← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 67 Ch. 663-664

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၃ + ၆၆၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သူသည် ဘဝ၏ အကောင်းဆုံးအချိန်တွင် ရှိနေရုံသာမက ဂျာချင်အင်ပါယာ၏ ပြိုင်ဘက်ကင်း စစ်သေနာပတိလည်း ဖြစ်လေ၏။ ထို့အပြင် အလွန်သန်မာသော အမျိုးသားတစ်ဦးလည်း ဖြစ်ပြီး မဟာဆရာသခင်အဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လေသည်။

သူ့နောက်၌ ရှိနေသူသည် တာ့နင်အင်ပါယာ၏ အကြီးမားဆုံးသော သစ္စာဖောက် လီယင်းတူ ဖြစ်သည်။ ယခုအခါတွင်မူ သူသည် ဝမ်ယန်ယင်းတူ ဟူသော အမည်နာမသစ်ဖြင့် ဂျာချင်အင်ပါယာ၏ ယောက်ဖတော် ၊ ဂျာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်နေပြီဖြစ်၏။

လီယွမ်သည် ဂျာချင်အင်ပါယာ၏ မဟာခန်းဘုရင် ဂျင်ထိုက်ဂျိ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်လေသည်။

“ကျွန်တော်မျိုး လီယွမ် ၊ မဟာခန်းဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်”

ဂျာချင်အင်ပါယာ၏ အရှင်သခင် ဂျင်ထိုက်ဂျိသည် မြင်းပေါ်မှဆင်းကာ လီယွမ်ကို ကိုယ်တိုင်ကိုယ်ကျ တွဲထူလိုက်၏။

“ကျေးဇူးတင်ပါတယ်... စစ်သူကြီး”

ဂျင်ထိုက်ဂျိသည် တရုတ်စကားကို အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပြီး လီယွမ်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်လေသည်။

“ငါတို့ ဂျာချင်အင်ပါယာ ဒီနေ့လိုမျိုး ကြီးမားတဲ့ အောင်ပွဲရခဲ့တာက စစ်သူကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ကောင်းကင်ဘုံက သက်သေပါ ၊ ဒီကြီးမားတဲ့ ကျေးဇူးတရားကို ငါဘယ်တော့မှ မမေ့ပါဘူး”

ထို့နောက် ဂျင်ထိုက်ဂျိသည် လီယွမ်၏ လက်ကိုဆွဲကာ ဆက်လက်ပြောကြားလိုက်သည်။

“လာပါ ၊ စစ်သူကြီးလီယွမ် ဒီကိုလာပါ ၊ ဒီနေ့ကစပြီး ခင်ဗျားနဲ့ကျုပ်က မျိုးရိုးမတူတဲ့ ညီအစ်ကိုတွေ ဖြစ်သွားကြပြီ”

လီယွမ်သည် ချက်ချင်း ထိတ်လန့်သွားပြီး လျင်မြန်စွာ ဦးခိုက်လိုက်လေသည်။

“မလုပ်ရဲပါဘူး ၊ ကျွန်တော်မျိုး မလုပ်ရဲပါဘူး ၊ ကျွန်တော်မျိုး မလုပ်ရဲပါဘူးဘုရား”

ဂျင်ထိုက်ဂျိသည် လီယွမ်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မြေကြီးပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်လေသည်။

“ကောင်းကင်ဘုံက အထက်မှာရှိပြီး မြေကမ္ဘာက အောက်မှာရှိတယ်။ ငါတို့ ဂျာချင်အင်ပါယာရဲ့ ဂျင်ထိုက်ဂျိက လီယွမ်နဲ့ မျိုးရိုးမတူတဲ့ ညီအစ်ကိုအဖြစ် တော်စပ်ဖို့ ဆန္ဒရှိပါတယ်။ မွေးနေ့ ၊ မွေးလ ၊ မွေးနှစ် တူချင်မှတူမယ် ၊ ဒါပေမဲ့ သေတဲ့နေ့ကတော့ အတူတူပဲ ဖြစ်ပါစေ”

ထို့နောက် ဂျာချင်အင်ပါယာ၏ အရှင်သခင်သည် လီယွမ်ကို ကြည့်လိုက်၏။ လီယွမ် တကယ်ပင် ထိတ်လန့်သွားရသည်။ ဤလူသည် ဂျာချင်အင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး စစ်မှန်သော သူရဲကောင်းတစ်ဦး ဖြစ်သည်။

ဧကရာဇ်ထျန်ယွင်နှင့် ယှဉ်လျှင် ဂျင်ထိုက်ဂျိသည် မျိုးဆက်တစ်ခု၏ အာဏာရှင်တစ်ဦး ဖြစ်ပြီး ဝါတန်ခန်းနိတ်နိုင်ငံကို ဖျက်ဆီးခဲ့ကာ ၊ ဂျိုဆွန်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီး ယခုအခါ တာ့နင်အင်ပါယာကို မြေလှန်ချေမှုန်းခဲ့သူ ဖြစ်သည်။ ထိုသို့သော မျိုးဆက်တစ်ခု၏ သူရဲကောင်းက သူ့ကို ဦးညွှတ်နေသည်လော။ အဘယ်ကြောင့်နည်း။

“ဘာလဲ ၊ စစ်သူကြီးလီယွမ်က ငါနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ဖို့ ဆန္ဒမရှိတာလား”

ဂျင်ထိုက်ဂျိက ပြုံး၍ မေးလိုက်သည်။ လီယွမ်သည် ရုတ်တရက် ခေါင်းကိုမော့ကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြောလိုက်လေသည်။

“ကောင်းကင်ဘုံက အထက်မှာရှိပြီး ၊ မြေကမ္ဘာက အောက်မှာရှိတယ်။ ကျွန်တော်မျိုး လီယွမ်က မဟာခန်းဘုရင်မင်းမြတ်နဲ့ မျိုးရိုးမတူ ညီအစ်ကိုအဖြစ် တော်စပ်ဖို့ ဆန္ဒရှိပါတယ်ဘုရား”

ချက်ချင်းဆိုသလိုပင် လီယွမ်က ထပ်မံ ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။

“ကျွန်တော်မျိုးက ဝမ်ယန်မျိုးရိုးကို ပြောင်းချင်ပါတယ် ၊ ကျေးဇူးပြုပြီး ခွင့်ပြုပေးတော်မူပါဘုရား”

ဂျင်ထိုက်ဂျိက ပြန်လည်မိန့်ကြားလိုက်သည်။

“ခင်ဗျားက ငါ့ရဲ့ သွေးသောက်ညီအစ်ကို ဖြစ်မှတော့ ဂျင်မျိုးရိုးကိုပဲ ယူသင့်တာပေါ့”

ထို့နောက် ဂျာချင်အင်ပါယာ၏ မဟာခန်းဘုရင် ဂျင်ထိုက်ဂျိက အမိန့်ထုတ်ပြန်လိုက်သည်။

“ဂျင်ယွမ် ၊ အမိန့်တော်ကို နာခံစေ ၊ ငါကိုယ်တော်က အသင့်ကို ဂျာချင်အင်ပါယာရဲ့ ဖင်းရှီးနယ်စားမင်း အဖြစ် ခန့်အပ်လိုက်တယ်”

မဟာခန်းဘုရင် ဂျင်ထိုက်ဂျိသည် တကယ်ပင် ရက်ရောလွန်းလှပြီး တိုက်ရိုက်ပင် နယ်စားမင်းအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ လီယွမ်သည် မြေပြင်ပေါ်သို့ ဝပ်ဆင်းလိုက်ပြီး နဖူးဖြင့် နှင်းပြင်ကို ထိကပ်ကာ ပြောလိုက်လေသည်။

“ကျွန်တော်မျိုး ၊ အရှင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိပါတယ်ဘုရား။ အရှင်မင်းမြတ် အသက်ရာကျော် ရှည်ပါစေ”

ထိုစကား ထွက်လာသည်နှင့် သူ့နောက်ရှိ ဝမ်ယန်ယင်းတူ၏ မျက်နှာပင် အနည်းငယ် ပြောင်းလဲသွားရသည်။ တစ်ဖက်လူက ခန်းဘုရင်သာ ရှိသေးသော်လည်း သူက “အရှင်မင်းမြတ်” ဟု ကြိုတင် ခေါ်ဝေါ်လိုက်ပြီ ဖြစ်သည်။

ဂျာချင်အင်ပါယာ၏ ဂျင်ထိုက်ဂျိက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“နည်းနည်းတော့ စောနေသေးတယ်ဗျာ”

သို့သော် သိပ်တော့မစောတော့ပေ။ ဂျင်ထိုက်ဂျိသည် တာ့နင်အင်ပါယာ၏ နောက်ဆုံး အဓိက အင်အားစုကို ချေမှုန်းပြီးသည်နှင့် ချက်ချင်းပင် ရှန်ယန်းမြို့ကို မြင့်မြတ်သော မြို့တော် အဖြစ် ပြောင်းလဲကာ ၊ ဂျာချင်အင်ပါယာကို တာ့ဂျင်အင်ပါယာအဖြစ် ပြောင်းလဲ၍ တရားဝင် ဧကရာဇ်အဖြစ် ခံယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထိုအချိန်၌ ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့သည် မြေပြင်ပေါ်တွင် တုန်ရီနေကြသည်။ ယမန်နေ့က လီယွမ်သည် တာ့နင်အင်ပါယာ၏ စစ်သူကြီးအားလုံးနီးပါးကို သတ်ဖြတ်ခဲ့သော်လည်း နယ်စားမင်းနှစ်ပါးကိုမူ မသတ်ခဲ့ပေ။ အကြောင်းမှာ လက်နက်ချလာသော သုံ့ပန်းများကို ထိန်းချုပ်ရန် ဤနယ်စားမင်းနှစ်ပါးကို လိုအပ်သောကြောင့် ဖြစ်သည်။

ဂျင်ထိုက်ဂျိသည် ခြေလှမ်းကျဲကျဲ လျှောက်လာပြီး နယ်စားမင်းနှစ်ပါးကို တွဲထူလိုက်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးသည် ဖြေဆေးကို သောက်ထားပြီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်များက ပျော့ခွေနေဆဲပင်။

“စီနီယာနှစ်ယောက် ၊ ကျေးဇူးပြုပြီး ထကြပါ ၊ ဒီလိုအေးတဲ့နေ့မှာ မြေကြီးပေါ် ဒူးထောက်နေရင် ဒူးနာကုန်ပါလိမ့်မယ်”

ဂျာချင်အင်ပါယာမှ ဂျင်ထိုက်ဂျိက ဆက်ပြောလိုက်သည်။

“ကျုပ်က အရည်အချင်းမရှိပေမဲ့ ၊ လူတော်လူကောင်းတွေကိုတော့ အရမ်းလိုချင်ပါတယ်။ စီနီယာနှစ်ယောက်က ကျုပ်နဲ့အတူ လက်တွဲပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူချင်ကြလား။ ခင်ဗျားတို့နှစ်ယောက်သာ စွမ်းဆောင်ရည် ပြနိုင်ရင် နောင်ကျရင် ဘုရင်ခံအဖြစ် ခန့်အပ်ဖို့တောင် ဝန်လေးမှာ မဟုတ်ပါဘူး”

ကျန့်ပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ အကယ်၍သာ လီယွမ်မရှိလျှင် သူတို့သည် ခေတ္တမျှ မာနတင်းခံနေကြဦးမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးသည် တာ့နင်အင်ပါယာ မြောက်ပိုင်း၏ ကျောက်တိုင်ကြီးများ ဖြစ်ကြသည်။ သူတို့သည် ဝါရင့်ပြီး ဂုဏ်ရှိသူများ ဖြစ်ရာ ချက်ချင်း လက်နက်ချလိုက်လျှင် သိက္ခာကျမည် မဟုတ်ပါလော။ ထို့အပြင် သူတို့၏ မျက်လုံးထဲတွင် သူတို့ရှေ့မှ ဂျာချင်အင်ပါယာသည် အင်အားကြီးမားသော်လည်း အရိုင်းအစိုင်းများသာ ဖြစ်ကြသည်။

သို့သော် လီယွမ်၏ လက်နက်ချမှုကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ယွမ်ထိန်နှင့် လန်အောက်တို့သာ လက်နက်မချလျှင် သူတို့နှစ်ဦး၏ စစ်တပ်သည် အခြားသူများ ၊ အထူးသဖြင့် လီယွမ်၏ လက်ထဲသို့ ရောက်ရှိသွားဖွယ် ရှိသည်။

သူတို့၏ စစ်တပ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် နယ်စားမင်းနှစ်ပါးသည် ချက်ချင်း လက်နက်ချရမည် ဖြစ်သည်။ ရုတ်တရက် ယွမ်ထိန်က ခါးသီးစွာ ပြောလိုက်သည်။

“ကျွန်တော်မျိုး ၊ လက်နက်ချပါ့မယ်”

ချက်ချင်းဆိုသလိုပင် ရွှမ်ဟွာနယ်စားမင်း လန်အောက်ကလည်း ဦးခိုက်လိုက်သည်။

“ကျွန်တော်မျိုး ၊ လက်နက်ချပါ့မယ်”

ဂျင်ထိုက်ဂျိက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“စီနီယာနှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် ကျုပ်က ကျုံးယွမ်ဒေသ ကို သေချာပေါက် သိမ်းပိုက်နိုင်တော့မှာပါ။ ယွမ်ထိန်ကို ကျင်းနန်နယ်စားမင်း အဖြစ် ၊ လန်အောက်ကို ဖင်းတုန်းနယ်စားမင်း အဖြစ် ခန့်အပ်လိုက်တယ်”

လီယွမ် ၊ ယွမ်ထိန်နှင့် လန်အောက်တို့ လက်နက်ချလိုက်ခြင်းနှင့်အတူ တာ့နင်အင်ပါယာ၏ လက်ကျန် စစ်သည်အင်အား ၂ သိန်းသည် ဂျာချင်အင်ပါယာ၏ မဟာခန်းဘုရင် ဂျင်ထိုက်ဂျိ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။ ဤသည်မှာ တာ့နင်အင်ပါယာ မြောက်ပိုင်းရှိ အဓိက အင်အားစု လုံးဝနီးပါး ပျက်စီးဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။

ယခုအချိန်မှစ၍ ရှန်ယန်းမြို့မှ ရှန်ဟိုင်ကွမ် အထိ တာ့နင်အင်ပါယာ၏ ကာကွယ်ရေးဟူသည် လုံးဝ မရှိတော့သလောက် ဖြစ်သွားခဲ့ရပြီဖြစ်၏။

**--**--**--**--**--**--**--**

မြို့တော်ရှိ နန်းတော်အတွင်း၌ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြံဝင်းထဲတွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေလေ၏။

နှင်းများ ကျဆင်းနေသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး နှင်းပွင့်များကို သူ့လက်ဝါးပေါ်သို့ ကျရောက်စေကာ အရည်ပျော်သွားသည်ကို ကြည့်နေမိသည်။

“အိမ်ရှေ့စံမင်းသား ၊ နှင်းကောင်းရင် သီးနှံကောင်းတယ်တဲ့ ၊ ဒီနှင်းတွေကျနေတာ ကောင်းပါတယ် ၊ လာမယ့်နှစ်မှာ သီးနှံရိတ်သိမ်းမှု ကောင်းမွန်ပါလိမ့်မယ်”

ဘေးနားရှိ ကုန်းကုန်းအိုကြီးတစ်ဦးက ပြောလိုက်သည်။

“ဟုတ်တယ် ၊ ငါတို့ တာ့နင်အင်ပါယာလည်း နောက်ဆုံးတော့ သက်သာရာရသွားပြီ”

အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ သူသည် စိတ်ထဲတွင် စိုးရိမ်နေသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြနိုင်ပေ။ ရှန်ယန်းတိုက်ပွဲ စတင်ခဲ့သည်မှာ ၁၉ ရက် ရှိသွားခဲ့ပြီဖြစ်ရာ ရလဒ်ထွက်ပေါ်လာသင့်ပြီ ဖြစ်သည်။ ဤရက်ပိုင်းအတွင်းပင် ဖြစ်လိမ့်မည်။

“အိမ်ရှေ့စံမင်းသား ၊ လာတော့မယ် ၊ လာတော့မယ်”

ဘေးနားရှိ မိန်းမစိုးက ပြောလိုက်သည်။

“အရှင်က မျှော်လင့်ထားတဲ့အတိုင်း လျောင်တုန်းစစ်မြေပြင်ကို နန်းတွင်းသံတမန်လွှတ်ပြီး လီယွမ်ကို ရာထူးပေးလိုက်တာက မီးလောင်ရာလေပင့် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ စစ်သူကြီးလီယွမ်က အသက်ကိုရင်းပြီး မတိုက်ဘဲနေပါ့မလား”

“ကျွန်တော်မျိုး ကြားတာတော့ ဒီစစ်သူကြီးလီယွမ်က အရမ်းစွမ်းတယ်ဆို ၊ လွန်ခဲ့တဲ့ လဝက်အတွင်းမှာ သူက ဂျာချင်တွေကို သံချပ်ကာတောင် မကျန်အောင် ရိုက်နှက်ပြီး ၁၀ ပွဲဆက်တိုက်လောက် အနိုင်ရခဲ့တာတဲ့။ ရှန်ယန်းမြို့မှာ နောက်ဆုံးထွက်သက်ပဲ ကျန်တော့တာ ၊ ခေါင်းဆောင်ဂျင်ထိုက်ဂျိမှာလည်း နောက်ဆုံးထွက်သက်ပဲ ကျန်တော့တာ။ အရှင်က စစ်သူကြီးလီယွမ်ကို ဘွဲ့ထူးဂုဏ်ထူးတွေ ပေးလိုက်တော့ စစ်သည်သိန်းချီရဲ့ စိတ်ဓာတ်တွေ တက်ကြွသွားတာပေါ့”

“ရှန်ယန်းမြို့ကို သိမ်းပြီးလောက်ပြီ ၊ ဂျာချင်စစ်တပ်ကြီးလည်း အပြတ်အသတ် ရှုံးနိမ့်သွားလောက်ပါပြီ”

အိမ်ရှေ့စံမင်းသား ပြုံးလိုက်သည်။ သူလည်း ထိုသို့ပင် ခံစားနေရသည်။ ရှန်ယန်းတိုက်ပွဲ အောင်ပွဲရ သတင်းကောင်းသည် လမ်းခုလတ်တွင် ရောက်နေလောက်ပြီ ဖြစ်သည်။

“အိမ်ရှေ့စံမင်းသားကပဲ လူတွေကို အကဲခတ်တတ်တာပါ ၊ တစ်ချက်ကြည့်လိုက်တာနဲ့ စစ်သူကြီးလီယွမ်က ဉာဏ်ကြီးရှင်မှန်း သိလိုက်တယ်”

မိန်းမစိုးက မြှောက်ပင့်ပြောဆိုလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ စစ်သူကြီးလီယွမ်က တိုက်ပွဲထွက်တိုင်း နိုင်တော့တာပဲ။ သူကလည်း အိမ်ရှေ့စံမင်းသားရဲ့ အသိအမှတ်ပြုမှုကို ပြန်ပြီး ကျေးဇူးဆပ်တာပေါ့လေ။ ဧကရာဇ်မင်းမြတ်က တုပိုင်ကို မြှောက်စားခဲ့တယ် ၊ အိမ်ရှေ့စံမင်းသားက လီယွမ်ကို မြှောက်စားခဲ့တယ်။ လီရူဟိုင်ဆိုတာက ဂျင်ထိုက်ဂျိလောက်တောင် မစွမ်းပါဘူး ၊ သူ့ရဲ့ တာ့ယန်တိုင်းပြည်ဆိုတာကလည်း အောက်တန်းစား အဆင့်ပါပဲ။ မဟာနယ်စားမင်းတုပိုင်ကတော့ အချောင်ရသွားတယ်လို့ပဲ ပြောရမယ်။ ဒီတိုင်းပြည်ဖျက်ဆီးတဲ့ ကုသိုလ်တွေနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ကုသိုလ်က စစ်သူကြီးလီယွမ်ရဲ့ တိုင်းပြည်ဖျက်ဆီးတဲ့ ကုသိုလ်လောက် ဘယ်မီပါ့မလဲ”

အိမ်ရှေ့စံမင်းသားက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

“လျှောက်မပြောနဲ့ ၊ မဟာနယ်စားမင်းတုပိုင်ကလည်း ငါတို့ တာ့နင်အင်ပါယာရဲ့ ကျောက်တိုင်ကြီးပဲ။ မင်းဒီလိုပြောရင် အပြစ်တင်ခံရလိမ့်မယ်”

“မှန်လှပါ ၊ မှန်လှပါဘုရား”

မိန်းမစိုးက ပြောလိုက်သည်။

“ကျွန်တော်မျိုးက သူ အိမ်ရှေ့စံမင်းသားကို မလေးစားဘူးလို့ ခံစားနေရလို့ပါ ၊ ကျွန်တော်မျိုးတို့တောင် ကြည့်မရဘူးလေ။ ယှဉ်ကြည့်လိုက်ရင် စစ်သူကြီးလီယွမ်က သစ္စာပိုရှိတယ် ၊ ပြီးတော့ သူက မဟာနယ်စားမင်းတုပိုင်ထက် ပိုတော်တယ်။ ပိုပြီးတော့လည်း နှိမ့်ချတတ်တယ် ၊ တကယ့်ကို ပါရမီရှင်ပဲ။ အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့ တာ့နင်အင်ပါယာကို ပြန်လည်ဦးမော့လာအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။”

“တော်တော့ ၊ ထပ်မပြောနဲ့တော့”

အိမ်ရှေ့စံမင်းသားက ဟန်ဆောင်ဒေါသထွက်ပြလိုက်ပြီး နောက်ထပ် ဘာမှမပြောတော့ပေ။

သို့သော် သူသည် အင်ပါယာ ပြန်လည်ရှင်သန်လာမည့် မြင်ကွင်းကို မြင်ယောင်နေမိလေသည်။ လာတော့မည်။ မကြာခင် လာတော့မည်။ လျောင်တုန်းအောင်ပွဲကြီး၏ သတင်းကောင်းက လမ်းခုလတ်၌ ရောက်နေလောက်ပြီဖြစ်၏။

လျောင်တုန်းအောင်ပွဲ သတင်းကောင်းနှင့် လီယွမ်၏ တိုင်းပြည်ဖျက်ဆီးနိုင်ခဲ့သော အောင်မြင်မှုကြီးကို မြင်လိုက်ရသောအခါ တုပိုင်၏ မျက်နှာ မည်သို့ဖြစ်သွားမည်နည်း ဟူသည်ကို သူသိချင်လှသည်။ ဘေးနားရှိ မိန်းမစိုး ပြောသလိုပင် လီယွမ်က ပို၍ နှိမ့်ချတတ်သည်။

တုပိုင်... မင်းမရှိဘဲနှင့်လည်း ၊ ငါကိုယ်တော်က ဂျာချင်အင်ပါယာကို ဖျက်ဆီးနိုင်သေးသည်။

ထိုအချိန်၌ပင် သိုင်းပညာရှင် မိန်းမစိုးတစ်ဦး အပြေးဝင်ရောက်လာသည်။

“အိမ်ရှေ့စံမင်းသား ၊ အိမ်ရှေ့စံမင်းသား...”

“လျောင်တုန်းစစ်သတင်း ၊ လျောင်တုန်းစစ်သတင်း...”

“မိုင် ၈၀၀ အရေးပေါ် သတင်းလွှာ”

“မိုင် ၈၀၀ အရေးပေါ် သတင်းလွှာ”

အိမ်ရှေ့စံမင်းသား၏ နှလုံးသား တုန်ခါသွားရချေသည်။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီဖြစ်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံးရှိ သွေးများ ပူနွေးလာ၏။

လီယွမ်သည် တကယ်ပင် သူ့အား စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ တစ်လမပြည့်ခင်တွင်ပင် ရှန်ယန်းမြို့ကို အနိုင်တိုက်နိုင်ခဲ့သည်။ ဤသည်မှာ တာ့နင်အင်ပါယာနှင့် ဂျာချင်အင်ပါယာကြားရှိ အဆုံးအဖြတ် တိုက်ပွဲပင်။

တစ်လမပြည့်ခင် နိုင်ခဲ့သည်။ လီယွမ် ၊ မင်းတကယ် တော်ပေသည်။

အိမ်ရှေ့စံမင်းသားသည် စောင့်ဆိုင်းမနေနိုင်တော့ဘဲ မိုင် ၈၀၀ အရေးပေါ် သတင်းလွှာကို လှမ်းယူလိုက်ရာ စာလွှာပေါ်တွင် အနက်ရောင်နှင့် အနီရောင် သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရလေသည်။ ရုတ်တရက် သူ ကြောင်အသွားပြီး နှလုံးသား တုန်လှုပ်သွားရသည်။

ဤသည်က မည်သည့်သဘောနည်း။ အဘယ်ကြောင့် သတင်းကောင်းကြီးတွင် သွေးများ ပေနေရသနည်း။

အိမ်ရှေ့စံမင်းသားသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်တစ်ချက် ရှူလိုက်ပြီး မိုင် ၈၀၀ အရေးပေါ် သတင်းလွှာကို ဖွင့်လိုက်သည်။ ပါဝင်သည့် အကြောင်းအရာက ရိုးရှင်းလှသည်။

“လီယွမ် ပုန်ကန်သည် ၊ လျောင်တုန်းစစ်ပွဲ ရှုံးနိမ့် ၊ စစ်သည် ၄ သိန်းနီးပါး ချေမှုန်းခံရ”

ဤစာကြောင်းကို မြင်လိုက်ရသည်နှင့် အိမ်ရှေ့စံမင်းသား၏ ခေါင်းတစ်ခုလုံး မူးဝေသွားတော့သည်။ ခေါင်းကို အသည်းအသန် ခါယမ်းလိုက်မိ၏။ သူ မျက်စိများ ပြာသွားခြင်းလော။

သေချာ ဂရုစိုက်ကြည့်လိုက်သောအခါ ထိုစာကြောင်းက အတူတူပင် ဖြစ်နေသည်။ လီယွမ် ပုန်ကန်သည် ၊ လျောင်တုန်းစစ်ပွဲ ရှုံးနိမ့် ၊ စစ်သည် ၄ သိန်းနီးပါး ချေမှုန်းခံရ။

မဖြစ်နိုင်ပေ ၊ မဖြစ်နိုင်ပေ ၊ လုံးဝ မဖြစ်နိုင်ပေ။

အိမ်ရှေ့စံမင်းသားသည် ခေါင်းကို အသည်းအသန် ခါယမ်းကာ ငြင်းဆန်လိုက်သည်။ သူသည် ယိုင်နဲ့သွားပြီး လုံးဝ မရပ်နိုင်တော့ပေ။

“မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး... ဒါ အတုကြီး ၊ ဒါ အတုကြီး...”

အိမ်ရှေ့စံမင်းသားက ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

“လီယွမ်က သစ္စာဖောက်လို့ မရဘူး ၊ ဒါ အတုကြီးပဲ”

ထို့နောက် အိမ်ရှေ့စံမင်းသားသည် ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရလေ၏။

ဝေါကနဲ... သွေးတစ်လုပ် အန်ထွက်လာပြီး အိမ်ရှေ့စံမင်းသားသည် နောက်သို့ လဲကျသွားတော့သည်။

“အိမ်ရှေ့စံမင်းသား ၊ အိမ်ရှေ့စံမင်းသား...”

သူ့နောက်ရှိ မိန်းမစိုးကြီးသည် အိမ်ရှေ့စံမင်းသားကို အလျင်အမြန် ဝင်ရောက်တွဲကူလိုက်ပြီး သူ့နှလုံးသားလည်း တုန်လှုပ်သွားရသည်။ မည်သို့ ဖြစ်သွားသနည်း။ မည်သည့် ကိစ္စကြီးမို့နည်း။ အိမ်ရှေ့စံမင်းသားက သွေးအန်သည်အထိ ဖြစ်သွားရသနည်း။

အိမ်ရှေ့စံမင်းသားသည် နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။ ရုတ်တရက် နှင်းပြင်ကြီးသည် သွေးများဖြင့် နီရဲသွားတော့သည်။ သွေးအကြီးကြီး နှစ်လုပ် အန်လိုက်ပြီးနောက် အိမ်ရှေ့စံမင်းသားသည် အနည်းငယ် သက်သာသွားပြီး စိတ်အနည်းငယ် ကြည်လင်လာ၏။

မဖြစ်နိုင်ပေ ၊ လုံးဝ မဖြစ်နိုင်ပေ။

လီယွမ်က လက်နက်ချရန် လုံးဝ မဖြစ်နိုင်ပေ။ ဤတိုက်ပွဲက နိုင်တော့မည့် တိုက်ပွဲ ၊ လီယွမ်က သူ့ဘဝ၏ အမြင့်ဆုံးသို့ ရောက်တော့မည် ၊ မည်သို့လုပ် လက်နက်ချမည်နည်း။

ဤသည်မှာ ဂျာချင်အင်ပါယာ၏ ပူးပေါင်းကြံစည်မှုပင် ဖြစ်ရမည်။ သွေးခွဲခြင်း။ ဟုတ်သည် ၊ ဤသည်မှာ သွေးခွဲခြင်းပင် ဖြစ်ရမည်။

ရုတ်တရက် အိမ်ရှေ့စံမင်းသား အနည်းငယ် အားတက်လာပြီး အော်ဟစ်လိုက်သည်။

“လာကြစမ်း ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး က ကျွမ်းကျင်ပညာရှင်တွေကို လွှတ်လိုက် ၊ ရှန်ယန်းကို အမြန်ဆုံးသွားပြီး စစ်ပွဲအခြေအနေကို စစ်ဆေးခိုင်း”

“အမိန့်တော်အတိုင်းပါဘုရား”

မိန်းမစိုးတစ်ဦး အပြေးထွက်သွားလေသည်။ တကယ်တမ်းတွင် အိမ်ရှေ့စံမင်းသား အနေဖြင့် ရှန်ယန်းမြို့သို့ လူလွှတ်စရာ လုံးဝ မလိုတော့ပေ။

ဤသည်မှာ ကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲဖြစ်သည်။ ငွေကြေး ၊ စစ်ရိက္ခာနှင့် လူအင်အား မရေမတွက်နိုင်အောင် အသုံးပြုထားသည်။ မြို့တော်မှ လျောင်တုန်းသို့ သွားရာလမ်းတစ်လျှောက်တွင် လူများ နေ့စဉ် ဖြတ်သန်းသွားလာနေကြသည်ဟု ဆိုနိုင်သည်။

တစ်နာရီခန့် အကြာတွင် ဖြစ်သည်။ ဒုတိယမြောက် စစ်သတင်း ရောက်လာသည်။ ထို့နောက် တတိယ ၊ စတုတ္ထ ၊ ပဉ္စမ။

စစ်သတင်းများက ပိုမို ရှင်းလင်းလာပြီး ပိုမို အသေးစိတ် ကျလာသည်။ နောက်ဆုံးတွင် ခိုင်လုံသော သက်သေ ရောက်ရှိလာလေသည်။

မင်းသမီးနင်းရွှဲ့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ စစ်သည်တစ်ဦးသည် လမ်းတစ်လျှောက် နေ့ရောညပါ မနားမနေ မြင်းလဲစီးကာ မြို့တော်သို့ အပြေးရောက်ရှိလာခြင်း ဖြစ်သည်။

သူသည် အိမ်ရှေ့စံမင်းသား၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး မျက်လုံးများက ဝမ်းနည်းဒေါသထွက်နေကာ လေသံကလည်း ဝမ်းနည်းကြေကွဲနေသည်။

“လွန်ခဲ့တဲ့ ၅ ရက်က ၊ မြို့တော်က နန်းတွင်းသံတမန် တပ်စခန်းထဲ ဝင်လာပြီး လီယွမ်ကို လျောင်တုန်း ဒုတိယဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သလို လျောင်ယန်းမြို့စားအဖြစ်လည်း ခန့်အပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်ခေါင်းဆောင် ဂျင်ထိုက်ဂျိက ငြိမ်းချမ်းရေးယူဖို့နဲ့ စစ်ပြေငြိမ်းဖို့ ကျွန်တော်တို့ တပ်စခန်းကို သံတမန် စေလွှတ်ခဲ့ပါတယ်။ အဲဒီနေ့မှာ စိတ်ဓာတ်တွေ အရမ်းတက်ကြွခဲ့ကြပြီး ၊ စစ်ပွဲက မကြာခင် ပြီးဆုံးတော့မယ် ၊ ရှန်ယန်းမြို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မယ်လို့ လူတိုင်း ခံစားခဲ့ကြရပါတယ်”

“အဲဒီညမှာပဲ လီယွမ်က ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်တဲ့ အကြောင်းပြချက်နဲ့ တပ်မတော်တွင်းက အဆင့်လတ်နဲ့ အဆင့်မြင့် စစ်သူကြီးတွေကို ဖိတ်ခေါ်ပြီး ဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။ စုစုပေါင်း ၁၂၃ ယောက်ပါ။”

“ဧည့်ခံပွဲအတွင်းမှာ စစ်သူကြီး အများအပြားက လီယွမ်ကို ချီးမွမ်းကြပြီး မဟာနယ်စားမင်းတုပိုင်ကို နှိမ်ချပြောဆိုကြပါတယ်။ မင်းသမီးနင်းရွှဲ့က မပျော်ရွှင်တာကြောင့် စောစောစီးစီးပဲ ပြန်သွားခဲ့ပါတယ်”

“စားပွဲအလယ်လောက် ရောက်တဲ့အခါ လီယွမ်က အဆိပ်ခတ်ထားတဲ့ ဝိုင်တွေနဲ့ တိတ်တဆိတ် လဲလှယ်လိုက်ပြီး မမမဟာနယ်စားမင်းနှစ်ပါးနဲ့ စစ်သူကြီး တစ်ရာကျော်လုံးကို အဆိပ်ခတ်လိုက်ပါတယ်။ မဟာနယ်စားမင်းနှစ်ပါးကလွဲရင် ကျန်တဲ့ စစ်သူကြီးတွေအားလုံး အသတ်ခံလိုက်ရပါတယ်”

“တစ်ချိန်တည်းမှာပဲ လီယွမ်က စစ်တပ်ထဲမှာရှိတဲ့ သူ့ရဲ့ ရာထူးအာဏာကို အသုံးပြုပြီး အဓိကကျတဲ့ နေရာတစ်ဒါဇင်ကျော်မှာ ယမ်းပေါင်ချိန် သိန်းချီကို သူ့လူယုံတွေကို မြှုပ်နှံခိုင်းခဲ့ပါတယ်။ တချို့နေရာတွေက စစ်သည်တွေရဲ့ လျှို့ဝှက်နေရာတွေ ဖြစ်ပြီး ၊ တချို့က မြင်းတွေထားတဲ့နေရာ ၊ ကျန်တာတွေက စစ်ရိက္ခာသိုလှောင်ရုံ ၇ ခုအောက်မှာ မြှုပ်နှံထားတာပါ”

“ယမ်းတွေက တိတိကျကျ ပေါက်ကွဲပြီး ကျွန်တော်တို့ စစ်သည်တွေ သေဆုံးကုန်ပါတယ် ၊ မြင်းတွေက ထိတ်လန့်ပြီး တပ်စခန်းထဲမှာ အရူးအမူး နင်းချေကုန်ကြပါတယ် ၊ ကျွန်တော်တို့ တပ်စခန်း ပေါက်ကွဲသွားပါတယ်။ ပြီးတော့ စစ်ရိက္ခာသိုလှောင်ရုံတွေအားလုံး ပေါက်ကွဲမီးလောင်ပြီး ညဘက်ကြီးက နေ့ခင်းဘက်လို လင်းထိန်သွားပါတယ်။ ရှန်ယန်းမြို့ထဲက ဂျာချင်စစ်တပ်က အခွင့်ကောင်းယူပြီး တိုက်ခိုက်လာပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သည် ၄ သိန်းကို ကွပ်ကဲတဲ့ စစ်သူကြီးတွေအားလုံး အသတ်ခံလိုက်ရပြီး ကွပ်ကဲမယ့်သူ လုံးဝ မရှိတော့ဘဲ တောင်ပြိုသလို ရှုံးနိမ့်သွားပါတယ်။ မင်းသမီးနင်းရွှဲ့က စစ်သည် ၃ သောင်း ၊ ၄ သောင်းလောက်ကို ဦးဆောင်ပြီး ရန်သူနဲ့ နာရီဝက်လောက်ကြာအောင် တိုက်ခိုက်ခဲ့ပေမဲ့ ၊ လူအင်အား ၁ သောင်းကျော် ပေးဆပ်ပြီးနောက် ပြန်ဆုတ်ခွာခဲ့ရပါတယ်။ နောက်ချန်တပ်ဖွဲ့က ပိတ်ဆို့ထားပေးပြီးတဲ့နောက် မင်းသမီးနင်းရွှဲ့က မြင်းတပ်ထောင်ဂဏန်းကို ဦးဆောင်ပြီး တောင်ဘက်ကို အောင်မြင်စွာ ဖောက်ထွက် ဆုတ်ခွာနိုင်ခဲ့ပါတယ်”

“လီယွမ်က ဂျာချင်အင်ပါယာဆီကို လျှို့ဝှက်လက်နက်ချခဲ့တာ ကြာပြီဖြစ်လောက်ပါတယ် ၊ ဘာလို့လဲဆိုတော့ လျောင်တုန်းစစ်မြေပြင်မှာ ဂျာချင်စစ်တပ်က သူ့ကို အမြဲ ပူးပေါင်းဆောင်ရွက်ပေးနေခဲ့လို့ပါ။ လီယွမ်က စစ်တပ်ကို ဦးဆောင်ပြီး လျောင်ယန်းမြို့ကို ပြန်သိမ်းနိုင်ခဲ့တာတွေ ၊ လျောင်ယန်းကနေ ရှန်ယန်းအထိ တိုက်ပွဲ ၃ ပွဲ ၊ ပြီးတော့ ရှန်ယန်းတိုက်ပွဲတွေမှာ လီယွမ်က ဂျာချင်စစ်တပ်ကို နေရာတိုင်းမှာ အနိုင်ယူခဲ့တာတွေ ၊ အဲဒါတွေအားလုံးက ပူးပေါင်းကြံစည်မှုကြီး တစ်ခုပါပဲ။ လီယွမ်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အသည်းအသန် မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ဒါမှသာ သူက အကြွင်းမဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာဖြစ်ပြီး ၊ အဲဒီအခါကျမှ စစ်သူကြီးတွေ အားလုံးကို တစ်ပြိုင်နက်တည်း သုတ်သင်နိုင်မှာ ဖြစ်သလို ၊ စစ်သည် ၄ သိန်းကိုလည်း တစ်ခါတည်းနဲ့ အပြီးတိုင် ဖျက်ဆီးနိုင်မှာပါ”

ယခုမူ ရှင်းလင်းသွားချေပြီဖြစ်၏။ လုံးဝ သေချာသွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးက အတုများပင်။ လီယွမ်က လျှို့ဝှက် လက်နက်ချခဲ့သည်မှာ ကြာပြီဖြစ်၏ ၊ သူ့၏ ပြိုင်ဘက်ကင်း ဂုဏ်ယူစရာ အံ့ဖွယ်ဖြစ်ရပ်များသည်လည်း အတုများပင် ၊ ဂျာချင်အင်ပါယာနှင့် ပေါင်းလုပ်သော ကြောက်မက်ဖွယ် ပူးပေါင်းကြံစည်မှုကြီး တစ်ခုသာ ဖြစ်သည်။

ထို့ပြင် ဤပူးပေါင်းကြံစည်မှုကြီးကို အကြီးမားဆုံး တွန်းအားပေးခဲ့သူများထဲမှ တစ်ယောက်က သူ ၊ အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ပင်။ တစ်နည်းအားဖြင့် ပြောရလျှင် ဤစစ်သည် ၄ သိန်း ပျက်စီးရခြင်း၏ တစ်ဝက်သည် သူ့ကြောင့် ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် ပျို့တက်လာပြီး သွေးအန်၍ မရတော့ပေ။ ယခုအချိန်တွင် သူသည် တစ်ကိုယ်လုံး သူ့ခန္ဓာကိုယ် မဟုတ်တော့သလို ခံစားနေရသည်။ နားထဲတွင် ဆူညံသံများ မြည်ဟီးနေပြီး ခေါင်းတစ်ခုလုံး လုံးဝ ထုံကျဉ်နေကာ တွေးခေါ်မှုများ ရပ်တန့်သွားသကဲ့သို့ပင်။

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း...”

ပါးရိုက်သံများက သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်နေသကဲ့သို့ သူ ရှင်းလင်းစွာ ခံစားနေရသည်။

အရှက်ရစရာ ကောင်းလိုက်လေခြင်း ၊ ဝမ်းနည်းစရာ ကောင်းလိုက်လေခြင်း။ မကြာသေးမီကပင် သူသည် ရှန်ယန်းမြို့ အောင်ပွဲ ၊ ဂျာချင်အင်ပါယာကို ဖျက်ဆီးလိုက်ခြင်းကြောင့် ရရှိလာမည့် ဂုဏ်ကျက်သရေများနှင့် အင်ပါယာ ပြန်လည်ရှင်သန်လာမည့် အကြောင်းများကို အိပ်မက်မက်နေခဲ့သေးသည်။

ယခုအချိန်တွင်မူ သူသည် ကောင်းကင်ဘုံမှ ငရဲဘုံသို့ လုံးဝ ပြုတ်ကျသွားခဲ့ပြီ ဖြစ်သည်။

လီယွမ်... လီယွမ်...

အိမ်ရှေ့စံမင်းသားသည် အံကိုပင် မကြိတ်နိုင်တော့ပေ။ သူသည် လီယွမ်အပေါ် မည်မျှတောင် ကောင်းခဲ့သနည်း။ သူ့အား အမြောက် ၂၀၀ နှင့် အမြောက်ကျည် ထောင်ပေါင်းများစွာ ပေးခဲ့သည်။

စစ်ပွဲမပြီးခင်တွင်ပင် လျောင်တုန်းဒုတိယဘုရင်ခံနှင့် မြို့စားရာထူးကို တိုက်ရိုက် ခန့်အပ်ပေးခဲ့သည်။ ပြည်သူလူထုကြား၌ သူ့အား အသည်းအသန် ချီးမွမ်းပေးခဲ့သည် ၊ သူ့အား မြှင့်တင်ပေးရန်အတွက် တုပိုင်ကိုပင် ဖိနှိပ်ခဲ့သေး၏။ ဤသည်က မည်မျှကြီးမားသော ကျေးဇူးတရားနည်း။

ယခုအခါ လီယွမ်၏ သစ္စာဖောက်မှုက သူ့ကို ပါးရိုက်လိုက်ရုံတင် မကပေ။ သူ့မျက်နှာကို ဓားမြှောင်ဖြင့် မွှန်း၍ သူ့ကလီစာများကိုပါ အရူးအမူး ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားရ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၃ + ၆၆၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters