← Chapters

အခန်း (၆၆၅-၆၆၆)

Vol. 67 Ch. 665-666

အခန်း (၆၆၅-၆၆၆)

Vol. 67 Ch. 665-666

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၅ + ၆၆၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အမှန်စင်စစ်အားဖြင့် လီယွမ်အား ရင်ထဲမှ အချစ်ဆုံးသူမှာ ဘိုးဘေးလီလျန်တင်းပင် ဖြစ်၏။ အိမ်ရှေ့စံမင်းသားသည် လီယွမ်အား ရာထူးတိုးမြှင့်ပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအရ သံယောဇဉ်မှာမူ သိပ်မနက်ရှိုင်းလှချေ။

သို့သော် ဘိုးဘေးလီလျန်တင်း၏ လီယွမ်အပေါ်ထားရှိသော သံယောဇဉ်ကား မည်သူနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။ သူ၏ သားဖြစ်သူ လီဝမ်ဟွေ့ထက်ပင် ပို၍ ချစ်ခင်မြတ်နိုးလေသည်။

ကိုးနှစ်သားအရွယ်မှ အသက် ၂၀ ကျော်သည်အထိ ဆယ်နှစ်ကျော်ကြာအောင် သူကိုယ်တိုင် သွေးချွေးရင်း၍ ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။ အပြင်လောကသို့ စေလွှတ်ထားသည့်တိုင် လီလျန်တင်းသည် သူပိုင်ဆိုင်သမျှ အရာအားလုံးကို လီယွမ်အတွက် ပုံအောပေးခဲ့ပြီး အမှန်တကယ်ပင် အကုန်အစင် ပေးဆပ်ခဲ့လေသည်။

ယခုတစ်ကြိမ် ဂျာချင်အင်ပါယာနှင့် အဆုံးအဖြတ် တိုက်ပွဲတွင် အိမ်ရှေ့စံမင်းသားက လီယွမ်အား စစ်တပ်အင်အား ပေးအပ်ခဲ့သလို ၊ လီလျန်တင်းကလည်း နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့၏ လက်ရွေးစင်များကို လီယွမ်အား ပေးအပ်ခဲ့၏။ ထို့အပြင် မင်းသမီးနင်းရွှဲ့ပိုင်ဆိုင်သော စစ်သည် ၁ သောင်းခွဲကို လီယွမ်အား ပေးအပ်ရန် အိမ်ရှေ့စံမင်းသားကို တိုက်တွန်းခဲ့သူမှာလည်း သူပင်ဖြစ်သည်။

လီယွမ်သည် မြေးအရင်း မဟုတ်သော်လည်း မြေးအရင်းထက် ပိုချစ်ရသူ ဖြစ်သည်။

လီလျန်တင်းသည် သူ့စိတ်ထဲတွင် လီယွမ်နှင့် တုပိုင်တို့သည် အတူတူပင်ဖြစ်ပြီး လက်ဖမိုးနှင့် လက်ဖဝါးကဲ့သို့ နှစ်ဖက်စလုံး အသားချည်းသာ ဖြစ်ကြောင်း ပြောဆိုလေ့ ရှိသော်ငြား… သူသည် ထိုသို့ ဖြစ်ချင်ခဲ့သည် ၊ ထိုသို့ တွေးချင်ခဲ့သည်။

သို့သော် လူဟူသည် ဘက်လိုက်တတ်စမြဲပင်။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ပို၍ ဘက်လိုက်လာတတ်ပေသည်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံရန် မည်သို့ ဖြစ်နိုင်မည်နည်း။ လီလျန်တင်းသည် သူ၏ မျှော်လင့်ချက်အားလုံးနှင့် အရင်းအမြစ်အားလုံးနီးပါးကို လီယွမ်အား ပေးအပ်ခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် တုပိုင်၏ တိုးတက်မှုက လျင်မြန်လွန်းရာ လီယွမ် နောက်ကောက်ကျ ကျန်ရစ်မည်ကို သူ မလိုလားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် လီယွမ်ကို အသည်းအသန် တွန်းတင်ပေးခဲ့ပြီး အနည်းဆုံးတော့ တုပိုင်နှင့် ရင်ပေါင်တန်းနိုင်စေရန် ရည်ရွယ်ခဲ့သည်။

ယခုအခါတွင်မူ အရာအားလုံးက ဟာသကြီးတစ်ခု ဖြစ်သွားခဲ့ရသည်။ အရင်းအမြစ်အားလုံးကို ပုံအောပေးပြီး ပြုစုပျိုးထောင်လိုက်သူမှာ သစ္စာဖောက်သည့် ဝံပုလွေတစ်ကောင် ဖြစ်နေခဲ့သည်။

လီလျန်တင်း သွေးမအန်ခဲ့ပေ။ သူ နာကျင်မှုကိုပင် မခံစားရတော့ဘဲ ၊ ရယ်စရာကောင်းပြီး အိပ်မက်ဆိုးတစ်ခုလိုသာ ခံစားနေရသည်။ လူသားတစ်ယောက်သည်… အဘယ်ကြောင့် ဤမျှအထိ ယုတ်မာနိုင်ရသနည်း။

သူ့စိတ်နှင့် နှိုင်းယှဉ်ကာ စဉ်းစားကြည့်မိသည်။ လူတစ်ယောက်၏ နှလုံးသားသည် မည်သို့လျှင် ဤမျှ အေးစက်ရက်စက်နိုင်ရသနည်း။ ဆယ်နှစ် ၊ အနှစ်နှစ်ဆယ် ကြာခဲ့ပြီ။ ကိုယ့်အသက်မဟုတ်သော်လည်း ၊ ကိုယ့်အသက်ထက်ပင် ပိုချစ်ခဲ့ရသူဖြစ်သည်။

ပို၍ နာကျင်စရာကောင်းသည်မှာ တုပိုင်က သူ့အား သွယ်ဝိုက်သောနည်းဖြင့် သတိပေးခဲ့ဖူးခြင်းပင်။ လီယွမ်သည် သူ့ထံသို့ မည်သည့်အရွယ်က ရောက်ရှိလာခဲ့သနည်းဟု မေးမြန်းခဲ့ဖူးသည်။ ထို့နောက် လီယွမ်တစ်ယောက်တည်းအပေါ် အရင်းအမြစ်များ အများကြီး ပုံအောမပေးဘဲ မင်းသမီးနင်းရွှဲ့ကိုပါ ခွဲဝေပေးရန် သတိပေးခဲ့ဖူးသည်။

ထိုစဉ်က လီလျန်တင်းသည် ဒေါသတကြီးဖြင့် တုပိုင်ကို ပြန်လည်ဆူပူခဲ့ပြီး တုပိုင်က လီယွမ်ကို မနာလိုဖြစ်နေသည် ၊ လီယွမ်၏ ကုသိုလ်ကောင်းမှုများကို မကြည့်လိုဟု စွပ်စွဲခဲ့ဖူးသည်။

ထိုနေ့က တုပိုင်အား ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိတိုင်း မည်မျှ ရှက်စရာကောင်းလိုက်သနည်း။

လီလျန်တင်းသည် ရင်ထဲမှ အေးစက်မှုကို ခံစားလိုက်ရပြီး ခြေလက်များလည်း တောင့်တင်းကာ မျက်လုံးများ ပြာဝေသွားလေသည်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လီလျန်တင်းသည် အိမ်ရှေ့စံမင်းသား၏ ရှေ့သို့ ရောက်လာကာ လျှောက်တင်လိုက်သည်။

“အိမ်ရှေ့စံမင်းသား… ကျွန်တော်မျိုးကြီး လျောင်တုန်းကို သွားချင်ပါတယ်…”

အိမ်ရှေ့စံမင်းသားသည် ကြောင်အသွားပြီးနောက် လက်ကာပြလိုက်သည်။

“သွားပါ… သွားပါ…”

--------------

ဘိုးဘေးလီလျန်တင်းသည် မည်သူ့ကိုမျှ မခေါ်ဘဲ မြို့တော်မှ တစ်ကိုယ်တည်း ထွက်ခွာကာ လျောင်တုန်းသို့ ဦးတည်သွားလေသည်။ ထူထပ်သော နှင်းမုန်တိုင်းကြားတွင် လီလျန်တင်းသည် လုံးဝ အိပ်စက်ခြင်းမရှိဘဲ ရေခဲပြင်နှင့် နှင်းပြင်များထက်တွင် အသည်းအသန် မြင်းဒုန်းစိုင်းစီးသွားသည်။

သူသည် အအေးဒဏ်ကို မခံစားနိုင်တော့ပေ ၊ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပင် မခံစားနိုင်တော့ဘဲ ထုံထိုင်းစွာဖြင့် ရှေ့သို့ တိုးဝင်နေမိသည်။ ယခုအချိန်တွင် သူတစ်ခုတည်းသာ လုပ်ချင်သည်။ လီယွမ်၏ ရှေ့သို့သွားပြီး "ဘာလို့လဲ" ဟု မေးမြန်းလိုပေသည်။

ရှန်ဟိုင်ကွမ်ဂိတ်ကို ကျော်လွန်ပြီးနောက် ခေတ်ပျက်ကြီး၏ အငွေ့အသက်များကို မြင်တွေ့နေရပြီ ဖြစ်သည်။

ဂျာချင်အင်ပါယာနှင့် အဆက်မပြတ် စစ်ဖြစ်နေသောကြောင့် လျောင်တုန်းတွင် လူဦးရေသည် ကျုံးယွမ်ဒေသလောက် မများသော်လည်း လူနေထူထပ်သော ဒေသဖြစ်သည်။

ယခုအချိန်တွင် တာ့နင်အင်ပါယာ စစ်ရှုံးသွားပြီဖြစ်ရာ ရေတွက်မရနိုင်သော ပြည်သူများသည် ထွက်ပြေးနေကြရသည်။

ရေခဲနှင့် နှင်းပြင်များကြားတွင် သားမယားများကို ဆွဲကာ ထွက်ပြေးနေကြသော လူအုပ်ကြီးသည် ကောင်းကင်ကိုတိုင်တည်၍ ကျယ်လောင်စွာ ငိုကြွေးနေကြသည်။

ထို့အပြင် တာ့နင်အင်ပါယာ စစ်ရှုံးသွားသဖြင့် ဤထွက်ပြေးနေသော ဒုက္ခသည်များကို စီမံခန့်ခွဲမည့် စစ်တပ်မရှိတော့ရာ လမ်းတစ်လျှောက်တွင် ဓားပြများသည် လုယက်သတ်ဖြတ်နေကြပြီး ၊ တပ်ပျက်လာသော စစ်သည်ဆိုးများသည်လည်း လုယက်ဖျက်ဆီးမှုများကို စတင် ပြုလုပ်နေကြပြီ ဖြစ်၏။

ဤအရာအားလုံးက အစပျိုးရုံသာ ရှိသေးသည်။

နောက်ပိုင်းတွင် လျောင်တုန်းဒေသသည် လူ့ပြည်ငရဲ ဖြစ်သွားပေလိမ့်မည်။

အပြစ်များ... ကြီးမားသော အပြစ်များ... ဤသည်မှာ လီယွမ်၏ အပြစ်ဖြစ်သလို ၊ သူ လီလျန်တင်း၏ အပြစ်လည်း ဖြစ်သည်။ ယခုအချိန်တွင် ထုံထိုင်းနေသော ဘိုးဘေးလီလျန်တင်းသည် အဆုံးမရှိသော နာကျင်မှုကို ခံစားလိုက်ရသည်။

“အားးး အားးး”

လီလျန်တင်းသည် အသံထွက်၍ ရူးသွပ်စွာ မအော်ဟစ်ခဲ့သော်လည်း သူ့နှလုံးသားမှာမူ ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။ မြို့တော်မှ ရှန်ယန်းအထိ မိုင် ၂၀၀၀ ကျော် ခရီးကို လီလျန်တင်းသည် နှစ်ရက်နှင့် နှစ်ညတည်းဖြင့် အရောက်သွားခဲ့သည်။

ရှန်ယန်းမြို့ပြင်သို့ ရောက်ရှိလာ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ကျဆင်းခဲ့သော နှင်းထုကြီးသည် စစ်မြေပြင်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ပထမဆုံး မျက်စိထဲ ဝင်လာသည်မှာ ကြီးမားသော လူခေါင်း ၁ သိန်းဖြင့် တည်ဆောက်ထားသော တောင်ကုန်းလေး တစ်ခုသဖွယ် လူခေါင်းပုံကြီးဖြစ်၏။

ထိုလူခေါင်းများသည် အေးခဲနေပြီဖြစ်သော်လည်း မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် နာကျင်မှုများသည် ရှိနေဆဲပင် ဖြစ်သည်။ ဤသည်တို့မှာ အင်ပါယာ မြောက်ပိုင်း၏ နောက်ဆုံး အင်အားစုဖြစ်သော တာ့နင်အင်ပါယာ၏ စစ်သည်များ ဖြစ်ကြသည်။

ယခုအခါ အားလုံးသည် အေးခဲနေသော လူခေါင်းများ ဖြစ်သွားခဲ့ကြရသည်။ ရှန်ယန်းမြို့ရိုးထက်တွင် နဂါးအလံအသစ် တစ်ခုကို လွှင့်ထူထားပြီး ဂျာချင်အင်ပါယာသည် တာ့ဂျင်အဖြစ် အမည်ပြောင်းလဲထားပြီ ဖြစ်သည်။ ထို့ကြောင့် လေထဲတွင် လွင့်ပျံနေသော နဂါးအလံထက်၌ ဂျင်စာလုံးအကြီးကြီးကို ရွှေချည်ဖြင့် ထိုးထားလေ၏။

ထိုမျှမက အမြောက် ၂၀၀ လုံးကို မြို့ရိုးပေါ်တွင် တပ်ဆင်ထားပြီး ဖြစ်သည်။ လီယွမ်သည် လက်နက်ချရုံသာမက ၊ တစ်ခုတည်းသော အမြောက် ၂၀၀ ကိုပါ တာ့ဂျင်အင်ပါယာထံ ဆက်သလိုက်ခြင်း ဖြစ်သည်။

အရှက်မဲ့လိုက်လေခြင်း။ အစအနရှာမရအောင် မွှန်းပစ်သင့်သည့်ကောင်။

လီလျန်တင်းသည် အတွင်းအားအကုန်ထုတ်ပြီး ဟိန်းဟောက်လိုက်လေသည်။

“လီယွမ်… ထွက်ခဲ့စမ်းးးးး”

ဘိုးဘေးလီလျန်တင်းသည် မဟာဆရာသခင်တစ်ပါး ဖြစ်ရာ သူ့အသံသည် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှသည်။ တစ်မြို့လုံး တိတ်ဆိတ်သွားသည်။

မြို့ရိုးပေါ်ရှိ ဂျာချင်စစ်သည်များသည် သူ့ကို အေးစက်စွာ ကြည့်နေကြပြီး လေးများကို ဆွဲကာ ချိန်ရွယ်လိုက်ကြသည်။

လီလျန်တင်းက တတိယအကြိမ် အော်ဟစ်လိုက်သောအခါ လီယွမ် နောက်ဆုံးတော့ ထွက်လာလေသည်။

ယခုအချိန်တွင် လီယွမ်သည် တာ့ဂျင်အင်ပါယာ၏ နယ်စားမင်းအဖြစ် ဝတ်ဆင်ထားပြီး ဆံပင်ကို ရိတ်ကာ ခေါင်းနောက်တွင် ကြွက်မြီး တစ်ချောင်းသာ ချန်ထားတော့သည်။

မြို့ရိုးပေါ်ရှိ လီယွမ်သည် အောက်ဘက်မှ အိုမင်းပြီး ပိန်လှီနေသော လီလျန်တင်းကို ကြည့်လိုက်ရာ သူ့မျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ပြောလိုက်၏။

“အဘိုးကြီး လီလျန်တင်း… နေကောင်းကျန်းမာရဲ့လား…”

လီလျန်တင်း မြို့ရိုးပေါ်ရှိ လီယွမ်ကို မော့ကြည့်လိုက်သည်။ ငယ်စဉ်ကတည်းက သူကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့ပြီး သူ့မျှော်လင့်ချက်နှင့် လုပ်အားအားလုံးကို ပုံအောပေးခဲ့ရသူ... မြေးတစ်ယောက်လိုတင် မက ၊ သူ့အမွေဆက်ခံသူလည်း ဖြစ်သည်။

မည်မျှ စိမ်းကားလိုက်သနည်း။ ယခုမြင်နေရသော အဝတ်အစား ၊ ကျစ်ဆံမြီးနှင့် မျက်နှာပေးတို့က မည်မျှ စိမ်းကားလိုက်သနည်း။

“ဘာကြောင့်လဲ…”

လီလျန်တင်းက ဟိန်းဟောက်မေးလိုက်သည်။

“ဘာကို ဘာကြောင့်လဲ ဖြစ်ရမှာလဲ…” လီယွမ်က ပြန်ပြောသည်။

လီလျန်တင်း ဟိန်းဟောက်လိုက်သည်။ “တာ့နင်အင်ပါယာက မင်းအပေါ် တောင်ကြီးလို ကျေးဇူးကြီးတယ်… အိမ်ရှေ့စံမင်းသားက မင်းအပေါ် တောင်ကြီးလို ကျေးဇူးကြီးတယ်… မင်းဘာလို့ သစ္စာဖောက်ရတာလဲ…”

လီယွမ်က ပြန်ပြော၏။ “တာ့နင်အင်ပါယာမှာ မျှော်လင့်ချက် မရှိတော့ဘူး… ငါ့ရဲ့ တာ့ဂျင်အင်ပါယာကတော့ မနက်ခင်းမှာ ထွက်ပေါ်လာတဲ့ နေမင်းကြီးလိုပဲ… အရှိန်အဟုန်ပြင်းပြီး ဘယ်သူမှ တားဆီးလို့မရဘူး… ငှက်ကောင်းဆိုတာ နားခိုစရာ သစ်ပင်ကောင်းကို ရွေးရစမြဲ… ပညာရှိအမတ်ဆိုတာ အရှင်သခင်ကောင်းကို ရွေးချယ် အမှုထမ်းရစမြဲပဲ… ငါက ဧကရာဇ်မင်းမြတ် ဂျင်ထိုက်ဂျိဆီမှာ လက်နက်ချ အမှုထမ်းတာက ကောင်းကင်အလိုကျ မှန်ကန်တဲ့လမ်းကို ရွေးချယ်လိုက်တာပဲ… ဘာလို့လဲလို့ မေးနေစရာ လိုသေးလို့လား…”

လီလျန်တင်းသည် အဖြေတစ်ခု ရရန်အတွက်သာ ခရီးဝေးကြီးကို လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖြေက မည်မျှ ရယ်စရာကောင်းပြီး အရှက်မဲ့နေပါစေ သူ လက်ခံမည် ဖြစ်သည်။ ဥပမာအားဖြင့် လီယွမ်သည် သူ သေမည်ကို ကြောက်ရွံ့သောကြောင့် ၊ သို့မဟုတ် တုပိုင်ကို မုန်းတီးသောကြောင့် စသည်ဖြင့် ဖြေလျှင် လက်ခံပေးနိုင်သည်။

သို့သော် တာ့ဂျင်အင်ပါယာ၏ ဖင်းရှီးနယ်စားမင်း လီယွမ်၏ လေသံက ဟိတ်ဟန်အပြည့် ပါနေပြီး အမှန်တရား တစ်စက်ကလေးမှ မပါဝင်ပေ။ ထို့နောက် လီယွမ်က ရယ်မောပြီး ပြောလိုက်သည်။

“အဘိုးကြီး လီလျန်တင်း… ငါ့ရဲ့ ဧကရာဇ်မင်းမြတ်ကလည်း မိန်းမစိုးတစ်ယောက်ပဲလေ… ခင်ဗျားက ဘာလို့ အမှောင်ကိုစွန့်ပြီး အလင်းကို မကူးပြောင်းတာလဲ… အရှင်မင်းမြတ်က ခင်ဗျားကို အကြီးအကဲ နေရာပေးပါလိမ့်မယ်… တာ့ဂျင်အင်ပါယာရဲ့ အရှင်မင်းမြတ်က ဉာဏ်ပညာကြီးမားပြီး စစ်ရေးစစ်ရာ ကျွမ်းကျင်တယ်… ဆွေးမြေ့နေတဲ့ တာ့နင်အင်ပါယာလို မိန်းမစိုးတွေကို နိုင်ငံရေးလုပ်ခွင့် မပေးတာမျိုး မဟုတ်ဘူး… ဒါကြောင့် အရှေ့ဘက်ကွပ်ကဲရေးရုံးတို့… တော်ဝင်မြင်းဇောင်း တို့ဆိုတာမျိုး မရှိဘူး…”

ဤစကား ထွက်လာသည်နှင့် ဘိုးဘေးလီလျန်တင်း လုံးဝ ကြေကွဲသွားရသည်။

“အားးးး” လီလျန်တင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။

ထို့နောက် ကျားတစ်ကောင်ကဲ့သို့ပင် မြို့ရိုးပေါ်သို့ ရူးသွပ်စွာ ခုန်တက်သွားလေသည်။ “တိရစ္ဆာန်ကောင်… ငါမင်းကို သတ်မယ်… မင်းကို သတ်ပစ်မယ်…”

ရုတ်တရက် လီယွမ် ထိတ်လန့်သွားလေ၏။ မြို့ရိုးပေါ်ရှိ လေးသမားအားလုံးက မြှားများဖြင့် ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။ မြှားများ မိုးရွာသလို ကျလာသော်လည်း လီလျန်တင်း၏ ခန္ဓာကိုယ်နားသို့ပင် မကပ်နိုင်ဘဲ အားလုံး အမှုန့်ဖြစ်သွားလေသည်။

ဆယ်မီတာကျော် မြင့်သော မြို့ရိုးသည် လီလျန်တင်းကို လုံးဝ မတားဆီးနိုင်ဘဲ သူသည် မြို့ရိုးပေါ်သို့ အလွယ်တကူ ရောက်ရှိသွားသည်။ ရွှမ်းချီအတွင်းအား အားလုံးကို စုစည်းပြီး လီယွမ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဤလက်ဝါးချက်သည် လီလျန်တင်း၏ ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသအားလုံး ၊ သူ၏ အင်အားအားလုံးကို စုစည်းထားခြင်း ဖြစ်သည်။

“ဝုန်းးးးး”

ယမ်းပေါက်ကွဲသကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းကြီး တစ်ခု ဖြတ်သန်းသွားသည်။ ချက်ချင်းဆိုသလိုပင် ဘေးနားရှိ စစ်သည် ဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားပြီး ၊ အမြောက်တစ်လက်ပင် လဲကျသွားသည်။

လီယွမ်သည်တော့ မည်သည်မှမဖြစ်ဘဲ ဘေးကင်းနေလေ၏။ လီလျန်တင်းသာလျှင် သွေးများ အသည်းအသန် အန်ကာ လွင့်ထွက်သွားရသည်။

မြို့ရိုးပေါ်တွင် လူတစ်ယောက် ရပ်နေသည်။ တစ်ချိန်က ဂျာချင်အင်ပါယာ၏ မဟာခန်းဘုရင် ၊ ယခု တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိပင် ဖြစ်သည်။

မဟာဆရာသခင် လီလျန်တင်း၏ အစွမ်းကုန် ရိုက်ချက်ကို သူက ဝင်ရောက် တားဆီးလိုက်ခြင်း ဖြစ်သည်။ လီလျန်တင်းသည် သွေးအန်ကာ လွင့်ထွက်သွားသော်လည်း ဂျင်ထိုက်ဂျိသည်တော့ မည်သည်မှမဖြစ်ဘဲ ဘေးကင်းစွာ ရှိနေဆဲပင်။

ထိုသည်မှ တစ်ဆင့် ဂျင်ထိုက်ဂျိ၏ သိုင်းပညာ မည်မျှ အံ့မခန်း ကောင်းမွန်သည်ကို တွေ့မြင်နိုင်ပြီး လီလျန်တင်းသည် သူ့ပြိုင်ဘက် မဟုတ်ပေ။

လီလျန်တင်းသည် မြို့ရိုးအောက်သို့ ပြုတ်ကျသွားပြီး နောက်ထပ် သွေးတစ်လုပ် ထပ်အန်လိုက်ကာ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။

လီယွမ် ဆိုသော တိရစ္ဆာန်ကောင်ကို သူ မသတ်နိုင်ခဲ့ပေ။

“တိရစ္ဆာန်ကောင်… မင်းမှတ်ထားလိုက်… ငါ့တာ့နင်အင်ပါယာမှာ ကျန့်ရှီးနယ်စားမင်း ရှိသေးတယ်ကွ…” လီလျန်တင်းက အော်ဟစ်လိုက်သည်။ “မင်းကျူးလွန်တဲ့ အပြစ်တွေအတွက် မကြာခင် ပြန်ပေးဆပ်ရလိမ့်မယ်…”

“ဟားဟားဟား…” လီယွမ်က ရယ်မောပြီး ပြောလိုက်သည်။ “အဘိုးကြီး လီလျန်တင်း… အရင်တုန်းက ခင်ဗျား ဘယ်ရောက်နေလဲ… သူ ကုသိုလ်ယူမှာ ကြောက်လို့ လျောင်တုန်းကို ခြေချခွင့်မပေးခဲ့ဘူး မဟုတ်လား...”

ဤစကား ကြားလိုက်ရသည်နှင့် လီလျန်တင်း ပို၍ နာကျင်ခံစားလိုက်ရပြီး နောင်တရလွန်းသဖြင့် မိမိကိုယ်ကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွားမိသည်။

လီယွမ်က ဆက်ပြောသည်။ “ဂျိုဆွန်းပြည်က ပုန်ကန်သူတွေကို သုတ်သင်ပြီးပြီ… ဝါနခန်းနိတ်နိုင်ငံရဲ့ စစ်သည်သိန်းချီကိုလည်း အပြတ်အသတ် ချေမှုန်းပြီးပြီ… ငါ့ရဲ့ တာ့ဂျင်အင်ပါယာက သုံ့ပန်း ၂ သိန်းလောက်ကို အခုလေးတင် ရရှိလိုက်တာ… ပြီးတော့ နယ်စားမင်း ယွမ်ထိန်ကလည်း လက်နက်ချပြီးပြီ… နယ်စားမင်း လန်အောက်ကလည်း လက်နက်ချပြီးပြီ… ငါ့ရဲ့ တာ့ဂျင်အင်ပါယာမှာ စစ်သည် တစ်သန်းရှိတယ်… တုပိုင်ဆီမှာ မြောက်ပိုင်းစစ်တပ်ဆိုလို့ ၅ သောင်းတောင် မပြည့်တော့ဘူး… သူက ဘယ်လိုလုပ် အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာလဲ…”

စစ်သည်တစ်သန်း ဆိုသည်မှာ ဟိတ်ဟန်ထုတ် ပြောဆိုခြင်းသာ ဖြစ်သည်။ ယခုအချိန်တွင် ဂျာချင်အင်ပါယာ၌ စစ်သည်တစ်သန်း မရှိသော်လည်း ထက်ဝက်ခန့်သာ ရှိသည်။ မင်းဆက်နှောင်းပိုင်း မန်ချူးအင်ပါယာနှင့် ယှဉ်လျှင် ပို၍ အင်အားတောင့်တင်းသည်။

“အဘိုးကြီး လီလျန်တင်း… ပြန်သွားပြီး တုပိုင်ကို ပြောလိုက်ပါ… အနောက်တောင်ပိုင်းမှာ ကုသိုလ်နည်းနည်း ရခဲ့ရုံနဲ့ မာနကြီးမနေနဲ့လို့… လီရူဟိုင် ဆိုတာ ငါ့ရဲ့ ဧကရာဇ်မင်းမြတ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး… တာ့ယန်တိုင်းပြည် ဆိုတာလည်း ငါ့ရဲ့ တာ့ဂျင်အင်ပါယာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး…” လီယွမ်က ဆက်ပြောသည်။ “တုပိုင် အနေနဲ့ အနောက်တောင်ပိုင်းမှာပဲ ခေါင်းဝှက်ပြီး နေချင်နေ… အကယ်၍သာ လျောင်တုန်းကို လာရဲရင်… ငါကိုယ်တိုင် သူ့ခေါင်းကို ဖြတ်ပြီး အရှင်မင်းမြတ်အတွက် ဆီးအိုး လုပ်ပေးမယ်… သူ့ခြေထောက်အရိုးတွေကို ထုတ်ပြီး အရှင်မင်းမြတ်အတွက် လမ်းလျှောက်တုတ်ကောက် လုပ်ပေးမယ်… သူ့လက်မောင်းရိုးတွေကို ထုတ်ပြီး အရှင်မင်းမြတ်အတွက် စုတ်တံထည့်တဲ့ခွက် လုပ်ပေးမယ်… သူ့အသားတွေကို လှီးပြီး အရှင်မင်းမြတ်ရဲ့ ခြင်္သေ့ကျားသားရဲကို ကျွေးပစ်မယ်…”

လီလျန်တင်းသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး မြို့ရိုးပေါ်ရှိ လီယွမ်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ကာ သိုင်းပညာကို အသုံးပြု၍ ထွက်ခွာသွားလေသည်။

လူတိုင်းက ဂျင်ထိုက်ဂျိကို ကြည့်လိုက်ကြသည်။

ဂျင်ထိုက်ဂျိသည် အသံမထွက်ဘဲ အဝေးသို့ ထွက်ခွာသွားသော လီလျန်တင်း၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလေသည်။

--------------

တာ့နင်အင်ပါယာ၏ စစ်သည် ၄ သိန်း ကျဆုံးခြင်း ၊ လျောင်ယန်းနှင့် ရှန်ယန်းတို့ ကျဆုံးခြင်းတို့နှင့်အတူ တာ့ဂျင်အင်ပါယာသည် လျောင်တုန်းအရှေ့ပိုင်းတွင် အင်အားအပြည့် ဖြစ်လာပြီး နေရာတိုင်းမှ စစ်သည်သိန်းချီ ထွက်ပေါ်လာသည်။

ရက်အနည်းငယ် အတွင်းမှာပင် ကိုက်ကျိုးဝေ ၊ ဟိုင်ကျိုးဝေ ၊ ဖူကျိုးဝေ နှင့် ကျင်းကျိုးဝေ တို့အားလုံး ကျဆုံးသွားခဲ့သည်။

ရှန်ယန်းစစ်မြေပြင်မှ ထွက်ခွာလာပြီးနောက် မင်းသမီးနင်းရွှဲ့သည် လမ်းတစ်လျှောက် တပ်ပျက်များကို စုစည်းကာ ကွမ်နင်မြို့သို့ ဝင်ရောက်ခဲ့သည်။ မြို့ထဲရှိ စစ်တပ်ကွပ်ကဲမှုကို တိုက်ရိုက် ရယူပြီး တာ့ဂျင်အင်ပါယာ တောင်ဘက်သို့ ဆင်းမလာနိုင်စေရန် ကွမ်နင်မြို့တွင် ခံစစ်စည်း တည်ဆောက်ရန် ကြိုးစားခဲ့သည်။

ထို့နောက် ချက်ချင်းပင် ဝမ်ယန်ယင်းတူ နှင့် လီယွမ်တို့သည် စစ်သည် ၂ သိန်းခွဲကို ဦးဆောင်ပြီး လျောင်တုန်း၏ နောက်ဆုံး အရေးပါသော မြို့ကြီးဖြစ်သည့် ကွမ်နင်ကို လာရောက် တိုက်ခိုက်လေသည်။

မင်းသမီးနင်းရွှဲ့ စုစည်းထားသော တပ်ပျက်များနှင့် ကွမ်နင်မြို့စောင့်တပ် ၊ အပါအဝင် သူမ၏ ကိုယ်ပိုင် မြင်းတပ်ထောင်ဂဏန်း ၊ စုစုပေါင်း ၆ သောင်းဖြင့် ကွမ်နင်ကို ကာကွယ်ထားသည်။

နှစ်ဖက် အင်အားက အလွန် ကွာခြားလွန်းလှပြီး မင်းသမီးနင်းရွှဲ့၏ လက်အောက်ငယ်သား အများစုမှာ စစ်ရှုံးထားသူများ ဖြစ်ရာ တိုက်ခိုက်လိုစိတ် မရှိကြဘဲ စိတ်ဓာတ်ကျနေကြသည်။

နှစ်ရက်တည်းသာ ခံနိုင်ခဲ့သည်။ ကွမ်နင်မြို့ ကျဆုံးသွားသည်။ နောက်ထပ် နှစ်ရက်အကြာတွင် ကွမ်နင်ရိုဝေ ကျဆုံးသည်။ နောက်ထပ် နှစ်ရက်အကြာတွင် ကွမ်နင်ကျုံးဝေ ကျဆုံးသည်။

ဤအဆင့်ရောက်သောအခါ တာ့နင်အင်ပါယာသည် လျောင်တုန်းရှိ နောက်ဆုံး မြို့ကြီးကိုပါ လုံးဝ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ဆိုလိုသည်မှာ တာ့နင်အင်ပါယာသည် လျောင်တုန်းဒေသကို လုံးဝ ဆုံးရှုံးလိုက်ရပြီး တာ့ဂျင်အင်ပါယာက ဤမိုင်ထောင်ချီ ကျယ်ဝန်းသော မြစ်ချောင်းအင်းအိုင် တောင်တန်းများကို သိမ်းပိုက်လိုက်ပြီ ဖြစ်လေသည်။

--------------

မင်းသမီးနင်းရွှဲ့သည် လက်ကျန်စစ်သည် ၁ သောင်းကျော်ကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆုတ်ခွာလာခဲ့၏။

လျန်ရှန်းစခန်း တွင် တပ်စွဲသော်လည်း တစ်ရက်မပြည့်ခင် ကျဆုံးသည်။ နင်းယွမ်ဝေ သို့ ဝင်ရောက်သောအခါ ဤနေရာရှိ မြို့စောင့်တပ်များ အစအနမကျန် ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

တစ်ရက်မပြည့်ခင်မှာပင် ဝမ်ယန်ယင်းတူ နှင့် လီယွမ်တို့က စစ်သည် ၂ သိန်းကျော်ဖြင့် လိုက်လံတိုက်ခိုက်လာသည်။ နာရီပိုင်းအတွင်းမှာပင် နင်းယွမ်ဝေ ကျဆုံးသွားသည်။ တာ့ဂျင်အင်ပါယာ၏ စစ်တပ်ကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။

မင်းသမီးနင်းရွှဲ့သည် လက်ကျန်စစ်သည် ၁ သောင်းကို ဦးဆောင်ပြီး ဆက်လက် ထွက်ပြေးရာ နောက်ဆုံး အတားအဆီးဖြစ်သော ရှန်ဟိုင်ကွမ် သို့ ဦးတည်သွားလိုက်သည်။

ဤသည်မှာ လျောင်တုန်းနှင့် ပေကျင်းမြို့တော်ကြားရှိ တစ်ခုတည်းသော အတားအဆီး ဖြစ်၏။ ရှန်ဟိုင်ကွမ်သာ ကျဆုံးသွားလျှင် တာ့ဂျင်အင်ပါယာ၏ စစ်တပ်သည် မင်းနေပြည်တော်မြို့တော်သို့ တိုက်ရိုက် ရောက်ရှိလာလိမ့်ပေလိမ့်မည်။

ယခုအချိန်တွင် တာ့နင်အင်ပါယာ၏ မြို့တော်သည် ဟာလာဟင်းလင်း ဖြစ်နေပြီး တပ်စွဲထားသော စစ်သည် ၅ သောင်းပင် မပြည့်ပေ။

ရှန်ဟိုင်ကွမ်တွင် တုပိုင်၏ စစ်သည် ၃ သောင်းနှင့် စစ်သူကြီးဖူဟုန်ပင်း၏ ကွပ်ကဲမှုအောက်ရှိ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည် ၃ သောင်း ရှိနေသည်။

--------------

မင်းသမီးနင်းရွှဲ့၏ လက်အောက်တွင် တပ်ပျက် ၁ သောင်းကျော် ရှိ၏။ သူမ၏ တကယ့် ကိုယ်ပိုင်စစ်တပ်ဆို၍ မြင်းတပ် ရာဂဏန်းသာ ကျန်တော့သည်။ ကျန်ရှိနေသူများမှာ တုပိုင်၏ တတိယတပ်မတော်မှ စစ်သည်များ ဖြစ်ကြသည်။

လျောင်တုန်း စစ်ရှုံးကြောင်း ကြားသိရပြီးနောက် စစ်သူကြီးဖူဟုန်ပင်းသည် မင်းသမီးနင်းရွှဲ့ကို ကူညီရန် မြောက်ဘက်သို့ စစ်သည် ၂ သောင်း ချက်ချင်း စေလွှတ်ခဲ့သည်။

ကွမ်နင်ဝေ နှင့် နင်းယွမ်ဝေ တိုက်ပွဲများ ပြီးဆုံးပြီးနောက် တုပိုင်၏ စစ်သည် ၂ သောင်းအနက် ၁ သောင်းကျော်သာ ကျန်ရှိတော့သည်။

မင်းသမီးနင်းရွှဲ့သည် တာ့နင်အင်ပါယာ၏ အကြီးဆုံးမင်းသမီး ဖြစ်ရုံသာမက တုပိုင်၏ ဇနီးသည်နှင့် တတိယတပ်မတော်၏ သခင်မလည်း ဖြစ်သည်။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် တတိယတပ်မတော်သည် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ အကယ်၍သာ ကြာမြင့်စွာကတည်းက စိတ်ဓာတ်ပျက်ပြားနေသော တာ့နင်အင်ပါယာ စစ်တပ်သာဆိုလျှင် ခုခံနိုင်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်၌ မင်းသမီးနင်းရွှဲ့နှင့် တုပိုင်၏ စစ်သည် ၁ သောင်းကျော်သည်လည်း လမ်းဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နင်းယွမ်ဝေ တောင်ဘက် မိုင် ၁၀၀ အကွာတွင် တာ့ဂျင်အင်ပါယာ၏ စစ်တပ်သိန်းချီက ဝိုင်းထားလေသည်။

ဤစစ်သည် ၁ သောင်းကျော်သည် ရက်အနည်းငယ်အတွင်း မိုင်တစ်ထောင်နီးပါး ပြေးလွှားခဲ့ရပြီး ၊ တိုက်ပွဲ ၃ ၊ ၄ ပွဲခန့် တိုက်ခိုက်ခဲ့ရသဖြင့် ခဲယမ်းနှင့် ရိက္ခာ ပြတ်လပ်နေပြီ ဖြစ်သည်။

မင်းသမီးနင်းရွှဲ့သည် နှင်းပြင်ထဲတွင် ရပ်နေပြီး စစ်သည် ၁ သောင်းကျော် နှင်းများကို စားနေကြသည်ကို တွေ့လိုက်ရသည်။ အစားအစာ ပြတ်လပ်နေသည်မှာ ၂ ရက် ရှိသွားပြီဖြစ်၏။

သို့သော် ဤလူ ၁ သောင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မြေကြီးပေါ်တွင် ထိုင်ကာ နှင်းဖြူဖြူများကို ပါးစပ်ထဲသို့ တိတ်တဆိတ် ထိုးထည့်နေကြသည်။

အခြေအနေက တောင်ကုန်ရေခန်း နီးပါး ဖြစ်နေသည်။ အပြင်ဘက်တွင် လီယွမ်၏ စစ်တပ်နှင့် ဝမ်ယန်ယင်းတူ၏ စစ်တပ်တို့က သူတို့ ၁ သောင်းကျော်ကို အထပ်ထပ် ဝိုင်းရံထားသည်။

ထို့ပြင် ပေါင်ခြောက်ဆယ် အမြောက် ၃၀ လည်း ရှိနေသည်။

အမိန့်တစ်ခု ပေးလိုက်ရုံဖြင့် မင်းသမီးနင်းရွှဲ့နှင့် တုပိုင်၏ တတိယတပ်မတော်မှ စစ်သည် ၁ သောင်းသည် ၁ နာရီ ၊ ၂ နာရီ အတွင်း ပျက်စီးသွားပေလိမ့်မည်။

ရယ်စရာ ကောင်းလှသည်။ တာ့နင်အင်ပါယာ၏ မင်းသမီးသည် တာ့နင်အင်ပါယာ၏ အကြီးမားဆုံး သစ္စာဖောက်နှစ်ဦး၏ ဝိုင်းရံခြင်းကို ခံနေရသည်။

လီယွမ်သည် ကျွမ်းကျင်သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ၏ ကာကွယ်မှုအောက်တွင် လူအုပ်ကြားမှ ထွက်လာ၏။

“အိမ်ရှေ့စံမင်းသမီး… လက်နက်ချလိုက်ပါ…”

“ဘာပဲဖြစ်ဖြစ် တုပိုင်ကလည်း မိန်းမစိုးတစ်ယောက်ပဲလေ… ခင်ဗျားက သူ့ကို ဟန်ဆောင်လက်ထပ်ထားတာ… တကယ့် လင်မယား ဖြစ်လာမှာမှ မဟုတ်တာ… ငါတို့ဆီ လက်နက်ချပြီး မင်းသား ဝမ်ယန်ယင်းတူနဲ့ လက်ထပ်လိုက်ပါ… တကယ့် မိန်းမစစ်စစ် တစ်ယောက် အနေနဲ့… တုပိုင်ရဲ့ ဟန်ဆောင်အိမ်ထောင်ရေးနဲ့ ယှဉ်ရင် ပိုပြီး လှပတဲ့ ဘဝတစ်ခု မဟုတ်ဘူးလား…”

“ဒါပေမဲ့ မင်းသား ဝမ်ယန်ယင်းတူ မှာက ဇနီးမယားကြီး ရှိပြီးသားဆိုတော့ ခင်ဗျားက သူ့ကို ထပ်ပြီး လက်ထပ်ရင် မယားငယ်လိုမျိုးပဲ ဖြစ်မှာပေါ့…”

“စဉ်းစားဖို့ အချိန် ၂ နာရီ ပေးမယ်… ၂ နာရီ ကြာရင် ငါတို့ရဲ့ အမြောက်တွေ ပစ်ခတ်ပြီး မြှားတစ်သောင်း ပစ်လွှတ်လိုက်တာနဲ့ ခင်ဗျားတို့ အသတ်ခံရတော့မှာ…”

“အိမ်ရှေ့စံမင်းသမီး… ခင်ဗျားကို ၂ နာရီပဲ ပေးမယ်… ၂ နာရီပဲ…”

မင်းသမီးနင်းရွှဲ့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြောလိုက်လေသည်။

“တာ့နင်အင်ပါယာမှာ တိုက်ပွဲကျသွားတဲ့ အကြီးဆုံးမင်းသမီးပဲ ရှိတယ်… လက်နက်ချတဲ့ အကြီးဆုံးမင်းသမီး မရှိဘူး…”

ထို့နောက် မြေပြင်ပေါ်တွင် ရှိနေသော ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေသည့် စစ်သည် ၁ သောင်းကျော်ကို ကြည့်လိုက်သည်။ ဤသူများအားလုံးသည် သခင်မကို ကယ်တင်ရန် ရှန်ဟိုင်ကွမ်မှ လာခဲ့ကြသော တုပိုင်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

ထို့နောက် မင်းသမီးနင်းရွှဲ့က ထပ်ပြောလိုက်သည်။

“တာ့နင်အင်ပါယာမှာ တိုက်ပွဲကျသွားတဲ့ ကျန့်ရှီးနယ်စားမင်းကတော်ပဲ ရှိတယ်… လက်နက်ချတဲ့ ကျန့်ရှီးနယ်စားမင်းကတော် မရှိဘူး…”

“ခင်ပွန်း… ရှင်မသေသေးဘူး ဆိုတာ သိရလို့… ပြီးတော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် ပြန်ရသွားပြီ ဆိုတာ သိရလို့ နင်းရွှဲ့ တကယ် ဝမ်းသာမိပါတယ်…”

“စိတ်မကောင်းတာကတော့… နင်းရွှဲ့ သေဆုံးချိန်မှာ ရှင့်အတွက် ကလေးတစ်ယောက်မှ ချန်မထားပေးနိုင်ခဲ့တာပါပဲ…”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၅ + ၆၆၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

(တာ့ဆိုတာက ကြီးမြတ်သောပါ။ တာ့နင်ဆိုရင် ကြီးမြတ်သောနင် ၊ တာ့ဂျင်ဆိုတော့ ကြီးမြတ်သောဂျင်။ - ဘာသာပြန်)

All Chapters