← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉) အခွင့်ထူးခံ

"ဘယ်သူက အခန်းငှားခကိုမေးနေလို့လဲကွ"

လူငယ် ဒေါသတကြီးအော်လိုက်သည်။ အခန်းငှားခကို ဘာကြောင့်သူမေးနေမည်နည်း။ ဘာကြောင့် အဆင့်နိမ့်သည့် ဤနေရာမျိုးကို သူငှားမည်နည်း။

ဆိုင်ရှင် ထိတ်လန့်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောသည်။

"ဧည့်..ဧည့်သည်တော်က ရှင်းအောင်မပြောတော့ အခန်းငှားခမတတ်နိုင်မှန်း ကျုပ်..ကျုပ်မသိခဲ့လို့ပါ"

"ဘာကွ...မင်း..."

လူငယ်ကြောင့်ဖြစ်လာသည့် ဆူဆူညံညံအသံဗလံများကြောင့် တစ်ခြားလူများ ချက်ချင်းလှည့်ကြည့်လာသည်။

"သူက အကြံပေးအမတ်ရဲ့မြေး လီကျိုးမဟုတ်လား"

"နန်းမြို့တော်သခင်လေးလေးယောက်ထဲက လီကျိုးဆိုတာ သူပဲလေ။ အကြံပေးအမတ်ကလည်း ဒီမြေးကို အချစ်ဆုံးတဲ့"

"ဘုရားရေ...လီကျိုးနဲ့ သွားပြိုင်တဲ့လူကတော့ ဒုက္ခအကြီးကြီးတွေ့တော့မှာပဲ"

"တစ်ခြားဘယ်သူက ဒါမျိုးပြိုင်မှာလဲ။ နန်းမြို့တော်မှာ လီကျိုးနဲ့ယှဉ်ပြီး ဘယ်သူလူဘော်ကြော့လုပ်ရဲမှာလဲ"

"ပြီးတော့ ဟိုဆိုင်ရှင်လည်း ပြဿနာတက်တော့မယ်ထင်တယ်"

နန်းမြို့တော်မှ ကုန်ဈေးနှုန်းများအကြောင်း မသိသဖြင့် လုယန် စပ်စုလိုက်သည်။

"ထန်ရှန်းဆိုင်ကို ငှားရမ်းခက အတော်ဈေးကြီးလား။ သူဘာလို့ အခက်တွေ့သွားတဲ့ပုံ ပေါက်နေတာလဲ"

မုန်ကျင်းကျိးက ငြီးငွေ့ဟန်ဖြင့် သမ်းတစ်ချက်ဝေသည်။

"ငမွဲလေးပါ။ ဆန်းလည်းမဆန်းပါဘူး။ မျက်နှာကြီးချင်လို့ ပါးကိုတမင်ဖောင်းထားတာမျိုးပါပဲ။ သူ့ကောင်မလေးရှေ့မှာ အထင်ကြီးခံချင်တာလေ။

အတင်းကြိတ်မှိတ်ပြီး ဝိုင်အိုးမှာတယ်။ ဟင်းသုံးလေးမျိုးမှာတယ်။ သူတတ်နိုင်တာ အဲလောက်ပဲ။ ဆိုင်ငှားခကတော့ သူ့ခါးသူရိုက်ချိုးရင်တောင် အဲလောက်ငွေထွက်မလာနိုင်ပါဘူး။

...ဆိုင်ရှင် ဒီနေရာအတွက် တစ်နှစ်စာငှားရမ်းခကို ကျုပ်ပေးမယ်"

ထိုစကားကြောင့် ဆိုင်ရှင် ဝမ်းသာသွားပြီး မုန်ကျင်းကျိုးစားပွဲဆီ ပြေးလာသည်။ မုန်ကျင်းကျိုး၏ ပုခုံးနှင့်လက်မောင်းများကို နှိပ်နယ်ပေးနေသည်။

လီကျိုးမျက်နှာ ဒေါသကြောင့် နီရဲလာသည်။ သူ့ပုံရိပ်သူ အလွန်ဂရုစိုက်ခဲ့သူဖြစ်သည်။ အမြဲတမ်း မော်ကြွားခဲ့သည်။ ယခုလို တစ်ခါမှ အရှက်ခွဲမခံရဖူး။

အစောပိုင်းက သူ့ကိုအထင်ကြီးလေးစားမှုအပြည့်ဖြင့် ကြည့်နေသည့်မျက်လုံးများ အရောင်ပြောင်းသွားသည်ဟုပင် ခံစားလာရသည်။

သူတတ်နိုင်သည့် ဝိညာဉ်ကျောက်ပမာဏကို စိတ်မှန်းဖြင့် အမြန်တွက်ကြည့်သည်။

"တစ်နှစ်စာငှားရမ်းခလောက်ပဲလား။ ထန်ရှန်းဆိုင်အတွက် ကျုပ်နှစ်နှစ်စာပေးမယ်"

ဆိုင်ရှင် ပျော်သွားသည်။ လီကျိုးရှိရာသို့ပြေးသွားပြီး အလိုက်တသိနှိပ်နယ်ပေးသည်။

"သုံးနှစ်စာ"

မုန်ကျင်းကျိုး မျက်တောင်တစ်ချက်မခတ်ဘဲ ပုံမှန်လေသံဖြင့်ပြောသည်။ သူ့အတွက် ထိုငွေပမာဏသည် ဘာမှမပြောပလောက်။

ဆိုင်ရှင် မုန်ကျင်းကျိုးဘက်သို့ ပြေးလာပြန်သည်။

"သုံးနှစ်ခွဲ...မဟုတ်ဘူး လေးနှစ်စာ"

လီကျိုး ငွေများများမထုတ်ရဲ။ သို့သော် နှစ်ဝက်စာလောက်ဖြင့် မျက်နှာပျက်မခံနိုင်သဖြင့် နှစ်ဝက်စာထပ်တိုးလိုက်သည်။

"ငါးနှစ်စာ။ ပြီးတော့ ဒီနေ့ လူအားလုံးစားသောက်သမျှကုန်ကျစရိတ်ကိုပါ ထည့်တွက်လိုက်ပါ"

မုန်ကျင်းကျိုး ချက်ချင်းပြန်ပြောသည်။ ယနေ့ သူအတော်စိတ်ကြည်နေသဖြင့် ငွေဖြုန်းချင်စိတ်ပေါက်နေသည်။

ဆိုင်ရှင် ဟိုပြေးဒီပြေး အလုပ်ရှုပ်နေသည်။ ကိုယ်ခွဲသာရှိလျှင် ဧည့်သည်နှစ်ယောက်လုံးကို တစ်ပြိုင်တည်း နှိပ်နယ်ပေးချင်မိသည်။

လီကျိုး ဒေါသထွက်လွန်းသဖြင့် အော်ဆဲမိမတတ်ဖြစ်သွားသည်။ ဘယ်ကရောက်လာသည့်ကောင်မှန်းမသိ။ ထိုလူ၏နောက်ခံကိုသိသည်နှင့် နန်းမြို့တော်တွင် စီးပွားရေးလုပ်ငန်း တစ်ခုမလုပ်နိုင်အောင် သူဖျက်ဆီးပစ်မည်။

"ခြောက်နှစ်"

လီကျိုး မျက်လုံးမှေးစင်း၍ မုန်ကျင်းကျိုး၏ ရွံစရာကောင်းသည့်မျက်နှာကို စိုက်ကြည့်လိုက်သည်။

"ခဏနေဦး၊ ငါက အဲလောက်ဝိညာဉ်ကျောက်ပမာဏကို ထုတ်ပြနိုင်တယ်။ မင်းရောပြနိုင်လို့လား။ မင်းက ငါးနှစ်စာပေးမယ်လို့ ပြောထားတယ်။ မင်းမှာ အဲလောက်ငွေရှိတယ်ဆိုတာ သက်သေပြဖို့လိုတယ်"

မုန်ကျင်းကျိုး လှောင်ပြုံးပြုံးလိုက်သည်။

"ငါက ငါးနှစ်စာတင်မဟုတ်ဘူး။ ခြောက်နှစ်စာလည်း ထုတ်ပြနိုင်တယ်။ မင်းနဲ့ပြိုင်ရတာပျော်လို့ ပြိုင်နေတာ။ အဲဒါပဲ"

"ဒါမင်းပြောတာနော်"

လီကျိုး မယုံကြည်။ သူသည်ပင် ထိုမျှများသည့် ဝိညာဉ်ကျောက်ပမာဏကို တစ်ပြိုင်တည်းထုတ်ဖို့ အတော်ခက်ခဲသည်။

"မုန်မိသားစုဝင်တစ်ယောက်ကို ငှားရမ်းခလက်ခံဖို့ သွားခေါ်လိုက်"

လီကျိုးက သူ့သက်တော်စောင့်ကို အမိန့်ပေးလိုက်သည်။ ထန်ရှန်းအိမ်တော်သည် မုန်မိသားစုပိုင်သည့် စားသောက်ဆိုင်ဖြစ်သည်။

လက်ထဲတွင် ဝိညာဉ်ကျောက်လုံလုံလောက်လောက်ပါမလာသဖြင့် သူ့အစောင့်ကို အိမ်တာ်သို့ပြန်၍ယူခဲ့ဖို့လည်း မှာလိုက်သည်။

သိပ်မကြာမီ အိမ်တော်ထိန်းရှုယွီ‌ရောက်လာသည်။ အများအားဖြင့် ထန်ရှန်းအိမ်တော်အတွက် ငှားရမ်းခကို သူသာလက်ခံသည်။

လီကျိုး ရင်နာနာဖြင့် မှော်လက်စွပ်တစ်ကွင်းထုတ်၍ ရှုယွီလက်ထဲထည့်ပေးလိုက်သည်။

ယနေ့သူ့လုပ်ရပ်များကို သူ့အဖေနှင့်သူ့အဖိုးသာသိလျှင် ခြစ်ကုတ်စုစည်းထားရသည့် ခြောက်နှစ်စာငှားရမ်းခကိစ္စကြောင့် အဆဲအဆိုခံရမည်မှာ သေချာနေသည်။

သို့သော် ထိုကိစ္စက လောလောဆယ် အရေးမကြီး။ ဟိုခွေးသူတောင်းစားကို ကန်ထုတ်နိုင်ဖို့သာ အရေးကြီးသည်။

ရှုယွီ မှော်လက်စွပ်ကို ဝိညာဉ်အာရုံဖြင့်စစ်ဆေးသည်။ အမှန်တကယ်ပင် ခြောက်နှစ်စာငှားရမ်းခဝိညာဉ်ကျောက်များပါသည်။

"ကဲအခု မင်းအလှည့်ပဲ"

လီကျိုးက မုန်ကျင်းကျိုးကို သေမိန့်ချတော့မည့် တရားသူကြီးမျက်လုံးမျိုးဖြင့် စိုက်ကြည့်သည်။

"ခြောက်နှစ်စာငှားရမ်းခကို မင်းဘယ်လိုထုတ်မလဲ ငါကြည့်ချင်တယ်"

မုန်ကျင်းကျိုးက ရှုယွီကိုလှည့်ကြည့်၍ လက်ဝါးတစ်ဘက်ဖြန့်တောင်းသည်။

"ဦးလေးရှု၊ ကျုပ်ကို ဝိညာဉ်ကျောက်နည်းနည်းပေးပါ"

ရှုယွီက လောလောလတ်လတ်ရထားသည့် မှော်လက်စွပ်ကို မုန်ကျင်းကျိုးလက်ထဲ ထည့်ပေးသည်။ နန်းမြို့တော်သို့ရောက်ကတည်းက မုန်ကျင်းကျိုးရုပ်ဖျက်သည့်မျက်နှာသည် လုံးဝအပြောင်းအလဲမရှိ။ ရှုယွီမြင်ဖူးပြီးဖြစ်သည်။

"ကြည့်ပါ။ ဒါခြောက်နှစ်စာပဲလေ"

"မင်းက မုန်မိသားစုဝင်ပေါ့"

လီကျိုး သဘောပေါက်သွားသည်။ သူ့ဒေါသကို ထိန်းချုပ်မထားနိုင်တော့။ တစ်ဘက်လူက သူ့ကို ငတုံးငအတစ်ယောက်လို လှည့်စားသွားသည်။

"သိပ်မှန်တာပေါ့။ ငါမင်းကိုတမင်ကစားခဲ့တာလေ။ စားသောက်နေတဲ့လူတွေကို ခြိမ်းခြောက်ပြီးမောင်းထုတ်လို့ မင်းကိုသင်ခန်းစာပေးတာ"

မုန်ကျင်းကျိုး ရုပ်ဖျက်မျက်နှာဖုံးကို ချွတ်လိုက်သည်။

မျက်နှာအစစ်ကိုမြင်ပြီးနောက် လီကျိုး ‌ကျောက်ရုပ်လိုဖြစ်သွားသည်။ ပေါက်ကွဲတော့မည့်ဒေါသများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။

နေရာတွင် မင်သက်မိလျက် ရပ်နေသည်။ ထို့နောက် မုန်ကျင်းကျိုးကို တုန်တုန်ရင်ရင် လက်ညှိုးထိုးလျက်

"မုန်..မုန်ကျင်းကျိုး"

ထိုလူ ဘာကြောင့်ပြန်ရောက်လာသည်မသိ။

ဘာကြောင့် တစ်ယောက်မှ သူ့ကိုသတင်းမပို့ကြသည်မသိ။ သို့မဟုတ် မုန်ကျင်းကျိုးပြန်လာသည်ကို သူပထမဆုံးသိရခြင်းလော...

"ဪ...လီကျိုး၊ မင်းအတော်သတ္တိကောင်းလာတာပဲ။ ငါသခင်လေးကို နာမည်ရင်းအတိုင်းခေါ်ရဲတယ်ပေါ့"

မုန်ကျင်းကျိုး လှောင်ပြုံးပြုံး၍ လည်ပင်းအကြောအချဉ်များ ဖြေလိုက်သည်။ လက်ကောက်ဝတ်နှင့်လက်ဆစ်များ တဖျောက်ဖျောက်အသံမြည်အောင်ချိုးသည်။

လီကျိုးဆီ တစ်လှမ်းချင်းလျှောက်သွားသည်။ လီကျိုး ကြောက်လွန်းသဖြင့် သူ့လက်ကိုဆွဲထားသည့် မိန်းကလေးကိုပင် အရေးမစိုက်အားတော့ဘဲ နောက်သို့ဆက်တိုက်ဆုတ်သွားသည်။

လီကျိုးနှင့် ယှဉ်ပြိုင်နေသူသည် မုန်ကျင်းကျိုးဖြစ်မည်ဟု ဘေးကြည့်ပရိတ်သတ်ကလည်း ထင်မထားကြ။

"မုန်မိသားစုသခင်လေး ပြန်လာပြီပေါ့"

ထိုစကားအဓိပ္ပါယ်ကို နားလည်သူတိုင်း ကြောရိုးထဲစိမ့်သွားပေလိမ့်မည်။ နန်းမြို့တော်သည် လာမည့်ရက်များအတွင်း ငြိမ်းချမ်းတော့မည်မဟုတ်။

"မုန်မိသားစုသခင်လေးဆိုတာ ဘယ်သူလဲ"

နန်းမြို့တော်နှင့်စိမ်းသူတစ်ယောက်က မေးသည်။

"သခင်လေးမုန်ကျင်းကျိုးလေ။ တာအိုလမ်းစဉ်ဂိုဏ်းကို ဝင်ခဲ့တဲ့တစ်ယောက်ပေါ့။ မင်းမကြားဖူးဘူးလား"

"သူနဲ့ နန်းမြို့တော်သခင်လေးလေးယောက်နဲ့ စွမ်းအားချင်းယှဉ်ရင် ဘယ်လိုလဲ"

"နန်းမြို့တော်သခင်လေးလေးယောက်ဆိုတာ ဘာမှမဟုတ်ဘူး။ မုန်သခင်လေးသာ မြို့တော်ကထွက်မသွားခဲ့ရင် သူ့ရှေ့မှာ သခင်လေးလေးယောက်က မျက်နှာတောင်ပြရဲမှာမဟုတ်ဘူး။

မုန်သခင်‌လေးဆိုတာ တစ်ခါတုန်းက တော်ဝင်မင်းသားလေးကိုတောင် ထိုးကြိတ်ခဲ့တဲ့လူပါ"

"လီကျိုးကိုလည်း လူတစ်ယောက်က သင်ခန်းစာပေးခဲ့ဖူးတယ်လို့ ငါကြားဖူးတယ်။ အဲဒါ ဒီမုန်ကျင်းကျိုးလား"

"ဒါပေါ့။ သူပဲလေ"

"မုန်ကျင်းကျိုးဘေးမှာ ထိုင်နေတဲ့လူက ဘယ်သလဲ"

"မသိဘူး"

လီကျိုးမျက်နှာ ကြောက်လွန်း၍ ဖြူရော်နေသည်။ စိတ်တည်ငြိမ်အောင်ထိန်း၍ အားတင်းပြုံးလိုက်သည်။

"မုန်သခင်လေး ဘာတွေပြောနေတာလဲ။ အချိန်အကြာကြီးမတွေ့ခဲ့ရဘဲ အခုမှ သခင်လေးကို ရုတ်တရက်တွေ့လိုက်ရတော့ စိတ်လှုပ်ရှားပြီး စည်းမျဉ်းတွေကို ကျုပ်မေ့သွားတာပါ"

"လောင်လု၊ ဘယ်လိုလဲ။ နန်းမြို့တော်က ငါ့အဆင့်အတန်းကို အခုမင်းနားလည်ပြီမဟုတ်လား"

မုန်ကျင်းကျိုးက ခပ်ကြွားကြွားပြောသည်။ မှန်သည်။ တစ်ချိန်က မုန်ကျင်းကျိုးကိုတွေ့တိုင်း လီကျိုးနှင့်သူ့အပေါင်းအပါများက 'သခင်လေး'ဟု ခေါ်ရန် စည်းမျဉ်းတစ်ခုချထားခဲ့သည်။

လုယန် စိတ်ပျက်လက်ပျက် မျက်လုံးစွေကြည့်သည်။ မုန်ကျင်းကျိုးနှင့် စကားဖက်မပြောချင်။ 'သခင်လေး'ဟု ခေါ်ခံရသည်မှာ ဘာဆန်းသနည်း။ သူကိုယ်တိုင်လည်း တာအိုလမ်းစဉ်ဂိုဏ်းချုပ်ဖြစ်သည်။

"လောင်လုတဲ့...ဒါဆို လုယန်ပေါ့"

မုန်ကျင်းကျိုးအကြောင်း သိထားပြီး 'တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ'အကြောင်း ကြားဖူးသူများက လုယန်၏သရုပ်မှန်ကို ချက်ချင်းခန့်မှန်းနိုင်ကြသည်။ အံ့အားသင့်သွားကြသည်။

နာမည်ကျော်ကြားမှုတစ်ခုတည်းကပင် လုယန်သည် အကြံပေးအမတ်ထက်သာသည်။

လူတိုင်းက အကြံပေးအမတ်၏နာမည်ရင်းကို သိချင်မှသိမည်။ ဘာလုပ်ခဲ့သည်ကို သိချင်မှသိမည်။ လုယန်အကြောင်းကိုတော့ အားလုံးသိကြသည်။

"တာအိုရှင်ဝစီပိတ်ရဲ့တပည့်၊ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောင်း လုယန်လား"

"သူပဲပေါ့။ ဒီနေ့ခေတ်မှာ လုယန်နာမည်ကို တစ်ခြားဘယ်သူယူရဲမှာလဲ"

"ဘာလို့များ သူတို့နှစ်ယောက်လုံး နန်းမြို့တော်ကိုရောက်လာပါလိမ့်"

************************************

အခန်း (၈၃၀) သက်ရှိဆုဖလား

"တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီ"၏ ဇာတ်လိုက်ကျော်နှစ်ယောက်ဖြစ်သည့် လုယန်နှင့် မုန်ကင်းကျိုး။

သူတို့အကြောင်းများကို သီးခြားဇာတ်လမ်းတွဲများပင် ခွဲထားသည်။ တာအိုရှင်ဝစီပိတ်၏ ကြိုးစားအားထုတ်မှုကြောင့် သူတို့နာမည်ကို တစ်လောကလုံး သိနေကြသည်။

တစ်ခြားနယ်မှကျင့်ကြံသူများရော နန်းမြို့တော်မှကျင့်ကြံသူများပါ သူတို့နာမည်ဂုဏ်သတင်းကို ကြားဖူးထားသည်။

နန်းမြို့တော်ကျင့်ကြံသူများက ပိုသိသည်။ တစ်ချိန်က နန်းမြို့တော်တွင် ဩဇာကြီးခဲ့သည့် မုန်ကျင်းကျိုးအကြောင်း ကောင်းကောင်းသိသည်။

နောက်ပိုင်း ထိုသခင်လေး အိမ်မှထွက်သွားသည်။ သူသာထွက်မသွားလျှင် ယခုရှိနေသည့် 'နန်းမြို့တော်သခင်လေးလေးယောက်'ပေါ်လာမည်မဟုတ်။

အခုတလော လုယန်နာမည်က မုန်ကျင်းကျိုးထက် နည်းနည်းပိုထင်ရှားနေသည်။ တာအိုရှင်ဝစီပိတ် ကူးဖြတ်ခြင်းအဆင့်ရောက်သွားသည့်ကိစ္စကို လူအများအာရုံစိုက်ကြသောကြောင့်ဖြစ်သည်။

ထို့ကိစ္စက လုယန်အပေါ်လည်း သက်ရောက်မှုရှိသည်။

လုယန် သူ့နဖူးသူလက်ဖြင့်အုပ်လိုက်သည်။ မုန်ကျင်းကျိုးက 'လောင်လု'ဟု ခေါ်လိုက်ရုံဖြင့် သူ့နာမည်ကို တစ်ခြားလူများ ခန့်မှန်းနိုင်မည်ဟု ထင်မထားခဲ့။

သူအတော်နာမည်ကျော်နေသည်။

ဤအခြေအနေရောက်လာပြီဖြစ်၍ ဆက်ဟန်ဆောင်နေစရာလည်းမလိုတော့။

သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။ လူအများသိသည့်မျက်နှာ ပေါ်လာသည်။

"တကယ်သူပဲဟေ့"

"မင်းက လုယန်လား"

လီကျိုးအာရုံက လုယန်ဆီပြောင်းသွားသည်။

သူ့အဘိုးသည် တာအိုရှင်ဝစီပိတ်နှင့် ပြဿနာရှိခဲ့ဖူသည်။ ထို့ကြောင့် လုယန်နှင့်တွေ့လျှင် ကောင်းကောင်းသင်ခန်းစာပေးဖို့ သူ့ကိုအမြဲညွှန်ကြားလေ့ရှိသည်။

သို့သော် ယခုအခြေအနေက သူ့ကိုယ်သူကာကွယ်နိုင်လျှင်ပင် အတော်ကံကောင်းပြီဟု ဆိုနိုင်သည်။

"ရှောင်ကျိုး၊ မင်းအတော်မာန်တက်နေတာပဲ။ ညစာစားစရာနေရာမရှိလို့ သူများနေရာဝင်လုတယ်ပေါ့။ ငါနဲ့အအတူရှိနေတုန်းက မင်းဒါမျိုးဘာလို့မလုပ်တာလဲ"

လီကျိုး ပလတ်စတစ်အပြုံးမျိုး ပြုံးနေရသည်။ ဘာမှပြန်မပြောရဲ။

"ဦးလေးရှု၊ ကျုပ်တို့အတွက် စိတ်မပူပါနဲ့။ ကျုပ်တို့ မြို့တော်ထဲကို ဆက်လည်ဦးမယ်"

"ကောင်းပါပြီဗျာ"

ရှုယွီ ပြုံးလျက် ဆိုင်ထဲမှထွက်သွားသည်။

"မုန်သခင်လေး၊ ကျုပ်လည်း သွားလို့ရပြီလား"

လီကျိုး နောက်ဆုတ်ရင်း သတိထား၍မေးလိုက်သည်။

"နေဦး၊ မင်းက ဘယ်ကိုသွားချင်လို့လဲ။ ခုနက ဒီနေ့စားသောက်သမျှကုန်ကျစရိတ်ကို ငါ့စာရင်းထဲထည့်တွက်မယ်လို့ ပြောလိုက်တယ်။

အခုမင်းက လေလံပိုပေးထားတဲ့လူဆိုတော့ အဲဒီ့ကုန်ကျစရိတ်ကိုလည်း မင်းထည့်တွက်သင့်တယ်မဟုတ်လား"

"သခင်လေးပြောတာမှန်ပါတယ်။ ထည့်တွက်ပေးရမှာပေါ့"

လီကျိုး ဆန့််ကျင်စကား တစ်ခွန်းမှမပြောရဲ။ မုန်ကျင်းကျိုးနှင့် ဝေးရာသို့သာ အမြန်ထွက်ပြေးချင်နေသည်။ ဘယ်ဝိညာဉ်ကျောက် ဘယ်မိန်းမိကိုမှ သူစိတ်မဝင်စားတော့။

"ကောင်းပြီ၊ သွားတော့"

လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သကဲ့သို့ လီကျိုး ထန်ရှန်းအိမ်တော်မှ အမြန်ထွက်သွားသည်။

.....

လုယန်နှင့်မုန်ကျင်းကျိုးတို့ပေါ်လာသည့်သတင်းက နန်းမြို့တော်တွင် လျင်မြန်စွာပျံ့နှံ့သွားသည်။

"ဘာရယ်၊ ဝစီပိတ်ရဲ့တပည့် ပေါ်လာပြီလား"

ထိုသတင်းကြောင့် ပြည်ထဲရေးဝန်ကြီး ငြိမ်ထိုင်မနေနိုင်တော့။ သူ့ကျင့်စဉ်ပါရမီက ညံ့သည်။ ကူးဖြတ်ခြင်းအဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်မရှိ။ ထို့ကြောင့် သူတံခါးပိတ်မကျင့်တော့။

ဝစီပိတ်ကိုအနိုင်ယူခွင့်ရှိဦးမည်ဟု သူလုံးဝမထင်။ သို့သော် ကံကြမ္မာက မျက်နှာသာပေးသည်။ ဝစီပိတ်၏တပည့် နန်းမြို့တော်သို့ရောက်လာသည်။

"သားရေ၊ ဒီကိုလာဦးကွာ။ မင်းကျင့်ကြံတာ အခြေအနေဘယ်လိုလဲ"

ပြည်ထဲရေးဝန်ကြီးက သူ့အငယ်ဆုံးသားကို ခေါ်သည်။ သူ့သားသမီးများထဲတွင် ကျင့်စဉ်ပါရမီအထူးခြားဆုံး အလားအလာအကောင်းဆုံးလူငယ်ဖြစ်သည်။

သူ့သားသည် ရုပ်ရည်ခံ့ညားသည်။ လမ်းပေါ်ထွက်လျှင် မိန်းကလေးများ လည်ပြန်ကြည့်ရလောက်အောင် ထူးခြားသည်။

"အဖေပေးတဲ့ဆေးတွေကြောင့် ဘာမှအခက်အခဲမရှိပါဘူး။ ကျုပ်အခု နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်ကိုရောက်ပြီ"

ဝန်ကြီးခေါင်းငြိမ့်သည်။

"အခု လူတစ်ချို့ကမင်းကို ပါရမီရှင်လို့ ခေါ်နေသံကြားတယ်"

သူ့သားက ယုံကြည်ချက်အပြည့်ဖြင့်ပြုံးလျက်

"ပါရမီရှင်လို့တော့ ကျုပ်မပြောရဲပါဘူး။ လူတွေက အမွှန်းတင်လွန်းတာပါ။ ဒါပေမယ့်အခုထိ တိုက်ပွဲမှာ ကျုပ်တစ်ခါမှ မရှုံးဖူးသေးဘူး"

"ကောင်းတယ်ကွာ။ လုယန်ဆိုတဲ့ တာအိုရှင်ဝစီပိတ်ရဲ့တပည့် နန်းမြို့တော်ကိုရောက်လာပြီ။ မင်းအဖေက ဝစီပိတ်ကို မယှဉ်နိုင်ခဲ့ဘူး။ အခု မင်းကိုပဲအားကိုးရတော့မယ်။ လုယန်နဲ့ လက်ရည်သွားယှဉ်လိုက်ပါ"

"ဗျာ..."

သားဖြစ်သူ မျက်နှာပျက်သွားသည်။ သူ့ပါရမီက ထူးခြားပါသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် ဗိုလ်စွဲခဲ့ဖူးသည့် လုယန်လိုပါရမီရှင်နှင့်တော့ ယှဉ်နိုင်မည်မဟုတ်။

မည်သို့ဆိုစေ လုယန်သည် ဂိုဏ်းသခင်လုနှင့် လက်ရည်တူတိုက်ခိုက်နိုင်သူဖြစ်သည်။

...ကျုပ်သာအဲလောက် စွမ်းအားကြီးရင် နန်းမြို့တော်မှာ ဘာလို့နေမှာလဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းကို ချက်ချင်းဝင်လိုက်မှာပေါ့...

....

"အဘိုး၊ ကျုပ်ကို မုန်ကျင်းကျိုးနဲ့လုယန်က အနိုင်ကျင့်တယ်"

ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်ရောက်ရောက်ချင်း လီကျိုးက သူ့အဘိုးကိုတိုင်သည်။ တစ်လမ်းလုံး သူမကျေမနပ်ဖြစ်ခဲ့ရသည်။

သို့သော် မုန်ကျင်းကျိုးနှင့်လုယန်ကို သူမယှဉ်နိုင်။ ထို့ကြောင့် သူ့အဘိုးကိုသာ အကူအညီတောင်းရသည်။

သူ့အဘိုးက မုန်မိသားစုရော ဝစီပိတ်နှင့်ပါ ရန်စရှိခဲ့သူဖြစ်သည်။ ယခုလို ပြန်လက်စားချေရမည့်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်။

အကြံပေးအမတ်သည် ဆံဖြူနေသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ လီကျိုးပိုပိုသာသာပြန်ပြောပြသည့် အဖြစ်အပျက်ကို နားထောင်ပြီးနောက် သူခဏစဉ်းစားသည်။

"ဝစီပိတ်တပည့်လည်း ရောက်လာတာလား"

"အဓိကကတော့ ဟိုမုန်ကျင်းကျိုးပါ။ သူက တကယ်တရားလွန်တယ်"

အကြံပေးအမတ်က သူ့စကားကိုအရေးမစိုက်။ သူ့ဘာသာ ဆက်ရေရွတ်နေသည်။

"လုယန်ကို မင်းအကိုကြီးအဖြစ် အသိအမှတ်ပြုလိုက်ရင် မင်းနဲ့လုယန် မျိုးဆက်တစ်ခုတည်းဖြစ်သွားမယ်။ ဒါဆို တာအိုရှင်ဝစီပိတ်က ငါ့သားနဲ့မျိုးဆက်တူဖြစ်လာမယ်။ ပုံမှန်သတ်မှတ်ချက်က အဲလိုပဲမဟုတ်လား"

"ဘယ်လို.."

"ဘာမှဘယ်လိုမနေနဲ့။ အခုချက်ချင်း လုယန်ဆီသွားပြီး မင်းအကိုကြီးအဖြစ် အသိအမှတ်ပြုလိုက်"

......

မုန်အိမ်တော်သို့ ပြန်ရောက်ချိန်တွင် လုယန်ကို စားပွဲတစ်လုံးအပြည့်ရှိနေသည့် ဖိတ်ခေါ်စာများက စောင့်ကြိုနေသည်။

"များလှချည်လား။ မင်းအတော် ရေပန်းစားတာပဲ ဟားဟား"

မုန်ကျင်းကျိုးက စနောက်သည်။

နန်းမြို့တော်တွင် ရန်သူများစွာရှိသော်လည်းး မုန်မိသားစုသခင်လေးဖြစ်သည့်သူ့ကို ပေါ်ပေါ်ထင်ထင်ရင်ဆိုင်ရဲသူမရှိ။

လုယန်က စားပွဲအလယ်တွင် မျဉ်းတစ်ကြောင်းကန့်လန့်ဖြတ်ဆွဲပြီး ရှင်းပြသည်။

"ဘယ်ဘက်ကစာတွေက စိန်ခေါ်စာတွေ။ ညာဘက်ကစာတွေက ညီအကိုတော်ချင်တဲ့စာတွေ။ စိန်ခေါ်စာတွေက ငါ့ဆရာရန်သူတွေရဲ့ သားသမီးတွေဆီကလာတာ။ မိတ်ဖွဲ့စာတွေက ငါ့ဆရာရန်သူတွေရဲ့ မြေးမြစ်တွေဆီကလာတာ"

"စိန်ခေါ်စာတွေကို မင်းဘာကြောက်နေစရာလိုလဲ။ တိုက်ခိုက်လိုက်ရုံပဲလေ"

လုယန် သက်ပြင်းချသည်။

"တစ်ယောက်ချင်းတိုက်ခိုက်ရမှာတော့ ငါမကြောက်ပါဘူး။ အခုဟာက အစုလိုက်တိုက်ခိုက်ဖို့ ချိန်းတဲ့စာတွေကွ"

တစ်နည်းဆိုသော အုပ်စုလိုက် ရိုက်နှက်ဖို့ရည်ရွယ်ထားသည့် ဖိတ်ခေါ်စာများဖြစ်သည်။

မုန်ကျင်းကျိုး ခေါင်းကုတ်လိုက်သည်။ တကယ်ရှင်းရခက်သည့် အခြေအနေဖြစ်သည်။ လုယန်အနေဖြင့် ရူးရူးမိုက်မိုက် သွားတိုက်ခိုက်၍လည်းမရ။

လက်အောက်ငယ်သားအဖြစ် အသိအမှတ်ပြုပြီး အုပ်စုဖွဲ့၍လည်းမဖြစ်။

ဤဖိတ်ခေါ်စာများကို မတုံ့ပြန်လျှင်လည်း သူအပြင်ထွက်ချိန်တွင် လုပ်ကြံတိုက်ခိုက်ခံရနိုင်ခြေရှိသည်။ သို့မဟုတ် သူ့ကိုအကိုကြီးတော်ချင်သူများ အုပ်စုလိုက်ဝိုင်းလိုက်နေကြလိမ့်မည်။

"ငါအကြံရပြီ"

မုန်ကျင်းကျိုး စိတ်ကူးတစ်ခုရလာသည်။

"ဘာအကြံလဲ"

......

လော်ထန်တော်အုပ်။

နန်းမြို့တော်အတွင်းမှ တောအုပ်ငယ်တစ်ခုဖြစ်သည်။ ကျင့်ကြံသူများ သစ်သားဓာတ်စုစည်းဖို့ မကြာခဏလာလေ့ရှိသည်။

ယနေ့ လော်ထန်တောအုပ်က ခါတိုင်းထက် လူစည်နေသည်။ အရာရှိသားသမီးများ၊ အဆင့်မြင့်မိသားစုဝင်များ စုဝေးနေသည်။

"မင်းလည်းလုယန်ဆီက ပြန်စာရထားတာလား"

လီကျိုးက သူနှင့်ခင်မင်သည့် ပြည်ထဲရေးဝန်ကြီး၏သားနှင့် စကားပြောနေသည်။

"ဟုတ်တယ်၊ ပြဿနာတွေရှင်းဖို့ လော်ထန်တော်အုပ်ကိုလာဖို့ ပြောထားတယ်။ ဒါပေမယ့် နေ့တစ်ဝက်ကျိုးပြီ။ ဘယ်သူမှလည်း မမြင်သေးပါလား"

အားလုံး တွေးရခက်နေစဉ် မုန်ကျင်းကျိုးက သစ်ပင်များထက်မှ ခုန်ဆင်းလာသည်။

"အားလုံးအသံတိတ်ပေးပါ။ စကားပြောတဲ့လူရှိရင် ငါတို့မုန်မိသားစုက အဲဒီ့လူမိသားစုရဲ့ငွေတိုးနှုန်းကို မြှင့်ပစ်မယ်"

လူအုပ်ကြီး ချက်ချင်းငြိမ်ကျသွားသည်။

"ဒီနေ့စုဝေးကြရတဲ့ရည်ရွယ်ချက်ကို အားလုံးသိပြီးသားပါ။ မင်းတို့အားလုံး လုယန်ကြောင့် ဒီကိုရောက်လာကြတယ်။

တစ်ချို့က ရှေ့မျိုးဆက်ရဲ့ အမုန်းတရားကြောင့် လုယန်ကို စိန်ခေါ်ဖို့လာတယ်။ တစ်ချို့က ငါတို့ဂိုဏ်းချုပ်ထက် ဝါစဉ်ကြီးချင်လို့ လုယန်ကို အကိုကြီးအဖြစ်သတ်မှတ်ဖို့လာတယ်။

ဒါတွေကို ငါနားလည်ပါတယ်။...ဒါပေမယ့် လုယန်က တစ်ယောက်တည်းပဲရှိတယ်။ မင်းတို့ဝိုင်းတိုက်ရင် သူအားလုံးကို အနိုင်မယူနိုင်တာ သေချာတယ်။

လူတိုင်းက သူ့ကိုအကိုကြီးအဖြစ်သတ်မှတ်ရင်လည်း သူမင်းတို့ကို လက်ခံနိုင်မှာမဟုတ်ဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ လုယန်နဲ့ငါ ဆွေးနွေးတိုင်ပင်ပြီး ပြိုင်ပွဲတစ်ခုကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်"

"ပြိုင်ပွဲတဲ့လား"

လုအုပ်ကြီး မျက်မှောင်ကျုံ့သွားသည်။ မုန်ကျင်းကျိုးပြောသည့်စကားကို နားမလည်ကြ။

"စွမ်းအားကြီးတဲ့သူကို လေးစားရတယ်ဆိုတဲ့ စကားရှိတယ်။ စွမ်းအားကြီးတဲ့လူတွေပဲ အခွင့်ထူးခံစားရတယ်"

သူရှင်းပြသည်။

"ဒီပြိုင်ပွဲကို လုယန်ဗိုလ်လုပွဲလို့ နာမည်ပေးထားတယ်။ အုပ်စုပွဲစဉ် ပြိုင်ပွဲမျိုးပါ။ တစ်ယောက်ချင်း တိုက်ခိုက်ရမယ်။ အနိုင်ရတဲ့လူက နောက်တစ်ဆင့်တက်မယ်။ နောက်ဆုံးကျရင် ပထမဗိုလ်စွဲတဲ့လူ ပေါ်လာမယ်"

မုန်ကျင်းကျိုးစကားကို အားလုံးပြန်စဉ်းစားနေချိန်တွင် ရုတ်တရက် မုန်ကျင်းကျိုးရှေ့သို့ လူတစ်ရပ်ခန့်မြင့်သည့် အနီရောင်သေတ္တာတစ်လုံး လေထဲမှကျလာသည်။

သေချာသပ်သပ်ရပ်ရပ် ထုပ်ပိုးပြင်ဆင်ထားသည်။

မုန်ကျင်းယုက သစ်ပင်ထက်တွင်ရပ်လျက် အသက်ကိုမောပန်းစွာရှူရှိုက်နေရသည်။ ထိုသေတ္တာကို သူပစ်ချခဲ့ခြင်းဖြစ်သည်။

မုန်ကျင်းကျိုး သေတ္တာကို ချက်ချင်းဖွင့်သည်။ ထိုင်ခုံတစ်လုံးတွင် ကြိုးတုပ်ထားသည့်လုယန် ပေါ်လာသည်။

"ဒါကတော့ ပြိုင်ပွဲရဲ့ဆုဖလား...လုယန်ပါ။ ပြိုင်ပွဲမှာ ဘယ်သူပဲအနိုင်ရရ လုယန်ကို စိန်ခေါ်တိုက်ခိုက်မလား ဒါမှမဟုတ် အကိုကြီးအဖြစ်အသိအမှတ်ပြုမလား စိတ်ကြိုက်လုပ်ခွင့်ရှိတယ်"

*********************************

အခန်း (၈၃၁) အားလုံးအကျိုးရှိသည်

ပြိုင်ပွဲစည်းမျဉ်းများကို မုန်ကင်းကျိုးကြေညာပြီးနောက် တောအုပ်တစ်ခုလုံး ငြိမ်ကျသွားသည်။ လူအုပ်ကြီးက ညအမှောင်ထဲမှ ဝံပုလွေအုပ်ကဲ့သို့ လုယန်ကို လောဘမျက်လုံဖြင့် စိုက်ကြည့်နေသည်။

လုယန် ကြက်သီးထလာသည်။ မုန်အိမ်တော်တွင် ဖိတ်ခေါ်စာများအစုအပုံလိုက် မြင်ရစဉ်က ကိစ္စမရှိ။ ယခု ဖိတ်ခေါ်စာပို့ခဲ့သူများကိုယ်တိုင် သူ့ရှေ့တွင် အစုအပြုံလိုက်ရပ်နေသည်။

...ဆရာ၊ နန်းမြို့တော်မှာ လူဘယ်နှစ်ယောက်ကိုများ ဆရာရန်စခဲ့တာလဲ။ ဆရာက ကူးဖြတ်ခြင်းအဆင့်ရောက်ပြီပဲ။ ကျုပ်ဆီအမြန်လာပြီး ဒီရန်သူတွေကို ရှင်းပေးပါလား...

ရက်စက်ကြမ်းတမ်းသည့် ကျင့်ကြံမှုလောက၌ ကိုယ့်အတွက်အန္တရာယ်ကင်းအောင် သတ်ဖြတ်ရာတွင် စိတ်ဓာတ်ပြတ်သားဖို့လိုသည်။

မုန်ကျင်းယုက သစ်ပင်တစ်ပင်ထိပ်ဖျားတွင် ထိုင်နေသည်။ အရှေ့ပင်လယ်မှ သစ်သီးများနှင့် ထန်ရှန်းဆိုင်မှ အချိုပွဲများ သူ့ဘယ်ဘက်တွင်ရှိသည်။

ညာဘက်တွင် နတ်ဆိုးနယ်မြေမှ ယူလာသည့် သစ်သီးများ၏အရည်ညှစ်ထားသည့် သစ်သီးဖျော်ရည်ရှိသည်။

ထိုအရာများက လုယန်ကို ကြိုးတုပ်ရခြင်း၊ လှလှပပထုပ်ပိုး၍ သေတ္တာထဲထည့်ရခြင်း၊ သေတ္တာကို အချိန်ကိုက် ပစ်ချရခြင်းတို့ကြောင့် ရလာသည့် အဖိုးအခဖြစ်သည်။

အောက်ဘက်မှမြင်ကွင်းကို သူစိတ်ဝင်တစားကြည့်နေသည်။ ကျင့်ကြံရသည်ထက်၊ စာဖတ်ရသည်ထက် ပိုစိတ်ဝင်စားဖို့ကောင်းသည်။

"အကိုပြောတာတော့ ဒီပွဲမှာ ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတိုက်ခိုက်ကြသလဲဆိုတာ ငါလက်တွေ့မြင်ရမယ်။ နောက်ပိုင်း ငါကျင့်ကြံတဲ့အခါ အများကြီးအထောက်အကူပြုလိမ့်မယ်တဲ့"

သူ့ဘာသာရေရွတ်နေသည်။

"အဖေကမေးလာရင်လည်း လက်တွေ့ဗဟုသုတရှာတာလို့ ပြောလိုက်ရုံပဲပေါ့"

ထို့နောက် ပြိုင်ပွဲကို ဆက်ကြည့်သည်။ ထိုလှုပ်ရှားမှုမျိုး သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

"လုယန်က ဒီမှာရှိနေပြီပဲ။ ဘာလို့ပြိုင်ပွဲဝင်နေမှာလဲ။ သူ့ကိုအားလုံးဝိုင်းတိုက်ကြမယ်လေ"

လူအုပ်ထဲမှ တစ်ယောက်ကအော်သည်။ မိသားစုဆန္ဒကိုဖြည့်ဆည်းပြီး သူ့အစွမ်းသူ စမ်းသပ်ကြည့်ဖို့ လာခဲ့ခြင်းဖြစ်သည်။ အပိုအလုပ်များလုပ်နေဖို့ အချိန်မရှိ။

"လုယန်က နောင်တစ်ချိန် ငါ့အကိုကြီးဖြစ်လာမှာ။ သူ့ကိုဘယ်သူဒုက္ခပေးရဲသလဲ။ စမ်းကြည့်လိုက်စမ်းပါ"

နောက်တစ်ယောက်က ထပ်အော်သည်။ အသံရှင်ကလည်း မိသားစုဆန္ဒကြောင့် လုယန်ကို အကိုကြီးအဖြစ် အသိအမှတ်ပြုပြီး ဝစီပိတ်၏ မျိုးဆက်အဆင့်အတန်းကို နှိမ့်ချလို့၍ ရောက်လာခြင်းဖြစ်သည်။

"သူ့ကို ဝိုင်းတိုက်မယ်ဆိုရင် စွမ်းအားအစစ်ပြရာမရောက်ဘူး။ လုယန်ကို တရားမျှမျှတတ အနိုင်ယူနိုင်တာကမှ တော်ဝင်လမ်းစဉ်ပဲ"

"အဓိပ္ပါယ်မရှိတာ မပြောနဲ့။ မင်းက ဝိညာဉ်ပြောင်းအဆင့်ဆိုတော့ တစ်ယောက်ချင်းတိုက်မယ်လို့ ပြောအားရှိတာပေါ့။ မင်းတကယ်အစွမ်းအစရှိရင် ကျင့်စဉ်စွမ်းအားကို နတ်ဝိညာဉ်အဆင့်ထိချပြီး လုယန်နဲ့ တိုက်ခိုက်ကြည့်လိုက်လေ"

"စကားမပြောပါနဲ့။ အားလုံးစကားအသံတိတ်ပေးကြပါ"

ထိုအခြေအနေမျိုးကို မုန်ကျင်းကျိုး ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။

"နောက်ထပ်ပြဿနာရှာတဲ့လူတွေကို မင်းတို့မိသားစုဟာ ငါတို့မုန်မိသားစုရဲ့ အကောင်းဆုံးစီးပွားဖက်တွေပါလို့ ကြေညာလိုက်မယ်"

မုန်ကျင်းကျိုးလက်နှစ်ဘက်နောက်ပစ်၍ အောက်ဘက်မှလူအုပ်ကို ငုံ့ကြည့်သည်။ သူ့အကြည့်ကို ရင်မဆိုင်ရဲသဖြင့် အားလုံး ခေါင်းငုံ့သွားကြသည်။

မုန်မိသားစု၏ စီးပွားဖက်အဖြစ် ကြေညာခံရမည်ကို ကြောက်လန့်နေကြသည်။

"အဲလိုမှပေါ့။ ကန့်ကွက်စရာရှိသေးလား။ မရှိရင် ပြိုင်ပွဲအတွက် အသင့်ပြင်ကြတော့"

သူကြေညာလိုက်သည်။

အမှန်တော့ လူအတော်များများက ပြိုင်ပွဲဝင်ရမည်ကို အတော်ပျော်ရွှင်ကြသည်။ နန်းမြို့တော်က ကျယ်ပြန့်သော်လည်း တစ်ယောက်ချင်းတိုက်ခိုက်ခွင့် သိပ်မရကြ။

အုပ်စုဖွဲ့၍ လုယန်ကိုစိန်ခေါ်ရဲသူများသည် သူတို့ကျင့်စဉ်စွမ်းအားကို ယုံကြည်ချက်ရှိသူများဖြစ်သည်။ ဆေးဝါးအကူအညီဖြင့် အဆင့်တက်လာသူများမဟုတ်။

နန်းမြို့တော်နှင့် ဝေးသည့်တစ်နေရာတွင် သူတို့ရှိနေခဲ့လျှင် ပထမအဆင့်ဂိုဏ်း သို့မဟုတ် ထိပ်သီးဂိုဏ်းတစ်ခု၏ တပည့်များဖြစ်လာပေလိမ့်မည်။

"ကဲ...မဲနှိုက်ကြပါ"

မဲနံပတ်တွဲများပါသည့် သေတ္တာတစ်လုံးကို မုန်ကျင်းကျိုးထုတ်လိုက်သည်။ နံပတ်တူဆွဲမိသူချင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သေတ္တာကို ဝိညာဉ်အာရုံမထိုးဖောက်နိုင်အောင် စီမံထားသည်။ မဲနှိုက်ရာတွင် မလှည့်စားနိုင်စေဖို့ဖြစ်သည်။

သခင်လေးများ မုန်ကျင်းကျိုးလမ်းညွှန်ချက်အတိုင်း တန်းစီ၍ မဲဆွဲသည်။ ကိုယ့်ထက်နည်းနည်းစွမ်းရည်နိမ့်သူနှင့် မဲကျပါစေဟု ဆုတောင်းနေကြသည်။

တစ်ချို့က ဝမ်းသာသွားသည်။ တစ်ချို့က စိတ်ပျက်သွားကြသည်။ ကိုယ့်စွမ်းအားကိုယ်ယုံကြည်ပြီး လုံးဝမရှုံးနိုင်ဟု ယုံကြည်သူများလည်းရှိသည်။

"ငါတော့သွားပြီ။ ငါ့ပြိုင်ဘက်က စွန်းချန်ရှန်းတဲ့"

လူတစ်ယောက် မျက်နှာဖြူရော်သွားသည်။ ပြိုင်ဘက်ကို နိုင်ခြေမရှိမှန်း သိနေသည်။

စွန်းချန်ရှန်းသည် ကာကွယ်ရေးဝန်ကြီး၏သားဖြစ်သည်။ နန်းမြို့တော်သခင်လေးလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ တိုက်ခိုက်စွမ်းအား မြင့်မားသည်။

စွန်းချန်ရှန်းက မဲနံပတ်ယူပြီးနောက် သူ့ပြိုင်ဘက်ဘယ်သူဆိုသည်ကိုပင် မကြည့်တော့။

သူ့ကျင့်စဉ်စွမ်းအားသည် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့် ရလာခြင်းဖြစ်သည်။ ဆေးဝါးအကူအညီကြောင့်မဟုတ်။ သူ့ပြိုင်ဘက်အဖြစ် အဆင့်မီသူ နည်းနည်းသာရှိသည်။

"အန်းနန်အာလည်း ရောက်နေတာလား"

နောက်တစ်ယောက်ကလည်း သိပ်ကံမကောင်း။ နန်းမြို့တော်လူငယ်မျိုးဆက်များကြားတွင် စွမ်းအားအကြီးဆုံးကျင့်ကြံသူများထဲမှတစ်ယောက်နှင့် မဲကျသည်။

နန်းတွင်းတပ်မှူး၏သမီးဖြစ်သည့် အန်းနန်အာကို မွေးဖွားသည့်အချိန်တွင် ထူးဆန်းသည့် ကပ်ဆိုးနိမိတ်မျိုးပေါ်ခဲ့သည်။ တပ်မှူးသာမတားဆီးခဲ့လျှင် မြို့တော်တစ်ခုလုံး ထိုကပ်ဆိုးနိမိတ် ဖုံးလွှမ်းခဲ့ပေလိမ့်မည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီး၏သား ဉာဏ်ရည်ထက်မြက်သည့် ကျုန်းယိ။ သူလိုချင်သည့်အရာမှန်သမျှ ရအောင်ယူနိုင်သည်ဟု ဆိုကြသည်။

စစ်ဗျူဟာမှူး၏သား လော်ဝူရွှမ်း။ စာပေနှင့်သိုင်းပညာ နှစ်ခုလုံးတော်သည်ဟုဆိုကြသည်။

စွန်းချန်ရှန်း၏ ပွဲစဉ်က ချက်ချင်းပြီးဆုံးသွားသည်။ ရေခဲနဂါးဖန်တီး၍ နဂါးထွက်သက်တစ်ခု မှုတ်ထုတ်လိုက်သည်။ သူ့ပြိုင်ဘက် ရေခဲရုပ်ဘဝပြောင်းသွားပြီး ပြိုင်ပွဲကွင်းအပြင်ဘက်သို့ သယ်ထုတ်သွားရသည်။

မြန်ဆန်လွန်းသည့် စွန်းချန်ရှန်း၏ပွဲစဉ်ကိုမြင်ပြီးနောက် စိစစ်ရေးဝန်ကြီး၏သား နိန်ဖန်း ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ဤနှုန်းအတိုင်းဆိုလျှင် ပြိုင်ပွဲပြီးဆုံးဖို့ သိပ်ကြာမည်မဟုတ်။

ဆုဖလားလုယန်ကို ထည့်မစဉ်းစားသေး။ မုန်ကျင်းကျိုးသည် တိုက်ခိုက်စွမ်းရည်အားကိုး၍ သူ့ကို လေးငါးကြိမ်အနိုင်ကျင့်ခဲ့ဖူးသည်။ ယခု စွန်းချန်ရှန်းကို သူတကယ်အနိုင်ယူချင်သည်။ သို့သော် သူ့စွမ်းအားက အကန့်အသတ်ရှိနေသည်။

"နိန်ဖန်း၊ မင်းနိုင်ချင်လား"

မုန်ကျင်းကျိုးက မပွင့်တပွင့်ပြုံး၍ သူ့ဆီလျှောက်လာသည်။

"မုန်သခင်လေးမှာ ဘာအကြံပေးစရာရှိလို့လဲ"

"အကြံမပေးရဲပါဘူး။ ဒါပေမယ့် နည်းနည်းအကူအညီဖြစ်နိုင်တာတစ်ခုတော့ ရှိတယ်"

"ဘာလဲ"

မုန်ကျင်းကျိုးက နောက်ဘက်တွင်ဝှက်ထားသည့် သစ်သားရုပ်လေးတစ်ခု ဆွဲထုတ်လိုက်သည်။ သုံးလက်မသာရှည်သည်။ အချောသပ်မထား။ မျက်နှာလည်းပုံဖော်မထား။ အလွန်အကြမ်းစားဆန်သည့် လက်ရာဖြစ်သည်။

"ဒါသစ်ပင်တစ်ခုကနေ ယူလာတဲ့ ရုပ်သေးပဲ။ စွန်းချန်ရှန်းနဲ့ပွဲကျရင် မင်းဘာမှလုပ်စရာမလိုဘူး။ ဒီရုပ်သေးကို ပစ်လွှတ်လိုက်ရုံပဲ။ သူက မင်းကိုယ်စားတိုက်ခိုက်လိမ့်မယ်။

မင်းနဲ့တန်းတူစွမ်းအားမျိုး ထုတ်သုံးနိုင်တယ်။ ဒါလည်း စည်းမျဉ်းနဲ့ညီတာပဲလေ။ ဘယ်လိုလဲ၊ မင်းလိုချင်လား"

"ဒီလိုပစ္စည်းကောင်းမျိုးရှိတယ်ပေါ့"

နိန်ဖန်း ဝမ်းသာသွားသည်။

"တစ်ခါငှားရင် ဝိညာဉ်ကျောက်ငါးသိန်းပါ"

"ဈေးကြီးလှချည်လား"

နိန်ဖန်း ပက်လက်လန်မတတ်ဖြစ်သွားသည်။ သူသည် လီကျိုးလိုမဟုတ်။ အလွန်စည်းကမ်းတင်းကြပ်သည့် မိသားစုတစ်ခုမှလာသူဖြစ်သည်။ ဝိညာဉ်ကျောက်များများမရှိ။

"ကိစ္စမရှိပါဘူး။ ငါတို့က ငွေချေးဝန်ဆောင်မှုလည်း ပေးပါတယ်"

ထိုလုပ်ငန်းသည် မုန်မိသားစု၏ ရိုးရာလုပ်ငန်းဖြစ်သည်။ မုန်ကျင်းကျိုး အဆင့်မြင့်ဝိညာဉ်ကျောက်များဖြည့်ထားသည့် မှော်လက်စွပ်တစ်အိတ်နှင့် ငွေချေးစာချုပ်တစ်ခု ထုတ်လိုက်သည်။

"ငါတို့က လူရင်းတွေဆိုတော့ တစ်နှစ်စာအတိုးနှုန်းကို ဆယ်ရာနှုန်းပဲထားပေးမယ်။ မများလွန်းဘူးမဟုတ်လား"

"ဒါက..."

"ပြီးတော့ မင်းက ဝိညာဉ်ပြောင်းအဆင့်ကို တက်ခါနီးနေပြီပဲ။ ဝိညာဉ်ပြောင်းအဆင့်ရောက်ရင် ဝိညာဉ်ကျောက်ငါးသိန်းကို ပေးနိုင်မှာပဲမဟုတ်လား"

မုန်ကျင်းကျိုးစကား မမှားပါ။ ဝိညာဉ်ပြောင်းအဆင့်သို့ရောက်လျှင် သူတို့မိသားစု ဆုကြေးရမည်။ အနည်းဆုံး ဝိညာဉ်ကျောက်ငါးသိန်းရမည်။

"ယူမယ်ကွာ"

နိန်ဖန်း အံတင်းတင်းကြိတ်လိုက်သည်။ မုန်ကျင်းကျိုးထံမှ ဝိညာဉ်ကျောက်ငါးသိန်းချေးသည်။ ထို့နောက် သစ်သားရုပ်သေးငှားခအတွက် ချက်ချင်းပြန်ပေးရသည်။

"ဒီကောင်က တကယ်ရောတိုက်ခိုက်နိုင်ပါ့မလား"

နိန်ဖန်း ရုပ်သေးကို သင်္ကာမကင်းဟန်ဖြင့် ကြည့်နေသည်။

"မင်းဘာစကားပြောတာလဲကွ။ ငါ့နာမည်ဂုဏ်သတင်းက ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် ပစ္စည်းအတုကို ငါဘယ်တော့မှမရောင်းဘူး"

နိန်ဖန်းစဉ်းစားကြည့်သည်။ မုန်ကျင်းကျိုးစကားကလည်း မှန်နေသည်။

မကြာမီ ပထမအကြိုပွဲစဉ်များ ပြီးဆုံးသွားသည်။ နိန်ဖန်းနှင့်စွန်းချန်ရှန်းတို့ပွဲစဉ် ရောက်လာသည်။

စွန်းချန်ရှန်းစွမ်းရည်ကို သိကြပြီးဖြစ်၍ ပရိတ်သတ်က နိန်ဖန်းအတွက် အခွင့်ရေးရှိမည်ဟု သိပ်မထင်ကြ။

သို့သော် ပွဲစချိန်တွင် နိန်ဖန်းက ဘာမှော်ပညာမှမသုံး။ ရုပ်သေးတစ်ရုပ်ကိုသာ ပြိုင်ကွင်းထဲ ပစ်ထည့်လိုက်သည်။

သုံးလက်မသာရှည်သည့် သစ်သားရုပ်သေးက သစ်သားဓားကိုဝင့်၍ စွန်းချန်ရှန်းကို ခြိမ်း‌ခြောက်သည့်သဘောဖြင့် တယီးယီးတယားယားအော်ဟစ်နေသည်။

ထိုအဖြစ်ကိုကြည့်၍ စွန်းချန်ရှန်း တဟားဟားအော်ရယ်သည်။ သိပ်အလေးမထား။

ရုတ်တရက် သစ်သားရုပ်သေးက ကြောက်စရာဓားချီတစ်ခု ထုတ်လွှတ်လိုက်သည်။ စွန်းချန်ရှန်း ထိတ်လန့်တကြား နောက်ဆုတ်သွားပြီး ဒဏ်ရာမရအောင် ရေခဲနဂါးတစ်ခုဖြင့် ကာကွယ်လိုက်သည်။

ထို့နောက် အလေးထားတိုက်ခိုက်ရန် ကိုယ်ဟန်ပြင်သည်။ သစ်သားရုပ်ကို သူအထင်မသေးရဲတော့။

စင်မြင့်ပေါ်တွင် လုယန်က စွန်းချန်ရှန်းနှင့်တိုက်ခိုက်ဖို့ ရုပ်သေးကို အာရုံစိုက်၍ထိန်းချုပ်နေသည်။

မြေအောင်းပညာနှင့် သစ်ပင်စိုက်ပညာသုံး၍ ဖန်တီးခဲ့သည့် ရုပ်သေးဖြစ်သည်။ သူကိုယ်တိုင်က ဆုဖလားအဖြစ် ကြေညာခံထားရသည်။

ဘေးပေါက်အကျိုးအမြတ်နည်းနည်းတော့ ရသင့်သည်။ ထို့ကြောင့် မုန်ကျင်းကျိုးနှင့်ဆွေးနွေးတိုင်ပင်ပြီး ယခုဇာတ်လမ်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

စွန်းချန်ရှန်လည်း စိတ်ကျေနပ်စွာ တိုက်ခိုက်ခွင့်ရမည်။

နိန်ဖန်းလည်း စွန်းချန်ရှန်းကို အနိုင်ရမည်။

လုယန်လည်း ကိုယ့်ကိုယ်ပွားကိုငှားရမ်းပြီး ဝိညာဉ်ကျောက်ငါးသိန်းရမည်။

မုန်ကျင်းကျိုးလည်း ငါးသိန်းတန် အကြွေးစာချုပ်ရမည်။

အားလုံးအကျိုးရှိသည့် အနေအထားဖြစ်သည်။

********************************

All Chapters