ရှန်ရွှမ် တော်ဝင်သင်္ချိုင်း(၂)
Vol. 3 Ch. 26
"ကြည့်ရသေလာက် လူသားစား နတ်ဆိုး ဖြစ်စဉ်ကိုလည်း သူလုပ်ထားတာဖြစ်မယ်…"
ချူးရန်က မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဒေါသမီးတောက် နိုးထလာနေသည်။ သို့သော်လည်း နှစ်သုံးထောင်ကျော် ရှင်သန်လာခြင်းကြောင့် ဒေါသအား ဖိနှိပ် ထိန်းချုပ်ထားနိုင်သည်။
"ဒါပေမယ့် ကြည့်ရသလောက် အစီအရင်က ပုံမကျနေဘူး ငါအပြောင်းအလဲ လုပ်ပေးတာ ကောင်းလိမ့်မယ်… သူက သွေးနတ်ဘုရားဂိုဏ်းရဲ့ တရားဝင်တပည့် မဟုတ်ပုံပဲ… ပြောရရင် မပြည့်စုံတဲ့ စာအုပ်ကနေ လေ့လာထားပုံပါလား…"
ချူးရန်က အစီအရင်က တချက်ကြည့်ကာ နောက်ဆုတ်ထွက်ခွာသွားသည်။ လက်တလော၌ နတ်ဆိုး ကျင့်ကြံသူ ရှိမနေသည့်အတွက် အစီအရင်ဖျက်ဆီးလိုက်ပါက သတိပေးမိခြင်း ဖြစ်သွားပေလိမ့်မည်။
အပြစ်ကင်းသည့် ဝိညာဉ်များအား အချိန်တခုကြာပြီးမှ ကယ်တင်လျှင်လည်း အဆင်ပြေပေလိမ့်မည်။ နောက်တနေ့၌ အခမ်းအနားကျင်းပမည် မဟုတ်လော။ ကလေးငယ် နှစ်ရာမှ တဦးဖြစ်သည့် ချူးရန်က နတ်ဆိုးကျင့်ကြံသူအား အံ့အားသင့်စေမည်ဖြစ်သည်။ ထို့နောက်တွင် ကိုယ့်လုပ်ရပ်၏ အကျိုးဆက်အား တာဝန်ယူစေမည် ဖြစ်၏ ။
……
နတ်ကျောင်းဆောင်သို့ ပြန်ရောက်ချိန်၌ ချူးရန်က ကိုယ်ပွား၏ နေရာပြန်ယူလိုက် သည်။ ထို့နောက်သို့ အိပ်ယာထက်သို့ တက်ကာ အနားယူ၏ ။ နောက်တနေ့ နေရောင်ခြည်အား ရှင်းလင်းစွာ မြင်ရချိန်၌ ချီသန့်စင်ခြင်း အဆင့်ငါး ရှိသည့် အစောင့်နှစ်ဦးရောက်လာကာ စုဝေးရာသို့ ခေါ်ဆောင်ကြသည်။
ခြံဝန်း၌ ကလေးငယ်များစွာ ရှိနေ၏ ။ ချူးရန်က ရေတွက်ကြည့်ရာ ယောက်ျားလေး တစ်ရာနှင့် မိန်းကလေး တစ်ရာဖြစ်နေသည်။
ချူးရန်က ထိုအရေအတွက်အား မည်သို့ ရှာဖွေထားသည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။ ဧကရာဇ်နှင့် စိတ်ဝိညာဉ် အကြံပေးတို့၏ ဖိအားပေးမှု၌ ပုံမှန်အားဖြင့် ပျင်းရိကြသည့် အမှုထမ်းများက စွမ်းဆောင်ရည် တိုးမြင့်လာပုံရသည်။
ခြံဝန်း၌ ခဏကြာပြီးနောက်တွင် စီမာဘိုနှင့်အတူ တခြားသော စောင့်ရှောက်သူများ ရောက်လာသည်။ ငယ်ရွယ် ချောမောသည့် စောင့်ရှောက်သူများက ကလေးငယ်များအား အခမ်းအနား၌ ကပ်နေရမည့်အနေအထားကို ရွှင်ပျစွာဖြင့် ပြောပြကြသည်။ အခမ်းအနား စတင်ချိန်၌ ပြေးလွှားမှု မပြုရန်လည်း သတိပေးထားသေးသည်။ ထို့နောက်တွင် တော်ဝင် သင်္ချိုင်းဂူသို့ စတင်ထွက်ခွာကြသည်။
နတ်ကျောင်းဆောင် အပြင်ဘက်၌ မြင်းလှည်းများ စီတန်းနေကြပြီး မြင်းစစ်သည်များလည်း ရှိနေကြသည်။ ကလေးငယ်များက လှည်းများထက်တွင် နေရာယူရကာ တော်ဝင် သင်္ချိုင်းဂူသို့ ထွက်ခွာရာ၌ ဧကရာဇ်၏ ရှေ့မှ နေရာယူထားသည်။
ရှန်ရွှမ်နိုင်ငံ၏ ကောင်းကင်ပွဲေတာ်အား စည်းမျဉ်းအရ နံနက် ခုနှး်နာရီတွင် စတင်ရမည် ဖြစ်သည်။ တော်ဝင် သင်္ချိုင်းဂူသို့ နံနက်ကိုးနာရီ၌ နေရာယူပြီး ဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့် စတေးပွဲပြုလုပ်ရန် စောင့်ရှောက်သူများမှ ကြိုတင်ပြင်ဆင်ထားရသည်။
စီမာဘို၏ ညွှန်ကြားမှု၌ ကလေးငယ်နှစ်ရာက စင်မြင့်ရှေ့တွင် ထူးခြားသည့် စီတန်းမှုပုံစံ နေရာချထားခံရသည်။ ထိုပုံစံမှာ သွေးနတ်ဘုရားဂိုဏ်းမှ အစီအရင်တခု၏ ပုံစံဖြစ်သည်။
ထို့အပြင် ကလေးငယ်များ ထွက်မပြေးနိုင်စေရန် လျှို့ဝှက် အစီအရင်တခုဖြင့် ထိန်းချုပ်ထားသေးသည်။
ထိုသို့ နေရာချနေချိန်တွင် ချူးရန်က စီမာဘို၏ အမူအရာများကို လေ့လာကြည့်နေသည်။ စီမာဘို၏ ပြုမူလှုပ်ရှားမှုများမှာ ထိန်းချုပ်ခံထားရပုံ မပေါ်နေချေ။ ထို့ကြောင့် အခြေအနေအား ကောက်ချက်ချမိသွားသည်။
ထို့ကြောင့် စီမာဘိုမှ သူနှင့် တခြားသော ကလေးငယ်များအား ညွှန်ကြားလာချိန်၌ သိလိုစိတ်ပြင်းပြဟန်ဖြင့် မေးခွန်းထုတ်လိုက်တော့သည်။
"အစောင့်ဦးလေး ကျွန်တော်တို့ ဘာလို့ ဒီလို ရပ်နေရတာလဲ… တခြားဦးလေးတွေက ရင်ပြင်ဘေးမှာကော…"
ချူးရန်က အပြစ်ကင်းသည့်ဟန်ဖြင့် စီမာဘိုအား မော့ကြည့်လိုက်သေး၏ ။
"အာ…"
စီမာဘို၏ မျက်နှာထက်၌ တုံ့ဆိုင်းမှုပေါ်လာကာ ခဏတာ ပြုံးလိုက်ပြီး ချူးရန်၏ ခေါးအား ပွတ်သပ်လိုက်သည်။
"ဦးလေးလည်း မသိဘူး ဒီလိုရပ်ခိုင်းတာက အထက်က ညွှန်ကြားတာပဲ… အကုန်လုံး နာခံရတာပေါ့…"
"ဦးလေးကောလား…'
ပိုင်ချူးရန်က ဆက်မေးနေသည်။
"ဧကရာဇ်နဲ့ စိတ်ဝိညာဉ် အကြံပေးက ပြောထားတာလား…"
"ရပြီ…"
စီမာဘိုက အဖြေမပေးတော့ဘဲ အကြည့်ချင်း ရှောင်လွဲကာ ချူးရန်အား သတ်မှတ်နေရာသို့ တွန်းပို့လိုက်သည်။
"စကားမပြောတော့နဲ့ အခမ်းအနားစတော့မယ်လေ…"
ချူးရန်က နာခံစွာဖြင့် ခေါင်းငုံကာ ပြုံးနေသည်။
…ရှက်တတ်တယ်ဆိုရင် ဒီလိုတွေ ဘာလို့ လုပ်နေသေးလဲ…
…
နေ့မြင့်ချိန်၌ ဧကရာဇ်အဖွဲ့ ရောက်ရှိလာသည်။
အဝေးမှ ကြည့်ပါက အဝါရောင်တဲများဖြင့် အလံများရှိနေသည့် တော်ဝင် သင်္ချိုင်းအပြင်မှ အဖွဲ့များမှာ နှစ်မိုင်သုံးမိုင်ခန့် ရှည်လျားသည့် နဂါးတကောင်ဖြင့်ပင် ဆင်တူနေသေးသည်။
ထိုအဖွဲ့၌ တန်ရော်ဝေလည်း ပါဝင်နေ၏ ။ သူမက အစ်ကိုဖြစ်သူ အိမ်ရှေ့စံနှင့်အတူ ရှိနေသည်။ နှစ်ဦးသားက ဧကရာဇ်နှင့် စိတ်ဝိညာဉ် အကြံပေး၏ နောက်တွင် ရှိနေကာ အဖွဲ့နှင့်အတူ တော်ဝင် သင်္ချိုင်းဂူ အတွင်းသို့ ဝင်လာကြသည်။
မင်းသမီးဖြစ်သူမှာ လေးနက်နေပုံရပြီး လေးနက်နေပုံရသော်လည်း ခံစားချက်ကောင်းပုံ မရဘဲ တစုံတခုအား တွေးပူနေပုံပေါ်သည်။ သူမက ဧကရာဇ် အနောက်မှ လိုက်ပါလာကာ ကလေးငယ်များနေရာယူနေသည့် ပုံစံအား ကျော်လွန်၍ စင်မြင့်ဆီသို့ ရောက်သွားသည်။