အခန်း (၆၅၇-၆၅၈)
Vol. 66 Ch. 657-658
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၇ + ၆၅၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ကိုယ်ကျ တုပိုင်ကို ကမ္ဘာမြေအက်ကွဲကြောင်းထဲသို့ ပစ်ချလိုက်၏။ကို မြင်ခဲ့ရသောကြောင့်ပင် ဖြစ်သည်။ သို့သော် သူသည် ဘေးကင်းလုံခြုံစွာဖြင့် ပြန်ရောက်လာခဲ့ပြီး ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။
ဤအရာအားလုံးက ပေမင်ဘိုးဘေး၏ ဟောကိန်း မှန်ကန်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်လေသည်။ တုပိုင်သည် အကယ်စင်စစ် တာဝန်ရှင် ကောင်းကင်သခင်ပင်ဖြစ်၏။
နင်တောက်ရွှမ်သည် အလယ်ရှိ တုပိုင်ကို လက်ညှိုးထိုးပြလျက် ပြောကြားလိုက်၏။
“ကဲ... ဒီတာဝန်ရှင် ကောင်းကင်သခင် ပေါ်လာပါပြီ”
ဟယ်ကျင်းနှင့် အခြားသူများ ၊ ရန်ဘက်များနှင့် မုန်းတီးသူများအားလုံးသည် ရှုပ်ထွေးသော မျက်နှာထားများဖြင့် တုပိုင်ကို ကြည့်လိုက်ကြပြီး ဆိုလိုက်ကြသည်။
“ဒီလူကတော့ တုပိုင်ပဲ ဖြစ်ပါတယ်” နင်တောက်ရွှမ်က ဆက်လက်ပြောကြားလိုက်၏။
“ပေမင်ဘိုးဘေးမှာ အမိန့်တော်တစ်ခု ရှိတယ်။ တာဝန်ရှင် ကောင်းကင်သခင်ကို တွေ့ရှိတာနဲ့ တစ်ပြိုင်နက် သူဟာ နောက်မျိုးဆက် ပေမင်ဂိုဏ်းချုပ် ဖြစ်ရမယ်တဲ့။ ပြီးတော့ မနေ့ကပဲ ငါ ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်ရဲ့ ဝိညာဉ်အမိန့်တော်ကို မြင်တွေ့ခဲ့ရတယ်။ တုပိုင်ကို ၂၁ ဆက်မြောက် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်ပေးခဲ့တယ်”
လူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေ၏။ နင်တောက်ရွှမ်က ဆက်ပြော၏။
“အရှင်တုပိုင်... ကျေးဇူးပြုပြီး ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်ရဲ့ ဝိညာဉ်အမိန့်တော်ကို နောက်တစ်ကြိမ် ထပ်ပြပေးပါဦး”
တုပိုင်က ဆိုလိုက်၏။ ကောင်းပါပြီ”
ထို့နောက် တုပိုင် မျက်လုံးမှိတ်လိုက်၏။ ရုတ်တရက် ပုံရိပ်အုပ်စုတစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး ထိုအရာသည်ကား ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်ပင် ဖြစ်လေသည်။
ဝူယာကျစ်၏ ဝိညာဉ်ပုံရိပ်က ပြောကြားလိုက်၏။ “ပေမင်ဓားဂိုဏ်းရဲ့ ၂၀ ဆက်မြောက် ဂိုဏ်းချုပ် အမိန့်နာခံစေ။ တုပိုင်ဟာ ပေမင်ဘိုးဘေး ဟောကိန်းထုတ်ထားတဲ့ တာဝန်ရှင် ကောင်းကင်သခင်ဖြစ်တယ် ၊ တုပိုင်ကို နောက်မျိုးဆက် ဂိုဏ်းချုပ်အဖြစ် ဆက်ခံဖို့ ငါအမိန့်ပေးတယ်”
ရှိနေကြသော ရာပေါင်းများစွာသော လူများသည် ဤပုံရိပ်ကို မှတ်မိကြလေ၏။ သူတို့သည် လူအစစ်ကို မမြင်ဖူးသော်လည်း ဝူယာကျစ်၏ ပုံတူပန်းချီကားကိုမူ မရေမတွက်နိုင်အောင် မြင်ဖူးကြပေသည်။
ရုတ်တရက် သူတို့အားလုံး တုံ့ပြန်မှုများ ပျောက်ဆုံးသွားကြသည်။ ဤအမိန့်တော်ကို သူတို့ နာခံသင့်ပါသလော။
ပုံမှန်အားဖြင့်ဆိုလျှင် နာခံသင့်ပေသည်။ ဤသည်ကား ပေမင်ဘိုးဘေး၏ ဆန္ဒတော်သာမက ၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်ကလည်း ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်သည်။
သို့သော် ရှိနေကြသူ မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုက်နာချင်ကြချေ။.အဘယ်ကြောင့်ဆိုသော် ဟောကိန်းထဲတွင် တာဝန်ရှင် ကောင်းကင်သခင်သည် ပေမင်ဓားဂိုဏ်းကို အဆုံးသတ်စေလိမ့်မည်ဟု ပါရှိသောကြောင့်ပင် ဖြစ်သည်။
သူတို့ အဆုံးသတ်ခံလိုက်ရသည်နှင့် သူတို့၏ အာဏာများအားလုံး ဆုံးရှုံးသွားမည် မဟုတ်ပါလော။ ဤသည် မည်သို့ အဖြစ်ခံနိုင်မည်နည်း။ သို့သော် မည်သူမျှ ထုတ်ဖော်ပြောရဲခြင်း မရှိကြပေ။
မည်သို့ပင်ဆိုစေ ဤသည်မှာ ဘိုးဘေး၏ အမိန့်တော်ကို ဆန့်ကျင်ရာရောက်နေသည့်အတွက် အခြားသူ အရင်စလုပ်ပါစေလေဟု တွေးနေကြသည်။
ထို့ကြောင့် အားလုံးက ဂိုဏ်းချုပ် နင်တောက်ရွှမ်ကို ကြည့်လိုက်ကြသည်။ ဂိုဏ်းချုပ်အနေဖြင့် ဆန့်ကျင်ရမည် ၊ ဘိုးဘေး၏ ဆန္ဒကို အာခံရမည် ၊ မည်သည့် အကြောင်းပြချက်ပင် ဖြစ်စေ ဆန့်ကျင်ရမည်။။
မည်မျှပင် အဓိပ္ပာယ်မရှိသည့် အကြောင်းပြချက် ဖြစ်နေပါစေ သူတို့ ထောက်ခံကြမည်ဟု တွေးနေကြ၏။
သို့သော် နင်တောက်ရွှမ်သည် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ပြောလိုက်၏။.”ပေမင်ဓားဂိုဏ်းရဲ့ ၂၀ ဆက်မြောက် ဂိုဏ်းချုပ် နင်တောက်ရွှမ် အမိန့်တော်အတိုင်း လိုက်နာပါ့မယ်”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အခင်းဖြစ်ပွားရာနေရာရှိ ပေမင်ဓားဂိုဏ်း မဟာအကြီးအကဲများအားလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။
လူတိုင်း ငြင်းဆန်ရန် အသင့်ပြင်လိုက်ကြသော်လည်း ရှေ့ထွက်လာသူ မရှိသေးပေ။ နင်တောက်ရွှမ်က ကြေညာလိုက်၏။
“အရှင်တုပိုင်ကို ၂၁ ဆက်မြောက် ပေမင်ဂိုဏ်းချုပ်အဖြစ် ငါတရားဝင် ကြေညာ...”
သို့သော် သူ့စကား မဆုံးသေးချေ။
ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။ “ကျုပ် ကန့်ကွက်တယ်”
ထို့နောက် ဖုန်မှုန့်ကင်းစင်ပြီး ဖြူဖွေးသန့်စင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ဘုရားကျောင်းထဲသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာလေသည်။
သူသည် အရှေ့ဘက် ပြည်ထောင်စု၏ သခင်လေးပင် ဖြစ်လေ၏။ တုပိုင်သည် ဤလူကို အနီးကပ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
နောက်ဆုံးတွင်ကား ဤမျှ ထူးခြားသော အရှိန်အဝါရှိသည့်လူကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် နင်တောက်ရွှမ်နှင့် ယှဉ်နိုင်လောက်သည့် အရှိန်အဝါရှိသောလူကို တွေ့လိုက်ရပြီ ဖြစ်သည်။
တုပိုင်နှင့် ယှဉ်လျှင် သူသည် သေမျိုးဆန်မနေဘဲ အခြားကမ္ဘာတစ်ခုမှ လာသူကဲ့သို့ ပိုမို၍ ထူးခြားနေဟန် ရှိသည်။
သူ မည်သည့်နေရာသို့ သွားစေကာမူ... ဘုရားကျောင်းဖြစ်စေ ၊ လမ်းမဖြစ်စေ ၊ မြစ်ဖြစ်စေ ၊ သဲကန္တာရဖြစ်စေ သူသည် နေရာနှင့် မလိုက်ဖက်သကဲ့သို့ ဖြစ်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်တစ်စက်မျှ ရှိမနေသကဲ့သို့ပင် သန့်ရှင်းစင်ကြယ်နေသည်။ သူဝင်လာပြီးနောက် ပရိသတ်တစ်လျောက် တိတ်ဆိတ်သွားလေ၏။
လူတိုင်း၏ အကြည့်များသည် သူ့ဆီသို့ စုပြုံရောက်ရှိနေပြီး ကျန်အရာအားလုံး နောက်ခံကားချပ် ဖြစ်သွားသကဲ့သို့ပင်။
အရှေ့ဘက် ပြည်ထောင်စု၏ သခင်လေးက သူ့နာမည်ကို ပြောလိုက်၏။ “ဖန်းချန်”
ထို့နောက် သူသည် ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်ကို ကြည့်ပြီး မေး၏။ “ဂိုဏ်းချုပ်နင်... ပေမင်ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်ရှင် ကောင်းကင်သခင်ရဲ့ လက္ခဏာတွေက ဘာတွေလဲ”
နင်တောက်ရွှမ်က ဖြေလိုက်၏။ “နဂါးအကြေးခွံတွေ ဝတ်ဆင်ထားတာ”
စကားဆုံးသည်နှင့် အရှေ့ဘက် ပြည်ထောင်စု သခင်လေး၏ မျက်နှာပေါ်တွင် ရွှေရောင်နဂါးအကြေးခွံများ ပေါ်လာပြီး နေရောင်အောက်တွင် အလွန်တရာ မြင့်မြတ်ပြီး ခံ့ညားထည်ဝါနေပုံ ပေါက်သွားသည်။
သူသည် သူ၏ လက်ချောင်းသွယ်သွယ်များကို ဆန့်တန်းလိုက်ရာ ရုတ်တရက် လက်ပေါ်တွင် တစ်လက်မအရွယ် နဂါးအကြေးခွံတစ်ခု ပေါ်လာလေသည်။
လျှို့ဝှက်ရွှေစစ်ဓားတစ်လက်ကို ယူပြီး သူ့လက်မောင်းပေါ်ရှိ နဂါးအကြေးခွံကို ခုတ်ချလိုက်၏။
ထန်းးး။ မီးပွားများ လွင့်စင်သွားလေ၏။ လျှို့ဝှက်ရွှေစစ်ဓားသည် အပိုင်းပိုင်းကျိုးပဲ့သွားသော်လည်း သခင်လေးဖန်းချန်၏ လက်မောင်းပေါ်မှ နဂါးအကြေးခွံသည် ပကတိအတိုင်း ရှိနေဆဲပင်။ ထို့နောက် အရှေ့ဘက် ပြည်ထောင်စု၏ သခင်လေးက မေးလိုက်ပြန်သည်။
“တာဝန်ရှင် ကောင်းကင်သခင်ရဲ့ ဒုတိယလက္ခဏာက ဘာလဲ”
နင်တောက်ရွှမ်က ဖြေလိုက်၏။ “ငရဲမီးတောက်”
သခင်လေးဖန်းချန် လက်ဝါးကို ဖြန့်လိုက်၏။
ဝုန်းးးး။ ရုတ်တရက် သူ့လက်ဝါးပေါ်တွင် အဖြူရောင်မီးတောက်တစ်ခု ပေါ်လာသည်။ အမြန်နှုန်းသည် တုပိုင်ထက်ပင် များစွာ ပိုမြန်နေ၏။ ဤအဖြူရောင်မီးတောက် ၊ ဤရင်းနှီးနေသော စွမ်းအင်အရှိန်အဝါက ငရဲမီးတောက်နှင့် တစ်ပုံစံတည်းပင်။
သခင်လေးဖန်းချန်သည် ကျိုးပဲ့နေသော လျှို့ဝှက်ရွှေဓားကို သူ့လက်ဝါးပေါ်ရှိ ငရဲမီးတောက်ပေါ် တင်လိုက်၏။။
ဝုန်းးးး။ ခဏချင်းမှာပင် လျှို့ဝှက်ရွှေစစ်ဓားတစ်ဝက်သည် ပျောက်ကွယ်သွားတော့သည်။ ရှိနေကြသော အကြီးအကဲများ ၊ မဟာအကြီးအကဲများအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်
“ငရဲမီးတောက် ၊ ငရဲမီးတောက် ၊ ဒါက ငရဲမီးတောက်ပဲဟေ့”
ဤအချိန်တွင် အရှေ့ဘက် ပြည်ထောင်စု၏ သခင်လေးက တုပိုင်ကို ကြည့်ပြီး ပြောလိုက်၏။
“ပေမင်ဘိုးဘေးက ကမ္ဘာမြေအက်ကွဲကြောင်းကို စောင့်ကြပ်ဖို့နဲ့ တခြားကမ္ဘာက မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်လာတာကို တားဆီးဖို့ ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့တာ။ ဒါပေမဲ့ ဒီရှေ့က တုပိုင်ဆိုတဲ့ကောင်ကတော့ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်လာတဲ့ ဝိညာဉ်မိစ္ဆာပဲ”
သခင်လေးဖန်းချန်က ပေါ့ပါးစွာ ဆက်ပြောလိုက်၏။
“သူ့ခန္ဓာကိုယ်ပေါ်က ဝိညာဉ်မိစ္ဆာအနံ့ကို ပေပေါင်းရာချီအကွာကနေတောင် ရနေတယ်။ ဒီအရှင်တုပိုင်က ဗိုက်ကင်းမြို့တော်မှာ ပါရှန်းအင်ပါယာရဲ့ မင်းသားအီလီယွန် ဖြစ်ခဲ့ဖူးတယ်။ အံ့သြစရာကောင်းတဲ့ ဝိညာဉ်မိစ္ဆာမှော်ပညာက သူ့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာခဲ့တာပဲ”
ထို့နောက် သခင်လေးဖန်းချန်က အမိန့်ပေးလိုက်၏။
“လာကြစမ်း” ရုတ်တရက် လူပေါင်း ဒါဇင်ချီသည် ဘုရားကျောင်းအလယ်ရှိ ကွင်းပြင်သို့ ဝင်ရောက်လာကြသည်။
အချိန်တိုအတွင်း ကြီးမားသော စွမ်းအင်အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြ၏။
နောက်ဆုံးတွင် အရှေ့ဘက် ပြည်ထောင်စု သခင်လေး ဖန်းချန်သည် စွမ်းအင်ကျောက်မှန်တစ်ချပ်ကို ထုတ်ယူပြီး ဤစွမ်းအင်အစီအရင်၏ ဗဟိုချက်တွင် ထားလိုက်၏။။
ဝှီးးးး။ နေရောင်ခြည်တန်းတစ်ခုသည် ကောင်းကင်မှ ဤစွမ်းအင်ကျောက်မှန်ပေါ်သို့ ကျရောက်လာသည်။
သခင်လေးဖန်းချန်သည် မှန်ကို ရွှေ့ပြီး ဤအလင်းရောင်ကို တုပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးလိုက်၏။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာလေ၏။
တုပိုင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံသဏ္ဍာန် ပြောင်းလဲလာသည်။ သူ့ခေါင်းပေါ်တွင် ဂျိုနှစ်ချောင်း တဖြည်းဖြည်း ထွက်ပေါ်လာပြီး ယင်းတို့မှာ မိစ္ဆာဂျိုများ ဖြစ်လေသည်။
သူ့မျက်နှာလည်း ပြောင်းလဲသွားသည်။ ခဏကြာသော် လူသားပုံစံ ၊ ခဏကြာသော် မိစ္ဆာပုံစံ ဖြစ်နေလေ၏။
သခင်လေးဖန်းချန်က ပြော၏။ “အမှန်တရား ပေါ်လာပြီပဲ ၊ အားလုံးပဲ နှုတ်ဆက်ပါတယ်”
ထို့နောက် သူသည် ချက်ချင်း ထွက်ခွာသွားပြီး ခဏအကြာတွင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
အစမှအဆုံး သူသည် တုပိုင်နှင့် စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
**--**--**--**--**--**--**--**
သခင်လေးဖန်းချန် ထွက်သွားပြီးနောက် ဘုရားကျောင်းတစ်ခုလုံး ဆူပွက်သွားလေတော့သည်။ အကြီးအကဲများနှင့် မဟာအကြီးအကဲများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ပေမင်ဘိုးဘေး ဟောကိန်းထုတ်ထားသော တာဝန်ရှင် ကောင်းကင်သခင်ကို နောက်မျိုးဆက် ဂိုဏ်းချုပ် မဖြစ်စေချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ပေမင်ဓားဂိုဏ်းကို အဆုံးသတ်စေမည့်သူ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မဟာအကြီးအကဲများကောင်စီ၏ သဘောထားသည် အမြဲတမ်း ရှင်းလင်းပြတ်သားခဲ့သည်။ တာဝန်ရှင် ကောင်းကင်သခင်ကို သတ်ပစ်မည်။
ယခုမူ အရှေ့ဘက် ပြည်ထောင်စု သခင်လေးက မှော်ပညာကိုသုံးပြီး တုပိုင်၏ ဝိညာဉ်မိစ္ဆာမျက်နှာအစစ်ကို ဖော်ထုတ်ပေးလိုက်ပြီ ဖြစ်သည်။
ဤသည်ကား လွန်စွာ ကောင်းမွန်လှပေသည် ၊ တုပိုင်ကို သေဒဏ်ပေးရန် တရားမျှတသော အကြောင်းပြချက် ရရှိသွားပြီ ဖြစ်သည်။
လူအုပ်ကြီးက ဟစ်ကြွေးလိုက်ကြသည်။
“တုပိုင်ကို ကွပ်မျက်ကြ ၊ တုပိုင်ကို သတ်ပစ်ကြ”
“မိစ္ဆာသတ်စင်မြင့်ဆီ သွားကြမယ် ၊ မိစ္ဆာသတ်စင်မြင့်ဆီ သွားကြမယ်”
“မိစ္ဆာသတ်စင်မြင့်ဆီ သွားကြ”
“မိစ္ဆာသတ်စင်မြင့်ဆီ သွားကြ”
မိစ္ဆာသတ်စင်မြင့်ကို အသုံးပြုခဲ့သည်မှာ ကြာလှပြီ ၊ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက ဖြစ်လေ၏။
ရွှေဧကရာဇ်ထယ်မူဂျင် ၊ စနစ်ရှင်ဟောင်းတစ်ဦးဖြစ်သည်။ ထိုအချိန်က ကမ္ဘာပေါ်တွင် အသန်မာဆုံးဖြစ်ပြီး ကမ္ဘာ့နယ်မြေ သုံးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ကာ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး ရွှေအင်ပါယာကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ထိုအချိန်က သူသည် ရေတွက်မရသော ဝိညာဉ်ရှာမန်များကို ရှာဖွေတွေ့ရှိခဲ့ပြီး ဝိညာဉ်ကာကွယ်မှု တည်ဆောက်ခဲ့သဖြင့် စနစ်က သူ့ကို ဖျက်ဆီး၍မရ ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် သူ့ကို အနောက်တိုင်းမှ စွမ်းအားကြီး လုပ်ကြံသတ်ဖြတ်သူတစ်ဦးက လုပ်ကြံခဲ့လေသည်။
ထိုလုပ်ကြံသတ်ဖြတ်သူသည် မကြုံစဖူးသော စွမ်းအင်ကို အသုံးပြုခဲ့သည်။.အိပ်မက်စနစ်၏ ဖော်ပြချက်အရ ဆိုလျှင် ထိုအနောက်တိုင်း လုပ်ကြံသတ်ဖြတ်သူဆိုသည်မှာလည်း အိပ်မက်စနစ်၏ စနစ်ရှင်ပင် ဖြစ်သည်။
သူထုတ်လွှတ်လိုက်သည့် ဝိညာဉ်တိုက်ခိုက်မှုသည် ရွှေဧကရာဇ်ကို ခဏတာ မေ့မြောသွားစေခဲ့သည်။ သို့သော် ရွှေဧကရာဇ်က မသေမျိုးခန္ဓာကိုယ်နီးပါး ပိုင်ဆိုင်ထားသဖြင့် သူ့ကို လုံးဝသတ်ပစ်ရန် မဖြစ်နိုင်ခဲ့ချေ။
ရွှေဧကရာဇ်သာ နိုးထလာလျှင် မျိုးသုဉ်းမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့နောက် အနောက်ကမ္ဘာနှင့် အရှေ့ကမ္ဘာတို့ ပူးပေါင်းပြီး ကမ္ဘာမြေအက်ကွဲကြောင်းနှင့် မနီးမဝေးတွင် ၊ ရေတွက်မရသော စွမ်းအင်ကျောက်တုံးများကို အသုံးပြုကာ ၊ ကမ္ဘာမြေအက်ကွဲကြောင်းအနီးရှိ ထူးဆန်းသော စွမ်းအင်အစီအရင်ကို အသုံးချပြီး ၊ မူလပုံစံကြမ်းတစ်ခုအပေါ် အခြေခံကာ မိစ္ဆာသတ်စင်မြင့်ကို တည်ဆောက်ခဲ့ကြသည်။
နောက်ဆုံးတွင် ရွှေဧကရာဇ်ကို မိစ္ဆာသတ်စင်မြင့်ပေါ် တင်လိုက်ပြီး ပေမင်ဓားဂိုဏ်းနှင့် အနောက်ကမ္ဘာမှ ထိပ်တန်းပညာရှင် ရာပေါင်းများစွာကို အသုံးပြုကာ ပြိုင်တူ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာပေါ်တွင် နံပါတ်တစ် အသန်မာဆုံးဖြစ်သော ၊ ကမ္ဘာ့နယ်မြေ သုံးပုံတစ်ပုံကို သိမ်းပိုက်ခဲ့သော ရွှေဧကရာဇ်ထယ်မူဂျင်သည် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ခဲ့ရလေသည်။
ယခုမူကား တုပိုင်ကို ဤမိစ္ဆာသတ်စင်မြင့်ပေါ် တင်တော့မည် ဖြစ်သည်။ တကယ်တော့ သူ၏ အဆင့်အတန်းနှင့် သိုင်းပညာအရ သူသည် ဤအပြစ်ပေးစင်မြင့်ပေါ် ရောက်ရန် အရည်အချင်း မပြည့်မီသေးပေ။
သို့သော် ခံ့ညားထည်ဝါမှုနှင့် တာဝန်ကျေပွန်မှုကို ပြသလိုသည့်အတွက် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများက တုပိုင်၏ အဆင့်အတန်းကို အတင်းမြှင့်တင်ပြီး ဤအပြစ်ပေးစင်မြင့်ဆီ ပို့လိုက်ကြခြင်း ဖြစ်သည်။
ဝိညာဉ်မိစ္ဆာ။ ကမ္ဘာ့အကြောက်မက်ဖွယ်အကောင်းဆုံး ရန်သူ ၊ သူသည် မိစ္ဆာသတ်စင်မြင့်ပေါ် မရောက်သင့်ပါလော။
ပေမင်ဓားဂိုဏ်း၏ အကြီးအကဲများ အော်ဟစ်လိုက်ကြသည်။ “မိစ္ဆာသတ်စင်မြင့်ဆီ သွားကြမယ် ၊ မိစ္ဆာသတ်စင်မြင့်ဆီ သွားကြမယ်”
နင်တောက်ရွှမ်သည် ရှုပ်ထွေးသော မျက်ဝန်းများဖြင့် တုပိုင်ကို ကြည့်လိုက်၏။
နင်တောက်ရွှမ်က တိုးတိုးလေး မေး၏။ “တုပိုင်... မင်း ဘာလို့ ဒီကို လာခဲ့တာလဲ”
တုပိုင်က ပြော၏။ “ကျွန်တော် လာကို လာရမှာမို့ပါ ၊ ပြီးတော့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ၊ ကျွန်တော့်ကို နီရှန်နတ်မိမယ် ပေးခဲ့တဲ့အတွက်လေ ၊ ကျွန်တော် မျိုးဆက်တစ်ခု ချန်ထားခဲ့ချင်လို့ပါ”
နင်တောက်ရွှမ်၏ အကြည့်သည် ပေမင်ဓားဂိုဏ်း၏ အကြီးအကဲများနှင့် မဟာအကြီးအကဲများအားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။
“ကဲ... မိစ္ဆာသတ်စင်မြင့်ဆီ သွားကြစို့”
ဤနေ့ပွဲကို သူနှင့် အရှေ့ဘက် ပြည်ထောင်စု သခင်လေးဖန်းချန်တို့ စီစဉ်ခဲ့ပြီး ခမ်းနားထည်ဝါသော ပြဇာတ်ကြီးတစ်ခုကို ကပြခဲ့ကြခြင်း ဖြစ်လေသည်။
**--**--**--**--**--**--**--**
နာရီဝက် ကြာပြီးနောက် ကမ္ဘာမြေအက်ကွဲကြောင်းနှင့် မနီးမဝေးတွင် ဖြစ်သည်။ ဤနေရာတွင် နေရာတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးရောင်စုံများနှင့် နေရာတိုင်းတွင် လိမ်ဖယ်နေသော စွမ်းအင်များ ရှိနေသည်။
ကြီးမားသော အပြစ်ပေးစင်မြင့်ကြီးတစ်ခုသည် လေထဲတွင် ပေါ်ထွက်လာလေ၏။ တုပိုင်ကို မိစ္ဆာသတ်စင်မြင့်၏ အလယ်တွင် ထားလိုက်ကြသည် ၊ ထိုအချိန်က ရွှေဧကရာဇ်ထယ်မူဂျင် ထားခဲ့သည့် နေရာနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပြောလိုက်၏။
“ဘိုးဘေး... ကျွန်တော့်ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး ၊ ဒါပေမဲ့ ကျွန်တော် တခြားလမ်းကို ရွေးချင်လို့ပါ”
ထို့နောက် သူလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အမိန့်ပေးလိုက်၏။
“ပြင်ထားကြ”
ပေမင်ဓားဂိုဏ်း၏ ထိပ်တန်းသိုင်းပညာရှင် ရာပေါင်းများစွာသည် အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များကို စတင်စုစည်းလိုက်ကြသည်။
တုပိုင် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
တုပိုင်က မေး၏။ “အိပ်မက်စနစ် ၊ ဒီမိစ္ဆာသတ်စင်မြင့် ပုံကြမ်းကို မင်း ဒီဇိုင်းဆွဲခဲ့တာနော် ၊ ဘာပြဿနာမှ မရှိလောက်ဘူး မဟုတ်လား”
ဟုတ်ပေသည်။ ထိုစဉ်က ရွှေဧကရာဇ်ထယ်မူဂျင်ကို သတ်ခဲ့သည့် တကယ့်နောက်ကွယ်က လက်သည်မှာ အိပ်မက်စနစ်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ရွှေဧကရာဇ်သည် စနစ်၏ ထိန်းချုပ်မှုအောက်မှ လုံးဝ လွတ်မြောက်သွားခဲ့သောကြောင့် ဖြစ်သည်။
ထို့အတွက် ဤမိစ္ဆာသတ်စင်မြင့်သည် အိပ်မက်စနစ်၏ လက်ရာပင် ဖြစ်သည်။
အိပ်မက်စနစ်က ပြောလိုက်သည်။
“စနစ်ရှင်... မင်းက တကယ့် လူရူးပဲ... ရွှေဧကရာဇ် ထယ်မူဂျင်ရဲ့ ဝိညာဉ်အမွေအနှစ်ကို ရဖို့ ၊ နဂါးနိုင်လက်ဝါး ၁၈ ကွက်ကို ရဖို့ ၊ ပြီးတော့ ဧကရာဇ်သင်္ချိုင်းစစ်တပ်ကို ရဖို့အတွက်နဲ့ ဒီလောက်ထိ စွန့်စားရဲတယ်ပေါ့”
အရင်က ပြောခဲ့သလိုပင်... နဂါးနိုင်လက်ဝါး ၁၈ ကွက်သည် စာရေးဆရာကြီး ကျင်းယုံ ရေးသားသည့် သိုင်းဝတ္ထုထဲမှ အရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ဤသည်မှာ သွေးကြောခြောက်သွယ် ဓားသိုင်းထက်ပင် ပိုမို၍ ကောင်းကင်ကို အာခံနိုင်သော ကျင့်စဉ်တစ်ခု ဖြစ်၏။ ထိုသည်ကား တုပိုင်ကို စစ်မြေပြင်တွင် ဘုရားသခင် ဖြစ်လာစေနိုင်မည့် နည်းစနစ်တစ်ခု ဖြစ်၏။
ထိုသည်ကား ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲယူနိုင်ပြီး စစ်မြေပြင်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖန်တီးနိုင်သော နည်းစနစ်တစ်ခု ဖြစ်ပေသည်။
တုပိုင်က ထပ်မေးလိုက်၏။ “ငါ မင်းကို မေးနေတာလေ... ဒီမိစ္ဆာသတ်စင်မြင့်ကို ဒီဇိုင်းဆွဲခဲ့တာ မင်းပဲဟာ... ငါတို့ရဲ့ အစီအစဉ်နဲ့ ဒေတာတွေမှာ ပြဿနာမရှိဘူး မဟုတ်လား”
အိပ်မက်စနစ်က ပြန်ဖြေသည်။ “မရှိပါဘူး စနစ်ရှင်... ဒါက စနစ်ရှင်နဲ့ အရှေ့ဘက် ပြည်ထောင်စု သခင်လေးတို့ကြားက ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုပဲ။ အားလုံးအဆင်ပြေရင် စနစ်ရှင်ဆို ဒီပွဲကို နိုင်လိမ့်မယ်”
မိစ္ဆာသတ်စင်မြင့်တစ်ဝိုက်တွင် ပေမင်ဓားဂိုဏ်း၏ အလွန်သန်မာသော ပညာရှင် ရာပေါင်းများစွာသည် သူတို့၏ အတွင်းအားများကို ဆက်လက်စုစည်းနေကြသည်။
စုစည်းရင်း... စုစည်းရင်းဖြင့်... နောက်ဆုံးတွင် အမြင့်ဆုံးအထိ စုစည်းလိုက်ကြ၏။
ဝုန်းးးး။ ရုတ်တရက် အလွန်သန်မာသော ပညာရှင် ရာပေါင်းများစွာ၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များသည် မိစ္ဆာသတ်စင်မြင့်ကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်လိုက်ပြီး တုပိုင်ကို ပြာအဖြစ် ပြောင်းလဲကာ ၊ သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေရန် ကြိုးပမ်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် တုပိုင်သည် မိစ္ဆာသတ်စင်မြင့်၏ တိကျသော ကိုသြဒိနိတ် တည်နေရာတစ်ခုတွင် သူ၏လက်ဝါးဖြင့် ငရဲမီးတောက်ကို မီးညှိလိုက်၏။
ခဏချင်းမှာပင် ထိုနေရာရှိ စွမ်းအင်များ လိမ်ဖယ်သွားပြီး လျှပ်စီးများ ပေါက်ကွဲထွက်လာလေသည်။
ဝုန်းးးး။ ဝုန်းးးး။ ဝုန်းးးး။ နှိုင်းယှဉ်မရနိုင်လောက်အောင် ကြီးမားသော စွမ်းအင်သည် မိစ္ဆာသတ်စင်မြင့်ကို ဗုံးကြဲတိုက်ခိုက်လိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး အံ့သြဖွယ်ကောင်းသော အလင်းရောင်များ ပေါက်ကွဲထွက်လာလေသည်။
ထိုအလင်းရောင်သည် နေရောင်ခြည်ထက်ပင် အဆများစွာ သာလွန်တောက်ပနေ၏။ ခဏချင်းမှာပင် လူတိုင်း ခေတ္တမျှ မျက်စိကွယ်သွားကြသည်။
အလင်းရောင် မှေးမှိန်သွားချိန်တွင်မူ မိစ္ဆာသတ်စင်မြင့်ပေါ်မှ တုပိုင်သည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည် ၊ လုံးဝ ပျက်စီးသွားသကဲ့သို့ပင်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် တုပိုင်သည် နက်နဲဆန်းကြယ်ပြီး ထူးဆန်းသော နေရာတစ်ခုတွင် ပြန်ပေါ်လာ၏။ ဤနေရာသည်ကား မိစ္ဆာသတ်စင်မြင့်၏ အတွင်းပိုင်း ဖြစ်လေ၏။
အဆုံးအစမဲ့ ကြီးမားပုံရသော်လည်း အလွန်သေးငယ်ပုံလည်း ရနေပြန်သည်။ တုပိုင်နှင့် အိပ်မက်စနစ်တို့၏ မရေမတွက်နိုင်သော တွက်ချက်မှုများအရ နောက်ဆုံးတွင် သူသည် ဤနေရာကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်ကား အလွန်ကြောက်စရာကောင်းသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အမှားအယွင်း လုံးဝခံ၍ မရချေ။
အဆင့်မြင့် သိုင်းကညာရှင်ရာပေါင်းများစွာ၏ စွမ်းအင်က မိစ္ဆာသတ်စင်မြင့်၏ နေရာလွတ်ကို ဦးစွာ ဖွင့်ပေးရမည် ဖြစ်သည်။ အမှားအယွင်း အနည်းငယ် ဖြစ်သည်နှင့် ထိုစွမ်းအင်သည် တုပိုင်၏ ခန္ဓာကိုယ်ကို ဗုံးကြဲမိပြီး ရလဒ်မှာမူ ပြာဖြစ်သွားလိမ့်ပေမည်။
အိပ်မက်စနစ်ထဲတွင် တုပိုင် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရသည်။ မိစ္ဆာသတ်စင်မြင့်၏ ဒေတာအားလုံး ၊ မိစ္ဆာသတ်စင်မြင့်အနီးက ထူးဆန်းသော စွမ်းအင်စက်ကွင်း ၊ ပြီးတော့ မနီးမဝေးက ငရဲအက်ကွဲကြောင်း၏ ဒေတာအမျိုးမျိုးကို သေသေချာချာ တွက်ချက်ထားခဲ့ရ၏။
နောက်ဆုံးတွင် ပေမင်ဓားဂိုဏ်း၏ ထိပ်တန်းပညာရှင် ရာပေါင်းများစွာ၏ စွမ်းအားကို အသုံးပြုပြီး သူသည် မိစ္ဆာသတ်စင်မြင့်၏ နေရာလွတ်ဟချက်ကို အရှင်လတ်လတ် ဆွဲဖြဲကာ မိစ္ဆာသတ်စင်မြင့်၏ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် အဓိကသော့ချက်သည် တုပိုင်၏ ငရဲမီးတောက် ဖြစ်သည်။ ငရဲမီးတောက်သာ မရှိလျှင် အားလုံး သဲထဲရေသွန် ဖြစ်သွားမည်။ ယခုမူ... အရာအားလုံး အောင်မြင်သွားပြီ ဖြစ်သည်။
**--**--**--**--**--**--**--**
နောက်တစ်ဆင့်မှာမူ ရွှေဧကရာဇ် ထယ်မူဂျင်၏ ဝိညာဉ်ကို ရှာဖွေရမည်။ သူ့ကို မိစ္ဆာသတ်စင်မြင့်က သတ်လိုက်စဉ်က သူ၏ ဝိညာဉ်သည် မိစ္ဆာသတ်စင်မြင့်ထဲ ဝင်ရောက်သွားသော်လည်း ငရဲပြည်ကို မဝင်နိုင်ခဲ့ချေ။ ထို့ကြောင့် သံသရာလည်ခြင်း မရှိခဲ့ပေ။
မိစ္ဆာသတ်စင်မြင့်၏ အတွင်းပိုင်း နေရာလွတ်တွင် တုပိုင် ဆက်လက်ရှာဖွေနေခဲ့သည်။ အရာအားလုံး မှိန်ဖျော့နေပြီး နေရာတိုင်းတွင် စွမ်းအင်အတားအဆီးများ ရှိနေကာ ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေသည်။
တုပိုင်သည် ဝင်္ကပါနှင့်တူသော မိစ္ဆာသတ်စင်မြင့်၏ အတွင်းပိုင်းတစ်လျှောက် ပိုမိုနက်ရှိုင်းစွာ ဆက်လက် ဝင်ရောက်သွားသည်။ ရုတ်တရက် နားကွဲလုမတတ် အသံကြီးတစ်ခု သူ့နားထဲတွင် မြည်ဟည်းသွားလေသည်။
“ငါက ရွှေဧကရာဇ် ထယ်မူဂျင်... စကြဝဠာမှာ အသန်မာဆုံး... ကမ္ဘာလောကရဲ့ သခင်... ဘုရင်တကာတို့ရဲ့ ဘုရင်ပဲ။ ငါ ကမ္ဘာပေါ်က မြေတွေအားလုံးကို ငါ့ရဲ့ စားကျက်မြေအဖြစ် ပြောင်းလဲပစ်မယ်။ ငါ ကမ္ဘာပေါ်က အလှပဂေးတွေအားလုံးကို သိမ်းပိုက်ပြီး ငါ့ပေါင်ကြားအောက်မှာ ဝပ်တွားနေစေချင်တယ်။ အခု မင်းက ငါ့နယ်မြေထဲ ကျူးကျော်ရဲတယ်ပေါ့... မင်း တကယ် သေချင်နေတာပဲ”
အကွေ့တစ်ခုသို့ ကွေ့လိုက်မိ၏။ ရုတ်တရက် ရှေ့မလှမ်းမကမ်းတွင် အရိုးခေါင်းပေါင်းများစွာဖြင့် ပြုလုပ်ထားသော ပလ္လင်တစ်ခုကို တုပိုင် မြင်လိုက်ရသည်။
ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပလ္လင်ပေါ်တွင် ထိုင်နေလေ၏။ ပုံရိပ်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။
ထိုတောက်ပနေသော ပုံရိပ်ကြီးသည်ကား တစ်ချိန်က စကြဝဠာတွင် နံပါတ်တစ် အာဏာရှင်ဖြစ်ခဲ့ဖူးသော ရွှေဧကရာဇ် ထယ်မူဂျင်၏ ဝိညာဉ်ပင် ဖြစ်လေ၏။
[မစ်ရှင်အသစ် ဖွင့်လှစ်ပါပြီ - ရွှေဧကရာဇ် ထယ်မူဂျင်၏ ဝိညာဉ်အမွေအနှစ်ကို ရယူပြီး ကောင်းကင်ကို အာခံနိုင်သော နည်းစနစ် ၊ စစ်မြေပြင်၏ ဘုရားသခင် ၊ နဂါးနိုင်လက်ဝါး ၁၈ ကွက်ကို ရယူလိုက်ပါ]
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၇ + ၆၅၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team