ရှန်ရွှမ် တော်ဝင်သင်္ချိုင်း(၁)
Vol. 3 Ch. 25
ပိုင်ချူးရန် မွေးဖွားလာသော လွန်ခဲ့သည့် နှစ်သုံးထောင်အချိန်မှာ လူသားနှင့် နတ်ဆိုးတို့၏ စစ်ပွဲပြီးဆုံးသည့် ကာလဖြစ်သည်။ နတ်ဆိုးများမှာ ဖုန်းဆိုးမြေသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။ ကပ်ဘေးကြောင့် ပြည်နယ်ကိုးခု၏ ပြက္ခဒိန်ဟောင်း ပျက်စီးသွားပြီး တချန် ပြက္ခဒိန်အား စတင်အသုံးပြုလာသည်။
ရှန်ရွှမ် နိုင်ငံတော်မှာ တချန် ပြက္ခဒိန်နှစ် (၁,၈၀၀)ပြည့်နှစ်၌ စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်၌ ချူးရန်မှာ အသက် (၁,၈၀၀)ကျော်ပြီး ဖြစ်သည်။
ချီမင်ဓားဂိုဏ်း၏ အနီးတွင် တည်ရှိနေခြင်းကြောင့် ရှန်ရွှမ်နိုင်ငံ တည်ရှိနေသည်က ကာလရှည်ကြာ တည်မြဲနေခြင်း ဖြစ်သည်။ ယခုကာလအထိ ရေတွက်ပါက နှစ်ပေါင်း (၁,၂၀၀)ကျော်လွန်ပြီ ဖြစိ၏ ။ ယေဘုယျအားဖြင့် ဧကရာဇ်မင်းတပါးလျှင် နှစ်ငါးဆယ် အုပ်စိုးကြသည်။ သို့ဖြစ်ရာ ယခုမင်းဆက်၏ အမှတ်စဉ်မှ နှစ်ဆယ့်လေးခုမြောက် မင်းဆက်ပင်တည်း။
တော်ဝင် ဂူသင်္ချိုင်း၌ အိပ်စက်နေသည့် အင်ပါယာများသည်လည်း မြေပြင်အတိမ်အနက်အလိုက် လျောင်းစက်နေကြသည်။ နိုင်ငံတည်ထောင်စ ကာလများ၌ စစ်ပွဲများစွာ ရှိခဲ့သည်။ ထို့ကြောင့် စစ်ပွဲ၌ သေဆုံးရသည့် ဧကရာဇ်များ အနေဖြင့် ဂူသင်္ချိုင်း၌ ရုပ်အလောင်းမရှိဘဲ အဝတ်အစားများသာ ရှိကြသည်။
ချူးရန်၏ စစ်ဆေးမှုအရ သင်္ချိုင်း ဆယ့်ရှစ်ခုတွင်သာ အလောင်းများ ရှိနေသည်။ ကျန်နေသည့် သင်္ချိုင်းဂူများ၌ ဗလာနတ္ထိသာတည်း။ အထဲရှိ အကြွင်းအကျန်များသည်လည်း အချိန်ကာလ၏ တိုက်စားမှု၌ ပျက်စီးသွားပြီ ဖြစ်သည်။
ချူးရန်က လူးလာခေါက်တုံ့ နှစ်ကြိမ်တိုင် လျှောက်လှမ်းရာမှ ထူးဆန်းသည့် အရာတခုကို သတိပြုမိသည်။
"ဒီမှာလည်း ဗလာဖြစ်နေတာပါလား…"
ချူးရန်က ဆယ့်ခြောက်ယောက်မြောက် ဧကရာဇ်၏ သင်္ချိုင်းအား စစ်ဆေးကာ ရေရွတ်မိသည်။
"ဒီနေရာမှာ အကြွင်းအကျန်နည်းနည်းတော့ ရှိနေရမယ်လေ…"
ဆယ့်ငါးယောက်မြောက် ဧကရာဇ်၏ ဂူအတွင်း၌ အလောင်းနှင့်အတူ မြှုပ်နှံသည့် အကြွင်းအကျန်တချို့ ရှိနေသေးသည်။ သို့သော်လည်း အချိန်ကာလ နောက်ကျသည့် ဆယ့်ခြောက်ယောက်မြောက် ဧကရာဇ်၏ ဂူ၌ ဗလာကျင်းနေလေသည်။
"ကြည့်ကြည့်သေးတာပေါ့…"
ချူးရန်က ရပ်နေသည့် မြေအတွင်းသို့ နစ်ဝင်သွားကာ ဆယ့်ခြောက်ယောက်မြောက် ဧကရာဇ်၏ ဂူသို့ ရောက်သွားသည်။
ဂူအတွင်း၌ ဗလာဗလာကျင်းကာ နှစ်ကာလကြာမြင့်သည့်အတစ် အဆိပ်ငွေ့များ ပြည့်နေပြီး ကျောက်ခေါင်းတလားတခုသာ ရှိနေသည်။ ချူးရန်အနေဖြင့် ထိုအဆိပ်ငွေ့များအား မူစရာမလိုပေ။ ချူးရန်က ခေါင်းတလားရှိရာသို့ လျှောက်သွားကာ အဖုံးဖွင့်ရန် ကြံရွယ်လိုက်၏ ။
လက်တချက်ရမ်းကာ ခေါင်းတလားအား ဖုံးဖိထားသည်များကို ဖျက်စီးလိုက်သည်။ ထိုခဏ၌ ခေါင်းတလား လွင့်ပျံလာကာ အုတ်ဂူထက်သို့ ရောက်သွားသည်။
ချူးရန်က ဖုန်များအား လွင့်စင်သွားစေကာ ခေါင်းတလားအား စူးစမ်းကြည့်သည်။ အဝါရောင် ခေါင်းတလားမှာ ဗလာသာဖြစ်၏ ။
"ဟမ် ဒါက ဘာပါလိမ့်…"
တချက်ကြည့်ရုံဖြင့် အဝါရောင် ပိုးစတွင် ရှိနေသည့် အမည်းရောင် အမှတ်များကို မြင်နေရသည်။ ထိုအရာများက မူလအစ၌ အရည်ဖြစ်ပုံရသည်။ အချိန်ကြာမြင့်သည့်အတွက် ခြောက်ကပ်လာခြင်းဖြစ်၏ ။ ချူးရန်က ထိုအရာအား တို့ထိ၍ အနံ့ခံကြည့်သည်။
"လူ့သွေးတွေပါလား…"
ပိုင်ချူးရန်၏ အမူအရာက လေးနက်သွားကာ အမည်းရောင် အမှတ်များအား အာရုံစိုက်လိုက်သည်။ ယခုနေရာအား စစ်ဆေးချိန်၌ ထိုအမှတ်အသားများ၌ စွမ်းအင်လှိုင်း ရှိမနေခြင်းကြောင့် သညမန်စွန်းထင်းခြင်းဟုသာ မှတ်ယူနေမိသည်။ သို့သော်လည်း အနီးကပ် စစ်ဆေးချိန်၌ အမှတ်အသားများမှာ အစီအရင်တခုဖြင့်ပင် ဆင်တူနေလေသည်။
ချူးရန်က နှစ်သုံးထောင်အတွင်း မှတ်သားထားသည့် အစီအရင်များစွာဖြင့် ယှဉ်ကြည့်မိသည်။ ထို့နောက်တွင် စွမ်းအင်သုံး၍ မူလပုံစံကိုပင် ပြန်လည်ဖော်ဆောင်လိုက်သေးသည်။
"သေချာတယ်… သွေးနတ်ဘုရားဂိုဏ်းရဲ့ သွေးစီးဆင်း အစီအရင်ပဲ…"
ထိုအစီအရင်မှာ သွေးနတ်ဘုရားဂိုဏ်း၏ အဆိုးဆုံးသော အစီအရင်တည်း။ အဓိကအားဖြင့် သွေးခဲအစီအရင်ဖြင့် ချိတ်ဆက်ကာ အသုံးပြုသည်။ ရန်သူအား ထိုနည်းလမ်းဖြင့် ရှင်းပစ်ခြင်းက ရက်စက်လွန်းလှသည်။ သို့သော်လည်း သွေးနတ်ဘုရားဂိုဏ်း၏ တပည့်များသည်လည်း အယောင်ဆောင် သေဆုံးရန် အသုံးပြုနိုင်သည်။
သွေးစီးဆင်း အစီအရင်မှာ သွေးခဲအစီအရင် အသုံးပြုထားသည့် ခန္ဓာကိုယ်အား ပြန်လည်နိုးထစေရန် အသုံးပြုခြင်းဖြစ်သည်။
"ရှန်ရွှမ်နိုင်ငံမှာ နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူရှိတယ်ဆိုတာ တကယ်မှန်နေတာပဲ…"
ပိုင်ချူးရန်က မျက်လုံးများ လင်းလက်သွားပြီး ရုတ်တရက် ထရပ်ကာ လက်ခုပ်တီးလိုက်သည်။
"မဟုတ်ရင်လည်း အခု ရှန်ရွှမ်ဧကရာဇ်က သွေးနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူပဲ… လူငယ်တွေ စုပြီးတော့ ကျင့်သဉ်တက်ဖို့ သွေးစတေးချင်နေတာ ဒါမှမဟုတ် သက်တမ်းတိုးဖို့များလား… ဘာဖြစ်ဖြစ်ပါ မနက်ဖြန် အခမ်းအနားကျ သေချာသိရမှာ…"
ချူးရန်က ဂူသင်္ချိုင်းရှိ ခေါင်းတလား အနီးတဝိုက်တွင်လည်း ရှာဖွေကြည့်သေးသည်။ စင်မြင့်အနီးတဝိုက်၌ လူသွေးဖြင့် ရေးဆွဲထားသော အစီအရင်တခုကိုပါ မြင်လိုက်ရသေးသည်။
သွေးများမှာ လက်ဆက်နေဆဲဖြစ်ပြီး နတ်ဆိုး ကျင့်ကြံသူမှ လောလောလတ်လတ် ရေးဆွဲထားပုံရသည်။ ချူးရန်က စိတ်ဝိညာဉ် မျက်လုံးဖြင့် စစ်ဆေးကြည့်ရာ သွေးအတွင်း၌ စိတ်ဝိညာဉ်များစွာ ပိတ်မိနေသည်ကို မြင်နေရသည်။ နာကျင်စွာဖြင့် ရုန်းကန်နေသော်လည်း အစီအရင်၏ ချုပ်နှောင်မှုကြောင့် လွတ်မြောက်နိုင်စွမ်း မရှိဘဲ ဖြစ်နေသည်။