← Chapters

နာကျင်မှု အနည်းငယ် ရှိနိုင်ခြင်း

Vol. 5 Ch. 42

နာကျင်မှု အနည်းငယ် ရှိနိုင်ခြင်း

Vol. 5 Ch. 42

ပိုင်ချူးရန်က အကြီးအကဲများအား တချက်ဝေ့ကြည့်သည်။

"နောက်ပြီးတော့ ချီမင်ဓားဂိုဏ်းမှာ ကျွမ်းကျင်တဲ့ ဘိုးဘေးငယ် ရှိတာပဲ မဟုတ်လား… အဟမ်း မင်းတို့တွေ တပည့်တွေ ခေါ်လာပြီး ငါ့တောင်ထွဋ်ဆီ လက်ညှိုးညွှန်ပြတာ မမြင်ဘူး ထင်ကြတာလား…"

ထိုစကားကြောင့် အကြီးအကဲခြောက်ဦးမှာ ကျောစိမ့်သွားကြတော့သည်။

"ကောင်းပြီ ငါ တပည့်လက်ခံလိုက်မယ် ကျေနပ်ကြပြီလား…"

ပိုင်ချူးရန်က လက်ခုပ်တီးလိုက်ကာ…

"ပြန်ကြတော့ မင်းတို့ ကိစ္စတွေ ရှိသေးတယ်လေ…"

"ဒါပေမယ့် အခမ်းအနားက…"

အကြီးအကဲ ခုနှစ်က တုံ့ဆိုင်းနေသေးသည်။

"ရတယ် ပူမနေနဲ့ ရိုးရိုးရှင်းရှင်းပဲကို…"

ပိုင်ချူးရန်က စိတ်မရှည်စွာဖြင့် လက်ရမ်းလိုက်၏ ။

"ဘိုးဘေးတို့ အခေါ်အဝေါ်တွေလည်း ပြောင်းသင့်ပါပြီ… ဘိုးဘေးငယ်က မိန်းကလေးတန်လို့ ခေါ်နေရင် သူစိမ်းဆန်ပါတယ်… မိန်းကလေး ရော်ဝေကလည်း ဆရာကို နာမည်တပ်ခေါ်တာက မယဉ်ကျေးရာရောက်မယ်…"

အကြီးအကဲခြောက် ချင်ယွမ်ကျီက ထပ်ပြောလာသည်။

"သိတယ် ငါသိတယ်…"

ပိုင်ချူးရန်က အကြီးအကဲများအား မောင်းထုတ်လိုက်သည်။

"သွား လုပ်စရာရှိတာ လုပ်ကြတော့…"

ထို့နောက်တွင် ချူးရန်က ခြံတံခါးပိတ်လိုက်သည်။ အကြီးအကဲများက တံခါးတွင်ရပ်ကာ တယောက်ကိုတယောက် စိုက်ကြည့်မိနေကြသည်။ အောင်သွယ်တော် လုပ်ငန်းစဉ် အထမြောက်သည်လောဟု မသိနေကြသော်လည်း ချူးရန်အား မနှောင့်ယှက်ရဲကြတော့ချေ။ ထို့ကြောင့် သတိလစ်နေသည့် ဂိုဏ်းခေါင်းဆောင်အား သယ်ဆောင်ကာ သက်ဆိုင်ရာ တောင်ထွဋ်သို့ ပြန်သွားကြသည်။

……

ပိုင်ချူးရန်က အခန်းပြန်သွားကာ တန်ရော်ဝေနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

"သူတို့သွားတာနဲ့ စိတ်အေးရပြီ…"

မျက်နှာချင်းဆိုင်မှ တန်ရော်ဝေက လက်ဖက်ရည်ခွက်အား လက်ဖြင့် ပွတ်တိုက်နေသည်။

"ငါ့အဆင့်အတန်းက သူတို့ထက် မမြင့်ပါဘူး… မင်းက ဘာလို့ ကြောက်နေသေးတာတုံး…"

ပိုင်ချူးရန်က ပြုံးကာ မေးခွန်းထုတ်လေသည်။

"မသိဘူးလေ အရင်က အရက်သောက်ဖို့ ဖိအားပေးထားတာကြောင့်နေမယ်…"

တန်ရော်ဝေက လက်ဖက်ရည်ခွက်အား အတန်ကြာ ငေးစိုက်နေသည်။ ထို့နောက်တွင် ရုတ်တရက် စကားစလိုက်၏ ။

"တကယ်တော့ အခေါ်အဝေါ်တွေ ပြောင်းတာကောင်းမယ်ထင်တယ်… အမြဲတမ်း နာမည်ခေါ်နေတာကျ အဆင်မပြေဘူးလေ…"

"ရတယ်လေ ငါ့ကို ဆရာခေါ်ပေါ့…"

ပိုင်ချူးရန်က စကားပြန်လိုက်၏ ။

"ကဲ ပြောကြည့်ဦး… ငါတော့ မကြားဖူးသေးဘူး‌လေ…"

တန်ရော်ဝေက မျက်နှာနီလာသော်လည်း တုံ့ဆိုင်းနေမိသည်။

"ငါရှက်တယ် မထင်ဘူးလား…"

"ဒါဆို နာမည်ခေါ်လေ…"

ပိုင်ချူးရန်က တဖက်သူအား ကြည့်ကာ ပြုံးနေမိသည်။

တန်ရော်ဝေသည်လည်း ချူးရန်အား အချိန်အတန်ကြာ စိုက်ကြည့်မိသည်။ ထို့နောက်တွင်…

"ဆရာ…'

"လိမ္မာတယ် ငါ့တပည့်လေး…"

တန်ရော်ဝေအနေဖြင့် ပိုင်ချူးရန်၏ အပြုံးမှ စိတ်အနှောက်အယှက် ဖြစ်ဖွယ်ကောင်းသည်ဟု ပထမဆုံးအကြိမ်တွေးမိလိုက်သည်။

"မတရားဘူးလေ…"

တန်ရော်ဝေက ပြောလာပြန်သည်။

"နင်လည်း ငါ့ကို ခေါ်တာ ပြောင်းရမယ် မဟုတ်လား… လုပ်ကြည့်လေ…"

"လွယ်ပါတယ်…"

ချူးရန်က တဖက်သူအား ပညာပြရန် စဉ်းစားထားသည်။ ထို့ကြောင့် ချစ်ကြင်နာသည့် လေသံဖြင့် နာမည်ခေါ်လိုက်၏ ။

"ရော်ဝေ…"

ထိုစကားကြောင့် တန်ရော်ဝေမှာ မျက်နှာနီမြန်းသွားသည့်အပြင် နားများပါ ရဲတက်သွားတော့သည်။

"ငါ… ငါ သန့်စင်ခန်းသွားဦးမယ်…"

မိန်းကလေးငယ်က ရုတ်တရက် ထရပ်ကာ ပြေးထွက်သွားနေရာမှ ရုတ်တရက် ရပ်လိုက်ပြန်သည်။

"ရေအိမ်က ဘယ်ဘက်မှာလဲ…"

"အပြင်ထွက်ပြီး ဘယ်ဘက်ကိုသွား…"

ချူးရန်က ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်၏ ။

စကားအဆုံး၌ တန်ရော်ဝေက မျက်နှာအုပ်ကာ ထွက်ပြေးသွားတော့သည်။ ထိုအခြေအနေကြောင့် ချူးရန်က ပြုံးကာ သရော်နေတော့သည်။

"ဟား ဟား ငယ်ပါသေးတယ်ကွာ… ငါက နှစ်သုံးထောင်ကျော် အလကားနေတယ်များ ထင်နေလား… ငါသာ စိတ်နှစ်ရင် ဘယ်မိန်းကလေးမှ ဆယ်မိနစ်ထက်ပိုပြီး တောင့်မခံနိုင်ဘူး…"

စကားအဆုံး၌ ပိုင်ချူးရန်က အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းမှု ခံစားမိသည်။

"ဒီစကားက တခုခုမှားနေပုံပဲ… ဘာလို့ ငါရင်တွေ နာနေတာပါလိမ့်…"

………

အကြီးအကဲသုံး၏ တာဝန်လုပ်ဆောင်မှုမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။ ခဏအတွင်းတွင် တန်ရော်ဝေထံသို့ ကျောက်စိမ်းပြားနှင့် ဝတ်ရုံတို့ ရောက်ရှိလာသည်။ ထို့အပြင် အကြီးအကဲသုံးက ချူးရန်၏ ခြံဝန်းကိုလည်း ချဲ့ပေးထားသေး၏ ။ သို့ဖြစ်ရာ တန်ရော်ဝေအနေဖြင့် လေ့ကျင့်ရေးကွင်းပင် ရရှိထားပြီ ဖြစ်သည်။

ရိုးရှင်းသည့် အရိုအသေပေးခြင်း အခမ်းအနား ပြီးဆုံးပြီးနောက်တွင် တန်ရော်ဝေက ပိုင်ချူးရန်၏ တရားဝင်တပည့် ဖြစ်လာသည်။ နှစ်ပေါင်းသုံးထောင်ကျော် ကာလအတွင်း ပထမဆုံးသော တပည့်ပင်မဟုတ်လော။

အခမ်းအနား ပြီးစီးချိန်၌ ပိုင်ချူးရန်က သင်ကြားမှု စတင်သည်။

ချူးရန်က တန်ရော်ဝေအား လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဦးဆောင်သွားသည်။ ထိုနေရာရှိ သစ်သားခုံ၌ မျက်နှာချင်းဆိုင်ထိုင်ကာ ပို့ချမှုများစတင်ရန် မေးခွန်းထုတ်သည်။

"ရော်ဝေ ကျင့်ကြံခြင်း လမ်းကြောင်းအစမှာ အရေးကြီးဆုံးက ဘာဆိုတာကို သိရဲ့လား…"

All Chapters