အခန်း (၆၆၉-၆၇၀)
Vol. 67 Ch. 669-670
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၉ + ၆၇၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ပင်လယ်ပြင်တစ်ခုလုံး တုန်ခါသွားပြီး မုန်တိုင်းထန်သော လှိုင်းလုံးကြီးများက ကောင်းကင်သို့ ထိုးတက်နေ၏။ ပင်လယ်ကြမ်းပြင်အောက်တွင် ကမ္ဘာမြေ၏ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး အခြားကမ္ဘာတစ်ခုမှ စွမ်းအင်များ ပြည့်နှက်နေကာ အလွန် မတည်မငြိမ် ဖြစ်နေသော နေရာတစ်ခုလည်း ဖြစ်သည်။
နဂါးသတ်နည်းစနစ် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို အဓမ္မ ဆွဲယူအသုံးပြုခြင်း ဖြစ်၏။ ဤကဲ့သို့ မတည်ငြိမ်သော်လည်း စွမ်းအင်အလွန်ကြွယ်ဝသော နေရာမျိုးတွင် ယင်း၏ သတ်ဖြတ်နိုင်စွမ်းသည် အံ့မခန်း အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်။
အမှန်တကယ်တော့ သူသည် ဤနဂါးသတ်နည်းစနစ်ကို အသုံးပြုရန်အတွက် သူ၏ အတွင်းအားကို တမင်သက်သက် ဖြုန်းတီးပစ်ခဲ့ခြင်း မဟုတ်ပေ။ နဂါးသတ်နည်းစနစ် ကျမ်းလိပ်၏ စွမ်းအင်သည် တုပိုင်၏ ဒန်တျန်နှင့် အရွတ်များကို အပြည့်အဝ ပြောင်းလဲပစ်လိုက်ပြီးနောက် နောက်ဆုံးအဆင့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုအခြေအနေက တုပိုင်အား ကောင်းကင်အလိုကို ဆန်ကျင်နိုင်သော စွမ်းအားကို ပေးအပ်လိုက်ခြင်းလည်း ဖြစ်ပေသည်။
မုန်တိုင်းထန်သော လှိုင်းလုံးများကြားမှ တုပိုင်သည် ရုတ်တရက် ပင်လယ်ထဲမှ ခုန်ထွက်လာပြီး ကုန်းမြေပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် တုပိုင်သည် မျှော်လင့်ချက်မဲ့နေသော မြောက်ဘက်အရပ်ဆီသို့ ဦးတည်၍ ဒုန်းစိုင်း ပြေးလွှားသွားလေတော့သည်။
မြင်းမပါဘဲ သူသည် လင်းပိုဝေပုသိုင်းကွက်ကို အသုံးပြုကာ အရူးအမူး ပြေးလွှားနေခြင်း ဖြစ်လေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်သော်လည်း သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်အကြေးခွံများ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး ရွှေရောင်သံချပ်ကာကို ကျပ်တည်းစွာ ဝတ်ဆင်ထားသည်နှင့် တူနေ၏။
တုပိုင်သည် လေကိုခွင်း၍ အရူးအမူး ပြေးလွှားနေသည်။ သူ၏ အမြန်နှုန်းမှာ လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်နေလေသည်။ နာရီဝက်ပင် မကြာလိုက်ဘဲ သူသည် မိုင်နှစ်ရာကျော်ခန့် ခရီးပေါက်ခဲ့ပြီ ဖြစ်ကာ တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာသည်။
လက်ရှိအချိန်၌ မိုးကောင်းကင်သည် လင်းစပြုနေပြီ ဖြစ်ပြီး ထူထပ်စွာ ကျဆင်းနေသော နှင်းများလည်း ရပ်တန့်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နံနက်ခင်း နေမင်းသည် အနည်းငယ် ထွက်ပေါ်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရောက်သောအခါ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။
တောင်အောက်ရှိ ကြီးမားကျယ်ပြန့်သော မြေပြင်ပေါ်တွင်မူ သွေးချောင်းစီးနေပြီ ဖြစ်သည်။ မင်းသမီးနင်းရွှဲ့၏ လက်ကျန်တပ်သား ၁ သောင်းသည် ဂျာချင်အင်ပါယာ၏ စစ်သည် သိန်းချီနှင့် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ အလွန် ရဲရင့်ကြသော်လည်း ဤသည်မှာ မျှော်လင့်ချက်မဲ့သော တိုက်ပွဲတစ်ခု ဖြစ်နေ၏။ ဤအတိုင်း ဆက်တိုက်နေပါက တပ်မတော်တစ်ခုလုံး ပျက်စီးသွားမည်မှာ အချိန်ပြဿနာသာ ဖြစ်သည်။ အားကြိုးမာန်တက် သေဆုံးရခြင်းသည်သာ သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်၌ တုပိုင်သည် တောင်ထိပ်မှနေ၍ ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
“သစ္စာဖောက် လီယွမ်... လူရိုင်းကောင်တွေ... မင်းတို့က ငါ့ဇနီးသည်ကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ... ငါ့စစ်သည်တွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ...”
ဤအခိုက်အတန့်တွင် သူ၏ အသံသည် လူသားတစ်ယောက်၏ အသံမဟုတ်ဘဲ ရှေးဦးနဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။
မျှော်လင့်ချက်မဲ့စွာ တိုက်ခိုက်နေသော မင်းသမီးနင်းရွှဲ့သည် မော့ကြည့်လိုက်မိရာ မလှမ်းမကမ်းရှိ တောင်ထိပ်ပေါ်တွင် ရင်းနှီးနေသော်လည်း စိမ်းသက်နေသော လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။
ဤသည်မှာ သူမ၏ ခင်ပွန်း တုပိုင်လား။ သို့သော် သူသည် အဘယ်ကြောင့် ဤမျှ ခံ့ညားထည်ဝါပြီး ဤမျှ အရပ်ရှည်နေရသနည်း။
နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်နေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်မှာ ရွှေရောင်ဧကရာဇ်တစ်ပါး အသစ် ပေါ်ထွန်းလာသည်နှင့် တူလှသည်။ ဂုဏ်ရှိန်ကြီးမားလိုက်ပါဘိ။ သိပ်ကို ခမ်းနားလှသည်။ သိပ်ကိုမှ ကြည့်ကောင်းလှသည်။
လီလင်းနှင့် သူ့လက်အောက်ရှိ တတိယတပ်မတော်မှ စစ်သည်များသည် ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားကြသည်။
“အရှင်သခင် လာပြီဟေ့...”
“အရှင်သခင် ပြန်လာပြီ...”
“အရှင်သခင် သက်တော်ရာကျော် ရှည်ပါစေ...”
လီယွမ်နှင့် ဆိုလိုနယ်စားမင်း တို့သည်လည်း ထိုအခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်သွားကြပြီး တောင်ထိပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ မျက်လုံးများပင် ပြာဝေမတတ် ဖြစ်သွားရ၏။ ထိုသူမှာ တုပိုင် ဖြစ်နေကြောင်းနှင့် ရွှေရောင်စစ်နတ်ဘုရားကဲ့သို့ ဖြစ်နေသော တုပိုင်ကို တွေ့လိုက်ရသောအခါ လီယွမ်၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားသည်။
တုပိုင် ရောက်လာပြီလား။ ဤအချိန်မှ ရောက်လာခြင်းလော။ သူ့နောက်တွင် စစ်သည် ထောင်ပေါင်းများစွာ ပါလာမည်လား။
ထို့နောက် ချက်ချင်းပင် တုပိုင်သည် တောင်ထိပ်ပေါ်မှ ပြေးဆင်းလာလေသည်။ လီယွမ်၏ နှလုံးသည် လည်ချောင်းဝသို့ ရောက်လုမတတ် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် တုန်လှုပ်ဖွယ်ရာ အံ့ဖွယ်အမှုများကို အကြိမ်ကြိမ် ဖန်တီးခဲ့ဖူးသောကြောင့် တုပိုင်၏ နောက်တွင် စစ်သည်ထောင်ပေါင်းများစွာ ပါလာမည်ကို သူ အမှန်တကယ် ကြောက်ရွံ့နေမိခြင်း ဖြစ်သည်။
သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့် စစ်တပ်ကြီးမှ ပါမလာကြောင်း တွေ့လိုက်ရသည်။ ပြေးဆင်းလာသူမှာ တုပိုင် တစ်ယောက်တည်းသာ ဖြစ်သည်။ တစ်ကိုယ်တည်း... သက်သက်သာသာပင်။
လီယွမ်နှင့် ဆိုလိုနယ်စားမင်းတို့သည် မရယ်ဘဲ မနေနိုင် ဖြစ်သွားကြသည်။ တုပိုင်... ရူးသွပ်သွားပြီလား။ တစ်ယောက်တည်း ပြေးဆင်းလာပြီး စစ်သည်ထောင်ချီနှင့် လာပြီး အသေခံတိုက်မည့် ဘုရင်တစ်ပါး ပြန်လာသည့် ပုံစံမျိုး လုပ်ပြနေခြင်းလား။ တစ်ယောက်တည်းနှင့် မည်သည့်အရာကိုများ စွမ်းဆောင်နိုင်မည်နည်း။
လီယွမ်သည် ရယ်မောရင်း လှောင်ပြောင် ပြောလိုက်သည်။ “ဟားဟား... ညီလေးတုပိုင်... မင်းက သရုပ်လာဆောင်တာလား... လာပြီး အသေခံတာတောင် ဒီလောက် ဟိတ်ဟန်ထုတ်ပြီး ပုံကြီးချဲ့နေတာ... တကယ်ကို ရှားပါးတဲ့ ဉာဏ်ကြီးရှင်ပါပဲကွာ...”
ထို့နောက် သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး တုန်ယင်နေသောအသံဖြင့် အမိန့်ပေးလိုက်သည်။
“ငါ့ညီလေး တုပိုင်က အသေလာခံတာဆိုတော့ သူ့ဆန္ဒ ပြည့်ဝသွားအောင် စစ်သည် ၁ သောင်း လွှတ်ပြီး သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်လိုက်ကြ... ချစ်လှစွာသော ညီလေးတုပိုင်... မင်းကို သတ်ဖို့ လူ ၁ သောင်း လွှတ်ပေးလိုက်မယ်... ဒါဆို မင်းတစ်သက်လုံး ဂုဏ်ယူဖို့ လုံလောက်သွားပြီမလား...”
ရုတ်တရက် ဂျာချင်စစ်သည် ၁ သောင်းသည် လှည့်ပြန်ကာ တောင်ပေါ်မှ ဆင်းလာသော တုပိုင်ကို သတ်ဖြတ်ရန် ပြေးဝင်သွားကြသည်။ လီယွမ် သာမက ဂျာချင်စစ်သည် အားလုံးသည် တုပိုင်ကို အရူးတစ်ယောက် ၊ ဟာသတစ်ပုဒ်အဖြစ် ကြည့်နေကြသည်။ လူတစ်ယောက်တည်း ပြေးဆင်းလာပြီး မြင်းတပ်ထောင်ပေါင်းများစွာ ဆီသို့ တိုးဝင်လာသည်မှာ ကြည့်လိုက်လျှင်တော့ အားကျစရာ ကောင်းသယောင် ရှိသော်လည်း မိုက်မဲလွန်းရာ ကျနေပေသည်။
သို့သော် မကြာမီ... အချို့လူများသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် နေသာနေသော ကောင်းကင်ယံရှိ တိမ်မည်းများသည် ရုတ်တရက် စုစည်းလာသောကြောင့် ဖြစ်သည်။
အစောက လေငြိမ်ပြီး သာယာနေသော်လည်း ယခုအခါ လေပြင်းများ တိုက်ခတ်လာလေပြီ။ ပို၍ ကြောက်စရာကောင်းသည်မှာ တောင်တစ်လုံးလုံး အနည်းငယ် တုန်ခါနေသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။ တောင်၏ အတွင်းပိုင်းမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ယံရှိ တိမ်မည်းများသည် အစွန်းကုန် စုစည်းလာပြီး လေပြင်းမုန်တိုင်းသည်လည်း ပို၍ ပို၍ ပြင်းထန်လာသည်။
“ဝေါင်းးးးး”
ရုတ်တရက် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာကာ တုပိုင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ် အတွင်းမှ မိုးနှင့်မြေပို ဆွဲဖြဲမည့် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ယံရှိ တိမ်မည်းများသည် ရုတ်တရက် ဧရာမနဂါးကြီး တစ်ကောင်အသွင် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ ဟာရီကိန်းမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
တစ်ချိန်တည်းမှာပင် တုပိုင် ပြေးဆင်းလာသည်နှင့်အမျှ သူ့နောက်တွင် နှင်းထုကြီးများ ပို၍ ပို၍ ပါလာလေသည်။ တုပိုင်၏ နောက်ရှိ ရေတွက်၍မရနိုင်သော နှင်းထုကြီးများသည် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသကဲ့သို့ ရှိလေ၏။
“ဝုန်းးး ဝုန်းးး”
ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။ တုပိုင်သည် ပို၍ ပို၍ လျင်မြန်စွာ ပြေးဆင်းလာလေသည်။ သူ့နောက်ရှိ နှင်းထုပြိုကျမှုကြီးသည် မီတာရာပေါင်းများစွာ မြင့်မားသော ဧရာမနဂါးကြီး တစ်ကောင်အသွင် ပြောင်းလဲသွားပြီး တုပိုင်နှင့်အတူ ဟိန်းဟောက်ကာ ဆင်းသက်လာလေသည်။
နှင်းထုမှာမူ ပေပေါင်းများစွာ ထူထပ်နေလေပြီ။ တုပိုင်၏ ခန္ဓာကိုယ်ထဲတွင် စုစည်းထားသော နဂါးသတ်နည်းစနစ်၏ စွမ်းအားသည် ပို၍ ပို၍ ပြင်းထန်ကာ ခက်ထန်လာနေသည်။ ကောင်းကင်ယံရှိ နဂါးသဏ္ဍာန် ဟာရီကိန်းမုန်တိုင်းကြီးသည်လည်း ပို၍ အားကောင်းလာပြီး ပို၍ ကြောက်စရာ ကောင်းလာသည်။ သူ့နောက်မှ လိုက်ပါလာသော နှင်းထုပြိုကျမှုကြီးသည်လည်း ပို၍ အံ့မခန်း ဖြစ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် တုပိုင်သည် တောင်အောက်သို့ ရောက်ရှိလာပြီး ဂျာချင်အင်ပါယာ၏ စစ်တပ်ထဲသို့ တိုးဝင်သွားလေသည်။
“ဝေါင်းးးးး”
တုပိုင်သည် အချိန်အတန်ကြာအောင် ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် နဂါးသတ်သိုင်းကွက်၏ စွမ်းအားများ ရူးသွပ်စွာ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို နှိုးဆွလိုက်၏။
ထိုအခိုက်အတန့်တွင်... ကောင်းကင်ယံ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကောင်းကင်ပေါ်မှ ကြောက်မက်ဖွယ်ရာ နဂါးသဏ္ဍာန် ဟာရီကိန်းမုန်တိုင်းကြီးသည် ပြင်းထန်စွာ ဝင်ရောက်မွှေနှောက်လေတော့သည်။
တုပိုင်၏ နောက်မှ ပါလာသော တုန်လှုပ်ဖွယ်ရာ နှင်းထုပြိုကျမှုကြီးသည် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်ကဲ့သို့ ဂျာချင်အင်ပါယာ၏ စစ်တပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်လေသည်။
ထိုအခိုက်အတန့်တွင်... ဂျာချင်အင်ပါယာ၏ စစ်သည် အများအပြားသည် နဂါးသဏ္ဍာန် ဟာရီကိန်းမုန်တိုင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံသို့ လွင့်စင်သွားကာ ခန္ဓာကိုယ်များ စုတ်ပြတ်သတ်ကုန်ကြသည်။ ကြောက်မက်ဖွယ်ရာ နှင်းထုပြိုကျမှုကြီးသည်လည်း ဂျာချင်အင်ပါယာ၏ စစ်သည် အများအပြားကို လွှမ်းမိုးသွားလေသည်။
ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုကြီး တစ်ခုတည်းဖြင့် လူ ၁ သောင်းကို ချက်ချင်း သုတ်သင်ရှင်းလင်း ပစ်လိုက်လေပြီ။ ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ဆွဲယူအသုံးပြုပြီး ကောင်းကင်အလိုကို ဆန်ကျင်နိုင်စွမ်းရှိသော နဂါးသတ်နည်းစနစ်ပင် ဖြစ်ပေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီယွမ်နှင့် ဆိုလိုနယ်စားမင်းတို့သည် လုံးဝ ကြောင်အမ်းသွားကြပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင် ဖြစ်နေကြသည်။ မင်းသမီးနင်းရွှဲ့သည်လည်း တုန်လှုပ်သွားလေသည်။
ဤသည်မှာ သူမ၏ ခင်ပွန်းလား။ သူမ၏ ခင်ပွန်းသည် ဘယ်တုန်းက ဤမျှ အံ့သြစရာကောင်းသွားသနည်း။
တတိယတပ်မတော်မှ စစ်သည် ၁ သောင်းသည် စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်သွားကြသည်။ သူတို့၏ ယုံကြည်ကိုးကွယ်မှု မမှားယွင်းကြောင်း ဘုရားသခင်က သက်သေပြလိုက်ခြင်းပင်။ အရှင်သခင်သည် အံ့ဖွယ်အမှုများကို အကြိမ်ကြိမ် ဖန်တီးပြခဲ့သည်။ သူတို့၏ အရှင်သခင် တုပိုင်သည် ဘုရားသခင်ပင် ဖြစ်ပေသည်။
တုပိုင်သည်လည်း နဂါးသတ်နည်းစနစ်၏ သဘောတရားကို နားလည်သဘောပေါက်သွားလေ၏။ ယင်းသည် သူ၏ အတွင်းအားနှင့် ရွှမ်းချီ၏ အထူးတုံ့ပြန်မှုများကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို နှောင့်ယှက်ခြင်း ၊ လွှမ်းမိုးခြင်းနှင့် ပဲ့တင်ထပ်စေခြင်းတို့ကို ပြုလုပ်စေခြင်း ဖြစ်သည်။ ဤစွမ်းအင်များတွင် လေထု ၊ အပူချိန် ၊ ကောင်းကင်နှင့် မြေကြီး၏ ရွှမ်းချီစွမ်းအင် ၊ ဆွဲငင်အား စသည်တို့ ပါဝင်သည်။
ယခုတစ်ကြိမ်တွင် တုပိုင်သည် နဂါးသတ်နည်းစနစ်ကို အသုံးပြုပြီး အံ့မခန်း လေဆင်နှာမောင်းကြီး တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် လေဆင်နှာမောင်းများသည် ဖြစ်ပေါ်ရန်အတွက် ကြီးမားသော လေထုအပူချိန် ကွာခြားချက် လိုအပ်သောကြောင့် နွေရာသီတွင်သာ အဖြစ်များသည်။ လျောင်တုန်းဒေသ၏ ဆောင်းရာသီတွင်မူ ဖြစ်ပေါ်ရန် မဖြစ်နိုင်ပေ။
သို့သော် ဤကမ္ဘာသည် အခြားကမ္ဘာတစ်ခုမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်ခြင်း ခံထားရသောကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် အထူးရွှမ်းချီစွမ်းအင်များ ရှိနေသည်။ တုပိုင်၏ နဂါးသတ်နည်းစနစ်သည် ကီလိုမီတာ အနည်းငယ် အတွင်းရှိ ရွှမ်းချီစွမ်းအင် အားလုံးကို စုစည်းလိုက်ပြီးနောက် စတင်သိပ်သည်းစေခဲ့သည်။ ထိုသို့ သိပ်သည်းစေသော လုပ်ငန်းစဉ်တွင် လေထုသည် ဒီဂရီ ဆယ်ဂဏန်းအထိ ပူနွေးလာပြီး အောက်ဘက်ရှိ အေးစက်သော လေထုနှင့် ရုတ်တရက် ကြီးမားသော အပူချိန် ကွာခြားမှု ဖြစ်ပေါ်လာသည်။
ထို့ကြောင့် ကြီးမားသော လေဆင်နှာမောင်းကြီး တစ်ခု မွေးဖွားလာခြင်း ဖြစ်သည်။
“ဝေါးးး ဝေါးးး ဝေါးးး”
ဤလေဆင်နှာမောင်းကြီးသည် ရူးသွပ်စွာ မွှေနှောက်နေပြီး ရူးသွပ်စွာ ဖြတ်သန်းတိုက်ခိုက်နေသည်။ လေဆင်နှာမောင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စစ်သည်များနှင့် မြင်းများအားလုံး ကောင်းကင်ယံသို့ လွင့်စင်ကုန်ကြ၏။ အချို့လူများမှာ ကံကောင်းပြီး အကောင်းပကတိ ကျန်ရှိနေသေးသည်။ သို့သော် လေဆင်နှာမောင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက် လူအများစုမှာမူ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်တောက်ကုန်ကြသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤလေဆင်နှာမောင်းကြီးသည် မီတာဆယ်ပေါင်းများစွာ ထူပြီး မီတာရာပေါင်းများစွာ ရှည်လျားကာ ဧရာမနဂါးကြီးတစ်ကောင်၏ ပုံသဏ္ဍာန် အမှန်တကယ် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ ဝါးမျိုနေပြီး ရူးသွပ်စွာ သတ်ဖြတ်နေလေသည်။
နှင်းထုပြိုကျခြင်း၏ သဘောတရားမှာမူ ပို၍ ရိုးရှင်းသည်။ ကျယ်လောင်သော အသံများပင်လျှင် နှင်းထုပြိုကျမှုကို ဖြစ်စေနိုင်သည်။ နဂါးသတ်နည်းစနစ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲဆောင်ပြီး အထူးတုန်ခါမှုများကို ဖန်တီးကာ ကြီးမားသော နှင်းထုပြိုကျမှုကို လွယ်ကူစွာ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဟိန်းဟောက်သံများကြားတွင် ဂျာချင်စစ်သည် ၁ သောင်းကျော်သည် နှင်းထုအောက်တွင် မြှုပ်နှံခြင်း ခံလိုက်ရလေသည်။ ထိုလေဆင်နှာမောင်းကြီးသည်လည်း ဆက်လက် သောင်းကျန်းနေဆဲဖြစ်ပြီး ရူးသွပ်စွာ ဆက်လက် သတ်ဖြတ်နေဆဲ ဖြစ်သည်။ ပေါင်ထောင်ချီ အလေးချိန်ရှိသော အမြောက်များပင်လျှင် ကောင်းကင်ယံသို့ တိုက်ရိုက် လွင့်စင်ကုန်ကြသည်။
ထိုလေဆင်နှာမောင်းကြောင့် ဖြစ်ပေါ်သော ထိခိုက်သေဆုံးမှုသည် နှင်းထုပြိုကျမှုလောက် မများသော်လည်း မြင်ကွင်းမှာမူ အလွန် တုန်လှုပ်ဖွယ်ကောင်းပြီး ဘုရားသခင်၏ အပြစ်ပေးမှုနှင့် အမှန်တကယ် တူနေပေသည်။
ဂျာချင်အင်ပါယာ၏ စစ်သည် အများအပြားသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ရီနေကြသည်။
“နဂါးမင်းကြီး တန်ခိုးပြနေပြီ...”
“ကျန်ရှန်းထျန် (ထာဝရကောင်းကင်ဘုံ) စိတ်ဆိုးနေပြီ...”
“ဘုရားသခင်က ငါတို့ကို အပြစ်ပေးနေပြီ...”
“ဝုန်းးးးးးး”
ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး တုပိုင်သည် မရေမတွက်နိုင်သော နှင်းပုံများကြားမှ ခုန်ထွက်လာလိုက်၏။ တောင်တစ်လုံးလုံးမှ နှင်းထုပြိုကျမှုသည် ဂျာချင်စစ်သည် ၁ သောင်းကျော်ကို အောက်တွင် မြှုပ်နှံထားပြီး တောင်ကုန်းငယ်တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။
ထို နှင်းတောင်ငယ်ထိပ်တွင် ရပ်လျက်... တုပိုင်သည် ကျန်ရှိနေသေးသော ဂျာချင်စစ်သည် ၁ သိန်းနီးပါးကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“ငါက ဘုရားသခင်ရဲ့ အလိုတော်ကို ကိုယ်စားပြုတယ်။ မင်းတို့က ကောင်းကင်အလိုကို ဖီဆန်ချင်ကြတာလား။”
“ဝူးးး ဝူးးး ဝူးးး”
ကောင်းကင်ယံရှိ လေဆင်နှာမောင်းကြီးသည် ရူးသွပ်စွာ သောင်းကျန်းနေဆဲဖြစ်ပြီး ဆက်လက် သတ်ဖြတ်နေဆဲ ဖြစ်သည်။ တုပိုင်သည် လက်ကို ဆန့်တန်းလိုက်ပြီး လေဆင်နှာမောင်းကြီးကို ညွှန်ပြကာ ညာလက်ကို ရွေ့လိုက်သည်။ ရုတ်တရက် သူညွှန်ပြလိုက်သည့် နေရာသို့ လေဆင်နှာမောင်းကြီး ရွေ့လျားသွားပြီး ထိုနေရာရှိ စစ်သည်များကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အမှန်တကယ်တော့ ဤအရာအားလုံးသည် အတုအယောင်များသာ ဖြစ်သည်။ ဤလေဆင်နှာမောင်းကြီးကို နဂါးသတ်နည်းစနစ်နှင့် ဖန်တီးခဲ့တာ မှန်သော်လည်း တုပိုင် အနေနှင့် ဤအရာကို ထိန်းချုပ်နိုင်စွမ်း မရှိချေ။ အမှန်စင်စစ် လေဆင်နှာမောင်း ရွေ့လျားသွားသည့် နေရာကို တုပိုင်က လိုက်ပြီး လက်ညှိုးထိုးပြလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ရှိသမျှလူအားလုံးသည် ထိုမြင်ကွင်းကြောင့် လုံးဝ ထိတ်လန့်သွားကြပြီး မည်သည့်အရာက အမှန် ၊ မည်သည့်အရာက အမှားဆိုသည်ကို ခွဲခြားနိုင်စွမ်း မရှိကြတော့ပေ။ ထိုမြင်ကွင်းသည် အလွန်ပင် အံ့သြဖွယ် ကောင်းလွန်းသည်။ ကျန်ရှိနေသော ဂျာချင်စစ်သည်များ ကြောက်လန့်ကုန်ကြပြီ ဖြစ်၏။ သူတို့သည် အလွန် ရဲရင့်ကြသော်လည်း အလွန်လည်း အယူသည်းကြသည်။ ဘုရားသခင်နှင့် ကောင်းကင်ဘုံ ရှိသည်ဆိုသည်ကို အလွန်အမင်း ယုံကြည်ကြသူများ ဖြစ်လေသည်။
စစ်သည် အများအပြား တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြပြီး စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းသွားကြသည်။
ဆိုလိုနယ်စားမင်းသည် လီယွမ်ကို တင်းမာစွာ မေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ။”
လီယွမ်သည် ပြန်ဖြေသည်။ “ကျွန်... ကျွန်တော်လည်း မသိဘူး...”
ထို့နောက် ဆိုလိုနယ်စားမင်းသည် တုပိုင်က နှင်းတောင်ငယ်ထိပ်တွင် ဆန်းကြယ်သော သိုင်းကွက်တစ်ခုကို ထုတ်သုံးနေပြီး သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရသည်။
သူသည် နောက်ထပ် ဖျက်ဆီးအားပြင်းသည့် တိုက်ခိုက်မှုတစ်ခု ထပ်လုပ်ဦးမည်လော။ ဆိုလိုနယ်စားမင်း အော်ဟစ်လိုက်သည်။ “ဆုတ်မယ်... ဆုတ်ကြ... တပ်မတော်တစ်ခုလုံး နင်းယွမ်မြို့ကို ဆုတ်ခွာမယ်... ဆုတ်...”
အစောက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းသည် အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလွန်းပြီး ဆိုလိုနယ်စားမင်း၏ အမြင်အာရုံများကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။ သူ ဆက်မတိုက်ချင်တော့ပေ။ သူတို့၏ အမိန့်ကို ကြားလိုက်ရသည်နှင့် ဂျာချင်စစ်သည် ၁ သိန်းသည် ချက်ချင်း လှည့်ပြီး နင်းယွမ်မြို့ဘက်သို့ ဆုတ်ခွာကြတော့သည်။
တိတိကျကျ ပြောရလျှင်တော့ ထွက်ပြေးခြင်းသာ ဖြစ်သည်။ လီယွမ်သည် မကျေမနပ် ဖြစ်နေသော်လည်း သူလည်းပင် နောက်ဆုတ်ပြီး အရူးအမူး ထွက်ပြေးရတော့သည်။ ကောင်းကင်ပေါ်မှ ဧရာမနဂါးကြီးသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ စစ်တပ်ကြီးသည် သူ့ရှေ့တွင် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက် လွင့်စင်သွားပြီး ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည် မဟုတ်ပါလား။
တုပိုင်၏ နဂါးသတ်နည်းစနစ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို နှိုးဆွပြီး ဂျာချင်စစ်သည် ၁ သောင်းကျော်ကို ဖျက်ဆီးပစ်လိုက်ကာ စစ်သည် ၁ သိန်းလုံးကို ကြောက်လန့်ပြီး ပြန်ပြေးအောင် လုပ်နိုင်ခဲ့လေသည်။
နှင်းတောင်ငယ်ထိပ်တွင် ရပ်နေရင်း သူလည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲမှ ရွှမ်းချီအတွင်းအားများ အကုန်လုံး ကုန်ခမ်းသွားပြီ ဖြစ်သောကြောင့်ပင်။
ဤ နဂါးသတ်နည်းစနစ်သည် စွမ်းအားကြီးမားသော်လည်း ရွှမ်းချီစွမ်းအင်ကို အလွန် ကုန်ခမ်းစေသည်။ တုပိုင်၏ ဒုတိယအဆင့် ဆရာသခင် ကျင့်ကြံမှုအဆင့်နှင့်ပင် တစ်ကြိမ် သုံးလိုက်သည်နှင့်ပင် ကုန်သလောက် ဖြစ်သွားရသည်။
တုပိုင်သည် တစ်ယောက်တည်း အစွမ်းပြပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ စစ်သည် ၁ သိန်းကို ကြောက်လန့်ပြီး ထွက်ပြေးအောင် လုပ်လိုက်နိုင်ခြင်း ဖြစ်၏။ ဂျာချင်စစ်သည် ၁ သိန်း နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသောအခါ မင်းသမီးနင်းရွှဲ့၏ နောက်မှ စစ်သည် ၁ သောင်းကျော်သည် ဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။
“စစ်နတ်ဘုရားတု သက်တော်ရာကျော် ရှည်ပါစေ...”
တခြား တော်ဝင်မင်းသမီးများသာ ဆိုလျှင် ဤသို့ သက်တော်ရာကျော် ရှည်ပါစေဆိုသည်ကို ကြားလိုက်ပါက မကျေမနပ် ဖြစ်မိပေလိမ့်မည်။ သို့သော် မင်းသမီးနင်းရွှဲ့၏ စိတ်သဘောထားသည် အလွန်ကြီးမားသည်။ သူ မည်သည်ကိုမျှ အများကြီး မတွေးဘဲ တုပိုင်ကိုပင် ငေးမော ကြည့်နေမိ၏။
သို့သော် သူမ၏ အကြည့်သည် မတော်တဆ တုပိုင်၏ ခြေထောက်များကို ရောက်သွားသည့်အခါ သူမ အံ့သြသွားပြီး ပါးပြင်များ နီရဲလာကာ ရင်များ တဒိန်းဒိန်း ခုန်လာသည်။
လီလင်းသည် သံချပ်ကာဝတ်စုံ တစ်စုံကို ယူပြီး နှင်းထုပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် နှင်းတောင်ငယ်လေးပေါ်သို့ တက်သွားကာ ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
“အရှင်သခင် ပြန်လာတာကို ဂုဏ်ပြုပါတယ်...”
တုပိုင်သည် ပြောလိုက်သည်။ “အစ်ကိုကြီး... ကိုယ်တိုင် ဝတ်ပေးပါ...”
ထို့နောက် သူသည် ကျန့်ရှီးနယ်စားမင်း၏ ဝတ်ရုံနှင့် သံချပ်ကာကို ဝတ်ဆင်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးကို အကြေးခွံများ ဖုံးအုပ်ထားသော်လည်း မြင်ကွင်းအာနိသင်အရ မည်သည်ကိုမှ မဝတ်ထားသကဲ့သို့ ဖြစ်နေသေး၏။
ဤအချိန်တွင် တုပိုင်သည် အရပ် ၁.၉ မီတာ ရှိနေပြီး သူ၏ခန္ဓာကိုယ်သည် ရုပ်တုတစ်ခုကဲ့သို့ပင်။ နယ်စားမင်း ဝတ်ရုံနှင့် သံချပ်ကာကို ဝတ်ဆင်လိုက်ပြီးနောက် ပိုပြီး ခံ့ညားထည်ဝါလာပြီး သူ့၏ စိတ်နေသဘောထားသည်လည်း အလွန်အမင်း မြင့်မြတ်သည့်ပုံ ပေါက်နေသည်။ အရင်က မိန်းမစိုး ပုံစံနှင့်ဆိုလျှင် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။
တုပိုင်သည် အောက်ဆင်းလာပြီး မင်းသမီးနင်းရွှဲ့၏ မြင်းပေါ်သို့ တန်းတက်ကာ သူမ၏ ခါးကို ဖက်လိုက်သည့်အခါ ဤအချိန်တွင် သူမ၏ ခါးလေးသည် တကယ်ပင် ပူနွေးနေသည်ကို တွေ့လိုက်ရသည်။ နင်းရွှဲ့၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ခဏမျှ တောင့်တင်းသွားပြီး ခဏကြာသော် ပျော့ပျောင်းသွားကာ တုပိုင်၏ ရင်ခွင်ထဲသို့ မှီတွယ်လိုက်သည်။
တုပိုင် အမိန့်ပေးလိုက်သည်။ “တပ်မတော်... ရှန်ဟိုင်ကွမ်ကို ဝင်မယ်...”
ရုတ်တရက် စစ်သည် ၁ သောင်းကျော် တန်းစီပြီး ရှန်ဟိုင်ကွမ်ဆီသို့ ပြေးဝင်သွားကြသည်။ သူ မည်သည်ကိုမျှ မစားရသေးဘဲ အလွန် ဗိုက်ဆာနေသော်လည်း သူ့တစ်ကိုယ်လုံးတွင်မူ အားအင်များ ပြည့်နေသကဲ့သို့ ခံစားနေရ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၆၉ + ၆၇၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team