အခန်း (၆၆၁-၆၆၂)
Vol. 67 Ch. 661-662
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၁ + ၆၆၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လီယွမ်၏ စားတော်ပွဲ ဖြစ်နေခြင်းကြောင့် တစ်ကြောင်း ၊ အချိန်အားဖြင့် နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ခြင်းကြောင့် တစ်ကြောင်း ၊ အဓိကအကျဆုံး အချက်မှာ အရှေ့ဘက်ပြည်ထောင်စု၏ အဆိပ်သည် အမှန်တကယ်ပင် အရောင်အဆင်းကင်းမဲ့ကာ အနံ့အရသာ မရှိခြင်းကြောင့်လည်း ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့ အပါအဝင် ရောက်ရှိနေကြသော စစ်သူကြီးများအားလုံးသည် ခွက်ထဲရှိ ဝိုင်နှင့်ပတ်သက်၍ သံသယအစိုးစဉ်းမျှ မရှိခဲ့ကြချေ။ ဘေးနားရှိ အစေခံများက ဝိုင်ငှဲ့ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် တစ်ရှိန်ထိုး မော့သောက်လိုက်ကြသည်။
အဆိပ်ပါသော ဝိုင်သည် ထူးဆန်းသည့် အနံ့အသက်မရှိရုံသာမက ပို၍ပင် သောက်ကောင်းနေသည့်နှယ် ရှိ၏။ နယ်စားမင်းနှစ်ပါးနှင့် စစ်သူကြီး ရာပေါင်းများစွာတို့သည် ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် အရသာခံကာ သောက်သုံးခဲ့ကြသည်။
သို့သော် တဖြည်းဖြည်းနှင့် ကျန့်ပေနယ်စားမင်း ယွမ်ထိန်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည်။ အဆိပ်ပါသော အရက်ကို ရိပ်မိလိုက်ခြင်းကြောင့် မဟုတ်ဘဲ လီယွမ်၏ အမူအရာတွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ခုကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။
ယခင်က လီယွမ်သည် ကြီးမားသော ဂုဏ်ပြုမှုများကို ရရှိခဲ့ပြီး တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်သော်ငြား စစ်သူကြီးများ၏ ရှေ့မှောက်တွင် မာနထောင်လွှားခြင်း အလျဉ်းမရှိခဲ့ပေ။ ထိုအချက်သည် တုပိုင်နှင့် လုံးဝ ကွဲပြားခြားနားသည်။
တုပိုင်သည် လူ့ဂွစာတစ်ဦး ဖြစ်၏။ ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့ မြို့တော်တွင် ရှိစဉ်ကတည်းက ဤအချက်ကို မြင်တွေ့ခဲ့ရဖူး၏။ ထိုလူသည် လူအနည်းငယ်ကိုသာ ဖော်ရွေတတ်ပြီး ကျန်လူများအပေါ်တွင်မူ အမြဲတမ်း လျစ်လျူရှုကာ မာနကြီးတတ်သည်။
လီယွမ်ကမူ ထိုသို့မဟုတ်ပေ။ တစ်ယောက်တည်း ရှိနေချိန်တွင် အေးစက်ကာ လျစ်လျူရှုတတ်သော်လည်း စစ်သူကြီးများ၏ ရှေ့မှောက်တွင်မူ အလွန် နှိမ့်ချတတ်သူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ လီယွမ်၌ ယခင်က ရှိခဲ့သော နှိမ့်ချသည့် ပုံစံများ လုံးဝမရှိတော့ချေ။ ခန့်ညားသော မျက်နှာသည် ကျောက်ဆစ်ရုပ်တုပမာ အလွန်ပင် အေးစက်နေသည်။ သူသည် ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် ကိုယ်တိုင်ငှဲ့ကာ သောက်နေလေသည်။ စစ်သူကြီးများကို ကြည့်နေသော သူ၏ မျက်လုံးများမှာမူ အထင်သေးခြင်းများနှင့် အေးစက်ခြင်းများ ပြည့်နှက်နေ၏။ သူသည် မျက်နှာဖုံးတစ်ခုကို လဲလှယ်တပ်ဆင်လိုက်သကဲ့သို့ပင်။
ကျန့်ပေနယ်စားမင်း ယွမ်ထိန်က မနေနိုင်တော့ဘဲ မေးလိုက်၏။
“စစ်သူကြီးလီယွမ်... ဒီနေ့က မင်းအတွက် မင်္ဂလာရှိတဲ့ နေ့ရက်လေ... ဘာလို့ ရုတ်တရက်ကြီး မျက်နှာက အေးစက်သွားရတာလဲ”
လီယွမ်သည် ကျန့်ပေနယ်စားမင်း ယွမ်ထိန်အား တစ်ချက်ကြည့်ကာ အထင်သေးသလို နှာမှုတ်လိုက်လေသည်။
ဤသဘောထားသည် ကျန့်ပေနယ်စားမင်း ယွမ်ထိန်ကို ချက်ချင်း အံ့အားသင့်သွားစေပြီး မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ လီယွမ်သည် ယခင်က သူ့ရှေ့တွင် အမြဲတမ်း အလွန် နှိမ့်ချခဲ့သူ မဟုတ်ပါလော။ ယခုအချိန်ကျမှ သူသည် မည်သို့ဖြစ်၍ ဤသို့သော သဘောထားမျိုး ပြောင်းလဲသွားရသနည်း။
သူသည် ဤမျှလောက်ပင် မာနကြီးနေပြီလော။ ဤမျှအထိတော့ ဟုတ်မည်မထင်ပေ။ အကြောင်းပြချက် မည်သို့ပင်ရှိစေ ကျန့်ပေနယ်စားမင်း ယွမ်ထိန်သည် ဒေါသအကြီးအကျယ် ထွက်သွားပြီး လက်ထဲရှိ ဝိုင်ခွက်ကို လွှင့်ပစ်ကာ နေရာမှထပြီး ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်... ရုတ်တရက် သူသည် ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားရ၏။
“အားးး... အားးး...”
ချက်ချင်းဆိုသလိုပင် ကျန့်ပေနယ်စားမင်း ယွမ်ထိန်သည် သူ၏ လက်များနှင့် ခြေထောက်များကို လုံးဝ ထိန်းချုပ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရပြီး လဲကျသွားပြီးနောက် ပြန်ထရန် မည်သို့မျှ မတတ်နိုင်တော့ချေ။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
ကွင်းပြင်ရှိ ရာပေါင်းများစွာသော စစ်သူကြီးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် အရုပ်ကြိုးပြတ် လဲကျကုန်ကြလေသည်။ ရောဂါလက္ခဏာများက ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် အတူတူပင် ဖြစ်သည်။ သူတို့၏ ခြေလက်များကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီး ကြမ်းပြင်ပေါ်တွင် တုန်ရီနေကြသည်။
လူတိုင်းက လီယွမ်ကို တုန်ရီစွာ လက်ညှိုးထိုးလိုက်ကြသည်။ ကျန့်ပေနယ်စားမင်း ယွမ်ထိန်က အသံတိမ်တိမ်ဖြင့် မေးလိုက်၏။
“ဝိုင်... ဝိုင်ထဲမှာ အဆိပ်ပါလာတာပဲ...”
သို့သော် သူ့လျှာတစ်ခုလုံး တောင့်တင်းနေပြီဖြစ်သောကြောင့် အသံထပ်မထွက်နိုင်တော့ပေ။ လီယွမ်က ပေါ့ပါးအေးဆေးစွာပင် ပြန်ဖြေလိုက်၏။
“ဟုတ်တယ်။ ဝိုင်ထဲမှာ အဆိပ်ပါတယ်”
ကျန့်ပေနယ်စားမင်း ယွမ်ထိန်သည် လုံးဝ နားမလည်နိုင် ဖြစ်နေရကာ မေးလိုက်သည်။
“ဘာလို့... ဘာလို့လဲ...”
ရှန်ယန်းမြို့ကို သိမ်းပိုက်တော့မည် ဖြစ်ပြီး တာ့နင်အင်ပါယာသည် ကြီးမားသော အောင်ပွဲကို ရရှိတော့မည် ဖြစ်သည်။ လီယွမ်သည် ကြီးမားသော ဂုဏ်ပြုမှုများကို ရရှိမည်ဖြစ်ပြီး မကြာမီ နယ်စားမင်းအဖြစ် ရာထူးတိုးမြှင့်ခံရကာ တာ့နင်အင်ပါယာ၏ နောက်ထပ် ထောင်တိုင်ကြီး တစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလော။
လီယွမ်သည် ကျန့်ပေနယ်စားမင်း ယွမ်ထိန်၏ အနားသို့ လျှောက်လာပြီး သူ့ခေါင်းကို တိုက်ရိုက် နင်းချလိုက်ကာ အေးစက်စွာ ပြောလိုက်လေသည်။
“အဘိုးကြီး... အဲဒါတွေအကုန်လုံးက အတုတွေပဲ။ ဂျာချင်အင်ပါယာက ရှုံးတော့မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား။ စစ်သည် ခြောက်သောင်းနဲ့ အမြောက် နှစ်ရာ လောက်ကို အားကိုးပြီး လျောင်ယန်းမြို့ကို ငါအလွယ်တကူ ပြန်သိမ်းနိုင်ခဲ့တယ်လို့ ထင်နေတာလား။ ပြီးတော့ တိုက်ပွဲတိုင်းကို နိုင်ရမယ်လို့ ထင်နေတာလား။ ရှန်ယန်းမြို့ကို တိုက်ခိုက်တုန်းက ငါက ဒီမြို့ရိုးဘက်ကို တာဝန်ယူခဲ့ပြီး ဂျာချင်အင်ပါယာကိုတောင် အနိုင်တိုက်နိုင်ခဲ့တယ်ပေါ့။ ဂျာချင်အင်ပါယာက စစ်နတ်ဘုရား လီယွမ်ဆိုတဲ့ နာမည်တောင် ပေးခဲ့တယ်ပေါ့။ ဂျင်ထိုက်ဂျိကတောင် ငါတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သံတမန်လွှတ်ခဲ့တယ်ပေါ့... ဟားဟား... အဲဒါတွေအကုန်လုံးက အတုတွေပဲ။ ပူးပေါင်းကြံစည်မှု တစ်ခုပဲ”
ကျန့်ပေနယ်စားမင်း ယွမ်ထိန် ထိတ်လန့်သွားရသည်။ လီယွမ်က ဆက်လက်၍ လှောင်ပြောင်လိုက်၏။
“ငါတို့က သရုပ်ဆောင် အရမ်းကောင်းလွန်းလို့ ငါတကယ်ပဲ စစ်နတ်ဘုရား ဖြစ်လာပြီလို့ ခင်ဗျား ထင်သွားတာပဲ မဟုတ်လား”
ထို့နောက် သူ၏ ဖိနပ်ဖြင့် ကျန့်ပေနယ်စားမင်း ယွမ်ထိန်၏ မျက်နှာကို ဖိနင်းလိုက်ပြီး ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။
“တာ့နင်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားကလည်း ရှိသေးတယ် ၊ ပိုတောင် စိတ်ဝင်စားဖို့ ကောင်းသေးတယ်။ ဂျိုဆွန်းက သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းဖို့ ငွေတွေအများကြီး သုံးခဲ့တယ် ၊ ပြီးတော့ ကျွန်းကော်ခန်းနိတ်နိုင်ငံနဲ့ ဝါနခန်းနိတ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး လုပ်ပေးလိုက်လို့ ဝါနခန်းနိတ်နိုင်ငံရဲ့ အဓိက အင်အားစုတွေနဲ့ ဂျာချင်အင်ပါယာ အားလုံး အရှေ့ဘက်ကို ရောက်လာခဲ့ကြတယ် ၊ အဲဒါက ဂျာချင်အင်ပါယာကို ဝိုင်းရံထားတယ်ဆိုတဲ့ ပုံရိပ်ယောင်တစ်ခု ဖန်တီးပေးလိုက်တာပဲ”
လီယွမ်က ဝိုင်တစ်ခွက်ကို သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက တော်တော်စွမ်းပါတယ်။ သူ့ရဲ့အဖေ တုံးအတာထက်တော့ အများကြီး ပိုသာတယ်။ ဒါပေမဲ့ ဘာပဲပြောပြော သူက နန်းတော်ထဲမှာပဲ ကြီးပြင်းလာခဲ့တာလေ။ ဧကရာဇ်ရဲ့ အရည်အချင်းတွေ ရှိပေမဲ့ စာရွက်ပေါ်က စစ်ဆင်ရေးတွေပဲ ဖြစ်နေတယ်။ ဂျိုဆွန်းက သူပုန်တွေက ဘာမှသုံးမရဘူး။ ဝါနတိုင်းပြည်ရဲ့ စစ်သည် တစ်သိန်းလောက်ကတော့ ဂျာချင်အင်ပါယာကို ဒုက္ခနည်းနည်း ပေးနိုင်ပါတယ်။ ဂျာချင်အင်ပါယာရဲ့ စစ်တပ်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ခင်ဗျားတို့ မသိကြဘူး။ ဘယ်လိုလုပ် အဲဒီလောက် အားနည်းသွားနိုင်မှာလဲ”
“ဂျာချင်အင်ပါယာ ဆက်တိုက် ရှုံးနိမ့်နေတယ် ဆိုတာတွေက အတုတွေနဲ့ ကောက်ကျစ်စဉ်းလဲတဲ့ လှည့်ကွက်တွေချည်းပဲ။ ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲ။ တာ့နင်အင်ပါယာရဲ့ နောက်ဆုံးကျန်တဲ့ အဓိက စစ်သည်အင်အား လေးသိန်းကို အပြတ်ရှင်းပစ်ဖို့ပဲ။ ပြီးတော့ ဒီပူးပေါင်းကြံစည်မှုရဲ့ အဓိက အသက်သွေးကြောက... ငါပဲ”
ထို့နောက် ချက်ချင်းပင် လီယွမ်သည် သူ၏ မြှားတိုကို ဆွဲထုတ်လိုက်ပြီး ပါဝင်တက်ရောက်နေသော စစ်သူကြီးတစ်ဦး၏ အနားသို့ သွားကာ လည်ပင်းကို ထိုးစိုက်လိုက်လေသည်။
“ရွှပ်”
ရုတ်တရက် သွေးနီရဲရဲများ ပန်းထွက်လာကာ ထိုစစ်သူကြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။ လီယွမ်က အမိန့်ပေးလိုက်သည်။
“လုပ်လိုက်တော့...”
“နယ်စားမင်းနှစ်ပါးကလွဲရင် ကျန်တဲ့လူတွေအကုန် သတ်ပစ်”
ရုတ်တရက် သူ၏ အစေခံ ဒါဇင်ပေါင်းများစွာသည် လက်မောင်းအတွင်း၌ ဝှက်ထားသော စာရွက်ကဲ့သို့ ပါးလွှာသည့် ဓားပျော့များကို လက်စွပ်များထဲမှ ဆွဲထုတ်လိုက်ကြသည်။
“ရွှပ်... ရွှပ်...”
ထိုအစေခံများသည် မျက်နှာသေများနှင့် ဖြစ်ကြပြီး တဲအတွင်းရှိ စစ်သူကြီးများ အားလုံး၏ လည်ပင်းများကို လှီးဖြတ်လိုက်ကြသည်။ ထိုသူများသည် အဆိပ်သင့် ဝိုင်ကို သောက်ထားကြသဖြင့် သိုင်းပညာ မည်မျှပင် မြင့်မားပါစေ ၊ ခြေလက်များ လုံးဝ တောင့်တင်းနေပြီး အသံပင် မထွက်နိုင်ကြချေ။
သူတို့၏ လည်ပင်းများ တစ်ခုပြီးတစ်ခု လှီးဖြတ်ခံလိုက်ရသည်။ တဲအတွင်း၌ သွေးများ အရိုင်းဆန်စွာ ပန်းထွက်လာပြီး တဲတစ်ခုလုံး သွေးညှီနံ့များ လွှမ်းခြုံသွားကာ သွေးအိုင်များဖြင့် ပြည့်နှက်သွားတော့သည်။
တဲပတ်လည် မီတာဆယ်ဂဏန်းအတွင်းတွင် မည်သူမျှ ရှိမနေပေ။ မည်သူမျှ မည်သည်တို့ ဖြစ်သွားသည်ကို မသိကြသလို ၊ အတွင်းမှ သတ်ဖြတ်နေသံများကိုလည်း မည်သူမျှ မကြားရချေ။
မိနစ်ဝက်ခန့် ကြာသောအခါ စစ်သူကြီး တစ်ရာကျော် အသတ်ခံလိုက်ရပြီး ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့သာ ကျန်ရစ်တော့သည်။
အပြင်ဘက်တွင်ကား နှင်းများ ကျဆင်းနေဆဲပင်။ ကောင်းကင်မှ ငုံ့ကြည့်လိုက်လျှင် ရှန်ယန်းမြို့ကို ဝိုင်းရံထားသော တာ့နင်အင်ပါယာ၏ စစ်သည် လေးသိန်းသည် မိုင်ပေါင်းများစွာ ရှည်လျားစွာ တည်ရှိနေလေ၏။
လီယွမ်က လှောင်ပြောင်လိုက်သည်။ “နယ်စားမင်းတို့ ၊ တကယ်တော့ ငါတို့က ဒီတိုက်ပွဲကို နိုင်မှာမဟုတ်ဘူး။ ငါရှိနေလို့ ခင်ဗျားတို့ရဲ့ ပျက်စီးခြင်းခရီးက ပိုမြန်သွားတာပဲ ရှိတာပါ”
“အိမ်ရှေ့စံမင်းသား ၊ စိတ်မကောင်းပါဘူး။ လီယင်းတူ ပြီးတဲ့နောက် နောက်ထပ် သစ္စာဖောက်အကြီးစားတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ”
လီယွမ်သည် ထိပ်ဆုံးထိုင်ခုံသို့ ပြန်သွားပြီး ဝိုင်ကရားအိုးဖြင့် ပါးစပ်ထဲသို့ တိုက်ရိုက် မော့သောက်လိုက်လေသည်။
“လီယင်းတူ... ငါက မင်းထက် အများကြီး ပိုသာသေးတယ်။ မင်းက တာ့နင်အင်ပါယာက လူ တစ်သိန်းလောက်ကိုပဲ သတ်ခဲ့တာ။ ငါက လူ လေးသိန်းကို သတ်မှာကွ ၊ ဟားဟား”
ထိုအချိန်၌ပင်။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
တာ့နင်အင်ပါယာ တပ်စခန်း၏ အပြင်ဘက်တွင် ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ အမှောင်ထုထဲမှ မိုးကြိုးပစ်သံထက် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားသလိုပင်။
ယမ်းသိုလှောင်ရုံ ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ဤသည်ကလည်း လီယင်းတူကဲ့သို့ လက်ရာမျိုးပင် ဖြစ်သည်။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
ကမ္ဘာပျက်မတတ် ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ တာ့နင်အင်ပါယာ၏ မရေမတွက်နိုင်သော စစ်သည်များသည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး သူတို့၏ ခြေလက်များနှင့် အရိုးစုများသည် ကောက်ရိုးမျှင်များကဲ့သို့ ကောင်းကင်ပေါ်သို့ လွင့်စဉ်တက်သွားကြသည်။
ရုတ်တရက် အပြင်ဘက်ရှိ တာ့နင်အင်ပါယာ၏ စစ်တပ်သည် လုံးဝ ကစဉ့်ကလျား ဖြစ်သွားတော့သည်။ တပ်ပျက်ခြင်း။ ကြောက်မက်ဖွယ်ကောင်းသော တပ်ပျက်ခြင်းပင် ဖြစ်သည်။
ဤပေါက်ကွဲမှုများသည် လုံးဝ အလစ်အငိုက် မိသွားခြင်းဖြစ်ပြီး မရေမတွက်နိုင်သော မြင်းများသည် နားကိုပိတ်ရန် အချိန်မရှိလိုက်ဘဲ လုံးဝ လန့်ဖျပ်သွားကြသည်။ ရုတ်တရက် ထိတ်လန့်သွားသော စစ်မြင်း တစ်သောင်း ၊ နှစ်သောင်းခန့်သည် အရူးအမူး ပြေးထွက်သွားကြပြီး နေရာအနှံ့ နင်းချေကုန်ကြတော့သည်။
ဤသည်မှာ မပြီးဆုံးသေးပေ။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
နောက်ထပ် ကမ္ဘာမြေတုန်လှုပ်စေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်ပြီး တက်လာသော မီးလုံးကြီးများသည် ညကောင်းကင်ယံတစ်ခုလုံးကို နီးပါး လင်းထိန်သွားစေကာ မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ထင်ရှားစွာ မြင်တွေ့နေရသည်။
ယခုတစ်ကြိမ် ပေါက်ကွဲသည်ကား တာ့နင်အင်ပါယာ စစ်တပ်၏ စစ်ရိက္ခာသိုလှောင်ရုံများ ဖြစ်သည်။ စစ်သည် လေးသိန်းအတွက် စစ်ရိက္ခာနှင့် မြင်းစာများသည် ကျောက်ပေါင်း တစ်သိန်းကျော် ရှိသည်။
ထိုစစ်ရိက္ခာသိုလှောင်ရုံများကို တပ်အင်အား အများအပြားဖြင့် စောင့်ကြပ်ထားပြီး လုံခြုံရေးအတွက် မြေကြီးထဲတွင် ကျင်းကြီးများတူး၍ မြေအောက်တွင် ထားရှိထားခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သစ္စာဖောက် လီယွမ်ကြောင့် စစ်ရိက္ခာသိုလှောင်ရုံတိုင်း တိတိကျကျ ပေါက်ကွဲပြီး မီးလောင်သွားခဲ့သည်။
စစ်ရိက္ခာ ကျောက်ပေါင်း သိန်းချီ ၊ ပိဿာချိန် သန်း နှစ်ဆယ်မှ သုံးဆယ်အထိသည် တဟုန်းဟုန်း တောက်လောင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီး ဖြစ်လာတော့သည်။
လီယွမ်သည် တဲပြတင်းပေါက် တစ်နေရာကို ဖွင့်လိုက်ပြီး အပြင်ဘက်ရှိ ကြောက်မက်ဖွယ် မီးတောက်ကြီးကို ကြည့်ကာ ပြောလိုက်၏။
“သိပ်ခမ်းနားတဲ့ ပြဇာတ်ကြီးပဲကွ”
“ဒီပြဇာတ်ကြီးကို ဦးဆောင်သူက ငါဖြစ်နေတာပဲ... ဟားဟားဟားဟား”
ယခုအချိန်တွင် တာ့နင်အင်ပါယာ တပ်စခန်းအတွင်းရှိ ဖရိုဖရဲဖြစ်မှုများကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ ထိုအချိန်၌ပင်...
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
ရှန်ယန်းမြို့၏ တံခါးလေးပေါက်စလုံး ပွင့်သွားလေသည်။ ဂျာချင်အင်ပါယာမှ သောင်းနှင့်ချီသော မြင်းတပ်များသည် အရူးအမူး ပြေးထွက်လာကြသည်။ ခြေလျင်စစ်သည် တစ်သိန်းနီးပါးကလည်း နောက်မှလိုက်ပါလာပြီး ရှန်ယန်းမြို့ထဲမှ ဖောက်ထွက်လာကြသည်။
ရှေးခေတ်လူများသည် ညဘက်တိုက်ပွဲများအတွက် မသင့်လျော်သလို ၊ တပ်စခန်းကို ဝင်ရောက်စီးနင်းရန် ပို၍ပင် မသင့်လျော်ဟု ဆိုကြသည်။ အကြောင်းမှာ ရှေးခေတ်လူများတွင် ကြက်မျက်သင့်ရောဂါ (ညဘက် မျက်စိမမြင်ရခြင်း) ရှိကြသောကြောင့် ဖြစ်သည်။
သို့သော် ဂျာချင်အင်ပါယာမှ စစ်သည်များတွင်မူ ကြက်မျက်သင့်ရောဂါ မရှိကြပေ။ ဤသည်မှာ သမိုင်းတစ်လျှောက်ရှိ အခြားသော ဂျင်များနှင့် လုံးဝ ကွဲပြားခြားနားသည်။ အကြောင်းမှာ သူတို့သည် ပင်လယ်ကို စောစီးစွာ လက်ခံခဲ့ကြပြီး ဝေလငါးများကို စောစီးစွာ ဖမ်းဆီးကာ တစ်နှစ်ပတ်လုံး ဝေလငါးများကို စားသုံးကြသဖြင့် မျက်လုံးများ စူးရှထက်မြက်ကြသည်။
ထို့အပြင် ယခုအချိန်တွင် မြေပြင်သည် နှင်းများဖြင့် ဖြူဖွေးနေပြီး တပ်စခန်းတစ်ခုလုံး မီးလောင်နေသဖြင့် နေ့ခင်းဘက်ကဲ့သို့ မလင်းသော်လည်း တကယ်ပင် လင်းထိန်နေလေသည်။
“သတ်ကြ ၊ သတ်ကြ ၊ သတ်ကြ...”
“တာ့နင်အင်ပါယာကို ဖျက်ဆီးကြ ၊ မျိုးတုံးပစ်ကြ”
သောင်းနှင့်ချီသော ဂျာချင်မြင်းတပ်များသည် သားရဲများကဲ့သို့ ကြမ်းကြုတ်သော မျက်နှာများဖြင့် ဝင်ရောက်လာကြသည်။ တာ့နင်အင်ပါယာနှင့် ကစားနေရသည်မှာ ကြာပြီဖြစ်၍ သူတို့သည် စိတ်မရှည်ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ အကယ်၍သာ ခန်းဘုရင်မင်းမြတ်က တားဆီးမထားလျှင် သူတို့သည် စောစောစီးစီးကတည်းက အပြတ်ရှင်းပစ်ပြီးလောက်ပြီ ဖြစ်သည်။
ယခင်က ဖိနှိပ်ထားသော စိတ်များသည် နောက်ဆုံးတွင် လုံးဝ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။ သိန်းနှင့်ချီသော ဂျာချင်စစ်သည်များသည် တာ့နင်အင်ပါယာ၏ တပ်စခန်းထဲသို့ ဝင်ရောက်လာပြီး အရူးအမူး သတ်ဖြတ်ကြတော့သည်။
ရုတ်တရက် တပ်စခန်းတစ်ခုလုံးသည် မြေပြင်ပေါ်မှ ငရဲဘုံ ဖြစ်သွားတော့သည်။
**--**--**--**--**--**--**--**
မင်းသမီးနင်းရွှဲ့သည် သတိအကြီးဆုံး လူတစ်ဦး ဖြစ်သည်။ ကောင်းကင်ယံတွင် စတင်ပေါက်ကွဲသည်နှင့် သူမသည် တပ်ကို စည်းကမ်းထိန်းသိမ်းရန် ချက်ချင်း စီစဉ်ခဲ့သည်။
သူမသည် လီယွမ်၏ တဲဆီသို့ မသွားခဲ့ပေ။ အကြောင်းမှာ အပြင်ဘက်တွင် ကြီးမားသော ကိစ္စကြီး ဖြစ်ပျက်နေပြီဖြစ်ရာ လီယွမ်နှင့် ကျန့်ပေနယ်စားမင်း ယွမ်ထိန်တို့ကို သူမ သွားသတိပေးရန် မလိုအပ်ဟု ထင်မြင်ယူဆခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် စစ်ရိက္ခာသိုလှောင်ရုံ ပေါက်ကွဲပြီး မီးလောင်သောအခါ သူမသည် မီးငြှိမ်းသတ်ရန် တပ်ကို ဦးဆောင်ခဲ့သည်။
သို့သော် မကြာမီ သူမသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အကြောင်းမှာ စစ်ရိက္ခာသိုလှောင်ရုံ ပေါက်ကွဲမှုသည် တိကျလွန်းနေပြီး သိုလှောင်ရုံ တစ်ခု ၊ နှစ်ခု ပေါက်ကွဲမီးလောင်ခြင်း မဟုတ်ဘဲ သိုလှောင်ရုံ ခုနစ်ခုစလုံး တစ်ပြိုင်နက် ပေါက်ကွဲမီးလောင်သွားသောကြောင့် ဖြစ်သည်။
မကြာမီမှာပင် မရေမတွက်နိုင်သော ဂျာချင်အင်ပါယာ၏ စစ်တပ်ကြီး ထွက်ပေါ်လာခဲ့သည်။
တာ့နင်အင်ပါယာ စစ်တပ်၏ အစိတ်အပိုင်း အများစုတွင် ခေါင်းဆောင် မရှိတော့ဘဲ ကွပ်ကဲမည့်သူ လုံးဝ မရှိတော့ချေ။ ထို့အပြင် ယခင်က ဖြစ်ပွားခဲ့သော တပ်ပျက်ခြင်းကြောင့် ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။ မင်းသမီးနင်းရွှဲ့သည် သူမ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ကို ဦးဆောင်ကာ အသည်းအသန် ခုခံတိုက်ခိုက်ရန် စီစဉ်ပြီး ဂျာချင်အင်ပါယာနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရန် စုစည်းချင်ခဲ့သည်။
နာရီဝက်ကျော်ကြာအောင် အရူးအမူး တိုက်ခိုက်ပြီးနောက် မင်းသမီးနင်းရွှဲ့၏ တပ်ဖွဲ့သည် အကြီးအကျယ် ထိခိုက်ကျဆုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တာ့နင်အင်ပါယာ၏ စစ်သည် လေးသိန်းသည် တောင်ပြိုသကဲ့သို့ ရှုံးနိမ့်သွားခဲ့ပြီး ပြန်လည်နာလန်ထူရန် နည်းလမ်းမရှိတော့ပေ။ မရေမတွက်နိုင်သော စစ်သည်များ သေဆုံးကုန်ပြီး ၊ မရေမတွက်နိုင်သော စစ်သည်များ ထွက်ပြေးကုန်ကြသည်။
မင်းသမီးနင်းရွှဲ့သည်လည်း ငရဲကဲ့သို့ ဖြစ်နေသော စစ်မြေပြင်ကို ကြည့်လိုက်မိသည်။ ပြီးဆုံးသွားလေပြီ။ လုံးဝ ရှုံးနိမ့်သွားလေပြီ။
မင်းသမီးနင်းရွှဲ့၏ လှပသော မျက်ဝန်းများမှ သွေးများ စီးကျလုမတတ် ဖြစ်နေရသည်။
စစ်သည်အင်အား လေးသိန်း။ ဤသည်မှာ တာ့နင်အင်ပါယာ၏ နောက်ဆုံးကျန်ရှိသော အဓိက အင်အားစုဖြစ်ပြီး ၊ အင်ပါယာ မြောက်ပိုင်း၏ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်သည်။
ထို့အပြင် ကျန့်ပေနယ်စားမင်း ယွမ်ထိန် ၊ ရွှမ်ဟွာနယ်စားမင်း လန်အောက်နှင့် အခြားသူများ လုံးဝ ပျောက်ဆုံးနေကြပြီး လီယွမ်ပင်လျှင် ပျောက်ဆုံးနေသည်။
သူမ၏ လက်အောက်မှ စစ်သူကြီးတစ်ဦးက အော်ပြောလိုက်သည်။
“အရှင်မင်းသမီး ၊ နောက်မကျခင် မြန်မြန် ဖောက်ထွက်ပါ ၊ မြန်မြန် ဖောက်ထွက်ပြီး လျောင်ယန်းမြို့ကို ဆုတ်ခွာကြပါ”
မင်းသမီးနင်းရွှဲ့သည် နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်လိုက်ပြီး စစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ကာ အသည်းအသန် ဆုတ်ခွာလိုက်လေသည်။
“သွားကြမယ်”
ဂျာချင်အင်ပါယာသည် ဝိုင်းရံပိတ်ဆို့မှု မပြုလုပ်မီ အမြန်ဆုံး ဆုတ်ခွာရမည် ဖြစ်သည်။ မင်းသမီးနင်းရွှဲ့၏ တပ်ဖွဲ့ ထွက်ပြေးသွားသည်ကို တွေ့လိုက်ရပြီးနောက် ဂျာချင်အင်ပါယာသည် လိုက်လံတိုက်ခိုက်ရန် မြင်းတပ်တစ်ခုကို ချက်ချင်း စီစဉ်လိုက်သည်။
ဂျာချင်အင်ပါယာ၏ မြင်းတပ်သည် အလွန်ပင် ထူးချွန်လွန်းလှပြီး လျောင်တုန်းဒေသ၏ အအေးဒဏ်သည် သူတို့အပေါ် သက်ရောက်မှု မရှိသကဲ့သို့ပင်။ သူတို့သည် ပို၍ ပို၍ နီးကပ်စွာ လိုက်ပါလာကြသည်။ မကြာမီမှာပင် မင်းသမီးနင်းရွှဲ့၏ လက်ကျန်တပ်ဖွဲ့ကို မီလာတော့သည်။
ပါဝင်တိုက်ခိုက်နေသော စစ်သူကြီးတစ်ဦးက အော်ဟစ်လိုက်သည်
“မင်းသမီးအတွက် နောက်ချန်တပ်ဖွဲ့က ကာကွယ်ပေးထားမယ်”
ထို့နောက် သောင်းနှင့်ချီသော ခြေလျင်စစ်သည်များသည် ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး ဂျာချင်အင်ပါယာ၏ မြင်းတပ်ကို တားဆီးရန် နေရာယူလိုက်ကြသည်။ မင်းသမီးနင်းရွှဲ့သည် စိတ်နှလုံး ကွဲကြေမတတ် ဖြစ်သွားရပြီး ချက်ချင်း နောက်လှည့်ကာ ထိုခြေလျင်စစ်သည်များနှင့်အတူ ဘေးချင်းယှဉ်၍ အတူတူ သေအတူ ရှင်မကွဲ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဘေးနားရှိ အထိန်းတော်ကြီးတစ်ဦးက သူမသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ မင်းသမီး၏ မြင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပြီး မင်းသမီးနင်းရွှဲ့ကို ပြန်လှည့်မလာစေရန်နှင့် သေမင်းထံ မသွားစေရန် တိုက်ရိုက် ထိန်းချုပ်လိုက်လေသည်။
“မင်းသမီး... သွားပါ... သွားပါ...”
စစ်မြေပြင်တွင် မင်းသမီးနင်းရွှဲ့၏ ဘေး၌ အထိန်းတော်ကြီး တစ်ဒါဇင်ကျော် အမြဲ ရှိနေတတ်ပြီး အချို့မှာ သိုင်းပညာ မြင့်မားကြသည်။ မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်
“အထိန်းတော်ကြီး ၊ ငါ့ကို လွှတ်ပေး ၊ ငါက စစ်သေနာပတိပဲ ၊ ငါ့တပ်တွေကို ပစ်မထားနိုင်ဘူး”
အထိန်းတော်ကြီးက ငိုကြွေးရင်း အော်ပြောလိုက်သည်
“အရှင်မင်းသမီး ၊ ညီအစ်ကိုတွေရဲ့ အသက်ကို အလဟဿ မဖြစ်စေပါနဲ့”
ထိုသို့ဖြင့် ခြေလျင်စစ်သည် တစ်သောင်းသည် လူစုခွဲလိုက်ကြသည်။
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီးနောက် ဂျာချင်အင်ပါယာမှ ထောင်ပေါင်းများစွာသော မြင်းတပ်များသည် တိုက်ရိုက်ပင် နင်းချေ ဝင်ရောက်လာကြသည်။ စစ်တပ်နှစ်ဖက်သည် အရူးအမူး တိုက်ခိုက်ကြတော့သည်။ မင်းသမီးနင်းရွှဲ့၏ လက်အောက်မှ ခြေလျင်စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
သူမ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူမ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ စစ်တပ်ဖြစ်ပြီး သူမ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သော စစ်တပ်ဖြစ်သည်။ ၂ နှစ်ကျော် ကြာခဲ့ပြီ။
ယခုအချိန်တွင် သူမကို လွတ်မြောက်စေရန်အတွက် ဂျာချင်မြင်းတပ်၏ အောက်တွင် အပိုင်းပိုင်းအစစ သေဆုံးသွားခဲ့ကြရသည်။
“အားးး...”
မင်းသမီးနင်းရွှဲ့သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးတစ်လုပ် အန်ထုတိလိုက်ရ၏။
**--**--**--**--**--**--**--**
မိုးလင်းသွားပြီ။ ရှန်ယန်းမြို့ပြင်က တိုက်ပွဲ ပြီးဆုံးသွားပြီ။ မီးသည် တစ်ညလုံး လောင်ကျွမ်းခဲ့ပြီး ယခုအချိန်ထိ လောင်ကျွမ်းနေဆဲပင်။ စစ်မြေပြင်တစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းနေသည်။
မူလက မြေပြင်သည် နှင်းများဖုံးလွှမ်းနေပြီး ဖြူဖွေးနေသော်လည်း ယခုအချိန်တွင်မူ သွေးများဖြင့် ရဲရဲနီနေပြီး အညစ်အကြေးများဖြင့် မည်းနက်နေလေသည်။
စစ်မြေပြင်သည် မိုင်ပေါင်းများစွာ ရှည်လျားစွာ တည်ရှိနေပြီး နေရာအနှံ့တွင် အလောင်းများ ပြည့်နှက်နေသလို မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများဖြင့်လည်း ပြည့်နှက်နေသည်။ ယမန်ညက တိုက်ပွဲတွင် တာ့နင်အင်ပါယာသည် ရာခိုင်နှုန်း သုံးဆယ်ကျော် ထိခိုက်ကျဆုံးခဲ့သည်။ ထွက်ပြေးသူများ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး ထက်ဝက်နီးပါးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ လက်နက်ချခဲ့ကြသည်။ နေရာအနှံ့၌ မည်းမည်းသည်းသည်း လက်နက်ချထားသော ခေါင်းများဖြင့် ပြည့်နှက်နေသည်။
ခန့်ညားထည်ဝါသော ဂျာချင်စစ်သည်တစ်ဦးသည် ကြီးမားသော စစ်မြင်းတစ်ကောင်ကို စီးလျက် ရှန်ယန်းမြို့ထဲမှ ဖြည်းညှင်းစွာ ထွက်လာလေသည်။ သူသည် အခြားသော ဆာမူရိုင်းများနှင့် မခြားနားသော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ သူဝတ်ဆင်ထားသော သံချပ်ကာသည် ရွှေရောင် ဖြစ်နေခြင်းပင်။
သူကား ဂျာချင်အင်ပါယာ၏ မဟာခန်းဘုရင် ၊ စစ်နတ်ဘုရား ဂျင်ထိုက်ဂျိပင် ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၁ + ၆၆၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team