အခန်း (၆၅၃-၆၅၄)
Vol. 66 Ch. 654-655
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၃ + ၆၅၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“မင်းတို့ ဇနီးမောင်နှံနှစ်ဦး ပြန်လည်ဆုံစည်းနိုင်ဦးမှာပါ။ မဟုတ်ရင် မင်း လျောင်တုန်းကို သွားလိုက်တာနဲ့ လက်ထပ်ပြီးပြီးချင်း တစ်သက်လုံး ပြန်မတွေ့ရတော့သလို ဖြစ်သွားလိမ့်မယ်။ အဲဒီလို အဖြစ်မခံနိုင်ပါဘူး”
တုပိုင် ပြောလိုက်သည်။ “နောင်တစ်ချိန်ကျရင် ပြန်ဆုံစည်းခွင့် ရမှာပါ”
လောကကြီးအကြောင်းကို မသိသည် အပြစ်ကင်းစင်လှသော ဧကရီသည် တုပိုင် လျောင်တုန်းစစ်မြေပြင်သို့ ခြေချခွင့်မရှိကြောင်း မည်သို့ သိနိုင်မည်နည်း။
တုပိုင်သည် ဧကရာဇ်၏ လက်ကို ဆုပ်ကိုင်လျက် တစ်လုံးချင်း လေးနက်စွာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် ၊ အင်ပါယာ ပြန်လည်ရှင်သန်ဖို့အတွက် ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”
ထို့နောက် တုပိုင်သည် ဧကရီကို တိုက်ရိုက် နှုတ်ဆက်ဂါရဝပြုလိုက်လေသည်။
ဧကရီက အာမေဋိတ် ရေရွတ်လိုက်သည်။ “ဒီလောက် အလောတကြီးလား။ ဘယ်ဖြစ်နိုင်မလဲ။ အနောက်တောင်ပိုင်းမှာ ဘယ်လောက်ပဲ အရေးကြီးကိစ္စ ရှိပါစေ ၊ အခုချက်ချင်း ထွက်သွားစရာ မလိုပါဘူး။ ထမင်းတစ်နပ်တောင် မစားရသေးဘူး။ အနည်းဆုံးတော့ နင်းရွှဲ့ကို ပြန်ခေါ်ပြီး တစ်ညလောက် ပြန်ဆုံစည်းခိုင်းလိုက်ပါဦး”
တုပိုင်က ပြန်လည်လျှောက်တင်လိုက်သည်။ “အနောက်တောင်ပိုင်းမှာ ကျွန်တော် ဖြေရှင်းစရာ ကိစ္စတွေ အရမ်းရှုပ်ထွေးနေလို့ပါ”
ဧကရီက ဆက်လက်မိန့်တော်မူသည်။ “မရဘူး... မင်း မသွားခင် ထမင်းတစ်နပ်တော့ စားသွားရမယ်။ မဟုတ်ရင် ငါ့လို ယောက္ခမက သိပ်ပြီး မျက်နှာပူစရာ ကောင်းနေလိမ့်မယ်”
ထို့နောက် ဧကရီသည် ပွဲတော်တည်ရန် ပြင်ဆင်ပေးဖို့ရာ ထွက်ခွာသွားလေသည်။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် တုပိုင် ၊ အိမ်ရှေ့စံနှင့် ဧကရီတို့သည် စားပွဲဝိုင်းငယ်လေး၌ ထိုင်ကာ ပွဲတော်တည်နေကြသည်။ အားလုံးမှာ အိမ်ချက်ဟင်းလျာများ ဖြစ်သော်လည်း အလွန် အရသာရှိလှပေသည်။
ဧကရီသည် တုပိုင်အတွက် ဟင်းလျာများကို မကြာခဏ ထည့်ပေးနေလေသည်။
“များများစားပါ... တကယ်ပဲ အဲဒီလောက် အရေးကြီးနေတာလား။ တစ်ညလောက်တောင် နေလို့မရဘူးလား” ဧကရီသည် စိတ်မကောင်းစွာ ဆိုလိုက်သည်။
သူမသည် တူမောင်အရင်းတစ်ယောက်ပမာ တုပိုင်အပေါ် သံယောဇဉ် အပြည့်အဝ ရှိနေပေသည်။
တုပိုင်သည် သူမ၏ ခင်ပွန်းအသက်ကို ကယ်တင်ပေးခဲ့ပြီး အင်ပါယာ၏ အကျပ်အတည်းကိုလည်း အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသည်။ သူမ၏ မျက်လုံးထဲတွင် တုပိုင်သည် အကောင်းဆုံး လူငယ်နှင့် အကောင်းဆုံး အမတ်ကောင်းတစ်ဦး ဖြစ်နေပေသည်။
အိမ်ရှေ့စံ ဝင်ရောက်ပြောကြားလိုက်သည်။ “တုပိုင်... တစ်ညလောက် နေလိုက်ပါလား။ မဟုတ်ရင် မယ်မယ်က ကိုယ်တော့်ကို တစ်လလောက် ဆူနေတော့မှာ”
တုပိုင်က ငြင်းဆန်လိုက်သည်။ “မနေတော့ပါဘူး... နောက်ပိုင်း အခြေအနေက အရမ်းကျပ်တည်းလာမှာမို့လို့ တကယ်ပဲ နေဖို့အချိန်မရှိတော့ပါဘူး”
အိမ်ရှေ့စံက ပြောလိုက်သည်။ “ကောင်းပြီလေ... ဒါဆို ခဏနေရင် ကိုယ်တော် လိုက်ပို့ပေးမယ်”
ဧကရီသည် မျက်ရည်စများဖြင့် ဆိုလိုက်သည်။ “မင်းတို့က တကယ် စကားနားမထောင်ကြဘူး။ အဲဒီတုန်းက နင်းရွှဲ့ကလည်း ဒီလိုပဲ။ စကားတစ်ခွန်းမှ မပြောဘဲ လျောင်တုန်းစစ်မြေပြင်ကို ထွက်သွားတယ်။ အခု မင်း တုပိုင်ကလည်း ဒီလိုပဲ။ အခုမှ ရောက်လာပြီး အခုချက်ချင်း ပြန်သွားတော့မယ်။ အရှင်မင်းကြီးနဲ့ ငါက မင်းတို့ကို နေရထိုင်ရ ခက်အောင် လုပ်နေလို့လား။ မတွေ့ချင်ကြတော့ဘူးလား”
ဧကရီ၏ မျက်ရည်များနှင့် နှမြောတသ ဖြစ်နေမှုများကြားမှ တုပိုင်သည် နန်းတော်မှ ထွက်ခွာလာခဲ့သည်။
အိမ်ရှေ့စံသည် နောက်တစ်ကြိမ် မြို့တော်ပြင်ပအထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ တုပိုင်သည် မြို့တော်တွင် အစမှအဆုံး သုံးနာရီအောက်သာ ကြာမြင့်ခဲ့လေသည်။
မြို့တော် ဆင်ခြေဖုံး...
အိမ်ရှေ့စံသည် အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးမှ မေးမြန်းလိုက်သည်။ “တုပိုင်... မင်းရဲ့ စစ်သည်ငါးသောင်းကို ပြန်ခေါ်သွားချင်သလား”
တုပိုင် ဒေါသထွက်သွားမိသည်။ သူသည် ထိုမျှ ယုတ်မာသော လူဆိုးတစ်ယောက် မဟုတ်သေးပေ။
သူ့အား မနာလိုဝန်တိုတတ်သည့် လူဆိုးတစ်ယောက်ဟု အမှန်တကယ် ထင်မှတ်နေပါသလော။ လျောင်တုန်းစစ်ပွဲ ရှုံးနိမ့်မည်ကို မျှော်လင့်နေသကဲ့သို့ ထင်မှတ်နေပါသလော။
တုပိုင်သည် အိမ်ရှေ့စံကို ကြည့်ကာ ပြောလိုက်သည်။ “အိမ်ရှေ့စံအိမ်ရှေ့စံ... ရှန်ယန်နဲ့ လျောင်တုန်းမှာ အောင်ပွဲရဖို့ ကျွန်တော့်ထက် ပိုလိုလားတဲ့သူ ဘယ်သူမှ မရှိပါဘူး။ တစ်ချက်တည်းနဲ့ အကုန်ချေမှုန်းပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းမှာ အနိုင်ရမှ ကျွန်တော် အနောက်တောင်ပိုင်းမှာ အေးအေးဆေးဆေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ။ အနောက်တောင်ပိုင်း မူဝါဒသစ်က အချိန်အလိုအပ်ဆုံးပဲ”
ဤသည်မှာ သူ၏ ရင်ထဲမှလာသော စကားအစစ်အမှန် ဖြစ်သည်။ ခြုံငုံသုံးသပ်ကြည့်လျှင် သူသည် လျောင်တုန်း၌ ကြီးမားသော အောင်ပွဲရရှိရန် အလွန် မျှော်လင့်နေမိသည်။ ထိုသို့ဆိုလျှင် လီယွမ်သည် နယ်စားဘွဲ့ ရရှိမည်ဖြစ်ပြီး အိမ်ရှေ့စံ၏ ထောက်ပံ့မှုဖြင့် အပြောင်းအလဲများကို တားဆီးရန် စစ်ဘုရင်ကြီးတစ်ပါး ဖြစ်လာပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက လီယွမ်သည် တုပိုင်ကို အစားထိုးပြီး တာ့နင်အင်ပါယာ၏ မဟာကယ်တင်ရှင် ၊ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။ သို့သော် တုပိုင် လုံးဝ ဂရုမစိုက်ပေ။ သူသည် မည်သူနှင့်မျှ ကုသိုလ်လုရန် ၊ ဂုဏ်သတင်းလုရန် စိတ်ကူးမရှိချေ။
သူ့ရည်မှန်းချက် တစ်ခုတည်းမှာ ပိုမိုသန်မာလာရန်နှင့် သူ၏ တာဝန်ကို ကျေပွန်ရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် လျောင်တုန်းအောင်ပွဲကို အလွန် လိုလားသည်။ သို့သော် နဂါးတစ်ကောင်ကဲ့သို့ သူ၏ အာရုံခံစားမှုက အရာရာသည် ခန့်မှန်းရခက်သော အခြေအနေသို့ ရောက်ရှိနေပြီဟု သတိပေးနေသည်။
အိမ်ရှေ့စံသည် အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။ “ကိုယ်တော် မှားသွားပါတယ်”
တုပိုင်က နှုတ်ဆက်လိုက်သည်။ “ကျွန်တော်မျိုး နှုတ်ဆက်ပါတယ်”
ထို့နောက် တုပိုင်သည် တောရိုင်းမြင်းဘုရင်ပေါ်သို့ တက်ကာ မြင်းစီးသမား တစ်ရာအောက်ကို ဦးဆောင်၍ တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားပြီး မြို့တော်မှ လုံးဝ ထွက်ခွာသွားလေတော့သည်။
အိမ်ရှေ့စံ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် တုပိုင် အမိန့်ပေးလိုက်သည်။ “မင်းတို့ ငါ့ရဲ့ ကိုယ်စားလှယ်ကို စောင့်ရှောက်ပြီး အနောက်တောင်ပိုင်းကို အမြန်ဆုံး ပြန်ကြ”
“ဟုတ်ကဲ့ပါ” မြင်းစီးသမား တစ်ရာနီးပါး ဟစ်အော်လိုက်ကြသည်။
အမှောင်ထုကို အခွင့်ကောင်းယူပြီး တုပိုင်သည် အခြားဘက်သို့ မြင်းဒုန်းဆိုင်း နှင်လိုက်ပြီး အရှေ့တောင်ဘက်သို့ အရူးအမူး ပြေးထွက်သွားလေသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ရှန်ယန်မြို့ ခံစစ်မျဉ်းတွင် တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့၏ ကံကြမ္မာ အဆုံးအဖြတ်တိုက်ပွဲ တရားဝင် စတင်ပြီဖြစ်၏။
နှစ်ဖက်စလုံးမှ စုစုပေါင်း စစ်သည်အင်အားသည် ခြောက်သိန်းကျော် ရှိသည်။ တာ့နင်အင်ပါယာ လေးသိန်း နှင့် ဂျာချင်အင်ပါယာ နှစ်သိန်းတို့ဖြစ်ကြသည်။
ဤသည်မှာ တိုင်းပြည်ကံကြမ္မာအတွက် တိုက်ပွဲပင် ဖြစ်သည်။ အကယ်၍ ဂျာချင်အင်ပါယာ ရှုံးနိမ့်ပါက တိုင်းပြည်ပျက်သုဉ်းမည့် အန္တရာယ် ရှိသည်။
အကယ်၍ တာ့နင်အင်ပါယာ ရှုံးနိမ့်ပါက လျောင်တုန်းတစ်ခုလုံး ကျဆုံးသွားနိုင်ပြီး ဂျာချင်အင်ပါယာ စစ်တပ်သည် ရှန်ဟိုင်ကွမ်အောက်သို့ တိုက်ရိုက် ရောက်ရှိလာကာ တာ့နင်အင်ပါယာ၏ မြို့တော်ကို ခြိမ်းခြောက်လာနိုင်သည်။
ဤသည်မှာ မင်မင်းဆက်လက်ထက် ဆာဟူတိုက်ပွဲ မဟုတ်ပေ။ ဤအဆုံးအဖြတ်တိုက်ပွဲ၏ အတိုင်းအတာသည် ပိုမိုကြီးမားပြီး အကျိုးဆက်များမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
လီလျန်တင်း၏ မွေးစားမြေး ၊ အိမ်ရှေ့စံ၏ တိုက်ရိုက်အင်အားစု ၊ တုပိုင်၏ မွေးစားအစ်ကို ဖြစ်သူ လျောင်ယန်စစ်သူကြီး လီယွမ်သည် စစ်တပ်စခန်းတွင် ရှိနေသည်။
တာ့နင်အင်ပါယာ၏ ကြယ်ပွင့် လီယွမ်သည် ဆက်တိုက် အောင်ပွဲကြီးများ ရရှိထားပြီး တုပိုင်ကို အစားထိုးနိုင်မည့် လူငယ်စစ်နတ်ဘုရားဟု လူသိများ ကျော်ကြားနေသည်။
သူသည် ဖယောင်းတိုင်မီးကို ငေးကြည့်ရင်း တွေးတောနေပြီး သူ့ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေလေ၏။
စစ်တပ်စခန်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ရှိသည်။ သူသည် အခြေအနေ အများအပြားတွင် တစ်ယောက်တည်း နေတတ်ပြီး ဘေးနားတွင် မည်သူ့ကိုမျှ ထားလေ့မရှိပေ။
လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း သူသည် အလွန်အေးစက်သော လူတစ်ယောက် ဖြစ်ခဲ့သည်။ လီလျန်တင်း ၊ တုပိုင်နှင့် အခြားသူများ ရှေ့၌သာ သူသည် အလွန်နွေးထွေး ဖော်ရွေတတ်သည်။
ရုတ်တရက် လူရိပ်တစ်ခု ဝင်လာပြီး အေးစက်စွာ ပြောလိုက်၏။ “သခင်ကြီးရဲ့ လျှို့ဝှက်စာ ၊ အရေးပေါ်အခြေအနေပါ”
လီယွမ်သည် လျှို့ဝှက်စာကို လက်ခံရယူလိုက်ပြီး ပင်လယ်ရေငွေ့ အနံ့ကိုပါ ရလိုက်သည်။ လျှို့ဝှက်စာကို ဖွင့်ဖောက်ပြီး အထဲမှ အကြောင်းအရာကို မြင်လိုက်ရသောအခါ လီယွမ်၏ မျက်နှာ အရောင်ပြောင်းသွားပြီး တစ်ကိုယ်လုံး တုန်ခါလာသည်။
စာလွှာထဲ၌ ရိုးရှင်းသော စာလုံးသုံးလုံးသာ ပါရှိသည်။ “အချိန်ကျပြီ”
**--**--**--**--**--**--**--**
တစ်ရက်ခွဲ ကြာပြီးနောက်... တုပိုင်သည် ပေမင်ဓားဂိုဏ်း၌ နင်တောက်ရွှမ်၏ ရှေ့တွင် ပေါ်လာသည်။
ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသည်။ လက်ရှိအချိန်တွင် သူ့ရင်ထဲရှိ တုန်လှုပ်မှုနှင့် ကြောက်လန့်မှုများကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။
တုပိုင်သည် ကမ္ဘာ့အက်ကြောင်းထဲသို့ ပစ်ချခံရပြီးနောက် အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ဤကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
သူသည် မိန်းမစိုးဘဝမှ သာမန်ယောက်ျားတစ်ယောက် ဖြစ်လာရုံသာမက လူတစ်ကိုယ်လုံးသည် ကျားတစ်ကောင် ၊ နဂါးတစ်ကောင်ကဲ့သို့ ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ထို့ပြင် ယခုလေးတင်ပင်... တုပိုင် မျက်လုံးမှိတ်လိုက်ပြီး သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့မျက်လုံးများ လုံးဝ ပြောင်းလဲသွားပြီး မျက်နှာနှင့် ခန္ဓာကိုယ်ပုံစံပါ ပြောင်းလဲသွားသည်။
တုပိုင်၏ ခန္ဓာကိုယ်ပေါ်တွင် အခြားအလင်းရောင်နှင့် အရိပ်တစ်ခု လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
ပေမင်ဓားဂိုဏ်း၏ ၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်... သူ၏ ဝိညာဉ်စွမ်းအားသည် ပရဝုဏ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ၏ ပုံရိပ်သည် တုပိုင်အပေါ်၌ ပေါ်လာသည်။
ချက်ချင်းပင် နင်တောက်ရွှမ်သည် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ပေမင်မဟာအတတ်၏ စွမ်းအင်အငွေ့အသက်ပင် ဖြစ်သည်။
“ပေမင်ဓားဂိုဏ်းရဲ့ ၂၀ ဆက်မြောက် ဂိုဏ်းချုပ် အမိန့်နာခံလော့” ဝူယာကျစ်၏ အလင်းရောင်အရိပ်က ပြောလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ နင်တောက်ရွှမ် ခေါင်းငုံ့ပြီး ပြောလိုက်သည်။ “တပည့် ရှိပါတယ်”
၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်၏ အလင်းရောင်အရိပ်က ပြောလိုက်သည်။ “တုပိုင်က ပေမင်ဘိုးဘေးတွေ ဟောကိန်းထုတ်ထားတဲ့ ပုဂ္ဂိုလ် ၊ တာဝန်ရှင်ရဲ့ ကောင်းကင်သခင်ပဲ။ ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် အနေနဲ့ ငါက တုပိုင်ကို နောက်ထပ် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်လိုက်တယ်”
**--**--**--**--**--**--**--**
ရှန်ယန်စစ်ပွဲ ၊ လီယွမ်၏ စစ်တပ်စခန်း အတွင်း... လျှို့ဝှက်စာကို ဖတ်ပြီးနောက် လီယွမ်သည် အချိန်ကြာမြင့်စွာ မလှုပ်မယှက် နေနေသည်။
အသံပိုင်ရှင်က ပြောလိုက်သည်။ “ဘယ်လိုလဲ။ အဆင်မပြေတာ ရှိလို့လား”
လီယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မရှိပါဘူး” ထို့နောက် ထိုလူရိပ် ထွက်ခွာသွားလေသည်။
လီယွမ်သည်လည်း ချက်ချင်းပင် ဤလျှို့ဝှက်စာကို မီးထဲသို့ ပစ်ထည့်ပြီး မီးရှို့လိုက်သည်။ ထို့နောက် သူသည် ဖယောင်းတိုင်မီးကို ငေးကြည့်ရင်း တွေးတောနေသည်။
လွန်ခဲ့သော ဆယ်နှစ်တာ ကာလကို ပြန်လည်အမှတ်ရနေသကဲ့သို့ပင်။ လီလျန်တင်း၏ မေတ္တာ ၊ ဧကရာဇ်၏ လေးစားမှုနှင့် အိမ်ရှေ့စံ၏ ရိုးသားစွာ သွန်သင်ဆုံးမမှုတို့ကို ပြန်လည်ကာ အမှတ်ရလိုက်မိသည်။
အချိန်ကြာမြင့်စွာ ကြာပြီးနောက် သူသည် တဲထဲမှ ထွက်လာပြီး မြင်းပေါ်တက်ကာ မင်းသမီးနင်းရွှဲ့၏ စစ်တပ်စခန်းဘက်သို့ ထွက်လာခဲ့သည်။
လီယွမ်ကို မြင်လိုက်ရသောအခါ လမ်းတစ်လျှောက်ရှိ စစ်သည်များ အားလုံးသည် အလွန်အမင်း လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ယခုအချိန်တွင် လီယွမ်သည် သူတို့၏ သူရဲကောင်း ၊ လျောင်တုန်းရှိ တာ့နင်အင်ပါယာ စစ်တပ်အားလုံး၏ သူရဲကောင်း ဖြစ်သည်။
အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး လျောင်ယန်မြို့ကို ပြန်လည်သိမ်းပိုက်ပေးခဲ့သူမှာ သူပင် ဖြစ်သည်။ စစ်တပ်ကို ဦးဆောင်ပြီး ဆက်တိုက် အောင်ပွဲများ ရယူပေးခဲ့သူမှာ သူပင် ဖြစ်သည်။ ထိုအချက်က စစ်သည်သိန်းပေါင်းများစွာ၏ စိတ်ဓာတ်ကို မြင့်တက်စေခဲ့သည်။
သခင်ကြီးလီယွမ်သည် ယခုအချိန်တွင် သူတို့၏ ကယ်တင်ရှင်နှင့် မျှော်လင့်ချက် ဖြစ်သည်။
သူတို့သည် အနောက်တောင်ပိုင်းတွင် တိုက်ခိုက်နေသော မဟာနယ်စားမင်းတုပိုင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သခင်ကြီးလီယွမ်ထက် မသာလွန်နိုင်ဟု ထင်ကြသည်။ အနောက်တောင်ပိုင်းရှိ တုပိုင်၏ ရန်သူမှာ လီမိသားစု စော်ဘွား ဖြစ်ပြီး သခင်ကြီးလီယွမ် ရင်ဆိုင်နေရသည်မှာ အစွမ်းထက်သော ဂျာချင်အင်ပါယာ ဖြစ်သည်။ ပြိုင်ဘက်ကင်း ဂျာချင်စစ်သည်တော်များဟု လူသိများသည်။
ထို့ကြောင့် နှိုင်းယှဉ်ကြည့်လျှင် သခင်ကြီးလီယွမ်သည် ပိုမိုလုပ်ဆောင်နိုင်ခဲ့ပြီး သခင်ကြီးလီယွမ်သည် ပိုမိုစွမ်းအားကြီးမားသင့်ပေသည်။
ဤစစ်ပွဲကြီး ပြီးသွားလျှင် သခင်ကြီးလီယွမ်သည် တုပိုင်ကဲ့သို့ပင် တူညီသော ဘွဲ့ထူးဂုဏ်ထူး ရရှိသင့်သည်။
“သခင်ကြီးလီယွမ် သက်တော်ရာကျော် ရှည်ပါစေ”
“သခင်ကြီးလီယွမ် ၊ နယ်စားမင်းကြီး ဖြစ်ပါစေ”
လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော စစ်သည်များသည် ဒူးထောက်ပြီး လီယွမ်ကို အရိုအသေပြုကာ ကြွေးကြော်နေကြသည်။
လီယွမ်သည် ခေါင်းညိတ်ရုံသာ နှုတ်ဆက်လိုက်ပြီး အထူးတလည် ရင်းနှီးပုံ မပြခဲ့ပေ။
“လျောင်ယန်စစ်သူကြီးက အိမ်ရှေ့စံမင်းသမီးကို လာရောက် တွေ့ဆုံပါတယ်” လီယွမ် အပြင်ဘက်မှ လှမ်းပြောလိုက်သည်။
ခဏအကြာတွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော မင်းသမီးနင်းရွှဲ့ ထွက်လာပြီး နှုတ်ဆက်လိုက်သည်။ “အစ်ကိုလီယွမ်”
သူမသည် တုပိုင်၏ အခေါ်အဝေါ်အတိုင်း လိုက်ခေါ်ခြင်း ဖြစ်သည်။.လျောင်တုန်း ရာသီဥတု အေးသဖြင့် မင်းသမီး၏ စစ်ဝတ်စုံပေါ်တွင် တောခွေးသားမွေး ဝတ်ရုံကို ထပ်ဝတ်ထားရာ သူမ၏ လှပသော မျက်နှာလေးကို ပိုမိုမြင့်မြတ်ပြီး ကျက်သရေရှိစေသည်။
စစ်တပ်စခန်းထဲသို့ ဝင်ရောက်ပြီးနောက် မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။ “အစ်ကိုလီယွမ်... ဘာစစ်ရေးကိစ္စများ ရှိလို့ပါလဲ”
လီယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်က လီယင်းတူအကြောင်း ပြောချင်လို့ပါ”
လီယင်းတူ ၊ တစ်နည်းအားဖြင့် ဝမ်ယန်ယင်းတူ... တာ့နင်အင်ပါယာ၏ အတောက်ပဆုံး လူငယ်ကြယ်ပွင့် ၊ မင်းသမီးနင်းရွှဲ့၏ ခင်ပွန်းလောင်း ဖြစ်လုနီးပါး ဖြစ်ခဲ့သူပင်။ သူသည် တာ့နင်အင်ပါယာ၏ အကြီးမားဆုံး သစ္စာဖောက်လည်း ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ယန်ယင်းတူသည် ဂျာချင်အင်ပါယာ မင်းသမီး၏ ခင်ပွန်းဖြစ်နေပြီး ဂျာချင်အင်ပါယာ၏ ထိပ်တန်း ခေါင်းဆောင်ငါးဦးအနက် တစ်ဦး ဖြစ်သည်။
ထို့အပြင် လျောင်တုန်းစစ်တပ်၏ အကြီးမားဆုံး ရန်သူလည်း ဖြစ်သည်။ ဂျာချင်အင်ပါယာနှင့် စစ်ပွဲများတွင် ရန်သူ့တပ်မှူးမှာ ဝမ်ယန်ယင်းတူ ဖြစ်လေ့ရှိပေသည်။ အကြောင်းမှာ သူသည် တာ့နင်အင်ပါယာ၏ အခြေအနေကို အသိဆုံး ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် တာ့နင်အင်ပါယာ စစ်တပ်သည် ဝမ်ယန်ယင်းတူ၏ စစ်တပ်နှင့် တွေ့ဆုံလျှင် ဆယ်ပွဲတိုက်ပါက ကိုးပွဲ ရှုံးနိမ့်လေ့ရှိသည်။ တိုက်ဆိုင်စွာပင် ယခု ရှန်ယန်ဝေ တိုက်ပွဲတွင် ဂျာချင်အင်ပါယာ၏ တပ်မှူးမှာ ဝမ်ယန်ယင်းတူ ဖြစ်နေသည်။
ထိုနာမည်ကို ကြားသောအခါ မင်းသမီးနင်းရွှဲ့သည် အလွန်အေးစက်စွာ တုံ့ပြန်ပြီး ပြုံးလိုက်သည်။ “တကယ်တော့ ရန်သူ့တပ်မှူးအကြောင်း ကျွန်မ သိတာက တခြားသူတွေ သိတာနဲ့ အတူတူပါပဲ။ ကျွန်မ သူနဲ့ တိုက်ရိုက် မတိုက်ခိုက်ပါဘူး”
လီယွမ်က ဆက်မေးလိုက်သည်။ “မင်းသမီး ထင်တာကလေ... အဲဒီတုန်းက လီယင်းတူ ဘာလို့ ပုန်ကန်သွားတာလဲ”
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် မင်းသမီးနင်းရွှဲ့ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ မသိဘူး... မသိဘူး...”
ထိုစဉ်က လျောင်တုန်းစစ်မြေပြင်တွင် လီယင်းတူသည် မဟာနယ်စားမင်းယွမ်ထိန်၏ လှည့်ကွက်ကြောင့် အကြီးအကျယ် ရှုံးနိမ့်ခဲ့သော်လည်း လုံးဝ အခြေအနေမဲ့သွားသည်တော့ မဟုတ်ပေ။
ထို့ကြောင့် သူ ပုန်ကန်ခြင်းသည် အမှန်တကယ် ရုတ်တရက်ဆန်ပြီး သူ ပုန်ကန်လိုက်ခြင်းကြောင့် ရှန်ယန်မြောက်ဘက်ရှိ တာ့နင်အင်ပါယာ ခံတပ်အားလုံးနီးပါး ကျဆုံးသွားပြီး ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။
လီယွမ်က မေးလိုက်သည်။ “အခုထိ ညီလေးတုပိုင်ဆီက သတင်းမကြားရသေးဘူးလား”
မင်းသမီးနင်းရွှဲ့ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မကြားရသေးပါဘူး”
အတိုချုပ် ပြောရလျှင် သူမသည် တုပိုင်ဆီမှ မည်သည့်သတင်းမျှ မရရှိသေးပေ။ တုပိုင် တာ့နင်အင်ပါယာသို့ ပြန်ရောက်နေသည်မှာ ရက်ပေါင်း ၂၀ ရှိနေပြီ ဖြစ်သော်လည်း သတင်းမရသေးပေ။
လီယွမ် ပြောချင်သော်ငြား ရပ်တန့်လိုက်မိသည်။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “အစ်ကို ပြောစရာရှိရင် ပြောပါ”
လီယွမ်က ပြောလိုက်သည်။ “တုပိုင်က ပေမင်ဂိုဏ်းချုပ်ရဲ့ လက်ချက်နဲ့ ကမ္ဘာ့အက်ကြောင်းထဲ ပြုတ်ကျသွားတာ။ ပျောက်သွားတာ တစ်နှစ်နီးပါး ရှိနေပြီ။ တကယ်လို့... သူ ပြန်မလာနိုင်တော့ရင် ဘယ်လိုလုပ်မလဲ”
မင်းသမီးနင်းရွှဲ့ လန့်သွားပြီး ပြောလိုက်သည်။ “ပြန်မလာနိုင်တော့ရင်လား။ ဒါဆိုရင်တော့ ကျွန်မ သူ့အတွက် တစ်သက်လုံး မုဆိုးမအဖြစ် နေသွားမှာပေါ့”
လီယွမ် အံ့သြသွားသည်။ “ဘာဖြစ်လို့လဲ”
မင်းသမီးနင်းရွှဲ့က ဖြေလိုက်သည်။ “ကျွန်မနဲ့ ခင်ပွန်းက အချိန်တိုလေးပဲ ထိတွေ့ခွင့်ရခဲ့ပေမဲ့ ၊ အချစ်အတွက် သေမပေးနိုင်ရင်တောင် သူ့အတွက် တစ်သက်လုံး မုဆိုးမအဖြစ် နေပေးတာက သဘာဝကျပါတယ်”
လီယွမ်က ပြောလိုက်သည်။ “ဒါပေမဲ့ အိမ်ရှေ့စံမင်းသမီးက ငယ်ငယ်လေး ရှိပါသေးတယ်”
မင်းသမီးနင်းရွှဲ့ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “နောက်ကျနေပြီ။ ဗိုလ်ချုပ်လီယွမ် တခြားစစ်ရေးကိစ္စ မရှိတော့ရင် ပြန်ပါတော့”
လီယွမ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး ပြန်ပါတော့မယ်” ထို့နောက် သူ ထွက်ခွာသွားရာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
သူသည်လည်း တုပိုင်ကဲ့သို့ မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း တိကျသော သတင်းရရှိထားပြီး ဖြစ်သည်။ သူ့အခြေအနေသည် ယောက်ျားစွမ်းရည် ပြန်လည်ရရှိနိုင်သည်။
ထို့အပြင် တိကျပြီး ရှင်းလင်းသော နည်းလမ်းလည်း ရှိပေသည်။ တချို့လူများသည် ပျော်ရွှင်သည့်အခါ မျက်နှာထား တင်းမာနေတတ်ပြီး စိတ်မကောင်းဖြစ်သည့်အခါ ပျော်ပျော်ရွှင်ရွှင် ပြုံးနေတတ်သည်။
တုပိုင်နှင့် မင်းသမီးနင်းရွှဲ့ လက်ထပ်သည့်နေ့က လီယွမ်သည် ပျော်ပျော်ရွှင်ရွှင် ပြုံးနေခဲ့သည်။ မိန်းမစိုးများတွင် ယောက်ျားမိန်းမ ခံစားချက် မရှိသည်တော့ မဟုတ်ပေ။ အထူးသဖြင့် လီယွမ်ကဲ့သို့သော မိန်းမစိုးမျိုးတွင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က သူ့မျက်လုံးထဲတွင် မင်းသမီးနင်းရွှဲ့တစ်ယောက်တည်းသာ အင်ပါယာ၏ ပန်းပွင့် ဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် အလှဆုံး အမျိုးသမီး ဖြစ်ရုံသာမက အမြင့်မြတ်ဆုံး အမျိုးသမီးလည်း ဖြစ်သောကြောင့်ပင်။ ဤသို့သော အမျိုးသမီးမျိုးကို လက်ထပ်ရခြင်းသည် ယောက်ျားတစ်ယောက်၏ ဘဝတွင် အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်ပေသည်။
သေချာသည်မှာ လီယွမ်သည် တစ်ကြိမ်တစ်ခါမျှ ဘာမှ လုပ်ရဲခဲ့ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်သည်။ သူ ကိုးနှစ်သားအရွယ်တွင် လီလျန်တင်းနောက်ကို လိုက်ခဲ့စဉ်က ကလေးလေးသာ ရှိသေးသည်။
သို့သော် သူသည် ကိုးနှစ်မဟုတ်ဘဲ ၁၇ နှစ် ရှိနေပြီဟူသော အချက်ကို သူတစ်ဦးတည်းသာ သိရှိထားသည်။ ထို့ပြင် သူသည် များစွာ နားလည်နေပြီ ဖြစ်သည်။
၁၇ နှစ် ဖြစ်နေပါလျက် အဘယ်ကြောင့် ကိုးနှစ် ဖြစ်နေရသနည်း။ သေချာပါသည်။ အကြောင်းရင်း တစ်ခုခုကြောင့် လီယွမ်သည် ထိုစဉ်က ဒုက္ခအများကြီး ခံစားခဲ့ရသည်။
လီယွမ်သည် လုံးဝ ထူးချွန်သူ ဖြစ်သည်။ လီလျန်တင်းထံ ရောက်ရှိပြီး နှစ်အနည်းငယ်အတွင်း၌ပင် သူသည် တောက်ပလာခဲ့သည်။ ပြိုင်ဘက်တစ်ယောက်နှင့် မတွေ့မချင်းပင်။ ထိုသူကား တုပိုင် ဖြစ်သည်။
အစပိုင်းတွင် လီယွမ်သည် တုပိုင်ကို အထင်သေးခဲ့ပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။ သို့သော် တုပိုင်သည် ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် ကိစ္စများကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် ကျန့်ရှီးနယ်စားမင်း တိုက်ရိုက် ဖြစ်လာကာ မင်းသမီးနင်းရွှဲ့နှင့် လက်ထပ်ခဲ့သည်။
အစပိုင်း၌ လီယွမ်သည် သူ့ကို ပြိုင်ဘက်ဟု လုံးဝ မသတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ နှစ်ယောက်စလုံး စမှတ်ချင်း တူသည်ဟု ဝန်ခံခဲ့ရသည်။ သို့ရာတွင် နောက်ဆုံး၌မူကား သူသည် တုပိုင်၏ နောက်တွင် ကျန်ရစ်ခဲ့ပြီး ကျောပြင်ကိုပင် မမြင်ရတော့ချေ။
သူ့ရင်ထဲတွင် မြွေကိုက်ခံရသကဲ့သို့ ခံစားနေရသည်။
တုပိုင်နှင့် နင်းရွှဲ့ လက်ထပ်သည့်ညတွင် ထိုခံစားချက်သည် အထွတ်အထိပ် ရောက်သွားခဲ့သည်။
လီယွမ်သည် တုပိုင်အတွက် ဝိုင်ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည်။ အစ်ကိုတစ်ယောက်ထက် ပိုရင်းနှီးသလို ဟန်ဆောင်ခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ သူ့ရင်ထဲတွင် သွေးထွက်နေပြီး အလွန်အမင်း မနာလို ဖြစ်နေသောကြောင့်ပင်။
တစ်ချိန်က သူ့ပြိုင်ဘက်သည် တောက်ပနေပြီး သူသည် မော့ကြည့်နေရသည်။ ထို့ပြင် သူ အိပ်မက်မက်ခဲ့သော နတ်သမီးသည်လည်း သူ့ပြိုင်ဘက် တုပိုင်နှင့် လက်ထပ်လိုက်ပြီ ဖြစ်သည်။
အရက်သောက်နေရင်း လီယွမ်သည် စိတ်ထဲမှ လှောင်ပြောင်နေခဲ့သည်။
“မင်းသမီးနင်းရွှဲ့လို ရင်သပ်ရှုမောဖွယ် အလှပဂေးကို လက်ထပ်ရရင်တောင် ၊ တုပိုင်... မင်းက မိန်းမစိုးပဲ။ မင်း လုပ်နိုင်လို့လား။ မင်္ဂလာဦးညမှာ လုပ်နိုင်လို့လား။ သင်းကွပ်ခံထားရတဲ့ အမှိုက်ကောင် မဟုတ်ဘူးလား”
ချက်ချင်းဆိုသလိုပင်... အားရပါးရ သောက်နေသော လီယွမ်သည် စိတ်ထဲမှ ဆုတောင်းနေခဲ့သည်။ “မင်္ဂလာဦးညမှာ တုပိုင် ရုတ်တရက် သွေးအန်ပြီး သေပါစေ။ ရုတ်တရက် လေဖြတ်ပြီး သေပါစေ။ မင်းသမီးနင်းရွှဲ့ရဲ့ လက်ချောင်းလေးတစ်ချောင်းတောင် မထိရဘဲ တက်ပြီး သေပါစေ”
သူ့ဆုတောင်းသည် ရယ်စရာကောင်းမှန်း သူသိသည်။ ဤကျိန်စာသည် မည်သို့လုပ်၍ အစွမ်းထက်မည်နည်း။
သို့သော် တုပိုင်သည် မင်္ဂလာဦးခန်းဆောင်တွင် အမှန်တကယ် သွေးအန်ပြီး သေမည် ရှင်မည် မသေချာ ဖြစ်သွားလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မထင်ထားခဲ့ပေ။
ထိုအချိန်က သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။
တုပိုင်ဟူသော ကပ်ဆိုးကောင်ကြီးကား နောက်ဆုံးတွင် သေဆုံးသွား၏။ တုပိုင် ကံဆိုးမိုးမှောင်ကျသွားချိန်တွင် လီယွမ် ကံကောင်းလာခဲ့ခြင်း ဖြစ်သည်။ မကြာခင်မှာပင် သူသည် အိမ်ရှေ့စံ၏ မျက်နှာသာပေးမှုကို ခံရပြီး အသည်းအသန် ထောက်ပံ့မှုကို ရရှိခဲ့သည်။
ယခုအချိန်၌ သူသည် တုပိုင်ကို အစားထိုးပြီး စစ်တပ်ထဲက သူရဲကောင်း ၊ မဟာကယ်တင်ရှင် ၊ လူငယ်စစ်နတ်ဘုရား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရှန်ယန်မြို့ကို သိမ်းပိုက်ပြီးသည်နှင့် သူသည် တုပိုင်ကဲ့သို့ပင် အင်ပါယာ၏ စစ်ဘုရင် ဖြစ်လာပေလိမ့်မည်။ နယ်စားမင်း သို့မဟုတ် မဟာနယ်စားမင်းပင် ဖြစ်လာနိုင်လေ၏။
အတိုချုပ် ပြောရလျှင် သူသည် အိမ်ရှေ့စံအိမ်ရှေ့စံ၏ တိုက်ရိုက်အင်အားစု ဖြစ်လာပြီး တာ့နင်အင်ပါယာ၏ ကျောက်တိုင်ကြီးအဖြစ် တုပိုင်ကို လုံးဝ အစားထိုးနိုင်ပေလိမ့်မည်။
ထို့နောက် တုပိုင်သေပြီဆိုသော သတင်း ရောက်လာသည့်အခါ သူ့ရင်ထဲတွင် စိတ်ကူးယဉ်မှုများ ပိုမို ပြည့်နှက်လာခဲ့သည်။
ဧကရာဇ် နတ်ရွာစံပြီးနောက် အိမ်ရှေ့စံသည် မင်းသမီးနင်းရွှဲ့ကို သူ့ လီယွမ်နှင့် ပြန်လည်လက်ထပ်ပေးလိမ့်မည် မဟုတ်ပါလော။ ထိုအကြောင်း တွေးမိတိုင်း သူ့တစ်ကိုယ်လုံး ပူနွေးလာပြီး ရင်များ တုန်ခါလာသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၃ + ၆၅၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team