← Chapters

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅-၈၃၇)

Vol. 56 Ch. 835-837

အခန်း (၈၃၅) ပြိုင်ဘက်ကင်းနတ်ဝိညာဉ်

"မောက်မာလှချည်လား"

"ဒါငါတို့ကို လုံးဝမျက်လုံးထဲမထည့်တဲ့သဘောပဲ"

တိုက်ခိုက်ရသဖြင့် အားလုံးမောပန်းနေသည်။ သို့သော် လုယန်စကားကြောင့် ချက်ချင်းစွမ်းအင်ပြန်ပြည့်လာကြသည်။

'လုယန်'လုံးဝ အကြောမခံ။ သူ့မျက်လုံးများက တည်ငြိမ်နေသည်။

"ဟား...မင်းတို့မှာ ငါမျက်လုံးထဲထည့်စရာ ဘာရှိလို့လဲ"

သိစိတ်နယ်မြေမှလုယန် မျက်နှာကိုလက်ဖြင့်အုပ်၍ သက်ပြင်းချသည်။ ဘာကြောင့် နတ်မယ်ကို ခန္ဓာကိုယ်လွှဲပေးမိသည်မသိ။

အလကားသက်သက် ပြဿနာကိုမီးထွန်းရှာနေသည်။

သို့သော် ဘာမှပြောင်းလဲ၍မရတော့။ ခန္ဓာကိုယ်ကို နတ်မယ်ကလွှဲယူသွားပြီးဖြစ်သည်။ နတ်မယ်စိတ်ကြိုက် မပျော်ရမချင်း သူ့လက်ထဲပြန်ရောက်လာမည်မဟုတ်တော့။ နောင်တရနေလည်း ဘာမှမထူး။

ကြောင်တက်တက်စကားများပြောနေသည့်လုယန်ကို အဝေးမှလှမ်းကြည့်ရင်း မုန်ကျင်းကျိုးစဉ်းစားသည်။

"ဟ...ဒီကောင်အရိုက်ခံရလို့ ဦးနှောက်ပျက်သွားတာများလား"

လော်ဝူရွှမ်း အရင်ဆုံးလှုပ်ရှားသည်။ လော်ထန်တောအုပ်မှ သက်တန်းရင်သစ်ပင်များကို ထိန်းချုပ်သည်။ သစ်မြစ်များက ရေဘဝဲလက်တံများကဲ့သို့ မြေကြီးထဲမှထိုးထွက်လာပြီး နတ်မယ်ကို အလစ်တိုက်ခိုက်သည်။

"သွားကြ"

နတ်မယ် ကြိုတွက်ထားပြီးဖြစ်သည်။ သစ်မြစ်များပေါ်လာသည်နှင့် ခြေတစ်ချက်အသာဆောင့်၍ လေထဲတွင် သက်တောင့်သက်သာ ရှောင်တိမ်းသွားသည်။

"ဝေါင်း"

ကျုန်းယိက မြေပေါ်တွင် ခြင်္သေ့တစ်ကောင်လိုလေးဘက်ထောက်၍ အသံလှိုင်းတစ်ခုထုတ်လွှတ်သည်။ ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။

ဗုဒ္ဓဂိုဏ်း၏ ခြင်္သေဟောက်သံပညာဖြစ်သည်။ အသံလှိုင်းက လေဟာနယ်ကိုပင် ဖျက်ဆီးနိုင်သည်။

အသံလှိုင်းများမှ ခြင်္သေ့ပုံရိပ်တစ်ခုဖြစ်ပေါ်လာပြီး နတ်မယ်ကိုခုန်အုပ်သည်။

ဗုဒ္ဓခြင်္သေ့ဟောက်သံကျင့်စဉ်ကို အဆင့်တစ်ခုထိ အောင်မြင်ထားသည့်လက္ခဏာဖြစ်သည်။ ဗုဒ္ဓခြေင်္သေ့၏ စွမ်းအားသုံးပုံတစ်ပုံကို တုပနိုင်စွမ်းရှိသည်။

"မိုင်တစ်ထောင်ရေခဲနယ်မြေ"

စွန်းချန်ရှန်းလည်း လှုပ်ရှားသည်။ လက်ဝါးနှစ်ဘက်တွင် ရေခဲလွှာများပေါ်လာသည်။ သူ့လက်နှင့်ထိလျှင် လူသားမျိုးနွယ်ဖြစ်စေ နတ်ဆိုးမျိုးနွယ်ဖြစ်စေ ရေခဲရုပ်ထုအဖြစ်ပြောင်းလဲသွားမည်။

လော်ဝူရွှမ်းကလည်း သစ်မြစ်များဖြင့် နတ်မယ်၏ ဘေးပတ်လည်လေဟာနယ်ကို နောက်တစ်ကြိမ်ဝန်းရံပိတ်ဆို့သည်။ ခြင်္သေ့အသံလှိုင်းနှင့် ရေခဲနဂါးများကို နတ်မယ်မရှောင်တိမ်းနိုင်အောင် ထိန်းချုပ်သည်။

"အတော်ရှုပ်တဲ့ သစ်မြစ်တွေပဲ။...မြက်တစ်ရာခြောက်သွေ့ခြင်းလက်သီး"

နတ်မယ် စိတ်မရှည်ဟန်ဖြင့်ရေရွတ်လျက် ကြောက်စရာလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီးထိသည့် သစ်ပင်မြစ်များ ချက်ချင်းနွမ်းခြောက်၍ အသက်ဓာတ်ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကြောင့်‌ လော်ဝူရွှမ်း သစ်မြစ်များနှင့် ဆက်သွယ်မှုချက်ချင်းဖြတ်တောက်သည်။ သို့သော် ခြေတစ်လှမ်းနောက်ကျသွားသည်။

သူ့ခန္ဓာကိုယ်မှစွမ်းအားများ ကုန်ခမ်းသွားသည်။ မတ်တပ်ပင်မရပ်နိုင်ဘဲ ‌မြေပေါ်သို့လဲပြိုသွားသည်။

"ဒါကဘယ်လိုပညာမျိုးလဲ"

အသံလှိုင်းခြင်္သေ့ရိပ်က နတ်မယ်ကိုထိခါနီးအချိန်တွင် ကြောက်စရာစွမ်းအားရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ထူးထူးဆန်းဆန်း တုန်ခါနေသည်။

ခြင်္သေ့ပုံရိပ်ကို ထိန်းမထားနိုင်တော့ဘဲ ဝုန်းခနဲ ပေါက်ကွဲသွားသည်။

အားလုံး နားမလည်နိုင်အောင်ဖြစ်နေသည်။ နတ်မယ်ဘယ်လိုလှုပ်ရှားလိုက်မှန်း မသိကြ။

သိစိတ်နယ်မြေမှ စောင့်ကြည့်နေသည့် လုယန်တစ်ယောက်သာ အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ နတ်မယ်သည် ရှေးဟောင်းခေတ်က အဆင့်မြင့်နတ်ဆိုးသားရဲများကို မကြာခဏစားခဲ့သည်။

မဟာနတ်ဆိုးများ၏သွေးဆက်တွင် ထိုအကြောက်တရားက သန္ဓေတည်ခဲ့သည်။ ခြင်္သေ့ဟောက်သံသည် ဗုဒ္ဓခြင်္သေ့၏စွမ်းအင်သန္ဓေအစစ်ကို မတုပလျှင် ကိစ္စမရှိ။

တုပခဲ့လျှင် ခြင်္သေ့၏ သန္ဓေစွမ်းအားကို နတ်မယ်၏စွမ်းအင်ရောင်က အလိုလိုဖိနှိပ်သည်။

ရှေးဟောင်းအရိုင်းမျိုးနွယ်၏ သွေးဆက်စွမ်းအားထက် ပိုကြောက်စရာကောင်းသည့် ဖိနှိပ်စွမ်းအားဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း နတ်မယ်နှင့်တိုက်ခိုက်သူဟူ၍ စွန်းချန်ရှန်းတစ်ယောက်သာ ကျန်ခဲ့သည်။ တစ်ခြားလူများက စွန်းချန်ရှန်း၏ မိုင်တစ်ထောင်ရေခဲစက်ကွင်းနှင့် ထိမည်စိုးသဖြင့် အနားသို့မကပ်ရဲကြ။

စွန်းချန်ရှန်းဘေးပတ်လည်မှအပူချိန် ထိုးကျသွားသည်။ လေထု ခြောက်သွေ့သွားသည်။ မြေပြင်ပေါ်တွင် ရေခဲများပေါ်လာသည်။ ထိုဖြစ်စဉ်အားလုံး သူ့ရေခဲလက်ဝါးမှ ယိုစိမ့်ထွက်လာသည့် စွမ်းအားအကြွင်းအကျန် ရိုက်ခတ်မှုမျှသာရှိသေးသည်။

"ရေခဲတုံးနှစ်ခုလောက်ကိုင်ထားနိုင်ရုံနဲ့ အဟုတ်ထင်နေတယ်ပေါ့"

နတ်မယ် နှာခေါင်းတစ်ချက်ရှုံ့သည်။ ရုတ်တရက် သူ့ဘေးပတ်လည်တွင် အပူလှိုင်းများပေါ်လာသည်။ မြေပြင်ပေါ်မှရေခဲသားများ အရည်ပျော်သွားသည်။

သူ့လှုပ်ရှားမှုက ညင်သာပေါ့ပါးသည်။ နေသစ်ပင်မှ ထွက်လာသည့် ရှေးဟောင်းနတ်ဘုရားနှင့်တူသည်။ မြေပြင်မျှ မီးတောက်မီးလျှံများ ထွက်လာပြီး မီးပင်လယ်တစ်ခုအဖြစ်ပြောင်းသွားသည်။

"ဖူစန်းသစ်ပင်လက်သီး"

ထိုပညာသည်လည်း မသေမျိုးလက်သီးပညာများထဲမှ တစ်ခုဖြစ်သည်။ ကိုယ့်ကိုယ်ကို ဖူးစန်းသစ်ပင်အဖြစ် သဘောထား၍အသုံးပြုရသည်။ ရွှေကျီးကန်းမီးတောက်ထက်ပင် ပိုကြောက်စရာကောင်းသည်။

နတ်မယ် မီးတောက်များကြားတွင် ကခုန်နေသည်။ လှုပ်ရှားမှုများက မသေမျိုး'ယောက်ျား'တစ်ယောက်လို လှပသည်။

"လှုပ်ရှားမှုတွေက အတော်လှတာပဲ"

"နတ်ဆိုးနိုင်ငံသခင် အရှင်ကျူးထန်လည်း အကပညာနဲ့ အဆင့်တက်ခဲ့တာလို့ကြားဖူးတယ်။ လုယန်ကကွက်တွေက အရှင်ကျူးထန်နတ်ဝိညာဉ်အဆင့်တုန်းက ကကွက်တွေနဲ့ တန်းတူအဆင့်ရှိမယ်ထင်တယ်"

"သူကနေတာက အတော်လေး မိန်းမဆန်သလိုပဲနော်"

ဘေးကြည့်ပရိတ်သတ်မျက်နှာတွင် ထူးဆန်းသည့်အမူအရာများ ပေါ်လာသည်။ အစောပိုင်းက လုယန်၏တိုက်ခိုက်ပုံနှင့် ယှဉ်ကြည့်လျှင် ယခုလှုပ်ရှားနေပုံက အတော်လေးမိန်းမဆန်သည်။

"ဝစီပိတ်ဆီကသင်ထားတဲ့ ပညာတစ်ခုဖြစ်မယ်ထင်တယ်"

"ဟုတ်လောက်တယ်"

လူအုပ်ကြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။

စွန်းချန်ရှန်း မီးပင်လယ်ကြားတွင် ရောက်နေသည်။ နတ်မယ်၏တည်နေရာကို သူလုံးဝမခန့်မှန်းနိုင်။ နတ်မယ် လက်သီးနှစ်ချက်သာသုံးလိုက်ရသည်။ 'မိုင်တ်စထောင်ရေခဲနယ်မြေ'ပျက်စီးသွားသည်။

"အားလုံးပြိုင်တူတိုက်ကြမယ်ဟေ့"

စွန်းချန်ရှန်း ရှုံးနိမ့်သွားပြီးနောက် ရေခဲထိမည့်အန္တရာယ်မရှိတော့သဖြင့် အားလုံးပြိုင်တူလှုပ်ရှားကြသည်။

နတ်မယ်၏တိုက်ခိုက်စွမ်းရည်က မယုံနိုင်လောက်အောင် အဆင့်မြင့်သည်။ လုယန်ပင်လိုက်မမီနိုင်သည့် အဆင့်မျိုးဖြစ်သည်။

ထိုးချက်ကန်ချက်တိုင်း အင်အားအတိအကျပါသည်။ လူတစ်ယောက်၏တိုက်ကွက်ဖြင့် တစ်ခြားလူတစ်ယောက်ထိသွားအောင်လည်း အသုံးချနိုင်သည်။

အားအငှားသုံး၍ တိုက်ခိုက်သည့်ပညာဖြစ်သည်။

လူအုပ်ကြီး အတော်အံ့အားသင့်သွားသည်။ ခုနကပင် ဖိနှိပ်ခံနေရသည့် လုယန်၏စွမ်းအားက ပြိုင်ဘက်ကင်းမသေမျိုးတစ်ယောက် ဝင်ပူးကပ်လိုက်သကဲ့သို့ ချက်ချင်းတိုးတက်လာသည်။

လုယန်၏တိုက်ခိုက်စွမ်းအား အဆင့်တစ်ခုမြင့်တက်သွားကြောင်း ရိပ်စားမိကြသည်။ ရင်ဆိုင်ရပိုခက်ခဲလာသည်။ ထို့ကြောင့် အားလုံး ထိန်းချုပ်မနေတော့ဘဲ စွမ်းအားကုန်ထုတ်သုံးကြသည်။

"နတ်ဝိညာဉ် အပြင်ကိုထွက်"

အားလုံးက နတ်ဝိညာဉ်အဆင့်များဖြစ်သည်။ အပြင်လောကတွင် စွမ်းအားမြင့်နတ်ဝိညာဉ်အဆင့်ဘိုးဘေးဟု သတ်မှတ်ရမည့်လူများဖြစ်သည်။

အားလုံးက အဆင့်မြင့်မိသားစုအမွေခံများဖြစ်သည်။ သူ့နည်းသူ့ဟန်ဖြင့် ထူးခြားသည့် နတ်ဝိညာဉ်များ ကိုယ်စီပိုင်ဆိုင်ကြသည်။

သတ္တုဓာတ်၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ရေခဲ၊ လျှပ်စီး၊ လေဟာနယ်ပညာများ၊ ခန္ဓာကျင့်စဉ်များ၊ မှော်အဆောင်ပညာများ အမွေခံထားကြသည်။

အားလုံး စွမ်းအားကိုယ်စီရှိသည်။

လုယန် နတ်မယ်ကိုယ်စား ကြောက်ချွေးပြန်နေသည်။

တိုက်ခိုက်နေသူက နတ်မယ်ဖြစ်သော်လည်း အထိနာမည်က သူ့ခန္ဓာကိုယ်ဖြစ်သည်။

"ချို့ယွင်းချက်ပြည့်နေတဲ့ နတ်ဝိညာဉ်တွေပဲ။ အင်အားဘယ်လောက်များများ အသုံးမဝင်ပါဘူး"

နတ်မယ်က ပုံမှန်လေသံဖြင့် ပြောသည်။ ဘယ်နတ်ဝိညာဉ်ကိုမှ အရေးမစိုက်။

"ဒီနေ့ ငါ့ရဲ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အစွမ်းကို လက်တွေ့ပြမယ်"

"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်..."

လူအုပ်ကြီး တွေးရခက်သွားကြသည်။ ထိုနတ်ဝိညာဉ်နာမည်မျိုး သူတို့တစ်ခါမှမကြားဖူး။

သက်ဆိုင်သူလုယန်တစ်ယောက်သာ သူ့ကိုယ်ထဲမှ အပြောင်းအလဲများကို သတိထားမိသည်။ တစ်ခြားဘယ်သူမှ မမြင်နိုင်။

နတ်မယ်၏သိစိတ်ဝိညာဉ် ဒန်ထန်ထဲသို့ဝင်သည်။ လုယန်နှင့် ဆက်သွယ်မှုဖြတ်‌တောက်ပြီး ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ကိုယ်တိုင်ထိန်းချုပ်သည်။

ဆက်သွယ်မှုဖြတ်တောက်လိုက်သည်နှင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အန္တရာယ်ကို ရိပ်စားမိပြီး ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် နတ်မယ်က အလွတ်မပေး။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ခြေနှစ်ချောင်းမှဆွဲကိုင်၍ ဇော်ထိုးချထားပြီး စရိုက်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် ပညာရပ်မျိုးစုံတတ်ကျွမ်းသည်။

လုယန်၏စွမ်းအားအမြင့်ဆုံးအခြေအနေကို ကိုယ်စားပြုသည်။ သို့သော် လုယန်၏ဒုတိယနတ်ဝိညာဉ်ဖြစ်သည့် မသေမျိုးနတ်မယ်၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိ။

ပထမနတ်ဝိညာဉ်က ဒုတိယနတ်ဝိညာဉ်ကို မယှဉ်နိုင်သဖြင့် စက္ကန့်ပိုင်းအတွင်း အညံ့ခံလိုက်ရသည်။

"ထွက်လာစမ်း"

နတ်မယ် ပေါ့ပါးစွာအော်ဟစ်လိုက်သည်။ ဝဝကစ်ကစ်အဖြူရောင်နတ်ဝိညာဉ် ဒန်ထန်ထဲမှထွက်လာပြီး နတ်မယ်ဦးခေါင်းထက်တွင် ပေါ်လာသည်။

ဆယ်ပုံကိုးပုံက လုယန်နှင့်ဆင်တူသည်။ ကျန်သည့်တစ်ပုံက နတ်မယ်နှင့်တူသည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံနေစဉ်အတွင်း နတ်မယ်က လုယန်ကိုတစ်ကြိမ်ကူညီဖူးသဖြင့် သူနှင့်နည်းနည်းတူသွားခြင်းဖြစ်သည်။

သို့သော် နတ်မယ်အကြောင်းမသိသူများအနေဖြင့် ထိုအဖြစ်ကို သတိပြုမိမည်မဟုတ်။

"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၊ သွားတော့။ သူတို့နတ်ဝိညာဉ်တွေကို ဆွဲထုတ်လိုက်"

**********************************

အခန်း (၈၃၆) အခွင့်အာဏာ

နတ်မယ်အမိန့်ပေးသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ် မငြင်းဆန်ရဲ။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က 'ကျန်း'တစ်ရာရှည်သည့် ဓားချီကို သခင်လေးအုပ်စုဆီ ဝှေ့ယမ်းလိုက်သည်။ ဓားလေလှိုင်းကြောင့် သစ်ရွက်များအဆက်မပြတ် လှုပ်ခါသွားသည်။

ဓားလေတိုးသံက အသဲတုန်စရာကောင်းလွန်းသဖြင့် အားလုံးထိတ်လန့်သွားကြသည်။

"နတ်ဝိညာဉ်က ဒီလောက်ကြောက်စရာကောင်းတဲ့ဓားချီကို ထုတ်သုံးနိုင်တယ်ပေါ့"

လုယန်၏ ဓားပညာအဆင့်ကို အားလုံးအံ့အားသင့်သွားသည်။ သူတို့နတ်ဝိညာဉ်များကို အမြန်ထိန်းချုပ်ကြသည်။

အားလုံးက ကြိုတင်ညှိနှိုင်းထားသကဲ့သို့ ကိုယ့်နတ်ဝိညာဉ်ကို ဓားချီမထိအောင် ကြိုးစားကြသည်။

သာမန်ကျင့်ကြံသူများ၏ နတ်ဝိညာဉ်က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့်မတူ။ သူ့ဘာသာမတိုက်ခိုက်နိုင်။ ကျင့်ကြံသူ၏ သိစိတ်စွမ်းအင်နည်းနည်းခွဲပေးရသည်။

ထို့အချက်ကြောင့် နတ်မယ်အတွက် အခွင့်အရေးတစ်ခုဖြစ်လာသည်။

သူတို့နတ်ဝိညာဉ်များထိန်းချုပ်နေချိန်ကို အခွင့်ကောင်းယူ၍ နတ်မယ်က ရဲရဲတင်းတင်းလှုပ်ရှားသည်။ ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ သခင်လေးသိုးအုပ်ထဲဝင်၍ တိုက်ခိုက်သည်။

"လက်သီးကိုကြည့်ထားကြ"

မသေမျိုးလက်သီးချက်က နူးညံ့ညင်သာပုံရှိသော်လည်း အပြောင်းအလဲများ၊ မသေမျိုးစွမ်းအားများ ပြည့်နေသည်။

"ဪ...ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ဒီလိုသုံးရတာလား။ ငါထင်တာ မှန်သားပဲ"

နတ်မယ် သူ့ဘာသာတီးတိုးရေရွတ်သည်။

"နတ်မယ်၊ ခုနက ခင်ဗျားဘာပြောလိုက်တာလဲ"

လုယန် သေချာမကြားလိုက်။

"အာ..ဘာမှမဟုတ်ပါဘူး။ နင့်ကျင့်ကြံမှုကိုအာရုံစိုက်ပြီး ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို မြန်မြန်အနိုင်ယူနိုင်အောင် ကြိုးစားဖို့လိုတယ်လို့ ပြောတာပါ"

"..ဒီအတိုင်းဆိုလည်း နတ်ဝိညာဉ်ကို ကျုပ်အနိုင်ယူပြီးတဲ့သဘောပဲမဟုတ်လား"

နတ်မယ်က ကိုယ့်ကိုယ်ကို ဒုတိယနတ်ဝိညာဉ်ဟု ပြောခဲ့သည်ကို လုယန်ပြန်သတိရလာသည်။

ဒုတိယနတ်ဝိညာဉ်က ပထမနတ်ဝိညာဉ်ကို အနိုင်ယူသည်။ သို့ဆိုလျှင် ပထမနတ်ဝိညာဉ်ကို သူအနိုင်ယူပြီးသည့်သဘောသာဖြစ်သည်။

"အဲလိုပြောလို့မရဘူးလေ"

နတ်မယ်၏ ဆင်ခြင်ဉာဏ်က ရှားရှားပါးပါး ပြတ်သားရှင်းလင်းနေသည်။ လုယန်ကို ရှင်းပြသည်။

"ငါနင့်ကိုကူညီဖို့ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ထိန်းချုပ်ခဲ့တာ။ အခုသူက ငါ့အမိန့်ကိုပဲလိုက်နာတာ။ နင့်အမိန့်ကို လိုက်နာတာမဟုတ်ဘူး။

နင်လည်းငါ့အမိန့်ကို လိုက်နာရမှာဆိုတော့ နင်နဲ့နတ်ဝိညာဉ်က အဆင့်ချင်းအတူတူပဲ။ ဘယ်သူက ဘယ်သူ့ကိုမှ အမိန့်ပေးလို့မရဘူး"

လုယန် နားလည်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ထိန်းချုပ်လိုလျှင် နည်းလမ်းနှစ်ခုရှိသည်။ နတ်မယ်ကို သူ့စကားနားထောင်အောင် လုပ်လျှင်လုပ်။

ထိုသို့မဟုတ်လျှင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ကိုယ်တိုင်အနိုင်ယူရမည်။

နည်းလမ်းနှစ်ခုယှဉ်တွေးလျှင် ဒုတိယနည်းလမ်းကသာ အောင်မြင်နိုင်ခြေပိုများသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အကြောင်း သူတို့ဆွေးနွေးပြီးချိန်တွင် နတ်မယ်ကို တစ်ယောက်ချင်းရင်ဆိုင်မည့်လူ မကျန်တော့။

"လူတစ်ဝက်က လုယန်ရဲ့နတ်ဝိညာဉ်နဲ့ တိုက်ခိုက်မယ်။ ကျန်တဲ့တစ်ဝက်က လုယန်နဲ့ရင်ဆိုင်ကြမယ်"

တစ်ယောက်က အော်လိုက်သည်။ ဤအခြေအနေကိုဖြတ်ကျော်ဖို့ တစ်ယောက်ယောက်၏ဆန္ဒအတိုင်း ညီညွတ်စွာလှုပ်ရှားဖို့လိုသည်။

အော်လိုက်သည့်လူက လင်းကျုန်းရန်ဟုခေါ်သည်။ တရားရေးဝန်ကြီး၏သားဖြစ်သည်။ ကျုန်းယိတို့လိုပင် ထူးချွန်သူဖြစ်သည်။ နန်းမြို့တော်မှ သက်တူရွယ်တူများကြားတွင် နာမည်ကြီးသည်။

ယခု ကျုန်းယိ၊ လော်ဝူရွှမ်းနှင့် စွန်ချန်ရှန်းတို့ ဆက်တိုက်ရှုံးသွားသည်။ အန်းနန်အာက တိုက်ပွဲမဝင်ဘဲ မုန်ကျင်းယုနှင့် အတူထိုင်နေသည်။

ထို့ကြောင့် ဆက်တိုက်ခိုက်ဖို့ လူတစ်ယေက်၏ ဦးဆောင်မှုလိုသည်။

လင်းကျုန်းရန်အမိန့်ကို စိတ်မပါလက်မပါဖြင့် အားလုံးလက်ခံကြရသည်။

"နေပါဦး..လုယန်ရဲ့နတ်ဝိညာဉ်က ဘယ်ရောက်သွားတာလဲ"

ပြိုင်ဘက်ကင်းနတ်ဝိညာဉ် သူတို့မျက်စိရှေ့တွင် ပျောက်ကွယ်သွားသဖြင့် အံ့ဩသွားကြသည်။

ထိုစဉ် ရုတ်တရက် လင်းကျုန်းရန်ကို တစ်စုံတစ်ခုက ဝင်တိုက်သကဲ့သို့ လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်ပေါ် သွားတင်နေသည်။

"အဲဒါ လုယန်ရဲ့နတ်ဝိညာဉ်ပဲ။ နတ်ဝိညာဉ်က ကိုယ်ယောင်ဖျောက်လိုက်ပြီ"

တစ်ယောက်က အခြေအနေမှန်ကို ချက်ချင်းခန့်မှန်းမိသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် လုယန်၏ ပညာရပ်အများစုကို အသုံးပြုနိုင်သည်။ အခြေတည်အဆင့်တွင် ကိုယ်ပျောက်မှော်ပညာဟူသည့် ပညာတစ်ခုကို လုယန်သင်ဖူးသည်။

ခန္ဓာကိုယ်သာ ဖျောက်နိုင်သည်။ အဝတ်အစားများမဖျောက်နိုင်ခဲ့။ ထိရောက်မှု သိပ်မရှိသဖြင့် ထိုပညာကို လုယန်သိပ်မသုံးဖြစ်။

သို့သော် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က သူနှင့်မတူ။ အဝတ်အစားကိစ္စ စိုးရိမ်စရာမလို။ ထို့ကြောင့် ထိုပညာကို စိတ်တိုင်းကျသုံးနိုင်သည်။

ဦးဆောင်မည့်လင်းကျုန်းရန် လွင့်ထွက်သွားသဖြင့် အားလုံးဖရိုဖရဲဖြစ်သွားပြန်သည်။ တစ်ချို့က နတ်မယ်နှင့်ရင်ဆိုင်သည်။ တစ်ချို့က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကိုရှာသည်။

လူအုပ်ကို ဦးဆောင်ဖို့ကြိုးစားသူတိုင်းကို ကိုယ်ပျောက်နတ်ဝိညာဉ်က တိုက်ခိုက်သည်။

ဓားပြများကိုဖမ်းလိုလျှင် ဓားပြခေါင်းဆောင်ကို အရင်ဖမ်းရသည်ဟူသည့်စကားရှိသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ဆင်ခြင်ဉာဏ်မရှိသော်လည်း ဗီဇသိစိတ်အရ လှုပ်ရှားနေခြင်းဖြစ်မည်။

နတ်ဝိညာဉ်က ပညာရပ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်သုံးရင်း "ကောင်းကင်မျို"ပညာကို တစ်ပြိုင်တည်းတွဲသုံး၍ လော်ထန်တောအုပ်၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်သည်။

တစ်ခြားလူများက ပြိုင်ဘက်ကင်းနတ်ဝိညာဉ်လောက် စွမ်းအင်မြန်မြန်စုပ်ယူနိုင်စွမ်းမရှိ။ သိပ်ကြာမီ တောအုပ်၏ဝိညာဉ်စွမ်းအင်အားလုံး ကုန်ခမ်းသွားသည်။

စွမ်းအားပြန်ဖြည့်ခွင့်မရသဖြင့် အားလုံး၏ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ လျော့ပါးလာသည်။

တစ်ချို့က ဝိညာဉ်ကျောက်ထုတ်၍ စွမ်းအားစုပ်ယူရန်ကြိုးစားကြသည်။ ထိုဝိညာဉ်ကျောက်ကို နတ်ဝိညာဉ်က လုသွားသည်။

တိုက်ပွဲကို အဝေးမှလှမ်းကြည့်ရင်း မုန်ကျင်းကျိုး သူ့ပေါင်သူဖြန်းခနဲရိုက်၍ တအံ့တဩရေရွတ်သည်။

"လောင်လုရဲ့နတ်ဝိညာဉ်က သူနဲ့တကယ်စရိုက်တူပါပဲလား"

အရိုးသားဆုံးပြောရလျှင် သူသည်ပင် ထိုမျှအောက်တန်းကျသည့်လုပ်ရပ်မျိုး လုပ်နိုင်မည်မဟုတ်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် ထာဝရနတ်မယ်က စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိအားနှစ်ခုလုံးဖန်တီးသည်။ တစ်ချို့က နတ်ဝိညာဉ်ကိုအရေးမစိုက်တော့ဘဲ နတ်မယ်ကိုအာရုံစိုက်၍ တိုက်ခိုက်သည်။

သို့သော် ဘာမှအကျိုးမထူး။ နတ်မယ်က စွမ်းအားကြီးလွန်းနေသည်။

နတ်မယ်ပုံစံက လောကကို အထင်မကြီးသည့် နဂါးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ လက်သီးတစ်ချက်ဖြင့် တစ်ဘက်ရန်သူကို အနိုင်ယူသည်။

"မင်းတို့ငါ့ကို မယှဉ်နိုင်ပါဘူးလို့ ပြောသားပဲ။ မိုးမြေကြားမှာ မဟာကပ်ဆိုးတစ်ခုရှိတယ်။ အဲဒီ့ကပ်ဆိုးကို တွန်းလှန်ဖို့ ငါမွေးလာတာ။

ငါဟာ ကောင်းကင်ကရွေးချယ်ထားတဲ့လူပဲ။ မင်းတို့သာမန်လူတွေ ငါ့ကိုဘယ်လိုယှဉ်နိုင်မှာလဲ။

ဒါပေမယ့် မင်းတို့မှာ ပါရမီနည်းနည်းရှိတော့ မဟာပဲဝါနိုင်ငံရဲ့ လက်အောက်ခံဖြစ်ဖို့ အရည်အချင်းမီကောင်းမီမှာပါ"

မြေပေါ်တွင် လဲကျနေသူများရော လဲကျတော့မည့်လူများပါ နောက်ဆုံးစကားကြောင့် မင်သက်မိသွားကြသည်။

ဘယ်ကမဟာပဲဝါနိုင်ငံမှန်းမသိ။ တစ်ခါမှမကြားဖူး။

"မဟာပဲဝါနိုင်ငံဆိုတာ ငါတည်ထောင်ဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတစ်ခုပဲ။ ငါက လောကရဲ့ အုပ်ချုပ်သူအစစ်ပဲ။ မင်းတို့ငါ့ကို ပဲဝါအရှင်မလို့ ခေါ်လို့ရတယ်"

နတ်မယ်က ကြေညာသည်။

နိုင်ငံသစ်တည်ထောင်မည့်ကိစ္စ ထိုမျှရဲရဲတင်းတင်းကြေညာသူကို ပထမဆုံးအကြိမ်မြင်ဖူးကြခြင်းဖြစ်သည်။

မဟာရှားကို မျက်လုံးထဲလုံးဝထည့်ဟန်မတူ။

ဤလုယန်သည် သူ့အသက်သူ တန်ဖိုးမထားတတ်။ စည်းလွတ်ဝါးလွတ်နိုင်ပုံက ဝစီပိတ်ထက်ပင်သာသေးသည်။

လုယန် သိစိတ်နယ်မြေခေါင်မိုးဆီ တောင်းပန်သည့်အကြည့်ဖြင့် ကြည့်သည်။ သူ့နာမည်ဂုဏ်သတင်း ပျက်စီးတော့မည်ကို ခံစားနေရသည်။

"ငါ့နိုင်ငံကို ဘယ်သူမှမဝင်ချင်ကြဘူးပေါ့"

နတ်မယ် နည်းနည်းစိတ်ပျက်သွားသည်။ အခြေအနေကြည့်ရသည်မှာ ဒုခေါင်းဆောင်တစ်ယောက်သာ မဟာပဲဝါနိုင်ငံသို့ ဝင်ဖို့ဆန္ဒရှိပုံရသည်။

တကယ်သစ္စာရှိသည့် နောက်လိုက်တစ်ယောက်ဖြစ်သည်။

ဘယ်သူမှဆက်တိုက်ခိုက်ဖို့ ဆန္ဒမရှိတော့။ နတ်မယ် အပြတ်အသတ်အနိုင်ယူလိုက်ပြီးနောက် အားလုံး အမြန်ဆုတ်ခွာသွားကြသည်။

နတ်မယ် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ပြန်ခေါ်သည်။ ထို့နောက် တင်းပါးပေါ်လက်ထောက်၍ ဆုတ်ခွာသွားသည့် သခင်လေးများကိုကြည့်ရင်း လှောင်ရယ်နေသည်။

"ဟားဟား...တိုက်ခိုက်တဲ့နေရာမှာ နင်တို့ငါ့ကိုမီဖို့ အဝေးကြီးလိုပါသေးတယ်"

သိစိတ်နယ်မြေမှလုယန်က ပလ္လင်ထက်တွင်ထိုင်နေသည့်နတ်မယ်ကို ဖျောင်းဖျရန်ကြိုးစားသည်။

"အရှင်မ၊ တိုက်ပွဲကလည်း ပြီးသွားပြီဆိုတော့ ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်ကို..."

သို့သော် လုယန်အံ့ဩသွားသည်။ နတ်မယ်က အားရပုံမပေါ်သေး။

"ဒီနန်းမြို့တော်က အတော်ပျော်စရာကောင်းတယ်။ ရှောင်ယန်၊ ဒီခန္ဓာကိုယ်ကို ငါနည်းနည်းဆက်သုံးလို့ရမလား"

"အာ...ဒါတော့...ဒါတော့ သိပ်မကောင်းပါဘူး"

လုယန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ နတ်မယ်သာ သူ့ခန္ဓာကိုယ်ကို ဆက်သုံးလျှင် သူ့နာမည်ပျက်သထက်ပျက်လိမ့်မည်။

လုယန်တုံ့ဆိုင်းနေသည်ကို မြင်သဖြင့် နတ်မယ်က နည်းလမ်းပြောင်းသည်။

"ရှောင်ယွမ်ကငါ့ကို တစ်နှစ်စာ ယာယီဂိုဏ်းချုပ်ရာထူးပေးဖို့ ကတိပေးထားတယ်။ အခု အဲဒီ့အခွင့်အရေးကိုသုံးဖို့ ငါဆုံးဖြတ်လိုက်ပြီ။

ဒီတော့...ယာယီဂိုဏ်းချုပ်အနေနဲ့ နင့်ခန္ဓာကိုယ်ကိုပေးဖို့ ငါအမိန့်ပေးတယ်"

အရှေ့ပင်လယ်မှ ပြန်လာပြီးနောက် နတ်မယ်၏အကျိုးဆောင်မှုများအတွက် ယွမ်ကျိက တစ်နှစ်စာယာယီဂိုဏ်းချုပ်လုပ်ခွင့်ပေးခဲ့သည်။

ထိုအခွင့်အရေးကို နောက်မှသုံးမည်ဟု နတ်မယ်က ပြန်ပြောခဲ့သည်။

လုယန်"..."

ဒါဆို နတ်မယ်...ယာယီဂိုဏ်းချုပ်ရာထူးကို အချိန်ဆွဲထားခဲ့တာက နောင်တစ်ချိန် ကျုပ်ကို အမိန့်ပေးဖို့ပဲပေါ့...

"ကျွန်တော်မျိုး အမိန့်နာခံပါတယ်"

***************************

အခန်း (၈၃၇) ကြာနန်းဆောင်

နတ်မယ် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို သိစိတ်နယ်မြေသို့ ခေါ်လိုက်သည်။

နတ်မယ်ဆုံးမထားသဖြင့် ပြိင်ဘက်ကင်းနတ်ဝိညာဉ်က အရင်လို လုယန်ကိုမြင်မြင်ချင်း မတိုက်ခိုက်တော့။ အတော်လေး အပိုးကျိုးသွားသည်။

"နတ်ဝိညာဉ်လေး။ အခု ရှောင်ယန်ရဲ့အမိန့်ကို နင်နာခံပါ။ သူဘာခိုင်းခိုင်း နင်လုပ်ပါ။

...ရှောင်ယန်၊ ပြိုင်ဘက်ကင်းဝိညာဉ်နဲ့ နင်ဆက်ပြီးလေ့ကျင့်သင့်တယ်။ ဘာပဲပြောပြော အဲလိုလေ့ကျင့်မှ ဝိညာဉ်ပြောင်းအဆင့်ကို နင်တက်နိုင်မှာလေ။

နင့်ကိုအရှုံးပေးပါလို့တော့ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို အမိန့်မပေးနဲ့ပေါ့။ ကျင့်ကြံတဲ့နေရာမှာ ဖြတ်လမ်းတွေကို ရှောင်သင့်တယ်။ အခြေခိုင်အောင်လုပ်သင့်တယ်။

ဒါမှ ကျင့်စဉ်အဆင့်မြင့်လာရင် အရှုပ်အထွေးကင်းမှာ"

နိုင်ငံတည်တော်ဝင်အင်ပါယာက သူ့လက်အောက်ခံ၏ ကျင့်စဉ်လမ်းတိုးတက်မှုကို အရေးစိုက်သည်။ ထိုလက်အောက်ခံကို ဘယ်လောက်အလေးထားမှန်း သိသာထင်ရှားနေသည်။

လုယန် ခေါင်းငြိမ့်သည်။ နားလည်ကြောင်းပြသည်။

အပိုးကျိုးသည့်လုယန်ကိုကြည့်၍ နတ်မယ်အတော်ကျေနပ်သွားသည်။

လုယန်ကို လမ်းညွှန်ချက်ပေးပြီးနောက် နန်းမြို့တော်ထဲမှ ဘဝအတွေ့အကြုံကို ခံစားရန်ပြင်ဆင်သည်။

လုယန်ရှိရာသို့ မုန်ကျင်းကျိုးရောက်လာသည်။ ထူးဆန်းနေသည့်လုယန်အမူအရာကိုကြည့်၍ နည်းနည်းတုံ့ဆိုင်းသွားသည်။ အကဲစမ်း၍ခေါ်ကြည့်သည်။

"ထာဝရနတ်မယ်လား"

နတ်မယ် အံ့ဩသွားသည်။

"နင်ဘယ်လိုရိပ်မိတာလဲ"

သူဟန်ဆောင်ထားသည်မှာ ဟာကွက်မရှိ။ ဤမုန်မျိုးရိုးက ဘယ်လိုရိပ်မိသွားသည်မသိ။

သူတီးတိုးသတိပေးသည်။

"ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ လောလောဆယ် ငါက ယာယီဂိုဏ်းချုပ်ပဲ။ အဲဒီ့ရာထူးရဲ့ဩဇာကိုသုံးပြီး လုယန်ခန္ဓာကိုယ်ကို ခဏယူထားတာ။ အပြင်ထွက်ပြီး ပျော်ချင်လို့"

မုန်ကျင်းကျိုး ကျိတ်၍ကျေနပ်သွားသည်။ လုယန်သည် ယာယီဂိုဏ်းချုပ်ရာထူးရသော်လည်း အသုံးချခွင့်မရရှာ။

"နားလည်ပါပြီ။ ကျုပ်ဘယ်သူ့ကိုမှမပြောပါဘူး"

"အကိုလု၊ အကိုအဆင်ပြေရဲ့လား"

မုန်ကျင်းယု အပြေးရောက်လာပြီး လုယန်၏အင်္ကျီလက်ကိုဆွဲ၍ စိုးရိမ်တကြီးမေးသည်။

"ခုနက အကိုလုတိုက်ခိုက်နေတဲ့ပုံစံက အရမ်းခံ့ညားတယ်"

"ဒီကောင်မလေးက ပါရမီအစစ်ကို မြင်တတ်သားပဲ"

မုန်ကျင်းယု၏ 'ခံ့ညားသည်'ဟူသည့် ချီးကျူးစကားကြောင့် နတ်မယ်အတော်ဘဝင်ခွေ့သွားသည်။

"နောက်ကို မင်းပြဿနာတစ်ခုခုကြုံရင် ငါ-...ငါကူညီပေးမယ်"

အမှန်တော့ 'ငါနတ်မယ်'ဟု ပြောလိုခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် လုယန်၏ခန္ဓာကိုယ်ကိုသုံးထားကြောင်း ပြန်သတိရလာသဖြင့် သရုပ်မှန်မပေါ်အောင် စကားပြင်ပြောသည်။

သူ့သရုပ်မှန်ပေါ်သွားကြောင်း ရှောင်ယွမ်သိလျှင် မပြီးနိုင်မဆုံးနိုင် နားဒုက္ခခံရမည်။

တိုက်ပွဲများဆက်တိုက်နွှဲခဲ့သဖြင့် လော်ဖုန်တောအုပ်မှ သက်တမ်းရင့်သက်ပင်များ အလဲလဲအပြိုပြိုဖြစ်၍ ကျန်ခဲ့သည်။ မြေပြင်ကလည်း နဂါးတစ်ကောင်မြေလူးထားသကဲ့သို့ ရှုပ်ပွနေသည်။

မုန်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် မုန်ကျင်းကျိုးက မိသားစုအကြီးအကဲတစ်ယောက်ကို တောအုပ်ပြန်ပြင်ပေးဖို့ အကူအညီတောင်းသည်။

....

"အဖေ၊ ဟိုလုယန်ကို ကျုပ်တကယ်မနိုင်ဘူး"

အရာရှိတစ်ယောက်၏သားက အိမ်ပြန်ရောက်ချိန်တွင် သူ့ဖခင်ကို တိုက်ပွဲရလာဒ်ကို အစီရင်ခံသည်။

"သူ့ကိုတိုက်ခိုက်တာ ကျုပ်တစ်ယောက်တည်းမဟုတ်ဘူး။ လူတွေဒါဇင်နဲ့ချီပြီး တစ်ပြိုင်တည်း ဝိုင်းတိုက်ကြတာ။ ဘယ်သူမှသူ့ကို မနိုင်ဘူး။

သူ့နတ်ဝိညာဉ်ကလည်း အတော်လေးစွမ်းအားကြီးတယ်။ ဝိညာဉ်ပြောင်းအဆင့်ပါရမီရှင်ကျင့်ကြံသူတောင် ဒီလိုဓားချီမျိုး မထုတ်နိုင်ဘူး။

လုယန်ကပဲ စိတ်နှစ်ခုခွဲပြီးတိုက်ခိုက်နိုင်တာလား ဒါမှမဟုတ် သူ့နတ်ဝိညာဉ်ကပဲ ထူးခြားစွမ်းရည်ရှိတာလားမသိဘူး။ လုယန်နှစ်ယောက်ကို ရင်ဆိုင်နေရသလိုပဲ။

သူတိုက်ခိုက်ပုံကလည်း အရမ်းအလှည့်အပတ်များတယ်။ အမှတ်မထင်ဝင်တိုက်ခိုက်တာမျိုးတွေ ခဏခဏလုပ်တယ်"

"ဒီလိုနတ်ဝိညာဉ်မျိုး ရှိသေးတာလား"

"ရှိတယ်အဖေ၊ ကျုပ်လည်း သူ့နတ်ဝိညာဉ်မျိုး တစ်ခါမှမကြားဖူးဘူး။ သူကိုယ်တိုင်ဖန်တီးထားတဲ့ အမျိုးစားသစ်ဖြစ်လောက်တယ်"

ဖခင်ဖြစ်သူ မုတ်ဆိတ်ကိုသပ်လျက် စဉ်းစားသည်။

"အဘိုးကြီးဝစီပိတ်ရဲ့တပည့်က တကယ်စွမ်းရည်ရှိတာပဲ။ ကိုယ်ပိုင်နတ်ဝိညာဉ်တောင် ဖန်တီးနိုင်တယ်ပေါ့"

လုယန်ကို အနိုင်မရသော်လည်း လော်ထန်တောအုပ်တိုက်ပွဲက အတော်အကျိုးရှိခဲ့သည်ဟု သားဖြစ်သူခံစားရသည်။

သို့သော် သက်ကြီးပိုင်းများက ထိုစိတ်ကျေနပ်မှုမျိုးကို နားလည်မည်မဟုတ်။ ထို့ကြောင့် သူရှင်းပြမနေတော့။

....

"ဘာရယ်၊ လုယန်က မင်းတို့အားလုံးကို အနိုင်ယူလိုက်တယ်ပေါ့"

သတင်းကြားသည်နှင့် ပြည်ထဲရေးဝန်ကြီး အကြီးအကျယ်အံ့အားသင့်သွားသည်။ သူ့သားသည် စွမ်းအားကြောင့်နာမည်ကျော်သူဖြစ်သည်။

အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းဟုဆိုနိုင်လောက်သည်။ လုယန်နှင့် ဘာကြောင့်ထိုမျှကွာဟနေသည်မသိ။

ပြည်ထဲရေးဝန်ကြီး စိတ်ပျက်သွားသည်။ စွန်းချန်ရှန်းနဖူးကို လက်ညှိုးဖြင့်ထောက်၍

"ပြောစမ်းပါဦး။ မင်းဘယ်လောက်စွမ်းတယ်ဆိုပြီး အမြဲတမ်းကြွားလုံးထုတ်ခဲ့တာမဟုတ်လား။ အရေးကြီးတဲ့အချိန်ကျမှ ဘာလို့ဘေးချော်သွားတာလဲ"

စွန်းချန်ရှန်းက မျက်နှာမသာမယာဖြင့်

"အဖေ၊ လုယန်ဘယ်လောက်စွမ်းအားကြီးလဲ အဖေမသိပါဘူး။ သူ့ဓားပညာက ထူးခြားတယ်။ သူ့လက်သီးပညာတွေက ဓားပညာထက်တောင် ပိုစွမ်းအားကြီးတယ်။

မှော်ပညာတွေလည်း အများကြီးတတ်တယ်။ သူ့နတ်ဝိညာဉ်ကလည်း စွမ်းအားကြီးတယ်။ ကျုပ်သူနဲ့ ဘယ်နေရာမှမယှဉ်နိုင်ဘူး။

အဖေ၊...အဖေ့ကျင့်စဉ်အဆင့်ကိုချပြီး သူနဲ့တိုက်ခိုက်ကြည့်ပါလား"

ဝန်ကြီး မျက်လုံးထောင့်ကပ်ကြည့်သည်။ သူအရူးမဟုတ်။ လုယန်၏ တိုက်ပွဲအောင်နိုင်မှုမှတ်တမ်းများကိုပင် သူမယှဉ်နိုင်။ ကျင့်စဉ်အဆင့်မချဘဲ တိုက်ခိုက်ဖို့သာသင့်သည်။

......

လော်ထန်တောအုပ်တိုက်ပွဲဖြစ်ပြီးနောက် လောကကြီးက လုယန်၏စွမ်းအားကို နောက်တစ်ကြိမ် ခံစားမိပြန်သည်။ မသေမျိုးအဆင့်ရောက်နိုင်ခြေရှိသူဟု မြင်ကြသည်။

မဟာကပ်တွင် နေရာတစ်ခုရလိမ့်မည်ဟု ယူဆကြသည်။

သို့သော် လုယန် ထိုကိစ္စကို အရေးမစိုက်။ လောလောဆယ် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ ရိုက်နှက်ခြင်းကို ခံနေရသည်။ သူ့အပေါ် အပြင်လောကအမြင်များကို အရေးမစိုက်အား။

လုယန် အသက်ကိုမောပန်းစွာရှူရှိုက်၍ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ကြည့်နေသည်။

ပြိုင်ဘက်ကင်းသန္ဓေကို တစ်ဆင့်ခံနည်းလမ်းဖြင့် ထိန်းချုပ်ထား၍သာ တော်တော့သည်။ မဟုတ်လျှင် ယခုထက်ပို၍ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရပေလိမ့်မည်။

"ငါစွမ်းအားအကြီးဆုံးအခြေအနေကို ကိုယ်စားပြုတယ်ဆိုတဲ့စကားနဲ့ တကယ်လိုက်ဖက်တာပဲ။ သူ့ကိုအမီလိုက်ဖို့ မလွယ်ပါလား"

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် နတ်ဝိညာဉ်အဆင့်တွင် လုယန်၏ စွမ်းအားအကြီးဆုံးအခြေအနေကို ကိုယ်စားပြုသည်။

နတ်ဝိညာဉ်ကို အနိုင်ယူဖို့ ကိုယ့်စွမ်းရည်ကိုယ် အပြည့်ဝဆုံးဖြစ်အောင် ကြိုးစားဖို့သာရှိသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် လေ့ကျင့်တိုက်ခိုက်ရင်း လုယန် များစွာတိုးတက်လာသည်။

အပြင်လက်တွေ့တွင် နတ်မယ်က လုယန်၏ခန္ဓာကိုယ်ကို ငှားထားသည်။ သူအမြဲတမ်း လမ်းသလားနေသည်တော့မဟုတ်။

အားလပ်ချိန်တွင် လုယန်၏ကျင့်ကြံမှုကို ကူညီပေးသည်။

မျက်တောင်တခတ်အတွင်း မီးပုံးပွဲတော်ရာသီသို့ ရောက်လာသည်။

မုန်ကျင်းယုက အပြင်ထွက်ပြီး ပျော်ကြဖို့ပူဆာသည်။ မုန်ကျင်းကျိုးနှင့် နတ်မယ်ကိုလည်း လိုက်ခဲ့ဖို့ အတင်းခေါ်သည်။

"အကိုလုယန်၊ အပြင်ထွက်ပြီး လျှောက်လည်ရအောင်"

"သွားမယ်လေ"

နတ်မယ် ဝမ်းသာအားရထောက်ခံပြီး ကျင့်ကြံမှုရပ်၍ ကုတင်ပေါ်မှ ခုန်ထလာသည်။

နန်းမြို့တော်မီးပုံးပွဲတော်သည် အလွန်တရာစည်ကားသည်။ အိမ်တိုင်း တောက်ပသည့်မီးပုံးများဖြင့် တန်ဆာဆင်ထားသည်။

လမ်းမများပေါ်တွင် ပျော်ရွှင်နေသည့်လူများ အပြည့်ရှိသည်။ မျက်စိပသာဒဖြစ်စရာကောင်းသည်။

"ဟိုဟာက ဘယ်လိုနေရာလဲ"

နတ်မယ် အနီရောင်မီးပုံးများထွန်းထားသည့် ဆိုင်တစ်ခုဆီ လက်ညှိုးထိုးပြသည်။ ထိုဆိုင်ဆီမှ ပြင်းထန်သည့် လောကဆန္ဒစွမ်းအင်ရောင်များထွက်နေသည်ကို သူအာရုံခံမိသည်။

မုန်ကျင်းယုက ခေါင်းခါသည်။ ဘယ်လိုနေရာမှန်း သူမသိ။ သူတစ်ခါမှမသွားဖူး။

မုန်ကျင်းကျိုးက ရှင်းပြသည်။

"အဲဒါ ကြာနန်းဆောင်ပါ။ နန်းမြို့တော်မှာတည်ထောင်ထားတဲ့ ညှို့ငင်ဂိုဏ်းရဲ့ဌာနခွဲတစ်ခုပေါ့"

ညှို့ငင်ဂိုဏ်းအကြောင်း နတ်မယ် မှတ်မိလာသည်။ ညှို့ငင်ဂိုဏ်း၏ အဓိပဓိအကြီးအကဲချန်ကျောင်းကိုပါ တွေ့ဖူးသည်။

ထိုချန်ကျောင်းသည် ညှို့ငင်ဂိုဏ်းသို့ ပြန်သွားသလား သိုးရေခြုံသည့်ဝံပုလွေ ဆက်လုပ်နေသလားတော့မသိ။

(**တာအိုလမ်းစဉ်ဂိုဏ်း လူသစ်ရွေးပွဲမလုပ်မီ ကြိုတင်ရွေးချယ်ထားသည့် လူငယ်များကို လုယန်တို့ သွားလေ့လာခဲ့ကြသည်။

သူတောင်းစားအဘိုးအိုနှင့်အတူ နေထိုင်သည့် ကောင်လေးတစ်ယောက်နှင့် ကောင်မလေး(ချန်ကျောင်း)တစ်ယောက်ကို သူတို့လေ့လာသည်။

နှစ်ယောက်လုံးက အသွင်ပြောင်းထားသည့် အဆင့်မြင့်စွမ်းအားရှင်များဖြစ်နေသည်)

"ဒါဆို ဒီကြာနန်းဆောင်ကို ဘာအတွက်သုံးတာလဲ"

နတ်မယ်ဆက်မေးသည်။

"ကြာနန်းဆောင်က သာမန်‌ဆောင်ကြာမြိုင်တွေနဲ့မတူဘူး။ ညှို့ငင်ဂိုဏ်းရဲ့တပည့်တွေ ဦးစီးတာ။ စာပေအနုပညာဖျော်ဖြေမှုပဲပေးတယ်။ ခန္ဓာကိုယ်ဖျော်ဖြေမှုမပေးဘူး။

ညှို့ငင်ဂိုဏ်းတပည့်တွေက အနုပညာမျိုးစုံကျွမ်းကျင်တယ်။ ဗျတ်စောင်း၊ ကျား၊ စာပန်းချီ၊ ဆေးရေးပန်းချီ၊ ကဗျာ၊ ရသစာအရေးအဖွဲ့...အဲဒါမျိုးတွေပေါ့။

အကိုလုသွားလည်ချင်လို့လား"

ရှင်းပြသူက မုန်ကျင်းကျိုးမဟုတ်။ တစ်ခြားလူတစ်ယောက်ဖြစ်သည်။

မုန်ကျင်းကျိုး လှည့်ကြည့်သည်။ သူတို့ဘေးတွင် ခေါင်ယပ်တောင်တစ်ချောင်းခတ်လျက်ရပ်နေသည့် ကျုန်းယိကို မြင်ရသည်။ စာပေသမားဟန်ပန်မျိုးရှိသည်။

မုန်ကျင်းကျိုး မျက်နှာရှုံ့သွားသည်။

"ကြားနန်းဆောင်ကို စာပေကျင့်ကြံသူတွေပဲ ပုံမှန်သွားကြတာမဟုတ်လား"

စာပေပါရမီမရှိဘဲ ကြာနန်းဆောင်လိုနေရာမျိုးသို့သွားလျှင် အရှက်ကွဲရုံသာရှိမည်။

ကျုန်းယိက ခပ်ညှင်းညှင်းရယ်လျက် မုန်ကျင်းကျိးနှင့်လုယန်ကို စိန်ခေါ်သည့်အကြည့်ဖြင့် ပြန်ကြည့်သည်။

"ဘာဖြစ်လို့လဲ။ တာအိုရှင်ဝီပိတ်က မင်းတို့ကို ကဗျာတွေ စာပေတွေ သင်မပေးဘူးလား။ သူ့တပည့်တွေဖြစ်ပြီး တစ်ခုမှမတတ်ဘူးလား"

"အတော်ပျော်စရာကောင်းမယ့်ပုံပဲ"

နတ်မယ် စိတ်ဝင်စားသွားသည်။ ရှေးဟောင်းခေတ်က ထိုနေရာမျိုး မရှိခဲ့။

"ညီမယု၊ အထဲဝင်ကြည့်ကြမလား"

မုန်ကျင်းယုလည်း ထိုနေရာမျိုးသို့ သွားလည်ဖြစ်ခဲသဖြင့် အတော်စိတ်ဝင်စားနေသည်။

"ကြည့်ချင်တယ်"

"ဒါဆို သွားစို့လေ"

နတ်မယ်က စိတ်အားထက်သန်စွာဖြင့် မုန်ကျင်းယုလက်ကို ဆွဲလိုက်သည်။ မုန်ကျင်းယု မျက်နှာနီရဲသွားသည်။

လက်ဆွဲသည့်ကိစ္စကို မသင့်တော်ဟု နတ်မယ်မခံစားရ။ အောင်းလင်းနှင့်ကျန်းလျန်ယိကိုလည်း ထိုသို့ပင် သူဆွဲခေါ်လေ့ရှိသည်။

ကျုန်းယိအပြုံးများ ရပ်တန့်သွားသည်။ ဘာကြောင့်သူ့ကို လုံးဝအရေးမစိုက်ကြသည်မသိ။

"ငါစိန်ခေါ်တာကို လုံးဝမသိကျိုးကျွံပြုသွားတယ်။ အတော်လည်တဲ့ကောင်တွေပဲ"

**************************

All Chapters