တပည့်ဖြစ်လာခြင်း
Vol. 4 Ch. 40
လက်တွေ့ အခြေအနေများမှာ မျှော်မှန်းထားချက်နှင့် ဆန့်ကျင်ဘက် သာဖြစ်သည်။ တန်ရော်ဝေ ရရှိသည့် ပထမဆုံး တုံ့ပြန်မှုမှာ လက်စားချေရန် ရောက်လာခြင်းလောဟာ မေးခွန်းထုတ်ခံရခြင်း မဟုတ်လော။ ထို့အပြင် တဖက်သူမှာ ဝက်ရုံလက်အား ပင့်တင်ကာ တိုက်ခိုက်ရန်ပင် အသင့်ပြင်ထားသေးသည်။
"ငါအခု စိတ်မဆိုးတော့ဘူး…"
ချီမင်ဓားဂိုဏ်း၏ အကြီးအကဲများရှေ့၌ တန်ရော်ဝေက အရှက်မရစေရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"ပြီးတော့ လူကြီးလူကောင်း တယောက်က မိန်းမသားတွေကို အကြမ်းမဖက်သင့်ဘူး မဟုတ်လား…"
"မဟုတ်ဘူး လောကကြီးမှည ကျားမ တန်းတူမွေးလာကြတာ… သူတို့လည်း ပြေးနိုင် ခုန်ပေါက်နိုင်သိလို လေ့ကျင့်နိုင်ကြတာပဲ… ငါ့အမြင်အရတော့ ယောက်ျား မိန်းမဆိုတာ အတူတူပဲ…"
ပိုင်ချူးရန်က ကျန်နေသည့် ဝတ်ရုံလက်အား ခေါက်တင်နေပြန်သည်။
"အဲ့တာမို့ ယောက်ျားသားဖြစ်တဲ့ငါက မိန်းမသားတွေကို ညင်သာတယ် ဒါပေမယ့် တိုက်ပွဲဆိုရင်တော့ မညှာဘူး… ပြောရရင် ကာမသုတြာ ဂိုဏ်းခေါင်းဆောင်ဟောင်း စုန်းမအိုကြီးလိုပေါ့… မိန်းကလေးတန် ငါ ခံစားချက် ကောင်းမနေဘူး အဲ့တာကြောင့် တွန်းအားမပေးနဲ့…"
"မိန်းကလေးရေ…"
အကြီးအကဲ ချင်ယွမ်ကျီက အချိန်ကိုက် ဝင်ပြောလာသည်။
"ဘိုးဘေးက အမှန်ပြောနေတာ ငါလည်း သက်သေပြလို့ရတယ်…"
"ငါနင်နဲ့ မတိုက်ခိုက်ချင်ပါဘူး…"
တန်ရော်ဝေက ပင့်သက်ရှိုက်လိုက်၏ ။
"တကယ်လား…"
ပိုင်ချူးရန်က သံသယ ဝင်နေဆဲဖြစ်သည်။
"အဲ့နေ့တုန်းက နောက်ကနေ ဆယ်မိုင်အထိ လိုက်သတ်တာကကော…"
"ငါအမှန်ပြောနေတာ…"
တန်ရော်ဝေက ဆက်ပြောသည်။
"ငါက ချီမင်ဓားဂိုဏ်း ဘယ်လိုဆိုတာကို သိချင်ရုံပဲ…"
"အို ရတယ်လေ… ဒါဆိုလည်း ရပါတယ်…"
ပိုင်ချူးရန်၏ မျက်နှာထက်၌ အပြုံးပန်းတပွင့် ပွင့်လန်းလာသည်။
"မင်းက အခု တရားဝင် တပည့် မဟုတ်သေးပေမယ့် ချီမင်ဓားဂိုဏ်းရဲ့ အဖွဲ့ဝင်ဆိုတော့ ရပါတယ် မိန်းကလေးတန်ရေ…"
"ဟုတ်ပြီလေ…"
တန်ရော်ဝေက တုံ့ဆိုင်းစွာဖြင့် သတိပေးစကား ဆိုပြန်သည်။
"ငါ့ကို မိန်းကလေးတန်လို့ မခေါ်နဲ့တော့… ပြောထားတဲ့ အတိုင်းပဲ တံခါးကို ဝင်လာပြီးပြီဆိုတော့ အခု ချီမင်ဓားဂိုဏ်းရဲ့ တပည့်ပဲ… အဲ့တာမို့ ချီမင်ဂိုဏ်းမှာ ရာထူးအမြင့်ဆုံးကို အရိုအသေပေးရမှာလေ…"
"ဒါတွေကြောင့် စိတ်ရှုပ်ဖို့ မလိုဘူး… ငါသာ ဓလေ့ထုံးတမ်းတွေ ဂရုစိုက်နေရင် အကြီးအကဲတွေကိုတောင် ပုံမှန်လို ပြောခိုင်းမှာ မဟုတ်ဘူး…"
ပိုင်ချူးရန်က လက်ရမ်းလိုက်ကာ…
"ပုံမှန်ပဲ ပြောကြတာပေါ့… ဘာဖြစ်ဖြစ်ပါ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေပဲ ငါရှိတာကို သိကြတာ အဲ့တာကြောင့်မို့ ယဉ်ယဉ်ကျေးကျေး မပြောရင်တောင် ပူစရာမလိုဘူး…"
ချူးရန်က အကြီးအကဲများအား ဝေ့ကြည့်ကာ ပြောလိုက်သေးသည်။
"ဟုတ်တယ်မလား…"
"ဟုတ်ပါတယ် ဟုတ်ပါတယ်…"
အကြီးအကဲများက အလျင်အမြန်ပင် ခေါင်းညိမ့်ကြ၏ ။
"ကဲဒါဆို အပြင်မှာ ရပ်မနေကြနဲ့ အထဲဝင်လာကြ…"
ချူးရန်က ပြောနေသည်။
"စကားမစပ် သစ်ပင်က အရူးကောင်ကို ဘယ်သူ ဖြုတ်ပေးမလဲ…"
ထိုစကားကြောင့် အကြီးအကဲများက တယောက်ကိုတယောက် ကြည့်မိကြရာ အကြီးအကဲသုံးက သွားရောက် ခေါ်ဆောင်ပေးသည်။ ထို့နောက်တွင် အကုန်လုံးက ခြံဝန်းအတွင်းသို့ ဝင်သွားကြသည်။
ခြံဝန်းအတွင်းရှိ အဆောက်အဦးတွင် ဖြစ်၏ ။ ချူးရန်က ရေနွေးကြမ်းပင် တည်ထားပြီး ဖြစ်သည်။ ချူးရန်က အကြီးအကဲ ကိုးဦးအား ကိုယ်တိုင်ပင် ရေနွေးကြမ်းထည့်ပေးသည်။ အကြီးအကဲများနှင့် တန်ရော်ဝေတို့ ဝင်လာချိန်၌ ဆေးနံ့ပြင်းပြင်း တခုကို ရှူမိလိုက်ကြသည်။
"ဟမ်…"
ဆေးဖော်စပ်ခြင်းဖြင့် အကျွမ်းတဝင်ရှိသော အကြီးအကဲငါးက သတိပြုမိကာ ဟာသနှော၍ မေးခွန်းထုတ်လာသည်။
"ဘိုးဘေးငယ် ဒါက… ချီတွေ ဓာတ်ပြုအောင် ဆေးအမယ်တွေ သုံးထားတာများလား…"
"ဟုတ်တယ်… ပိုင်ယွမ် မင်းက အရည်အချင်းရှိသားပဲ…'
ပိုင်ချူးရန်က ချီးကျူးစကားဆိုလိုက်သည်။
"ငါ့ချီက ကောင်းလွန်းတယ်လေ… ဒီကမ္ဘာမှာ ငါ့အတွက် သက်ရောက်မှု ရှိမယ့်အမယ် ရှာဖို့ ခက်တယ်… အဲ့တာမို့ သဘာဝ အရင်းအမြစ်ကို ဖြုန်းတီးမယ့်အစား ချီကို ဓာတ်ပြုပြီးတော့ ပွားလာစေတာ…"
"ဒီလိုသာဆိုရင် ဘိုးဘေးငယ် အဆင့်တက်ဖို့မပြောနဲ့ ဒန်တျန်တည်ဆောက်ဖို့တောင် ဖြစ်နိုင်တယ်…"
အကြီးအကဲငါးက မျက်မှောင်ကြုံ့ကာ မေးသေးသည်။
"ဘိုးဘေးငယ်က ဘာလို့ တလွှာပဲ အဆင့်တက်တာများလဲ…"
"ဟုတ်တယ် ငါ့ကိုယ်ထဲမှာ ချီပမာဏက တလွှာမက အဆင့်တက်ဖို့ လောက်တယ်…"
ချူးရန်က ဖြေပေးနေသည်။
"အခုတောင် အဆင့်တက်ဦးမယ်လို့ ခံစားနေရသေးတယ်…"
ထိုစကားကြောင့် အကုန်လုံးက အံ့အားသင့်သွားကာ…
"အခု ဘိုးဘေးငယ် ဘာဆက်လုပ်မှာလဲ…"
အကြီးအကဲ ခုနှစ်က စကားစလိုက်သည်။
"ဒန်တျန်တည်မှာဆိုရင် ကျွန်တော်တို့ ရှိနေတာ အနှောင့်အယှက်ဖြစ်လိမ့်မယ်… အဲ့တာဆို ဒီနေ့ မိန်းကလေးကို ပြန်ခေါ်သွားေတာ့မယ်…"
"မဟုတ်ဘူး အခုတော့ ငါအဆင့်မတက်ချင်သေးဘူး…"
ချူးရန်က မှတ်ချက်ပေးလိုက်သည်။
"မပြင်ဆင်ဘဲ အဆင့်တက်ရင် အလွှာတခုပဲ တက်နိုင်မှာ… အဆင့်တက်မှာကို ဖိနှိပ်ထားပြီးတော့ ချီကို အရည်ပြောင်းနိုင်မလား ကြည့်ဦးမယ်…"
"အဆင့်တက်မှာကို ဘယ်လို ဖိနှိပ်ထားမှာများလဲ…"
တန်ရော်ဝေက သိလိုစိတ် ပြင်းပျစွာဖြင့် မေးလာသည်။
"ထိန်းထားရုံပဲလေ…"
ချူးရန်က တချက်ကြည့်ကာ ဖြေပေးသည်။
"အပေါ့သွားချင်နေတုန်း အောင့်ထားသလိုမျိုးပေါ့…"