အပိုင်း ၄၄၆
ထုတ်ပယ်ခံရသူ
_____________________________________
ယီယွင်က နောက်ဆုံးကျင့်ကြံသူ ဖြစ်သည်။ ထို့ကြောင့် သူ ရှေးဟောင်းပျက်စီးခြင်းသားရဲကို အနိုင်ယူပြီးနောက်တွင် အလင်းတံတားက လုံးဝပျောက်ကွယ်သွားလေ၏။ ကောင်းကင်မှ ဆင်းသက်လာပြီး ယီယွင်ဆီသို့ ကျရောက်လာသော နတ်အလင်းသာ ကျန်ခဲ့လေ၏။
စက္ကန့်သုံးဆယ်ခန့်အကြာတွင် အလင်းအားလုံးက ယီယွင်၏လက်မောင်းတွင် စုစည်းသွားပြီး အင်ပါရီယန်အမှတ်အသားများ ဖြစ်သွားလေ၏။ ထိုအင်ပါရီယန်အမှတ်အသားများက ရောင်စုံဖြစ်ပြီး စနစ်တကျစီခြယ်ထားသော နဂါးကြေးခွံများနှင့် ဆင်တူလှကာ အလွန်လှပသည်။
လက်ရှိ စစ်သည်များက အမြင်အာရုံများ ကောင်းမွန်ကြလေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ယီယွင် ရရှိထားသည့် အင်ပါရီယန်အမှတ်အသားများက စုစုပေါင်း ၃၆ ခုရှိသည်ကို သူတို့ အတပ်ပြောနိုင်သည်။
" အတော်များတာပဲ "
လင်ယွီမှာ မနာလိုစိတ်ကြောင့် မျက်ဝန်းများ နီရဲသွားရသည်။ ယီယွင်သာ မဟာဧကရီသိုလှောင်ခန်းထဲသို့ ဝင်နိုင်သွားပါက ထိုအင်ပါရီယန်အမှတ်အသားများကို ကြီးမားသော ကံကောင်းမှုများနှင့် လဲလှယ်ပေလိမ့်မည်။
ဘာလို့ ဒီလိုဖြစ်ရတာလဲ။
လင်မိသားစုထဲတွင် ယီယွင်ကို အဖွားတော်က ကြီးစွာပင် အသိအမှတ်ပြုထားသည်။ လူတစ်ဦး၏ သိုင်းပညာကို စစ်ဆေးမှုပြုသည့် မဟာဧကရီဆန်းကြယ်နယ်မြေက သူ၏စင်မြင့် ဖြစ်လာလိမ့်မည်ဟု လင်ယွီက ယုံကြည်ထားခဲ့သည်။ သို့သော် သူက ယီယွင်ထက် နိမ့်ကျနေခြင်းဖြင့် အဆုံးသတ်ရလိမ့်မည် မည်သူကများ ထင်ထားပါမည်နည်း။
" ဒီကောင်လေးရဲ့ကံက မှန်ကန်တဲ့ အလောင်းအစားကို လုပ်မိတဲ့အထိ ကံကောင်းတာပဲ " ကုန်းစွန်းဟုန်က ယီယွင်၏လက်မောင်းမှ အင်ပါရီယန်အမှတ်အသား ၃၆ ခုကို ကြည့်နေရင်းဖြင့် မလိုတမာလေသံနှင့် ဆိုလိုက်သည်။ လက်ရှိတွင် ကုန်းစွန်းဟုန်က ခံစားချက်မကောင်းပေ။
ကုန်းစွန်းဟုန်၏နံဘေးမှ လူငယ်တစ်ဦးက သံယောင်လိုက်ကာ ဆိုလေသည်..." လူအချို့က ပျက်စီးခြင်းသားရဲရဲ့ မျက်လုံး ဒါမှမဟုတ် ပါးစပ်ကို ပစ်မှတ်ထားဖို့ ဆန္ဒရှိခဲ့ကြပြီး အဲ့ဒီနေရာတွေက အားနည်းချက်တွေလို့ ထင်ထားခဲ့ကြတယ်။ တကယ်တော့ စစ်မှန်ကြီးမားတဲ့ ရှေးဟောင်းပျက်စီးခြင်းသားရဲနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ အဲ့ဒီအပြုအမူတွေက အရမ်းတုံးအလွန်းတယ်။ အထူးသဖြင့် ပါးစပ်ကို တိုက်ခိုက်တဲ့အချိန်မျိုးပေါ့။ အဲ့ဒီလူက အဲ့ဒီလုပ်ရပ်ကြောင့် နင်းချေခံရတာပဲ "
" မဟာဧကရီဆန်းကြယ်နယ်မြေမှာ ဒီလိုမျိုး အခြေခံကျလွန်းတဲ့ ဖွဲ့စည်းပုံမျိုးရှိနေပြီး ပျက်စီးခြင်းသားရဲရဲ့ အားနည်းချက်ကို ပါးစပ်ထဲမှာ ထည့်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ငါတို့က ဒီဆန်းကြယ်နယ်မြေကို အထင်ကြီးလွန်းမိသွားတာပဲ "
ကုန်းစွန်းဟုန်က စကားမဆိုသော်လည်း သူ၏အမူအရာကမူ ထိုစကားလုံးများကို အသံတိတ် သဘောတူနေကြောင်း ပြသနေလေသည်။
ယီယွင်က ထိုစကားများကို ကြားသောအခါတွင် ရယ်မောလိုက်လေပြီး ရှင်းပြခြင်းမပြုခဲ့ပေ။ သူက ပျက်စီးခြင်းသားရဲ၏ အားနည်းချက်ကို တိုက်ခိုက်ရန်အတွက် လှည့်ကွက်သုံးခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း စွမ်းအင်မြင်ကွင်း၏ လမ်းညွှန်မှုသာမရှိပါက ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ပါးစပ်ကို တိုက်ခိုက်သည်မှာ အကြောင်းထူးမည်မဟုတ်ပေ။
ကုန်းစွန်းဟုန်က သူ၏မောက်မာမှုကြောင့် အရှုံးဝန်ခံရန် ငြင်းဆန်ခဲ့လေပြီး မဟာဧကရီဆန်းကြယ်နယ်မြေကိုသာ အထင်သေးနေခဲ့သည်။ ထိုသို့အတွေးမျိုးနှင့်ဆိုလျှင် ထိုကောင့်အဖို့ တဖြည်းဖြည်းချင်း ထိခိုက်ခံစားရပေလိမ့်မည်။
ထိုအတွေးကြောင့် ယီယွင်၏ နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့ ဖြစ်ပေါ်သွားသည်။ သူသည် ရှန်းထူနန်ထျန်းနှင့် နီးစပ်သူများနှင့် သူ၏အသက်အား လိုချင်နေကြသူများ ကံဆိုးမိုးမှောင်ကျမည်ကို မြင်လိုလေသည်။
ဤစစ်ဆေးမှုတွင် ယီယွင်က အင်ပါရီယန်အမှတ်အသား ၃၆ ခုနှင့် ရှေးဟောင်းအမတေတစ်ခု ရရှိထားခဲ့သည်။
သူ၏စိတ်စွမ်းအားကို သိုလှောင်လက်စွပ်ထဲသို့ ထိုးသွင်းလိုက်လေရာ သိုလှောင်လက်စွပ်ထဲတွင် လွင့်မျောနေသည့် ထူးခြားဆန်းကြယ်သော သလင်းကျောက်ကို မြင်လိုက်ရသည်။ ယီယွင်က ရှေးဟောင်းအမတေကို မည်သူမျှမသိစေဘဲ လေ့လာစူးစမ်းနိုင်မည့် နေရာတစ်ခုကို ရှာလိုက်လေသည်။
ထိုစဥ် မဟာဧကရီဆန်းကြယ်နယ်မြေက ကြေညာချက်တစ်ခု ထုတ်ပြန်လာသည်။ ပထမအဆင့်ကို အောင်မြင်ခဲ့သူတိုင်း နောက်တစ်ဆင့်သို့ သွားကြရပေလိမ့်မည်။
ထုတ်ပယ်ခံရသူများကမူ မဟာဧကရီဆန်းကြယ်နယ်မြေ၏ အပြင်ဘက်သို့ ဆယ့်ငါးမိနစ်အတွင်း ပို့ဆောင်ခံရပေလိမ့်မည်။
ကြေညာချက်ကြောင့် လူငယ်လက်ရွေးစင်များ စိတ်ဓာတ်ကျသွားလေ၏။ သူတို့က အမြင်ကျယ်စေရေးအတွက် မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ခဲ့ကြသော်လည်း လက်တွေ့အဖြစ်မှန်က ရက်စက်လွန်းလှချေသည်။ သူတို့က ပထမစမ်းသပ်မှုကိုပင် မကျော်ဖြတ်နိုင်ခဲ့လေသောကြောင့် သူတို့အတွက် ကြီးမားသော စိတ်ဒဏ်ရာ ဖြစ်ရလေသည်။
ဟုတ်သည်။ စမ်းသပ်မှုပြီးဆုံးရန် စောင့်မျှော်နေသူများလည်ူ ရှိလေသည်။ ဥပမာအားဖြင့် ပထမဆုံး ကြိုးစားခဲ့သော ဖက်တီး ဖြစ်လေသည်။ ဖက်တီး၏လက်သည် ပျက်စီးခြင်းသားရဲကြောင့် ပြတ်ခဲ့ရသည်ဖြစ်ပြီး ယခုအခါတွင် ပြတ်နေသောလက်က သွေးစီးဆင်းမှု မရှိတော့လေသောကြောင့် ပြာနှမ်းနေချေပြီ။
ဖက်တီး၏ မျက်နှာသည်လည်း ဖြူလျော်နေကာ နှုတ်ခမ်းများ တုန်ယင်နေသည်။ သူသည် နှစ်နာရီခန့်အထိ တောင့်ခံထားခဲ့ရပြီး သူ၏အကန့်အသတ်သို့ ရောက်လုနီးနေချေပြီ။
သူက အမြန်ဆုံးထွက်ခွာပြီး ရှုမိသားစုဆီသိုပြန်သွားကာ ရှုမိသားစုမှ အကြီးအကဲများ ကုသပေးသည်ကို ခံယူရန်သာ ဆန္ဒရှိတော့သည်။ အကြောင်းကမူ သူ၏လက်ကို ပြန်ဆက်နိုင်ရန် အခွင့်အရေးရှိနေသေးလေသောကြောင်ပင်။
ထိုသို့သာမဟုတ်ပါက သူ၏သိုင်းပညာလမ်းကြောင်း အဆုံးသတ်သွားပေလိမ့်မည်။ လက်တစ်ဖက် ဆုံးရှုံးထားသည့် ပါရမီရှင်တစ်ဦးက ဒုတိယတန်းစား စစ်သည်များထက်ပင် နိမ့်ကျလေသည်။
..............................
မဟာဧကရီဆန်းကြယ်နယ်မြေ၏ အပြင်ဘက်ရှိ ကြီးမားလှသော နတ်သင်္ချိုင်းချောက်ထဲတွင် ပင်လယ်ရေများကို အဆက်မပြတ် ဝါးမျိုနေလေ၏။
ကြမ်းတမ်းသော ပင်လယ်ရေထဲတွင် မိသားစုများနှင့် အဖွဲ့အစည်းမျိုးစုံတို့မှ လူများ ရှိနေကြသည်။
အဖွဲ့အစည်းမျိုးစုံမှ လူနည်းစုခန့်ကသာ ဆန်းကြယ်နယ်မြေထဲတွင် ရတနာရှာရန် သွားခဲ့ကြသည်ဖြစ်ပြီး ကျန်သူများကမူ သူတို့၏လူများကို လက်ခံရယူရန်အတွက် အပြင်ဘက်တွင် စောင့်နေကြသည်။
ကျရှုံးခဲ့သည့် ဂျူနီယာများကို မဟာဧကရီဆန်းကြယ်နယ်မြေက ထုတ်ပယ်ပစ်မည်ဖြစ်လေသောကြောင့် အကြီးအကဲများကစာ လက်ခံရယူခြင်းမပြုပါက ထိုဂျူနီယာများကို နတ်သင်္ချိုင်းချောက်ထဲသို့ စုပ်ယူခံရပေလိမ့်မည်။
" ကျောက်စိမ်းစာလိပ်အရဆိုရင် ပထမစမ်းသပ်မှုရဲ့ ထုတ်ပယ်မှုက သုံးနာရီပြည့်ပြီးရင် စတင်လိမ့်မယ်။ အခုက စောပါသေးတယ် "
ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦးက ဆိုလိုက်သည်။ သို့သော် ထိုအခိုက်တွင် မဟာဧကရီဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်က စတင်တုန်ခါလာသည်။
" ဟင်... ပထမစမ်းသပ်မှုက ပြီးသွာပြီလား။ အတော်စောတာပဲ "
လူအများ အံ့အားသင့်သွားကြသည်။ သို့သော် သူတို့က ဂရုမစိုက်ဘဲ မနေကြပေ။ အကြီးအကဲအများစုက အာရုံစိုက်ထားကြပြီး သူတို့၏ အဖွဲ့အစည်းများထံမှ ဂျူနီယာများကို ဖမ်းယူရန် အသင့်ပြင်ထားကြသည်။
လင်မိသားစုဘက်မှ အဖွားတော်က ဝင်ပေါက်ကို အပြည့်အဝ အာရုံစိုက်ထားလေသည်။
သူမက မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ မဝင်ပေ။ ရှန်းထူမိသားစုက လူသိရှင်ကြား သတင်းဖြန့်ထားခဲ့ပြီး မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် အဖွဲ့အစည်းဆယ်ခုအား မျှားခေါ်ထားကြောင်းကို သူမ သိသည်။ မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ခဲ့လျှင်ပင် ပစ္စည်းကောင်းများ ရရှိနိုင်မည့်အခွင့်အရေးက အလွန်နိမ့်လှကြောင်းကို လင်မိသားစုက သိလေသောကြောင့် အကြီးအကဲဟော်ဝမ့်သည် အကြီးအကဲလေးငါးဦးခန့်နှင့်သာ ဆန်းကြယ်နယ်မြေထဲသို့ ဝင်သွားခဲ့သည်။ အဖွားတော်နှင့် အကြီးအကဲထျန်းကျူးတို့ အပါအဝင် လင်မိသားစုမှ အခြားအကြီးအကဲများက ဆန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် နေရစ်ခဲ့ကြသည်။
ဤမျှအားကောင်းသော လူအင်အားနှင့်ဆိုလျှင် လင်မိသားစုမှ ဂျူနီယာများကို ကြီးမားစွာပင် ကာကွယ်ပေးနိုင်လိမ့်မည်။
ဝင်ပေါက်သည် ပိုမိုပြင်းထန်စွာ တုန်ခါနေလျက်ရှိပြီး နောက်ဆုံးတွင် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ ထိုသည်က မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ ထွက်ပေါ်လာချိန်တွင် ဆံပင်များက ရှုပ်ပွနေလျက်ရှိပြီး အလွန်ပင် သနားစဖွယ်ကောင်းနေ၏။
သူမ၏ဆံပင်များနှင့် သွေးများက သူမ၏ရုပ်ရည်ကို ဖုံးကွယ်ထားလေသောကြောင့် သူမက မည်သူဖြစ်ကြောင်းကို ပြောနိုင်ရန်ခက်လှသည်။ သို့သော် အကြီးအကဲများက များစွာအာရုံစိုက်ကာ စစ်ဆေးကြည့်ခဲ့လေသောကြောင့် ထိုမိန်းကလေး၏ သရုပ်မှန်ကို သိသွားခဲ့သည်။
သူမ၏ အဖွဲ့အစည်းထံမှ အနီဝတ်အမျိုးသမီးတစ်ဦး လျင်မြန်စွာပင် ရှေ့ထွက်လာပြီး ကြမ်းတမ်းနေသော ရေစီးကြောင်းများထံမှ ကယ်တင်ပေးလိုက်လေသည်။
နွေးထွေးသော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး နတ်သင်္ချိုင်းချောက်၏ ရေစီးကြောင်းများကို သီးခြားခွဲထုတ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အနီဝတ်အမျိုးသမီးက ဆေးတစ်လုံး ထုတ်ယူကာ မိန်းကလေးကို တိုက်ကျွေးလိုက်လေသည်။
အနီဝတ်အမျိုးသမီးသည် သူမ၏ဘက်မှ လူတစ်ဦး ထုတ်ပယ်ခံခဲ့ရသော်လည်း ထိုမိန်းကလေးက ဒဏ်ရာပြင်းထန်စွာ မရခဲ့လေသောကြောင့် များစွာစိတ်ပျက်ရခြင်း မဖြစ်ခဲ့ပေ။ သူမ ကုသမှုအချို့ လုပ်ဆောင်ပြီးလျှင် သက်သာသွားပေလိမ့်မည်။
အပိုင်း ၄၄၇
လူငယ် သေဆုံးခြင်း
----------------------------------------------
ထိုမိန်းကလေး ပြီးသည့်နောက်တွင် မဟာဧကရီဆန်းကြယ်နယ်မြေထံမှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦးပင် တွန်းထုတ်ခံခဲ့ရလေသည်။
အဖွားတော်နှင့် အကြီးအကဲထျန်းကျူးတို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီးနောက် အာရုံစိုက်လိုက်ကြသည်။ သူတို့က ယီယွင်၏ လုံခြုံရေးအတွက် အစိုးရိမ်ဆုံးပင်။
" ဖုန်းရှန်း... ယီယွင်က အရှေ့ပိုင်းချောင်ကနေ လာခဲ့တာဆိုတော့ ထျန်းယွမ်ကမ်ဘာကြီးနဲ့ မကိုက်ညီဘူး။ သူက ပထမစမ်းသပ်မှုမှာတင် ဖယ်ထုတ်ခံရဖို့များတယ်။ သူ တွန်းထုတ်ခံလာရတဲ့အချိန်ကျရင် မင်းက သူ့ကို ဖမ်းယူထားသင့်တယ်။ ငါက ပတ်ဝန်းကျင်ကို နိုးနိုးကြားကြားနဲ့ ကြည့်နေမယ်။ ဒါမှပဲ ရှန်းထူမိသားစုက ငါတို့ကို အရေးမစိုက်ဘဲ တိုက်ခိုက်လာမှာကို ကာကွယ်နိုင်မှာ "
ဖုန်းရှန်း ဆိုသည်မှာ အကြီးအကဲထျန်းကျူးက အဖွားတော်ကို ခေါ်လိုက်ခြင်း ဖြစ်လေသည်။ လင်ဖုန်းရှန်း ဟူသည့် အမည်ကို အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ လင်မိသားစုထဲတွင် အမည်ခေါ်ပိုင်ခွင့်ရှိသူမှာ မဟာအကြီးအကဲသုံးဦးသာ ရှိလေ၏။
အဖွားတော်က ခေါင်းညိတ်လိုက်၏။ အဖွဲ့အစည်းကြီးများ အားလုံးထဲတွင် ရှန်းထူမိသားစုကသာ တပည့်များကို ဖမ်းယူရန်အတွက် မဟာအကြီးအကဲ တစ်ဦးတည်းသာ ချန်ထားရစ်ခဲ့သည်။ အခြားအဖွဲ့အစည်းများကမူ သူတို့၏ အစွမ်းအထက်ဆုံး အကြီးအကဲများကို မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ စေလွှတ်ခဲ့လေ၏။ သို့မှသာ သူတို့က အခွင့်အလမ်းများကို ပိုမိုရရှိနိုင်ပေလိမ့်မည်။
အကြီးအကဲထျန်းကျူးက ရှန်းထူမိသားစုကို စောင့်ကြည့်နေသည်ဆိုလျှင် ပြဿနာမရှိနိုင်ပေ။ ၎င်းတို့က အမှန်တကယ်ပင် စတင်တိုက်ခိုက်လာပါက သေခြင်းရှင်ခြင်းအရေးအခင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ယီယွင်ကဲ့သို့ ဂျူနီယာတစ်ဦးအတွက်ဖြင့် ရှန်းထူမိသားစုက ထိုကဲ့သို့တန်ကြေးမျိုး ပေးလိမ့်မည်ဟု အဖွားတော်က မယုံကြည်ပေ။
မဟာဧကရီဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်သည် အလင်းများ တောက်ပနေလျက်ရှိပြီး ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦးပင် တွန်းထုတ်ခံနေရသည်။ ယခုအချိန်အထိ ရှန်းထူမိသားစုမှ တပည့်တစ်ဦးမျှ ပေါ်မလာသေးပေ။
ထိုအခြေအနေကြောင့် ရှန်းထူမိသားစုမှ အကြီးအကဲများ အလွန်ကျေနပ်နေကြ၏။
" ဟဲဟဲ... အခြေအနေက မဆိုးဘူးပဲ။ ထျန်းအာက ဒီတစ်ခေါက် ဆန်းကြယ်နယ်မြေထဲကို ဝင်တဲ့အချိန်မှာ စံချိန်သစ်တင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ သူ့ရဲ့ အရင်က အတွေ့အကြုံတွေနဲ့သာဆိုရင် ပိုဝေးအောင်အထိ သွားနိုင်ပြီး အခွင့်အလမ်းတွေ ပိုရလာနိုင်တယ် "
လက်တစ်ထောင်ဖွားဖွား၏အသံ ထွက်ပေါ်လာသည်။ လက်တစ်ထောင်ဖွားဖွားကလည်း ဆန်းကြယ်နယ်မြေထဲသို့ မဝင်ပေ။ သူမက အဖွားတော်ကို တစ်ချက်ကြည့်လိုက်လေပြီး အဖွားတော်၏ အာရုံစူးစိုက်နေသည့် အမူအရာကို မြင်သောအခါတွင် လှောင်ရယ်လိုက်သည်။
ထိုစဉ် ဆန်းကြယ်နယ်မြေ၏ဝင်ပေါက် တောက်ပသွားပြီး လင်မိသားစု၏ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး တွန်းထုတ်ခံလိုက်ရသည်။
ထိုသူ၏ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်သည် ပျက်စီးနေသည်။ လင်အဖွားတော် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူမက လင်မိသားစု၏တပည့် နံဘေးတွင် တစ်ပြိုင်နက်တည်း ပေါ်လာကာ ကာကွယ်ပေးလိုက်သည်။
ထိုသူက အသက်နှစ်ဆယ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏အဝတ်အစားများ စုတ်ပြဲနေပြီး ဆံပင်များ ရှုပ်ပွနေသည်။ သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့က ထိုးဖောက်ခံထားရပြီး သွေးများ ကျဆင်းနေသည်။
လင်အဖွားတော်က ထိုအမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူမ မျက်နှာပျက်သွားလေ၏။
သေပြီ...။
လင်အဖွားတော် ငေးငိုင်နေသည်။ လင်မိသားစု၏ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးလူများထဲမှ တစ်ဦးဖြစ်သည့် သွေးသစ်တစ်ဦးက သည်အတိုင်းပင် သေဆုံးသွားခဲ့ရချေ၏။
လင်ပင်း သေသွားပြီလား..။
အကြီးအကဲထျန်းကျူး၏အသံ တိမ်ဝင်သွားကာ သူ၏မျက်နှာ အရုပ်ဆိုးသွားလေ၏။ မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူသည် အချိန်အများစုတွင် လေ့ကျင့်နေခဲ့လေပြီး လင်မိသားစု၏ ကိစ္စများကို ကိုင်တွယ်ရန် ခဲယဉ်းသော်လည်း သူသည် အထူးချွန်ဆုံး ဂျူနီယာများ၏ အခြေအနေများ အကြမ်းဖျင်းအားဖြင့် သိနားလည်ထားသည်။
လင်ပင်း၏ပါရမီက လင်ရှင်းထုံထက် နိမ့်သည်သာမက လင်ဖုန်းယွဲ့နှင့် လင်ရှောင်းတျယ်တို့ထက်လည်း နိမ့်ကျလေသည်။
သို့သော် သူက အမြဲတမ်းလိုပင် ကြိုးစားခဲ့သည်။ သူ၏လေ့ကျင့်မှုများက ကိုယ့်ကိုယ်ကိုယ်အား ထိခိုက်စေလုနီးပါးပင်။ လင်မိသားစု၏ ဂျူနီယာများထဲတွင် အတော်ဆုံးတစ်ဦး ဖြစ်လာစေရေးအတွက် သူ့ကိုယ်သူ တွန်းအားပေးကာ ကြိုးစားအားထုတ်ခဲ့သည်။ သို့တိုင်အောင်ပင် သူက မဟာဧကရီဆန်းကြယ်နယ်မြေ၏ စမ်းသပ်မှုတွင် နောက်ဆုံးလူ ဖြစ်ခဲ့ရသည်။
မမျှော်လင့်စွာဖြင့်ပင် မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် အချိန်တိုတွင်းမှာပင် သူက သေဆုံးသွားခဲ့ရသည်။
" ဓားမောက် ဒဏ်ရာတွေ "
လင်အဖွားတော်က အေးစက်သောအသံနှင့် ပြောလိုက်သည်။
လင်ပင်း၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နေသည်။ ဒဏ်ရာအချို့က ပျက်စီးခြင်းသားရဲ၏ လက်သည်းရာများ ဖြစ်သော်လည်း အသက်အန္တရာယ်ဖြစ်စေသည့် ဒဏ်ရာများကမူ သူ၏ဝမ်းဗိုက်တွင် ကျန်ရစ်ခဲ့သည်။ အားလုံးက ဓားမောက်ဒဏ်ရာများသာ ဖြစ်လေ၏။
" ဘာ..."
အကြီးအကဲထျန်းကျူး ဒေါသထွက်သွားရသည်။ လင်ပင်းက အားနည်းလွန်းသောကြောင့် မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် သေခဲ့ရသည်ဟု သူ ထင်ထားခဲ့သည်။ သူက ထိုအဖြစ်မျိုးကို လက်ခံနိုင်သော်လည်း ဓားမောက်ဒဏ်ရာများ ရှိနေသည်ဟု ကြားလိုက်ချိန်တွင် လင်ပင်းက တခြားမိသားစုမျိုးနွယ်များကြောင့် သေခဲ့ရသည်ဟု သံသယဝင်လာမိသည်။
အကြီးအကဲထျန်းကျူးက ရှန်းထူမိသားစုကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများ သတ်ဖြတ်လိုစိတ်များ ပြည့်နေလေ၏။
ရှန်းထူမိသားစုမှ လူများက လှောင်ရယ်လိုက်ကြသည်။
လက်တစ်ထောင်ဖွားဖွားက လှောင်ပြောင်လိုက်သည်... ဘာလဲ... သေစေနိုင်တဲ့ ဓားမောက်ဒဏ်ရာတစ်ခုကြောင့် နင်တို့က ငါတို့ကို သံသယဝင်နေတာလား။ လင်ပင်းရဲ့ ခွန်အားက အရမ်းနည်းလွန်းနေတာကြောင့် မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ အခက်အခဲတွေကို ခံနိုင်ရည်မရှိတော့ဘဲ ဓားနဲ့ဓားမောက် ရုပ်သေးတွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရသလားဆိုတာကို ဘယ်သူ သိနိုင်မှာလဲ "
" ဒါ့အပြင် သူ ဓားမောက်နဲ့ လူတစ်ယောက်က သတ်ဖြတ်တာကို ခံခဲ့ရရင်တောင် ငါတို့ ရှန်းထူမိသားစုက လုပ်ခဲ့တာဆိုပြီး ဘယ်လိုများ အရမ်းသေချာနေရတာလဲ "
လက်တစ်ထောင်ဖွားဖွားက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
သို့သော် လက်သည်းနှင့် ဓားမောက်ဒဏ်ရာများ ရှိနေသည့် လင်ပင်းက တူညီသောစမ်းသပ်မှုထဲတွင် ပျက်စီးခြင်းသားရဲများ ၊ ဓားနှင့်ဓားမောက် ရုပ်သေးများကို ရင်ဆိုင်ရရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် အခြားမိသားစုမျိုးနွယ်များမှ လူငယ်များသည်လည်း အလားတူအခြေအနေမျိုး မကြုံခဲ့ရပေ။
အကြီးအကဲထျန်းကျူးက စကားမဆိုဘဲ လက်တစ်ထောင်ဖွားဖွားကို တိတ်ဆိတ်စွာဖြင့် ကြည့်နေသည်။
လက်တစ်ထောင်ဖွားဖွား ရင်ထိတ်သွားရသည်။ သူမသည် လင်မိသားစုမှ မဟာအကြီးအကဲတစ်ဦး စိုက်ကြည့်နေသည်ကို ခံရသည်အား ကြောက်ရွံ့နေဆဲပင် ဖြစ်သည်။ ထို့အပြင် အကြီးအကဲထျန်းကျူး၏ အကြည့်စူးစူးများက သူမကို ဖိအားဖြစ်စေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အကြီးအကဲတစ်ဦးက လက်တစ်ထောင်ဖွားဖွား၏ရှေ့သို့ ထွက်လာပြီး အကြီးအကဲထျန်းကျူး ထုတ်လွှတ်နေသော ဖိအားကို တောင့်ခံလိုက်သည်။
အနက်ရောင်ဝတ်ရုံ ဝတ်ထားသော ထိုအကြီးအကဲက ရှန်းထူမိသားစု၏ မဟာအကြီးအကဲ ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ခန္ဓာကိုယ်အချိုးအစားမှာမူ အလွန်ပိန်သည်။ သူသည် ရှည်လျားသောဝတ်ရုံ ဝတ်ဆင်ထားသည့် အရိုးစုတစ္ခုပမာ ထင်ရသည်။
အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အကြီးအကဲ ရှိနေချိန်တွင် လက်တစ်ထောင်ဖွားဖွားသည် ဖိအားများ လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။
လက်တစ်ထောင်ဖွားဖွားက အကြီးအကဲထျန်းကျူးနှင့် လင်အဖွားတော်တို့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည်လိုက်သည်။ သူမ၏အကြည့်ထံမှ ဆိုလိုရင်းက ရှင်းလင်းလှသည်..." သူ့ကို ငါတို့က သတ်ပစ်လိုက်ရင်တောင် နင်တို့က ဘာလုပ်နိုင်မှာလဲ။ နင်တို့မှာ အစွမ်းအစရှိရင် ငါတို့ကို လာတိုက်ခိုက်လေ "
ဒီခွေးမကြီး...." လင်အဖွားတော် အလွန်ပင် ဒေါသထွက်နေသည်။ သူမ၏စရိုက်အရ ထိုကဲ့သို့ အဆဲစကားလုံးများ သုံးနှုန်းသည်မှာ ရှားပါးလှသည်။
အကြီးအကဲထျန်းကျူး လက်တစ်ထောင်ဖွားဖွားကို လျစ်လျူရှုထားလိုက်ပြီး ပိန်သော ရှန်းထူမိသားစုအကြီးအကဲကို ကြည့်ကာ... ရှန်းထူကျွယ်... မင်းတို့ ရှန်းထူမိသားစုက ငါတို့ လင်မိသားစုကို စစ်ကြေညာဖို့ ဆုံးဖြတ်ထားတာ ထင်တယ် "
ရှန်းထူကျွယ်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်... ငါ့ကို ခြိမ်းခြောက်စရာ မလိုပါဘူး။ အမတေစမ်းသပ်မှုမှာ မင်းတို့ လင်မိသားစုက ငါတို့ ရှန်းထူမိသားစုရဲ့ အကြီးအကဲတွေအပါ် လုပ်ခဲ့တာတွေက ငါတို့အတွက် စစ်ပွဲဆင်နွှဲဖို့ လုံလောက်တယ်။ ဒါပေမယ့် ငါတို့တွေ မတိုက်ခိုက်ကြသေးတာက အခြားသူတွေက အခြေအနေတွေအပေါ်မှာ အခွင့်ကောင်းယူသွားကြမှာကို မင်းနဲ့ငါ နှစ်ယောက်လုံး စိုးရိမ်နေတာကြောင့်ပဲ "
ဒါပေမယ့် ဆန်းကြယ်နယ်မြေထဲမှာတော ရှင်ခြင်းနဲ့သေခြင်းကို မိုးကောင်းကင်ကပဲ ဆုံးဖြတ်ပေးတယ်။ အကြီးအကဲထျန်းကျူး... မင်းတို့ လင်မိသားစုရဲ့ တပည့်တွေနဲ့ ငါ့တို့ ရှန်းထူမိသားစုရဲ့ တပည့်တွေက ဆန်းကြယ်နယ်မြေထဲမှာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးပြီး စမ်းသပ်မှုတွေကို အတူဖြတ်ကျော်ကြလိမ့်မယ်ဆိုပြီး မိုက်မိုက်မဲမဲ တွေးနေတာတော့ မဟုတ်လောက်ဘူးမလား "
ရှန်းထူကျွယ်၏အသံတွင် ထူးဆန်းသော ထိုးဖောက်စွမ်းအားတစ်ခု ပါရှိသည်။ အသံထဲတွင် ယွမ်ချီ မပါဝင်သော်လည်း နားစည်ကို ပဲ့တင်ထပ်စေပြီး နားထဲတွင် အနည်းငယ်သော နာကျင်မှုကို ဖြစ်စေလေသည်။
အကြီးအကဲထျန်းကျူးက မျက်ဝန်းများ ကျဉ်းမြောင်းကာ " ကောင်းပြီ " ဟု အော်လိုက်သည်။ သူ၏အသံထဲတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်ကို လူတိုင်း ကြားရသည်။
" မင်းပြောတာ မှန်တယ်။ ဆန်းကြယ်နယ်မြေထဲမှာ ရှင်သန်ခြင်းနဲ့သေဆုံးခြင်း ရှိတယ်။ ပြီးရင် ငါတို့ လင်မိသားစုနဲ့ မင်းတို့ရဲ့ ရှန်းထူမိသားစုရဲ့ ဂျူနီယာတွေထဲမှာ ဘယ်သူက နောက်ဆုံးအချိန်မှာ ရယ်မောနိုင်မလဲဆိုတာကို ငါ ကြည့်နေမယ် "
" ဟားဟား "
ရှန်းထူကျွယ်က ရယ်မောကာ... " မင်းရဲ့ယုံကြည်မှုတွေကို ဘယ်ကရလာသလဲဆိုတာကို ငါလည်း မသိဘူး။ မဟာဧကရီဆန်းကြယ်နယ်မြေနဲ့ မရင်းနှီးတဲ့ မင်းတို့ လင်မိသားစုရဲ့ တပည့်တွေက တခြားဂိုဏ်းဆယ်ခုကျော်ထက် ပိုထူးချွန်နေလိမ့်မယ်လို့ ထင်နေတာလား။ မင်းတို့က လင်ရှင်းထုံ တစ်ယောက်တည်းကိုပဲ အားကိုနေရတာလား။ သူ့ရဲ့ပါရမီက ကောင်းပေမယ့် သူက ငယ်သေးတာကြောင့် သူက ထျန်းအာကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ "
ရှန်းထူနန်ထျန်းက ရှန်းထူကျွယ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး သူ အနှစ်သက်ရဆုံးသူ ဖြစ်လေသည်။ ဆန်းကြယ်နယ်မြေထဲတွင် ငယ်ရွယ်သော လင်ရှင်းထုံက ရှန်းထူနန်ထျန်းနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
လင်မိသားစု၏ တပည့်များကသာ ထက်မြက်မည်ဆိုပါက စောစီးစွာပင် လက်လျှော့ကြပေလိမ့်မည်။ သူတို့သာ ဒဏ်ရာရမထားလျှင် ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို ကြောက်စရာမလိုပေ။
အကြီးအကဲထျန်းကျူးက စကားမဆိုပေ။ ဂျူနီယာများ မည်မျှအထိ သွားနိုင်မည်ကို သူ ဆုံးဖြတ်မပေးနိုင်ပေ။ အားလုံးက သူတို့အပေါ်တွင်သာ မူတည်လေသည်။
ထိုစဉ် ပုပုဝဝနှင့် လူငယ်တစ်ယောက် မဟာဧကရီ နှင်ထုတ်ခံခဲ့ရပါတယ်။ ထိုလူငယ်၏ အခြေအနေက ဆိုးရွားသည်။ သူ၏လက်တစ်ဖက် ဆုံးရှုံးထားခဲ့ရပြီး သွေးများစွာ ကုန်ခမ်းထားလေသောကြောင့် သူ၏ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်အလွှာများ၏ ထိန်းချုပ်မှုနှင့် နတ်သင်္ချိုင်းချောက်၏ အားကောင်းသော စွမ်းအားများကို သူ ခံနိုင်ရည်မရှိတော့ဘဲ ချက်ချင်းပင် မေ့လဲသွားခဲ့သည်။
" ကော်အာ...ကော်အာ "
ရှုမိသားစုဘက်မှ အမျိုးသမီးတစ်ယောက်က ရုတ်တရက်ပင် အော်လိုက်ည်။ သူမက မိသားစု၏ လူငယ်အဖွဲ့ဝင်တစ်ဦးဟု ထင်ရသော်လည်း " ကော်အာ " ဟု အမည်ခေါ်လိုက်ခြင်းကြောင့် လူတိုင်း၏မျက်နှာများ ထူးဆန်းသွားရသည်။
" အခုက ၁၆ နှစ်အထက်က အဖွဲ့တွေကို ဖယ်ရှားတော့မဲ့အလှည့် ရောက်ပြီ။ ဟဲဟဲ့... နောက်ထပ် အလောင်းတစ်လောင်း ရလာတော့မှာဖြစ်လို့ ငါက နင်တို့ လင်မိသားစုကို ကြိုတင်ဂုဏ်ပြုထားချင်ပါတယ် "
လက်တစ်ထောင်ဖွားဖွားက ကြောက်စရာကောင်းသည့် အသံနှင့် လှောင်ပြောင်လိုက်သည်။
၁၆ နှစ်အထက် အဖွဲ့သည် ယီယွင် ပါဝင်သည့်အဖွဲ့ ဖြစ်လေ၏။ နောက်ထပ် အလောင်းတစ်ခု ဆိုသည်မှာ ယီယွင်၏အလောင်းကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
လက်တစ်ထောင်ဖွားဖွားက ရှန်းထူနန်ထျန်း၏ အစီအစဉ်များကို သိထားသည်။ သူမ၏အမြင်အရ ယီယွင်က စိတ်နှလုံးမကောင်းခြင်းနှင့် ပျက်စီးခြင်းကောင်းကင်ပညာတွင် ပါရမီအချို့ ရှိနေခြင်းမှလွဲ၍ ထူးခြားချက်မရှိပေ။ မဟာဧကရီဆန်းကြယ်နယ်မြေက စစ်မှန်သည့်စွမ်းရည်ကိုသာ အားကိုးရလေသောကြောင့် ယီယွင်၏ အပေါ်ယံလှည့်ကွက်များ အသုံးဝင်မည်မဟုတ်ပေ။
ယီယွင် ဖယ်ထုတ်ခံလိုက်ရသည်နှင့် ရှန်းထူနန်ထျန်း စီစဉ်ထားခဲ့သည့် လူများက ထိုကောင့်ကို သတ်ပစ်ကြပေလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် ဖြစ်လာမည့် လင်ဖုန်းရှန်း၏ မျက်နှာအမူအရာကို သူမက မျှော်လင့်နေမိသည်။
လင်အဖွားတော်က စကားမဆိုဘဲ မျက်နှာသုန်မှုန်နေသည်။ ထိုစဥ် မဟာဧကရီဆန်းကြယ်နယ်မြေက လူငယ်များကို တစ်ဦးပြီးတစ်ဦး တွန်းထုတ်ပစ်လာခဲ့လေ၏။
ထိုလူငယ်များက အသက် ၁၆ နှစ်ကျော်များဖြစ်ပြီး အမှန်တကယ်ပင် လူငယ်အဖွဲ့ ဖြစ်လေသည်။
လင်အဖွားတော်က စောင့်ဆိုင်းနေခဲ့သည်။ လင်မိသားစုတွင် အသက် ၁၆ နှစ်အထက် လူငယ်လေးယောက် ရှိသည်။ လင်ဖုန်းယွဲ့နှင့် လင်ရှောင်းတျယ်တို့က အောင်မြင်ရန်အတွက် ပြဿနာမရှိပေ။ လင်ယွီနှင့် ယီယွင်တို့ကမူ ဖယ်ရှားခံခဲ့ရလျှင်ပင် အံ့သြစရာမရှိပေ။
အချိန်ကြာလာသည်နှင့်အမျှ ဖယ်ရှားခံရသည့် လူအရေအတွက်က ပိုများလာခဲ့သည်။ သူတို့ထဲတွင် ရှန်းထူမိသားစု၏ တပည့်နှစ်ယောက် ပါဝင်လေသည်။ ထိုနှစ်ယောက်က အသက် ၁၇ နှစ်ဖြစ်ပြီး ယီယွင်၏အဖွဲ့ထဲတွင် မပါဝင်ပေ။
လူနှစ်ယောက် ဒဏ်ရာအနည်းငယ်ရှိခဲ့သည်မှာ ကိစ္စကြီးမဟုတ်ပေ။ လက်တစ်ထောင်ဖွားဖွားက သူတို့ကို တစ်ချက်ကြည့်ကာ မနှစ်မြို့ဖွယ်ရာ အပြုံးတစ်ခု ပြုံးပြလိုက်သည်။
ထိုလူနှစ်ယောက်က ဆန်းကြယ်နယ်မြေခရီးစဥ်တွင် ပါဝင်ခဲ့ကြသည့် ရှန်းထူမိသားစု၏ တပည့်များထဲတွင် အားအနည်းဆုံးသူများ ဖြစ်ကြသည်။ သူတို့က ဒဏ်ရာအနည်းငယ်နှင့် ဖယ်ရှားခံခဲ့ရသည်။ ထိုရလဒ်ကြောင့် လက်တစ်ထောင်ဖွားဖွားကို အလွန်ကျေနပ်ရလေ၏။ လင်မိသားစု၏ အလောင်းနှင့် ယှဉ်မည်ဆိုပါက သူတို့က အခြေအနေပိုကောင်းလေသည်။
အပိုင်း ၄၄၈
မင်းတို့ရဲ့ဆုလာဘ်ကို လာယူကြ
____________________________________________
ခုနစ်မိနစ်ခန့်အကြာတွင် ရှန်းထူမိသားစုမှ တတိယမြောက်လူ ထုတ်ပယ်ခံခဲ့ရလေ၏။ သူမက အသက်နှစ်ဆယ်ကျော် အမျိုးသမီး ဖြစ်သည်။ ထိုအမျိုးသမီး ထုတ်ပယ်ခံရသည်ကို မြင်သောအခါတွင် လက်တစ်ထောင်ဖွားဖွား အနည်းငယ်ခန့် မျက်နှာမဲ့သွားလေ၏။
ထိုမိန်းကလေး၏အမည်က ရှန်းထူယာင်ရှန် ဖြစ်လေ၏။ သူမက ငယ်စဥ်ကတည်းကပင် သိုင်းပညာတွင် ပါရမီထူးချွန်ခဲ့လေ၏။ သူမကို ရှန်းထူမိသားစုက မွေးစားခဲ့ပြီး မျိုးရိုးအမည်ကို ရှန်းထူဟု ပြောင်းပစ်ခဲ့သည်။
သူမက ရှန်းထူနန်ထျန်းနှင့်အတူ ကြီးပြင်းလာခဲ့ပြီး အနာဂတ်တွင် ရှန်းထူနန်ထျန်း၏ မောင်းမတစ်ဦး ဖြစ်လာရန် ကံကြမ္မာရှိသည်။
ကနဦးတွင် ဤဆန်းကြယ်နယ်မြေခရီးစဥ်၌ သူမက ရှန်းထူနန်ထျန်းနှင့်အတူ သွားခဲ့သည်။ သူမက ရှန်းထူနန်ထျန်းကို ကာကွယ်ပေးရန်နှင့် ကူညီပေးရန် တာဝန်ရှိသည်။ ထို့ကြောင့် လက်တစ်ထောင်ဖွားဖွားက ရှန်းထူယာင်ရှန်ကို အနည်းငယ်မျှော်လင့်ထားပြီး ရှန်းထူနန်ထျန်းနှင့်အတူ ဝေးလံစွာအထိ သွားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် မမျှော်လင့်စွာဖြင့်ပင် သူမက အစပိုင်းစမ်းသပ်မှုမှာပင် ထုတ်ပယ်ခံခဲ့ရသည်။
" ထျန်းအာ ဘယ်လိုရှိလဲ "
လက်တစ်ထောင်ဖွားဖွားက ရှန်းထူယာင်ရှန်၏ ဒဏ်ရာများကို လျစ်လျူရှုထားပြီး ရှန်းထူနန်ထျန်းအကြောင်းကိုသာ ဦးစွာမေးလိုက်သည်။
" ယင်ရှန် အသုံးမကျပါဘူး။ ကျွန်မ သခင်လေးကို ကူညီမပေးနိုင်ခဲ့ဘူး " ရှန်းထူယာင်ရှန်က ဆေးတစ်လုံး အမြန်သောက်ကာ အပြစ်ရှိစွာ ဆိုသည်..." သခင်လေးက စမ်းသပ်မှုကို ပြီးပြည့်စုံစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။ သူက အချိန်အတိုဆုံး ဖြစ်ရုံတင်မကဘူး ဒဏ်ရာလည်းမရခဲ့ပါဘူး။ ပြီးတော့ သခင်လေးက မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ ဆုလာဘ်ဖြစ်တဲ့ အင်ပါရီယန်အမှတ်အသားကိုလည်း ရခဲ့ပါတယ် "
" အင်ပါရီယန်အမှတ်အသားလား "
လက်တစ်ထောင်ဖွားဖွားက တောက်ပစွာပြုံးကာ..." ထျန်းအာ အင်ပါရီယန်အမှတ်အသားကို ရခဲ့တာက လက်ခံနိုင်လောက်စရာပါပဲ။ ဒါက ထျန်းအာအတွက် ခက်ခဲမှာမဟုတ်ဘူး။ သူက ဘယ်လောက်ရခဲ့တာလဲ "
" ငါးခုပါ.... ကျွန်မ သေချာရေတွက်လာခဲ့ပါတယ် "
" သိပ်ကောင်းတယ် " လက်တစ်ထောင်ဖွားဖွား အလွန်ကျေနပ်သွားရသည်။ သူမက ရှန်းထူယာင်ရှန်ကို အပြစ်မြင်ခြင်း မရှိတော့ပေ။
" ဒီလိုဆိုမှတော့ မင်းရဲ့ကျရှုံးမှုကို မေ့လိုက်ပါတော့။ မင်းရဲ့စွမ်းရည်က အကန့်အသတ်ရှိသလို ထျန်းအာကလည်း မင်းရဲ့အကူအညီကို မလိုအပ်ပါဘူးလေ။ ပြီးခဲ့တဲ့တစ်ခေါက် မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ စမ်းသပ်မှုမှာ ထျန်းအာက အင်ပါရီယန်အမှတ်အသားတွေ တော်တော်များများ ရခဲ့တယ်။ သူက ပထမဆုံး စမ်းသပ်မှုမှာတင် အမှတ်အသားသုံးခု ရခဲ့ပေမဲ့ အဆုံးသတ်မှာတော့ မဟာဧကရီသိုလှောင်ခန်းကို ဖွင့်ဖို့အတွက် အမှတ်အသားနည်းနည်းလောက် လိုအပ်သွားခဲ့တယ် "
" ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထျန်းအာက ပထမဆုံး စမ်းသပ်မှုမှာတင် အမှတ်အသားငါးခု ရထားခဲ့ပြီ။ မဟာဧကရီရဲ့ ရတနာတွေက ထျန်းအာရဲ့အပိုင် ဖြစ်လာတော့မဲ့ပုံပဲ "
လက်တစ်ထောင်ဖွားဖွား၏ အသံက ကျယ်လောင်လှပြီး ဖုံးကွယ်ထားခြင်း အလျဥ်းမရှိပေ။ အဖွဲ့အစည်းမျိုးစုံမှ အကြီးအကဲများက ရှင်းလင်းစွာပင် ကြားလိုက်ကြရသည်။ သူတို့က ရှန်းထူမိသားစု၏.ကျောက်စိမ်းစာလိပ်ကို ဖတ်ထားလေသောကြောင့် အင်ပါရီယန်အမှတ်အသား၏ ဆိုလိုရင်းကို နားလည်လေသည်။
" ဒီအဖွားကြီးက လေကျယ်နေတယ် " လင်အဖွားတော်က ဒေါသတကြီး ဆိုလိုက်သည်။ သူမသည် လက်တစ်ထောင်ဖွားဖွားကို ဒုက္ခိတဖြစ်အောင် မလုပ်မိခဲ့သည့်အတွက် နောင်တရနေမိသည်။
အဖွားတော်၏အကြည့်ကို ခံစားမိသည့် လက်တစ်ထောင်ဖွားဖွားက လှောင်ရယ်လိုက်သည်။ အမတေစမ်းသပ်မှု ပြီးသွားသည့်နောက်တွင် သူမက လင်မိသားစုကို အရိုးခိုက်အောင် မုန်းတီးနေခဲ့သည်။ သူမက လင်မိသားစုကို နင်းချေပစ်ပြီး တစ်ယောက်မကျန် သတ်ပစ်ရန်အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေရလေသည်။
" လင်ဖုန်းရှန်း... နင်တို့ လင်မိသားစုက ဟိုစုန်းမလေးကို ကုသပေးနိုင်တဲ့ ရှေးဟောင်းဆေးအညွှန်းကို ရနိုင်လိမ့်မယ်လို့ ထင်နေတာလား။ တကယ့်ဟာသပဲ။ နင်တို လင်မိသားစုရဲ့ ဂျူနီယာဆယ်ယောက်ထဲက နှစ်ယောက် ၊ သုံးယောက်လောက် အသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုရင်ပဲ အတော်ကို အထင်ကြီးဖို့ကောင်းနေပြီ။ ဒီနေ့ မဟာဧကရီဆန်းကြယ်နယ်မြေ ခရီးစဥ်က နင်တို့ လင်မိသားစုရဲ့ နိမ့်ပါးခြင်း အစပျိုးတစ်ခုပဲ။ ငါတို့ ရှန်းထူမိသားစုက နင်တို့ လင်မိသားစုကို ထျန်းယွမ်ကမ္ဘာကြီးထဲကနေ ဖျောက်ဖျက်ပစ်မဲ့ နေ့ရက်က ရောက်လာတော့မယ် "
လက်တစ်ထောင်ဖွားဖွား၏ အသံက သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။ အဖွားတော်၏ မျက်ဝန်းများ အေးစက်သွားလေ၏။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့ သွေးမုန်တိုင်းဆင်နွှဲရမည့်အချိန် ကျရောက်လာပေတော့မည်။
ခုနစ်မိနစ် ၊ ရှစ်မိနစ်ခန့်အကြာတွင် ဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်ထံမှ စွမ်းအင်လှုပ်ခတ်မှုများ ငြိမ်သက်သွားလေ၏။ ကျရှုံးခဲ့သည့် ဂျူနီယာများ တွန်းထုတ်ခံခဲ့ရသည်မှာ အချိန်တစ်ခု ကြာသွားခဲ့ချေပြီ။
ယင်းအဖြစ်ကြောင့် အဖွားတော်က တွေးမိသွားသည်။ သူမသည် လင်ယွီနှင့် ယီယွင်တို့အား မမြင်မိလေသောကြောင့် နှစ်ဦးစလုံး အောင်မြင်သွားကြခြင်း ဖြစ်လေသလော။
" တစ်ယောက်မှ မကျန်တော့ဘူး။ ယီယွင်က ထွက်လာမှာမဟုတ်တော့ဘူး။ ပထမစမ်းသပ်မှုမှာ ငါတို့ လင်မိသားစုက ဂျူနီယာတစ်ဦးပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်မယ် "
လင်မိသားစု၏ ဂျူနီယာများထဲတွင် လင်ပင်းသာ အသတ်ခံခဲ့ရသည်။ အခြားကိုးယောက်ကိုမူ မမြင်ရသေးပေ။
လက်တစ်ထောင်ဖွားဖွားက နှာခေါင်းရှုံ့လိုက်သည်။ ဆန်းကြယ်နယ်မြေ၏ ထုတ်ပယ်မှုများက အဆုံးမသတ်သေးပေ။ ယီယွင်က အနှေးနှင့်အမြန်ပင် ထုတ်ပယ်ခံရပေလိမ့်မည်။
သူမက ရှန်းထူနန်ထျန်း၏ အစီအစဥ်များကို ကောင်းစွာပင် သိထားလေ၏။ သူမသည် ယီယွင် အသေဆိုးနှင့် သေရမည်ကို မြင်တွေ့လိုသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဆန်းကြယ်နယ်မြေ ဝင်ပေါက်၏ စွမ်းအင်လှုပ်ခတ်မှုများ တည်ငြိမ်လာခဲ့သည်။ မည်သူမျှ ကန်ထုတ်မခံရတော့ပေ။ လက်တစ်ထောင်ဖွားဖွား၏ မျက်နှာအိုကြီး ဖြည်းညင်းစွာပင် အေးခဲလာလေ၏။
" သူတို့ တကယ်ကို အောင်မြင်သွားခဲ့တာပဲ "
အကြီးအကဲထျန်းကျူးနှင့် အဖွားတော်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လင်မိသားစုမှ ပျိုးထောင်ပေးထားသော လူငယ်လက်ရွေးစင်တစ်ဦးဖြစ်သည့် လင်ယွီနှင့်ပတ်သတ်ပြီး များစွာပြောစရာမလိုပေ။ ထို့ကြောင့် သူ ကောင်းစွာစွမ်းဆောင်နိုင်သည်မှာ အံ့ဩစရာမရှိပေ။
သို့သော် ယီယွင်က အရှေ့ပိုင်းချောင်မှ လာခဲ့သော လူငယ်တစ်ဦးဖြစ်ပြီး ဒုတိယဦးစားပေးဖြစ်သည့် ပျက်စီးခြင်းကောင်းကင်ပညာတွင် အချိန်နှင့်လုပ်အားများ များစွာစိုက်ထုတ်ထားခဲ့သည်။ ထိုအခြေအနေမျိုးတွင်ပင် သူက ပထမစမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။
ထိုရလဒ်နှင့် ယီယွင်၏ ပါရမီတို့က အမှန်တကယ် မှင်တက်မိဖွယ်ရာပင်။
" အိပ်မက်မက်နေတာ ရပ်လိုက်တော့ " ထိုစဥ် လက်တစ်ထောင်ဖွားဖွား၏ စူးရှသောအသံကို ထပ်မံကာ ကြားလိုက်ရသည်။
" နင်တို့ လင်မိသားစုရဲ့ ကျန်ခဲ့တဲ့ လူကိုးယောက်က စမ်းသပ်မှုကို အောင်မြင်ခဲ့မယ်လို့ ထင်နေတာလား။ အထူးသဖြင့် ဟိုမျိုးမစစ်လေး ယီယွင်ကိုလေ။ ငါ နင်တို့ကို ပြောပြလိုက်မယ်... သေဖို့အတွက် နည်းလမ်းတွေ အများကြီးရှိတယ်။ အချို့က အလောင်း ကျန်ရစ်ခဲ့တယ်။ အလောင်းတောင် မကျန်ခဲ့တဲ့ အကြိမ်တွေလည်း အများကြီးရှိတာပဲနော် "
" ဥပမာပြောရရင်... အရိုးတွေ ညက်ညက်ကြေတဲ့အထိ အခုတ်ခံထားရမယ်ဆိုရင် ဆန်းကြယ်နယ်မြေက အဲ့ဒီလူကို ကန်ထုတ်ခဲ့မယ်ဆိုရင်တောင် မျက်စိနဲ့မမြင်နိုင်တဲ့ အမှုန့်တွေပဲ ဖြစ်နေလိမ့်မယ်။ ဟိုမျိုးမစစ်လေး အဲ့ဒီလိုပုံစံ ဖြစ်နေခဲ့မယ်ဆိုရင် နင်တို့ထဲက ဘယ်သူကများ မှတ်မိနိုင်မှာလဲ "
လက်တစ်ထောင်ဖွားဖွား၏ စကားကြောင့် လင်အဖွားတော် စိတ်မွန်းကျပ်သွားရသည်။ စစ်သည်များအဖို့ လူသတ်ပြီးလျှင် အလောင်းဖျောက်ရသည်မှာ လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်ချေသည်။
သူမက ထုတ်ပယ်ခံခဲ့ရသည့် လူငယ်ကျင့်ကြံသူများကို ခေါင်းငဲ့ကြည့်လိုက်သည်။ ထိုလူငယ်များအားလုံး ၁၆ နှစ်အထက်များ ဖြစ်ကြလေ၏။ အဖွားတော်၏ မှတ်ဥာဏ်က အလွန်ကောင်းလေသောကြောင့် ယီယွင်နှင့်အတူ ဆန်းကြယ်နယ်မြေထဲသို့ ဝင်သွားကြသူများကို မှတ်မိလေသည်။ ဆန်းကြယ်နယ်မြေ၏ စည်းမျဥ်းများအရ ဝင်သွားပြီးသည်နှင့် သက်တူရွယ်တူများကို တစ်ဖွဲ့တည်း ထားပေးမည်ဖြစ်လေ၏။
ဤသူများက ယီယွင်၏ အခြေအနေကို သိရပေမည်။
ထိုအထဲတွင် အမျိုးသမီးက " ကော်အာ " ဟု ခေါ်ဆိုခဲ့သည် လက်တစ်ဖက်ပြတ်ထားသော ဖက်တီးလူငယ်လည်း ပါဝင်လေသည်။ လက်ရှိတွင် ဖက်တီးက မေ့မြောနေရာမှ သတိလည်လာပြီ ဖြစ်လေသည်။ သူသည် လက်တစ်ထောင်ဖွားဖွားနှင့် လင်အဖွားတော်တို့ စကားစစ်ထိုးနေသည်ကို ကြားခဲ့ရလေ၏။
လက်တစ်ထောင်ဖွားဖွားက နောက်ဆုံးစကားအချို့တွင် ယီယွင်၏အကြောင်းကို ထည့်ပြောသွားခဲ့သည်။ ယင်းကြောင့်ပင် ရှန်းထူမိသားစုနှင့် လင်မိသားစုတို့ ပဋိပက္ခဖြစ်နေရသည့် နောက်ကွယ်မှ အကြောင်းအရင်းက ယီယွင်နှင့် များစွာပတ်သတ်နေသည်ကို ဖက်တီးက နားလည်သွားခဲ့သည်။
ယီယွင်...။
ထိုမွန်းစတားအကြောင်း တွေးမိချိန်တွင် အမျိုးသမီး၏ လက်မောင်းများအကြားတွင် လဲလျောင်းနေသည့် ဖက်တီး၏မျက်နှာ မဲ့ရှုံ့သွားရလေ၏။ ထိုကောင်လေးက ထူးဆန်းလွန်းလှချေ၏။ အခြားသူများ ကြောက်ရသည်အထိပင် ထူးဆန်းချေသည်။ ဖက်တီးလေး အကြောက်ရဆုံးမှာ ယခင်က ယီယွင်ကိုသတ်ရန် တွေးမိခဲ့သည်ကိုပင်။
ကျေးဇူးတင်စရာကောင်းစွာဖြင့်ပင် သူက လှုပ်ရှားခြင်းမပြုခဲ့ပေ။ ထိုသို့သာမဟုတ်ပါက မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် သူ၏ ခန္ဓာကိုယ်ဝဝကြီးကို လက်ပြနှုတ်ဆက်နေရပေလိမ့်မည်။
လက်တစ်ထောင်ဖွားဖွားက ယီယွင်သည် စမ်းသပ်မှုတွင် ထုတ်ပယ်ခံရပြီး ညက်ညက်ကြေအောင် အခုတ်ခံရမည်ဟု ပြောနေသည်ကို ကြားလိုက်ရချိန်တွင် ဖက်တီး၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။
ယီယွင်နှင့်အဖွဲ့တူမှ ထုတ်ပယ်ခံခဲ့ရသည့် အခြားသူများသည်လည်း တူညီသောအမူအရာများ ဖြစ်နေကြသည်။
" နင်က ငါ့ကို သတိပေးလိုက်တာပဲ " လက်တစ်ထောင်ဖွားဖွားက လင်အဖွားတော်၏ အကြည့်များကို သတိပြုမိသွားကာ ထိုလူငယ်ကို ပြောလိုက်လေသည်..." ထျန်းအာက ဆုချမယ်လို့ ကတိပေးထားတာကို ငါ သိတယ်။ အခု ထျန်းအာက စမ်းသပ်မှုကို ခံယူနေဆဲဖြစ်ပြီး ထွက်မလာသေးဘူး။ ငါက သူ့အစား ဆုပေးလိုက်မယ်။ မင်းတို့တွေထဲမှာ ဘယ်သူတွေက ဟိုမျိုးမစစ်လေး ယီယွင်ကို သတ်တဲ့အချိန်မှာ ကူညီပေးခဲ့ကြလဲ။ ဓားမြောင်နဲ့တစ်ချက်ထိုးတာ ဒါမှမဟုတ် ဓားနဲ့တစ်ချက်ခုတ်တာ လုပ်ခဲ့တဲ့သူ ဘယ်သူမဆို ငါ့ဆီကနေ ဆုလာဘ်တွေရမယ်။ ဒီကိစ္စသာ အမှန်ဖြစ်တယ်ဆိုရင် နင်တို့တွေအားလုံး ဆုလာဘ်တွေရမယ် "
လက်တစ်ထောင်ဖွားဖွား၏ အသံက ကျယ်လောင်သည်။ သူမက အသံထဲတွင် ယွမ်ချီ ထည့်သွင်းထားလေသောကြောင့် လူတိုင်း၏ နားထဲသို့ အလွယ်တကူပင် ဝင်ရောက်သွားခဲ့သည်။
သို့သော် ထုတ်ပယ်ခံရသည့် လူငယ်များထဲမှ မည်သူကမျှ ဆုလာမယူလေသောကြောင့် လက်တစ်ထောင်ဖွားဖွား အံ့အားသင့်သွားရသည်။ ထို့အစား သူတို့က သူမကို အထူးတဆန်း ကြည့်နေကြချေသည်။
" ဟင်... ဒါက ဘာအဓိပ္ပါယ်လဲ "
လက်တစ်ထောင်ဖွားဖွားက ထူးဆန်းနေသည်ကို သိသွားလေ၏။ သူမ တစ်ခုခုကို ကြိုသိနေသည်။ အခြေအနေက သူမ ထင်ထားသကဲ့သို့ မဟုတ်ပုံပင်။
" ဒါက... ကျွန်တော်တို့က ယီယွင်ကို ထိခိုက်အောင် မလုပ်မခဲ့လို့ပါ " ဖက်တီးက ဦးစွာဆိုလိုက်သည်။
လက်တစ်ထောင်ဖွားဖွား အံ့အားသင့်သွားကာ မအီမလည်ခံစားချက်များ ပိုတိုးလာခဲ့သည်။
လင်အဖွားတော်ကလည်း ဖက်တီးကို ကြည့်နေသည်။
အဖွားတော်၏အကြည့်ကို ခံစားမိသော ဖက်တီးက ကပျာကယာဆိုသည်..." ကျုပ်ကို အထင်မမှားပါနဲ့ အဖွားတော်။ ကျုပ်က သခင်လေးယီယွင်အပေါ်မှာ မကောင်းစိတ် မမွေးဖူးသလို ဆုလာဘ်တွေကိုလည်း မမက်မောဖူးပါဘူး "
ဖက်တီးက အမြန်ပင် ရှင်းပြလိုက်သည်။ သူ ကြောက်နေပြီ ဖြစ်သည်။ သူ၏လက်မောင်းသည် ကြောက်မက်ဖွယ်ရာ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ လက်ချက်ဖြင့် တစ်ခဏအတွင်း ပြတ်ခဲ့ရလေ၏။ သို့သော် ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲကို မြားတစ်ချက်နှင့် အနိုင်ယူသွားခဲ့သည်။
ကုန်းစွန်းဟုန်ကဲ့သို့ လူများကမူ ယီယွင်က ခွေးကံကောင်းဖြစ်ခဲ့ပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ အားနည်းချက်ကို တိုက်ခိုက်မိသွားခဲ့သည်ဟု ထင်နေကြသော်လည်း ဖက်တီးကမူ ထိုသို့မထင်မိပေ။ ယီယွင်က ထူးဆန်းလွန်းသည်။ ယီယွင် ကြီးပြင်းလာသည့်တစ်ရက်တွင် သူက ယီယွင်ကိုသတ်ကာ ဆုလာဘ်များရယူရန် ကြံစည်ဖူးခဲ့သည်ကို မမှတ်မိစေလိုပေ။
ဖက်တီး၏ စကားလုံးများထဲတွင် ကြောက်ရွံ့မှုများ ပါနေသည်ကို လင်အဖွားတော်က သတိထားမိသည်။ သူမက သိလိုစွာဖြင့် မေးလိုက်လေ၏..." ယီယွင် ဘာဖြစ်ခဲ့လဲ "
" သူ...သူက ပြီးပြည့်စုံစွာနဲ့ အောင်မြင်သွားခဲ့တယ်။ သူက ဒဏ်ရာမရရုံတင်မကဘူး ရှေးဟောင်းပျက်စီးခြင်းသားရဲ အစောင့်အရှောက်ကိုတောင် သတ်ပစ်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ မဟာဧကရီဆန်းကြယ်နယ်မြေက သူ့ကို အင်ပါရီယန်အမှတ်အသားတွေ ဆုချီးမြင့်ခဲ့တယ် " ဖက်တီး စိတ်ညစ်နေရသည်။ သူ၏လက်မောင်း ခုတ်ဖြတ်ခံထားရလေသောကြောင့် ယီယွင်၏ အောင်မြင်မှုများကို ပြောပြလိုစိတ် ရှိမနေချေ။
" အင်ပါရီယန်အမှတ်အသားလား " လင်အဖွားတော် မျက်လုံးများ တောက်ပသွားလေ၏။ ဤသည်က ကျေနပ်အံ့ဩဖွယ်ရာတစ်ခု ဖြစ်ချေသည်။ ယီယွင် အောင်မြင်ခဲ့သည်ကပင် အလွန်အထင်ကြီးဖွယ်ရာ ဖြစ်နေပြီဟု သူမက တွေးထားခဲ့သည်။ ယီယွင်က အင်ပါရီယန်အမှတ်အသား ရရှိလိမ့်မည်ဟု သူမ လုံးဝပင် မျှော်မှန်းမထားခဲ့ပေ။
" ယီယွင်က အင်ပါရီယန်အမှတ်အသား ရခဲ့တာလား " အကြီးအကဲထျန်းကျူးလည်း စကားပြောလာသည်။ လင်မိသားစု၏ မဟာအကြီးအကဲတစ်ဦးဖြစ်သည့် သူသည် အင်ပါရီယန်အမှတ်အသား ရရှိခဲ့သည့် ပါရမီရှင်တစ်ဦးကို များစွာအရေးမစိုက်ပေ။ သို့သော် သိုင်းပညာတွင် အင်ပါရီယန်အမှတ်အသားကို ရရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ပျက်စီးခြင်းကောင်းကင်ပညာရပ်တွင်လည်း ထူးချွန်သော လူတစ်ဦးကိုမူ သူ အရေးစိုက်မိလေ၏။
" ဟုတ်တယ်... သူက အများကြီးရသွားခဲ့တာပါ " ဖက်တီး မျက်နှာမကောင်းလျက်ဖြင့် ပြောလိုက်သည်။
" ဘယ်လောက်လဲ " လင်အဖွားတော်က ကပျာကယာ မေးလိုက်သည်။
" ဒါက..." ဖက်တီး ခေါင်းကုတ်ကာ မရေမရာဆိုသည်..." သုံးဆယ်ကျော်မယ်ထင်တယ် "
" ဘယ်...ဘယ်လောက် "
လင်အဖွားတော် လုံးဝပင် အံ့အားသင့်သွားသည်။ အကြီးအကဲထျန်းကျူးသည်ပင် ကြောင်အနေလေ၏။ သူတို့၏ နားများကို မယုံကြည်နိုင် ဖြစ်နေကြရသည်။