အခန်း (၆၆၇-၆၆၈)
Vol. 67 Ch. 667-668
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၇ + ၆၆၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တစ်ချိန်တည်းမှာပင် လျောင်တုန်းအရှေ့ဘက် ပင်လယ်ရေနက်ပိုင်း တစ်နေရာ၌ ကြီးမားသော ရေဘဝဲသဏ္ဍာန် သားရဲကြီးသည် ယင်း၏ လက်တံများကို ဖြန့်ကျက်ထားလေ၏။
တုပိုင်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
“ဝေါင်းးးး”
ရုတ်တရက် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာလေ၏။
ထိုစွမ်းအင်သည် နဂါးသတ်နည်းစနစ်၏ စွမ်းအင်ပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်...
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ပင်လယ်ကြမ်းပြင် တစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ပင်လယ်ကြမ်းပြင် ငလျင်လှုပ်ခတ်မှုကြီး ဖြစ်ပေါ်လာသည်။
ပင်လယ်ရေမျက်နှာပြင်ထက်တွင် လှိုင်းလုံးကြီးများနှင့် ဆူနာမီရေလှိုင်းများ ရုတ်တရက် မြင့်တက်လာလေသည်။
နဂါးနိုင်လက်ဝါး ၁၈ ကွက် ဟုလည်း လူသိများသော နဂါးသတ်နည်းစနစ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ဆွဲယူအသုံးပြုသည့် ကောင်းကင်အလိုကို ဆန်ကျင်သော မဟာသိုင်းပညာရပ်တစ်ခုပင် ဖြစ်လေ၏။
**--**--**--**--**--**--**--**
ရှန်းတူးတိုက်ပွဲ ရှုံးနိမ့်ပြီးနောက် စစ်သည် ၄ သိန်းနီးပါး သေဆုံးပျက်စီးခဲ့ရသည့်အချိန်မှစ၍ သတင်းဆိုးများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။
ကိုက်ကျိုးဝေ ၊ ဟိုင်ကျိုးဝေ ၊ ကျင်းကျိုးဝေ...
ကွမ်နင်မြို့ ၊ ကွမ်နင်ရိုဝေ ၊ ကွမ်နင်မြို့စောင့်တပ်...
မြို့များသည် တစ်မြို့ပြီးတစ်မြို့ ကျဆုံးနေပြီး ၊ နှစ်ရက် သုံးရက်လျှင် မြို့တစ်မြို့ ကျဆုံးနေသည့် အခြေအနေ ဖြစ်သည်။
တာ့ဂျင်အင်ပါယာသည် ရှန်ဟိုင်ကွမ်နှင့် ပို၍ ပို၍ နီးကပ်လာနေ၏။ မြို့တော်ရှိ ပြည်သူများသည် ယုံကြည်မှုနှင့် တည်ငြိမ်မှု အားလုံးကို လုံးဝ ဆုံးရှုံးသွားကြပြီ ဖြစ်သည်။
ယခင်က မြို့တော်တွင် ရိက္ခာပြတ်လပ်စဉ်က ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ရှေ့ထွက် ဖြေရှင်းခဲ့သောကြောင့် အကြီးစား ထွက်ပြေးမှုများ မရှိခဲ့ပေ။ ယခုမူ မြို့တော်တွင် ရိက္ခာမပြတ်လပ်သော်လည်း ပြည်သူများသည် ထွက်ပြေးနေကြပြီ ဖြစ်သည်။
ယခုအခါ ဂုဏ်သတင်းကြီးမားသော စစ်သူကြီးလီယွမ် ပုန်ကန်သွားပြီ ဖြစ်ကြောင်းနှင့် နန်းတွင်းစစ်တပ် ၄ သိန်းနီးပါး လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်းကို မြို့တော်ရှိ လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။
ထို့အပြင် ရှန်ဟိုင်ကွမ် ကျဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ရန်သူ့တပ်များသည် မကြာမီ မြို့တော်ကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်နေသည်။
ထို့ထက်ပို၍ ဆိုးရွားသည်မှာ ဂျာချင်စစ်သည်များသည် လူသားများမဟုတ်ဘဲ တိရစ္ဆာန်မိစ္ဆာများသဖွယ် ရက်စက်ကြပြီး မီးရှို့ ၊ လူသတ် ၊ လုယက်ကာ မလုပ်ရဲသည်ဟူ၍ မရှိကြောင်း သတင်းများက ဆိုသည်။
မြို့တော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြရသည်။
နန်းတော်ထဲတွင်လည်း အစိုးရအဖွဲ့သည် ဖရိုဖရဲ ဖြစ်နေပြီး အရာရှိရာပေါင်းများစွာသည်လည်း ရှုပ်ထွေးနေကြသည်။ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ကြားနေရသော အိမ်ရှေ့စံမင်းသားသည် တစ်ရက်ခန့် အိပ်ရာထဲ လဲနေပြီးနောက် ပြန်လည် ထလာခဲ့သည်။
အိမ်ရှေ့စံသည် နဂါးပလ္လင်ဘေးရှိ ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ အစိုးရအဖွဲ့ ဝန်ကြီးများသည် အသည်းအသန် ဦးခိုက်လျှောက်တင်ကြသည်။
“အိမ်ရှေ့စံမင်းသား... အမိန့်ထုတ်ပြန်ပေးပါ... ကျန့်ရှီးနယ်စားမင်း တုပိုင်ကို မြို့တော်ကယ်တင်ရေးဘုရင်အဖြစ် ခန့်အပ်ပြီး မြို့တော်ကို လာရောက် ကယ်တင်ခိုင်းပါဘုရား...”
“မှန်လှပါ... ကျန့်ရှီးနယ်စားမင်း တုပိုင်ကို မြို့တော်ကယ်တင်ရေးဘုရင် အဖြစ် သတ်မှတ်ပေးပါ...”
အိမ်ရှေ့စံမင်းသားသည် စကားတစ်ခွန်းမျှ မပြောပေ။
သူသည် မိမိကိုယ်ကို အပြစ်ပေးချင်နေသော်လည်း ဧကရာဇ်မဟုတ်သည့်အတွက် ထိုသို့ လုပ်ပိုင်ခွင့်ပင် မရှိချေ။ အရာရှိများ ထွက်ခွာသွားပြီးနောက် အိမ်ရှေ့စံမင်းသားသည် လီလျန်တင်း၏ နေအိမ်သို့ ရောက်လာခဲ့သည်။
သို့သော် လီလျန်တင်း၏ တံခါးမှာ တင်းကျပ်စွာ ပိတ်ထားလေသည်။ လျောင်တုန်းမှ ပြန်လာပြီးနောက် လီလျန်တင်းသည် အလွန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ အဝတ်အစား ဖြစ်ပြီး တောက်ပြောင်သော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူသည် မိမိကိုယ်ကို အရှက်ခွဲနေခြင်း ဖြစ်သည်။
မိန်းမဝတ်စုံကို ဝတ်ဆင်ခြင်းဖြင့် သူသည် ယောက်ျားတစ်ယောက် ဖြစ်ရန် မထိုက်တန်တော့ကြောင်း ၊ သေဆုံးပြီးနောက် ဘိုးဘေးများကို ပြန်တွေ့ရန် မျက်နှာမရှိတော့ကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။
ပြန်ရောက်ကတည်းက သူသည် အပြင်သို့ လုံးဝ ထွက်မလာတော့ပေ။ အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်မင်းမြတ်၏ အဆောင်သို့ ထပ်မံ သွားရောက်ခဲ့သည်။
ဧကရာဇ်မင်းမြတ်သည် မလှုပ်မယှက် လဲလျောင်းနေဆဲ ဖြစ်ပြီး ဧကရီနှင့် မဟာဆရာသခင် နင်ဇောင်ဝူ တို့က ဘေးမှ စောင့်ရှောက်နေကြသည်။
အိမ်ရှေ့စံမင်းသားသည် လျောင်တုန်းမှ ကြောက်မက်ဖွယ်ရာ သတင်းဆိုးများကို ဧကရာဇ်မင်းမြတ်အား မပြောပြခဲ့သလို ဧကရီကိုလည်း အသိမပေးခဲ့ပေ။
ဧကရီ၏ မျက်လုံးများ နီရဲနေပြီး အိမ်ရှေ့စံမင်းသားကို တစ်ချက်ကြည့်ကာ အပြင်သို့ တန်းတန်းမတ်မတ် ထွက်သွားပြီး ပြောလိုက်သည်။
“အိမ်ရှေ့စံ... ငါ့နောက်လိုက်ခဲ့...”
အခြားအခန်းတစ်ခုသို့ ရောက်သောအခါ ဧကရီက ပြောလိုက်သည်။ “ဒူးထောက်လိုက်...”
အိမ်ရှေ့စံမင်းသားသည် တန်းမတ်စွာ ဒူးထောက်လိုက်သည်။
ဧကရီက ပြောလိုက်သည်။ “မယ်တော်က မိန်းမသားတစ်ယောက်ပါ... နိုင်ငံရေးကိစ္စတွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သလို နိုင်ငံရေးကိုလည်း မထိတွေ့ခဲ့ဘူး... ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် တုပိုင် မြို့တော်ကို ရောက်လာတုန်းက တစ်ညတောင် မအိပ်ဘဲ ချက်ချင်း ပြန်သွားခဲ့တယ်... မယ်တော်သာ တားမထားရင် ထမင်းတောင် စားသွားမှာ မဟုတ်ဘူး... ဘာကြောင့်လဲ... မယ်တော်က မိန်းမသား ဖြစ်ပေမဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာ အတိအကျမသိရင်တောင် မှန်းဆကြည့်လို့ ရပါတယ်...”
အိမ်ရှေ့စံမင်းသားသည် ခေါင်းငုံ့ထားပြီး ပြန်မပြောချေ။
ဧကရီက ဆက်ပြောသည်။ “သားတော်က တုပိုင် အောင်မြင်တွေတွေ အများကြီးရပြီး ဘုန်းတန်ခိုးကြီးလာမှာကို ကြောက်နေတာမလား... ဆုလာဘ် ပေးစရာ မရှိတော့မှာကို စိုးရိမ်နေတာမလား... ပြီးတော့ လျှို့ဝှက်စာကိစ္စကြောင့် သားတော်တို့ကြားမှာ အငြိုးအတေး ရှိနေပြီး တုပိုင်ကို လျောင်တုန်းစစ်ပွဲမှာ ဝင်မပါစေချင်ဘဲ လုံးဝ ဖယ်ထုတ်ချင်ခဲ့တာမလား... တုပိုင်ကို ထိန်းချုပ်ဖို့အတွက် လီယွမ်ကိုတောင် မြှောက်စားပေးခဲ့တယ် မဟုတ်လား...”
အိမ်ရှေ့စံမင်းသားက ဝန်ခံလိုက်သည်။ “မှန်လှပါ...”
ဧကရီက ပြောလိုက်သည်။ “သားတော်မှာ အရည်အချင်းရှိရင် ဒီစစ်ပွဲကို နိုင်အောင်တိုက်လေ... အခုတော့ ဘာဖြစ်သွားပြီလဲ... သားတော် မြှောက်စားခဲ့တဲ့ လီယွမ်က ပုန်ကန်သွားပြီး တာ့နင်အင်ပါယာရဲ့ နောက်ဆုံး လက်ကျန်စစ်သည် ၄ သိန်းကို ဖျက်ဆီးပစ်လိုက်ပြီ...”
အိမ်ရှေ့စံမင်းသားသည် မျက်ရည်များ ကျဆင်းလာပြီး ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်ကာ ငိုကြွေးလိုက်သည်။
“သားတော် မိုက်မဲခဲ့ပါတယ်... သားတော် အပြစ်ကြီးပါတယ်... မယ်တော်... ခမည်းတော် ကိုယ်စား သားတော်ကို အိမ်ရှေ့စံအရာမှ ဖယ်ရှားလိုက်ပါတော့... ကျေးဇူးပြုပြီး သားတော်ကို နန်းမွေခံအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတော့...”
ဧကရီက သက်ပျင်းချ၍ ပြောလိုက်သည်။ “သားတော် ဘာတွေ ပြောနေတာလဲ... သားတော်ကို ဖြုတ်ချလိုက်ရင် ဘယ်သူ့ကို ဆက်ခံခိုင်းမလဲ... ယန်မင်းသားလို တိရစ္ဆာန်ကောင်ကို ပေးရမှာလား... သားတော်ရဲ့ ခမည်းတော် ငတ်သေလုနီးပါး ဖြစ်နေတာတောင် တိုင်းပြည်အတွက် တောင့်ခံထားတာ... အခုမှ လာပြီး တာဝန်ယူရမှာ ကြောက်နေတာလား...”
အိမ်ရှေ့စံမင်းသားသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားရင်း ကျယ်လောင်စွာ ငိုကြွေးနေမိသည်။
ဧကရီက ဆက်ပြောသည်။ “အရာရှိတွေအားလုံးက တုပိုင်ကို မြို့တော်ကယ်တင်ရေးဘုရင် အဖြစ် ခန့်အပ်ဖို့ ပြောနေကြတယ်... သားတော် တုပိုင်ဆီမှာ အပြစ်ဝန်ခံပြီး သူ့ကို ကူညီခိုင်းလိုက်ပါ...”
အိမ်ရှေ့စံမင်းသားက ခေါင်းရမ်းလျက် ပြော၏။ “မယ်တော်... ဂျာချင်စစ်တပ်က ရှန်ဟိုင်ကွမ်ကို မကြာခင် ရောက်လာတော့မှာပါ... ရှန်ဟိုင်ကွမ်သာ ကျိုးပေါက်သွားရင် စစ်သည်သိန်းချီက မြို့တော်ခြေရင်းကို တန်းရောက်လာမှာပါ... နောက်ကျသွားပါပြီ... တုပိုင်ရဲ့ စစ်တပ်က အနောက်တောင်ပိုင်းမှာ ရှိနေတာ... မြို့တော်ကို ရောက်ဖို့ အနည်းဆုံး နှစ်လလောက် ကြာမှာပါ...”
အမှန်တကယ်ပင် နောက်ကျသွားပြီဖြစ်၏။ ဂျာချင်အင်ပါယာ အနေဖြင့် တာ့နင်အင်ပါယာကို အခွင့်အရေး ပေးမည် မဟုတ်ဘဲ အချိန်တိုအတွင်း မြို့တော်ကို မုချ တိုက်ခိုက်မည် ဖြစ်သည်။
ဧကရီက မေးလိုက်သည်။ “ရှန်ဟိုင်ကွမ်မှာ တုပိုင်ရဲ့ စစ်တပ်တွေ စောင့်ကြပ်နေတယ် မဟုတ်လား... မကာကွယ်နိုင်ဘူးလား...”
အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။
“ကာကွယ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး... ဗိုလ်ချုပ်ဖူဟုန်ပင်းက ရှန်ဟိုင်ကွမ်ကို စောင့်ကြပ်နေပေမဲ့ သူ့ရဲ့ စစ်တပ်က ၃ သောင်းကျော်ပဲ ရှိတာပါ... ဂျာချင်အင်ပါယာက တောင်ဘက်ကို ဆင်းလာရင် အင်အား ၄ သိန်းကျော်မှာပါ... ဒါ့အပြင် သစ္စာဖောက် လီယွမ် ပုန်ကန်သွားပြီးနောက် အမြောက် ၂၀၀ လုံးက ဂျာချင်လက်ထဲ ရောက်သွားပါပြီ... ရှန်ဟိုင်ကွမ်က ကျိန်းသေပေါက် ကျသွားမှာပါ... ၃ ရက် ၊ ၅ ရက်တောင် ခံနိုင်မှာ မဟုတ်ပါဘူး...”
ဧကရီက မေးလိုက်သည်။ “ဒါဆို မြို့တော်ကရော... ဒါက အခိုင်ခံ့ဆုံး မြို့လေ...”
အိမ်ရှေ့စံမင်းသားက ဖြေသည်။ “မြို့တော်က ကာကွယ်ရေးတပ်က ၅ သောင်းအောက်ပဲ ရှိပြီး အများစုက တပ်သားသစ်တွေပါ... အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ကျဆင်းနေတာပါပဲ... ဂျာချင်အင်ပါယာသာ ရောက်လာရင် မြို့တော်က ၁၀ ရက်တောင် ခံနိုင်မှာ မဟုတ်ပါဘူး... စစ်သူကြီးတွေနဲ့ အရာရှိ အများကြီးက တန်းပြီး လက်နက်ချကြမှာပါ...”
ဧကရီသည်လည်း တုန်လှုပ်သွားပြီး မျက်ရည်များ စီးကျလာကာ ပြောလိုက်သည်။ “ဒါဆိုရင်... ငါ့ရဲ့ တာ့နင်အင်ပါယာက ဒီတစ်ကြိမ် မလွတ်မြောက်နိုင်တော့ဘူးလား... တိုင်းပြည် ပျက်သုဉ်းရတော့မှာလား...”
အိမ်ရှေ့စံမင်းသားသည် အသည်းအသန် ဦးခိုက်လိုက်သည်။ “သားတော် မိုက်မဲပါတယ်... သားတော် အပြစ်ကြီးပါတယ်...”
ဧကရီက ရုတ်တရက် ပြောလိုက်သည်။ “အိမ်ရှေ့စံ... ရှန်ဟိုင်ကွမ် ကျတာနဲ့ သားတော် အနောက်တောင်ပိုင်းကို ထွက်သွားပါ... ဂျာချင်စစ်တပ် မြို့တော်ကို သိမ်းပိုက်လိုက်ရင် သားတော်ရဲ့ ခမည်းတော်ကတော့ မင်းတစ်ပါးအနေနဲ့ တိုင်းပြည်အတွက် အသေခံလိုက်လိမ့်မယ်... မယ်တော်ရဲ့ နင်အိမ်တော်က ကျောရိုးမရှိတဲ့ကောင်တွေ မဟုတ်ဘူး... သားတော်တစ်ယောက်တည်း အနောက်တောင်ပိုင်းကို သွားပါ... အရပ်ဘက် စစ်ဘက် အရာရှိတွေကို မခေါ်သွားနဲ့... တုပိုင်က ကလေးကောင်း တစ်ယောက်ပါ... အိမ်ရှေ့စံမင်းသားကို ကာကွယ်ပေးမှာပါ... သားတော် အသက်ရှင်နေသရွေ့ မယ်တော်တို့ရဲ့ တာ့နင်အင်ပါယာက တိုင်းပြည်ပျက်တယ်လို့ မသတ်မှတ်နိုင်ဘူး...”
အိမ်ရှေ့စံမင်းသားက ဝမ်းနည်းပက်လက် ပြောလိုက်သည်။ “သားတော် ကျန့်ရှီးနယ်စားမင်းကို သွားတွေ့ဖို့ မျက်နှာမရှိပါဘူး...”
ဧကရီသည် ငိုကြွေးရင်း ပြောလိုက်သည်။ “မြို့တော်ကို တကယ် မကာကွယ်နိုင်တော့ဘူးလား... တာ့နင်အင်ပါယာက တကယ်ပဲ ပျက်သုဉ်းသွားတော့မှာလား...”
ထို့နောက် သားအမိနှစ်ယောက်သည် ဖက်လဲတကင်း ငိုကြွေးကြလေတော့သည်။
**--**--**--**--**--**--**--**
တာ့ဂျင်အင်ပါယာ၏ ဆူးမင်းသား ဝမ်ယန်ယင်းတူ သည် ယခုနှစ်တွင် အသက် ၄၀ ရှိပြီ ဖြစ်၏။ သူ၏ မျက်နှာသည် အလွန် ခန့်ညားနေဆဲဖြစ်ပြီး မျက်နှာပေါ်ရှိ မုတ်ဆိတ်မွှေးများကို သေသပ်စွာ ပုံဖော်ထားသဖြင့် ပို၍ အာဏာရှိပြီး လွှမ်းမိုးနိုင်ပုံ ပေါက်နေသည်။
သူသည် တကယ့် စကားနည်းသူ ဖြစ်သည်။ ယခုအချိန်တွင် သူနှင့် လီယွမ်တို့သည် စခန်းထဲတွင် မီးလှုံရင်း ၂ နာရီပြည့်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
လီယွမ်က ရုတ်တရက် ပြောလိုက်သည်။ “အရှင်မင်းသား... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ...”
ဝမ်ယန်ယင်းတူက ပြောလိုက်သည်။ “ငါ့ကို မေးချင်တာက... အဲဒီတုန်းက ငါဘာလို့ ဘက်ပြောင်းခိုလှုံခဲ့လဲ ဆိုတာမလား... အဲဒီလို လုပ်လိုက်လို့ ဧကရာဇ်ထျန်ယွင်ရဲ့ အင်အားစု သိန်းချီ ပျက်စီးခဲ့ရပြီး စစ်သည် ၈ သောင်းနဲ့အတူ ဂျာချင်အင်ပါယာဆီ လက်နက်ချခဲ့တာကိုး...”
လီယွမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်... တာ့နင်အင်ပါယာရဲ့ အခြေအနေက အခုလောက်ထိ မျှော်လင့်ချက်မဲ့မနေခဲ့ပါဘူး... ပြီးတော့ ခင်ဗျားက နယ်စားမင်း ယွမ်ထိန်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရပေမဲ့ လမ်းဆုံးနေတာမျိုး မဟုတ်ပါဘူး... အရေးကြီးဆုံးက ဧကရာဇ်မင်းမြတ်က ခင်ဗျားအပေါ် အရမ်းကောင်းပြီး မင်းသမီးနင်းရွှဲ့နဲ့တောင် လက်ထပ်ပေးဖို့ ဆန္ဒရှိခဲ့တာပါ... တာ့နင်အင်ပါယာရဲ့ ဧကရာဇ်က အိမ်ရှေ့စံနဲ့ မတူဘူး... သူက လူတစ်ယောက်အပေါ် ကောင်းပြီဆိုရင် လုံးဝကို ကောင်းမွန်တာပါ...”
ဝမ်ယန်ယင်းတူ၏ မျက်နှာ တစ်ချက် လှုပ်ရှားသွားပြီး နောက်ဆုံးတွင် စကားမပြောခဲ့ပေ။
သူ၏ နာမည်ရင်းမှာ ဝမ်ယန်ယင်းတူ ဖြစ်ကြောင်း ၊ သူသည် မူလကတည်းက ဂျာချင်လူမျိုးဖြစ်ပြီး ဂျင်ထိုက်ဂျိ၏ ဝမ်းကွဲညီအစ်ကို ဖြစ်ကြောင်း လီယွမ်ကို မပြောပြခဲ့ပေ။
ထို့ကြောင့် သူသည် အချိန်တန်၍ ဂျာချင်သို့ ပြန်လာခြင်းသာ ဖြစ်ပြီး ပုန်ကန်ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် ဂျင်ထိုက်ဂျိက သူ့အား ဆူးမင်းသား အဖြစ် မည်သို့ ခန့်အပ်မည်နည်း။ ထိုသည်မှာ ဝမ်ဘွဲ့ရ မင်းသားတစ်ပါး ဖြစ်သည်။
ဧကရာဇ်ထျန်ယွင်က သူ့အပေါ် တကယ် ကောင်းမွန်ခဲ့သည်... သို့သော်... သူ ဝမ်ယန်ယင်းတူသည် သူ၏ တာဝန်ကို ဆန့်ကျင်၍ မရပေ။
ဝမ်ယန်ယင်းတူက ပြောလိုက်သည်။ “နယ်စားမင်း လီယွမ်... ခင်ဗျားကရော ဘာလို့ သစ္စာဖောက်ရတာလဲ...”
လီယွမ်က ဖြေသည်။ “ဒါကတော့ ဧကရာဇ်မင်းမြတ် ဂျင်ထိုက်ဂျိရဲ့ ဉာဏ်ပညာကြီးမားမှုကြောင့်ပေါ့... သူကမှ တကယ့် ကံတရားရဲ့ အရှင်သခင်ပဲလေ...”
လီယွမ်သည် လီလျန်တင်းအား ပြောခဲ့သော စကားလုံးများကိုသာ ပြန်သုံးလိုက်သည်။
တုပိုင်သည် ထိုနေ့က လီယွမ် သူ့ထံ ရောက်လာစဉ်က အသက်မည်မျှ ရှိသနည်းဟု လီလျန်တင်းကို မေးမြန်းခဲ့ဖူးသည်။ လီလျန်တင်းက ၉ နှစ် ဟု ဖြေခဲ့သည်။ ထိုစဉ်က တုပိုင်၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သိသာထင်ရှားစွာပင် သူ တစ်စုံတစ်ခုကို ရိပ်မိခဲ့သည်။ လီယွမ်သည် ၂၇ နှစ်ထက် ပိုကြီးသင့်သည်ဟု ခံစားမိသော်လည်း သူ့တွင် သက်သေပြစရာ မရှိခဲ့ပေ။
လီလျန်တင်းသည် သဲလွန်စများကို လုံးဝ မမြင်ခဲ့သည်တော့ မဟုတ်ပေ။ လီယွမ် သစ္စာဖောက်ပြီးနောက် သူလည်း တစ်စုံတစ်ခုကို ပြန်သတိရမိသည်။
လီလျန်တင်းက လီယွမ်ကို မွေးစားစဉ်က ထိုကလေးက သူသည် ၉ နှစ်သာ ရှိသေးပြီး မိဘမဲ့တစ်ဦး ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုစဉ်က လီယွမ်သည် အလွန် သေးငယ်ပြီး ၈ နှစ် ၊ ၉ နှစ်အရွယ် ကလေးတစ်ယောက်နှင့် အမှန်တကယ် တူသည်။ သို့သော် ထိုအကြည့်များ ၊ နောက်ပိုင်းတွင် ပြသခဲ့သော ဉာဏ်ပညာထက်မြက်မှုနှင့် ရင့်ကျက်မှုတို့သည် ၉ နှစ်အရွယ် ကလေးတစ်ယောက်နှင့် အမှန်တကယ် မတူပေ။
လီလျန်တင်းက သူ့ကို အလွန်ချစ်သောကြောင့် ဉာဏ်ရည်စော၍ ရင့်သန်သည်ဟုသာ ထင်မှတ်ကာ ကြီးပြင်းလာပါက ထူးချွန်သူ ဖြစ်လာမည်ဟု တွေးကာ ရင်ထဲတွင် ပျော်ရွှင်နေခဲ့ခြင်း ဖြစ်သည်။
ယခုပြန်လည်ဆန်းစစ်ကြည့်လျှင် လီယွမ်၏ နောက်ခံက ရှုပ်ထွေးပုံရသည်။ ဝမ်ယန်ယင်းတူ တိတ်ဆိတ်သွားသည်။ လီယွမ်သည် သူ့ရှေ့တွင် စကားကောင်းမွန်စွာ ပြောဆိုခြင်း မရှိသကဲ့သို့ အမှန်တရား တစ်ခွန်းမှလည်း ပါမလာပေ။
သူ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “မင်းသမီးနင်းရွှဲ့ရဲ့ လူ ၁ သောင်းကျော်က ဆာလောင်မွတ်သိပ်နေပြီ... ငါတို့ဘက်က စစ်သည် ၁ သိန်းနဲ့ ဝိုင်းထားပြီး အမြောက် ဒါဇင်ပေါင်းများစွာလည်း ရှိတယ်... သူတို့ သေရမှာ သေချာနေပြီ... ဒါကြောင့် ဒီက အခြေအနေကို ခင်ဗျားနဲ့ နယ်စားမင်း ဆိုလိုကို လွှဲခဲ့မယ်... ငါက နင်းယွမ်မြို့ကို ပြန်ပြီး ရှန်ဟိုင်ကွမ် တိုက်ပွဲအတွက် ပြင်ဆင်ရဦးမယ်...”
ထို့နောက် တာ့ဂျင်အင်ပါယာ၏ ဆူးမင်းသား ဝမ်ယန်ယင်းတူသည် တန်းတန်းမတ်မတ် ထွက်ခွာသွားလေ၏။
လီယွမ်က မေးလိုက်သည်။ “ဆူးမင်းသား... မင်းသမီးနင်းရွှဲ့ရဲ့ အသက်ကို ချမ်းသာပေးချင်သေးလား... ဘာပဲဖြစ်ဖြစ် သူက ခင်ဗျားရဲ့ ချစ်သူဟောင်း ဖြစ်ခဲ့ဖူးတာပဲလေ...”
“ဧကရာဇ်ထျန်ယွင်က မင်းသမီးနင်းရွှဲ့ကို ငါနဲ့ လက်ထပ်ပေးချင်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သူက ငါ့ချစ်သူ မဟုတ်သလို ငါတို့က တစ်ခါမှတောင် နှစ်ကိုယ်တည်း မတွေ့ဖူးသလောက်ပါပဲ...”
ဝမ်ယန်ယင်းတူက ဆက်ပြောသည်။ “သူ့ရဲ့ အသက်ကို ချမ်းသာပေးစရာ မလိုပါဘူး... တာ့နင်အင်ပါယာရဲ့ မင်းသမီးတစ်ပါး အနေနဲ့ မနှိပ်ဆက်ပဲ သေခွင့်ပေးလိုက်ပါ...”
ဝမ်ယန်ယင်းတူ ထွက်သွားပြီးနောက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်လာသည်။ သူသည် တာ့ဂျင်အင်ပါယာ ၏ ဆိုလိုနယ်စားမင်း ဖြစ်ပြီး မဟာတိုက်တန်တစ်ဦး ဖြစ်သည်။
ဝင်လာပြီးနောက် သူသည် လီယွမ်ကို စကားမပြောဘဲ စားပွဲပေါ်ရှိ သဲနာရီကိုသာ ကြည့်နေသည်။ အတွင်းရှိ သဲများ ကုန်ဆုံးသွားသည်နှင့် ဆိုလိုနယ်စားမင်းသည် စစ်တိုက်ရန် အမိန့်ပေးမည်ဖြစ်ပြီး မင်းသမီးနင်းရွှဲ့နှင့် သူမ၏ လူ ၁ သောင်းကျော်ကို သတ်ဖြတ်မည် ဖြစ်သည်။
**--**--**--**--**--**--**--**
မင်းသမီးနင်းရွှဲ့သည် ကောင်းကင်ယံရှိ ကြယ်များကို မော့ကြည့်လိုက်သည်။ သူမဘေးရှိ လူ ၁ သောင်းကျော်သည် မြေကြီးပေါ်တွင် ထိုင်နေကြပြီး မည်သူမျှ အသံမထွက်ကြပေ။ ယခင်က တုပိုင်သည် လျောင်တုန်းသို့ လူ ၅ သောင်း ပံ့ပိုးပေးခဲ့သည်။ ဖူဟုန်ပင်းက တပ်မှူးချုပ် ဖြစ်ပြီး လီလင်းက ဒုတိယတပ်မှူး ဖြစ်သည်။
ယခုတစ်ကြိမ် သူမ မင်းသမီးနင်းရွှဲ့ကို လာရောက်ကြိုဆိုရန် စစ်သည် ၂ သောင်းကို ဦးဆောင်လာသူမှာ လီလင်း ဖြစ်သည်။ ထို လူ ၂ သောင်းထဲတွင် အပြာရောင်နဂါးဂိုဏ်းမှ တပည့်များ ၊ ကွေ့မင်းသား၏ မြင်းတပ်များ ၊ ရွှီကျိုးမှ လက်နက်ချလာသော နယ်စားမင်း လုကျန့်၏ စစ်သည်များနှင့် လီရူဟိုင်၏ လက်နက်ချ စစ်သည်များ ပါဝင်ကြသည်။ ထိုစဉ်က သူတို့သည် တုပိုင်၏ ပျက်စီးခြင်းမြှားတန်ခိုးပြမှုကို မြင်တွေ့ခဲ့ရပြီး တုပိုင်၏ ခြေရင်းတွင် ဒူးထောက်ခဲ့ကြသူများ ဖြစ်သည်။
သူတို့၏ မူလအဆင့်အတန်းက မည်သို့ပင်ရှိစေကာမူ နှစ်ဝက်ခန့် လေ့ကျင့်ပြီးနောက် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပထမတပ်မတော်မှ ပြိုင်ဘက်ကင်း မြေအောက်မြို်တော်စစ်သည်များလောက် မကောင်းသလို ဒုတိယတပ်မတော်မှ မီးနတ်ဘုရားစစ်သည်များလောက် မကောင်းမွန်သော်ငြားလည်း တုပိုင်အပေါ်ထားရှိသော သစ္စာတရားနှင့် ဂုဏ်သိက္ခာ စောင့်ထိန်းမှုသည် များစွာ လျော့နည်းခြင်း မရှိပေ။
ထို့ကြောင့် ခဲယမ်းနှင့် ရိက္ခာပြတ်လပ်ကာ ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေတွင်ပင် လုံးဝ ပြိုလဲမသွားခဲ့ပေ။
အစ်ကိုကြီးလီလင်းက ပြောလိုက်သည်။ “အရှင်မင်းသမီး... အချိန်နီးနေပါပြီ... ကျွန်တော်မျိုး ညီအစ်ကိုတွေကို ဦးဆောင်ပြီး မင်းသမီး ဖောက်ထွက်နိုင်ဖို့ လမ်းဖွင့်ပေးပါရစေ... ကျန့်ရှီးနယ်စားမင်း တုပိုင်နဲ့ သွားရောက် ပူးပေါင်းပါ...”
မင်းသမီးနင်းရွှဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။ “အစ်ကိုလီလင်း... ပြီးခဲ့တဲ့ ရက်တွေမှာ ကျွန်မ ဖောက်ထွက်နိုင်ဖို့ လူတွေ အများကြီး အသက်ပေးခဲ့ကြရပြီ... ဒါကြောင့်မို့လို့ ကျွန်မ အခုထိ အသက်ရှင်နေတာပါ... အခု အစ်ကိုတို့က ကျွန်မအတွက် ထပ်ပြီး အသက်စတေးကြတော့မယ်... ကျွန်မအတွက် ဘယ်သူ့ကိုမှ ထပ်ပြီး အသက်မစတေးစေချင်တော့ဘူး... အတူတူပဲ သေကြတာပေါ့... ကျွန်မက အဲဒီလောက် ရွှေလို ရှားပါးတဲ့လူ မဟုတ်ပါဘူး... တာ့နင်အင်ပါယာ အတွက်ရော ၊ ခင်ပွန်းသည် အတွက်ရောပေါ့...”
လီလင်းသည် မင်းသမီးကို ကြည့်လိုက်ပြီး ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားသည်။ သူသည် စကားပြော ကောင်းသူတစ်ယောက် မဟုတ်ပေ။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “အစ်ကိုလီလင်း... တောင်းပန်ပါတယ်... ကျွန်မအတွက် ထပ်ပြီး အသက်မစတေးကြပါနဲ့တော့... အတူတူ သေကြရအောင်ပါ...”
လီလင်း၏ လည်ချောင်းသံများ အက်ကွဲသွားပြီး ပြောလိုက်သည်။ “ဒါဆိုရင်... အချိန်နီးနေပါပြီ... ရန်သူပေးထားတဲ့ ၂ နာရီ ကုန်တော့မှာပါ... သူတို့ မီးဖွင့်တော့မယ်...”
နင်းရွှဲ့က ပြောလိုက်သည်။ “ဒါဆို ရန်သူကို မီးဖွင့်ဖို့ အခွင့်အရေး မပေးနဲ့... ငါတို့က အရင် စတိုက်မယ်... သေရမယ် ဆိုရင်တောင် သက်ဝင်လှုပ်ရှားစွာနဲ့ သေကြတာပေါ့...” ထို့နောက် မင်းသမီးနင်းရွှဲ့သည် စစ်ခမောက်ကို ဆောင်းလိုက်လေသည်။
လီလင်းလည်း စစ်ခမောက်ကို ဆောင်းလိုက်သည်။
စစ်သည် ၁ သောင်းကျော်လည်း စစ်ခမောက်များကို တိတ်ဆိတ်စွာ ဆောင်းလိုက်ကြသည်။
မင်းသမီးနင်းရွှဲ့သည် စစ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ လီလင်းလည်း စစ်ဓားကို ဆွဲထုတ်လိုက်ပြီး စစ်သည် ၁ သောင်းကျော်လည်း စစ်ဓားများကို တပြိုင်နက် ဆွဲထုတ်လိုက်ကြသည်။
“သတ်...”
“ငါတို့ရဲ့ ဘိုးဘေးတွေကို အရှက်မကွဲစေရဘူး... အသေခံ တိုက်မယ်...”
ထို့နောက် မင်းသမီးနင်းရွှဲ့သည် ရှေ့ဆုံးမှ ဦးဆောင်ကာ ဂျာချင်အင်ပါယာ၏ စစ်သည် ၁ သိန်း ရှိရာသို့ ဝင်ရောက်တိုက်ခိုက်၏။ လီလင်းက ဒုတိယအကြိမ် ထပ်မံ အားဖြည့် တိုက်ခိုက်သည်။
နောက်မှလိုက်ပါလာသော စစ်သည် ၁ သောင်းကျော်သည် သူတို့၏ နောက်ဆုံးအင်အားကို စုစည်းပြီး ဂျာချင်အင်ပါယာ၏ စစ်သည် ၁ သိန်း ရှိရာသို့ ဝင်ရောက်သတ်ဖြတ်ကြလေသည်။
တိုက်ခိုက်သံများကို ကြားလိုက်ရသည်။ လီယွမ်နှင့် တာ့ဂျင်အင်ပါယာ၏ ဆိုလိုနယ်စားမင်း တို့သည် အံ့အားသင့်သွားကြသည်။
လီယွမ်က ပြောလိုက်သည်။ “မင်းသမီးနင်းရွှဲ့ရဲ့ လက်ကျန်တပ်သား ၁ သောင်းက ဦးအောင် တိုက်စစ်ဆင်တာလား... သူ ရူးသွားပြီလား... ကျောက်ခဲကို ကြက်ဥနဲ့ ပစ်ပေါက်နေတာလား...” ရုတ်တရက် လီယွမ်နှင့် ဆိုလိုနယ်စားမင်းတို့ အပြင်သို့ ပြေးထွက်သွားကြသည်။
မင်းသမီးနင်းရွှဲ့နှင့် သူမ၏ လက်ကျန်တပ်သား ၁ သောင်းကို ကြည့်လိုက်သည်။
လီယွမ်က ပြုံးစစဖြင့် ပြောလိုက်သည်။ “ငါက မိုးလင်းမှ အကုန်သတ်မလို့ စဉ်းစားထားတာ... မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးချင်တယ် ဆိုမှတော့ ဖြည့်ဆည်းပေးရတာပေါ့...”
ထို့နောက် လီယွမ်က ဆိုလိုနယ်စားမင်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မင်းသမီးနင်းရွှဲ့က နတ်သမီးလေးလို လှတယ်ဗျ... သူ့ကို အရှင်ဖမ်းပြီး ကျွန်တော်တို့ရဲ့ ရွှေအင်ပါယာ ဧကရာဇ်မင်းမြတ်ဆီ ဆက်သရင် မကောင်းဘူးလား...”
ဆိုလိုနယ်စားမင်းက ပြောလိုက်သည်။ “ဆူးမင်းသားက မှာလိုက်တယ်... နင်းရွှဲ့ ဆိုတဲ့ မိန်းမကို သတ်ပစ်တဲ့...”
ထို့နောက် သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ “မြှားတွေပစ်...”
“ရွှမ်းးး ရွှမ်းးး ရွှမ်းးး”
“မီးဖွင့်...”
“ဝုန်းးး ဝုန်းးး ဝုန်းးး”
မျက်စိတစ်မှိတ် အတွင်းမှာပင် မင်းသမီးနင်းရွှဲ့ ဦးဆောင်သော လက်ကျန်တပ်သား ၁ သောင်းနှင့် တာ့ဂျင်အင်ပါယာ၏ စစ်တပ်ကြီးသည် ပြင်းထန်စွာ တိုက်မိကြလေတော့သည်။
ဤသည်မှာ နောက်ဆုံးတိုက်ပွဲ ဖြစ်သည်။ တာ့နင်အင်ပါယာ မင်းသမီးတစ်ပါး၏ မာန်မာနနှင့် ဂုဏ်ရောင်ကို ပြသလိုက်ခြင်းပင် ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၇ + ၆၆၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team