အခန်း (၆၅၉-၆၆၀)
Vol. 66 Ch. 659-660
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၉ + ၆၆၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ရုတ်တရက်ဆိုသလိုပင် တုပိုင် အံ့အားသင့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေဧကရာဇ်၏ ပုံရိပ်သည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိပြီး အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဆယ်မီတာကျော် မြင့်မားနေသောကြောင့် ဖြစ်၏။
တစ်ကိုယ်လုံးမှလည်း ရွှေရောင်အလင်းများ ဖြာထွက်နေလေသည်။ ထိုကဲ့သို့ မိုးမြေသိမ့်သိမ့်တုန်စေမည့် မိမိကိုယ်ကို အထင်ကြီးလေးစားသော ဂုဏ်ယူဝင့်ကြွားမှုမျိုးသည် အမှန်တကယ်ပင် အံ့မခန်း လှုပ်ခတ်မှုကို ဖြစ်ပေါ်စေသည်။
ထိုအရာက သူသည် အလွန်သန်မာလှသဖြင့် လက်ချောင်းလေးတစ်ချောင်းဖြင့် ဖိချလိုက်ရုံနှင့် သေစေနိုင်သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
ယခုအချိန်၌ သူ၏ နဂါးမျက်လုံးအစုံသည် အကြွင်းမဲ့ လွှမ်းမိုးထားနိုင်စွမ်းတို့ဖြင့် တုပိုင်အား စိုက်ကြည့်နေလေသည်။
အကယ်၍ အခြားသူတစ်ယောက်သာ အစားထိုးလိုက်မည်ဆိုပါက ထိုကဲ့သို့သော မျက်လုံးအစုံဖြင့် စိုက်ကြည့်ခံရရုံမျှနှင့် လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်ကြောင်း ပြောစမှတ်ပြုနိုင်ပေသည်။
“ငါက စကြာဝဠာမှာ အသန်မာဆုံး ၊ ကမ္ဘာလောကရဲ့ အရှင်သခင် ၊ ဘုရင်တွေရဲ့ ဘုရင် ရွှေဧကရာဇ်ထယ်မူဂျင်ပဲ။”
“ငါက ကမ္ဘာပေါ်က မြေတွေအကုန်လုံးကို ငါ့ရဲ့ စားကျက်မြေဖြစ်အောင် လုပ်မှာ။”
**--**--**--**--**--**--**--**
သို့သော် နောက်ပိုင်းတွင် သူသည် ထိုစကားကိုပင် ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ် ထပ်ခါထပ်ခါ ပြောနေတော့သည်။ ထိုခံစားချက်ကြီးက အနည်းငယ် ထူးဆန်းလာလေသည်။
ရွှေဧကရာဇ်၏ အလင်းရောင်ပုံရိပ်သည် ဤစကားလုံးများနှင့် အပြုအမူများကိုသာ အဆက်မပြတ် ထပ်ခါတလဲလဲ လုပ်ဆောင်နေပုံရ၏။ ဤခံစားချက်သည် ရုပ်ရှင်ကားချပ် ကျိုးနေသကဲ့သို့ ဤမြင်ကွင်းကိုသာ ရှေ့တိုးနောက်ဆုတ် ပြသနေသကဲ့သို့ ဖြစ်နေသည်။
သူသည် ဤစကားလုံးများကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေသော အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြန်သည်။
အိပ်မက်စနစ်က ပြောလာသည်။ “အဲဒီတုန်းက ပေမင်ဓားဂိုဏ်းက အားကောင်းတဲ့သူတွေ ရာနဲ့ချီပြီးတော့ အနောက်ကမ္ဘာက အားကောင်းတဲ့သူတွေနဲ့ပေါင်းပြီး သူ့ကို ဝိုင်းတိုက်ခဲ့ကြတာ။ သူ့ကိုယ်ထဲက စွမ်းအားတွေကို ဖောက်ခွဲပစ်လိုက်ကြတာ။ ဒါကြောင့် မိစ္ဆာသတ်မျှော်စင်ထဲကို ဝင်လာပြီးတဲ့နောက်မှာ လက်ကျန်ဝိညာဉ် အပိုင်းအစလေးပဲ ကျန်တော့တာ။”
လက်ကျန်ဝိညာဉ်ဆိုသည်မှာ ဝိညာဉ်၏ အပိုင်းအစတစ်ခုသာ ဖြစ်လေသည်။ ရွှေဧကရာဇ်ထယ်မူဂျင်၏ ဝိညာဉ်မှတ်ဉာဏ်ထဲတွင် ဤစကားလုံးအနည်းငယ်မှာ အနက်ရှိုင်းဆုံး စွဲထင်နေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုစကားများကိုသာ ထပ်ခါထပ်ခါ ပြောနေခြင်း ဖြစ်ပေ၏။
ရုတ်တရက်ဆိုသလိုပင် ဤကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်မှုမျိုးသည် ဝမ်းနည်းပူဆွေးမှု တစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး စိတ်ဝေဒနာရှင်တစ်ဦးကဲ့သို့ တတွတ်တွတ် ရေရွတ်နေ၏။
တုပိုင်က ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။ “ရွှေဧကရာဇ်။”
ရွှေဧကရာဇ်ထယ်မူဂျင်၏ ပုံရိပ်က ဆက်လက်ပြောဆိုနေပြန်သည်။ “ငါက စကြာဝဠာမှာ အသန်မာဆုံး ၊ ကမ္ဘာလောကရဲ့ အရှင်သခင် ၊ ဘုရင်တွေရဲ့ ဘုရင် ရွှေဧကရာဇ်ထယ်မူဂျင်ပဲ။”
သူက တုပိုင်အား လုံးဝလျစ်လျူရှုထားပြီး ထပ်မံ၍ ပြောဆိုတော့မည် ဖြစ်သည်။
ဤသည်မှာ ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သဖြင့် အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောနေခြင်း ဖြစ်လေသည်။
“ရွှပ်”
တုပိုင်က ဝိညာဉ်အရိပ် ဝိညာဉ်တိုက်ခိုက်မှုကို အနည်းငယ် ထုတ်လွှတ်လိုက်လေသည်။
အမှန်စင်စစ် ဤစိတ်စွမ်းအင်တိုက်ခိုက်မှုသည် ရွှေဧကရာဇ်၏ လက်ကျန်ဝိညာဉ်ကို မည်သို့မျှ မလုပ်နိုင်သော်လည်း သူ့ကို နှိုးဆွပေးနိုင်ပေသည်။
ရွှေဧကရာဇ်ထယ်မူဂျင်၏ လက်ကျန်ဝိညာဉ်သည် တုပိုင်အပေါ်သို့ အမှန်တကယ်ပင် အကြည့်ရောက်လာပြီး သူ၏ အကြည့်များ ရှုပ်ထွေးလာကာ မျက်နှာပေါ်ရှိ အမူအရာများပါ ရှုပ်ထွေးလာတော့သည်။
မကြာမီတွင် သူ၏ အရှိန်အဝါနှင့် လွှမ်းမိုးနိုင်စွမ်းကို ပြန်လည်ရရှိသွားပြီး ပြောလိုက်သည်။
“မင်းက ငါ့နယ်မြေထဲကို ဝင်ရဲတယ်ပေါ့။ မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ။”
သူက ပဉ္စမမြောက် စကားကို ဆက်မပြောနိုင်တော့ပုံ ရလေသည်။.သူက တုပိုင်ကို သတိထားမိလိုက်လျှင်ပင် တုပိုင်အား တုံ့ပြန်ရန် စကားလုံးအသစ်များကို မပြောနိုင်တော့ချေ။
တုပိုင်က ပြောသည်။ “ရွှေဧကရာဇ်ထယ်မူဂျင် ၊ ခင်ဗျားရဲ့ လက်ကျန်ဝိညာဉ်ကို ကျွန်တော့်ကိုပေးပြီး ခင်ဗျားရဲ့ စိတ်စွမ်းအင်ကို လွှဲပေးပါ။”
ရွှေဧကရာဇ်၏ လက်ကျန်ဝိညာဉ်က ပြောလိုက်ပြန်သည်။
“ငါက စကြာဝဠာမှာ အသန်မာဆုံး ၊ ကမ္ဘာလောကရဲ့ အရှင်သခင် ၊ ဘုရင်တွေရဲ့ ဘုရင် ရွှေဧကရာဇ်ထယ်မူဂျင်ပဲ။”
သိသာထင်ရှားစွာပင် ဤသည်မှာ ငြင်းပယ်ခြင်း ဖြစ်လေသည်။ ဤကဲ့သို့သော စိတ်စွမ်းအင်အမွေဆက်ခံခြင်းမျိုးသည် လုယူ၍မရနိုင်ဘဲ တစ်ဖက်လူက လုံးဝလိုလားစွာ ပေးအပ်မှသာ ရရှိနိုင်ပေသည်။
တုပိုင်က ထပ်ပြောပြန်၏။ “ရွှေဧကရာဇ်ထယ်မူဂျင် ၊ ခင်ဗျားရဲ့ စိတ်စွမ်းအင်ကို ကျွန်တော့်ဆီ လွှဲပေးလိုက်ပါ။ ကျွန်တော် ခင်ဗျားအတွက် လက်စားချေပေးမယ်။”
ရွှေဧကရာဇ်၏ လက်ကျန်ဝိညာဉ်သည် ဆက်လက် ငြင်းဆန်နေပြီး သူပြောခဲ့သော ပထမဆုံးစကားများကိုသာ ဆက်လက် ရေရွတ်နေပြန်သည်။
တုပိုင်က ထပ်မံစည်းရုံးပြန်၏။ “ရွှေဧကရာဇ်ထယ်မူဂျင် ၊ ခင်ဗျားသေတော့မယ်ဆိုတာ ကြိုခံစားမိခဲ့မှန်း ကျွန်တော်သိတယ်။ ဒါကြောင့် မသေခင် ၁၀ နှစ်လောက်အလိုကတည်းက ကြီးမားတဲ့ သင်္ချိုင်းဂူကြီးကို တည်ဆောက်ခဲ့တာလေ။ အဲဒီသင်္ချိုင်းဂူထဲမှာ နဂါးနိုင်လက်ဝါး ၁၈ ကွက်ရှိသလို အလွန်စွမ်းအားကြီးတဲ့ စစ်တပ်ကြီးလည်း ရှိတယ်။”
“သူတို့အကုန်လုံးက မြေအောက်သင်္ချိုင်းဂူထဲမှာ ခင်ဗျားတစ်နေ့ပြန်နိုးထလာမယ့်အချိန်ကို စောင့်နေကြတာ။ ခင်ဗျားပြန်လာပြီး စစ်တပ်ကို ဦးဆောင်ကာ ကမ္ဘာလောကကြီးတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ဖို့ စောင့်နေကြတာလေ။”
ရွှေဧကရာဇ်ထယ်မူဂျင်၏ လက်ကျန်ဝိညာဉ်သည် ခေတ္တမျှ ကြောင်အသွားရလေသည်။ သိသာထင်ရှားစွာပင် တုပိုင်၏ စကားများက သူ့ကို ထိတွေ့သွားစေခဲ့သော်လည်း ပိုမိုရှင်းလင်းသော မှတ်ဉာဏ်များကိုမူ ပြန်မခေါ်နိုင်ခဲ့ပေ။
တုပိုင်က ပြောလိုက်သည်။ “ရွှေဧကရာဇ် ၊ ကျွန်တော် ခင်ဗျားကို ပြန်အသက်ရှင်လာအောင် လုပ်ပေးမယ်။ ပြီးတော့ ခင်ဗျားကို ကမ္ဘာလောကကြီးတစ်ခုလုံး တိုက်ခိုက်သိမ်းပိုက်ခွင့်ရအောင် လုပ်ပေးမယ်။ ကမ္ဘာတစ်ခုလုံးကို ခင်ဗျားရဲ့ စားကျက်မြေအဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်လွှားက အလှမယ်တွေအကုန်လုံးကို ခင်ဗျားရဲ့ ပေါင်ကြားမှာ ဒူးထောက်ခိုင်းစေရမယ်။”
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေဧကရာဇ်ထယ်မူဂျင်၏ မျက်လုံးများ တောက်ပလာလေသည်။
“ဝုန်း” ထို့နောက်တွင် စကားဝှက် မှန်ကန်သွားသကဲ့သို့ပင် ဖြစ်သွားတော့သည်။ ရွှေဧကရာဇ်၏ ကြီးမားသော ပုံရိပ်သည် စတင်ပျောက်ကွယ်သွားပြီး အရိုးစုများဖြင့် ဖွဲ့စည်းထားသော ပလ္လင်သည်လည်း စတင်ပျောက်ကွယ်သွားလေသည်။
“ရွှပ် ရွှပ် ရွှပ်”
ရွှေဧကရာဇ်၏ လက်ကျန်ဝိညာဉ်သည် အလင်းရောင်နှင့် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တုပိုင်၏ စိတ်အာရုံထဲသို့ အရှိန်ပြင်းစွာ ဝင်တိုးသွားတော့သည်။
“အားးးးးး”
ရုတ်တရက် တုပိုင်၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားရလေသည်။ အဆုံးမဲ့သော စိတ်စွမ်းအင် အချက်အလက်များ ၊ အဆုံးမဲ့သော မှတ်ဉာဏ်များ ၊ အဆုံးမဲ့သော စိတ်ဝိညာဉ် အမှတ်အသားများသည် တုပိုင်၏ ဦးနှောက်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာကြလေ၏။
တုပိုင်၏ ဦးနှောက်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲသွားတော့သည်။
ထို့နောက် ဦးနှောက်တစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားရကာ တုပိုင် ခေတ္တမျှ မေ့မြောသွားရလေတော့၏။
**--**--**--**--**--**--**--**
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရပေ။ တုပိုင် ပြန်လည်နိုးထလာသည်။
“ငါက စကြာဝဠာမှာ အသန်မာဆုံး ၊ ကမ္ဘာလောကရဲ့ အရှင်သခင် ၊ ဘုရင်တွေရဲ့ ဘုရင် ရွှေဧကရာဇ်ထယ်မူဂျင်ပဲ။”
ဤစာကြောင်းသည် သူ့ပါးစပ်မှ အလိုအလျောက် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထို့နောက် သူက ခေါင်းကို ချက်ချင်းခါလိုက်ပြီး ရွှေဧကရာဇ်ထယ်မူဂျင်ပိုင်ဆိုင်သော ခံစားချက်ကို ဘေးဖယ်လိုက်သည်။
ဝိညာဉ်အမွေဆက်ခံခြင်းဆိုသည်မှာ ခွေးအိမ်သခင်ကြီးကဲ့သို့ပင် တုပိုင်၏ ဦးနှောက်အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်းသာဖြစ်ပြီး တုပိုင်၏ ဦးနှောက်ကို လွှမ်းမိုးချုပ်ကိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
တုပိုင်က အဘယ်ကြောင့် ရွှေဧကရာဇ်၏ စိတ်စွမ်းအင်အမွေကို ရယူခဲ့သနည်း။
ပထမအချက်အနေနှင့် လက်ရှိအချိန်တွင် ရွှေအင်ပါယာ၏ အကြွင်းအကျန်များဖြစ်သော ကျွန်းကော် ခန်းနိတ်နိုင်ငံနှင့် ဝါန ခန်းနိတ်နိုင်ငံတို့မှာ အတော်လေး အားကောင်းနေဆဲ ဖြစ်သည်။ ထိုသူများအားလုံးသည် ရွှေဧကရာဇ်၏ ဆက်ခံသူများဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသူများ ဖြစ်သည်။
ဒုတိယနှင့် အရေးအကြီးဆုံးအချက်မှာ စစ်မြေပြင်တွင် ဘုရားသခင်ကိုပင် အာခံနိုင်သောနဂါးနိုင်လက်ဝါး ၁၈ ကွက်သိုင်းပညာကြောင့် ဖြစ်လေသည်။
တတိယအချက်မှာ ရွှေဧကရာဇ်၏ တော်ဝင်သင်္ချိုင်းဂူကြောင့် ဖြစ်၏။ ကွယ်လွန်ပြီးနောက်တွင်ပင် ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ရန်အတွက် ချင်ရှီဟွမ်သည် မြေအောက်သင်္ချိုင်းဂူထဲတွင် နန်းတော်မြစ်ချောင်းများနှင့် အားကောင်းသော စစ်တပ်တစ်ခုကို တည်ဆောက်ခဲ့သည်။
သို့သော် သူ၏ စစ်တပ်မှာ အတုများသာဖြစ်ပြီး ရွှံ့ရုပ်စစ်သည်များသာ ဖြစ်လေသည်။ သို့သော် ရွှေဧကရာဇ်ထယ်မူဂျင်မှာမူ လုံးဝကွာခြားသည်။
သူသင်္ချိုင်းဂူထဲတွင် ဝှက်ထားသော စစ်တပ်မှာ အစစ်အမှန်ဖြစ်ပြီး တုပိုင်အနေဖြင့် ထိုစစ်တပ်က မည်သည်နည်းကို မသိသေးပေ။ သို့သော် သေချာသည်မှာ ရွှံ့ရုပ်စစ်သည်များ မဟုတ်ဘဲ အစစ်အမှန် အားကောင်းသော စစ်တပ်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
ဤကမ္ဘာရှိ ထယ်မူဂျင်သည် အခြားကမ္ဘာမြေ၏ သမိုင်းကြောင်းနှင့် ကွာခြားကြောင်း သိထားရမည်။
အခြားကမ္ဘာတစ်ခုမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်လာမှုကြောင့် သူ၏ခန္ဓာကိုယ်သည် နှစ်တစ်ထောင်အတွင်း မမြင်ဖူးသော စစ်မှန်သည့် ရွှေသွေးကြောဖြစ်လာခဲ့ပြီး အရာခပ်သိမ်း၏ သွေးကြောများကို အမှန်တကယ် တိုက်ခိုက်ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူသည် စကြာဝဠာတွင် နံပါတ်တစ် အာဏာရှင်ဖြစ်လာရန် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ပြင် ဤသွေးကြောသည် အရာခပ်သိမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။ သို့သော် ရွှေဧကရာဇ်၏ သင်္ချိုင်းဂူသည် မည်သည့်နေရာတွင် ရှိသနည်း။ သူ့ကိုယ်၌က လွဲ၍ မည်သူမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် ဤသင်္ချိုင်းဂူကြီးကို တည်ဆောက်ခဲ့ကြသော လူပေါင်းသိန်းချီမှာ သေဆုံးသွားသည်အထိ သူတို့ဘယ်ရောက်နေမှန်း မသိခဲ့ကြသောကြောင့် ဖြစ်လေသည်။
ရွှေဧကရာဇ်၏ စိတ်စွမ်းအင်အမွေကို လက်ခံရရှိပြီးနောက် တုပိုင်သည် သူ့စိတ်ထဲရှိ မှတ်ဉာဏ်များကို စတင်ရှာဖွေလိုက်သည်။.ရုတ်တရက် ပေါ်လာသော ပုံရိပ်များမှာ စစ်ပွဲများ ၊ စစ်ပွဲများနှင့် စစ်ပွဲများသာ ဖြစ်လေသည်။
မြို့သိမ်းပွဲများ ၊ မြို့သိမ်းပွဲများ ၊ မြို့သိမ်းပွဲများ... ထို့နောက်တွင်တော့ အမျိုးသမီးများ ၊ အမျိုးသမီးများ ၊ အမျိုးသမီးများ ၊ အဆုံးမဲ့သော အလှမယ်များ ဖြစ်ကြသည်။ ဤရွှေဧကရာဇ်သည် သောင်းနှင့်ချီသော ကမ္ဘာ့အလှမယ်များနှင့် အမှန်တကယ် အိပ်စက်ခဲ့ဖူးလေသည်။
သို့သော် တုပိုင် ပထမဆုံး ရှာဖွေနေသည်မှာနဂါးနိုင်လက်ဝါး ၁၈ ကွက်ဖြစ်၏။ ထိုကဲ့သို့ အရေးကြီးသော အချက်အလက်ကို ရွှေဧကရာဇ်က အရေးအကြီးဆုံး မှတ်ဉာဏ်အဖြစ် သေချာပေါက် သိမ်းဆည်းထားပေလိမ့်မည်။ ရုတ်တရက် တုပိုင် လုံးဝ အံ့အားသင့်သွားရလေသည်။ ဤရွှေဧကရာဇ်သည် အမှန်တကယ်ပင် အံ့မခန်းပါပေသည်။ နဂါးနိုင်လက်ဝါး ၁၈ ကွက်ကျမ်းလိပ်ကို ထိုကဲ့သို့သောနေရာ၌ ထားခဲ့လေသည်လား။
ကမ္ဘာတစ်ဝှမ်းလုံးမှ လူများ ရှာမတွေ့ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ ၊ အိပ်မက်စနစ်ထဲတွင် မည်သည့်သဲလွန်စမျှ မရှိသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
တစ်စုံတစ်ယောက်က သိခဲ့လျှင်ပင် လုံးဝ ရယူနိုင်မည် မဟုတ်ချေ။ ရွှေဧကရာဇ်တစ်ယောက်တည်းသာလျှင် နဂါးသတ်နည်းစနစ်ဟု အတိအကျခေါ်ဆိုနိုင်သော ဤနဂါးနိုင်လက်ဝါး ၁၈ ကွက်လျှို့ဝှက်ကျမ်းစာအုပ်ကို ရယူနိုင်ပေလိမ့်မည်။ ဤကျမ်းလိပ်သည် ပေမင်မဟာအတတ်ကဲ့သို့ပင် အလိုအလျောက် သင်ယူနိုင်သော အရာဖြစ်သည်။
ကျင့်စဥ်ကို သိရုံဖြင့် အသုံးမဝင်ဘဲ ကျမ်းလိပ်ကို ရှာတွေ့မှ ရပေမည်။ ထို့ပြင် ထိုအရာသည် အခြားကမ္ဘာတစ်ခု၏ ကျမ်းလိပ်ဖြစ်ပြီး မိုးမြေစွမ်းအားကို သူ့အလိုလို ဝါးမျိုထားသောကြောင့် အားကောင်းသည့် စွမ်းအင်များအား ပိုင်ဆိုင်ထားလေသည်။
ကျမ်းလိပ်ကို ဖွင့်လိုက်သည်နှင့် စွမ်းအင်တစ်ခုက ကိုယ်ခန္ဓာအတွင်းသို့ ဒလဟော ဝင်ရောက်လာပြီး ကြွက်သားများနှင့် ဒန်တျန်ကို ပြောင်းလဲပေးကာ ဤနည်းစနစ်ကို ချက်ချင်း တတ်မြောက်သွားစေမည် ဖြစ်သည်။
ပေမင်မဟာအတတ်ကို တစ်ကြိမ်သင်ယူရန် စွမ်းအင်အနှစ် ၆၀ စာ ကုန်ကျသည်ဆိုရုံသာ ရှိသေးသည်။
နဂါးနိုင်လက်ဝါး ၁၈ ကွက်မှာမူ ပို၍ အံ့သြဖွယ်ကောင်းလေသည်။ တစ်ကြိမ်သင်ယူရန် စွမ်းအင် နှစ် ၃၀၀ စာ ကုန်ကျ၏။ ထို့အပြင် ရွှေသွေးကြောပိုင်ရှင်များသာ သင်ယူနိုင်လေသည်။ သွေးကြောမလုံလောက်သော အခြားလူများအနေဖြင့် ဤကျင့်စဉ်ကျမ်းလိပ်ကို ရရှိလျှင်ပင် ရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်သည် ကျင့်ကြံသူ၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်ကို အားကိုးခြင်းမဟုတ်ဘဲ မိုးမြေစွမ်းအားကို တိုက်ရိုက်စုစည်းကာ အံ့မခန်း သေစေနိုင်သော စွမ်းအားကို ဖန်တီးပေးသည့် စစ်မြေပြင်သုံး နတ်ဘုရားစွမ်းရည် ဖြစ်သောကြောင့်ပင်။
“စနစ် ၊ ငါအပြင်ထွက်တော့မယ်။” တုပိုင် ပြော၏။
ရုတ်တရက် အိပ်မက်စနစ်က သူ့စိတ်ထဲတွင် မြေပုံလမ်းကြောင်းတစ်ခုကို ပြသပေးလာသည်။ မိစ္ဆာသတ်မျှော်စင်၏ အတွင်းပိုင်း ဟင်းလင်းပြင်တစ်ခုလုံးသည် ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေသည်။
တုပိုင်သည် အကွေ့အကောက်ပေါင်း တစ်ထောင်ခန့် ပြုလုပ်လိုက်ရပြန်သည်။ ရုတ်တရက်ဆိုသလိုပင် သူသည် ဝဲကတော့ပုံစံ စွမ်းအင်အတားအဆီးတစ်ခုသို့ ရောက်ရှိလာလေသည်။
“ငရဲမီးတောက်ကို မီးညှိလိုက်။” အိပ်မက်စနစ်က ပြောသည်။
ချက်ချင်းပင် တုပိုင်၏ လက်ဝါးတွင် ငရဲမီးတောက်တစ်ခု တောက်လောင်လာသည်။ ရုတ်တရက် ဝဲကတော့ပုံစံ စွမ်းအင်အတားအဆီးတွင် အပေါက်တစ်ခု ပေါ်လာကာ တုပိုင်သည်လည်း ထိုအပေါက်မှတစ်ဆင့် အပြင်သို့ ပြေးထွက်လိုက်တော့သည်။
“ဝုန်းးးး။” တုပိုင်သည် မိစ္ဆာသတ်မျှော်စင်၏ အတွင်းပိုင်း ဟင်းလင်းပြင်မှ ထွက်ပေါ်လာပြီး ပင်လယ်ထဲသို့ ကျဆင်းသွားလေသည်။
လက်ရှိအချိန်သည် မိုးချုပ်နေပြီ ဖြစ်လေ၏။ မိစ္ဆာသတ်မျှော်စင် တစ်ခုလုံးသည်လည်း လူရှင်းနေပြီ ဖြစ်၏။
သို့သော် ထို့နောက်တွင် တုပိုင် အနည်းငယ် စိတ်ပျက်သွားရလေသည် ၊ အဘယ်ကြောင့်ဆိုသော်နဂါးနိုင်လက်ဝါး ၁၈ ကွက်ကျမ်းလိပ်ရှိရာ နေရာနှင့် မိုင် ၂၀၀၀ နီးပါး ဝေးကွာနေသောကြောင့် ဖြစ်၏။ တုပိုင်အနေဖြင့် ပင်လယ်ရေမျက်နှာပြင်ထက်မှ ဤအတိုင်း ဖြတ်သန်းသွားရမည်လော။
ထိုအချိန်တွင် ကြီးမားသော ငါးမန်းနှစ်ကောင် ဘေးနားမှ ဖြတ်ကူးသွားလေသည်။
အိပ်မက်စနစ်က ပြောလိုက်သည်။ “ငါးမန်းကို ရပ်ခိုင်းပြီး မင်းရဲ့ အစီးအနင်းအဖြစ်နဲ့ လိုရာခရီးကို သွားခိုင်းလိုက်။”
တုပိုင် အံ့အားသင့်သွားသော်လည်း အဆင်ပြေပါသည်ဟု တွေးလိုက်၏။ ထို့နောက် ထိုအရာသည် တကယ်ဖြစ်နိုင်ကြောင်း သူတွေ့ရှိလိုက်ရသည် ၊ အဘယ်ကြောင့်ဆိုသော် ရွှေဧကရာဇ်ထယ်မူဂျင်၏ ရွှေသွေးကြောသည် အရာခပ်သိမ်းကို လွှမ်းမိုးနိုင်ပြီး သူ၏ စိတ်စွမ်းအင်နှင့် မရေမတွက်နိုင်သော အရိုင်းစွမ်းအားများကို အသုံးပြုကာ ယင်းတို့အား တိုက်ရိုက် အမိန့်ပေးနိုင်သောကြောင့် ဖြစ်လေသည်။
တုပိုင်သည် ရွှေဧကရာဇ်၏ စိတ်စွမ်းအင်အာဏာကို အသုံးပြု၍ ဧရာမငါးမန်းကြီးနှစ်ကောင်ထဲမှ တစ်ကောင်ကို အမိန့်ပေးလိုက်သည်။
ရုတ်တရက် ငါးမန်းကြီးသည် တုပိုင်ထံသို့ တန်းတန်းမတ်မတ် ကူးခတ်လာပြီး အမြင့်ဆုံးသော လေးစားမှုကို ပြသလေသည်။
တုပိုင်သည် ငါးမန်းပေါ်သို့ တက်စီးလိုက်ပြီး မြောက်ဘက်သို့ တရစပ် ဦးတည်သွားတော့သည်။ ငါးမန်းသည် အလွန်မြန်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းအထိ ရောက်ရှိလေသည်။
**--**--**--**--**--**--**--**
နာရီ ၂၀ ကြာပြီးနောက်။
တုပိုင်သည် ငါးမန်းကို စီးကာ ပင်လယ်ထဲတွင် မိုင် ၂၀၀၀ နီးပါး ခရီးနှင်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ပြင်ဧရိယာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ယင်းက ရပ်တန့်လိုက်ပြီး တုပိုင်ထံသို့ တောင်းပန်သည့် အချက်ပြမှုတစ်ခု ပေးပို့လာသည်။
အဘယ်ကြောင့်ဆိုသော် ယင်းသည် ရှေ့ဆက်မသွားရဲတော့သောကြောင့် ဖြစ်၏။ ပန်းတိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း တုပိုင် သိလိုက်သည်။ ပင်လယ်ပြင်ဧရိယာတွင် ပင်လယ်သတ္တဝါများစွာကို တုပိုင် တွေ့မြင်နေရသည် ၊ ရာနှင့်ချီ၍ ရှိလေသည်။
သို့သော် ငါးမန်းတစ်ကောင်မျှ မရှိသလို ရေဘဝဲတစ်ကောင်မျှလည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤပင်လယ်ပြင်ဧရိယာ၏ အောက်ခြေတွင် ဧရာမအာဏာရှင်တစ်ကောင် ရှိနေသောကြောင့် ဖြစ်လေ၏။
ရန်လိုမှု အနည်းငယ်ရှိသော မည်သည့် ရေအောက်သတ္တဝါမျှ ဤနေရာသို့ ချဉ်းကပ်ရဲမည် မဟုတ်သလို အာဏာရှင်၏ နယ်မြေကိုလည်း ချဉ်းကပ်ရဲမည် မဟုတ်ပေ။ တုပိုင်သည် ငါးမန်းပေါ်မှ ဆင်းလိုက်ပြီး ယင်း၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
“မင်းပင်ပန်းသွားပြီ ၊ ပြန်တော့။”
ငါးမန်းကြီးသည် တုပိုင်အား တိုးညှင်းစွာ အသံပြုလိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည် ၊ ဤနေရာနှင့် ဝေးရာသို့ အမြန်ဆုံး သွားလိုသည့်အလား လျင်မြန်စွာ ထွက်ခွာသွားလေ၏။
**--**--**--**--**--**--**--**
နဂါးသတ်နည်းစနစ်ကျမ်းလိပ်သည် ဤပင်လယ်ပြင်ဧရိယာ၏ နက်ရှိုင်းသော နေရာတွင် ရှိနေခြင်း ဖြစ်သည်။
တုပိုင်သည် ငုပ်လျှိုးကာ ဆင်းသွားလိုက်၏။ ထိုပင်လယ်အောက်ခြေ အာဏာရှင်နှင့် နီးကပ်လာသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်တွင် ပင်လယ်သတ္တဝါများ မရှိတော့ချေ။
တုပိုင်ပင်လျှင် အလွန်အားကောင်းသော စွမ်းအားတစ်ခုကို ခံစားနေရပြီ ဖြစ်သည်။ ထို့အပြင် ဤပင်လယ်ပြင်ဧရိယာသည် အလွန်နက်ရှိုင်းပြီး တစ်ကီလိုမီတာနီးပါး ကျော်လွန်လေသည်။
သာမန်သိုင်းသမားများအနေဖြင့် မည်မျှပင် စွမ်းအားကြီးပါစေ ဤနေရာသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ဘဲ ဤနေရာရှိ ရေဖိအားမှာ ကြောက်ခမန်းလိလိ ဖြစ်သည်ဟု ပြောနိုင်သည်။
သို့သော် တုပိုင်၏ ခန္ဓာကိုယ်မှာ ပြုပြင်မွမ်းမံထားပြီးဖြစ်ရာ သူ့ခန္ဓာကိုယ် အတွင်းနှင့် အပြင် ဖိအားကို အချိန်တိုင်း မျှတအောင် ထိန်းသိမ်းထားနိုင်လေသည်။
ပိုမိုနက်လာသည်နှင့်အမျှ တုပိုင်သည် စွမ်းအင်များမှာ အစွန်းရောက်သည်အထိ ဖိနှိပ်ထားခြင်းကို ခံလိုက်ရသည်။
ထိုအရာသည် စစ်မှန်သော စွမ်းအင်ဖိနှိပ်မှုဖြစ်ပြီး ဤနေရာသို့ ဝင်ရောက်လာသော မည်သည့်သတ္တဝါမဆို တိုက်ရိုက် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။
“ဝူး” တုပိုင် ပင်လယ်အောက်ခြေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူသည် နဂါးသတ်နည်းစနစ်ကျမ်းလိပ်များနှင့် အလွန်နီးကပ်နေပြီ ဖြစ်၏။
ရုတ်တရက် တုပိုင်၏ မျက်လုံးများ ရုတ်ခြည်း တောက်ပသွားလေ၏။ ယခင်က ဤပင်လယ်ပြင်ဧရိယာသည် လုံးဝ မှောင်မိုက်နေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်၌မူ မရေမတွက်နိုင်သော မီးမောင်းများ ဖွင့်ထားသကဲ့သို့ ၊ တုပိုင်၏ မျက်လုံးများကို တောက်ပစေတော့မည့်အလား ဖြစ်နေသည်။
ထိုသည်များသည် မီးမောင်းတွေ မဟုတ်ပေ။ မျက်လုံးများသာ ဖြစ်၏။ မရေမတွက်နိုင်သော မျက်လုံးများက တစ်ချိန်တည်း ပွင့်လာကြသည်။ အပေါက်ကြောက်ရောဂါ ရှိသူများဆိုလျှင် သေချာပေါက် ရူးသွပ်သွားပေလိမ့်မည်။
ဤသည်မှာ အလွန်ကြီးမားသော ရေဘဝဲကြီးတစ်ကောင်ဖြစ်ပြီး သားရဲဆန်း ရေဘဝဲတစ်ကောင်လည်း ဖြစ်လေသည်။.အာရုံခံလက်တံတစ်ခုစီတွင် မျက်လုံးများစွာ ရှိနေပြီး စုပ်ခွက်များထဲတွင်လည်း သွားများစွာပါဝင်သော ပါးစပ်ပေါက်များ ရှိနေသည်။
ဤသည်မှာ ဧရာမသားရဲဆန်းတစ်ကောင်ဖြစ်ပြီး အလွန်စွမ်းအားကြီးသော သားရဲဆန်းတစ်ကောင် ဖြစ်သည်။
“ဝူးးး”
ရေဘဝဲနှင့်တူသော ဤဧရာမသားရဲဆန်းကြီးသည် ရုတ်တရက်ဆိုသလိုပင် သူ၏ လက်တံများအားလုံးကို တုပိုင်ထံသို့ ဖွင့်ဟလိုက်လေသည်။
ရေဘဝဲနှင့်တူသော ဤဧရာမမွန်းစတားကြီးမှာ နေ့ရောညပါ အိပ်မက်ဆိုးမက်စေလောက်အောင် ကြောက်စရာကောင်းလှသည်။
ဤသည်သာ မကသေးပေ။ သူထုတ်လွှတ်လိုက်သော စိတ်စွမ်းအင်မှာလည်း ယုံကြည်နိုင်စရာမရှိလောက်အောင် အားကောင်းလွန်းလှသည်။
“ပါကျောက် ၊ မင်းက အခု တော်တော်ကြီးလာပါလား။ ငါ့ကို မမှတ်မိတော့ဘူးလား။”
တုပိုင်က ရွှေဧကရာဇ်၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်လေသည်။ ဧရာမသားရဲဆန်းကြီးသည် မှတ်ဉာဏ်ထဲသို့ ကျရောက်သွားပုံရပြီး ထိုခံစားချက်ကို စတင်ရှာဖွေလိုက်သည်။
မကြာမီပင် ရှာတွေ့သွားလေသည်။ ရုတ်တရက် ယင်း၏ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီး ပိတ်သွားသည် ၊ မျက်လုံးအားလုံး ပိတ်သွားသည် ၊ ပါးစပ်ပေါက်အားလုံး ပိတ်သွားသည် ၊ မျက်လုံးနှစ်လုံးသာ ပွင့်ကျန်နေခဲ့ပြီး ပုံမှန်ရေဘဝဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသော်လည်း အလွန်ကြီးမားနေဆဲ ဖြစ်လေသည်။
ထို့နောက် ယင်း၏ လက်သည်းများ ဆန့်ထွက်လာပြီး တုပိုင်ကို မကာ ခေါင်းကို ပွတ်သပ်လိုက်သည်။ အမှန်တကယ်ပင် ချစ်စရာကောင်းအောင် ပြုမူနေပြီး ကလေးဆိုးလေးတစ်ယောက်လို ချွဲနွဲ့နေခြင်း ဖြစ်လေသည်။
ဤသည်မှာ အစောက သူ၏ အလွန်ရုပ်ဆိုးပြီး ကြောက်စရာကောင်းသော ပုံစံနှင့် လုံးဝ ကွာခြားနေသည်။ မှန်ပေသည် ၊ ဤအစွမ်းထက်သော ရေဘဝဲကြီးသည် တစ်ချိန်က ရွှေဧကရာဇ်ထယ်မူဂျင်၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ယခုအချိန်တွင် ပင်လယ်ကြမ်းပြင်ရှိ စွမ်းအင်အက်ကွဲကြောင်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။
“ဟုတ်တယ် ၊ ဟုတ်တယ် ၊ ငါပြန်ရောက်လာပြီ။”
တုပိုင်က ယင်း၏ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
“တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ၊ ငါမင်းကို အကြာကြီး စောင့်ခိုင်းမိလိုက်တယ်။”
တုပိုင်သည် ရွှေဧကရာဇ်နှင့် လုံးဝမတူသော်လည်း ဤသားရဲဆန်းများသည် စွမ်းအင်နှင့် အငွေ့အသက်ဖြင့်သာ လူကို မှတ်မိနိုင်ကြသည်။
ထို့ကြောင့် တုပိုင်သည် ရွှေဧကရာဇ်၏ စိတ်စွမ်းအင်အမွေကို ရရှိရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ “ဟိုစာလိပ်က ဘယ်မှာလဲ။”
တုပိုင် မေးလိုက်၏။
ပါကျောက်ခေါ် ရေဘဝဲကြီးက လက်သည်းများကို တဖျောက်ဖျောက်မြည်အောင် လုပ်လိုက်ပြီးနောက် လှည့်ကာ စတင်အန်ထုတ်လိုက်လေသည်။
ခေတ္တမျှကြာသော် သူ့ပါးစပ်ထဲမှ သေတ္တာတစ်လုံးကို ထွေးထုတ်လိုက်ပြီး သေတ္တာကို လက်သည်းများဖြင့် ပတ်ကာ တုပိုင်လက်ဝယ်သို့ ထည့်ပေးလိုက်သည်။
ထို့ကြောင့် စိတ်စွမ်းအင်အမွေ ရရှိချိန်တွင် တုပိုင် အံ့အားသင့်ခဲ့ရခြင်း ဖြစ်သည်။ ရွှေဧကရာဇ်သည်နဂါးနိုင်လက်ဝါး ၁၈ ကွက်လျှို့ဝှက်ကျမ်းကို ရေဘဝဲတစ်ကောင်၏ ဗိုက်ထဲတွင် ထည့်ထားလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။ နှစ်ရာပေါင်းများစွာ ကြာသည်အထိ မည်သူမျှ ရှာမတွေ့ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ရှာတွေ့ခဲ့လျှင်ပင် ရယူနိုင်မည် မဟုတ်ချေ။ ရွှေဧကရာဇ်ထယ်မူဂျင်သည် ဤကျမ်းလိပ်ကို အားကိုးပြီး စစ်နတ်ဘုရား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ မိုးမြေစွမ်းအားကို နှိုးဆွပြီး သောင်းချီသော စစ်သည်များကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
တုပိုင် သေတ္တာကို ဖွင့်လိုက်ရာ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာလေ၏။ အတွင်းထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော ကျမ်းလိပ်တစ်ခု ရှိနေပြီး အံ့မခန်း စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။
ယင်းသည် နှစ်ပေါင်း ၃၀၀ တိုင်တိုင် မိုးမြေစွမ်းအားများကို မျိုချထားခဲ့ပြီး ဤသည်မှာ ပင်လယ်အက်ကွဲကြောင်းထဲတွင် အခြားကမ္ဘာမှ စွမ်းအင်များ အပေါများဆုံးနေရာလည်း ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၉ + ၆၆၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team