← Chapters

အခန်း (၆၅၁-၆၅၂)

Vol. 66 Ch. 651-652

အခန်း (၆၅၁-၆၅၂)

Vol. 66 Ch. 651-652

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၁ + ၆၅၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အိမ်ရှေ့စံမင်းသားသာမက ကျန့်ပေနယ်စားမင်း ယွမ်ထိန် ၊ ရွှမ်ဟွာနယ်စားမင်း လန်အောက်နှင့် သူ၏ ညီအစ်ကို လီယွမ်တို့ပါ တုပိုင်ကို ဂျာချင်အင်ပါယာနှင့် အဆုံးအဖြတ်တိုက်ပွဲတွင် မပါဝင်စေလိုကြပေ။

တုပိုင်၏ အရှိန်အဝါသည် အလွန်ကြီးမားနေပြီ ဖြစ်သည်။ သူသည် အင်ပါယာ၏ ခေါင်းဆောင်သုံးဦးအနက် တစ်ဦး ဖြစ်နေပြီး ဒေသတစ်ခုကို အုပ်စိုးသော မင်းတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သေချာသည်မှာ အကယ်၍ တုပိုင်က စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး လျောင်တုန်းစစ်မြေပြင်သို့ မြောက်ဘက်ချီတက်မည် ဆိုပါက မင်းသားနှင့် မဟာနယ်စားမင်းယွမ်ထိန်တို့က လက်နှစ်ဖက်မြှောက် ကြိုဆိုကြပေလိမ့်မည်။ အထူးသဖြင့် မင်းသားသည် ဤစစ်ပွဲကို အနိုင်ရရန် လိုလားလေသည်။

သို့သော် တုပိုင်က တစ်ကိုယ်တော် လျောင်တုန်းစစ်မြေပြင်သို့ သွားရောက်မည် ဆိုပါက မဖြစ်နိုင်ပေ။

သွားရောက်သည်နှင့် မဟာနယ်စားမင်းယွမ်ထိန်နှင့် မဟာနယ်စားမင်းလန်အောက်တို့၏ အာဏာကို ခွဲဝေယူသလို ဖြစ်သွားလိမ့်မည်။

ယခုအခါ လူတိုင်း သိရှိကြ၏။ တုပိုင်သည် လီရူဟိုင်ကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အချက်သုံးချက်ကြောင့် ဖြစ်ပေသည်။ ပထမအချက်မှာ ပြိုင်ဘက်ကင်းမြေအောက်မြို့တော် ၊ ဒုတိယအချက်မှာ စစ်နတ်ဘုရား အမြောက်များနှင့် တတိယအချက်မှာ ပျက်စီးခြင်းမြှားကြောင့်ဖြစ်ကြသည်။

ယခုအခါ တုပိုင်လက်ထဲတွင် ပျက်စီးခြင်း မြှားများ ကုန်ခန်းသွားပြီ ဖြစ်ရာ အံ့ဖွယ် အလှည့်အပြောင်း တစ်ခုကို ဖန်တီးနိုင်မည့် အရင်းအနှီး မရှိတော့ပေ။

အရေးအကြီးဆုံးအချက်မှာ လောလောဆယ် လျောင်တုန်းစစ်မြေပြင် အခြေအနေ အလွန်ကောင်းမွန်နေသည်။ မဟာနယ်စားမင်းတုပိုင် ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိပေ။

မဟာနယ်စားမင်းယွမ်ထိန် ၊ မဟာနယ်စားမင်းလန်အောက်နှင့် လီယွမ်တို့သည် ဤကြီးမားသော ကုသိုလ်ကို ရယူကြလိမ့်မည်။ အထူးသဖြင့် လီယွမ်တစ်ယောက်တည်းကို အကြီးမားဆုံး ကုသိုလ်ကို ရယူစေလိုကြသည်။

တုပိုင်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... ကျွန်တော် ကြည့်ရှုဖို့ စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွေ ရှိပါသလား”

မင်းသားသည် ထူထဲသော စစ်ဘက်ဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြီး တုပိုင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ လျောင်တုန်းစစ်မြေပြင်ရှိ အရာအားလုံးနှင့် ပတ်သက်ပြီး ဤတိုက်ပွဲအစီရင်ခံစာ အနည်းငယ်၌ အလွန်ရှင်းလင်းစွာ ဖော်ပြထားသည်။

ယခုအခါ မင်းသား၏ အောင်နိုင်ရေး ယုံကြည်မှုသည် မည်သည့်နေရာမှ လာသည်ကို တုပိုင် နားလည်သွားလေပြီ။

အမြောက်များ... စစ်နတ်ဘုရား အမြောက်များပင်။

ဖူဟုန်ပင်းသည် စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး လျောင်တုန်းစစ်မြေပြင်ကို ကူညီရန် မြောက်ဘက်သို့ ချီတက်သွားခဲ့သည်။ ထိုအထဲတွင် နှစ်သောင်းမှာ ပြိုင်ဘက်ကင်းမြေအောက်မြို့တော်မှ တပ်ဖွဲ့မှ ဖြစ်ပြီး ကျန်သုံးသောင်းမှာ တတိယတပ်မမှ စစ်သည်များ ဖြစ်ကြသည်။

ထို့အပြင် သူမသည် ၁၂ ပေါင် အမြောက် ၃၀ ကိုလည်း ယူဆောင်သွားခဲ့သည်။ သို့သော် ယခုအချိန်တွင် လျောင်တုန်းရှိ တာ့နင်အင်ပါယာ စစ်တပ်၌ အမြောက်ပေါင်း ၂၃၀ ရှိနေသည်။ မှန်ပေသည်။ အမြောက်လက်နက် အပြည့်အစုံ ၂၃၀ တိတိ ရှိနေခြင်း ဖြစ်သည်။

သို့ဆိုလျှင် နောက်ထပ် အမြောက် ၂၀၀ သည် မည်သည့်နေရာမှ ရောက်လာသနည်း။

မီးနတ်ဘုရား။ ဤသည်မှာ အရှေ့ဘက် ပြည်ထောင်စုအပေါ် မီးနတ်ဘုရားကမ္ဘာ၏ လက်တုံ့ပြန်မှုပင် ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာ ရေတပ်တိုက်ပွဲသည် ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာသည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်တစ်ခု၏ ကိုလိုနီအာဏာကို ရယူနိုင်ခဲ့သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤစစ်ပွဲ၏ ရလဒ်မှာ သိပ်မကွာခြားသော်လည်း အရှေ့ဘက် ပြည်ထောင်စုက အသာစီး ရသွားခဲ့သည်။

လက်တုံ့ပြန်သည့်အနေဖြင့် မီးနတ်ဘုရားဘာသာသည် တာ့နင်အင်ပါယာသို့ အမြောက် ၂၀၀ ပို့ဆောင်ပေးခဲ့ပြီး အမြောက်ဆံများနှင့် ယမ်းမှုန့် အများအပြားကိုလည်း ပေးပို့ခဲ့သည်။

အဘယ်ကြောင့် ကျွန်းကော် ခန်းနိတ်နိုင်ငံသည် ဝါန ခန်းနိတ်နိုင်ငံနှင့် စစ်ပွဲကို ယာယီရပ်ဆိုင်းလိုက်သနည်း။ ဝါန ခန်းနိတ်နိုင်ငံကို အင်အားအကုန်သုံးပြီး ဂျာချင်အင်ပါယာနှင့် တိုက်ခိုက်ခွင့် ပြုလိုက်သနည်း။

ဤသည်မှာလည်း မီးနတ်ဘုရားဘာသာ၏ ဖိအားပေးမှုကြောင့် ဖြစ်သည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်သည်။ တာ့နင်အင်ပါယာသည် အရှေ့ဘက် ပြည်ထောင်စု၏ ရန်သူဖြစ်ရာ မီးနတ်ဘုရားကမ္ဘာ၏ မိတ်ဆွေ ဖြစ်လာခဲ့သည်။

သေချာသည်မှာ တာ့နင်အင်ပါယာနှင့် မီးနတ်ဘုရားဂိုဏ်းတို့သည် မူလက ရန်သူများ ဖြစ်ကြသည်။ သို့သော် လီရူဟိုင် သေဆုံးသွားပြီးနောက် ဤရန်ဘက်ဆက်ဆံရေးသည် ယာယီအားဖြင့် ပြီးဆုံးသွားခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ကျော်က မီးနတ်ဘုရားကမ္ဘာသည် လီရူဟိုင်ကို ကူညီရန် စစ်သည်ငါးသောင်း စေလွှတ်ခဲ့ပြီး အမြောက် ၂၀၀ ကို တာ့နင်အင်ပါယာ နယ်မြေထဲသို့ သယ်ဆောင်လာခဲ့သည်။ ထိုအချက်သည် အရှေ့ဘက် ပြည်ထောင်စုကို လုံးဝ ဒေါသထွက်စေခဲ့ပြီး အိန္ဒိယသမုဒ္ဒရာထဲတွင် အင်အားကြီး ရေတပ်နှစ်ခုကြား တိုက်ပွဲ ဖြစ်ပွားစေခဲ့သည်။

လက်တုံ့ပြန်သည့်အနေဖြင့် မီးနတ်ဘုရားဂိုဏ်းသည် တာ့နင်အင်ပါယာကို ထောက်ပံ့ခဲ့သည်။ သို့သော် သူတို့ ရွေးချယ်လိုက်သူမှာ တုပိုင်၏ အင်အားစု မဟုတ်ဘဲ အိမ်ရှေ့စံမင်းသား ဖြစ်နေ၏။

အဘယ်ကြောင့် တုပိုင်၏ ညီအစ်ကို လီယွမ်သည် လျောင်ယန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သနည်း။ အကြောင်းမှာ မင်းသားသည် သူ့ကို တိုက်ရိုက်အင်အားစုအဖြစ် မွေးထုတ်ရန် ရွေးချယ်ခဲ့ပြီး အမြောက် ၂၀၀ စလုံးကို လီယွမ်၏ စစ်တပ်သို့ ခွဲဝေပေးခဲ့သောကြောင့် ဖြစ်သည်။

အမြောက် ၂၀၀ အပြည့်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရက်အနည်းငယ်အတွင်း သူတို့သည် လျောင်ယန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကုသိုလ်ကြောင့် လီယွမ်သည် လျောင်ယန်စစ်သူကြီး ရာထူးသို့ တိုးမြှင့်ခံရရန် ထိုက်တန်ပေသည်။

နောက်ဆက်တွဲအနေဖြင့် တာ့နင်အင်ပါယာ စစ်သည် လေးသိန်းသည် ဂျာချင်အင်ပါယာ၏ ရှန်ယန်ခံစစ်မျဉ်းကို တိုက်ခိုက်ကြရာ လီယွမ်၏ စစ်တပ်သည် အဓိက အမာခံတပ်ဖွဲ့ ဖြစ်နေဆဲပင်။

သို့ဆိုလျှင် လီယွမ်လက်ထဲ၌ စစ်သည်အင်အား မည်မျှရှိသနည်း။ ခြောက်သောင်းရှိ၏။ တစ်စိတ်တစ်ပိုင်းမှာ ရှန်ယန်ဝေရှိ သူ၏ တပ်ဖွဲ့ဟောင်းများ ဖြစ်ပြီး နောက်ထပ် တစ်သောင်းမှာ ဘိုးဘေးလီလျန်တင်း၏ ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်သည်။ ကျန်သည်များမှာ မင်းသားက ထုန်းကျိုးမြို့နှင့် မြို့တော်ကာကွယ်ရေးတပ်များမှ လီယွမ်ထံသို့ ခွဲဝေပေးထားခြင်း ဖြစ်သည်။

အတိုချုပ် ပြောရလျှင် အိမ်ရှေ့စံမင်းသားနှင့် ဘိုးဘေးလီလျန်တင်းတို့သည် လီယွမ်ကို ကြယ်တစ်ပွင့်ဖြစ်လာရန် အစွမ်းကုန် ကြိုးစားနေကြခြင်းဖြစ်သည်။

စစ်သည် ခြောက်သောင်း ၊ အမြောက် ၂၀၀ နှင့် မီးနတ်ဘုရား အမြောက်တပ်သား ၂၀၀၀ တို့ဖြင့် လီယွမ်သည် လျောင်တုန်းတွင် ဝါးအစည်းပြေသကဲ့သို့ အလွယ်တကူ တိုက်ခိုက်နိုင်ခဲ့သည်။ လျောင်ယန်မြို့ကို ပြန်လည်ရရှိပြီးနောက် လီယွမ်သည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ဆက်တိုက် အောင်ပွဲများ ရရှိခဲ့သည်။

ထို့ကြောင့် လျောင်တုန်းစစ်ပွဲ စတင်သည့် နှစ်လအတွင်း လီယွမ်သည် ကြယ်တံခွန်ကဲ့သို့ ထိုးတက်လာပြီး မြောက်ပိုင်း၏ စစ်နတ်ဘုရား ဖြစ်လာလေသည်။

ထိုအမြောက် ၂၀၀ ရှိနေခြင်းကြောင့် ရှန်ယန်ခံစစ်မျဉ်း အဆုံးအဖြတ်တိုက်ပွဲတွင် လီယွမ်သည် နောက်ထပ် ကြီးမားသော ကုသိုလ် ရယူနိုင်ရန် အခွင့်အလမ်း အလွန်များနေသည်။

ရှန်ယန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်သည်နှင့် လီယွမ်သည် နယ်စားဘွဲ့ ပေးသနားခံရမည် ဖြစ်ကာ တုပိုင်ကဲ့သို့ နယ်စားငယ်အဆင့်မှ စတင်မည် မဟုတ်ဘဲ နယ်စားအဆင့်မှ စတင်နိုင်ခြေ ရှိသည်။

ထိုအချိန်ကျလျှင် အိမ်ရှေ့စံမင်းသား၌ တိုက်ရိုက်အင်အားစု ရှိလာမည်ဖြစ်ပြီး မဟာနယ်စားမင်းယွမ်ထိန်ကဲ့သို့ စစ်ဘုရင်ကြီးများကို ဖိနှိပ်ထားနိုင်ရုံသာမက တုပိုင်ကိုပါ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ အရေးအကြီးဆုံးမှာ တုပိုင်သည် ကယ်တင်ရှင် ဖြစ်သည်ဟူသော အရှိန်အဝါကို လုံးဝ ဖယ်ရှားပစ်နိုင်မည် ဖြစ်သည်။

ရည်ရွယ်ချက်မှာ တာ့နင်အင်ပါယာ တစ်ခုလုံးတွင် တုပိုင် တစ်ယောက်တည်းသာ မဟာကယ်တင်ရှင် ဖြစ်သည်ဟု လူတိုင်း မထင်မှတ်စေရန် ဖြစ်သည်။

သေချာသည်မှာ အိမ်ရှေ့စံမင်းသားသည် တုပိုင်နှင့် ရန်ဖြစ်ရန် ရည်ရွယ်ချက် မရှိသလို ကိစ္စပြီးလျှင် မြင်းဝန်ကို သတ်ပစ်မည့် သဘောလည်း မရှိပေ။ သူသည် တုပိုင်၏ ဂုဏ်သတင်းကို အနည်းငယ် ဖိနှိပ်လိုရုံသာ ဖြစ်သည်။

တုပိုင်မရှိဘဲနှင့်လည်း ငါကိုယ်တော်က စစ်ပွဲကြီးကို အနိုင်ယူပြမည်။ သို့မှသာ တုပိုင်ကဲ့သို့ မဟာနယ်စားမင်းငယ်လေး အလွန်အမင်း ဘဝင်မမြင့်သွားစေရန် ဖြစ်သည်။

ဤသည်မှာ ပုံမှန် ဧကရာဇ်တစ်ပါး၏ စိတ်နေသဘောထားပင်။ ဧကရာဇ်ထျန်ယွင်၌ ဧကရာဇ်တစ်ပါး ရှိသင့်သည့် သတိတရား မရှိခဲ့ပေ။ အကြောင်းမှာ သူ မနှစ်သက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဧကရာဇ်တစ်ပါးအနေဖြင့် အောင်မြင်သည်ဟု မဆိုနိုင်ပေ။

ထို့နောက် တုပိုင် တွေ့ရှိလိုက်ရသည်မှာ မင်းသား၏ လုပ်ရပ်သည် အလွန်ပြတ်သားပြီး ပေါ်တင်ဆန်နေသည်။

ဖူဟုန်ပင်း ဦးဆောင်သော စစ်သည်ငါးသောင်းသည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်မလာဘဲ နောက်တန်းရှိ ကွမ်နင်ဝေနှင့် ရှန်ဟိုင်ကွမ် ခံစစ်မျဉ်းများတွင် တပ်စွဲထားသည်။

ဤအဓိပ္ပာယ်မှာ အလွန်ရှင်းလင်းနေ၏။ ဂျာချင်အင်ပါယာနှင့် ဤအဆုံးအဖြတ်တိုက်ပွဲတွင် တုပိုင်ကို လုံးဝ အထိအတွေ့ ခံမည် မဟုတ်ပေ။ သူ့စစ်တပ်ကို ရှန်ယန်မြို့အား တိုက်ခိုက်ခွင့်ပင် ပေးမည် မဟုတ်ပေ။

စစ်သည် လေးသိန်းနီးပါးနှင့် အမြောက် ၂၀၀ ရှိနေသဖြင့် မင်းသားဖြစ်စေ ၊ လီယွမ်ဖြစ်စေ ၊ မဟာနယ်စားမင်းယွမ်ထိန်နှင့် မဟာနယ်စားမင်းလန်အောက်တို့ ဖြစ်စေ ၊ သူတို့အားလုံးသည် ဤရှန်ယန် အဆုံးအဖြတ်တိုက်ပွဲကို သေချာပေါက် အနိုင်ရမည်ဟု ခံစားနေကြသည်။

လက်ရှိအချိန်တွင် တုပိုင်က လျောင်တုန်းစစ်မြေပြင်သို့ သွားမည်ဟု ပြောခြင်းသည် ရယ်စရာ မကောင်းလွန်းသည် မဟုတ်ပါလား။ ရနေသည့် အောင်ပွဲကို လာလုနေခြင်းနှင့်ပင် သွားတူနေသည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်မျိုး နားလည်ပါပြီ။ လျောင်တုန်းစစ်မြေပြင်မှာ အကြီးအကျယ် အောင်ပွဲရဖို့ ဆုတောင်းပေးလိုက်ပါတယ်။ မွေးစားညီအစ်ကို လီယွမ် ၊ မဟာနယ်စားမင်းယွမ်ထိန်နဲ့ မဟာနယ်စားမင်းလန်အောက်တို့ ရှန်ယန်ကို ပြန်သိမ်းပိုက်နိုင်ပြီး ကျန့်ကျိုးဂျာချင်တွေကို အကြီးအကျယ် ချေမှုန်းနိုင်ပါစေ”

အိမ်ရှေ့စံမင်းသားသည် ရယ်မောပြီး ပြောလိုက်၏။ “တုပိုင်... တကယ်လို့ အနောက်တောင်ပိုင်းမှာ သိပ်လုပ်စရာ မရှိရင် မြို့တော်မှာပဲ နေပါ။ အောင်ပွဲသတင်းကို မကြာခင် ကြားရမယ်လို့ ကိုယ်တော် ယုံကြည်တယ်။ အဲဒီအချိန်ကျရင် မင်းနဲ့ နင်းရွှဲ့ အတူတူ လက်ထပ်လို့ ရပြီပေါ့။ ပြီးတော့ မင်းရဲ့ ညီအစ်ကို လီယွမ်ကလည်း မင်းကို အမြဲတမ်း သတိရနေတာ။ အဲဒီအချိန်ကျရင် မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံး နယ်စားဘွဲ့ ရကြမယ်။ လူတိုင်းက လီလျန်တင်းကို မြေးကောင်းတွေ မွေးထုတ်ပေးတတ်တယ်လို့ ချီးကျူးကြမှာပဲ”

တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား မြှောက်လွန်းပါပြီ”

ထို့နောက် သူက ဆက်ပြောသည်။ “ကျွန်တော်မျိုး ဘိုးဘေးကို သွားပြီး ဂါရဝပြုလိုက်ပါဦးမယ်။ တကယ်လို့ အိမ်ရှေ့စံမင်းသားဆီက တခြားအမိန့် မရှိတော့ရင် ကျွန်တော်မျိုး ခွင့်ပြုပါဦး”

မင်းသားက ပြောလိုက်သည်။ “သွားချေ”

ထို့နောက် သူသည် တုပိုင်၏ ပခုံးကို ဖက်ပြီး တံခါးဝအထိ လိုက်ပို့လေသည်။

“မြေးက ဘိုးဘေးကို ဂါရဝပြုပါတယ်” တုပိုင် အရိုအသေ ပေးလိုက်သည်။

“မလုပ်ပါနဲ့... မလုပ်ပါနဲ့...” ဘိုးဘေးလီလျန်တင်းသည် တုပိုင်ကို ဆွဲထူလိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ် ကျေနပ်နေပုံ ရသည်။

သိသာထင်ရှားသည်မှာ တုပိုင်က ဝမ်ကျန့်ရှူးကို သတ်လိုက်ခြင်းအပေါ် လီလျန်တင်း အကြီးအကျယ် သဘောထားကွဲလွဲခဲ့ပြီး ဧကရာဇ်အာဏာကို မလေးစားဟု ခံစားခဲ့ရသည်။

သို့သော် အိမ်ရှေ့စံမင်းသား အမိန့်ထုတ်ပြီးနောက် တုပိုင်သည် မြင်းစီးသမား တစ်ရာအောက်သာ ဦးဆောင်ပြီး မြို့တော်သို့ ဝင်ရောက်လာကာ ရိုးသားမှုကို ပြသခဲ့သဖြင့် လီလျန်တင်း အနည်းငယ် ခွင့်လွှတ်သွားခြင်း ဖြစ်သည်။

မူဝါဒသစ်နှင့် ဝမ်ကျန့်ရှူးကို သတ်ဖြတ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တုပိုင်သည် မွေးစားဖခင် လီဝမ်ဟွေ့ကို ရှင်းပြနိုင်သည်။

အကြောင်းမှာ မွေးစားဖခင် လီဝမ်ဟွေ့သည် ပြည်ထဲရေးတွင် အလွန်ထူးချွန်ပြီး အမြော်အမြင်ရှိသော နိုင်ငံရေးသမား မဟုတ်သော်လည်း အနည်းဆုံး နိုင်ငံရေးကိစ္စရပ်များကို ကျွမ်းကျင်သည်။

ဘိုးဘေးလီလျန်တင်းမှာမူ စစ်သည်စစ်စစ် တစ်ဦး ဖြစ်သည်။

သူ့မျက်လုံးထဲတွင် ဧကရာဇ်အာဏာသည် အမြင့်ဆုံး ဖြစ်သည်။ ဧကရာဇ်ရှိနေစဉ်က သူသည် ဧကရာဇ်အပေါ် လုံးဝ သစ္စာရှိခဲ့သည်။ ဧကရာဇ် လဲကျသွားသောအခါ သူသည် အိမ်ရှေ့စံမင်းသားအပေါ် သစ္စာရှိသည်။

သူ့အမြင်တွင် အိမ်ရှေ့စံမင်းသားလုပ်သည့် အရာအားလုံးသည် မှန်ကန်သည်။ ထို့ကြောင့် တုပိုင်က ဝမ်ကျန့်ရှူးကို သတ်ဖြတ်ခြင်းသည် လီလျန်တင်း၏ မျက်လုံးထဲတွင် ပုန်ကန်ခြင်းပင် ဖြစ်သည်။

သို့သော် တုပိုင်သည် မည်သို့ပင်ဆိုစေကာမူ လီဝမ်ဟွေ့၏ မွေးစားသားဖြစ်ပြီး အင်ပါယာအပေါ် ကြီးမားသော ကျေးဇူးရှိသည်။ လီလျန်တင်းသည် အနည်းငယ် ဘဝင်မြင့်ပြီး လမ်းပျောက်နေသော ဤလူငယ်ကို လမ်းပြပေးရမည်ဟု ခံစားမိသည်။

“မဟာနယ်စားမင်းတုပိုင်... မင်း ငါ့ကို ဘိုးဘေးအဖြစ် အသိအမှတ်ပြုသေးရဲ့လား” လီလျန်တင်း မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ဒါပေါ့... ကျွန်တော့်စိတ်ထဲမှာ မွေးစားအဖေက ကျွန်တော့်ရဲ့ အဖေအရင်း ဖြစ်သလို ၊ ဘိုးဘေးကလည်း ကျွန်တော့်ရဲ့ အဘိုးအရင်းပါပဲ”

လီလျန်တင်း ပြောလိုက်သည်။ “မင်းက ငါ့ကို အဘိုးအဖြစ် အသိအမှတ်ပြုသေးတယ်ဆိုရင် မင်းကို အချက်နှစ်ချက် ပြောမယ်။ ပထမအချက်က ဧကရာဇ်က ဧကရာဇ်ပဲ ၊ အမတ်က အမတ်ပဲ။ အမတ်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန် ကိုယ်သိရမယ်။ ဒုတိယအချက်က မင်းသားဆိုတာလည်း ဘုရင်ပဲ။ မင်း ဘယ်လောက်ပဲ ကုသိုလ်ကြီးကြီး ၊ ဧကရာဇ်မင်းမြတ်က မင်းကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး ၊ မင်းက အမတ်ပဲဆိုတာ နားလည်ရဲ့လား”

တုပိုင်က ပြောလိုက်သည်။ “နားလည်ပါတယ်”

“မဟုတ်ဘူး... မင်း လုံးဝ နားမလည်ဘူးလို့ ငါ ထင်တယ်” လီလျန်တင်း ပြောလိုက်သည်။ “ဝမ်ကျန့်ရှူးကို အိမ်ရှေ့စံမင်းသားက လွှတ်လိုက်တာ။ သူ မှားတယ်ဆိုရင်တောင် မင်းက လျှောက်တင်လွှာ တင်ရုံပဲ ရှိတာ။ အိမ်ရှေ့စံမင်းသားက အမှားအမှန် မခွဲခြားတတ်ဘူးလား။ မင်းက တိုက်ရိုက် သတ်ပစ်စရာ လိုလို့လား။ မင်းက အဲဒီလောက်တောင် အာဏာပြချင်နေတာလား။ အဲဒီလောက်တောင် ဘဝင်မြင့်နေတာလား”

တုပိုင် တိတ်ဆိတ်နေလိုက်၏။

သူသည် နောင်လာမည့် ခေတ်ကာလမှ စကားတစ်ခွန်းကို သတိရမိသည်။ လူနှစ်ဦးကြား အကွာအဝေးကို ဆုံးဖြတ်သည်မှာ များသောအားဖြင့် ခံယူချက် သဘောထားများပင် ဖြစ်သည်။

ခံယူချက် မတူညီသော လူများသည် ယခင်က မည်မျှပင် ရင်းနှီးခဲ့ပါစေ တဖြည်းဖြည်း ဝေးကွာသွားကြစမြဲ ဖြစ်သည်။

လီလျန်တင်း မပြောင်းလဲခဲ့ပေ။ သူသည် ကြက်မကြီးကဲ့သို့ပင် သားသမီးမြေးမြစ်များကို ကာကွယ်စောင့်ရှောက်ပြီး သခင်အပေါ် သစ္စာရှိသော လူကြီးသူမ ဖြစ်နေဆဲပင်။ သူ့သစ္စာတရားကို မည်သူမျှ မလှုပ်ခါနိုင်ပေ။ သူသည် အကောင်းဆုံး မိဘ ၊ အကောင်းဆုံး ဘိုးဘေး ဖြစ်နေဆဲပင်။ သူသည် အလွန်ကောင်းမွန်သော လူတစ်ယောက် ဖြစ်သော်လည်း ကံဆိုးစွာဖြင့် တုပိုင်ကို နားမလည်နိုင်ပေ။

အကြောင်းမှာ သူတို့နှစ်ဦး၏ ရှုထောင့်များသည် လုံးဝ ကွဲပြားခြားနားနေသောကြောင့် ဖြစ်သည်။

တုပိုင် မေးလိုက်သည်။ “ဘိုးဘေး... အစ်ကိုလီယွမ်ကို ဘိုးဘေး မွေးစားတုန်းက သူ အသက်ဘယ်လောက်ရှိပြီလဲ”

“ကိုးနှစ်” လီလျန်တင်း ပြောလိုက်သည်။ “မင်း ဘာသဘောနဲ့ မေးတာလဲ”

တုပိုင်သည် အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ “ဘိုးဘေး... တချို့ကိစ္စတွေကို ကျွန်တော်က အိမ်ရှေ့စံမင်းသားကို ပြောလို့မရဘူး။ ဘိုးဘေးကနေတစ်ဆင့် အိမ်ရှေ့စံမင်းသားကို ပြောပေးပါ”

လီလျန်တင်း ပြောလိုက်သည်။ “ပြောပါ”

တုပိုင် ပြောလိုက်သည်။ “ပထမအချက်က ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ လျောင်တုန်းစစ်မြေပြင်မှာ ကျွန်တော် ကူညီပေးထားတဲ့ အမြောက် ၃၀ ကို ဘိုးဘေးတို့ သုံးလို့ရပါတယ်။ ဒုတိယအချက်က အမြောက် ၂၀၀ ကျော်ကို စစ်သူကြီးတစ်ယောက်တည်း လက်ထဲမှာ စုပုံမပေးထားတာ ပိုကောင်းမယ်။ တစ်ဝက်ခွဲပြီး မင်းသမီးနင်းရွှဲ့ရဲ့ စစ်တပ်ကို ပေးလိုက်ပါ။”

တုပိုင် ပြောသောစကားသည် သူ့ရင်ထဲမှ အမှန်တကယ် ပြောခြင်း ဖြစ်သည်။ ဤအမြောက် ၂၀၀ သည် အလွန်အရေးကြီးသည်။ တစ်ယောက်တည်း လက်ထဲတွင် အကုန်စုပုံထားခြင်းသည် အန္တရာယ်များလွန်းသည်။

တုပိုင်၏ စကားကို ကြားသောအခါ ဘိုးဘေးလီလျန်တင်း၏ မျက်နှာ အရောင်ပြောင်းသွားပြီး ပြောလိုက်သည်။ “တုပိုင်... မင်းက မင်းရဲ့ ညီအစ်ကို လီယွမ် အင်ပါယာကို အကျိုးပြုမှာကို မကြည့်ရက်ဘူးလား။ တာ့နင်အင်ပါယာ တစ်ခုလုံးမှာ မင်းတစ်ယောက်တည်းပဲ ကုသိုလ်ယူလို့ ရတာလား။ မင်းတစ်ယောက်တည်းပဲ နာမည်ကောင်း ရချင်တာလား။ မင်းတစ်ယောက်တည်းပဲ အခြေအနေကို ပြောင်းလဲနိုင်တာလား။ မင်းရဲ့ သေရေးရှင်ရေး မသေချာတုန်းက မင်းရဲ့ ညီအစ်ကို လီယွမ်က နေ့တိုင်း မင်းကို လွမ်းနေတာ။ မင်း လက်ထပ်တုန်းက သူ အမြဲတမ်း အလုပ်ရှုပ်ခံပြီး ကူညီပေးခဲ့တာ။ မကြာသေးခင်က စစ်ပွဲတွေ ဖြစ်နေတာတောင် စာထဲမှာ သူ ငါ့ကို အကြိမ်ကြိမ် မေးတယ်။ မင်းရဲ့ သတင်းနဲ့ ဘေးကင်းရေးကို စိုးရိမ်နေတာ”

လီလျန်တင်း တကယ်ပင် ဒေါသထွက်သွားသည်။

“တုပိုင်... မင်းမှာ စိတ်နှလုံးရော ရှိသေးရဲ့လား။ လီယွမ်က မင်းကို ညီအစ်ကိုလို သဘောထားပေမဲ့ မင်းက သူ့ကို ဘယ်လိုမြင်လဲ။ မင်းလမ်းကို ပိတ်ဆို့နေတဲ့သူလား။ မင်းရဲ့ နေရာကို လုယူမယ့်သူလား”

“မဟာနယ်စားမင်းတုပိုင်... မင်းရဲ့ စိတ်သဘောထားက ဒီထက်ပိုပြီး မကြီးနိုင်တော့ဘူးလား”

“လီယွမ်က ငါ့မြေးပဲ။ မင်း တုပိုင်ကလည်း ငါ့မြေးပဲ။ ငါက အမြဲတမ်း မင်းတို့နှစ်ယောက်လုံးကို တန်းတူ ဆက်ဆံခဲ့တယ်။ လက်ဖဝါးနဲ့ လက်ဖမိုး အတူတူပဲ။ ဒါပေမဲ့ အခုကြည့်ရတာ မင်းနဲ့ လီယွမ် ၊ မင်းနဲ့ ငါတို့က လူတန်းစားချင်း မတူတော့ဘူး ထင်ပါတယ်”

“မဟာနယ်စားမင်းတုပိုင်... မင်းက အင်ပါယာအပေါ် ကြီးမားတဲ့ ကျေးဇူးရှိတယ်။ ငါ ဒီနေရာကနေ မင်းကို ဂါရဝပြုပါတယ်။ တာ့နင်အင်ပါယာကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး မင်း ငါ့ကို လာတွေ့စရာ မလိုတော့ပါဘူး။ ငါ့ကိုလည်း အဘိုးလို့ ခေါ်စရာ မလိုတော့ပါဘူး။ ငါ မတတ်နိုင်ပါဘူး”

ပြောပြီးနောက် ဘိုးဘေးလီလျန်တင်းသည် တုပိုင်ကို ဦးညွှတ်လိုက်ပြီး ထိုအတိုင်း အကြာကြီး ရပ်နေလေသည်။

ဤသည်ကား အဘယ်နည်း။ သက္ကန်းဖြတ်ပြီး သံယောဇဉ် ဖြတ်တောက်လိုက်ခြင်းလော။ အတိုချုပ်ဆိုရသော် လမ်းခွဲလိုက်ခြင်းလော။

တုပိုင်သည် ဘိုးဘေးလီလျန်တင်း၏ ခေါင်းမာသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူသည် တစ်ဖက်လူကို အတင်းအဓမ္မ ဆွဲမထူသလို မည်သည့် ရှင်းပြချက်မှလည်း မပေးတော့ဘဲ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “အချိန်က အရာအားလုံးကို သက်သေပြပါလိမ့်မယ်။ ဘိုးဘေး ဂရုစိုက်ပါ”

ထို့နောက် တုပိုင်သည် တည့်တည့်ပင် လှည့်ထွက်သွားလိုက်သည်။

**--**--**--**--**--**--**--**

တုပိုင်သည် ဧကရာဇ်၏ အခန်းသို့ ပြန်ရောက်လာပြီး ဧကရာဇ်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ ယခုအချိန်တွင် သူသည် ဧကရာဇ်၏ နွေးထွေးမှုကို ပိုမိုနက်ရှိုင်းစွာ ခံစားလိုက်ရ၏။

တစ်ချိန်က ဧကရာဇ် သူ့အပေါ် ထားရှိခဲ့သော သံသယကင်းသည့် ယုံကြည်မှုနှင့် ဂရုစိုက်မှုများသည် မည်မျှ တန်ဖိုးရှိပြီး နွေးထွေးခဲ့သနည်း။

သို့သော် ယခုအခါ ဧကရာဇ်သည် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ တုံ့ပြန်မှု အနည်းငယ် ပေးရန်ပင် ခက်ခဲနေရှာသည်။

တုပိုင်၏ စိတ်ဓာတ်ကျနေသော အခြေအနေကို ခံစားမိသဖြင့် ဧကရီသည် ညင်သာစွာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားနဲ့ ဘာဖြစ်ကြတာလဲ။ မင်းသားနဲ့ အဆင်မပြေ ဖြစ်တာလား။ မင်းတို့ ညီအစ်ကိုတွေ ပြောစရာရှိရင် ပြောကြလေ။ အမေက မင်းဘက်ကနေ တရားမျှတအောင် ဆုံးဖြတ်ပေးမယ်။ သူ့ကို အမေ ဆူပေးမယ်”

ဧကရာဇ်ထျန်ယွင်၏ ဧကရီသည် နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားသော ဇနီးသည်လေး ဖြစ်သည်။ လီချန်မင်းကြီး၏ ဇနီး မင်းသမီးနင်းချန်နှင့် မတူပေ။

သူမ၏ အမြင်တွင် တုပိုင်သည် အလွန်လိမ္မာသော ကလေးဖြစ်ပြီး အိမ်ရှေ့စံမင်းသားသည်လည်း အလွန်လိမ္မာသော ကလေးဖြစ်သည်။ တုပိုင်သည် မင်းသမီးနင်းရွှဲ့နှင့် လက်ထပ်ပြီးနောက် သူတို့သည် မိသားစု ဖြစ်သွားကြလေပြီ။ တုပိုင်နှင့် မင်းသားသည် ညီအစ်ကိုအရင်းကဲ့သို့ပင် ဖြစ်သည်။

တုပိုင် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ မယ်တော် စိတ်ပူစရာ မလိုပါဘူး”

ဧကရီက ပြောလိုက်သည်။ “ခဏနေရင် အမေ လျောင်တုန်းကို စာရေးလိုက်မယ်။ နင်းရွှဲ့ ပြန်လာနိုင်မလားလို့ မေးကြည့်မယ်။ မင်းရဲ့ ဇနီးသည်လေ...”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၁ + ၆၅၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters