← Chapters

ချီသန့်စင်ခြင်း (၆၆,၆၆၅)အဆင့်

Vol. 4 Ch. 38

ချီသန့်စင်ခြင်း (၆၆,၆၆၅)အဆင့်

Vol. 4 Ch. 38

"ဘိုးဘေးငယ်တော့ မအောင်မြင်ခဲ့ပုံပဲ…"

တန်ရော်ဝေ၏ မျက်ဝန်းမှ သိလိုစိတ်အား သတိပြုမိသည့်အတွက် အကြီးအကဲခြောက်မှ ရှင်းပြလာခြင်း ဖြစ်သည်။

"အရင်က ဒီနေရာမှ နတ်ဆိုးလှောင်ကျောင်းဆောင် ရှိတယ်… ကနဦးနှစ်တွေမှာ ဒီနယ်မြေက နတ်ဆိုးတွေသောင်းကျန်းလို့ ချီမင်တပည့်တွေ တောင်အောက်ဆင်းပြီး နှိမ်နင်းရတာပေါ့… တချို့ နတ်ဆိုးက စွမ်းအားကြီးလွန်းတော့ သတ်ဖို့ခက်တယ်… တပည့်တွေက ဖမ်းပြီးတော့ ကျောင်းဆောင်ထဲမှာ ချုပ်ထားရတယ်… ကျောင်းဆောင်က သူတို့ စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ စွမ်းအားရှိနေတယ်လေ… လုပ်ငန်းစဉ်တခုလုံးကိုတော့ အကြီးအကဲတွေ ကြီးကြပ်ရတာပေါ့… နောက်ပိုင်းကျတော့ ဘိုးဘေးငယ်က ဒီဘက်ကို ပြောင်းလာတယ်… ပြီးတော့ အဆင့်တက်ဖို့ ကျရှုံးတိုင်း ကျောင်းဆောင်နံရံပေါ်မှာ မျဉ်းတကြောင်းရေးတယ်လေ…"

"နောက်တော့ ဘာဆက်ဖြစ်သွားသေးလဲ…"

တန်ရော်ဝေက မေးပြန်သည်။

"ကျောင်းဆောင် ပျက်စီးသွားတာပေါ့…"

အကြီးအကဲခြောက်က ကူရာမဲ့စွာဖြင့် ပြုံးနေပုံရသည်။

"ဒီနေ့အထိ ဘိုးဘေးငယ်က မျဉ်းကြောင်းဆွဲတဲ့ အကျင့် ရှိနေတုန်းပဲ…"

"ကျောင်းဆောင် ပျက်စီးသွားတော့ နတ်ဆိုးတွေ ထွက်မသွားဘူးလား…"

တန်ရော်ဝေက တွေးဆကာ မေးလာသည်။

"ထွက်မသွားနိုင်ကြဘူး…"

ချင်ယွမ်ကျီက ချူးရန်အား တချက်ကြည့်ကာ အသံနှိမ့်၍ ပြောလာသည်။

"အဲ့အချိန်တုန်းက ဘိုးဘေးငယ် စိတ်အခြေအနေ မကောင်းတာမို့ နတ်ဆိုး အကုန် သေသွားကြတာပေါ့…"

ထိုစကားကြောင့် တန်ရော်ဝေပင် မင်သက်သွားရတော့သည်။ ထိုအချိန်၌ အကြီးအကဲများက တဦးကိုတဦး မျက်စိမှိတ် အချက်ပေးနေကြသည်။ ခဏကြာပြီးချိန်တွင် ကျူယွမ်ကျီမှာ လူအုပ်၏ ရှေ့သို့ ရောက်သွားတော့၏ ။

ကျူယွမ်ကျီက တင်ပါးအား လက်ဖြင့်အုပ်ကာ ဂျူနီယာများအား တချက်ကြည့်လိုက်သည်။ ထို့နောက်တွင် ကူရာမဲ့စွာဖြင့် ချူးရန်ရှိရာသို့ သတိကပ်ကာ သွားရတော့သည်။

"ဘိုး… ဘိုးဘေးငယ်…"

ကျူယွမ်ကျီက နှစ်လိုဖွယ် ပြုံးနေသည်။

"ဘိုးဘေး အပြင်ထွက်လာပြီပေါ့…"

"အင်း…"

ပိုင်ချူးရန်က တချက်ပင် ဝေ့မကြည့်ချေ။

"မင်းတို့ ကလေးတွေ ဘာလာလုပ်ကြတာတုံး…"

"ဘိုးဘေးငယ်ကို ဂုဏ်ပြုဖို့ ရောက်လာကြတာပါ…"

ကျူယွမ်ကျီက သူ၏ ခြံဝန်း၌ စိတ်လိုလက်ရ ပြောနိုင်သော်လည်း ယခုအချိန်တွင် ထိတ်လန့်မှုအား ခံစားမိလာသည်။

"ဂုဏ်ပြုဖို့တဲ့လား… ဘာအတွက်လဲ…"

ချူးရန်က မျက်နှာသေဖြင့် မေးခွန်းထုတ်လေတော့၏ ။

ချူးရန်ဖြင့် အကြည့်ချင်းဆုံချိန်၌ ကျူယွမ်ကျီက သတိလက်လွတ်စကားများကြောင့် လက်သီး သင်ခန်းစာ ရခဲ့ပုံအား ပြန်လည်မြင်ယောင်လာသည်။ ထိုစိတ်ဒဏ်ရာများမှာ စိတ်ဝိညာဉ် ပေါင်းစပ်အဆက့် ရောက်နေသည့် ကျင့်ကြံသူ ဖြစ်သည့်တိုင် စိတ်နှလုံးတုန်လှုပ်ကာ အတွေးများ ရပ်တန့်သွားစေသည်အထိ သက်ရောက်မှု ရှိပေသည်။

ထို့ကြောင့် ကျူယွမ်ကျီက သတိမမူမိတော့ဘဲ မပြောသင့်သည့် စကားအား ရေရွတ်မိသွားသည်။

"ဘိုးဘေးငယ် အဆင့်တက်ပြီးတော့ အင်အားကောင်းလာတာကို ဂုဏ်ပြုဖို့ပါ… ဘိုးဘေး သတ်တော်ရှည်ကြာပါစေ… ဟိုးရေး… ဟိုးရေး … ဟေး…"

…နေပါဦး ငါဘာပြောမိလိုက်တာပါလိမ့်…

စကားအဆုံး၌ ကျူယွမ်ကျီက သူ၏ ပါးစပ်အား လက်ဖြင့် အလျင်အမြန်ဖုံးအုပ်လိုက်‌ေတာ့သည်။ စိတ်ထဲတွင်လည်း ထိတ်လန့်ကြောက်ရွံ့နေပြီ ဖြစ်၏ ။

"အဟမ်း…"

ထိုစကားများကြောင့် သွေးစွန်းနေသည့်အလား ရောင်ဝါထွန်းလင်းသည့် မျက်လုံးများဖြင့် ချူးရန်ကလည်း လှည့်ကြည့်လာပြီ ဖြစ်သည်။

"ကောင်ကလေး နှစ်ရာဂဏန်းကြာပြီဆိုတော့ အရွယ်ရောက်လာပြီပေါ့… စိတ်လိုလက်ရ ပြုမူတတ်နေပြီလား…"

ချူးရန်က ပြောပြောဆိုဆိုဖြင့် လက်သီးပင် ဆုပ်လိုက်တော့သည်။

"ကျင့်ကြံသူတွေက ထောင်လွှားမောက်မာတာနဲ့ သည်းမခံနိုင်တာ‌တွေ မဖြစ်ရဘူး… ဒီနေ့ ဘိုးဘေးက မင်းကို အသိဝင်အောင် ဆုံးမပေးရတာပေါ့ကွာ…"

"ဘိုးဘေးငယ်… သက်ညှာပေးပါ…"

ကြယ်ခုနှစ်ခု ထောင်ထွဋ်၌ အမှန်တရား မဟာမိတ်အဖွဲ့ခေါင်းဆောင် တဖြစ်လဲ ချီမင်ဂိုဏ်းခေါင်းဆောင် ကျူယွမ်ကျီ၏ အော်ညည်းသံများ ဆူညံသွားတော့သည်။

……

"ကြည့်ရတာတော့ ညီငယ်သုံးရဲ့ ဆုံးဖြတ်ချက်က တကယ်မှတ်တာပဲ…"

အကြီးအကဲ နှစ်က သစ်ပင်ထက်၌ ချိတ်ဆွဲခံထားရသော ဖူးယောင်နေသည့် ကျူယွမ်ကျီအား ကြည့်ကာ အကြီးအကဲသုံးအား ပြောလိုက်သည်။

"ဒီလိုအချိန်မှာ နှုတ်မစောင့်နိုင်တဲ့ အစ်ကိုကြီးကို အလိုအပ်ဆုံးလေ… ဒါမှ ဘိုးဘေးငယ်က သူ့အပေါ် ဒေါသပုံချနိုင်မှာပေါ့…"

"ဟေး ငါ့ကိုတော့ ပုံမချနဲ့လေ…"

အကြီးအကဲသုံးက လက်ရမ်းလိုက်၏ ။

"ငါပြောတာက အကုန်လုံးကို ခေါ်လာတဲ့သူမို့ ရှေ့ထွက်သင့်တယ်ပဲပြောတာ… အဲ့တာကြောင့် မင်းက အစ်ကိုကြီးကို ရှေ့ထုတ်တာ မဟုတ်လား… ငါဖြင့် လက်တချောင်းတောင် မလှုပ်လိုက်ဘူး…"

"မင်းတို့က အခုမှ ခေါင်းရှောင်ချင်နေကြတယ်လား…"

အကြီးအကဲလေးက ဝင်ပြောလာသည်။

"ငါတို့ ခုနှစ်ယောက် တကြိမ်လောက် စည်းလုံးသင့်တယ် မထင်မိကြဘူးလား…"

"ကဲပါ ဒါကို ဆက်မပြောကြနဲ့တော့…"

အငယ်ဆုံး အကြီးအကဲဖြစ်သည့် လျိုယွမ်ကျီက သတိပေးလာသည်။

"ဘိုးဘေးငယ် လာနေပြီ…"

All Chapters