← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆) ညီအကိုကောင်းတို့ ထိုးသည့်ဓား

မုန်ကျင်းကျိုး မျက်နှာအကြီးအကျယ်ပျက်သွားပြီး အခြေအနေကို အကြောင်းပြရန် ကြိုးစားသည်။

"အဖေ၊ ကျုပ်တို့အပြင်မှာပဲရှိသေးတယ်နော်"

"ကိစ္စမရှိပါဘူး"

မုန်ပိုထန် လက်ကိုဟန်ပါပါဝှေ့ယမ်း၍ လုယန်နှင့်မုန်ကျင်းကျိုးတို့ မုန်အိမ်တော်ထဲသို့ ခေါ်သွားသည်။

လောင်မာက နှာတစ်ချက်မှုတ်၍ အစောင့်နှစ်ယောက်က မြင်းရထားထဲမှပစ္စည်းများချဖို့ ညွှန်ကြားသည်။ ထို့နောက် သူ့ညီရှုယွီနှင့်တွေ့ရန် မုန်အိမ်တော်ထဲသို့ အေးအေးလူလူ ဝင်လာသည်။

"မုန်အိမ်တော်ကိုပြန်မရောက်ဖြစ်တာတောင် ကြာသွားပြီ။ ငါ့ညီ ဘယ်ရောက်နေပြန်ပြီလဲမသိဘူး"

...

မုန်ပိုထန်က လုယန်နှင့်မုန်ကျင်းကျိုးကို မုန်အိမ်တော်၏ ပင်မခြံဝင်းထဲသို့ ခေါ်သွားသည်။ ငယ်စဉ်က မုန်ကျင်းကျိုးကစားခဲ့သည့်နေရာဖြစ်သည်။ နောက်ထပ်သူ့ဝါသနာတစ်ခုက တောင်တက်ခြင်းဖြစ်သည်။

သို့သော်ယခု ဤနေရာ၏ ငယ်ဘဝအမှတ်တရများကို သူပြန်မတွေးမိ။

"အဖေ၊ အပြင်လူတွေရှိသေးတယ်လေ"

မုန်ကျင်းကျိုးက နောက်တစ်ကြိမ်အကြောင်းပြန်ရန် ကြိုးစားပြန်သည်။

ကလေးဘဝက သူမသိနားမလည်သဖြင့် 'တမင်တကာ' အမှားများစွာလုပ်ခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီဖြစ်၍ အဓိကတရားခံဖြစ်သည့် သူကိုယ်တိုင်ပင် ထိုအမှားများကို မေ့သွားသည်။ သူ့အဖေက ဘာကြောင့်မမေ့နိုင်သည်မသိ။

"ဒါဆို မင်းက လုယန်ပေါ့။ တကယ့်လူတော်ပဲ"

လုယန်ဘက်သို့ လှည့်လာချိန်တွင် မုန်ပိုထန်မျက်နှာက နည်းနည်းပျော့ပျောင်းသွားသည်။

"ရှောင်မုန်ကမင်းကို အမြဲတမ်းချီးကျူးနေတာ။ တာအိုရှင်ဝစီပိတ်ရဲ့ ပါရမီမျိုးရှိတယ်တဲ့။ အပြင်ထွက်တိုင်း ပြဿနာတွေ တစ်သီကြီးကြုံရတယ်တဲ့"

လုယန် "..."

...လောင်မုန်၊ မင်းငါ့ကွယ်ရာမှာ မဟုတ်မဟတ်ဇာတ်လမ်းတွေထွင်ပြီးပြောနေတယ်ပေါ့။ ငါအပြင်ထွက်တိုင်း မင်းမပါတဲ့အခါများ ရှိခဲ့ဖူးလို့လား...

"မဟာကပ်အပြိုင်အဆိုင်ကာလအတွက် မင်းလိုပါရမီရှင်တွေ လိုအပ်တယ်။..မင်းမှာ တာအိုလက်တွဲဖော်မရှိသေးဘူးလို့ကြားတယ်။ မင်းဆရာက တာအိုရှင်ဝစီပိတ်ဆိုတော့ ဘယ်သူမှ မင်းရဲ့တာအိုလက်တွဲဖော်ဖြစ်ဖို့ မျှော်မှန်းရဲမှာမဟုတ်ဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ငါ့သမီးကလည်း ဆယ့်ခြောက်နှစ်ပြည့်တော့မှာ။ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတယ်။ မင်းနဲ့ဆို ရှေ့သွားနောက်လိုက်ညီပါတယ်။ လက်ထပ်ဖို့ စီစဉ်လို့ရမယ်ထင်တယ်"

လုယန် ဘာမှပြန်မပြောနိုင်မီ မုန်ပိုထန်က မျက်နှာတင်းတင်းဖြင့် မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။ သူ့လေသံက ရေခဲလိုအေးစက်နေသည်။

"ကဲ..အခု အပြင်လူတွေ မရှိတော့ဘူး"

မုန်ပိုထန် သံပေတံဆွဲထုတ်လိုက်သည်ကို မြင်ရသဖြင့် လောင်မုန်ရိုက်ခံရမည့်အဖြစ်ကို လုယန်မကြည့်ရက်တော့။

"ခဏနေပါဦး ဦးလေးမုန်"

မုန်ကျင်းကျိုး အတော်ကျေးဇူးတင်သွားသည်။ မိတ်ဆွေကောင်းဆိုသည်မှာ တကယ့်အရေးကြုံမှ သိသာသည်။

မုန်ပိုထန် လှည့်ကြည့်သည်။ လုယန်ဘာကြောင့်တားသည်ကို တွေးမရ။

"လောင်မုန်အပြစ်ပေးခံရတယ်ဆိုတာ ကြီးလေးတဲ့အမှားတစ်ခု ကျူးလွန်ခဲ့လို့ပဲဖြစ်မှာပါ။ ဒါပေမယ့် သူတစ်ယောက်တည်းဆိုရင် ဦးလေးအပြစ်ပေးရတာ အားမရလောက်ဘူး။

'မုန်တစ်သောင်းအသွင်ပြောင်း'လို့ခေါ်တဲ့ ပညာတစ်ခု ကျုပ်တတ်ထားပါတယ်။ မုန်ကျင်းကျိုးပေါင်းတစ်သောင်းကို ဖန်တီးနိုင်တယ်။ ဦးလေးမုန် အားရပါးရ အပြစ်ပေးလို့ရတယ်"

'မုန်တစ်သောင်းအသွင်ပြောင်း'ပညာသည် 'ဓားတစ်သောင်းအသွင်ပြောင်း'ပညာထက် ပိုသုံးရခက်သည်။ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်အာရုံ များစွာသုံးစွဲရသည်။

သို့သော် ကိစ္စမရှိ။ သူ့ဝိညာဉ်စွမ်းအားကို ဆေးဝါးများဖြင့် ယာယီမြှင့်တင်နိုင်သည်။ သူ့ဝိညာဉ်အာရုံစွမ်းအင်ကိုလည်း နတ်မယ်ထံမှ ယာယီငှားသုံးနိုင်သည်။

မုန်ပိုထန် ပျော်ရွှင်သွားပြီး ထိုပညာကိုချက်ချင်းထုတ်သုံးဖို့ ပြောသည်။

လုယန်လည်း ထိန်းချုပ်မထားတော့။ မုန်ကျင်းကျိုး၏ ခြေကျင်းဝတ်ကိုကိုင်ဆွဲ၍ ဓားပညာကိုစတင်အသက်သွင်းသည်။

"ခွေးမသား လောင်လု၊ မင်း-"

"မုန်တစ်သောင်းအသွင်ပြောင်း"

မုန်ကျင်းကျိုးစကားမဆုံးမီ လုယန် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

မုန်ပိုထန် လေထဲသို့မော့ကြည့်သည်။ သူ့သားများ ကောင်းကင်တွင်အုပ်လိုက်ပြည့်နေသည်ကို မြင်ရသည်။ ထို့ကြောင့် သံပေတံကိုထုတ်၍ လေပေါ်သို့ခုန်တက်သွားသည်။

မုန်အိမ်တော်အထက်ကောင်းကင်တွင် မုန်ကျင်းကျိုး၏ မချိမဆံ့အော်သံများ လွင့်ပျံနေသည်။ အတော်သာယာနာပျော်ဖွယ်ရှိသည်။ လုယန်က မှော်ဖန်လုံးကိုထုတ်ပြီး မှတ်တမ်းယူသည်။

သိပ်မကြာမီ မုန်ကျင်းကျိုး တင်ပါးကိုပွတ်ရင်း မြေပေါ်သို့ကျလာသည်။ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရသည်။

"စိတ်ဓာတ်က အဲလိုမှပေါ့"

မုန်ပိုထန် လုယန်ကို ပို၍သဘောကျလာသည်။ မည်သို့ဆိုစေ သူသည် ဝစီပိတ်၏ တပည့်ဖြစ်သည်။ ပညာတစ်ချို့တော့ တကယ်တတ်ထားကြောင်း သက်သေခံနေသည်။

မုန်ကျင်းကျိုးအိမ်ပြန်ရောက်၍ ဖြစ်ပေါ်လာသည့် အသံဗလံများက အတော်ဆူညံသည်။ မကြာမီ မုန်မိသားစု၏ အဓိကအဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားစရာမြင်ကွင်းကိုကြည့်ရန် ခြံဝန်းထဲသို့ရောက်လာသည်။

ပထမဆုံးရောက်လာသူက အသက်သုံးဆယ်အရွယ်ပုံပေါက်နေသည့် လူတစ်ယောက်ဖြစ်သည်။

"ကျင်းကျိုး၊ မင်းပြန်လာပြီပေါ့။ မင်းအမေက မင်းကိုအရမ်းလွမ်းနေတာ။ အိမ်ထဲမှာပဲ နေ့တိုင်းနေတယ်။ အပြင်မထွက်ဘူးတဲ့။ မင်းပြန်လာတဲ့အချိန် သူမရှိတော့မှာကို ငါစိုးရိမ်နေတာ"

"ကျုပ်အမေ အခုဘယ်မှာလဲ"

"နန်းတော်ကိုသွားတာ လေးငါးရက်ကြာပြီ"

မုန်ကျင်းကျိုး သက်ပြင်းချသည်။ လုယန်ကို မိတ်ဆက်ပေးသည်။

"အဲဒါ ငါ့ဦးလေးနှစ် မုန်ပိုလီပါ"

"တွေ့ရတာဝမ်းသာပါတယ် ဦးလေးမုန်"

မုန်ပိုလီက

"ဟား၊ ဒီကလေးက မင်းထက်ပိုယဉ်ကျေးတယ် ကျင်းကျိုး။ မင်းငါ့ကို ဘယ်တုန်းကမှ ဒီလိုမခေါ်ဖူးဘူး"

မုန်ကျင်းကျိုး မျက်လုံးစွေကြည့်သည်။

"ဦးလေး မေ့နေပြီလား။ ဦးလေးမူးတုန်းက ဂိတ်တံခါးမှာရှိတဲ့ ကျောက်ခြင်္သေ့တွေနဲ့ သွေးသောက်ညီအကိုဖွဲ့ပြီး ကိုယ့်ကိုယ်ကို အကိုကြီးအဖြစ်ကြေညာတယ်။ ကျောက်ခြင်္သေ့နှစ်ကောင်ကို ညီနှစ်နဲ့ညီသုံးလို့ပြောတယ်လေ။

ဒီနေ့ကစလို့ ငါ့ကိုဦးလေးနှစ်လို့မခေါ်နဲ့။ ကျောက်ခြင်္သေ့တွေကိုပဲခေါ်ပါလို့ ဦးလေးပဲပြောခဲ့တာလေ"

မုန်ပိုလီမျက်နှာ နီရဲလာပြီး မလုံမလဲ ချောင်းဆိုးလိုက်သည်။

"အဟွတ် အဟွတ်။ မူးတုန်းပြောတဲ့စကားတွေကို အတည်မယူသင့်ဘူးလေ"

"ကျင်းကျိုး ပြန်လာပြီလား"

နူးညံ့တည်ငြိမ်သည့် စကားသံတစ်ခုပေါ်လာသည်။ ရောက်လာသူက မုန်ပိုလီနှင့် ချွတ်စွပ်တူသည်။ သို့သော် ပုံစံချင်း လုံးဝကွဲပြားသည်။ စာပေသမားဟန်ပန်ရှိသည်။

"အဲဒါ ငါ့ဦးလေးသုံး မုန်ပိုစီပါ။ ငါ့ဦးလေးနှစ်ရဲ့ အမွှာညီပေါ့။ အရင်က နတ်ဆိုးလှောင်ဂိတ်တံခါးမှာ ငါ့ဦးလေးတစ်ယောက်ရှိတယ်လို့ပြောတာ မင်းမှတ်မိသေးလား။ အဲဒါ သူပဲ"

လုယန် မှတ်မိသလိုလိုရှိသည်။ သူနှင့်လောင်မုန်ကို အမယွမ်က မဟာရှားအစွန် နတ်ဆိုးနယ်မြေတောနက်ထဲသို့ လွှင့်ပစ်ခဲ့သည်။ သူတို့ရောက်သွားသည့်နေရာက နတ်ဆိုးချုပ်တောင်ကြားဖြစ်သည်။

ထိုစဉ်က နတ်ဆိုးချုပ်လှောင်ဂိတ်တံခါး(မြို့)သာဆိုလျှင် သူ့ဦးလေးတစ်ယောက်ရှိ၍ အကူအညီရနိုင်ကြောင်း မုန်ကျင်းကျိုး ဝမ်းနည်းပက်လက်ပြောခဲ့သည်။

"ဦးလေးသုံး၊ နတ်ဆိုးလှောင်ဂိတ်ကနေ ဘယ်လိုပြန်ရောက်လာတာလဲ"

မုန်ပိုစီသည် နယ်ခြာစောင့်တပ်မှူးတစ်ယောက်၏ တင်းမာသည့်ဟန်ပန်မျိုး မရှိ။ သင်တန်းကျောင်းတစ်ခုမှ စာပေပညာရှင်ဆရာတစ်ယောက်နှင့် ပိုတူသည်။

မုန်ပိုစီ ပြုံးလိုက်သည်။

"နတ်ဆိုးလှောင်ဂိတ်မှာ နှစ်ငါးဆယ်တာဝန်ကျခဲ့တာလေ။ ပြီးခဲ့တဲ့နှစ်က ငါ့ကိုပြန်ခေါ်တဲ့ အမိန့်စာတစ်ခု ရုံးတော်ကထုတ်လိုက်တယ်"

"အဲဒါကောင်းတာပေါ့"

မုန်ကျင်းကျိုး ပြုံး၍ပြောသည်။ မဟာရှားက နတ်ဆိုးနယ်မြေနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ပြီးနောက် နှစ်ဦးနှစ်ဘက်ကြား ဆက်ဆံရေးပြေလည်စေရန် တိုက်ခိုက်ရေးပိုင်းတွင်သာ အထူးကျင်လည်သည့် သူ့ဦးလေးကို ပြန်ခေါ်လိုက်ခြင်းဖြစ်မည်။

"အကိုပြန်လာပြီလား"

ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး မုန်ကျင်းကျိုးဆီ ဝမ်းသာအားရပြေးလာသည်။

"ညီမလေး"

မုန်ကျင်းကျိုး ပြုံးလိုက်သည်။ သူ့ညီမခေါင်းကိုပုတ်၍ ဆံပင်ကိုတမင်ဖွလိုက်သည်။

မုန်မိသားစုတွင် သူ့အပေါ်အကောင်းဆုံးလူသည် ဤညီမလေးသာဖြစ်သည်။ ငွေတစ်ပြားမှမရှိဘဲ အိမ်မှထွက်ပြေးချိန်တွင် ဤညီမလေးကသူ့ကို မှော်လက်စွပ်တစ်ကွင်းပေးသည်။ လက်စွပ်ထဲမှ ရတနာများက အခုထိသုံးမကုန်သေး။

"ဒါငါ့ညီမ မုန်ကျင်းယုပါ"

"အကိုလုယန်"

မုန်ကျင်းယုက အပြုံးချိုချိုဖြင့် နှုတ်ဆက်သည်။ မုန်ပိုထန်ပြောခဲ့သလိုပင် နူးညံ့သိမ်မွေ့၍ ချစ်စရာကောင်းသည်။

"အား...တကယ်လိမ္မာတာပဲ။ ရော့...ဒါမင်းအတွက် အကိုလုယန်ပေးတဲ့လက်ဆောင်ပါ"

အပြင်လောကတွင် သူ့ကိုအကိုဟုခေါ်သူတစ်ယောက်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် သက်တူရွယ်တူများ သက်ကြီးပိုင်းကျင့်ကြံသူများနှင့်သာ သူဆက်ဆံခဲ့ရသည်။

လုယန် သစ်သားဓားတစ်ချောင်း ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ ဓားပညာလေ့ကျင့်ရင်း ချင်ဖုန်းဓားပုံစံကိုအခြေခံ၍ ဖန်တီးထားခြင်းဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများကို ထိုးဖောက်နိုင်စွမ်းရှိသည်။

"ကျေးဇူးပါ အကို"

မုန်ကျင်းယု လှမ်းယူသည်။ သူ့အပြုအမူများကို လုယန်အတော်သဘောကျမိသည်။ လောင်မုန်နှင့် လုံးဝတစ်ခြားစီဖြစ်နေသဖြင့် အံ့ဩနေသည်။

"အကိုရေးတဲ့စာတွေထဲမှာ အကိုလုခရီးထွက်တဲ့အချိန်ကြုံရတဲ့ စိတ်ဝင်စားစရာအဖြစ်အပျက်တွေအကြောင်း အမြဲပြောတယ်။ အကိုအပြင်ထွက်တိုင်း အမြဲတမ်းအဲလိုကြုံရတာလား"

သူသက်တမ်းတစ်လျှောက် နန်းမြို့တော်အပြင်သို့ တစ်ခါမှမထွက်ခဲ့ဖူး။ ထို့ကြောင့် လုယန်၏ အတွေ့အကြုံများကို အတော်လေးစိတ်ဝင်စားနေသည်။

"သူက ဘာတွေပြောလို့လဲ"

"အကိုလုက မကြာခဏဒုက္ခရောက်တယ်တဲ့။ လမ်းကြောင်းမှားပြီး ထာဝရဂိုဏ်းကို ကိုယ့်သဘောနဲ့ကိုယ်ဝင်သွာတယ်။ အကိုလုကိုကယ်ဖို့ အကိုမုန်က အဲဒီ့ဂိုဏ်းကို ဖျက်ဆီးရတယ်။ အကိုလုရွှေသန္ဓေအဆင့်မှာ အခြေတည်အဆင့်ကလူတွေကို စိန်ခေါ်တိုက်ခိုက်တယ်။

ပြီးတော့ အကိုစိတ်မဝင်စားပေမယ့် အကို့ကိုသဘောကျတဲ့မိန်းကလေးတွေ အမြဲဝိုင်းနေတယ်။ အကို့ရဲ့ချစ်ကံဇာတာကောင်းပေမယ့် အကို့စိတ်က လုံးဝမယိမ်းယိုင်ဘူးတဲ့"

လုယန် အမူအရာမပျက်စေဘဲ 'ဟဲဟဲ'ဟု ရယ်လိုက်သည်။

*******************************

အခန်း (၈၂၇) မုန်ပိုထန်ဆိုတဲ့နာမည်

"ဒါနဲ့...အဘိုးကဘယ်မှာလဲ"

အတော်ကြာအောင်စောင့်နေသော်လည်း မုန်ကျင်းကျိုး သူ့ကိုအချစ်ဆုံးဖြစ်သည့် သူ့အဘိုးကိုမတွေ့ရ။ အဘိုးသာရှိနေလျှင် သူ့အဖေသူ့ကို ယခုလိုရိုက်ရဲမည်မဟုတ်။

"တံခါးပိတ်ကျင့်နေတယ်။ ဘယ်နေ့ပြန်ထွက်လာမယ် အတိအကျမသိဘူး"

မုန်ပိုထန် ဆက်ပြောသည်။

"ကဲ...ကျင်းကျိုးပြန်လာတာ ကောင်းတဲ့ကိစ္စပဲ။ စားသောက်ပွဲတစ်ခု ငါစီစဉ်ထားတယ်။ မိသားစု လက်ဆုံစားကြတာပေါ့"

သူပြောသည့် 'မိသားစု'ထဲတွင် အသစ်ဝင်လာသည့် လုယန်လည်းပါသည်။

ကျင့်ကြံမှုလောက၏ နံပတ်တစ်မိသားစုဖြစ်သည့် မုန်မိသားစုသည် အံ့မခန်းကြွယ်ဝချမ်းသာသည်။ စားပွဲပေါ်မှ အစားအသောက်များက အဖိုးတန်ဟင်းချက်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

လုယန်ပင် ဟင်းအမျိုးအမည် အတော်များများကို မသိ။

"လာပါ၊ စားပါ။ အားနာစရာမလိုဘူး။ ဒီဟင်းလျာတွေအားလုံးက ကျင့်ကြံမှုကို အထောက်အကူဖြစ်တယ်"

မုန်ပိုထန်က လုယန်ကို ရင်းရင်းနှီးနှီးဖိတ်ခေါ်ဧည့်ခံသည်။

"ဒီဟင်းတွေက အရသာရှိတယ်လို့ရော သတ်မှတ်နိုင်လို့လား။ ငါနတ်မယ်ရဲ့ ပညာတစ်ခုနှစ်ခုလောက် မုန်မိသားစုသိအောင်ပြလိုက်မယ်"

နတ်မယ် တော်ဝင်ဝတ်ရုံအင်္ကျီလက်ကို လိပ်တင်၍ အစွမ်းပြရန်ပြင်သည်။ လုယန် အမြန်တားရသည်။

"အရှင်မခန္ဓာကိုယ်က ရွှေထက်ပိုပြီး အဖိုးထိုက်တန်ပါတယ်။ အင်ပါယာတစ်ယောက် ဟင်းချက်တယ်လို့ တစ်ခါမှမကြားဖူးပါဘူး"

"အင်း...ဒါလည်းဟုတ်တာပဲ"

နတ်မယ်စိတ်ထဲ ရှောင်ယန်ကို ထီးနန်းလွှဲ၍ နောက်မျိုးဆက်ပဲဝါအင်ပါယာအဖြစ် ခန့်အပ်ရမလားဟု စဉ်းစားနေသည်။

သို့သော် ရှောင်ယန်သည် အသက်ငယ်လွန်းသေးသည်။ အတွေ့အကြုံမရှိ။ ထီးမွေနန်းမွေခံဖို့ အချိန်မကျသေး။

"ငါ့ဟင်းချက်စွမ်းရည်ကို မြင်ခွင့်မရတာ မုန်မိသားစုအတွက် နစ်နာတာပဲ"

နတ်မယ်ကိုထိန်းသိမ်းပြီးနောက် လုယန် အစားအသောက်ကို အရသာခံ၍စားသည်။

မုန်မိသားစု၏စားဖိုမှူး ဘယ်သူမှန်း‌တော့မသိ။ သို့သော် ထိုမျှအရသာရှိသည့် အစားအသောက်မျိုး သူပထမဆုံးစားဖူးခြင်းဖြစ်သည်။

တစ်လုပ်ဝါးလိုက်သည်နှင့် တစ်ကိုယ်လုံး ပူနွေးသွားသည်။ သေချာအာရုံခံကြည့်ချိန်တွင် သူ့ကျင့်စဉ်စွမ်းအား တဖြေးဖြေးတိုးလာသည်ကို ခံစားရသည်။

အမှန်တော့ ထိုအစားအသောက်များ၏ အကျိုးကျေးဇူးက ထိုမျှမက။ လုယန်က ကျင့်စဉ်ပါရမီမြင့်မားသူဖြစ်၍ ကျင့်ကြံမှုတွင် လမ်းပိတ်ခြင်းမျိုးမကြုံ။

ထိုသို့အချိန်ကြာမြင့်စွာ လမ်းပိတ်နေသည့် ကျင့်ကြံသူတစ်ယောက်သာ ဤအစားအသောက်များကို စားလိုက်လျှင် ချက်ချင်းလမ်းပွင့်သွားပြီး အဆင့်တက်သွားပေလိမ့်မည်။

မုန်ကျင်းထံမှတစ်ဆင့် လုယန်အကြောင်း မုန်ကျင်းယု များစွာကြားဖူးထားဟန်တူသည်။ လုယန်၏အတွေ့အကြုံများအကြောင်း အတော်လေးစိတ်ဝင်စားနေသည်။

စားသောက်နေတုန်းမှာပင် အဆက်မပြတ်မေးသည်။

"အကိုလု၊ ထာဝရဂိုဏ်းကို ဘယ်လိုဝင်ခဲ့လဲဆိုတာ ပြောပြပါလား"

"အကိုလုယန်၊ အကိုရွှေသန္ဓေတည်ဆောက်တာ ကျွန်မအကိုထက်မြန်တယ်လို့ပြောတယ်။ ဘယ်လိုရွှေသန္ဓေမျိုး တည်ဆောက်ခဲ့တာလဲ"

"တစ်ခြားလူကို ဆံပင်ကျွတ်အောင် တကယ်လုပ်နိုင်တယ်ပေါ့"

အစောပိုင်းက မုန်ကျင်းကျိုးကိုရိုက်ဖို့ မုန်ပိုထန်ကို သူကူညီခဲ့သည့်မှာ သက်ညှာလွန်းသွားသလို ခံစးရသည်။

"ညီမရှောင်ယုက ချီစုစည်းတာ စနေပြီလား"

မုန်ကျင်းယု၏ ဝိညာဉ်စွမ်းအင်လှုပ်ရှားမှုကို လုယန်သတိထားမိသည်။ ဆယ့်ခြာက်နှစ်မပြည့်သေးသော်လည်း ချီစုစည်းမှုကို လအနည်းငယ်စော၍ စတင်သည်မှာ ဘာမှပြဿနာမရှိ။

"ကျွန်မ ချီစုစည်းအဆင့်ကို ရောက်နေပါပြီ"

မုန်ကျင်းယု ဝင့်ကြွားသည့်လေသံဖြင့် ပြုံး၍ပြောသည်။ သူ့သက်တူရွယ်တူထဲတွင် သူသည် ချီစုစည်းအဆင့်ကို ပထမဆုံးစတင်နိုင်သူဖြစ်သည်။

ချီစုစည်းမှုဒုတိယအဆင့်ဖြစ်သည်။

စားသောက်ပွဲပြီးသွားချိန်တွင် မုန်ပိုထန်က မုန်ကျင်းကျိုးနှင့်မုန်ကျင်းယုတို့ခြံဝန်းများဘေးတွင် လုယန်အတွက် ခြံဝန်းငယ်တစ်ခု စီစဉ်ပေးသည်။

ထိုနေရာသည် ဧည့်သည်ဆောင်များရှိသည့်နေရာမဟုတ်။ မုန်မိသားစုများသာ နေခွင့်ရသည့်နေရာဖြစ်သည်။

"မင်းရဲ့ခြံဝန်းလေးက အတော်သန့်ရှင်းတာပဲ"

လုယန် ပြုံး၍ပြောသည်။ အိမ်နှင့်ခြောက်နှစ်ကြာ ဝေးကွာခဲ့သော်လည်း မုန်ကျင်းကျိုး၏ ခြံဝန်းက သန့်ရှင်းသပ်ရပ်နေဆဲဖြစ်သည်။

မုန်မိသားစုက မုန်ကျင်းကျိုးကို ဘယ်လောက်အလေးထားကြောင်း သိသာသည်။

"ဒီလိုပဲဖြစ်ရမှာပေါ့။ ငါက အကြီးဆုံးသားပဲလေ။ ဒီနေရာကို နေ့တိုင်းသန့်ရှင်းရေးလုပ်ထားတာဖြစ်မယ်"

မုန်ကျင်းကျိုး ရယ်မောလျက် ခြံဝန်းထဲဝင်လိုက်သည်။ သို့သော် အားလှိုင်းတစ်ခုကြောင့် နောက်ပြန်လွင့်ထွက်လာသည်။

"ဘာဖြစ်တာလဲ"

လုယန် အံ့ဩသွားသည်။ နန်းမြို့တော်သည် ထိုမျှအန္တရာယ်များမည်ထင်မထား။ မုန်မိသားစုမှာပင် တိုက်ခိုက်ခံနေရသည်။

"သောက်‌ရေးထဲကွာ။ ငါ့ခြံဝန်းကို ဘယ်သူက အမှိုက်ရှင်းမှော်အဆောင်ကပ်ထားတားလဲကွ"

မှန်သည်။ အမှိုက်ရှင်းမှော်အဆောင်၏ စွမ်းအားဖြစ်သည်။ ခြံထဲသို့ဝင်လာသမျှ ပြင်ပအရာတိုင်းကို တွန်းထုတ်ပေလိမ့်မည်။

ထို'ပြင်ပအရာ'များထဲတွင် ခြံရှင်ကိုယ်တိုင်လည်းပါသည်။

နတ်ဝိညာဉ်အဆင့်ရောက်နေသည့် ဤအဆင့်မြင့်ပုဂ္ဂိုလ်ကိုပင် တွန်းထုတ်နိုင်သည်ဆိုလျှင် ထိုအမှိုက်ရှင်းမှော်အဆောင် ဘယ်လောက်အဆင့်အတန်းမြင့်ကြောင်း သိနိုင်သည်။

မုန်ကျင်းကျိုး တံခါးဝင်တွင်ကပ်ထားသည့်မှော်အဆောင်ကို ဆွဲဖြဲပြီး ခြံဝန်းထဲဝင်သွားသည်။

လုယန်နေသည့်နေရာကိုတော့ တစ်ယောက်ယောက်က နေ့တိုင်းသန့်ရှင်းရေးလုပ်ဟန်ရှိသည်။ သန့်ရှင်းသပ်ရပ်နေသည်။ အမှိုက်ရှင်းအဆောင်လည်းမရှိ။

နေရာအတည်တကျဖြစ်ပြီးနောက် မုန်ကျင်းကျိုးက လုယန်ကို မုန်မိသားစုနယ်မြေထဲ လိုက်ပြသည်။

"ဒါက ကျင့်စဉ်ပညာခန်းမပါ၊ မုန်မိသားစုရဲ့ ပင်မမိသားစုဝင်တွေရော မျိုးနွယ်ခွဲမိသားစုဝင်တွေရော လေ့ကျင့်လို့ရတယ်"

စင်မြင့်ပေါ်တွင် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် မှော်ပညာများ နတ်စွမ်းအားပညာများ လေ့ကျင့်နေသည်။

လုယန်နှင့်မုန်ကျင်းကျိုးကို မမီသော်လည်း စွမ်းရည်အတော်ထူးခြားသည်ဟု ဆိုနိုင်သည်။

"သူတို့က မုန်မိသားစုရဲ့ အနာဂတ်ပဲ။ သူတို့ကျင့်ကြံမှုတိုးတက်ဖို့ ငါတို့အများကြီး အားစိုက်ထားတယ်။ သူတို့ကျင့်စဉ်လမ်းမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုရတာနဲ့ မိသားစုအရေးကိစ္စတွေမှာ ပါဝင်ခွင့်ရကြတယ်။

ငွေချေးလုပ်ငန်းလို အကြွေးစုလုပ်ငန်းတွေလို ကိစ္စမျိုးတွေပေါ့။ ငါ့အဖေနဲ့ ငါ့ဦးလေးတွေလည်း ဒီခန်းမမှာ လေ့ကျင့်ခဲ့တာလို့ကြားတယ်။ ဒီမှာသင်ပြတဲ့လူတိုင်းက စုစည်းခြင်းအဆင့်တွေပဲ"

မုန်ကျင်းကျိုး ရှင်းပြသည်။

"ဒါက စာပေပညာကျောင်းပါ။ တာအိုလမ်းစဉ်ဂိုဏ်းကိုမဝင်ခင်ကတည်းက ကျင့်ကြံမှုနဲ့ပတ်သက်တဲ့ ဗဟုသုတတွေအများကြီး ငါသိခဲ့တာ မင်းမှတ်မိတယ်မဟုတ်လား။ အဲဒါတွေအားလုံး ဒီမှာသင်ခဲ့တာ"

စာပေပညာကျောင်းထဲမှ စာဖတ်သံများ ထွက်ပေါ်နေသည်။ ပြတင်းပေါက်မှတစ်ဆင့် မုန်ကျင်းယု ခေါင်းငြိမ့်လိုက် ခေါင်းယမ်းလိုက်ဖြင့် အပြည့်အဝအာရုံနှစ်၍ စာဖတ်နေသည်ကို မြင်ရသည်။

ထို့နောက် ဆေးသန့်စင်ခန်း၊ ပစ္စည်းသန့်စဉ်ခန်း၊ ဘဏ္ဍာထိန်းရုံးများလည်း ရှိသည်။ ကျင့်ကြံမှုပညာတစ်ရာကို မုန်မိသားစုတွင် အားလုံးလေ့ကျင့်နိုင်သည်။ ပညာရပ်အသိက တာအိုလမ်းစဉ်ဂိုဏ်းနှင့် တန်းတူအဆင့်ရှိသည်။

"ဒီတောင်တန်းပေါ်ကိုတော့ မင်းကိုခေါ်သွားလို့မရဘူး။ ငါကိုယ်တိုင်တောင် ဝင်ခွင့်မရဘူး"

တောင်ခြေသို့ရောက်ချိန်တွင် မုန်ကျင်းကျိုးက ပြောသည်။ တောင်ထိပ်က တိမ်တိုက်များကြားသို့ ထိုးဖောက်နေသည်။ ကောင်းကင်ဂိတ်တောင်ထိပ်နှင့် ယှဉ်နိုင်လောက်သည်။

"ငါတို့မုန်မိသားစုရဲ့ အဆင့်မြင့်စွမ်းအားရှင်တွေအားလုံး ဒီတောင်ပေါ်မှာနေကြတယ်လို့ပြောတယ်။ ကူးဖြတ်ခြင်းအဆင့် ဘယ်နှယောက်ရှိလဲတော့ သေချာမသိဘူး"

မုန်ကျင်းကျိုး ကျင့်စဉ်လမ်းမဝင်မီက စွမ်းအားရှင်များ ဤတောင်ပေါ်တွင်နေထိုင်ကြောင်းသာ သိခဲ့သည်။ ကျင့်စဉ်အဆင့်များကို နားမလည်ခဲ့။

ယခု သူ့အသိအမြင်ကျယ်ပြန့်လာသည်။ မုန်မိသားသည် ဩဇာအမြင့်ဆုံးမိသားစုဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်လာသည်။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများစွာ ဤတောင်ပေါ်တွင်ရှိလိမ့်မည်ဟု သူခန့်မှန်းသည်။

ထိုအဆင့်စွမ်းအားရှင်မျိုးမရှိလျှင် မုန်မိသားစုအနေဖြင့် ကျင့်ကြံသူလောကတွင်မဆိုထားနှင့်။ နန်းမြို့တော်မှာပင် အခြေချဖို့ ခက်ခဲလိမ့်မည်။

"မင်းစိတ်ချပါ။ ငါအခုခေါ်မသွားနိုင်သေးပေမယ့် နောင်တစ်ချိန် မိသားစုခေါင်းဆောင်ဖြစ်တဲ့အခါ တောင်ပေါ်ကိုအလည်ခေါ်သွားပါ့မယ်"

မုန်ကျင်းကျိုး ယုံကြည်မှုအပြည့်ဖြင့် ကတိပေးသည်။

လုယန်က သူ့ကိုစိုက်ကြည့်၍ တုံ့ဆိုင်းဆိုင်းလေသံဖြင့်ပြောသည်။

"တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်လည်း မိသားစုခေါင်းဆောင်ဖြစ်နိုင်တယ်ပေါ့"

သားမယားမရှိ၊ အမွေခံမရှိသည့် မိသားစုခေါင်းဆောင်။

လုံးဝမျက်နှာမလိုက်ဘဲ ကိုယ်ကျိုးအတ္တကင်းသည့် ခေါင်းဆောင်မျိုးဖြစ်လာပေလိမ့်မည်။

မုန်ကျင်းကျိုးက အတော်ယုံကြည်ချက်ရှိသည်။

"မင်းဘာတွေလျှောက်ပြောနေတာလဲ။ ငါမသေမျိုးအဆင့်ရောက်ပြီးရင် တစ်ကိုယ်တော်ဝိညာဉ်မြစ်က ဘာဖြစ်လာနိုင်ဦးမှာလဲ"

"တစ်ကိုယ်တော်မသေမျိုးဝိညာဉ်မြစ်လား"

"တော်စမ်းပါကွာ"

"ဒါနဲ့...မင်းအဖေနာမည်က အတော်ကောင်းတယ်။ မင်းအဖိုးက နာမည်ပေးခဲ့တာလား"

လုယန်သိသမျှလူထဲတွင် ထိုမျှဩဇာရိပ်ကြီးမားသည့်နာမည်မျိုး တစ်ယောက်မှမရှိ။ ပဲဝါအရှင်၊ အရှက်မဲ့(ထာဝရအရှင်) စသည့်နာမည်များသာရှိသည်။

စွမ်းအားကြီးသူတစ်ယောက်၏ နာမည်မျိုးမထင်ဟပ်။

"ဟုတ်တယ်။ ငါအဖိုးနာမည်ပေးခဲ့တာ။ ဒါပေမယ့် ဒီနာမည်ပေးရတဲ့ နောက်ခံဇာတ်လမ်းက မင်းထင်နေသလိုတော့ မဟုတ်ဘူး"

"ဒါဆို ဘယ်လိုမျိုးလဲ"

"ငါ့အဖိုးကပြောတယ်။ ငါ့အဖေမွေးတဲ့နေ့က တော်ဝင်မြို့တော်မှာ နှစ်တစ်ရာမှာတစ်ခါပဲဖြစ်တတ်တဲ့ မိုးသက်မုန်တိုင်းမျိုးကျတယ်တဲ့။

ငါ့အဖွားက ငါ့အဖေကိုမွေးဖို့ အတော်ခက်ခဲနေတယ်။ ငါ့အဖိုးလည်း ဘာမှမတတ်နိုင်ဘူးလေ။ ခြံဝန်းထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်ရုံပဲ တတ်နိုင်တယ်။

မိုးကလည်းရွာ၊ စိတ်ကလည်းညစ်နေတော့ "သောက်ရေးမပါတဲ့ ရာသီဥတုကွာ"လို့ သူအော်ဆဲလိုက်တယ်။ ဖြစ်ချင်တော့ ငါ့အဖိုးအဲလိုဆဲပြီးပြီးချင်း ငါ့အဖေမွေးလာတယ်တဲ့။

အဲဒါကို အစွဲပြုပြီးတော့ ငါ့အဖိုးက ငါ့အဖေကို မုန်ပိုထန်(ကောင်းကင်ကိုဖျက်တဲ့မုန်)လို့ နာမည်ပေးခဲ့တာ"

********************************

အခန်း (၈၂၈) ဓနချင်းပြိုင်

စော်ကားလို၍တော့မဟုတ်။ ထိုအဘိုးမုန်၏ ယဉ်ကျေးမှုအဆင့်အတန်းသည် အရိုးရိုင်းထက် သိပ်မမြင့်လောက်ဟု လုယန်တွေးမိသည်။

တန်းတူပင် ဖြစ်နိုင်သည်။

"ဒါဆို မုန်ပိုစီတို့၊ မုန်ပိုလီတို့...အင်း ထားပါတော့လေ။ မမေးတော့ပါဘူး"

သက်ကြီးများနှင့်ပတ်သက်သည့်ကိစ္စဖြစ်၍ မလိုအပ်ဘဲမေးလျှင် မလေးစားရာကျမည်။ လောင်မုန်ကို ထိုအကြောင်းများ သိပ်မပြောစေချင်။

မုန်မိသားစုဝင်များက မုန်ကျင်းကျိုးကို မုန်အိမ်တော်မှ ကန်ထုတ်ပစ်မည်ကို စိုးရိမ်သည်။

"ဟိုဟာက ဘယ်လိုနေရာလဲ"

တားမြစ်မှော်အဆောင်များပြည့်နေသည့် အခန်းတစ်ခုဆီ လုယန်လက်ညှိုးထိုးပြသည်။ တံခါးဝတွင် မုန်မိသားစုအကြီးအကဲတစ်ယောက် စောင့်ကြပ်နေသည်။ တားမြစ်နေရာမျိုးဖြစ်လောက်သည်။

"အကြွေးကတိစာချုပ်တွေ သိမ်းထားတဲ့နေရာပါ။ ဒီအကြွေးစာချုပ်တွေအားလုံး ငွေတောင်းနိုင်ရင် နန်းမြို့တော်တစ်ဝက်လောက် ဝယ်လို့ရတယ်လို့ ငါ့အဖေကပြောတယ်"

လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ တားမြစ်နေရာတစ်ခုဖြစ်နေသည်မှာ မဆန်းတော့။ လူဘယ်လောက်သုံးရသုံးရ တင်းတင်းကြပ်ကြပ်ကာကွယ်ထားသင့်သည့် နေရာမျိုးဖြစ်သည်။

"အကြွေးစာချုပ်တွေတင်မဟုတ်ဘူး။ မုန်မိသားစုမှာ 'ငွေချေးမှော်ပညာ'ဆိုတဲ့ နတ်စွမ်းအားပညာတစ်မျိုးလည်းရှိတယ်။ စုစည်းခြင်းအဆင့်နဲ့အထက်ကျင့်ကြံသူတွေ ငွေလာချေးရင် အကြွေးစာချုပ်တင်ချန်ခဲ့လို့မရဘူး။

သူတို့ကျင့်ကြံထားတဲ့ စွမ်းအားတစ်ခုလည်း ငါတို့ဆီချန်ခဲ့ရတယ်။ အဲဒီ့စွမ်းအားကို ငါတို့က စက္ကူပေါ်မှာ ထည့်သိမ်းတယ်။ တိုက်ခိုက်တဲ့အခါ အဲဒီ့လူရဲ့စွမ်းအားကို ပြန်ထုတ်သုံးလို့ရတယ်"

"အံ့ဩစရာပါလား"

ထိုပညာသည် မုန်မိသားစု၏ ထူးခြားသည့်ပညာရပ်တစ်မျိုးဖြစ်မည်။ တစ်ခြားနေရာတွင် ထိုပညာမျိုး လုယန်မကြားဖူးခဲ့။

နတ်မယ်လည်း ခေါင်းခါသည်။ သူလည်းမကြားဖူးဟုဆိုသည်။

......

မုန်ပိုထန်၊ လောင်မာနှင့် အိမ်ထိန်းရှုယွီတို့ အတူရှိနေသည်။ ညီအကိုသုံးယောက် ခြောက်နှစ်နီးပါး အတူမဆုံခဲ့ရသဖြင့် ဘေးခန်းထဲတွင် ဝိုင်သောက်နေကြသည်။

လောင်မာက သစ်သားထိုင်ခုံတွင် ပျင်းပျင်းရိရိထိုင်၍ မှော်စွမ်းအားဖြင့် သူ့ပန်ကန်ပြားထဲမှမြက်ကို ပါးစပ်ဆီ ဆွဲယူသည်။ သူ့မြင်းခွာများဖြင့် ဝိုင်ခွက်ကိုကိုင်၍ ဖြေးဖြေးချင်းသောက်သည်။

"လောင်မာ၊ ကျင်းကျိုးကို မင်းတကယ်အပင်ပန်းခံပြီး စောင့်ရှောက်ခဲ့တာပဲ"

မပင်ပန်းပါဟု ယဉ်ကျေးမှုအရ လောင်မာပြောလိုက်ချင်သည်။ သို့သော် ခြောက်နှစ်အတွင်းကြုံခဲ့ရသည့် ရင်တုန်သည်းတုန်အဖြစ်အပျက်များကို ပြန်စဉ်းစားမိသည်။ သူ့မျက်နှာ မပြုံးနိုင်တော့။ 'မပင်ပန်းပါဘူး'ဟုလည်း မပြောနိုင်တော့။

"ပင်ပန်းတာမဟုတ်ဘူး။ ကံဆိုးတာပါ"

မုန်ပိုထန် "..."

သူမှတ်မိသလောက် လောင်မာသည် စကားပြောသည့်နေရာတွင် အတော်ယဉ်ကျေးသည်။ သူ့သားကို ခဏစောင့်ရှောက်ပြီးပြန်လာမှ ဘာကြောင့် ယခုလိုဖြစ်သွားသည်မသိ။

"လုယန်ဆိုတဲ့ကောင်လေးကို မင်းတို့ဘယ်လိုမြင်လဲ"

လုယန်ကို မုန်ပိုထန် အတော်သဘောကျသည်။ လူငယ်ပါရမီရှင်များစွာ သူမြင်ဖူးသည်။ သို့သော် ကျင့်စဉ်အဆင့်ရော စာရိတ္တပိုင်းပါ လုယန်ကို ယှဉ်နိုင်သူမရှိ။

လုယန်နှင့်ရှောင်ယု တစ်ယောက်ကိုတစ်ယောက် သဘောကျလျှင် သူလက်ထပ်ပေးချင်သည်။

လောင်မာ မျက်ခုံးလှုပ်လာသည်။ မနှစ်မြို့စရာမှတ်ဉာဏ်များ ပြန်ပေါ်လာသည်။ ထာဝရနတ်မယ်ကို လုယန် ပြန်အသက်သွင်းမိသည့်အချိန်ကို ချက်ချင်းပြန်သတိရလာသည်။

"မင်းမေးတော့လည်း ပြောရတာပေါ့။ မင်းတို့မုန်မိသားစုရဲ့ အကြွေးစားချုပ်တွေနဲ့ မြို့တော်တစ်ဝက်ကို ဝယ်နိုင်တယ်လို့ပြောတယ်။ အဲဒါဟုတ်လား"

"ဟုတ်တယ်လေ"

"ဒီကောင်လေးရဲ့ ကံကြမ္မာက မြို့တော်တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်တယ်"

.....

"အရသာရှိတာတစ်ခုခု မြည်းစမ်းကြည့်ချင်လား"

မုန်ကျင်းကျိုးကမေးသည်။

လုယန် တွေးမရဖြစ်သွားသည်။

"မင်းကိုကြိုဆိုတဲ့ပွဲတုန်းက စားခဲ့ပြီးပြီပဲမဟုတ်လား။ အဲဒါတွေက အတော်လေးအရသာရှိပါတယ်"

"ဒါတွေက အကောင်းဆုံးမဟုတ်သေးဘူး။ အဲလိုအစားအသောက်တွေက အရသာနဲ့အာနိသင်နှစ်ခုလုံးအတွက် ရည်ရွယ်ပြီးဖန်တီးတာ။

စိတ်လွတ်ကိုယ်လွတ် စားလို့မရဘူး။ ဒီတော့ တကယ့်အစားသောက်ကောင်းတစ်ခုရဲ့ အရသာကို မမီဘူး။ ငါမင်းကို မြို့ထဲက အကောင်းဆုံးနေရာကို ခေါ်သွားမယ်"

မည်သို့ဆိုစေ နန်းမြို့တော်သည် သူ့ပိုင်နက်ဖြစ်သည်။ အိမ်ရှင်အနေဖြင့် အကောင်းဆုံးဧည့်ဝတ်ကျေအောင် သူဖြည့်ဆည်းချင်သည်။

"ဒါဆို သွားစို့လေ"

လုယန် ပြုံး၍ပြောသည်။ ယွမ်ကျိလည်း ရောက်သည့်နေရာတိုင်းတွင် ဒေသအစားအသောက်များကို မြည်းစမ်းကြည့်တတ်သည်။

ယခုအစားအသောက်က မုန်ကျင်းကျိုးကြွားလုံးထုတ်သလောက် တကယ်ကောင်းလျှင် မြို့တော်မှပြန်ချိန်တွင် နည်းနည်းယူသွားချင်သည်။

မုန်ကျင်းကျိုးသည် နန်းမြို့တော်တွင် ကျော်ကြားသူဖြစ်သည်။ လူတိုင်းက သူ့ကိုသိသည်။ ထို့ကြောင့် သူတို့နှစ်ယောက် မုန်အိမ်တော်မှမထွက်မီ ရုပ်ဖျက်မျက်နှာဖုံးတပ်လိုက်ကြသည်။

မုန်ကျင်းကျိုးပြောသည့် အကောင်းဆုံးဆိုသည့်နေရာက 'ထန်ရှန်းအိမ်တော်'ဟု ခေါ်သည်။ မြို့တော်ထဲတွင် ဈေးအကြီးဆုံးစားသောက်ဆိုင်ဖြစ်သည်။

ကူးဖြတ်ခြင်းအဆင့်စားဖိုမှူးတစ်ယောက်ရှိသည်ဟုပင် ကောလဟာလပြောကြသည်။ သို့သော် ထိုစားဖိုမှူး ဟင်းမချက်သည်မှာ ဆယ်စုနှစ်အတော်ကြာပြီဟု ဆိုသည်။

ထန်ရှန်းအိမ်တော်ကို အထပ်များစွာ တည်ဆောက်ထားသည်။ ကံကောင်းထောက်မစွာဖြင့် လုယန်တို့ အရောက်နောက်မကျ။ စားပွဲလွတ်သုံးလုံးကျန်သေးသည်။

နေရာယူပြီးနောက် ဟင်းလျာများမှာသည်။ နောက်ထပ်စားပွဲနှစ်လုံးတွင်လည်း ဧည့်သည်များရောက်လာသည်။

"တကယ်အရသာရှိတာပဲ"

ပထမတစ်လုတ်စားလိုက်ရုံဖြင့် မုန်ကျင်းကျိုး လိမ်ညာခဲ့ခြင်းမဟုတ်ကြောင်း သူလက်ခံလိုက်သည်။ ဤဆိုင်မှ အစားအသောက်က မုန်အိမ်တော်ထက်သာသည်။

"အဲလိုပဲဖြစ်ရမှာပေါ့။ ငါသခင်လေးရဲ့အကြိုက်ဆိုတာ ဘယ်ခပ်ညံ့ညံ့ဖြစ်နိုင်မှာလဲ"

မုန်ကျင်းကျိုး ဝင့်ကြွားမှုအပြည့်ဖြင့်ပြောသည်။ ထို့နောက် သူလည်းအားရပါးရစားသည်။ ဤဆိုင်သို့ သူလာမစားဖြစ်သည်မှာ ခြောက်နှစ်နီးပါးရှိပြီဖြစ်သည်။

လုပ်ငန်းတူအချင်းချင်း ဆန့်ကျင်သည့်သဘောဖြစ်မည်ထင်သည်။ နတ်မယ်က ထန်ရှင်းဆိုင်အစားအသောက်ကို အထင်မကြီး။

နှစ်ယောက်သား စားသောက်ရင်း ဘာဆက်လုပ်ကြမည်ကို ဆွေးနွေးနေသည်။ ထိုစဉ် ဆိုင်တံခါး၌ ရုတ်ရုတ်သဲသဲဖြစ်သွားသဖြင့် သူတို့လှမ်းကြည့်သည်။

ဟန်ပန်ထူးခြားသည့် ဝတ်ရုံနက်လူငယ်တစ်ယောက် မိန်းကလေးအဖော်တစ်ယောက်နှင့်အတူ ဝင်လာသည်။ ဘေးလူများ၏အကြည့်ကို လုံးဝအရေးမစိုက်။

သူ့နောက်တွင် သက်တော်စောင့်နှစ်ယောက်ပါသည်။

ထိုလူငယ်၏ဝတ်ရုံနက်သည် ရေခဲပိုးတီကောင်၏ ရွှေနက်ပိုးချည်ဖြင့် ရက်လုပ်ထားခြင်းဖြစ်ကြောင်း လုယန်သတိထားမိသည်။ ရေဒဏ်မီးဒဏ် ကာကွယ်နိုင်သည်။ ဓားလှံလက်နက်များ မထိုးဖောက်နိုင်။ အလွန်တရာရှားပါးသည့် ဝတ်စုံမျိုးဖြစ်သည်။

အရာရှိအထက်တန်းလွှာ‌ပေါများသည့် နန်းမြို့တော်မှာပင် ထိုဝတ်စုံမျိုး ဝတ်နိုင်သူရှားသည်။

"နေရာလွတ်မရှိတော့ဘူးလား"

လူငယ် မျက်မှောင်ကျုံ့သွားသည်။ ဆိုင်က လူများပြည့်ကြပ်နေသည်။ စားပွဲလွတ်တစ်လုံးမှမရှိ။

စားပွဲတစ်ခုဆီသူလျှောက်သွားပြီး စားသောက်နေသူများကို ငုံ့ကြည့်သည်။

"ငါသခင်လေး ဒီနေရာကိုယူမယ်။ ဒီတော့ မင်းတို့လစ်ကြတော့"

စားသောက်နေသူများက ထိုလူငယ်နှင့် သွားရှုပ်၍မရကြောင်း သဘောပေါက်သည်။ ချက်ချင်းခေါင်းငြိမ့်၍ ထွက်သွားကြသည်။

ထို့နောက် မုန်ကျင်းကျိုးစားပွဲမှ ရိုးရိုးအစားအသောက်များကိုကြည့်၍ လူငယ်က နှာခေါင်းရှုံ့သည်။

"ဆင်းရဲသားတွေအတွက် ဒီမှာနေရာမရှိဘူး"

ထို့နောက် လက်တစ်ဘက်ဝှေ့ယမ်း၍ အော်လိုက်သည်။

"ဆိုင်ရှင်၊ ကျုပ်ကို နှစ်တစ်ရာနတ်မင်းဝိုင်တစ်အိုးပေးပါ"

လူငယ်၏ ဆောင့်ကြွားကြွားလေသံကြောင့် စားသောက်နေသူများ အံ့အားသင့်သွားသည်။

ပုံမှန်နတ်မင်းဝိုင်တစ်အိုးသည်ပင် နန်းမြို့တော်မှ မိသားစုငယ်တစ်ခု၏ တစ်နှစ်စာဝင်ငွေနှင့်ညီမျှသည်။

နှစ်တစ်ရာနတ်မင်းဝိုင်၏ တန်ဖိုးက မယုံနိုင်လောက်အောင် မြင့်မားသည်။

ဤဆိုင်သို့လာ၍ စားသောက်သူအားလုံး လူချမ်းသာများ အထက်တန်းလွှာများဖြစ်သော်လည်း နှစ်တစ်ရာနတ်မင်းဝိုင်ကိုသောက်နိုင်သူ မရှိသလောက်ရှားသည်။

လူငယ်၏ သုံးဖြုန်းနိုင်ပုံကိုကြည့်၍ သူ့ရည်းစားက သဘောအကျကြီးကျနေသည်။ လက်ကိုတင်းတင်းဆွဲ၍ လက်မောင်းကို သူ့ရင်သားနှင့် တမင်ပွတ်သပ်နေသည်။

မုန်ကျင်းကျိုး အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့သည်။ သူ့ရှေ့တွင် ချမ်းသာကြောင်းကြွားလုံးထုတ်သူမျိုး တစ်ယောက်မှမတွေ့ဖူး။ ယခု ထိုလူငယ်က သူ့ရည်းစားကိုပါထုတ်ကြွားနေသဖြင့် ပို၍အမြင်ကတ်သွားသည်။

ဆိုင်ရှင်ဆီ ချက်ချင်းလက်ဝှေ့ယမ်းပြလိုက်သည်။

"ငါသခင်လေးကိုလည်း နှစ်တစ်ရာနတ်မင်းဝိုင်တစ်အိုးပေးပါ"

လူငယ်က မုန်ကျင်းကျိုးစကားကို မကြားချင်ယောင်ဆောင်၍ ခပ်တည်တည်ဆက်မှာသည်။

"တိမ်မြူဝိညာဉ်ငါးပေါင်း၊ ဆယ်နှစ်သက်တမ်းရှိတာမျိုးကိုလိုချင်တယ်။ တစ်နှစ်လျော့တာနဲ့ မင်းတို့ဆိုင်ကို ဖြိုချပစ်မယ်"

မုန်ကျင်းကျိုးကလည်း ဈေးနှုန်းကိုပင်မကြည့်ဘဲ ထိုအတိုင်းအတိအကျမှာသည်။

"ဆိုင်ရှင်၊ တိမ်မြူဝိညာဉ်ငါးပေါင်း၊ ဆယ်နှစ်သက်တမ်းရှိတာပေးပါ"

လူငယ် မုန်ကျင်းကျိုးကို တစ်ချက်လှမ်းကြည့်သည်။ နန်းမြို့တော်တွင် အဆက်အသွယ်လာရှာသည့် ကျင့်ကြံသူတစ်ယောက်ဟု သူတွေးလိုက်သည်။

ထို့ကြောင့် နှာခေါင်းရှုံ့၍ ဈေးအကြီးဆုံးဟင်းပွဲများကို တမင်ရွေးမှာပြန်သည်။

"ဓာတ်ငါးမျိုးဝိညာဉ်ဟင်းရွက်ကြော်၊ သရဖူနေမင်းကြက်သားကင်၊ အဓိပဓိဝိညာဉ်သန့်စင်ဟင်းချို..."

"ကျုပ်တို့လည်း ဓာတ်ငါးမျိုးဝိညာဉ်ဟင်းရွက်ကြော်၊ သရဖူနေမင်းကြက်သားကင်၊ အဓိပဓိဝိညာဉ်သန့်စင်ဟင်းချို..."

ထိုဟင်းလျာများကို မုန်ကျင်းကျိုး မှာစားဖို့စိတ်ကူးမရှိ။ အဟာရဓာတ်မြင့်မားသော်လည်း သူအစောပိုင်းမှာယူထားသည့် ဟင်းပွဲများလောက် အရသာမရှိ။

သို့သော် ထိုလူငယ်နှင့် သူဆက်ကစားချင်သည်။

လူငယ်မှာသမျှ မုန်ကျင်းကျိုး လိုက်မှာနေသည်။ ထို့ကြောင့် လူငယ်ိစတ်ထဲတွင် ပြိုင်ဘက်ကင်းခံစားချက်မျိုးမရတော့။ သူ့ရည်းစားရှေ့တွင် မျက်နှာပျက်သလို ခံစားလာရသည်။

စားပွဲကို သူခပ်ကြမ်းကြမ်းရိုက်လိုက်သည်။

"ဆိုင်ရှင်...ကျုပ်ကိုပြောစမ်း။ ဒီဆိုင်မှာ ဈေးအကြီးဆုံးကဘာလဲ"

ဆိုင်ရှင် ခဏတွေသွားသည်။ ထို့‌နောက် သေချာဂရုစိုက်၍ ရှင်းပြသည်။

"ဧည့်သည်တော်။ ဒီဆိုင်မှာ ဈေးအကြီးဆုံးက အခန်းငှားခပါ"

********************************

All Chapters