← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂) စည်းလုံးခြင်းသည်အင်အား

"ဘယ်လိုလဲ ညီမလေး၊ မင်းဘာတွေ လေ့လာနေလဲ"

မုန်ကျင်းကျိုး သစ်ပင်ထက်သို့ ခုန်တက်သွားပြီး မုန်ကျင်းယု‌သောက်မည့် သစ်သီးရည်ကို ယူသောက်လိုက်သည်။

မုန်ကျင်းယုက သူ့အကိုကို တွေးတွေးဆဆဟန်ဖြင့်ကြည့်သည်။ ခဏကြာပြီးနောက်

"နိန်ဖမ်းနိုင်မနိုင်ဆိုတာလောင်းဖို့ သီးသန့်လောင်းကစားဝိုင်းမျိုး ထောင်ကြမလား"

မုန်ကျင်းကျိုး စိတ်ပျက်လက်ပျက် လက်ခါပြသည်။

"ငါတို့မုန်မိသားစုက အရာရှိတွေ ကုန်သည်တွေနဲ့ ပေါင်းစားတယ်။ ဒါပေမယ့် တရားမဝင်လုပ်ငန်းမျိုးတော့ လုပ်လို့မဖြစ်ဘူး"

ရုပ်သေး၏ ဓားပညာက အလွန်ကောင်းသည်။ စွန်းချန်ရှန်း ဓားကျင့်ကြံသူများစွာ မြင်ဖူးသည်။ သို့သော် ထိုမျှကောင်းသည့် ဓားစွမ်းရည်မျိုး မမြင်ဖူး။

"ရေခဲနဂါး ပင်လယ်ကထွက်"

စွန်းချန်ရှန်း ကျယ်လောင်စွာအော်ဟစ်၍ ရေခဲနဂါးနှစ်ကောင် ဖန်တီးလိုက်သည်။ နဂါးများက ရေခဲငွေ့မှုတ်ထုတ်သည်။ မြေပြင်တွင် ရေခဲဖုံးသွားသည်။ သစ်ရွက်များပေါ်တွင် ရေခဲလွှာများ ကပ်လာသည်။

ရုပ်သေးက သစ်သားဓားကိုဝင့်ရင်း ခနိုးခနဲ့ရယ်သည်။ ဓားနယ်မြေတစ်ခု တည်ဆောက်သည်။ နဂါးငွေ့လည်းမဝင်နိုင်။ ရေခဲလည်း ရှေ့ဆက်မတိုးနိုင်တော့။

"နိန်ဖန်း၊ မင်းမှာ ဒီဝှက်ဖဲမျိုးရှိနေမယ်လို့ ထင်မထားဘူး"

နိန်ဖန်းအပေါ် သူအမြင်ပြောင်းသွားသည်။ နိန်ဖန်းနှင့် အကြိမ်များစွာ သူယှဉ်ပြိုင်တိုက်ခိုက်ဖူးသည်။ ဤရုပ်သေးကို ဘယ်တော့မှထုတ်မသုံးခဲ့။

ပွဲစထုတ်ချိန်တွင် ရုပ်သေး၏ အထင်ကြီးလောက်စရာမရှိသည့် ရုပ်သွင်ဖြင့်ပင် လှည့်စားခဲ့သေးသည်။ တကယ်ဉာဏ်များသည်။

နိန်ဖန်းလည်း အံ့ဩနေသည်။ ဤရုပ်သေးလေး ထိုမျှစွမ်းအားကြီးမည်ဟု ထင်မထား။ ဝိညာဉ်ကျောက်ငါးသိန်းက ကုန်ရကျိုးနပ်သည်။

"ဒီပြိုင်ပွဲမှာ ငါ့ရဲ့အကြီးမားဆုံးပြိုင်ဘက်က မင်းပဲဖြစ်မယ်ထင်တယ်။ ဒီပညာနဲ့ဆို လုယန်တောင် အခက်ကြုံလောက်တယ်"

ပြိုင်ပွဲ၏ ဒုတိယသုတ်ပွဲစဉ်များ တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။ ကုလားထိုင်တွင် ကြိုးတုပ်ခံထားရသည့်လုယန်က ရုပ်သေးဘက်သို့ စိုက်ကြည့်နေသည်ကို စွန်းချန်ရှန်း သတိထားမိသည်။

နိန်ဖန်း၏ ရုပ်သေးပညာကို အထင်ကြီးလေးစားနေမှန်း သိသာသည်။

နိန်ဖန်းက ငွေကုန်ရကြိုးနပ်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဝိညာဉ်ကျောက်ငါးသိန်းပေးခဲ့သည်။ ပေးသည့်ငွေနှင့်ထိုက်တန်အောင်လည်း လုယန်ဘက်မှဝန်ဆောင်မှုပေးရမည်။ ထို့ကြောင့် စိတ်အာရုံအပြည့်နှစ်၍ ရုပ်သေးကို သူထိန်းချုပ်နေသည်။

"ဝှစ်"

ရုပ်သေးက ရေခဲနဂါးနှစ်ကောင်ကို ဓားဖြင့်ခုတ်ဖြတ်ဖျက်ဆီးလိုက်သည်။ စွန်းချန်ရှန်းလည်း ပြိုင်ပွဲကွင်းအပြင်ဘက်သို့ လွင့်ထွက်သွားသည်။

"နိန်ဖန်းနိုင်တယ်"

"ငါတကယ်နိုင်သွားတာလား"

နိန်ဖန်းမျက်လုံးများ အပျော်ရိပ်တောက်ပလာသည်။

ရုပ်သေးကို ပြန်ယူရန်ပြင်သည်။ သို့သော် ရုပ်သေးက လူအုပ်ကြားထဲသို့ ပြေးဝင်၍ မြင်ကွင်းမှပျောက်သွားသည်။

ငါးသိန်းတန်ဝန်ဆောင်မှု အဆုံးသတ်သွားသည်။

ဒုတိယသုတ်တွင် ကြည့်ကောင်းသည့် နောက်ထပ်ပွဲတစ်ပွဲရှိသေးသည်။ လော်ဝူရွှမ်းနှင့် အန်းနန်အာတို့ပွဲဖြစ်သည်။

"မိတ်ဆွေအန်း၊ ငါတို့ ဒီနေရာမှာဆုံရမယ်လို့ ထင်မထားမိဘူး"

လော်ဝူရွှမ်းက သံချပ်ကာဝတ်၍ တင်းပုတ်ကိုင်ထားသည်။ စစ်ပွဲတစ်ပွဲနွှဲတော့မည်ကဲ့သို့ အားမာန်အပြည့်ရှိနေသည်။

"ဒါပေမယ့် ဒီပွဲမှာတော့ ငါမင်းကို မညှာနိုင်ဘူး။ ဝစီပိတ်ကိုရှုံးနိမ့်ခဲ့တဲ့ အရှက်တရားကို ပြန်အဖတ်ဆယ်နိုင်အောင် လုယန်ကို အနိုင်ယူဖို့ ငါ့အဖေကတာဝန်ပေးထားတယ်"

အန်းနန်အာအမူအရာက တည်ငြိမ်သည်။ သူ့လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်နှစ်ကွင်း တဖြေးဖြေးကြီးမားလာသည်။

ကျောက်စိမ်းကွင်းနှစ်ခုက လေထဲတွင် လှုပ်ရှားနေသည်။

"တိုက်ဆိုင်လိုက်တာ။ ကျွန်မအဖိုးကလည်း လုယန်ကို အကိုကြီးအဖြစ်အသိအမှတ်ပြုဖို့ တာဝန်ပေးထားတယ်။ ဒီတိုက်ပွဲကို ကျွန်မနိုင်အောင်တိုက်ရမယ်"

သူ့စကားကြားပြီးနောက် လုယန်စကားလှမ်းပြောရန်ပြင်သည်။ 'အကိုကြီးအဖြစ်အသိအမှတ်ပြုဖို့အတွက်နဲ့တော့ တိုက်ပွဲဝင်စရာမလိုပါဘူး'ဟု ပြောလိုခြင်းဖြစ်သည်။

သို့သော် မုန်ကျင်းကျိုးက သူ့အတွေးကိုရိပ်မိသဖြင့် အမြန်ခုန်ဝင်လာပြီး ပါးစပ်ထဲသို့ အဝတ်စတစ်ခုထိုးထည့်လိုက်သည်။

လုယန်ကို ကံဇာတာလာဘ်စန်းအားလုံး ယူသွားခွင့်မပေးနိုင်။

တိုက်ပွဲက မညီမျှ။ လော်ဝူရွှမ်းက ဝိညာဉ်ပြောင်းအခြေခံအဆင့်။ အန်းနန်အာက နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်။ တစ်ယောက်က မရှုံးနိမ့်ဖူးသည့် စစ်ပွဲစစ်သည်။ တစ်ယောက်က ထူးဖန်းသည့်နိမိတ်ဖြင့် မွေးဖွားလာသူ။

အဆင့်တူချင်းဆိုလျှင်တော့ လက်ရည်မျှပေလိမ့်မည်။ သို့သော် အဆင့်တစ်ဆင့်ကွာခြားနေသဖြင့် ပြိုင်ပွဲဟုပင် သတ်မှတ်၍မရ။

တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် နှစ်ယောက်လုံး ပြိုင်တူပြောကြသည်။

"မိတ်ဆွေအန်း၊ အဆင့်ကွာနေတော့ အရှုံးကို မင်းလက်ခံနိုင်မှာမဟုတ်ဘူး။ ငါ့ကျင့်စဉ်အဆင့်ကို ချလိုက်မယ်။ ဒါဆိုမင်းလက်ခံမှာပါ"

လော်ဝူရွှမ်း လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီး၍ နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်သို့ လျှော့ချလိုက်သည်။

"မိတ်ဆွေလော်၊ ကျွန်မအဆင့်နိမ့်လို့ ရှင်နိုင်မယ်မထင်နဲ့။ အမှန်တော့ ဝိညာဉ်ပြောင်းအဆင့်ကို ကျွန်မရောက်နေပြီ။ ကျွန်မကျင့်စဉ်စွမ်းအားကို ပိတ်ဆို့ထားတာ"

အန်းနန်အာ နဖူးထက်တွင်လက်တင်လိုက်သည်။ သူ့စွမ်းအင်ရောင်ထိုးတက်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်ပြောင်းအဆင့်သို့တက်သွားသည်။

လော်ဝူရွှမ်း "..."

အန်းနန်အာ "..."

နှစ်ယောက်လုံး အသံတိတ်သွားသည်။ အန်းနန်အာကစပြောသည်။

"ရှင့်စွမ်းအားကို ဝိညာဉ်ပြောင်းအဆင့်ထိ ပြန်မြှင့်လိုက်ပါလား"

ခဏငြိမ်နေပြီးနောက် လော်ဝူရွှမ်းကပြောသည်။

"...အဲဒါက တစ်နာရီလောက်ကြာမှာ။ မင်းကျင့်စဉ်အဆင့်ကို ပြန်ပိတ်ဆို့လိုက်ပါလား"

"ကျင့်စဉ်ပြန်ပိတ်ဆို့ဖို့ဆို နှစ်နာရီလောက်ကြာမှာ"

နှစ်ယောက်လုံး အတော်ကြာအောင် အသံတိတ်သွားပြန်သည်။ ဘယ်သူမှ အလကားသက်သက် တစ်နာရီကြာအောင် စောင့်မနေနိုင်။

"ကြိုတောင်းပန်ပါတယ် မိတ်ဆွေလော်"

အန်နန်အာ စိတ်ပိုင်းဖြတ်လိုက်သည်။ ကျင့်စဉ်အဆင့်နိမ့်သူကို အနိုင်မယူချင်သော်လည်း လက်ရှိအခြေအနေအရ ရွေးချယ်စရာမရှိ။

"ဟ သောက်လခွမ်း။ နေဦးလေ..."

လော်ဝူရွှမ်း ထင်မှတ်မထား။ တုံ့ပြန်ချိန်မရ။ ကျောက်စိမ်းကွင်းနှစ်ခု လွင့်ပျံလာသည်။ ပြိုင်ပွဲကွင်းအပြင်ဘက်သို့ သူလွင့်ထွက်သွားသည်။

"အန်းနန်အာနိုင်တယ်"

တစ်ခြားနေရာတစ်ခုတွင် ကျုန်းယုလည်း အင်အားကြီးပြိုင်ဘက်တစ်ယောက်နှင့် ကြုံနေရသည်။

"ဒီလူက ဘယ်သူလဲ။ တိုက်ခိုက်စွမ်းအားက မြင့်လှချည်လား။ ကျုန်းယိရှုံးတော့မယ်ထင်တယ်"

"မိသားစုတစ်ခုခုက တရားမဝင်သားတစ်ယောက်ဖြစ်မယ်။ လူတွေကို မျက်နှာချင်းမဆိုင်ရဲလို့ ပုန်းအောင်းနေတဲ့လူ ဖြစ်မှာပေါ့"

ပြိုင်ဘက်တိုက်ခိုက်မှုကြောင့် ကျုန်းယိ လွင့်ထွက်သွားသည်။ ခြေလှမ်းအတော်များများ ဆုတ်သွားပြီးမှ ကိုယ်ရှိန်သပ်နိုင်သည်။

အသက်ကို မောပန်းစွာရှူရှိုက်ရင်း ပြိုင်ဘက်ကို စိုက်ကြည့်သည်။

"မြို့တော်မှာ ဒီလိုစွမ်းအားရှင်တစ်ယောက် ပုန်းအောင်းနေမယ်လို့ ထင်မထားဘူး။ တကယ်လျှို့ဝှက်နိုင်တဲ့လူပဲ။

မင်းဘယ်သူလဲ။ ငါမင်းကို တစ်ခါမှမမြင်ဖူးပါဘူး"

ပြိုင်ဘက်က ကျုန်းယိနှင့်သက်တူရွယ်တူခန့် လူငယ်တစ်ယောက်ဖြစ်သည်။ ကျုန်းယိအမေးကြောင့် သူ့မျက်နှာတွင် နည်းနည်းရှက်သွားသည့်အမူအရာ ပေါ်လာသည်။

"အမှန်တော့ငါက အပြင်ကလာတဲ့ ကျင့်ကြံသူပါ။ နန်းမြို့တော်မှာရှိတဲ့ လော်ထန်တောအုပ်က အတော်နာမည်ကြီးတယ်ကြားလို့ လာကြည့်တာ။

နောက်တော့ မင်းတို့အားလုံး ရုတ်တရက်ပေါ်လာကြတယ်လေ။ လူအုပ်ထဲမှာ ငါညပ်သွားတယ်။ ရောက်ပြီးမှ ပြန်ထွက်သွားရင် မသင့်တော်ဘူးလို့ တွေးမိတယ်။ ဒါကြောင့် ဒီအတိုင်းပဲနေလိုက်တာ။

ဟိုမုန်မျိုးရိုးကငါ့ကို မဲနှိုက်ဖို့တောင် အတင်းတိုက်တွန်းတယ်။ မဲနှိုက်ပြီးတော့ ဘုမသိဘမသိ ဝင်တိုက်ခိုက်ရတယ်။ အဲဒါပြီးတော့အခု နောက်တစ်ပွဲမှာ မင်းနဲ့တွေ့တာပဲ။

ဒါနဲ့...စကားမစပ်ပြောရရင် ငါက စုစည်းခြင်းအဆင့်ပါ"

ကျုန်းယိ "..."

...မင်းလိုစုစည်းခြင်းအဆင့်တစ်ယောက်က ငါတို့လူငယ်တွေနဲ့ တိုက်ခိုက်နေတယ်ပေါ့...အရှက်ရောရှိရဲ့လား...

စုစည်းခြင်းအဆင့်လူငယ် ခေါင်းကုတ်ရင်း ရယ်နေသည်။

"အရှက်ရှိရင် အခုလိုစုစည်းခြင်းအဆင့် ဘယ်ရောက်လာပါ့မလဲ။ ဟုတ်တယ်မို့လား"

ထို့နောက် ပြိုင်ပွဲကွင်းထဲမှ သူခပ်အေးအေးထွက်သွားသည်။ နာမည်ပင်ပြောမသွား။

"ကျုန်းယိနိုင်တယ်"

ကျုန်းယိသည် အလွန်စွမ်းအားကြီးသည်။ ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် အန်းနန်အာနှင့်တွေ့သည်။ တိုက်ကွက်သုံးရာကျော်ပြီးနောက် အန်းနန်အာကို အနိုင်ရသွားသည်။

"မိတ်ဆွေကျန်းယိ၊ အနိုင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

မုန်ကျင်းကျိုးက ပြုံး၍လက်ခုပ်တီးသည်။ သူ့နောက်ဘက်မှ ကြိုးတုပ်ထားသည့်လုယန်ဆီ လမ်းကြောင်းဖွင့်ပေးသည်။

"အခု မိတ်ဆွေကျုန်းယိအနေနဲ့ လုယန်ကို စိန်ခေါ်ချင်သလား၊ ဒါမှမဟုတ် သွေးသောက်ညီအကိုဖွဲ့ချင်လား။ ဆန္ဒရှိသလို လုပ်နိုင်ပါပြီ"

အမှန်တော့ ပြောနေစရာပင်မလို။ ကျုန်းယိမျက်လုံးထဲတွင် တောက်ပနေသည့် တိုက်ပွဲစိတ်ဓာတ်ကို မုန်ကျင်းကျိုးမြင်သည်။ လုယန်ကို စိန်ခေါ်ဖို့ရောက်လာသည်မှာ သေချာနေသည်။

သို့သော် ဝိညာဉ်ပြောင်းအခြေခံအဆင့်တစ်ယောက်က လုယန်ကို အနိုင်ယူနိုင်မည်လော...

ကျုန်းယိက တိုက်ရိုက်ပြန်မဖြေဘဲ လေးနက်သည့်လေသံဖြင့် ပြောသည်။

"ငါတို့ဘိုးဘေးတွေဟာ ဆူးခင်းလမ်းတွေကိုဖြတ်ကျော်ခဲ့တယ်။ မျိုးရိုးအဆက်ဆက် ကျင့်ကြံမှုစနစ်ကို လက်ဆင့်ကမ်းခဲ့တယ်။

မဟာယုခေတ်အဆုံးမှာ ကျန်းမိသားစု ထင်ပေါ်လာတယ်။ မရေမတွက်နိုင်တဲ့စစ်သည်တွေကိုဦးဆောင်ပြီး မဟာရှားနိုင်ငံကို တည်ထောင်ခဲ့တယ်။

ဒါတွေဟာ တစ်ဦးတစ်ယောက်တည်းလုပ်လို့ မရနိုင်တဲ့အရာတွေပဲ။ စည်းလုံးခြင်းဟာ အင်အားပဲ"

ထို့နောက် လုယန်ကို လက်ညှိုးထိုးပြီး အားမာန်အပြည့်ဖြင့် သူကြေညာသည်။

"လုယန်ကို အုပ်စုလိုက်ဝိုင်းတိုက်ခိုက်ဖို့ ကျုပ်ရွေးချယ်တယ်"

*********************************

အခန်း (၈၃၃) အတုနှင့်အစစ်

လုယန်၏နာမည်ဂုဏ်သတင်းက လောကတစ်ခွင် ကျော်ကြားသည်။ ကျုန်းယိ အရူးမဟုတ်။ သူတစ်ယောက်တည်း လုယန်ကိုတိုက်ခိုက်လျှင် ရှုံးဖို့သေချာနေသည်။

အောက်ဘက်မှလူအုပ်ကြီးက ကျုန်းယိဆန္ဒကိုကြားပြီးနောက် စင်မြင့်ပေါ်မှလုယန်ဆီ ပြိုင်တူမော့ကြည့်ကြသည်။ အစောပိုင်းက လုယန်ကို အကိုကြီးအဖြစ် အသိအမှတ်ပြုချင်သူများလည်းပါသည်။

မည်သို့ဆိုစေ သူတို့အားလုံး ဗိုလ်စွဲသူ၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိသည်။

ထို့ပြင်...တိုက်ခိုက်ပြီးမှ အကိုကြီးအဖြစ် အသိအမှတ်ပြုလည်း နောက်မကျ။

"လောင်မုန်၊ ဘယ်လိုလုပ်ကြမလဲ"

လုယန် ချွေးပြန်နေသည်။ ကြိုးချည်ထားသည့်ဝက်တစ်ကောင်ကို ဝံပုလွေများစိုက်ကြည့်နေသလို ခံစားရသည်။

ထိုအခြေအနေကို မုန်ကျင်းကျိုး ကြိုတွက်ပြီးဖြစ်သည်။ လုယန်ကို မစိုးရိမ်ဖို့ အချက်ပြသည်။

"စိတ်အေးအေးထားပါ။ အစိုးရရုံးတော်နဲ့ ငါစာချုပ်ချုပ်ပြီးပြီ။ ငါတို့ပွဲက တရားဝင်စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျင်းပတာပါ။

လူစုလူဝေးနဲ့ ရန်ဖြစ်တာမျိုးမဟုတ်ဘူး။ ဒီတော့ အုပ်စုလိုက်တိုက်ခိုက်လည်း ကိစ္စမရှိဘူး"

"...ဒါဆို ငါကရော"

"မင်းကတော့ နောက်ဆက်တွဲထိခိုက်ပျက်စီးမှုထဲ အကျုံးဝင်မှာပေါ့"

"ခွေးမသား လောင်မုန်"

လုယန် ထိုင်ခုံကိုအတင်းချိုးဖျက်၍ တုပ်ထားသည့်ကြိုးများကိုဖြတ်ပြီး ထွက်ပြေးသည်။ အပြေးနောက်ကျလျှင် အခွင့်အရေးမရနိုင်တော့မှန်း သူနားလည်သည်။

ထိုအဖြစ်ကိုကြည့်၍ မုန်ကျင်းကျိုး အေးစက်စက်ရယ်သည်။ သူ့အဖေသူ့ကိုရိုက်စဉ်က လုယန် မုန်တစ်သောင်းအသွင်ပြောင်းပညာသုံးခဲ့သည်ကို သူမမေ့သေး။

ထိုကိစ္စ ပြန်လက်စားမချေရလျှင် သူစိတ်ကျေနပ်နိုင်မည်မဟုတ်။

"ညီအကိုတို့၊ တက်ကြဟေ့။ လုယန်ကို အတူတူချကြမယ်"

အောက်ဘက်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။ သခင်လေးများ အစုအပြုံလိုက် ချက်ချင်းပြေးတက်လာသည်။ ပညာရပ်မျိုးစုံသုံး၍ လုယန်ကို တိုက်ခိုက်ကြသည်။

ခုနက အောက်ဘက်မှအော်ဟစ်သူသည် ထိုခွေးသူတောင်းစားမုန်ကျင်းကျိုး ထည့်ထားသည့်သူလျှိုဖြစ်မည်ဟု လုယန်တွေးမိသည်။

လုယန်ဗိုလ်လုပွဲ ပထမအဆင့် ပြီးဆုံးပြီး ဒုတိယအဆင့် တရားဝင်စတင်သည်။ ပထမအဆင့်တွင် ထုတ်ပယ်ခံခဲ့ရသည့် ကျင့်ကြံသူအားလုံး ဒုတိယအဆင့်ပြိုင်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရလာသည်။

"မြေအောင်းပညာ"

လုယန် မြေထဲသို့စုံ့ဝင်သွားပြီး တိုက်ခိုက်မှုများကိုရှောင်သည်။ လော်ထန်တောအုပ်၏ မြင့်မားသည့် သက်တမ်းရင့်သစ်ပင်တို့၏ အမြစ်ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးသည်။

ထိုသစ်မြစ်များကြားတွင် လုယန်ပုန်းအောင်းသည်။ ရှာတွေ့နိုင်ဖို့ အလွန်ခက်ခဲသည်။

"သူဘယ်ရောက်သွားတာလဲ"

"ဝိညာဉ်အာရုံနဲ့ရှာကြ"

"အကျိုးမရှိနိုင်ဘူး။ သူ့ဝိညာဉ်အာရုံက အရမ်းစွမ်းအားမြင့်တယ်။ သူ့ကိုယ်သူ ကာကွယ်နိုင်တယ်။ ငါတို့ရှာနိုင်မှာမဟုတ်ဘူး"

လုယန်က ရေပြင်ပေါ်မှခရီးသွားများကို ရေအောက်မှကြည့်နေသည့် ပင်လယ်ငါးမန်းတစ်ကောင်နှင့်တူသည်။ ခရီးသွားများက တိတ်တဆိတ်ချဉ်းကပ်လာသည့် အန္တရာယ်ကို သတိမထားမိကြ။

"မြေပြင်ထောင်ဆွဲ"

လုယန် မြေအောက်တွင် စက်ဝိုင်းတစ်ခုဆွဲသည်။ လူအုပ်အစွန်တွင်ရပ်နေသည့် သခင်လေးတစ်ယောက် မြေတိုက်ခန်းထဲ ကျလာသည်။

ထိုသခင်လေး အော်ဟစ်အကူအညီတောင်းရန်ပြင်နေစဉ် လုယန်၏ အေးစက်စက်ခြိမ်းခြောက်သံကို ကြားရသည်။

"မအော်နဲ့။ အော်လို့ကတော့ ငါ့ရဲ့အရဟတ်လက်သီးစာမိမယ်"

ဝစီပိတ်၏အားထုတ်မှုကြောင့် လုယန်၏ အရဟတ်လက်သီးလည်း နာမည်ကျော်သည်။

သခင်လေး ချက်ချင်းပါးစပ်ပိတ်သွားပြီး ခေါင်းငြိမ့်သည်။

လုယန် ကျေနပ်စွာထွက်သွားသည်။ နောက်ပစ်မှတ်ကိုရှာသည်။

နှစ်ယောက်၊ သုံးယောက်၊ လေးယောက်...နောက်ထပ်နောက်ထပ်လူများ လုယန်၏ မြေအောက်အကျဉ်းထောင်ထဲသို့ ကျလာသည်။

မူမမှန်သည့်အဖြစ်ကို လော်ဝူရွှမ်းက အရင်ဆုံးသတိထားမိသည်။

"မဟုတ်တော့ဘူး။ တစ်ခုခုတော့ မှားနေပြီး။ လူအတော်များများ ပျောက်နေတယ်"

"လုယန်က ရှေးဟောင်းတီကောင်ပညာတစ်မျိုးတတ်တယ်လို့ ကြာားဖူးတယ်။ မြေအောက်ကိုအောင်းနိုင်သလို မြေအောက်အကျဉ်းထောင်တွေကိုလည်း ဖန်တီးနိုင်တယ်တဲ့"

ကျုန်းယိက ပြောသည်။ ဝိညာဉ်အာရုံဖြင့် သူ့အောက်ဘက်မြေကြီးထဲသို့ စိုက်ကြည့်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားသည်။

လုယန်သာသူ့ကို မြေအောက်သို့ဆွဲချသွားလျှင် သူအရှက်ကွဲလိမ့်မည်။

လူအုပ်ကြီးက သူ့လုပ်ရပ်ကိုသိသွားကြောင်း ရိပ်မိသဖြင့် လုယန် ခဏနားသည်။

"လောလောဆယ် အဲဒါတွေ ဂရုစိုက်မနေနဲ့။ သူက မြေအောက်မှာပုန်းနေရင် ငါတို့မရှာနိုင်ဘူး။ ဒီတော့...မြေပြင်ကို ပြောင်းပြန်လှန်ပစ်ကြတာပေါ့"

သခင်လေးတစ်ယောက်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး မြေပြင်ကို လက်သီးဖြင့်ထုလိုက်သည်။ အက်ကြောင်းများစွာ ပေါ်လာသည်။

ကျန်သည့်လူများလည်း သူ့လိုလိုက်လုပ်ကြသည်။ ခန္ဓာကိုယ်အားကို သုံးသည်။ မြေဓာတ်ပညာသုံးသည်။ သစ်သားဓာတ်မှော်ပညာသုံးသည်။

လော်ထန်တော်အုပ် အသက်ဝင်လာသယောင်ထင်ရသည်။ မြေပြင်တစ်ခုလုံး တစ်လက်မမကျန်အောင် ကြွတက်လာသည်။

လုယန် တစ်လက်မအရွယ်အစားထိ ကိုယ်ကိုချုံ့၍ ဆွဲလှန်ထားသည့်မြေကြီးပုံနောက်တွင် ပုန်းသည်။ သို့သော် အမြင်စူးရှသည့်လူအုပ်ကြီးက သူ့ကိုတွေ့သွားသည်။

"သူဟိုမှာဟေ့"

စွန်ချန်ရှန်း ငလက်မလုယန်ကို လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။

"ရေခဲနဂါးစွမ်းအား"

"ကောင်းကင်ကိုထိုးဖောက်မဲ့သစ်ပင်"

"သဲလေဝဲကျောက်တုံးပျံ"

ရှောင်တိမ်း၍မရတော့သဖြင့် လုယန် မူလအရွယ်အစားပြန်ပြောင်းပြီး ရသာသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်စစ်ကို အသက်သွင်းလိုက်သည်။

မီးတောက်နှစ်မျိုးကို ပေါင်းစပ်ပြီး မီးနံရံတစ်ခုတည်ဆောက်သည်။

ရေခဲနဂါးက မီးတောက်စစ်နှင့်တွေ့ပြီး တရှဲရှဲအသံမြည်လျက် ရေခိုးရေငွေ့များထွက်လာသည်။ မြင်ကွင်းများ ဝေဝါးသွားသည်။

လုယန်က ထိုအချိန်ကိုအခွင့်ကောင်းယူ၍ လျင်မြန်စွာလှုပ်ရှားသည်။ တတ်နိုင်သမျှ လူများများထိအောင် တိုက်ခိုက်သည်။

"အရဟတ်လက်သီး"

အနီးဆုံးဖြစ်သည့် စွန်းချန်ရှန်း အရဟတ်လက်သီးနှင့် ပထမဆုံးမိတ်ဆက်ရသည်။

"ဟာ"

စွန်းချန်ရှန်း လက်မောင်းကိုမြှောက်၍ ကာကွယ်ရန်ပြင်လိုက်သည်။ သို့သော် လုယန်၏အရဟတ်လက်သီးအာနိသင်ကို ပြန်သတိရလာသဖြင့် ရှောင်တိမ်းရန်ကြိုးစားသည်။

သို့သော် နောက်ကျသွားသည်။ လုယန်၏အရဟတ်လက်သီးထိ၍ နောက်ပြန်လွင့်ထွက်သွားသည်။

ခန္ဓာကိုယ်နှင့်အတူ သူ့ဆံပင်များလည်း လွင့်ပျံသွားသည်။

"မြန်မြန်ရှောင်ကြဟေ့။ အထိမခံနဲ့"

ဘေးဘက်မှ တစ်ယောက်က အော်ပြောသည်။ ဘယ်သူမှ လုယန်ကို ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘဲ အမြန်ရှောင်တိမ်းကြသည်။

သိုအုပ်ထဲ ဝံပုလွေဝင်သကဲ့သို့ လုယန်သွားသည့်နေရာတိုင်း လူအုပ်ကြီး ဘေးသို့ရှဲသွားသည်။

ထိုစဉ် ကျုန်းယိက အခြေအနေကို ထိန်းသိမ်းသည်။

"မစိုးရိမ်ကြနဲ့။ ဗုဒ္ဓဂိုဏ်းရဲ့ တားမြစ်ပညာတစ်ခုဖြစ်တဲ့ "မသေမျိုးကျင့်စဉ်'ဆိုတာကို ငါသင်ထားတယ်။ အားလုံးဆံပင်ပြန်ပေါက်စေရမယ်လို့ ငါအာမခံတယ်"

ထိုစကားကြောင့် လူအုပ်ကြီး ပြန်တည်ငြိမ်သွားသည်။ ယုံကြည်မှုအပြည့်ဖြင့် လုယန်ကို ဆက်တိုက်ခိုက်သည်။

လုယန် အခက်ကြုံနေသည်။ သူဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ထိုမျှများသည့်လူအုပ်ကို တစ်ပြိုင်တည်း အနိုင်မယူနိုင်။

ထို့ပြင် ထိုလူများသည် လေလွင့်ကျင့်ကြံသူများမဟုတ်။ အဆင့်တူချင်းတွင် တိုက်ခိုက်စွမ်းအား ထူးချွန်ထင်ရှားသူများဖြစ်သည်။

မုန်ကျင်းကျိုးက လုယန်အထိနာသည်ကို ကျေနပ်စွာကြည့်ရင်း ဘေးမှအော်ဟစ်အားပေးနေသည်။

"လောင်လု၊ ဘယ်ဘက်မှာ...ဘယ်ဘက်မှာ။ မင်းဘယ်ဘက်ကနေ တိုက်ခိုက်ဖို့ချောင်းနေပြီ။...ဟာ၊ ငါသတိပေးရဲ့သားနဲ့ကွာ။ မင်းဘယ်လိုလုပ်ထိသွားတာလဲ"

"အားနည်းနည်းစိုက်စမ်းပါကွ။ မင်းထမင်းမစားခဲ့ရဘူးလား"

"ခုခံရုံပဲလုပ်မနေနဲ့လေ။ ပြန်တိုက်ဦးမှပေါ့"

"မင်းတို့ကောင်တွေ၊ ကိုယ့်ကိုယ်လည်း ပြန်ကြည့်ဦး။ ကောင်းကောင်းမတိုက်ခိုက်နိုင်ဘူးလား။ ဒီအဆင့်ထိရောက်အောင် ဘယ်လိုများလေ့ကျင့်ခဲ့တာလဲ။ အားထည့်ကြ..အားထည့်ကြ"

"လောင်မုန်၊ မင်းငါ့ကိုဖိအားပေးနေတာပဲ"

လုယန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ဤအခြေအနေကို သူဖြေရှင်းနိုင်စွမ်းမရှိဟု မုန်ကျင်းကျိုးထင်နေပုံရသည်။

လုယန် တိုက်ကွက်ပြောင်းလိုက်သည်။ လက်သီးပညာနှင့်မှော်ပညာ ပေါင်းစပ်တိုက်ခိုက်ခြင်းမပြုတော့။ လက်သီးပညာတစ်ခုတည်းသာသုံးသည်။

သိုင်းဟန်လည်း ပြောင်းသွားသည်။ လက်သီးချက်များ ပိုစွမ်းအားကြီးလာသည်။ လူအုပ်ကြီး ထိုလက်သီးပညာနှင့် အသားကျဖို့ အတော်ကြိုးစားရသည်။

မုန်ကျင်းကျိုး လုယန်၏လှုပ်ရှားမှုများကို ရင်းနှီးနေသလိုလို တဖြေးဖြေးခံစားလာရသည်။

ရုတ်တရက် သူ့ကိုယ်ထဲမှ စွမ်းအားတစ်ချို့ ယိုစိမ့်ထွက်၍ လူအုပ်ကြားထဲတွင် တိုက်ခိုက်နေသည့်လုယန်ဆီ လွင့်မျောသွာားသည်။

လုယန်၏ရုပ်သွင် ပြောင်းသွားသည်။ မုန်ကျင်းကျိုး၏ရုပ်သွင် ပေါ်လာသည်။

မုန်ကျင်းကျိုးအရိပ်တုလက်သီးပညာ။

မုန်ကျင်းကျိုး ရင်ထိတ်သွားသည်။ ချက်ချင်းလှည့်ထွက်ပြေးရန်ပြင်သည်။ သို့သော် အသွင်ပြောင်းလုယန်က သူ့ကိုအခွင့်အရေးမပေး။

တားဆီးပိတ်ဆို့ထားသည့်လူအုပ်ကို ထိုးဖောက်၍ မုန်ကျင်းကျိုးဆီ အမြန်ခုန်ဝင်သွားသည်။

တိုက်ခိုက်ရန်ပြင်နေသည့်လူအုပ် ချက်ချင်းရပ်သွားသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ ဘယ်သူ့ကိုတိုက်ခိုက်ရမှန်းမသိတော့။

"လောင်လု၊ မင်းကများ ငါ့ပုံစံပြောင်းရဲတယ်ပေါ့"

မုန်ကျင်းကျိုးတစ်ယောက်က နောက်တစ်ယောက်၏အင်္ကျီကော်လာကိုဆွဲကိုင်၍ ပြောသည်။

"ဘာတွေလျှောက်ပြောနေတာလဲ။ ငါက မုန်ကျင်းကျိုးအစစ်ကွ။ မင်းကသာ အရှက်မရှိ အားလုံးကိုလှည့်စားနေတာ"

"ငါက အစစ်ကွ"

"မဟုတ်ဘူး။ ငါ့ကမှအစစ်"

"ညီမလေး၊ ငါမင်းအကိုလေ"

မုန်ကျင်းကျိုးတစ်ယောက်က သစ်ပင်ထိပ်ဖျားသို့ ခုန်တက်သွားပြီး အခြေအနေစောင့်ကြည့်နေသည့် မုန်ကျင်းယုထံ အကူအညီတောင်းသည်။

တစ်ခြားမုန်ကျင်းကျိုးလည်း သစ်ပင်ပေါ်တက်လာပြီး နူးညံ့သည့်လေသံဖြင့်ပြောသည်။

"ညီမလေး၊ မင်းအကိုရင်းကိုတောင် မမှတ်မိဘူးလား"

မုန်ကျင်းယု အကိုနှစ်ယောက်ကိုကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။ နှစ်ယောက်လုံးက ချွတ်စွပ်တူနေသည်။ ထို့ကြောင့် တုံ့ဆိုင်းဆိုင်းလေသံဖြင့် သူပြန်ပြောသည်။

"အကိုရေးတဲ့စာတွေထဲမှာ အကိုလုကို ခဏခဏအနိုင်ယူခဲ့တယ်ဆိုတာပါတယ်။ အကိုတို့နှစ်ယောက် တိုက်ခိုက်ကြည့်ပါလား။ နိုင်တဲ့လူက ကျွန်မအကိုအစစ်ဖြစ်မှာပေါ့"

*********************************

အခန်း (၈၃၄) ဒူးထောက်ကြစမ်း

ထိုစကားကြောင့် မုန်ကျင်းကျိုး မင်သက်မိသွားသည်။ အခြေအနေကို အမြန်သုံးသပ်သည်။ လုယန်က သူ့ပုံစံပြောင်းထားသည်။ တိုက်ကွက်လှုပ်ရှားမှုကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် လုယန်၏တိုက်ခိုက်စွမ်းအား များစွာလျော့ကျနေသည်။

သို့သော် ထိုခွေးသူတောင်းစား သူ့ပုံစံပြောင်းချိန်တွင် သူ့ထံမှစွမ်းအားတစ်ချို့လည်း ငှားယူသွားသည်။ တကယ်တမ်းတိုက်ခိုက်လျှင် ဘယ်သူနိုင်မည်သေချာမသိ။

ထို့ကြောင့် ဖြေရှင်းစရာ တစ်နည်းသာရှိသည်။

မုန်ကျင်းကျိုး စတင်တိုက်ခိုက်သည်။ သူ့ပုံစံအတုလုယန်ကို သစ်ပင်ပေါ်မှ ကန်ချလိုက်သည်။

ကျုန်းယိက ထိုမြင်ကွင်းကိုကြည့်၍ ချက်ချင်းအကဲဖြတ်ပြီး အော်ဟစ်လိုက်သည်။

"အလစ်တိုက်ခိုက်တယ်ဟေ့။ ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်မျိုးကို လုယန်ပဲလုပ်တာ"

မုန်ကျင်းကျိုး "..."

...ငါကရော ဘာကောင်းတာတွေများလုပ်ခဲ့ဖူးလို့ ဒီလောက်အထင်ကြီးနေကြတာလဲကွာ...

သူချက်ချင်းသစ်ပင်ပေါ်မှ ခုန်ချပြီး သူ့ပုံစံအတုဘေးတွင် ယှဉ်ရပ်လိုက်သည်။ လူအုပ်ကြီး ခွဲခြားရခက်သွားပြန်သည်။

"ဘယ်လိုလုပ်ကြမလဲ"

"နှစ်ယောက်လုံးကိုချကွာ။ လူမှားရိုက်မိလည်း ဘာမှနစ်နာစရာမရှိဘူး"

လော်ဝူရွှမ်း အော်ဟစ်လိုက်သည်။

သူ့စကား ယုတ္တိကျသည်ဟု အားလုံးယူဆကြသည်။ တကယ်တမ်းပြောရလျှင် ဤအခြေအနေသည် မုန်ကျင်းကျိုးကို ရိုက်နှက်ဖို့ အခွင့်ကောင်းလည်းဖြစ်သည်။

သူတို့အကြီးအကဲများ၏ အမိန့်အရ လုယန်ကို တိုက်ခိုက်ရမည်။ သို့မဟုတ် အကိုကြီးအဖြစ် အသိအမှတ်ပြုရမည်။ သို့သော် မုန်ကျင်းကျိုးကို ရိုက်နှက်လိုသည့်ဆန္ဒကတော့ သူတို့ရင်ထဲမှလာသည့် ကိုယ်ပိုင်ဆန္ဒဖြစ်သည်။

"လောင်လု၊ ခွေးသူတောင်းစား။ မင်းငါ့ကို ပြဿနာထဲဆွဲသွင်းတာပဲ"

"နှစ်ယောက်လုံးရိုက်ခံရတော့မှာကို မင်းဘာလို့ ဆက်ဟန်ဆောင်နေသေးတာလဲ"

"သောက်လခွမ်းဟန်ဆောင်ရမှာလား။ ငါအမှန်တရားကို ပြောနေတာကွ"

မုန်ကျင်းကျိုးနှစ်ယောက်လုံး မနားတမ်းငြင်းခုံနေသည်။ သို့သော် ကိစ္စမရှိ။ ယခု ဘယ်သူမှ အတုအစစ်ကို ဂရုမစိုက်ကြတော့။

ဪ..မဟုတ်သေး။ မုန်ကျင်းကျိုးအစစ်ကို ခွဲခြားသိနိုင်လျှင်တော့ အကောင်းဆုံးဖြစ်သည်။ သူတို့ ပိုအားစိုက်၍ တိုက်ခိုက်နိုင်သည်။

မုန်ကျင်းကျိုးလည်း ထိုအချက်ကို နားလည်သည်။ လုယန် သူ့ပုံစံပြောင်းလိုက်ခြင်းသည် တကယ်ဆိုးဝါးသည့် အစီအစဉ်ဖြစ်သည်။

အတုအစစ်ခွဲခြားနိုင်လျှင်ပင် အားလုံးက မသိသလိုဟန်ဆောင်ကြလိမ့်မည်။

အောက်တန်းကျလွန်းသည်။

"ညီအကိုတို့။ တက်ကြဟေ့၊ မုန်ကျင်းကျိုးကို ရိုက်...အဲ...လုယန်ကိုရိုက်ချပြီး မုန်သခင်လေးကိုကယ်ကြ"

"တိုက်ကြ"

လူအားလုံး စိတ်အားတက်ကြွလာသည်။ တိုက်ခိုက်မှုများက အစောပိုင်းကထက်ပို၍ ကြမ်းတမ်းလာသည်။

"မဟုတ်‌တော့ဘူး။ လောင်မုန်၊ သူတို့ကမင်းကို အရမ်းမုန်းကြတာကွ။ ငါမင်းပုံစံပြောင်းပြီးတော့ သူတို့တိုက်ခိုက်တာတွေက ပိုကြမ်းလာတယ်"

မုန်ကျင်းကျိုးတစ်ယောက်က ပြောသည်။ အားလုံးက သူ့ကို မုန်ကျင်းကျိုးအတုဖြစ်ကြောင်း နားလည်သွားသည်။

ထိုအတုကို လောလောဆယ် အရေးမစိုက်။ မုန်ကျင်းကျိုးအစစ်ကို ရိုက်နှက်ကြသည်။

မုန်ကျင်းကျိုးတစ်ယောက်ကို တိုက်ခိုက်ရန်ပြင်နေရာမှ တစ်ခြားမုန်ကျင်းကျိုးအပေါ် ဖိ၍တိုက်ခိုက်ကြသည်။

"လောင်မုန်၊ အရှက်မရှိတဲ့ကောင်။ ငါ့လိုဟန်ဆောင်နေတယ်ပေါ့"

တစ်ခြားမုန်ကျင်းကျိုးက လုယန်အစစ်ဖြစ်လေသကဲ့သို့ အော်ဆဲသည်။

အားလုံး တုံ့ဆိုင်းဆိုင်းဖြစ်သွားပြန်သည်။ အတုအစစ် ခွဲခြားဖို့ခက်နေသည်။

"မိတ်ဆွေတို့၊ အတုအစစ်ခွဲမရမှတော့ အရင်အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့။ နှစ်ယောက်လုံးကိုချကြ"

အန်းနန်အာက တိုက်ပွဲထဲမှ အသာထွက်၍ သစ်ပင်ထက်သို့ခုန်တက်သွားပြီး မုန်ကျင်းယုဘေးတွင်ထိုင်လိုက်သည်။

"ကျင်းယု၊ ဘယ်သူက နင့်အကိုလို့ထင်လဲ"

မုန်ကျင်းယုက သစ်သီးတစ်လုံးကိုက်စားနေရင်း အရိုးခံအပြုံးဖြင့် လှည့်ကြည့်သည်။

"နှစ်ယောက်လုံး ငါ့အကိုပဲလေ"

"အရဟတ်လက်သီး"

"အရဟတ်လက်သီး"

မုန်ကျင်းကျိုးနှစ်ယောက်လုံး ကိုယ်ပွားများကဲ့သို့ အရဟတ်လက်သီးကို ပြိုင်တူသုံးကြသည်။

မဆန်းလှ။ အရဟတ်လက်သီးပညာသည် မုန်ကျင်းကျိုးက လုယန်ကိုသင်ပေးခဲ့သည့်ပညာဖြစ်သည်။

"ဘယ်ဘက်က ဆံပင်ကျွတ်သလဲဟေ့"

လက်သီးထိသည့် သခင်လေးများ ကိုယ့်ကိုယ်ကို အမြန်စစ်ဆေးကြည့်ကြသည်။ ဆံပင်လုံးဝမကျွတ်။

မုန်ကျင်းကျိုးတစ်ယောက်က အခြေအနေကို ချက်ချင်းသဘောပေါက်သွာားပြီး နောက်တစ်ယောက်ကို လက်ညှိုးထိုး၍ပြောသည်။

"ငါသိတယ်ခွေးမသား။ မင်းက အရဟတ်လက်သီးနဲ့'မသေမျိုးပညာ'ကို တစ်ပြိုင်တည်းသုံးလိုက်တာမဟုတ်လား"

"ပေါက်တတ်ကရမပြောနဲ့။ မင်းကအဲလိုသုံးပြီးမှ ငါ့ကိုချောက်တွန်းနေတာပဲ"

မုန်ကျင်းကျိုးနှစ်ယောက်လုံးက လုယန်ဖြစ်ကြောင်း သက်သေပြချင်နေကြသည်။

လုယန် မူလပုံစံပြန်ပြောင်းဖို့ စဉ်းစားသည်။ သို့သော် ပြန်ပြောင်းလိုက်လျှင် လူအုပ်ကြီးက မုန်ကျင်းကျိုးကိုရိုက်နှက်ဖို့ အကြောင်းပြစရာရှိတော့မည်မဟုတ်။ နောက်ဆုံးတွင် သူသာကံဆိုးသူဖြစ်လာမည်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုးတစ်ယောက်က အော်ဟစ်မာန်သွင်းလျက် အရှိန်မြှင့်လိုက်သည်။ သူ့ခြေထောက်အောက်မှမြေပြင် တုန်ခါသွားသည်။

ကောင်းကင်တုန်ခြောက်ကွက်ပညာကို လုယန်မတတ်။ သို့သော် ကိစ္စမရှိ။ တစ်ခြားဘယ်သူမှလည်း ကောင်းကင်တုန်ခြောက်ကွက်ပညာကို မမြင်ဖူးကြ။

ကောင်းကင်တုန်ခြောက်ကွက်သည် တတိယအကြီးအကဲ၏ လျှို့ဝှက်ပညာရပ်ဖြစ်သည်။ ထိုပညာကို လူငယ်မျိုးဆက်များ မြင်ခွင့်မရ။ သက်ကြီးပိုင်းမျိုးဆက်များသာ သူတို့အရိုက်နှက်ခံရချိန်တွင် မြင်ဖူးကြခြင်းဖြစ်သည်။

လုယန် လက်သီးကိုဓားအဖြစ်သုံးသည်။ သူ့စွမ်းအားလည်း မြင့်တက်လာသည်။ သူ့လက်သီးချက်များ ပို၍ပြင်းထန်လာသည်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုးကို ဓားစာခံလုပ်ထားသည့်အတိုင် လုယန်အခြေအနေက သိပ်မကောင်း။ လူများလွန်းသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့်သာ ပုံမှန်မလေ့ကျင့်ခဲ့လျှင် စုပေါင်းတိုက်ခိုက်မှုကြောင့် အစောကြီးကတည်းက ရှုံးနိမ့်ပြီးဖြစ်လိမ့်မည်။

"ဟား...မင်းငါ့ကို အတင်းဖိအားပေးနေတာပဲ"

မုန်ကျင်းကျိုး ဒေါသထွက်သွားသည်။ သူ့နတ်ဝိညာဉ်နှစ်ခုကို ဆင့်ခေါ်လိုက်သည်။ တစ်သားတည်းပေါင်းစပ်ပြီးနောက် ခေါင်းသုံးလုံးလက်ခြောက်ခုနတ်ဘုရားအဖြစ် အသွင်ပြောင်းလိုက်သည်။

သူ့အမြင့်ဆုံးပညာဖြစ်သည်။ တော်ရုံတန်ရုံဖြင့် အသုံးပြုလေ့မရှိ။ ပုံပြောဆရာဝစီပိတ်ကလည်း အန္တရာယ်ကင်းစေရန် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ပညာရပ်အကြောင်းများကို ထုတ်မပြောခဲ့။

ထို့ကြောင့် မုန်ကျင်းကျိုးသာ ခေါင်းသုံးလုံးလက်ခြောက်ခုပညာသုံးနိုင်ကြောင်း လူအုပ်ကြီးကမသိ။

"ကောင်းကင်တုန်ခြောက်ကွက်"

ခေါင်းသုံးလုံးလက်ခြောက်ခုပညာကြောင့် ကောင်းကင်တုန်ခြောက်ကွက်စွမ်းအားက အဆများစွာတိုးလာသည်။ သက်တူရွယ်တူများ ဤလက်သီးချက်ကို ခံနိုင်ရည်မရှိ။

"စွမ်းအားကြီးလှချည်လား။ ဒါဆိုသူက လုယန်ပဲဖြစ်မယ်။ ဟိုတစ်ယောက်ကို ဖိတိုက်ကြဟေ့"

ကျုန်းယိ ချက်ချင်းသုံးသပ်သည်။

မုန်ကျင်းကျိုးအစစ် ဖိအားသိသိသာသာလျော့သွားသည်။ သို့သော် သူပျော်ရမလား ဝမ်းနည်းရမလား မဝေခွဲတတ်တော့။

...စွမ်းအားပိုကြီးတဲ့လူက လုယန်ဖြစ်မယ်ဆိုတာ ဘာသဘောလဲကွာ...

လုယန် ရန်သူများကိုရင်ဆိုင်ရန် ချင်ဖုန်းဓားကိုချက်ချင်းဆွဲထုတ်လိုက်သည်။

ဓားသုံးလေ့သိပ်မရှိသော်လည်း တစ်လောကလုံးက သူ့ကို ဓားကျင့်ကြံသူမှန်းသိကြသည်။ ချင်ဖုန်းဓားနှင့် အဆင့်မြင့်ဓားပညာကိုမြင်သည်နှင့် မုန်ကျင်းကျိုးမဖြစ်နိုင်ကြောင်း အားလုံးသဘောပေါက်ကြသည်။

ထို့ကြောင့် မုန်ကျင်းကျိုးအစစ်ကိုတိုက်ခိုက်ရန် ပြန်လှည့်သွားသည်။

သို့သော် သိသိသာသာဖြစ်အောင်တော့မလုပ်ကြ။ လူသုံးပုံတစ်ပုံကို လုယန်နှင့်တိုက်ခိုက်ဖို့ ချန်ထားသည်။ တစ်ချို့က အော်ဟစ်၍ပင် ပြောနေသေးသည်။

"မုန်သခင်လေးရဲ့ဓားပညာက ဒီလောက်ထူးခြားမယ်လို့ ထင်မထားဘူး။ တကယ်လေးစားစရာပဲ"

မုန်ကျင်းကျိုးအစစ် စိတ်ထဲတွင်ကျိတ်ဆဲလိုက်သည်။

...ငါဓားသုံးတယ်ဆိုတာ သူ့အမေလင်က ဘယ်တုန်းကသိတာလဲ...

ဝိုင်းတိုက်ခံနေရသလို လုယန်ကလည်း စွမ်းအားငှားယူထားသဖြင့် နောက်ဆုံးတွင် မုန်ကျင်းကျိုး စွမ်းအင်ကုန်ခမ်းပြီး လဲကျသွားသည်။ ဝိုင်းရိုက်ခံရသည်။

ဓားစာခံလဲကျသွားပြီးနောက် လုယန် မူလပုံစံပြန်ပြောင်းသည်။ မုန်ကျင်းကျိုးထံမှယူထားသည့်စွမ်းအားကို ပြန်ပေးလိုက်သည်။

လဲကျသွားသူက မုန်ကျင်းကျိုးအစစ်ဖြစ်ကြောင်းသိသည်နှင့် လူအုပ်ကြီး အမူအရာချက်ချင်းပြောင်းသွားသည်။ အားလုံးက အမြန်ပြေးလာပြီး မုန်ကျင်းကျိုးကို ဆွဲထူကြသည်။

"အား...မုန်သခင်လေး။ ခုနကသာ သခင်လေးက အစစ်ပါလို့ပြောရင် ကျုပ်တို့အဲလောက်ကြမ်းကြမ်းတမ်းတမ်း ရိုက်မိမှာမဟုတ်ဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်။ ကျုပ်တို့က လုယန်ထင်လို့ အားကုန်ထုတ်သုံးမိတာပါ"

မုန်ကျင်းကျိုး "..."

...ငါမရှိတဲ့ ငါးနှစ်ကျော်လေးအတွင်း မင်းတို့အားလုံး အတော်လေးမျက်နှာပြောင်လာကြတာပဲ...

လုယန်ဗိုလ်လုပွဲပထမအဆင့်ပြီး၍ ဒုတိယအဆင့် ဆက်ကျင်းပနေသည်။ ဆုဖလားလုယန် အရှုံးမပေးဘဲ အသေအလဲခုခံနေဆဲဖြစ်သည်။

ဓားစားခံမုန်ကျင်းကျိုးမရှိတော့သဖြင့် တိုက်ပွဲဖိအားက သူ့အပေါ်ချက်ချင်းပုံကျလာသည်။

သိစိတ်နယ်မြေမှ နတ်မယ်က အင်ပါယာပလ္လင်ထက်တွင်ထိုင်ရင်း လေးလေးတွဲ့တွဲ့လေသံဖြင့် မေးသည်။

"ရှောင်ယန်၊ ငါနတ်မယ်ရဲ့အကူအညီ လိုသေးလား"

တိုက်ခိုက်ချင်လျှင် တိုက်ခိုက်ချင်ကြောင်း တန်းပြောဖို့ကောင်းသည်ဟု လုယန်တွေးမိသည်။ နတ်မယ်မျက်နှာတွင် စိတ်အားထက်သန်သည့်အမူအရာက ဖုံးမနိုင်ဖိမရပေါ်လွင်နေသည်။

လုယန် လေးလေးစားစားဦးညွှတ်လိုက်သည်။

"အရှင်မကူညီပေးဖို့ ကျွန်တော်မျိုးတောင်းဆိုပါတယ်"

အပြင်လောကအစစ်၌ လူအုပ်အလယ်တွင်ရောက်နေသည့်လုယန် ဖျတ်ခနဲမျက်လုံးပွင့်လာသည်။ ခေတ်အဆက်ဆက်ဖြတ်သန်း၍ အဆုံးမဲ့လေးနက်မှုများပါဝင်နေသည့် မျက်လုံးမျိုးဖြစ်သည်။

လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်၍ သူဖြေးညှင်းစွာပြောသည်။

"သာမန်လူအရူးတွေ၊ ပေါက်လွှတ်ပဲစားတွေ။ ကံကြမ္မာမျက်နှာသာပေးလို့ ငါ့ကိုမြင်ခွင့်ရတာတာတောင် ဘာလို့ဒူးမထောက်ကြသေးတာလဲ"

********************************

All Chapters