အခန်း (၈၃၈-၈၄၀)
Vol. 56 Ch. 838-840
အခန်း (၈၃၈) ကဗျာစွမ်းရည်
ကြာနန်းဆောင်သည် နန်းမြို့တော်စာပေပညာရှင်များကြားတွင် အတော်နာမည်ကြီးသည်။
ပထမတစ်ချက်က တော်ဝင်လမ်းမဟာထိပ်တန်းဂိုဏ်းဖြစ်သည့် ညှို့ငင်ဂိုဏ်း၏နောက်ခံ ရှိသောကြောင့်ဖြစ်သည်။ ညှို့ငင်ဂိုဏ်းသို့ ဝင်သူမှန်သမျှကို နတ်သမီးဟု ခေါ်နိုင်သည်။
ကြာနန်းဆောင်ကို ညှို့ငင်ဂိုဏ်းက အတော်အလေးထားသည်။ ဂိုဏ်းတပည့်များ၏ ကျင့်စဉ်ခရီးအစိတ်အပိုင်းအဖြစ် မြင်သည်။
ထိုမျှဆိုလျှင် ကြာနန်းဆောင်မှ မိန်းမလှများ၏ အဆင့်အတန်းကို စိတ်ကူးကြည့်နိုင်သည်။
ဒုတိယတစ်ချက်က ကြားနန်းဆောင်မှ ဖျော်ဖြေသူများသည် အလွန်ပါရမီထူးသည်။ ဟန်လင်းကျောင်းတော်မှလူများထက်ပင် ပိုသာလောက်သည်။
ကြာနန်းဆောင်မှ အသိအမှတ်ပြုလိုက်သည့် စာပေလက်ရာတစ်ခုသည် သိပ်မကြာမီ နန်းမြို့တော်တစ်ခုလုံး ကျော်ကြားသွားလေ့ရှိသည်။
သို့သော် နတ်မယ်က ထိုကိစ္စများကို အရေးမစိုက်ပါ။ ကြည့်ရှုရုံသက်သက် လာခြင်းဖြစ်သည်။
ယနေ့ မီးပုံးပွဲတော်ဖြစ်၍ ကြာနန်းဆောင်က ခါတိုင်းထက်ပိုစည်ကားနေသည်။
ကြာနန်းဆောင်ထဲတွင် သာမန်ဆောင်ကြာမြိုင်များတွင် တွေ့ရသည့် အနိမ့်စားအနံ့အသက်မျိုးမရှိ။ သန့်စင်သည့် ကောင်းကင်ဘုံတစ်ခုနှင့်တူသည်။
လူရည်သန့်များ မိန်းမလှများ မကြာခဏလာကြသည့် မသေမျိုးမက်မွန်ဥယျာဉ်နှင့်တူသည်။
လေထဲတွင် တောက်ပသည့်ဝတ်စုံများဖြင့် ပျံသန်းနေသည့် မိန်းကလေးကျင့်ကြံသူများလည်းရှိသည်။ ဗျတ်စောင်းတီးခတ်ချိန်တွင် သူတို့ဖဲကြိုးစများက လေနှင့်အတူ လွင့်မျောနေသည်။ တိုင်းခြားနိုင်ငံမှ အလှတရားမျိုး ထွက်ပေါ်နေသည်။
လော်ထန်တောအုပ်တွင် သူအနိုင်ယူခဲ့သည့် လူအတော်များများ နတ်မယ်တွေ့ရသည်။
မြို့တော်သခင်လေးများဖြစ်၍ ဘက်စုံထူးချွန်ကြသည်။ ငယ်ကတည်းက ကျင့်စဉ်လမ်းအကြောင်း စာပေပညာအကြောင်း လေ့လာသည်။ ကိုယ်ပိုင်ကျောင်းများတွင် စာပေနှင့်သိုင်းပညာ နှစ်မျိုးလုံးသင်ယူကြသည်။
စာပေပညာမလေ့လာ၍ ကန္တဝင်ကဗျာတစ်ပုဒ်နှစ်ပုဒ်ပင်မသိဘဲ ဘဝလမ်းခရီး၌ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်တွေ့သည့်အချိန် "သောက်ရမ်းကောင်းကွာ"ဟုသာ ပြောတတ်လျှင် ရှက်စရာကောင်းသည်ဟု ခံယူကြသည်။
ကြာနန်းဆောင်သည် လူအများလေးစားသည့်နေရာဖြစ်သည်။ ကာမဝန်ဆောင်မှုမပေး။ ထို့ကြောင့် မိန်းကလေးများလည်း လာလည်ကြသည်။
မုန်ကျင်းယုလည်း နတ်မယ်လိုပင် စိတ်ဝင်စားနေသည်။ အလှပိုင်ရှင်များကို လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်သည်။
"မမတွေအားလုံး အရမ်းလှကြတာပဲ"
"ဟုတ်လို့လား"
နတ်မယ်ထိုသို့မခံစားရ။ ညှို့ငင်ဂိုဏ်းတပည့်များကို ရွက်ကြမ်းရေကျိုဟုသာ သူမြင်သည်။ ရှေးဟောင်းခေတ် ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်နှင့်ယှဉ်ဖို့ အဆင့်မမီ။
ရှေးဟောင်းအလှပိုင်ရှင်ဆယ်ယောက်တွင် နံပတ်တစ်ဖြစ်သည့် သူနှင့်ဆိုလျှင် နှိုင်းယှဉ်စရာပင်မရှိ။
"ကောင်မလေး၊ မင်းလည်း ကြီးလာရင် သူတို့ထက်ပိုလှလာမှာပါ"
နတ်မယ်က စိတ်ရင်းဖြင့်ပြောသည်။ သူလူကဲခတ်လျှင် တိကျသည်။ 'သူ့တိုက်ခိုက်ပုံ ခံ့ညားသည်'ဟု ပြောကတည်းက ထိုကောင်မလေးကို သူသဘောကျသွားည်။
နတ်မယ် မုန်ကျင်းယု၏နှာခေါင်းကို ညင်သာဆွဲညှစ်လိုက်သည်။ မုန်ကျင်းယု ရှက်သွေးဖြာပြီး ခေါင်းငုံ့သွားသည်။
မုန်ကျင်းကျိုး "..."
...သိပ်တော့မသင့်တော်ဘူးထင်တယ် နတ်မယ်...ခင်ဗျားက လုယန်မျက်နှာနဲ့ ဒီလိုစကားချိုချိုတွေပြောနေတော့ နည်းနည်းကြည့်မကောင်းဘူး...
သိစိတ်နယ်မြေတွင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် လေ့ကျင့်နေသည့်လုယန် လေ့ကျင့်မှုခဏရပ်ပြီး နတ်မယ်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သည်။
...ခင်ဗျားက ယောက်ျားမိန်းမကွဲပြားချက်ကိုတောင် နားမလည်ဘူးလား နတ်မယ်..
"ဪ...အကိုလုလည်း ဒီကိုရောက်လာတာလား"
လော်ဝူရွှမ်း လုယန်ကို သတိထားမိသွားသည်။ သူ့ကျင့်စဉ်အဆင့်လည်း ဝိညာဉ်ပြောင်းအခြေခံအဆင့်သို့ ပြန်ရောက်နေပြီဖြစ်သည်။
"လုယန် ရောက်လာတာလား"
"လော်ထန်တော်အုပ်မှာ အစွမ်းပြခဲ့တဲ့လုယန်လား"
"ဘယ်မှာလဲ"
လော်ထန်တော့အုပ်တိုက်ပွဲ ပြီးဆုံးသည်မှာ သိပ်မကြာသေး။ အဖြစ်အပျက်က အားလုံး၏မှတ်ဉာဏ်တွင် စွဲထင်နေဆဲဖြစ်သည်။
တိုက်ပွဲတွင် မပါဝင်ခဲ့သူများပင် ထိုအကြောင်းကို သိကြသည်။
"အပေါ်ထပ်မှာ လူအတော်စည်တာပဲ"
နတ်မယ် မှတ်ချက်ပြုပြီး ကြာနန်းဆောင်၏ အမြင့်ဆုံးအထပ်ဆီ မော့ကြည့်သည်။ ထိုနေရာတွင် လော်ဝူရွှမ်းက စင်္ကြံလက်ရန်းကိုကိုင်လျက် ရပ်နေသည်။
"အပေါ်ကိုထပ်ကိုတက်လား အကိုလု။ ညှို့ငင်ဂိုဏ်းရဲ့တပည့် ယဲ့မုန်ယင်က ထိပ်ဆုံးအထပ်မှာ ကျင့်ကြံနေတာလို့ ပြောကြတယ်"
ကျုန်းယိက လေသံပျော့ဖြင့် လုယန်ကို အပေါ်ထပ်သို့တက်ရန် ထပ်မံတိုက်တွန်းသည်။
နတ်မယ် ကျုန်းယိကို အရေးမစိုက်။ မုန်ကျင်းယုလက်ကိုဆွဲ၍ လှေခါးမှတက်သွားသည်။
မုန်ကျင်းကျိုး မြင့်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ကျုန်းယိတွင် အကြံတစ်ခုခုရှိမှန်း သူရိပ်မိသည်။ သို့သော် မသေမျိုးတစ်ယောက်ကို အပေါ်ထပ်သို့မတက်ဖို့ သူမတားရဲ။
"အကိုမုန်လည်း ပါလာတာပဲ"
လော်ဝူရွှမ်းက ဦးညွှတ်နှုတ်ဆက်ပြီး အားလုံးကို သူ့စားပွဲသို့ဖိတ်ခေါ်သည်။
လော်ထန်တောအုပ်တွင်ရှိစဉ်ကနှင့်ယှဉ်လျှင် လော်ဝူရွှမ်းဝတ်စုံက အတော်သားနားသည်။ ပို၍သိက္ခာတည်ကြည့်သည့်ဟန်ပန်မျိုး ပေါ်လွင်နေသည်။
"ဒီမှာ ဘာတွေရှိလို့လဲ"
ထိပ်ဆုံးထပ်တွင် စာပေပညာရှင်များ ပြည့်နေသည်ကို မုန်ကျင်းကျိုး အကဲခတ်မိသည်။ အစိမ်းရောင် ခန်းဆီးနောက်ဘက်တွင် မိန်းကလေးတစ်ယောက်ထိုင်နေသည်။
ဗျတ်စောင်းကို တီးနေသည်။ ဂီတသံက နွေဦးလေပြေကဲ့သို့ သာယာသည်။
လော်ဝူရွှမ်းက တွေးရခက်သွားဟန်ဖြင့် ပြန်ပြောသည်။
"အကိုမုန်မသိသေးဘူးလား။ အကိုမုန်လည်း ယဲ့မုန်ယင်နဲ့တွေ့ဖို့လာတယ်ထင်ခဲ့တာ"
မုန်ကျင်းကျိုး ယဲ့မုန်ယင်ကို သိပါသည်။ ညီမထောင်နှင့်ယှဉ်နိုင်လောက်သည့် မိန်းမလှဖြစ်သည်။ ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် ယဲ့မုန်ယင်က ညှို့ငင်ဂိုဏ်း၏ ရွှေသန္ဓေအလတ်တန်းဆင့်ကျင့်ကြံသူများ၏ ကိုယ်စားပြုအဖြစ် မုန်ကျင်းကျိုးနှင့်ယှဉ်ပြိုင်ခဲ့သည်။
မုန်ကျင်းကျိုး တကယ်ဘာမှမသိကြောင်းရိပ်မိသဖြင့် လော်ဝူရွှမ်းက ရှင်းပြသည်။
"ယဲ့မုန်ယင်ကြာနန်းဆောင်ကိုရောက်တာ ဆယ့်ငါးရက်ပဲရှိသေးတယ်။ အခုသူ အကမယ်တစ်ယောက်ဖြစ်လာပြီ။ လူတွေက သူ့ကိုမြင်ခွင့်ရဖို့တောင် ငွေအများကြီးပုံပေးချင်ကြတာ။
ဒါပေမယ့်သူက ညှို့ငင်ဂိုဏ်းရဲ့ အတွင်းတပည့်ပါ။ အကြီးအကဲချန်ကျောင်းရဲ့ ကာကွယ်မှုအောက်မှာရှိတယ်လို့ ပြောကြတယ်။ သူ့လိုလူအတွက် ဝိညာဉ်ကျောက်မရှားဘူးလေ။
ဒါကြောင့် ယဲ့မုန်ယင်က စည်းမျဉ်းတစ်ခုချတယ်။ သူစိတ်ကျေနပ်စေမယ့်ကဗျာမျိုး ရေးစပ်နိုင်တဲ့လူကို လက်ခံတွေ့ဆုံပြီး ကပြဖျော်ဖြေမယ်တဲ့"
ယဲ့မုန်ယင်၏ အကပညာသည် ကြည့်ကောင်းရုံသာမက ကျင့်ကြံမှုအတွက်လည်း များစွာအထောက်အကူပေးနိုင်သည်။
လော်ဝူရွှမ်းက ထိုင်နေသည့်လူများဆီ မုန်ကျင်းကျိုးကို မေးငေါ့ပြသည်။
"တွေ့လား။ ငါးရက်ရှိပြီ။ ဒါပေမယ့် တစ်ယောက်မှ သူကျေနပ်မယ့်ကဗျာမျိုး မစပ်နိုင်သေးဘူး။ ဒီနေ့က မီးပုံးပွဲတော်နေ့မို့ ပွဲတော်နဲ့ဆိုင်တဲ့ကဗျာတွေစပ်ဖို့ ယဲ့မုန်ယင်က တောင်းဆိုထားတယ်"
ရောက်လာသူတိုင်းတော့ ယဲ့မုန်ယင်၏အကကို ကြည့်လိုခြင်းမဟုတ်။ အတော်များများက နန်းမြို့တော်တွင် နာမည်ရလို၍ လာကြခြင်းဖြစ်သည်။
သူတို့စကားပြောနေစဉ်မှာပင် လူတစ်ယောက်က သူရေးထားသည်ကဗျာကို အစေခံတစ်ယောက်လက်ထဲ ထည့်ပေးသည်။ အစေခံက ခန်းဆီးနောက်မှ ယဲ့မုန်ယင်ထံသွားပေးသည်။
"လပြည့်နေ့။ မီးပုံးတွေက နေ့ခင်းဘက်လိုလင်းလက်။ ဈေးဂိတ်တံခါးက မီးပုံးပွဲတော်။ ရယ်သံကြားမှာဖုံးကွယ်ထားတဲ့ ပဟေဠိတွေ လှုပ်ရှား။
ချိုမြိန်တဲ့ပေါက်စီတွေက အာခံတွင်းကို အနွေးဓာတ်ပေးပြီး ပိုးသားအထိအတွေ့လို နူးညံ့တယ်"
ယဲ့မုန်ယင်က ညင်သာပျော့ပျောင်းသည့်အသံဖြင့် ကဗျာကိုဖတ်သည်။ ထို့နောက် ဗျတ်စောင်းဆက်တီးနေသည်။
လူအုပ်ကြီးထံမှ ရယ်သံများထွက်ပေါ်လာသည်။ ခပ်ညံ့ညံ့ကဗျာစိတ်ကူးသာဖြစ်သည်။ ကြာနန်းဆောင်တွင် ထုတ်ပြရဲသည်မှာ အံ့ဩစရာကောင်းသည်။
ကဗျာဆရာလည်း ရှက်၍ထွက်ပြေးသွားသည်။
ကျုန်းယိ ဟန်ပါပါဖြင့် ခေါက်ယပ်တောင်ကိုဖွင့်ပြီး လုယန်ဆီလှမ်းကြည့်၍ ခပ်ညှင်းညှင်းရယ်သည်။
"အကိုလုက တာအိုရှင်ဝစီပိတ်ရဲ့တပည့်ဆိုတော့ ကဗျာအရေးအသားလည်း ကျွမ်းကျင်မှာပဲ။ တစ်ပုဒ်လောက်ရေးကြည့်ပါလား။
ဘယ်လိုပြောပြော တာအိုရှင်ဝစီပိတ်က ကြာနန်းဆောင်မှာ နာမည်ကျော်ကဗျာတွေ ချန်ထားခဲ့တဲ့လူပါ"
လုယန်သည် ကျင့်စဉ်ပါရမီမြင့်မားသော်လည်း စာပေအကြောင်း နကန်းတစ်လုံးမသိဟု သူယူဆသည်။
စာပေအကြောင်း နားလည်လျှင် အစောကြီးကတည်းက နာမည်ကျော်ပြီးဖြစ်မည်။
လုယန်ရေးသည့်ကဗျာ အဆင့်မမီလျှင် လူအများလှောင်ရယ်စရာဖြစ်လာမည်။
နတ်မယ် တွေးရခက်သွားသည်။
"ငါဘယ်တုန်းက ကဗျာကျွမ်းကျင်ခဲ့ဖူးလို့လဲ"
ကျုန်းယိ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားသည်။ နတ်မယ်က ထိုမျှဒဲ့တိုးဝန်ခံမည်ဟု ထင်မထား။ သူထိုးနှက်မည့်အစီအစဉ် အသုံးမဝင်တော့။
"အကိုလုရေးရမှာ အရမ်းကြောက်နေရင် ကျုပ်ကိုစမ်းကြည့်ခွင့်ပြုပါ"
ကျုန်းယိနောက်ဘက်မှ လူတစ်ယောက်က မခိုးမခန့်လှမ်းကြည့်၍ ပြောသည်။
ထိုအချိန်ကျမှ ကျုန်းယိနောက်တွင် လူတစ်ယောက်ရှိကြောင်း နတ်မယ်သတိထားမိသည်။
နတ်မယ် ထိုလူကိုလက်ညှိုးထိုး၍ ယခုမှ မှတ်မိသွားသလို ဟန်ဆောင်သည်။
"ဪ...ငါမင်းကိုမှတ်မိပြီ။ လော်ထန်တော်အုပ်ထဲမှာ ငါအနိုင်ယူခဲ့တဲ့လူပဲ"
ထိုလူ၏တိုက်ခိုက်စွမ်းအားက သာမန်သာဖြစ်သည်။ အထင်ကြီးစရာမရှိ။
သိစိတ်နယ်မြေမှလုယန်က မနေနိုင်တော့ဘဲ နတ်မယ်ကို ထိုလူအကြောင်း မိတ်ဆက်ပေးသည်။
"သူ့နာမည်က ယန်ချန်းပင်တဲ့။ သူ့အဖေက ဟန်လင်းကျောင်းတော်က စာပေပညာရှင်ပဲ။ သူကိုယ်တိုင်ကလည်း စာပေကျင့်ကြံသူပဲ။
သုံးနှစ်အရွယ်မှာ အက္ခရာတွေ စရေးတယ်။ ငါးနှစ်မှာ ကဗျာစပ်တယ်။ ဆယ်နှစ်အရွယ်မှာ စာစီစာကုံးတွေရေးနိုင်တယ်။
သူ့ကဗျာတွေ စာပေလက်ရာတွေက နန်းမြို့တော်မှာ အတော်ကျော်ကြားတယ်"
ကြာနန်းဆောင်တွင် ကဗျာရေးဖို့ ကျုန်းယိက ယန်ချန်းပင်ကို အထူးတလည်ခေါ်လာခြင်းဖြစ်သည်။
လုယန်လည်း ရှိနေသည်ကိုမြင်သဖြင့် လုယန်ရေးသည့်ကဗျာညံ့လျှင် ယန်ချန်းပင်၏လက်ရာနှင့်နှိုင်းယှဉ်၍ အရှက်ခွဲဖို့ ရည်ရွယ်ခဲ့သည်။
သို့သော် လုယန်က သူ့အကြံကိုရိပ်မိသည်။ ထောင်ချောက်ထဲသို့မဝင်။
"ယန်ချန်းပင်ပါလား"
"သောက်လခွမ်းကွာ။ သူလည်း ရောက်လာတာလား"
ယန်ချန်းပင်၏ဂုဏ်သတင်းက လုယန်ထင်ထားသည်ထက် ပိုကျော်ကြားဟန်ရှိသည်။ သူ့ကိုမြင်သည်နှင့် လူအုပ်ကြီး မျက်နှာပျက်သွားသည်။
သူကဗျာတစ်ပုဒ်ရေးလိုက်ရုံဖြင့် ယဲ့မုန်ယင်နှင့်တွေ့ဆုံခွင့်ရမည်ဟု တွေးကြဟန်ရှိသည်။
ယန်ချန်းပင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးနေသည်။ ကြာနန်းဆောင်သို့ မလာမီကတည်းက ပွဲတော်နှင့်ပတ်သက်သည့် ကဗျာတစ်ပုဒ် သူကြိုစဉ်းစားထားပြီးဖြစ်သည်။
လူတစ်ယောက်ကို မင်တုံး၊ စုတ်တံ၊ စက္ကူနှင့် မင်သွေးကျောက် ယူခိုင်းသည်။ ကဗျာတစ်ပုဒ် အမြန်ရေးချပြီး အစေခံလက်သို့ ထည့်ပေးလိုက်သည်။
ခန်းဆီးနောက်ဘက်မှ ယဲ့မုန်ယင်က ဗျတ်စောင်းတီးခတ်မှုရပ်ပြီး ကဗျာကိုအသံထွက်၍ဖတ်သည်။ နောက်ဆုံးတွင် ရှားရှားပါးပါး ဝေဖန်ချက်ပေးသည်။
"စိတ်မကောင်းစရာပဲ။ စကားလုံးတွေကလှပေမယ့် အရေးအဖွဲ့က အလွန်အကျွံတန်ဆာဆင်ထားတော့ ကဗျာကအပေါစားဆန်သွားတယ်"
လူအုပ်ကြီး ဟားတိုက်ရယ်မောကြသည်။ ယဲ့မုန်ယင်ကဗျာဖတ်နေစဉ်က သူ့အကကို မြင်ခွင့်ရတော့မည့် စံပြကဗျာဖြစ်လာတော့မည်ဟု အားလုံးထင်ခဲ့ကြသည်။
သို့သော် ယဲ့မုန်ယင်က တိုတိုပြတ်ပြတ် ဝေဖန်လိုက်သည်။
ဒေါသနှင့်အရှက်တရားကြောင့် ယန်ချန်းပင်မျက်နှာ နီရဲလာပြီး နောက်ဘက်မှလူအုပ်ကို စူးစူးရဲရဲစိုက်ကြည့်သည်။ အထူးသဖြင့် အသံအကျယ်ဆုံးရယ်နေသည့် နတ်မယ်ကိုကြည့်သည်။
"အကိုလုရယ်သံက အတော်ကျယ်တာပဲ။ အကိုစိတ်ထဲမှာ ကဗျာစာသားတစ်ချို့ အသင့်ရှိနေပုံရတယ်။ ကျုပ်တို့အားလုံးသိအောင် ထုတ်ပြပေးပါလား"
နတ်မယ်ခေါင်းကုတ်၍ သိစိတ်နယ်မြေသို့ အမြန်ဝင်ပြီး သူ့မနောမယရွှေလက်ညှိုးထံ အကူအညီတောင်းသည်။
"ရှောင်ယန်၊ နင်ကဗျာရေးတတ်လား"
လုယန် နည်းနည်းတုံ့ဆိုင်းသွားသည်။
"ကဗျာရေးတာတော့ ကျုပ်လည်း သိပ်မကျွမ်းကျင်ဘူး။ ဒါပေမယ့် လူအများရှေ့မှာရွတ်ပြဖို့ လေးငါးကြောင်းလောက်တော့ ရပါတယ်"
******************************
အခန်း (၈၃၉) ဒဏ္ဍာရီတွင်မယ့်ကဗျာ
"ကဲ..အကိုလု၊ ဘာကဗျာစိတ်ကူးမှမရှိရင်လည်း အတင်းကြိုးစားဖို့မလိုပါဘူး။ မရှိဘူးလို့ဝန်ခံလိုက်ရင်ပဲ ရပါပြီ"
နတ်မယ် အတွေးနက်နေသည်ကိုကြည့်၍ ယန်ချန်းပင် လှောင်ပြုံးပြုံးသည်။ လုယန် ကဗျာမစပ်နိုင်သည်မှာ သေချာနေသည်။
မုန်ကျင်းကျိုး ကဗျာရေးချင်ပါသည်။ သို့သော် ပြဿနာက ဘယ်လိုရေးရမှန်း သူတကယ်မသိ။ သူအကောင်းဆုံးကြိုးစားရေးလည်း အညံ့စားကဗျာသာဖြစ်လာမည်။
မုန်ကျင်းကျိုး နတ်မယ်ကို မျှော်လင့်တကြီးကြည့်၍ အင်္ကျီလက်ကိုဆွဲပြီး သတိပေးလိုက်သည်။ ကျုန်းယိနှင့်ယန်ချန်းပင်က လုယန်ကို တမင်နှိပ်ကွပ်ရန် ကြံနေခြင်းဖြစ်သည်။
လော်ဝူရွှမ်းပင် မျက်မှောင်ကျုံ့သွားသည်။ ယန်ချန်းပင် နည်းနည်းတရားလွန်သည်ဟု ယူဆသည်။
"ရေးဆိုတော့လည်း ရေးရမှာပေါ့လေ"
နတ်မယ် ကြေညာလိုက်သည်။ စာရေးကိရိယာများ ကျောက်စိမ်းတံဆိပ်ထဲမှထုတ်၍ ကဗျာတစ်ပုဒ်ရေးလိုက်သည်။
"မြန်လှချည်လား"
ယန်ချန်းပင် ပို၍မျက်မှောင်ကျုံ့သွားသည်။ ကဗျာစာသားကိုကြိုတွေးထားလေသကဲ့သို့ စုတ်တံက စက္ကူပေါ်တွင် မရပ်မနားပြေးလွှားနေသည်။
သူ့စိတ်ထဲ လေးလံလာသည်။ လုယန်သည် စာပေပညာ တကယ်ကျွမ်းကျင်နေသလားမသိ။
အစေခံက ကဗျာကိုယူ၍ ခန်းဆီးနောက်မှ ယဲ့မုန်ယင်ဆီ လှမ်းပေးသည်။
ခန်းဆီးရှေ့မှ အခြေအနေများကို ယဲ့မုန်ယင် မြင်သည်။ ယန်ချန်းပင်က လုယန်ကို ကဗျာရေးဖို့ စိန်ခေါ်သည်ကိုလည်းကြားသည်။ လုယန်ကို ကယ်ထုတ်ဖို့ ပြင်ဆင်ထားသည်။
သို့သော် လုယန်က ကဗျာတစ်ပုဒ် ချက်ချင်းရေးနိုင်သဖြင့် သူအံ့ဩသွားသည်။
တိုနံ့နံ့စာကြောင်းများကို သူတစ်ချက်ကြည့်သည်။ သူ့မျက်နှာတွင် အံ့ဩသည့်အရိပ်များ ပေါ်လာသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့လက်များ တုန်ရင်လာသည်။
ထိုကဗျာသည် မိတ်ဆွေလုယန်လက်တမ်းရေးသည့် ကဗျာအစစ်မှဟုတ်ရဲ့လားမသိ။
လုယန်၏ကဗျာသည် အရည်အသွေးမမီလောက်ဟု သူထင်ထားသည်။ လုယန်ကိုယ်စား ကဗျာချရေး၍ ရွတ်ဆိုပေးဖို့ပင် ပြင်ဆင်ထားသည်။
လုယန် ထိုမျှစာပေပါရမီထူးခြားမည်ဟု လုံးဝမထင်ခဲ့။
"သခင်မ"
ယဲ့မုန်ယင်အခြေအနေကို သတိထားမိသဖြင့် အစေခံက တီးတိုးသတိပေးသည်။
ယဲ့မုနန်ယင် အသိပြန်ဝင်လာသည်။ စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ကဗျာရွတ်ရန်ပြင်သည်။
"မိန်းကလေးယဲ့က ဘာလို့ကဗျာစမရွတ်သေးတာလဲ"
ကျုန်းယိ မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ ထူးဆန်းသည့် အခြေအနေကြောင့် အားလုံးစိတ်ဝင်စားနေသည်။
ထိုစဉ် ယဲ့မုန်ယင်၏ ကြည်လင်ရှင်းလင်းသည့်အသံ ခန်းဆီးနောက်မှ ထွက်ပေါ်လာသည်။
"ယွမ်ရှောင် (မီးပုံးပွဲေတာ်)ရဲ့ ကျောက်စိမ်းည.."
အားလုံး ငြိမ်ကျသွားသည်။ လုယန်ရေးထားသည့်ကဗျာ ကောင်းမကောင်း ကြားချင်ကြသည်။
"သစ်ကိုင်းပေါင်းထောင်ချီပေါ်က ပန်းပွင့်တွေ အရှေ့လေကြောင့် ပြေလျော့...
ကြယ်တာရာတွေကို မိုးစက်လို တိုက်ချ....
တန်ဆာဆင်မြင်းရထားနဲ့ စစ်မြင်းကောင်းတို့ရနံ့တွေ လမ်းတွေပေါ်ပြည့်နက်...
ဖီးနစ်ပုလွေသံတွေကြောင့် လေထုလှုပ်ရှား...
ကျောက်စိမ်းအလင်း တဖျတ်ဖျတ်တောက်ပလို့
နဂါးနဲ့ဖီးနစ်တို့ တစ်ညလုံးကခုန်ကြ..."
အခန်းတစ်ခုလုံး ငြိမ်သက်သွားသည်။
အားလုံး ကဗျာစိတ်ကူးထဲတွင် နစ်မျောသွားသည်။ ထိုအာရုံမှ ပြန်မထွက်နိုင်ကြ။
"'နဂါးနဲ့ဖီးနစ်တို့ တစ်ညလုံးကခုန်ကြ'တဲ့။ စာကြောင်းတိုတိုနဲ့ ယွမ်ရှောင်ရဲ့ခမ်းနားမှုကို ရှင်းရှင်းလင်းလင်းသရုပ်ဖော်သွားတာပဲ"
ယွမ်ရှောင်မြင်ကွင်းကို ရေးဖွဲ့သည့် ကဗျာများစွာရှိသည်။ သို့သော် စာကြောင်းတိုတိုဖြင့် ချက်ချင်းအာရုံဖမ်းစားနိုင်သည့် ကဗျာမျိုး မကြားဖူးခဲ့သည့်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
တစ်ချို့က ယန်ချန်းပင်ကို ခိုးကြည့်ကြသည်။ ကျန်သည့်ကဗျာတစ်ပိုဒ် ဘယ်လိုလာသည်ဖြစ်စေ အဖွင့်ကဗျာပိုဒ်တစ်ခုတည်းကပင် ယန်ချန်းပင်၏ အလွန်အကျူးတန်ဆာဆင်ထားသည့်ကဗျာထက် များစွာသာလွန်နေသည်။
ယန်ချန်းပင်မျက်နှာ ဖြူရော်သွားသည်။ သူသေချာပြင်ဆင်လာသည့်ကဗျာထက် လုယန်၏ လက်တမ်းကဗျာက သာလွန်နေသည်။
သို့သော် သူလှောင်ပြုံးပြုံးလိုက်သည်။ ပထမကဗျာပိုဒ် ကောင်းကောင်းရေးနိုင်လည်း ကိစ္စမရှိ။ ကျန်သည့်ကဗျာပိုဒ်က ညံ့နေလျှင် ကဗျာတစ်ပုဒ်လုံး ပျက်စီးမည်။
မုန်ကျင်းကျိုးက သိပ်မအံ့ဩလှ။ ဘာမဆိုလုပ်နိုင်စွမ်းရှိသည့် ရှေးဟောင်းမသေမျိုးတစ်ယောက်သည် ကဗျာစာသားကောင်းကောင်း လေးငါးကြောင်းဖွဲ့ဖို့ အခက်အခဲမရှိနိုင်။
မုန်ကျင်းယု နတ်မယ်ကို အတော်အထင်ကြီးသွားသည်။ ပို၍လေးစားလာသည်။
အကိုလုသည် ကျင့်ကြံမှုပါရမီ မြင့်မားရုံသာမက စာပေလည်း ကျွမ်းကျင်နေသည်။
အစိမ်းရောင်ခန်းဆီးနောက်မှ ယဲ့မုန်ယင်၏အသံ နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။
"နှင်းမိုးမခပင်က ပိုးဖလံတွေ၊ ရွှေချည်ငွေချည်တွေ...
တိတ်ဆိတ်တဲ့ရယ်သံတွေ ရနံ့တသင်းသင်းနဲ့လွင့်ပါ...
လူအုပ်ထဲမှာ သူ့ကိုအကြိမ်ကြိမ်ရှာမိ...
ရုတ်တရက် လှည့်ကြည့်လိုက်တော့...
သူရှိနေတယ်...မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာပေ့ါ..."
နောက်ဆုံးစာကြောင်းကိုရွတ်ချိန်တွင် ယဲ့မုန်ယင်မျက်လုံးများ ရီဝေလာသည်။ အစောပိုင်းက အကြမ်းဖျင်းသာ အမြန်ဖတ်ခဲ့သည်။
စကားလုံးများထဲမှ အဓိပ္ပါယ်ကို မစဉ်းစားခဲ့။ ယခု အားလုံးရှေ့တွင်ဖတ်ပြပြီးနောက် လုယန်ပြောလိုသည့်အဓိပ္ပါယ်ကို တဖြေးဖြေးမြင်ယောင်လာသည်။
'သူရှိနေတယ်၊ မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာ'တဲ့...
..ဒီစာကြောင်းက ငါ့ကိုရည်ညွှန်းနေတာများလား...
အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။
ဒုတိယကဗျာစာပိုဒ်ကို နားထောင်ပြီးနောက် လက်ဖက်ရည်သောက်ရန်ပြင်နေသည့်လူများ လက်ဖက်ရည်ခွက်ကိုကိုင်လျက်သားဖြင့် လေထဲတွင်တန်းလန်းရပ်သွားသည်။
ထိုလက်ဖက်ရည်ခွက်သည် တစ်သက်လုံး သူ့တို့ပါးစပ်ဆီ ရောက်နိုင်မည့်ပုံမပေါ်တော့။
လူအတော်များများက နတ်မယ်ကို မယုံနိုင်သည့်မျက်လုံးများဖြင့် လှည့်ကြည့်ကြသည်။ သူတို့မျက်နှာတွင် အံ့ဩရိပ်များ ပြည့်လျှံနေသည်။
ပထမကဗျာစာပိုက်က လှပသည့်ရှုခင်းကို ထိထိမိမိတိုတိုရှင်းရှင်း ဖော်ပြထားသည်။ ဒုတိယစာပိုက်က ကဗျာကို ပိုလေးနက်သည့်အဆင့်သစ်တစ်ခု မြှင့်တင်ပေးသည်။
ခေတ်အဆက်ဆက်သမိုင်းတွင်မည့် စာပိုဒ်ဖြစ်သည်။
ထိုကဗျာစာပိုဒ်ကို ရွတ်လိုက်ပြီးသည်နှင့် ခေတ်အားလုံးကို လွှမ်းမိုးသွားသည်။ မီးပုံးပွဲတော်အကြောင်း ဖွဲ့ဆိုထားသည့် တခြားမည်သည့်ကဗျာမဆို ထိုကဗျာနှင့်ယှဉ်လျှင် အရောင်မှိန်သွားမည်။
ထိုကဗျာထက် သာလွန်နိုင်စရာ အကြောင်းမရှိတော့။
လုယန်ကိုအရှက်ခွဲရန် ဒုတိယကဗျာပိုဒ်တွင် အမှားရှာမည်ဟု ယန်ချန်းပင်တွေးထားခဲ့သည်။ သို့သ်ေ ယဲ့မုန်ယင် ကဗျာရွတ်လိုက်ချိန်တွင် သူပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဆွံ့အသွားသည်။
နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ပါးစပ်ပိတ်ထားလိုက်သည်။
ထိုကဗျာကိုဝေဖန်ဖို့ပင် သူအရည်အချင်းမရှိ။
"မင်းတို့ငါ့ကို ဘာလို့စိုက်ကြည့်နေကြတာလဲ"
နတ်မယ် သူ့ဘေးမှ မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။ အားလုံးက သူ့ကိုစိုက်ကြည့်နေကြောင်း သတိထားမိသဖြင့် နည်းနည်းတွေးရကြပ်သွားသည်။
မုန်ကျင်းယုက 'လူအုပ်ထဲမှာ သူ့ကိုအကြိမ်ကြိမ်ရှာမိ..ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူရှိနေတယ်... မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာပေ့ါ'ဆိုသည့် စာသားထဲတွင် နစ်မြောနေဆဲဖြစ်သည်။
နတ်မယ်နှင့် အကြည့်ချင်းဆုံချိန်တွင် သူ့နှလုံးခုန်နှုန်း ထိန်းချုပ်မရအောင် မြန်လာသည်။
ဤကဗျာကိုအသုံးချ၍ ချစ်ခြင်းမေတ္တာကို ဖွင့်ဟခြင်းလားမသိ။ လုယန်က သူ့ကို တစ်ချိန်လုံး လိုက်ရှာနေခဲ့ခြင်းလားမသိ။
"အရမ်းကောင်းတာပဲ။ တာအိုရှင်ဝစီပိတ်ဆီကနေ အကိုလုကောင်းကောင်းသင်ယူထားမှန်း ကျုပ်မသိခဲ့ဘူး။ သမိုင်းတွင်မယ့် ဂန္တဝင်စာသားမျိုးကို ဖွဲ့ဆိုနိုင်တာပဲ"
ကျုန်းယိကပြောသည်။ လုယန်ကို လှောင်ပြောင်ဖို့ တွေးထားသော်လည်း ဖွဲ့ဆိုသွားသည့်စာသားက ကောင်းလွန်းသည်။ အရင်က လုယန်သည် ကျင့်ကြံမှုပါရမီကိုသာ ပြခဲ့သည်။ စာပေပါရမီကို ထုတ်မပြခဲ့ဖူး။
ကျုန်းယိကိုယ့်ကိုယ်ကို အကွက်ချစီစဉ်ရာတွင်တော်သည်ဟု ထင်ခဲ့သည်။ သူသာ စာပေပါရမီထိုမျှ ထက်မြက်လျှင် ဖုံးကွယ်ထားနိုင်မည်မဟုတ်။ အရင်ကတည်းက နာမည်ကျော်ဘဝမျိုးကို ခံယူပြီးဖြစ်လိမ့်မည်။
အစောပိုင်းက လုယန်ကို သူအကြိမ်ကြိမ် 'ထောင်ဖမ်း'ခဲ့သည်။ သို့သော် လုယန်က သူထောင်ချောက်ထဲသို့မကျ။
လုယန်ကိုကြည့်သည့် သူ့အကြည့်တွင် ထိတ်လန့်ရိပ် နည်းနည်းပါလာသည်။ ထိုမျှအတွေးနက်နဲပြီး ဉာဏ်ပညာထက်မြက်သူမျိုးကို ဆန့်ကျင်လျှင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုသာဖြစ်မည်။
"ဒါကို ကဗျာကျွမ်းကျင်တယ်လို့ မခေါ်သေးဘူးပေါ့"
လုယန်ပြောခဲ့သည့်စကားကို လော်ဝူရွှမ်း ပြန်သတိရလာသည်။ လုယန်ကိုကြည့်၍ ရယ်မောရင်း မျက်ရည်ကျနေသည်။
ထိုကဗျာမျိုးရေးဖွဲ့နိုင်ပြီး ကဗျာမကျွမ်းကျင်ဟုပြောလျှင် လောကတွင် ကဗျာဆရာဟုကြေညာရဲသူ ရှိမည်မဟုတ်တော့။
"ခုနကမှသင်လိုက်တာပါ"
နတ်မယ် တဟက်ဟက်ရယ်လျက် ခေါင်းကုတ်နေသည်။
လူအများမျက်နှာပေါ်မှ ထိုအမူအရာမျိုးကို သူမြင်ဖူးသည်။ ရှောင်လင်းနှင့် လျန်ယိကိုခေါ်၍ လေလံပွဲများတွင် ပရိတ်သတ်ကို အရူးလုပ်ခဲ့စဉ်ကဖြစ်သည်။
ဒုခေါင်းဆောင်ရေးဖွဲ့ထားသည့်ကဗျာက ထိုသက်ရောက်မှုမျိုးရှိမည်ဟု သူထင်မထား။
"ရှောင်ယန်၊ နင်အရမ်းတော်တာပဲ"
သိစိတ်နယ်မြေတွေ နတ်မယ်က လုယန်ကို သဘောကျစွာကြည့်နေသည်။ ထိုစိတ်ခံစားချက်မျိုး မရခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။
"အဲ...ရှောင်ယန်၊ နင့်မျက်နှာက ဘာဖြစ်နေတာလဲ"
လုယန်အမူအရာက ထူးဆန်းနေသည်။ လူအားလုံး၏ အမူအရာကို သူအကဲခတ်နေသည်။
သူသက်ပြင်းချသည်။
"ဘာမှမဟုတ်ပါဘူး။..ကျုပ်ကိုယ်ကျုပ် ဒီလိုသုံးလို့ရမယ်ထင်မထားလို့ပါ"
လောလောဆယ် သူ့ခန္ဓာကိုယ်ကို အသုံးချနေသည်မှာ နတ်မယ်ဖြစ်သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရုံးတော်စာပေပညာရှင်အဖြစ် ဟန်ဆောင်၍ရနိုင်သည်။
လုယန်ပြောသည့်စကားအဓိပ္ပါယ်ကို နတ်မယ် နားမလည်။
"နင့်ကိုယ်တင်အသုံးချတယ်...ဟုတ်လား"
လုယန်ကသူ့ကို အဘိုးကြီးအဘွားကြီးနှင့်တူသည့် စေတစ်လုံးပိုင်ရှင်ဟု မကြာခဏပြောခဲ့သည်ကို နတ်မယ်ပြန်သတိရလာသည်။
ထိုစကားကို နားမလည်၍ သူအကျိုးအကြောင်းမေးသည်။ သိစိတ်နယ်မြေတွင်နေထိုင်ပြီး ခန္ဓာပိုင်ရှင်ကြွားလုံးထုတ်ဖို့ အသိဗဟုသုတဖြည့်ဆည်းကူညီသူကို ရည်ညွှန်းကြောင်း လုယန်ကရှင်းပြသည်။
"ဪ သဘောပေါက်ပြီ။ ဒါဆိုနင်ကအခု ငါ့ရဲ့အိတ်ဆောင်ဘိုးဘိုးလေးပေါ့"
လုယန် "..."
...ခင်ဗျားကြွားလုံးထုတ်ဖို့ ကျုပ်ကူညီထားတာလေ။ ကျုပ်ကို ဒီလိုကျေးဇူးပြန်ဆပ်တယ်ပေါ့...
******************************
အခန်း (၈၄၀) ရှင်သန်နိုးထစေဖို့
လုယန် မေးခွန်းတစ်ခု အလေးအနက်စဉ်းစားနေသည်။
ခေတ်သစ်အသိပညာရှိသည့် ဝိညာဉ်ပြောင်းတစ်ယောက်။ လောက၏ ထိပ်သီးဂိုဏ်းတပည့်ဖြစ်လာသည်။ အဆင့်မြင့်ဆရာတူမောင်လေးဖြစ်လာသည်။
ရှေးဟောင်းမသေမျိုးတစ်ယောက် သူ့ကိုယ်ထဲတွင် နေထိုင်သည်။ လူနေမှုအဆင့်အတန်းအမြင့်ဆုံးသခင်လေး၏ မိတ်ဆွေဖြစ်လာသည်။ ကျင့်စဉ်ပါရမီက မျိုးဆက်တူထဲတွင် ထိပ်တန်းဖြစ်သည်။
သမိုင်းတစ်လျှောက် သူနှင့်ယှဉ်နိုင်သူ မရှိသလောက်ရှားသည်။
သို့သော် ကြွားလုံးထုတ်ချိန်တိုင်း ဘာကြောင့်သူ့အလှည့်မကျသည်မသိ။
"မိတ်ဆွေလုယန်ကို ကျွန်မနဲ့စကားပြောဖို့ ဖိတ်ခေါ်ပါတယ်"
ယဲ့မုန်ယင်အသံက အစိမ်းရောင်ခန်းဆီးနောက်မှ ထွက်လာသည်။
ဘယ်သူမှ မအံ့ဩကြ။ လုယန်၏ကဗျာကိုမှ ယဲ့မုန်ယင်စိတ်မကျေနပ်လျှင် လုယန်အပြစ်မဟုတ်။ ကြာနန်းဆောင်က ဧည့်သည်ကိုမဖျော်ဖြေချင်၍ တမင်တကာညစ်ခြင်းသာဖြစ်လိမ့်မည်။
လေးစားအားကျသည့်အကြည့်များကြားမှ နတ်မယ်က ခန်းဆီးကိုမ၍ ဝင်သွားသည်။ ရက်အတော်ကြာ မျက်နှာမပြခဲ့သည့် ယဲ့မုန်ယင်ကို တွေ့ရသည်။
ယဲ့မုန်ယင်ကို နတ်မယ်မှတ်မိသည်။ မည်သို့ဆိုစေ သူသည် တာအိုလမ်းစဉ်ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းပြည့် နှစ်ပတ်လည်နေ့ကို စီစဉ်ခဲ့သူဖြစ်သည်။
နန်းမြို့တော်တွင် မြင်မြင်ချင်းဖမ်းစားနိုင်သည့် ယဲ့မုန်ယင်၏အလှနှင့် ညှို့ငင်အားအကြောင်း ကောလဟာလပြန့်နေသည်။ ယဲ့မုန်ယင်သည် တကယ်နာမည်ဂုဏ်သတင်းနှင့် လိုက်ဖက်သည်။
သူ့မာယာနှင့် လှုပ်ရှားမှုတိုင်းက စွဲမက်ဖွယ်ကောင်းသည်။ ညှို့ငင်နိုင်စွမ်းတွင် ထောင်ယော်ယဲ့နှင့်လန်ထင်ထက်ပင် သာလွန်သည်။
သို့သော် နတ်မယ်က ထိုဆွဲဆောင်မှုများကို လုံးဝမခံစားရ။ ယဲ့မုန်ယင်သည် သူ့လောက်ပင်မလှ။
နတ်မယ်၏ ကြည်လင်သည့်အကြည့်ကြောင့် ယဲ့မုန်ယင် အတော်အံ့အားသင့်သွားသည်။ သူ့ညှို့ငင်နိုင်စွမ်းသည် သူ့ဂိုဏ်းတူအမများ ညီမများပေါ်ပင် သက်ရောက်သည်။
ပြီးခဲ့သည့်တစ်ကြိမ် မုန်ကျင်းကျိုး သူ့ကိုအနိုင်ယူခဲ့သည်က စိတ်ဓာတ်စွမ်းအားကြောင့်ဖြစ်သည်။
လုယန်လို ကြည်လင်သည့်မျက်လုံးဖြင့် ကြည့်နိုင်သူမျိုးကိုတော့ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
"မိတ်ဆွေလုယန်၊ အတော်ကြာသွားပြီနော်။ စကားပြောဖို့ ဘေးခန်းထဲကို သွားကြမလား"
ယဲ့မုန်ရင်က ပြောသည်။ သူ့ပါးနှစ်ဘက် နီရဲနေသည်။ သူ့ခန်းဆောင်ထဲသို့ ယောက်ျားတစ်ယောက်ကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ဖူးခြင်းဖြစ်သည်။
ယခုရှိနေသည့်နေရာက တစ်ခြားလူများနှင့် ဇာခန်းဆီးတစ်ခုသာခြားသည်။ သူတို့စကားသံများ လှုပ်ရှားမှုများကို ရှိနေသည့်လူတိုင်း မြင်နေကြားနေရသည်။ လွပ်လပ်မှုမရှိ။
"ကောင်းပြီလေ"
နတ်မယ် နှစ်ခါပြန်မတွေးဘဲ သဘောတူလိုက်သည်။
ခန်းဆောင်ထဲသို့ရောက်ချိန်တွင် ယဲ့မုန်ယင်ဟန်ပင်က ပို၍ပင်တက်ကြွလာသယောင်ရှိသည်။ မျက်ခုံးနှစ်ခုကြားတွင် ဟင်္သာပြဒါးတစ်စက် တို့ထားသည်။
အရောင်တောက်၍ ရှည်လျားသည့်ဝတ်ရုံပေါ်တွင် အနုစိတ်ပုံဖော်ထားသည် ပန်းပြောက်များ တော်ဝင်တိမ်တိုက်များကို ရွှေချည်ထိုးထားသည်။ သူ့ဂါဝန်က သူ့ကကွက်နှင့်အတူ တဖျတ်ဖျတ်လှုပ်ခါနေသည်။
သူ့ဆံပင်များက လေထဲတွင် လူးလွန်နေသည်။
ထိုအကကိုကြည့်ခြင်းသည် ကျင့်ကြံသူ၏စိတ်ကို တည်ငြိမ်စေဖို့ များစွာအထောက်အကူပြုသည်။
"မင်းကတာ မကောင်းဘူး"
သို့သော် နတ်မယ်က ဝေဖန်သည်။ အကပညာက အဆင့်နိမ့်လွန်းသည်။ ကျူးထန်ကိုမီဖို့ အတော်လိုသေးသည်။
"ကတယ်ဆိုတာ စိတ်နှလုံးရဲ့ သင်္ကေတပဲ။ အခု မင်းကိုယ်မင်းကြည့်လိုက်။ ကကွက်တွေအားလုံးက တောင့်တောင့်တင်းတင်းကြီးဖြစ်နေတယ်။ စိတ်စွမ်းအင်မပါဘူး။...ဒီမှာ၊ ငါ့ကိုကြည့်ထား"
နတ်မယ် ကိုယ်တိုင်သရုပ်ပြသည်။ လှုပ်ရှားမှုများက ညင်သာပေါ့ပါးသည်။ ရှေးပန်းချီကားထဲမှထွက်လာသည့် နတ်သမီးတစ်ပါးလိုဖြစ်နေသည်။
မျက်မှောင်ကျုံ့ခြင်း၊ ပြုံးခြင်းရယ်ခြင်း၊ မျက်စချီခြင်း အားလုံးက စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သည့် ဆွဲဆောင်မှုမျိုးပါနေသည်။ မာယာကိုသာအားကိုးခဲ့သည်ယဲ့မုန်ယင် ဘယ်လိုမှယှဉ်၍မရ။
ယဲ့မုန်ယင် မင်သက်မိနေသည်။ အကိုလုယန် အကပညာတတ်မည်ဟု သူထင်မထားမိ။
အကပညာဖြင့် ကျင့်စဉ်လမ်းသို့ သူဝင်ခဲ့သည်။ ညှို့ငင်ဂိုဏ်းတွင် အကပါရမီအမြင့်မားဆုံးဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် တာအိုလမ်းစဉ်ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် ဂိုဏ်းကိုယ်စားပြုဖြစ်ခဲ့မည်မဟုတ်။
သက်တူရွယ်တူများကြားတွင် အကပညာ၌ သူ့ကိုမီသူမရှိဟု ထင်ခဲ့သည်။
မှန်သည်။ မိန်းကလေးကျင့်ကြံသူများထဲတွင်မရှိ။ သို့သော် ယောက်ျားလေးကျင့်ကြံသူများထဲတွင် တစ်ယောက်ရှိနေသည်။
"တာအိုရှင်ဝစီပိတ်က အကပညာကျွမ်းကျင်လို့များလား"
တာအိုရှင်ဝစီပိတ်နှင့်ပတ်သက်သည့် ကောလဟာလများကို သူပြန်စဉ်းစားသည်။ သို့သော် အကပညနှင့်ပတ်သက်၍ ဘာမှမကြားဖူး။
နတ်မယ် လှပကြော့ရှင်းစွာ ကနေသော်လည်း လက်ရှိတွင် လုယန်ခန္ဓာကိုယ်ကို သုံးနေသည်။ ထို့ကြောင့် အပြင်လူတစ်ယောက်အမြင်တွင် အတော်ကြည့်ရခက်သည်။
သို့သော် ယဲ့မုန်ယင်က အကပညာကို အလွန်မြတ်နိုးသည်။ ရုပ်သွင်နှင့်ပညာ အချိုးမကျသည့်အဖြစ်ကို ထည့်မတွက်။ နတ်မယ်ထံမှ စိတ်အားထက်သန်စွာ လေ့လာသင်ယူသည်။
"အင်း...ပိုကောင်းလာပြီ။ ကကွက်တွေကိုပဲ မသင်နဲ့။ ကကွက်နောက်ကွယ်က အဓိပ္ပါယ်ကို နားလည်ဖို့လည်းလိုတယ်"
အမှန်တော့ နတ်မယ်သည် ကျူးထန်ထက် အကပညာပိုကျွမ်းကျင်သည်။ အောင်းလင်းနှင့်လျန်ယိပင် သူ့ထံမှသင်ယူခဲ့သည်။
သို့သော် သူ့အဆင့်အတန်းသူ ဂရုစိုက်သည်။ ရှေးဟောင်းခေတ် မသေမျိုးစုဝေးပွဲများတွင် ကျူးထန်ကိုသာ ဖျော်ဖြေခိုင်းသည်။ သူက ဘေးမှကြည့်ရုံသာကြည့်သည်။
အောင်းလင်းနှင့်လျန်ယိက အကပညာသင်ယူထားသော်လည်း ဗီဇပါရမီအရ ကျူးထန်ကိုမယှဉ်နိုင်ကြ။
သိစိတ်နယ်မြေတွင် နတ်မယ်က ဦးခေါင်းထက်၌ ကျောက်မျက်ရတနာများ ဆင်ယင်ထားသည်။ ဆံပင်ကို သပ်ရပ်စွာထုံးဖွဲ့ထားသည်။
မျက်လုံးထောင့်တွင် ဆေးနီခြယ်ထားသည်။ တောက်ပသည့်အဝါရောင်ဝတ်စုံကို ဝတ်ထားသည်။ ခန်းမထဲတွင် လှပစွာကနေသည်။
ခေါင်းအစခြေအဆုံး စွမ်းအင်အပြည့်ရှိနေသည်။
သူမကသည်မှာ အတော်ကြာပြီဖြစ်သည်။ အပြင်လက်တွေ့တွင် အာရုံခံစားမှုရနိုင်ရန် သိစိတ်နယ်မြေတွင် ကဖို့လိုသည်။
နတ်မယ်ကနေသည်ကြည့်ရင်း လုယန် တွေးသည်။ အင်ပါယာအရှင်မ,ကသည်ကို ဘယ်ဝန်ကြီးက ကြည့်ခွင့်ရဖူးသနည်း။
ကကွက်ဆုံးသွားပြီးနောက် ယဲ့မုန်ယင် မောပန်းနေသည်။ သို့သော် သူ့အပြုံးက ကြည်လင်နေသည်။
သူ့အကပညာ သိသိသာသာတိုးတက်လာသည်ကို သူခံစားမိသည်။
"လမ်းညွှန်ပေးတဲ့အတွက် အကိုလုယန်ကို ကျေးဇူးတင်ပါတယ်"
သူလေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်သည်။ မသိကျိုးကျွံမပြုရဲ။
ဤလမ်းညွှန်ချက်ကြောင့် ဆယ်နှစ်စာ ကျင့်ကြံရသက်သာသွားသည်။ လုယန်ကို 'ဧည့်သည်ဆရာ'ဟုခေါ်လျှင်ပင် လွန်မည်မထင်။
သို့သော် လုယန်ကဗျာမှ နောက်ဆုံးစာကြောင်းကို သူစဉ်းစားမရသေး။
သူရှိနေတယ်...မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာပေ့ါ...
ထိုစာသားက ဘာကိုဆိုလိုမှန်းမသိ။ သူ့ကိုရည်ညွှန်း၍ ရေးထားခြင်းလော...။
သို့သော် သူ့ခန်းဆောင်ထဲဝင်လာပြီးနောက်ပိုင်း ကြုံရသည့်အဖြစ်အပျက်များကိုကြည့်လျှင် ထိုသို့ဟုတ်မည်မထင်။
သို့မဟုတ် သူ့အကပါရမီညံ့၍ အကိုလုယန် စိတ်ပျက်သွားခြင်းလော...
တွေးရင်းတွေးရင်း ထိုအချက်က ပိုဖြစ်နိုင်သည်ဟု သူထင်လာသည်။
....
ကြာနန်းဆောင်တွင် နတ်မယ်ဖန်တီးခဲ့သည့် စကားလုံးများက နန်းမြို့တော်တစ်ခွင် ချက်ချင်းပျံ့နှံ့သွားသည်။ ဟန်လင်းကျောင်းမှ အဆင့်မြင့်စာပေကျင့်ကြံသူများပင် အံ့ဩသွားကြသည်။
ကဗျာကောင်းတစ်ပုဒ်သည် မျိုးရိုးစဉ်ဆက်နာမည်ကျော်သလို စာပေကျင့်ကြံသူများအတွက်လည်း ကျင့်ကြံနည်းတစ်ခု ဖြစ်လာနိုင်သည်။
"ဒီကဗျာက ဝစီပိတ်ရေးခဲ့တဲ့ကဗျာတွေထက် အများကြီးပိုကောင်းတယ်။ ဝစီပိတ်ဆီကသင်ရုံနဲ့ တတ်တာမျိုးမဟုတ်ဘူး။ လုယန်ရဲ့ မွေးရာပါစာပေပါရမီကလည်း ထူးခြားလို့ပဲ"
"မှော်ပညာ၊ ဓားပညာ၊ စာပေပညာ...သူ့ပါရမီက ဝစီပိတ်ထက်တောင်သာတာပဲ။ သူမသေမျိုးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ စကားတွေ အပြင်လောကမှာ ပျံ့နေတယ်။ ကောလဟာလတွေက အမှန်ဖြစ်လောက်တယ်"
"ဒုတိယကဗျာပိုဒ်ကစာကြောင်းကို သေချာတွေးကြည့်။ 'လူအုပ်ထဲမှာ သူ့ကိုအကြိမ်ကြိမ်ရှာမိ၊ ရုတ်တရက် လှည့်ကြည့်လိုက်တော့၊ သူရှိနေတယ်...မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာပေ့ါ'တဲ့။
အပြင်လောကမှာ လူတွေက ဒီစာကြောင်းဟာ ညှို့ငင်ဂိုဏ်းက ကောင်မလေးတစ်ယောက်ကို ရည်ညွှန်းပြီးရေးတာလို့ ပြောနေကြတယ်။ ဒါပေမယ့် ငါတော့အဲလိုမထင်ဘူး"
"အကိုကျန်းက ဘယ်လိုမြင်လို့လဲ"
"မင်းလည်း လုယန်အကြောင်း ကောလဟာလတွေအများကြီး ကြားဖူးမှာပါ။ သူ့အချစ်ရေးကိစ္စနဲ့ပတ်သက်တဲ့သတင်းမျိုး ကြားဖူးလို့လား။ တစ်ခါမှမကြားဖူးဘူးလေ။
ဒီတော့ လုယန်ဟာ ဒီလိုကိစ္စတွေ စိတ်မဝင်စားတဲ့သဘောပဲ။ ဒီကဗျာဟာ လူတွေထင်နေကြသလို အပေါ်ယံမဟုတ်ဘူး။
ဒီလမ်းကြောင်းအတိုင်း တွေးကြည့်လိုက်။ 'သူရှိနေတယ်...မီးပုံးတွေရဲ့ အလင်းမှိန်မှိန်ထဲမှာ'တဲ့။ 'သူ'ဆိုတာ သူ့ကိုယ်သူရည်ညွှန်းတာ ဖြစ်နိုင်တယ်။
ဒီတော့ ဒီစာကြောင်းရဲအဓိပ္ပါယ်က လုယန်ဟာ ကျင့်စဉ်လမ်းမှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေကြုံခဲ့တယ်။ သူဘယ်တော့မှရှာမတွေ့နိုင်တဲ့ အရာတစ်ခုကို ရှာခဲ့တယ်။
နောက်ဆုံးမှာ ဉာဏ်အလင်းပွင့်သွားတယ်။ သူရှာဖွေနေတာ သူ့ကိုယ်ပိုင်စိတ်နှလုံးပဲဆိုတာ နားလည်လာတယ်။
လမ်းတစ်ဝက်မှာ လမ်းပျောက်လို့ စိတ်ဓာတ်ကျပြီး ကျင့်စဉ်လမ်းအဆုံးသတ်သွားတဲ့ ကျင့်ကြံသူတွေအများကြီး ငါမြင်ဖူးတယ်။
တိုးတက်မှုတစ်ချို့ ရှိရင်တောင် စိတ်တွေရှုပ်ထွေးပြီး လမ်းပျောက်သလိုဖြစ်နေတတ်တယ်။ နောက်ထပ်ရှေ့ဆက်ဖို့ အားမာန်မရှိတော့ဘူး။
တစ်ခြားလူအကြောင်းသိတာ ပညာ၊ ကိုယ့်အကြောင်းကိုယ်သိတာ ဉာဏ်အလင်းတဲ့။ သူ့ကျင့်စဉ်အတွေးအမြင်ကို ဒီကဗျာထဲပေါင်းစပ်ထားတယ်။
လုယန်ရဲ့ ရည်ရွယ်ချက်က ကျင့်ကြံသူအတော်များများကို ရှင်သန်နိုးထစေတာပဲ။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး စိတ်နှလုံးထဲက အတားအဆီးတွေကို ကျော်လွှားစေချင်တာ"
"အင်း...ဟုတ်တယ်...တကယ်အဲလိုပဲဖြစ်လောက်တယ်"
...
ဒုတိယမင်းသားအိမ်တော်။
ဒုတိယမင်းသားက လက်ထဲမှအစီရင်ခံစာကို သေချာစိုက်ကြည့်ရင်း မျက်လုံးများအရောင်တောက်လာသည်။
"နန်းပလ္လင်သိမ်းပိုက်ဖို့ လုယန်ရဲ့အကူအညီ လိုလိမ့်မယ်။ သူနဲ့ဆက်သွယ်ဖို့ အချိန်ကျလာပြီ"
********************************