← Chapters

အခန်း (အပိုင်းပို)

Vol. 66 Ch. Extra

အခန်း (အပိုင်းပို)

Vol. 66 Ch. Extra

ကုန်းကုန်းဧကရာဇ်။ extra (အပို)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဤကျမ်းလိပ်သည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းထက်ပင် ပို၍ ကောင်းကင်ကို အန်တုနိုင်စွမ်းရှိပြီး ရွှေသွေးကြောပိုင်ရှင်များသာ သင်ယူနိုင်သည်။

“အိပ်မက်စနစ် ၊ ငါ့ကို ရွှေသွေးကြောပိုင်ရှင်လို့ သတ်မှတ်လို့ရလား။” တုပိုင်က မေးလိုက်၏။

“မရဘူး။” အိပ်မက်စနစ်က ပြတ်သားစွာ ဖြေ၏။ “ဒါပေမဲ့ စနစ်ရှင်က အရင်ဆုံး နဂါးသွေးရဲ့ ရွှေရောင်စွမ်းအားကို ရခဲ့တယ် ၊ ပြီးတော့ လျဲ့ယန်နဂါးဆေးလုံးကို သောက်သုံးခဲ့တယ်။ စနစ်ရှင် သတိမထားမိတာ ဖြစ်နိုင်ပေမဲ့ ၊ စနစ်ရှင်ရဲ့ အရေပြားကနေ စီးထွက်လာတဲ့ သွေးတွေထဲမှာ ရွှေရောင်အမျှင်တန်းလေးတွေ ပါနေပါပြီ။”

“အဲဒါကြောင့်...” အိပ်မက်စနစ်က ဆက်ပြောသည်။ “စနစ်ရှင်ကို ရွှေသွေးကြောပိုင်ရှင်လို့ သတ်မှတ်လို့ ရသင့်ပါတယ်။”

ရသင့်သည်လား။

အကယ်၍သာ ရွှေသွေးကြောမျိုးဆက် မဟုတ်ခဲ့လျှင် ဤ နဂါးသတ်နည်းစနစ်ကို သင်ယူရန် မဖြစ်နိုင်ဘဲ တိုက်ရိုက်ပင် အပိုင်းပိုင်းအစစဖြစ်ကာ ပြာကျသွားပေလိမ့်မည်။

တုပိုင်က ဆိုလိုက်သည်။ “တခြားနည်းနဲ့ ပြောရရင် ၊ ငါဒီ နဂါးသတ်နည်းစနစ်ကို လေ့လာလိုက်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းရေရေရာရာ မသိဘူးပေါ့။”

အိပ်မက်စနစ်က ပြန်လည်ဖြေကြား၏။ “၈၀ ရာခိုင်နှုန်းတော့ ပြဿနာမရှိနိုင်ပါဘူး။”

“ငါတော့ မကြာခင် မင်းကြောင့် သေတော့မှာပဲ။” တုပိုင် ညည်းတွားလိုက်မိသည်။

“စနစ်ရှင် ၊ ကျေးဇူးပြုပြီး သတိပြုပါ ၊ ဒီစွန့်စားခန်းက စနစ်ရှင်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။”

တုပိုင် မျက်လုံးများကို မှိတ်လိုက်လေသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ သူမျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ကျမ်းလိပ်ကို တိုက်ရိုက်ပင် ဖွင့်လိုက်တော့သည်။

“ဝုန်းးးးးးးးး”

နေမင်းထက် အဆတစ်ရာမက သာလွန်သော ရွှေရောင်အလင်းတန်းကြီးသည် တုပိုင်၏ မျက်လုံးများထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာလေ၏။ ထို့နောက်တွင်တော့ ပြိုင်ဘက်ကင်းသော စွမ်းအားကြီးမားသည့် ရွှေဝါရောင် စွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာတော့သည်။

“ဘုန်းးးးး ဘုန်းးးးး ဘုန်းးးးး ဘုန်းးးးး”

အားကောင်းလှသော ရွှေဝါရောင်စွမ်းအင်များသည် တုပိုင်၏ သွေးကြောများထဲ၌ ရုတ်ခြည်း ပေါက်ကွဲသွားလေသည်။ တစ်ခဏချင်းစီ၌ပင် တုပိုင်၏ အရေပြားများ တစ်လက်မချင်းစီ ကွဲအက်သွားပြီး သွေးများ ပန်းထွက်လာ၏။

ခန္ဓာကိုယ်တစ်ခုလုံးနှင့် သွေးကြောအားလုံးသည် လုံးဝဥဿုံ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရသည်။ နဂါးသတ်နည်းစနစ်၏ စွမ်းအင်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

တုပိုင်၌ ရွှေရောင်သွေး အတော်များများ ရှိနေပြီးဖြစ်သော်လည်း ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေဆဲပင်။ သူသည် အစအနမကျန် ကြေမွမသွားသော်လည်း ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါး ဖြစ်သွားရသည်။

ထိုအချိန်၌ အားကောင်းသော ပါကျောက်ကြီးသည် တုပိုင်၏ အတိဒုက္ခကို မြင်တွေ့လိုက်ရသောအခါ ယင်း၏ ရေဘဝဲလက်တံများ အားလုံးကို ချက်ချင်းဆန့်ထုတ်ကာ တုပိုင်၏ ခန္ဓာကိုယ်အား ဖုံးအုပ်လိုက်ပြီး ၊ အားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်၍ တုပိုင်အား ရစ်ပတ်ကာ ကာကွယ်ပေးလိုက်လေ၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ပင်လယ်ကြမ်းပြင်အောက်တွင် ရွှေရောင်အလင်းတန်းများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေလေ၏။ နဂါးသတ်နည်းစနစ်ကျမ်းလိပ်သည် တုပိုင်၏ သွေးကြောများကို တစ်လက်မချင်းစီ ရူးသွပ်စွာ ပြောင်းလဲပေးနေလေသည်။

**--**--**--**--**--**--**--**

တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာတို့ကြား ကံကြမ္မာအဆုံးအဖြတ်ပေးမည့် ရှန်ယန်းစစ်ပွဲကြီးသည် ၁၅ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤတိုက်ပွဲတွင် လျောင်ယန်းစစ်သူကြီး လီယွမ်သည် နောက်တစ်ကြိမ် တောက်ပလာပြန်သည်။

သူ၏ အမြောက် ၂၀၀ သည် အံ့မခန်းစွမ်းအင်များကို ထုတ်လွှတ်ခဲ့ပြီး မြို့ရိုးပေါ်ရှိ ဂျာချင်အင်ပါယာ စစ်သည်များကို ကစဉ့်ကလျား ဖြစ်စေခဲ့သည်။

စစ်သည်အင်အား ၄ သိန်းဖြင့် ရှန်ယန်းမြို့ကို ဝိုင်းရံထားရာတွင် လီယွမ်၏ စစ်သည် ၆ သောင်းက တိုက်ပွဲ၏ တစ်ဝက်ကျော်ကို အောင်နိုင်ခဲ့ပြီး ကျန်ရှိသော စစ်သည် ၃ သိန်း ၄ သောင်းခန့် စွမ်းဆောင်ရည်သည် သူ၏ စစ်သည် ၆ သောင်းမျှပင် မရှိချေ။

လွန်ခဲ့သော လဝက်အတွင်း တာ့နင်အင်ပါယာသည် ရှန်ယန်းမြို့ကို မသိမ်းပိုက်နိုင်သေးသော်လည်း ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည်။ လီယွမ်၏ အမြောက်တပ် ကူညီပံ့ပိုးမှုဖြင့် တပ်မတော်သည် ရှန်ယန်းမြို့ရိုးပေါ်သို့ အကြိမ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

တာ့နင်အင်ပါယာသည် တိုက်ခိုက်လေ ပိုမိုရဲရင့်လေဖြစ်လာပြီး ဂျာချင်အင်ပါယာမှာမူ အခြေအနေ ပိုမိုဆိုးရွားလာပုံရသည်။ လူတိုင်း၏ အမြင်တွင် တာ့နင်အင်ပါယာက ရှန်ယန်းမြို့ကို သိမ်းပိုက်နိုင်ရန်မှာ အချိန်ကိစ္စသာ လိုတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လီယွမ်သည် အလွန်ပင် ခန့်ညားထည်ဝါနေခဲ့သည်။ စစ်သည် ၄ သိန်းတို့က သူ၏ နာမည်ကို ကြွေးကြော်နေကြပြီး ဂျာချင်အင်ပါယာတွင်လည်း သူ့အကြောင်း ဒဏ္ဍာရီများ ထွက်ပေါ်နေလေသည်။

ယနေ့တွင်တော့ လီယွမ်၏ ဂုဏ်ရောင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။ မြို့တော်မှ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အသစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ကောင်းကင်ဘုံအမိန့်တော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားတော်မူသည်။ လျောင်ယန်းစစ်သူကြီး လီယွမ်အား လျောင်တုန်းနယ်စပ် ဒုတိယဘုရင်ခံအဖြစ် ခန့်အပ်လိုက်သည်။”

“ကောင်းကင်ဘုံအမိန့်တော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားတော်မူသည်။ လျောင်တုန်းနယ်စပ် ဒုတိယဘုရင်ခံ လီယွမ်အား လျောင်ယန်းမြို့စားအဖြစ် ဘွဲ့ထူးချီးမြှင့်လိုက်သည်။”

ထိုအမိန့်တော်နှစ်ရပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စစ်တပ်တစ်ခုလုံး တုန်လှုပ်သွားကြတော့သည်။ ကနဦး၌ တုပိုင်သည် မြို့စားငယ်အဖြစ်သာ ခန့်အပ်ခံခဲ့ရသည်။ အမှန်စင်စစ် ၊ ဧကရာဇ်ကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ယောက် ဖြစ်၏။ ပိုင်ဆယ်တိုက်ပွဲ မတိုင်ခင်ကမှသာ တုပိုင်သည် ပိုင်ဆယ်မြို့စားအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ရှန်ယန်းမြို့ကို မသိမ်းပိုက်ရသေးသော်လည်း မြို့တော်သည် ဆုလာဘ်များ ရက်ရောစွာ ပေးသနားနေပြီး လီယွမ်အား ဒုတိယဘုရင်ခံအဖြစ် ချီးမြှင့်လိုက်သည်။ ထို့နောက် ရှန်ယန်းမြို့ကို အောင်နိုင်လိုက်သည်နှင့် လီယွမ်သည် နယ်စားအဖြစ် ရာထူးတိုးမြှင့်ခံရမည်ဖြစ်ပြီး ဘုရင်ခံအဖြစ်ပါ ခန့်အပ်ခံရရန် အလားအလာရှိနေသည်။

ထိုအချိန်တွင် သူသည် တုပိုင်နှင့် တစ်တန်းတည်း ထိုင်နိုင်တော့မည်ဖြစ်သည်။ အမိန့်တော်နှစ်ရပ်အပြင် ပိုကောင်းသော သတင်းတစ်ခု ရှိနေသေးသည်။ ထိုအရာမှာ ဂျာချင်အင်ပါယာမှ သံတမန်တစ်ယောက် ရောက်လာပြီး ငြိမ်းချမ်းရေး စကားကမ်းလှမ်းလာခြင်းပင် ဖြစ်၏။

ဤသံတမန်ကို ယွမ်ထိန်နယ်စားမင်း ၊ လီယွမ်နှင့် အခြားသူများက မောင်းထုတ်လိုက်သည်မှာ မှန်သော်လည်း ဤသည်က သတင်းကောင်းပင် ဖြစ်သည်။ ဂျာချင်အင်ပါယာ ဆက်လက်မတောင့်ခံနိုင်တော့ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်နှစ်ခုကို ဂုဏ်ပြုသောအနေဖြင့် လီယွမ်သည် နတ်ဘုရားများကို ကျေးဇူးတင်ပူဇော်ရန် စားသောက်ပွဲကြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်သည်။ တာဝန်ကျနေသော စစ်သူကြများမှလွဲ၍ ဝမ်ဟုအဆင့်အထက်ရှိသော တာ့နင်အင်ပါယာ စစ်သူကြီးများအားလုံး စားသောက်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

စစ်မက်ဖြစ်ပွားနေချိန်တွင် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ ကျင်းပရန် မသင့်လျော်ကြောင်း ပြောဆိုကာ မင်းသမီးနင်းရွှဲ့က ကန့်ကွက်ခဲ့လေသည်။ သို့သော် လက်ရှိအချိန်တွင် နာမည်ကြီးနေသော လီယွမ်ကို မည်သူကမျှ မလွန်ဆန်ရဲကြပေ။

စစ်တပ်အတွင်းရှိ ရာပေါင်းများစွာသော စစ်သူကြီးများသည် သူ၏ စားသောက်ပွဲသို့ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ယခုကဲ့သို့ နှင်းများ သည်းထန်စွာ ကျဆင်းနေချိန်တွင် တိုက်ပွဲဖြစ်ပွားစရာ အကြောင်းမရှိပေ။

စားသောက်ပွဲတွင် လီယွမ်၏ မျက်နှာသည် နီရဲနေသော်လည်း တက်ကြွနေပြီး နှိမ့်ချစွာပင် နေလေသည်။

“ကျန့်လုတွေ မတောင့်ခံနိုင်တော့ဘူး ၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သံတမန်တောင် လွှတ်လိုက်ပြီ။”

“၅ ရက် ၊ ရန်သူက အများဆုံး ၅ ရက်ပဲ ခံနိုင်တော့မယ်။ ၅ ရက်အတွင်း ရှန်ယန်းမြို့ ကျဆုံးရမယ်။”

“ရှန်ယန်းမြို့ ပျက်စီးခြင်းက ကျန့်လုတွေအတွက် တကယ့်ကို အကြီးအကျယ် ထိုးနှက်ချက်ပဲ။”

“ဒါက တိုင်းပြည်ကို ဖျက်ဆီးတဲ့ အလုပ်ပဲ ၊ ပြီးတော့ ဒါက အနောက်တောင်ဘက်က လီရူဟိုင်ရဲ့ ကြောင်တွေခွေးတွေနဲ့ မယှဉ်နိုင်တဲ့ အားကောင်းမောင်းသန် ဂျာချင်အင်ပါယာလေ။”

“ဟုတ်တယ် ၊ ဒါကြောင့် လီယွမ်ရဲ့ စွမ်းဆောင်ရည်က တုပိုင်ထက် အများကြီး ပိုကြီးမားတယ်။”

“ရှန်ယန်းမြို့ကို သိမ်းပိုက်ပြီးရင် စစ်သူကြီးလီယွမ်ရဲ့ ဘွဲ့ထူးက တုပိုင်ထက် မနိမ့်သင့်ဘူး ၊ မဟုတ်ရင် တရားမျှတမှာ မဟုတ်ဘူး။”

“ဟုတ်တယ် ၊ အချိန်ကျလာရင် လူတိုင်း စုပေါင်းပြီး စာရေးကြမယ် ၊ စစ်သူကြီးလီယွမ်ကို နယ်စားမင်းအဖြစ် ခန့်အပ်ပေးဖို့ အရှင်မင်းမြတ်ကို လျှောက်တင်ကြမယ် ၊ သူက တုပိုင်နဲ့ တန်းတူဖြစ်ကို ဖြစ်ရမယ်။”

“မဟုတ်ဘူး ၊ တုပိုင်ရဲ့ ဘွဲ့ထူးထက် ပိုမြင့်သင့်တယ်။”

ရောက်ရှိနေကြသော စစ်သူကြီးများသည် လီယွမ်အား မြှောက်ပင့်ပြောဆိုနေကြကြ၏။ ယွမ်ထိန်နယ်စားမင်းနှင့် လန်အောက်နယ်စားမင်းတို့သည် နေရခက်နေကြသော်လည်း ဘာမှဝင်မပြောကြချေ။

မင်းသမီးနင်းရွှဲ့မှာ ပို၍ပင် နေရခက်လာပြီး အေးစက်စက် နှာမှုတ်လိုက်ကာ မတ်တတ်ထရပ်လိုက်သည်။ “လူကြီးမင်းတို့ ၊ ကျွန်မ တာဝန်ချိန်ရောက်နေပြီ။”

ထို့နောက် သူမသည် စားသောက်ပွဲမှ တိုက်ရိုက်ပင် ထွက်ခွာသွားလေ၏။ မင်းသမီးနင်းရွှဲ့ ထွက်ခွာသွားပြီးနောက် စစ်သူကြီးများသည် လီယွမ်အား ဦးဆောင်လျက် တုပိုင်အား နှိမ်ချကာ ပိုမိုတက်ကြွလာကြသည်။

သောက်စားမှုမှာလည်း ပိုမိုကြမ်းတမ်းလာကြ၏။ ယခင်က မင်းသမီးနင်းရွှဲ့ ရှိနေသဖြင့် အနည်းငယ် ထိန်းသိမ်းနေကြသော်လည်း ယခုအခါတွင်မူ လုံးဝကို အထိန်းအကွပ်မဲ့ သောက်စားနေကြ၏။

လီယွမ် ရယ်မောလိုက်သော်လည်း သူ၏ မျက်နှာတွင် အပြုံးအရိပ်အယောင်မရှိပေ။ သူသည် မူးနေပုံရပြီး မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။

‘ဒီခြေလှမ်းကို လှမ်းလိုက်ရင် ဘယ်တော့မှ နောက်ပြန်လှည့်လို့ရမှာ မဟုတ်ဘူး။’

‘မလိုဘူး ၊ ငါနောက်ပြန်လှည့်ကြည့်စရာလည်း မလိုဘူး။’

‘မင်းသမီးနင်းရွှဲ့... ငါလီယွမ်က တုပိုင်ထက် အများကြီး ပိုသာတယ်ဆိုတာကို မင်းမြင်စေရမယ် ၊ ပြီးတော့... ပိုပြီး ရက်စက်ပြမယ်။’

‘တာ့နင်အင်ပါယာ ငါ့လက်ထဲမှာ ပျက်စီးသွားရင် တော်တော်စိတ်ဝင်စားဖို့ ကောင်းမှာပဲ။’

ထို့နောက် လီယွမ်သည် အခန်းထဲရှိ မူးရူးနေကြသော စစ်သူကြီးများကို ကြည့်လိုက်သည်။ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။

ရုတ်တရက်ဆိုသလိုပင် အထူးလူများက အစေခံအဖြစ် ဟန်ဆောင်ထားကြပြီး ဝိုင်ကရားအိုးများထဲရှိ ခလုတ်များကို ခြေရာလက်ရာမပျက် ဖွင့်လိုက်ကာ ရောက်ရှိနေကြသော စစ်သူကြီးများအားလုံးအတွက် အရက်ငှဲ့ပေးလိုက်ကြသည်။ ယခုတစ်ကြိမ် ငှဲ့လိုက်သည့်အရာကား... အဆိပ်အရက်များပင် ဖြစ်လေတော့သည်။

တာဝန်ကျနေသော စစ်သူကြီးများမှလွဲ၍ လီယွမ်သည် တာ့နင်အင်ပါယာ၏ စစ်သည် ၄ သိန်းကို ကွပ်ကဲနေသော အဆင့်မြင့် စစ်သူကြီးများ အားလုံးနီးပါးကို တစ်ပြိုင်နက်တည်း သုတ်သင်ရှင်းလင်းပစ်လိုနေခြင်း ဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ်။ extra (အပို) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters